လင်းရှီးတောင်ကြားကို သန့်စင်ခြင်း
Vol. 31 Ch. 310
“ငါ... ငါ အမြင်မှားတာ မဟုတ်ဘူးမလား။ ဓားသခင် ချန်ဟွိုက်အန်က တကယ်ပဲ သူတော်စင် ချုံးဟွာရဲ့ ကမ္ဘာငယ်ကို ဓားတစ်ချက်တည်းနဲ့ အစိတ်စိတ်အမွှာမွှာ ပိုင်းဖြတ်လိုက်တာလား...”
“ငါကြားဖူးတာတော့ သူတော်စင် ချုံးဟွာက နုနယ်ချောမောတဲ့ပုံ ပေါက်ပေမဲ့ တကယ်တမ်းကျ အရမ်းရက်စက်တာတဲ့။ သူရဲ့ ကမ္ဘာငယ်ကိုပဲ ကြည့်လေ။ သွေးနီရောင်တိမ်တိုက်တွေနဲ့ တစ္ဆေစစ်သည် တစ်သိန်းတောင်ရှိတာ... အခုတော့ ဓားကျောင်းတော်ဘိုးဘေးရဲ့ ဓားတစ်ချက် အောက်မှာတင် ရှုံးနိမ့်သွားပြီလား....”
“လာစမ်းပါဦး... ခုနက ဓားသခင် ချန်ဟွိုက်အန် သူတော်စင် ချုံးဟွာကို မနိုင်ဘူးလို့ ပြောတဲ့ ကောင်တွေ ဘယ်မှာလဲ။ ရှေ့ထွက်ခဲ့စမ်း...”
ချန်ဟွိုက်အန်က ကမ္ဘာငယ်လေးထဲ ဝင်လာချိန်တွင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာမူ ယခင် တိုက်ပွဲကြောင့် ကြောင်အမ်းအမ်း ဖြစ်နေကြဆဲပင်။
သူက ယွန်ပိုင်ယွီထံသို့ တိုက်ရိုက်လျှောက်သွားပြီး အလေးအနက် တောင်းပန်လိုက်သည် - “ဂိုဏ်းချုပ်ယွီ... သူတော်စင် ချုံးဟွာကို လွှတ်ပေးလိုက်မိလို့ တောင်းပန်ပါတယ်။ အဲဒီအမျိုးသမီးက ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဋ္ဌမအဆင့်မှာ ရှိနေတာ။ တိုက်ရိုက်ရင်ဆိုင်ရင် သူ့ကို သတ်နိုင်ပေမဲ့ သူက ဝိညာဉ်ကို လောင်ကျွမ်းပြီး ထွက်ပြေးသွားတော့ ငါလည်း တားလို့ မရတော့ဘူး။”
ယွန်ပိုင်ယွီက ချန်ဟွိုက်အန်၏ တောင်းပန်မှုကို မခံယူဝံ့ပေ။ သူ အလျင်အမြန် မတ်တတ်ထိုင်ကာ ဝတ်စုံအနားသတ်ကို စုစည်းလိုက်ပြီး လက်များကို အကြိမ်ကြိမ် ဝှေ့ယမ်းပြလိုက်သည်။ “စီနီယာ... စီနီယာက လင်းရှီးတောင်ကြားကို ကာကွယ်ပေးခဲ့တာတင်ပဲ ကျွန်မတို့အတွက် ကြီးမားတဲ့ ကျေးဇူးတရား ဖြစ်နေပါပြီ။ ရန်သူအားလုံးကို အမြစ်ပြတ် သတ်ပေးဖို့ဆိုတာ ဘယ်လို မျှော်လင့်ရဲပါ့မလဲ။ ပြီးတော့ သူတော်စင် ချုံးဟွာက တကယ်ကို ခက်ခဲတဲ့ ပြိုင်ဘက် တစ်ယောက်ပါ။”
“ဒါပေမဲ့ အခု သူ ထွက်ပြေးသွားပြီဆိုတော့... အကယ်၍ ဒီသခင်က အဂ္ဂိရတ်ဂိုဏ်းကို သွားကူညီနေတုန်း လင်းရှီးတောင်ကြားက အကာအကွယ်မဲ့ ကျန်ခဲ့နိုင်တယ်...”
ချန်ဟွိုက်အန်က လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း သက်ပြင်းချလိုက်သည်။
၎င်းကို ကြားလိုက်ရသောအခါ ယွန်ပိုင်ယွီ၏ မျက်နှာလေးလည်း ဖြူဖျော့သွားတော့သည်။
သူက မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် ဓားသခင်ကို မော့ကြည့်လိုက်ရာ သူ့တွင် အဖြေတစ်ခု ရှိနေလိမ့်မည်ဟု မျှော်လင့်နေကြောင်းမှာ သိသာလှသည်။
သူ၏ ဝမ်းနည်းဖွယ်အကြည့်ကို မြင်ရာ ချန်ဟွိုက်အန်က သူ၏ အစီအစဉ်ကို ချပြလိုက်သည်။ “ဒီလိုလုပ်ရင် ဘယ်လိုနေမလဲ။ ငါ ဓားကျောင်းတော်ကို ငါ့ရဲ့ ကမ္ဘာငယ်လေးထဲ သိမ်းသွင်း လိုက်ပြီးကတည်းက ယောင်ချီနဲ့ ဖန်ကျင်း မြင့်မြတ်နယ်မြေတွေ ငါတို့ကို လက်လှမ်းမမီတော့ဘူး။ ဓားကျောင်းတော်တစ်ခုလုံး ဘေးကင်းသွားပြီ။ ဒါကြောင့် လင်းရှီးတောင်ကြားလည်း အဲဒီထဲကို ဝင်လာပါလား။ ဒါဆိုရင် ငါလည်း လှုပ်ရှားရတာ ပိုလွယ်သွားမယ်။ မင်းလည်း တပည့်တွေရဲ့ ဘေးကင်းရေးအတွက် စိတ်ပူစရာ မလိုတော့ဘူးပေါ့။”
ထိုနေရာတစ်ခုလုံး ခဏတာ တိတ်ဆိတ်သွား၏။
ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို ကိုယ့်ဂိုဏ်းကိုယ် သိမ်းသွင်းခွင့် ပြုလိုက်ခြင်းမှာ... အခြေခံအားဖြင့်တော့ ကိုယ့်ဂိုဏ်းကို သူတို့လက်ထဲ အပ်နှံလိုက်သလိုပင်။
သိပ်ပြီး ထူးခြားလှသည်တော့ မဟုတ်ပေ။
အဆုံးတွင်တော့ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက ကိုယ်ပိုင်ကမ္ဘာငယ် အထဲတွင် ဘုရားသခင်သဖွယ် ဖြစ်နေသည် မဟုတ်ပါလား။
တစ်ခါ ဝင်သွားပြီးလျှင် ပြန်ထွက်နိုင်၊ မထွက်နိုင်ဆိုသည်မှာ ထိုကျင့်ကြံသူ၏ ဆန္ဒအပေါ်တွင်သာ မူတည်တော့သည်။
တက်ရောက်လာသူ အားလုံးမှာ ဂိုဏ်းချုပ် သို့မဟုတ် အကြီးအကဲအဆင့်ရှိသူများ ဖြစ်ကြသည်။ မည်သူမျှ တစ်ခြားသူတစ်ဦးအောက်တွင် ခေါင်းငုံ့ခံလိုကြသည် မဟုတ်ပေ။
လူတိုင်း၏ အကြည့်မှာ လင်းရှီးတောင်ကြား ဂိုဏ်းချုပ်ထံသို့ ရောက်သွားပြီး သူ၏ တုံ့ပြန်မှုကို စောင့်နေကြသည်။
သို့သော် ယွန်ပိုင်ယွီက ထိုအကြည့်များကို လျစ်လျူရှုလိုက်သည်။
သူက ထိုကမ်းလှမ်းချက်ကို ကြိုတင်ခန့်မှန်းထားပြီးသားပင်။ သူ၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီး မဆိုင်းမတွဘဲ ချန်ဟွိုက်အန်၏ ရှေ့တွင် ဒူးထောက်ကာ ဦးချလိုက်သည်။ “ဒီတပည့် ယွန်ပိုင်ယွီက ကမ္ဘာ့အရှင်သခင်ကို ဂါရဝပြုပါတယ်။”
ကမ္ဘာငယ်တစ်ခု၏ အရှင်သခင်ကို ကမ္ဘာ့အရှင်သခင်ဟု ခေါ်ဆိုကြသည်။
ပုံမှန်အားဖြင့် မဟာတက်လှမ်းခြင်းအဆင့်ရှိ ကျင့်ကြံသူများသာ ကိုယ်ပိုင်ကမ္ဘာထဲတွင် ဂိုဏ်းတစ်ခုကို အခြေချခွင့်ပြုနိုင်သည့် အရည်အချင်း ရှိကြသည်။
ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများ၏ ကမ္ဘာမှာ များသောအားဖြင့် မတည်ငြိမ်ဘဲ သယံဇာတများလည်း လိုအပ်ချက် ရှိတတ်သည်။
သို့သော် ဓားကျောင်းတော်ဘိုးဘေး၏ ကမ္ဘာငယ်လေးမှာတော့ ကွဲပြားနေသည်။ စိတ်ဝိညဉ် ချီစွမ်းအင်များ၏ သိပ်သည်းဆကို ကြည့်ရုံနှင့်ပင် ယွန်ပိုင်ယွီ သိနိုင်သည်။ သူ၏ တကယ့် ကိုယ်ထည်မှာ အနည်းဆုံး ပထမအကြိမ်မြောက် အတိဒုက္ခ မဟာတက်လှမ်းခြင်းအဆင့်တွင် ရှိနေနိုင်ကြောင်းပင်။
သေချာသည်မှာ လင်းရှီးတောင်ကြားကို ပေါင်းစည်းရန် သူ၏ ဆန္ဒမှာ ယခင်က ပေးထားခဲ့သော ကတိစကားမှလည်း လာခြင်းဖြစ်သည်။
သူက ကျေးဇူးတရားနှင့် ကတိတည်မှုကို တန်ဖိုးထားသောသူ တစ်ဦးဖြစ်သည်။
ချန်ဟွိုက်အန်သည် သူ၏ အသက်၊ သူ၏သမီးအသက်နှင့် ယခုအခါ သူ၏ ဂိုဏ်းတစ်ခုလုံးကို ကယ်တင်ခဲ့သည်။
ထိုသို့ဆိုလျှင် လင်းရှီးတောင်ကြားက ဓားကျောင်းတော်ဘိုးဘေး၏ လက်အောက်ခံ အင်အားစု ဖြစ်သွားရင်ကော ဘာဖြစ်သနည်း။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူ့ဘက်မှ ပိုပြီး အမြတ်ထွက်နေသည်ဟုပင် ဆိုနိုင်သည်။
“ဒီလောက်ထိ ရိုသေနေဖို့ မလိုပါဘူး။ ဂိုဏ်းချုပ်ယွီ...” ချန်ဟွိုက်အန်က စိတ်ထဲတွင် ဝမ်းသာနေသော်လည်း အပြင်ပန်းတွင်မူ တည်ကြည်သော အမူအရာကို ထိန်းထားရင်း သူ့ကို အသာအယာ ထူပေးလိုက်သည်။ “ပြီးတော့ ငါ့ကို ကမ္ဘာ့အရှင်သခင်လို့ မခေါ်ပါနဲ့။ လင်းရှီး တောင်ကြားကို ယာယီပဲ သိမ်းသွင်းထားမှာပါ။ နောက်ပိုင်း အန္တရာယ်တွေ မရှိတော့လို့ ပြန်ထွက်ချင်တယ်ဆိုရင် ဘယ်အချိန်မဆို ပြောနိုင်ပါတယ်။ ဒီမှာ ရှိနေတဲ့သူ အားလုံးလည်း ငါ့ရဲ့ စကားအတွက် သက်သေဖြစ်နိုင်ပါတယ်။”
ဓားကျောင်းတော်ဘိုးဘေး မည်မျှ ပွင့်လင်းရိုးသားသည်ကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ လေးစားမှုများ ပိုမိုတိုးပွားလာကြတော့သည်။
သူတို့၏ ရိုသေသော အကြည့်များကြား ချန်ဟွိုက်အန်က ပြုံးမိတော့မည့် နှုတ်ခမ်းထောင့်များကို မနည်းထိန်းထားရသည်။
ရယ်စရာပဲ။
ငါ ချန်ဟွိုက်အန်က တစ်နေ့ကျရင် ငါ့ရဲ့ ကမ္ဘာငယ်လေးကို မြင့်မြတ်နယ်မြေအသစ် တစ်ခုအဖြစ် တည်ဆောက်မှာ။
အဲဒီကျရင် ဂိုဏ်းတွေက အထဲကို ပေးဝင်ဖို့ တောင်းပန်ကြလိမ့်မယ်။
ထို့ကြောင့် သူက မျက်တောင်တစ်ချက် မခတ်ဘဲ ထိုစကားများကို ပြောလိုက်ခြင်း ဖြစ်သည်။
ယွန်ပိုင်ယွီက ထပ်မံ၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။
ချန်ဟွိုက်အန် အချိန်မဖြုန်းတော့ဘဲ ကမ္ဘာငယ်ထဲမှ ချက်ချင်း ထွက်လိုက်ပြီး လင်းရှီးတောင်ကြား တစ်ခုလုံးကို စတင်သိမ်းသွင်းတော့သည်။
ကမ္ဘာငယ်အတွင်းတွင် တုန်ခါမှုများ ဖြစ်ပေါ်လာသည်။ ဓားကျောင်းတော်တည်ရှိသော တောင်တန်းကြီး၏ ဘေးတွင် သာယာလှပသော ချောက်ကမ်းပါးကြီးတစ်ခု ထပ်မံ ပေါ်ထွက်လာသည်။
ယခုအခါ ဂိုဏ်းနှစ်ခုမှာ ပုခုံးချင်းယှဉ်ကာ တည်ရှိနေကြပြီ ပြောရလျှင် ဖက်ထားကြသလိုပင်။ သူတို့ကြားတွင် ချောက်ကမ်းပါးတစ်ခုနှင့် မြစ်တစ်စင်းသာ ခြားတော့သည်။
ဓားကျောင်းတော်တပည့်များက ယခုအခါ သူတို့၏ ခန်းမဆောင်ကြီးမှ လှမ်းကြည့်လိုက်လျှင် လင်းရှီးတောင်ကြား ခန်းမဆောင်မှ အမျိုးသမီးတပည့်များကို တိုက်ရိုက် မြင်နိုင်နေပြီ ဖြစ်သည်။
...
“ဂိုဏ်းချုပ်ယွီနဲ့ လင်းရှီးတောင်ကြား တစ်ခုလုံးကို ကြိုဆိုပါတယ်...”
စုချီနျန်၏ အပြုံးမှာ တောက်ပလှ၏။
ဓားကျောင်းတော်က အမြဲပင် လူအင်အား နည်းပါးခဲ့သည်။ ထိုအချက်မှာ သူတို့၏ တပည့်များက အချစ်ရေးကို စိတ်မဝင်စားကြခြင်းနှင့် များစွာ သက်ဆိုင်နေသည်။
သူတို့အားလုံးက မွေးရာပါ လူပျိုကြီး၊ အပျိုကြီးတွေ ဖြစ်နေ၍တော့ မဟုတ်ပေ။
ဓားကျောင်းတော်တွင် အမျိုးသမီးတပည့် အလွန်နည်းပါးလွန်းခြင်းကြောင့်ပင်။ ဆယ်ယောက်မှာ တစ်ယောက်ပင် မပြည့်သလို၊ ရှိသောသူများကလည်း တိုက်ခိုက်ရေးတွင် ကြမ်းတမ်း ကြသူတွေချည်းပင်။
ယွဲ့ချန်ချီကိုပဲ ကြည့်လေ။
သူက ကြည့်ရတာ အေးအေးဆေးဆေးပုံ ပေါက်ပေမဲ့...
သူကို ဖွင့်ပြောရဲတဲ့ တပည့်ရှိရင်... အင်း... နောက်နေ့ကျရင် အရိုက်ခံရဖို့သာ ပြင်ထားပေတော့။
လင်းရှီးတောင်ကြားမှ အမျိုးသမီးတပည့်များကတော့ ကွဲပြားသည်။
သူတို့အားလုံးက နူးညံ့သိမ်မွေ့ပြီး စကားပြောချိုသာကြသည်။ ဓားကျောင်းတော်မှ အမျိုးသမီးများနှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။
အခုတော့ သူတို့ဂိုဏ်းများက ဘေးချင်းကပ် တည်ရှိနေပြီဖြစ်ရာ တပည့်များကြား ထိတွေ့ဆက်ဆံမှု ပိုများလာပြီး ကိစ္စများလည်း ဖြစ်လာမည်မှာ သေချာသည်။ သံယောဇဉ်များ ပိုခိုင်မြဲလာမည်၊ ဂိုဏ်းနှစ်ခုလုံး လူအင်အားများ တိုးလာပေမည်။ အထူးသဖြင့် ပါရမီပါသော မျိုးဆက်သစ်များပင်...
စုချီနျန်၏ စိတ်ထဲတွင် အနာဂတ် မြင့်မြတ်နယ်မြေ၏ ပုံစံကြီးက ပေါ်ပေါက်လာနေပြီ ဖြစ်သည်။
သို့သော် ချန်ဟွိုက်အန်ကတော့ ထိုမျှအထိ မတွေးသေးပေ။
သူက ယခုအခါ လင်းရှီးတောင်ကြားမှ ရရှိနိုင်မည့် ဆေးလုံးများနှင့် ဆေးဖက်ဝင်အပင်များကိုသာ ပို၍ အာရုံစိုက်နေသည်။
ပေါင်းစည်းခြင်း ပြီးဆုံးသည်နှင့် သူသည် ကမ္ဘာငယ်ထဲမှ ချက်ချင်း ထွက်ခွာခဲ့သည်။
အဂ္ဂိရတ်ဂိုဏ်းက ယခုအခါ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးနှင့် ရင်ဆိုင် နေရနိုင်သည်။
ကျိုးရွှမ်ကျိကတော့ အခုချိန်မှာ ငိုလုမတတ် ဖြစ်နေလောက်ပြီ ဖြစ်သည်။
“ဓားကျောင်းတော်ဘိုးဘေးက ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဋ္ဌမအဆင့်မှာ ရောက်နေပြီလို့ မထင်ထားခဲ့ဘူး။ ငါတောင် သူ့ကို မယှဉ်နိုင်ဘူး... ကြည့်ရတာ သခင်မ ယွိယောင်ကိုပဲ ခေါ်ရတော့မယ်။ ဒါမှမဟုတ် အဲဒီတစ်ယောက်ကို...”
ထွက်ပြေးနေရင်း သူတော်စင် ချုံးဟွာသည် နောက်သို့ ခဏခဏ လှည့်ကြည့်နေမိသည်။ ဓားကျောင်းတော်ဘိုးဘေး လိုက်မလာသည်ကို မြင်မှ သူ အနည်းငယ် စိတ်သက်သာရာ ရသွားတော့သည်။
ထိုတစ်ယောက်ကို တွေးလိုက်မိသောအခါ သူ၏ စိတ်ထဲတွင် ပုံရိပ်တစ်ခု ဖျတ်ခနဲ ပေါ်လာသည်။ အေးစက်လှသော လရောင်အောက်တွင် နှင်းကဲ့သို့ ဖြူစင်သော ဝတ်ရုံကို ဝတ်ဆင်ကာ တင်ပလ္လင်ခွေ ထိုင်နေသော ပုံရိပ်တစ်ခု။
ယောင်ချီ မြင့်မြတ်နယ်မြေ တစ်ခုလုံးတွင် ထိုသူတစ်ဦးတည်းသာ သခင်မ ယွိယောင်ကို သတိကြီးစွာ ထားစေနိုင်ပေလိမ့်မည်။
ထိုနှစ်ယောက်က အမြင်ချင်း မတူကြသော်လည်း မြင့်မြတ်နယ်မြေ၏ ရှင်သန်ရပ်တည်ရေးနှင့် ပတ်သက်လာလျှင် ထိုသူ သေချာပေါက် လှုပ်ရှားပေလိမ့်မည်။
ထိုသို့ တွေးလိုက်မိပြီးနောက် ချုံးဟွာက ယုံကြည်မှု အနည်းငယ် ပြန်ရလာသည်။
ပြောရလျှင် သူက ထိုသူ၏တပည့်ဟု သတ်မှတ်၍ ရသည်။ အကယ်၍ သူက တောင်းပန်ခဲ့လျှင်...
ရုတ်တရက် သူရှေ့မှ ဟင်းလင်းပြင်မှာ လှိုင်းထသွား၏။
သူက ရေအလွှာတစ်ခုထဲသို့ ခေါင်းနှင့် တိုက်မိလိုက်သလို ခံစားလိုက်ရသည်။ သူ၏ အမြင်အာရုံ မှောင်မိုက်သွားပြီး နောက်သို့ ပြန်လွင့်ထွက်လာတော့သည်။
“ဘယ်သူလဲ...”
သူက ကိုယ်ကို ပြန်ထိန်းလိုက်ပြီးနောက် သူရှေ့တွင် ရပ်နေသော အရပ်ရှည်ရှည်နှင့် ပညာရှင်ပုံစံ ပေါက်နေသည့် ပုဂ္ဂိုလ်တစ်ဦးကို မြင်လိုက်ရသည်။ သူ၏ခါးတွင် ဖြူဖျော့ဖျော့ ဓားတစ်လက်ကို ချိတ်ဆွဲထားသည်။
အစပိုင်းတွင် ဓားကျောင်းတော်ဘိုးဘေး လိုက်လာသည်ဟု သူ ထင်ခဲ့သော်လည်း မဟုတ်ကြောင်း ချက်ချင်း သိလိုက်ရသည်။ ထိုလူက အလွန်ငယ်ရွယ်ပုံပေါ်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အခြေတည်ဝိညာဉ်အဆင့်ထက် မပိုပုံရသလို သူ၏မျက်နှာ ပေါ်တွင်လည်း ရယ်စရာတစ်ခုခုကို တွေးနေသည့်အလား တောက်ပသော အပြုံးတစ်ခု ရှိနေသည်။
“သူတော်စင် ချုံးဟွာ... မတွေ့ရတာ ကြာပြီနော်။”
သူက ယဉ်ကျေးစွာ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
ချုံးဟွာက သူ့ကို ဆူပူကြိမ်းမောင်းတော့မည် ပြင်လိုက်သည်။ မည်သည့် ဂျူနီယာက သူ၏ နာမည်ကို တိုက်ရိုက်ခေါ်ရဲရသနည်း။
သို့သော် တစ်ခုခု မှားနေ၏။
အကယ်၍ သူသာ ဂျူနီယာ တစ်ယောက်ဆိုလျှင် သူ၏ လက်ရှိ ဝိညာဉ်အခြေအနေမျိုးမှာပင် သူ့ကို အလွယ်တကူ ကျော်ဖြတ်နိုင်ရမည် ဖြစ်သည်။ အခုတော့ သူက သူ့ကို အလွယ်တကူ တားဆီးနိုင်ခဲ့သည်။
ထိုလူက အခြေတည်ဝိညာဉ်အဆင့်သက်သက် မဟုတ်သည်မှာ သေချာသည်...
သူကလည်း အစွမ်းကို ဖုံးကွယ်ထားသော နောက်ထပ် ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ၊ နောက်ထပ် မိစ္ဆာအိုကြီး တစ်ယောက်ပင်...
“ကစားမနေနဲ့တော့။ ရှင်က ဘယ်သူလဲ...”
သူ၏မျက်နှာ ပျက်သွားပြီး စိတ်ထဲတွင် မငြိမ်မသက် ဖြစ်လာတော့သည်။
ကြည့်ရတာ ဒီနေ့ ငါ သူတော်စင် ဟုန်လျန်နဲ့ ပြန်ဆုံနိုင်မှာ မဟုတ်တော့တဲ့ပုံပဲ..