← Chapters

နည်းပညာပေါက်ကွဲမှုဆိုတာ ဘာမှန်းသိသွားအောင် လုပ်ပြရမယ်

Vol. 51 Ch. 751

နည်းပညာပေါက်ကွဲမှုဆိုတာ ဘာမှန်းသိသွားအောင် လုပ်ပြရမယ်

Vol. 51 Ch. 751

"ခေါင်းဆောင်မုန့်... ဒီဘက်ကအခြေအနေတွေကို ခေါင်းဆောင်ကျိုးနဲ့ တခြားလူတွေကို အကြောင်းကြားပြီးပြီလား"

"ခေါင်းဆောင်ကျိုးဆီကိုတော့ အကြောင်းကြားပြီးပြီ…"

မုန့်ထျန်းဟယ်က ပြောလိုက်၏။

"ခေါင်းဆောင်ကျိုးက ကျုပ်တို့အတွက် လိုအပ်တာတွေ စီစဉ်ပေးထားတယ်။ အာကာသယာဉ်ကို လုံရှားတပ်ဖွဲ့ဌာနချုပ်ဆီကို တိုက်ရိုက်မောင်းသွားလို့ရတယ်"

မုန့်ထျန်းဟယ်က ဆက်ပြောလိုက်သည်။

"ပြီးတော့ ခင်ဗျားရဲ့စွမ်းဆောင်ရည်တွေကိုလည်း တင်ပြထားပြီးပါပြီ။ သူက ခင်ဗျားကို လုံရှားတပ်ဖွဲ့ရဲ့နည်းပြအဖြစ် ဂုဏ်ထူးဆောင်ရာထူးပေးဖို့တောင် လျှောက်ထားပေးနိုင်တယ်တဲ့"

ကျန်းမုန့်လောင်၏ စွမ်းဆောင်ရည်ကို ယနေ့ လူတိုင်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရသည်။ သူသည် လူသားများ၏ စွမ်းဆောင်ရည်အထွတ်အထိပ်သို့ရောက်နေသူဟု ဆိုလျှင်လည်း မမှားပေ။ ကျန်းမုန့်လောင်တစ်ယောက်တည်းသာမက ယခုတစ်ခေါက်တွင် သူခေါ်လာသော ကျောင်းသားများကလည်း လုံရှားတပ်ဖွဲ့တွင် နည်းပြလုပ်ရန် အရည်အချင်းပြည့်မီသူများပင်။

"ရာထူးတွေဘာတွေ မလိုပါဘူးဗျာ… ကျွန်တော်က အဲ့ဒါတွေစိတ်မဝင်စားပါဘူး"

ကျန်းမုန့်လောင်က နှုတ်ခမ်းတွန့်ကွေးလိုက်သည်။ သူ့တွင် အဖွဲ့အစည်းနှစ်ခုက ပေးအပ်ထားသော တော်ဝင်ပညာရှင်ဘွဲ့ ရှိထားပြီးသားပင်။ တရားဝင်ထုတ်ပြော၍မရနိုင်သော ရာထူးတစ်ခုက ဘာများအသုံးဝင်မည်နည်း။

"ကျောင်းကိစ္စနဲ့ပတ်သက်ပြီးတော့လည်း နောက်နောင် ကျွန်တော့်ကိုလာမရှုပ်ဖို့ ခေါင်းဆောင်ကျိုးကို ပြောထားလိုက်..."

"ဪ... ပြီးတော့ ခေါင်းဆောင်ကျိုးက သေချာမှာလိုက်သေးတယ်။ ဥပဒေနဲ့ ဒုတိယကမ္ဘာရဲ့ သဘောတူညီချက်တွေကို မချိုးဖောက်သရွေ့ ကျန်တဲ့မူဝါဒတွေအကုန်လုံးကို ခင်ဗျားအတွက် အဆင်ပြေအောင် ဖြေလျှော့ပေးမယ်တဲ့။ ပညာရေးဆိုင်ရာအရည်အချင်းစစ်လက်မှတ်ကိုလည်း နောက်ရက်နည်းနည်းနေရင် ထုတ်ပေးပါလိမ့်မယ်"

"ဟားဟားဟား... ခေါင်းဆောင်ကျိုးက ကတိတည်သားပဲ..."

ကျန်းမုန့်လောင်က ကျေနပ်အားရစွာ ရယ်လိုက်၏။

"မစ္စတာကျန်း... ဟိုတစ်နေ့ကပြောတဲ့ သင်တန်းကိစ္စလေ..."

မုန့်ထျန်းဟယ်က ကျန်းမုန့်လောင်ကို မျှော်လင့်တကြီးကြည့်ကာ မေးလိုက်သည်။ လုံရှားတပ်ဖွဲ့ဝင်တိုင်းသာ ကျန်းမုန့်လောင်၏ ကျောင်းသားများကဲ့သို့ စွမ်းရည်ထက်မြက်လာကြမည်ဆိုလျှင် အနာဂတ်တွင် လုံရှားတပ်ဖွဲ့ကို ယှဉ်နိုင်မည့်လူ ရှိတော့မည်မဟုတ်ချေ။

"အဲ့ဒါက အသေးအဖွဲလေးပါ။ လူစုပြီးတာနဲ့ ကျန်းနန်မြို့ကို တန်းလွှတ်လိုက်။ ကျွန်တော် လူလွှတ်ပြီး စီစဉ်ခိုင်းလိုက်မယ်"

"ကောင်းလိုက်တာ..."

မုန့်ထျန်းဟယ်က ရယ်လိုက်၏။

"ကျွန်တော်ရော လိုက်ခဲ့လို့ရမလား"

"ခင်ဗျားလား"

ကျန်းမုန့်လောင်က မုန့်ထျန်းဟယ်ကို ခေါင်းအစခြေအဆုံး သေချာကြည့်လိုက်သည်။

"ရတော့ရပါတယ်... ဒါပေမဲ့ ကျွန်တော့်ကျောင်းက အရမ်းစည်းကမ်းတင်းကျပ်တယ်။ ခင်ဗျား ပထမတန်းက စတက်ရလိမ့်မယ်။ ပြီးတော့ တခြားကျောင်းသားတွေကို 'စီနီယာအစ်ကို' တို့ 'စီနီယာအစ်မ'တို့ ခေါ်ရမှာနော်။ အဆင်ပြေပါ့မလား"

"ပြေတာပေါ့။ လိုအပ်ရင် အဖေလို့ခေါ်ရမယ်ဆိုရင်တောင် စိတ်ထဲမထားပါဘူး"

"အဲ့ဒီလောက်တော့ မလိုပါဘူး..."

မုန့်ထျန်းဟယ်တွင် ဤကဲ့သို့ ကပ်ဖားတတ်သည့်အကျင့်မျိုး ရှိနေလိမ့်မည်ဟု ကျန်းမုန့်လောင် ထင်မထားပေ။

"သွားကြစို့။ အလိုအလျောက်မောင်းနှင်ရေးစနစ် ဖွင့်ထားတယ်။ ဌာနချုပ်ကိုရောက်ဖို့ တစ်နာရီလောက် ကြာမှာ။ ယာဉ်မောင်းခန်းထဲကိုသွားပြီး ဒီဂြိုဟ်သားမျိုးနွယ်စုရဲ့ နည်းပညာက ဘယ်လောက်မိုက်လဲဆိုတာ သွားကြည့်ရအောင်"

ယခုအခါတွင် ကျန်းမုန့်လောင်က အမြင့်ဆုံးထိန်းချုပ်ခွင့်ရထားပြီဖြစ်ရာ အာကာသယာဉ်ကို သူ့အိမ်အလား ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်၏။ ဉာဏ်ရည်တုစနစ်က အသံဖြင့် လမ်းညွှန်ပြသပေးပြီး ယာဉ်မောင်းခန်းထဲသို့ ခေါ်ဆောင်သွားလေသည်။

နှစ်ပေါင်းသောင်းချီကြာအောင် ပိတ်ထားခဲ့သော်လည်း တံခါးပွင့်သွားသည့်အခါ ယာဉ်မောင်းခန်းက နှစ်ပေါင်းများစွာကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သက်ရှိလူသားများကို ကြိုဆိုလိုက်သည်။

ယာဉ်မောင်းခန်းမှာ ဘတ်စကတ်ဘောကွင်းတစ်ကွင်းနီးပါး ကျယ်ဝန်းပြီး ဘေးချင်းယှဉ်လျက် တန်းစီထားသော ထိန်းချုပ်ခလုတ်ခုံများစွာလည်း ရှိ၏။ ဖန်သားပြင်များထက်တွင် ဂြိုဟ်သားရှုခင်းများနှင့် အာကာသယာဉ်ဆိုင်ရာ အချက်အလက်များကို ဖော်ပြနေသည်။

"ဓာတုတွန်းကန်အားနဲ့ ကွေးညွတ်အာကာသယာဉ်မောင်းနှင်စနစ်… စနစ်နှစ်မျိုးပါတဲ့အင်ဂျင်ပေါ့။ ကွေးညွတ်မောင်းနှင်စနစ်ရဲ့ အမြင့်ဆုံးအမြန်နှုန်းက အလင်းအမြန်နှုန်းနီးပါးရှိပြီး ဓာတုအင်ဂျင်ကတော့ အလင်းအမြန်နှုန်းရဲ့ ၀.၃ဆလောက်အထိ မောင်းနိုင်တယ်။ ကျစ်… ကျစ်… ကျစ်... လူသားတွေရဲ့ နည်းပညာထက် အဆပေါင်းများစွာ သာနေတာပဲ"

ကျန်းမုန့်လောင်သာမရှိလျှင် ကွေးညွတ်မောင်းနှင်စနစ်ဆိုသည်မှာ လူသားများအတွက် သီအိုရီအဆင့်မျှသာ ရှိဦးမည်ဖြစ်၏။ ဓာတုတွန်းကန်အားစနစ်ဆိုလျှင် နျူကလီးယားစွမ်းအင်သုံးတွန်းကန်အားကိုပင် လက်လှမ်းမမီနိုင်သေးချေ။

"ဒီအရာကြီးကိုမောင်းဖို့ လူဘယ်နှယောက်လောက်လိုလဲ"

မုန့်ထျန်းဟယ်ခမျာ အံ့သြလွန်းလှသဖြင့် မျက်လုံးပင်ပြူးနေချေသည်။ ဤအရာများကိုသာ ဌာနချုပ်သို့ သယ်သွားနိုင်ပါက သိပ္ပံပညာရှင်များ အပျော်လွန်ပြီး စကားပင် ပြောနိုင်ကြတော့မည်မဟုတ်ပေ။

"ကြမ်းပြင်ပေါ်က လူသေအလောင်းတွေကို ရေတွက်ကြည့်လိုက်"

ယာဉ်မောင်းခန်းထဲတွင် အရိုးစုအများအပြား ရှိနေပြီး ထိုအရာများမှာ ယခင်က လေယာဉ်ဝန်ထမ်းများ ဖြစ်တန်ရာ၏။ အကြမ်းဖျင်းအားဖြင့် လူအယောက်နှစ်ဆယ်သုံးဆယ်ခန့် ရှိသည်။

"မတော်တဆမှုတစ်ခုခုများ ဖြစ်သွားတာလား"

သူတို့အားလုံးက တစ်စုံတစ်ခုနှင့် တိုက်မိထားသည့်နှယ် ယာဉ်မောင်းခန်း၏ ထောင့်တစ်နေရာတွင် စုပုံနေကြပြီး ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုနှင့် အရှိန်ပြင်းထန်မှုတို့ကြောင့် သေဆုံးသွားကြခြင်းပင်။

"ထူးဆန်းတယ်။ သူတို့မှာ လေအိတ်လိုမျိုး အကာအကွယ်ပစ္စည်းတွေ မရှိဘူးလား"

မုန့်ထျန်းဟယ်လည်း ထိုလူများ၏ သေဆုံးရသည့်အကြောင်းအရင်းကို ခန့်မှန်းကြည့်မိသည်။ ဤမျှကြီးကျယ်ခမ်းနားသည့် လေယာဉ်ကြီးကို တည်ဆောက်နိုင်သော မျိုးနွယ်စုတစ်ခုအနေနှင့် ဤသို့နှယ် အလွယ်တကူမသေဆုံးသင့်ပေ။

"ပျံသန်းမှုမှတ်တမ်းတွေကို စစ်ဆေးကြည့်လိုက်"

ကျန်းမုန့်လောင်က ဉာဏ်ရည်တုစနစ်ကို လှမ်းခိုင်းလိုက်သည်။

မကြာခင်မှာပင် လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းခန့်က သိမ်းဆည်းထားသော အချက်အလက်များထဲမှ အဖြေတစ်ခုကို ကျန်းမုန့်လောင် ရှာတွေ့လိုက်တော့သည်။

"ပုံစံကြည့်ရတာ ကွေးညွတ်အာကာသယာဉ်မောင်းနှင်စနစ်နဲ့ သွားလာနေတုန်း အာကာသမတည်ငြိမ်မှုကြောင့် ကွေးညွတ်အာကာသပူဖောင်း ပေါက်ကွဲပြီး မတော်တဆမှုဖြစ်သွားပုံရတယ်။ အဲ့ဒါကြောင့် အလင်းအမြန်နှုန်းနီးနီးနဲ့ ပူဖောင်းထဲက လွင့်ထွက်လာကြတာ"

သူက ရှင်းပြလိုက်၏။

"ကွေးညွတ်အာကာသပူဖောင်းဆိုတာ ဘာကြီးလဲ"

"အင်း... ခင်ဗျားဘာသာ ဂူဂဲခေါက်ကြည့်လိုက်"

ကျန်းမုန့်လောင်က ရှင်းပြရမည်ကို ပျင်းနေဟန်ဖြင့် ပြောလိုက်၏။ ဤကိစ္စကို ရှင်းပြရလျှင် နာရီပေါင်းများစွာကြာနိုင်ပြီး ရှင်းပြလျှင်လည်း နားလည်ချင်မှ နားလည်လိမ့်မည်။

"အတိုချုပ်ပြောရရင်တော့ ကျွန်တော်တို့ရဲ့ ဥက္ကာခဲပတ်လမ်းကြောင်းနားမှာ နည်းပညာပိုင်းဆိုင်ရာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့တာပဲ"

အလင်းအမြန်နှုန်းနီးပါး သွားလာနေစဉ်အတွင်း အာကာသယာဉ်မှာ မည်မျှပင် ခိုင်ခံ့စေကာမူ တစ်စုံတစ်ခုနှင့် ဝင်တိုက်မိပါက အလွန်အန္တရာယ်များ၏။ ဥပမာအားဖြင့် လေယာဉ်ပျံကို ငှက်ဝင်တိုက်သည့် ဖြစ်ရပ်မျိုးနှင့် ဆင်တူသည်။

သို့သော် အာကာသယာဉ်၏ သတ္တုပစ္စည်းများမှာ အလွန်မာကျောလှသဖြင့် ဝင်တိုက်မိသည့် ဥက္ကာခဲမှာ အမှုန့်ကြေသွားသော်လည်း အာကာယာဉ်မှာမူ ထိခိုက်မှုနည်းပါးသည်။

သို့ရာတွင် သတိပြုရမည့်အချက်မှာ တိုက်မိသည့် ခွန်အားသက်ရောက်မှုက ကူးစက်သွားနိုင်ခြင်းပင်။ အာကာသယာဉ်က မပျက်စီးသွားသော်လည်း အတွင်းထဲရှိ လူများလည်း ဘေးကင်းမည်ဟုတော့ မဆိုလိုပေ။

ပြင်းထန်သော တွန်းအားက အာကာသယာဉ်၏ ကိုယ်ထည်မှတစ်ဆင့် ကူးစက်သွားပြီး အတွင်းထဲရှိ အဆင့်မြင့်သက်ရှိများကို ချက်ချင်းသေဆုံးသွားစေခဲ့ခြင်းပင်။

တကယ်တမ်းတွင် ဤအခြေအနေကို ရှောင်ရှားလိုပါက အာကာသယာဉ်အတွင်းရှိ လေများကို စုပ်ထုတ်ပစ်လိုက်ရုံဖြင့် ဖြေရှင်းနိုင်၏။ တုန်ခါမှုက ကြားခံနယ်တစ်ခုရှိမှသာ ကူးစက်နိုင်သည်။ လေဟာနယ်ထဲတွင်မူ လေထုတုန်ခါမှုကြောင့် သေဆုံးခြင်းမျိုး ဖြစ်လာနိုင်မည်မဟုတ်။

သို့သော် မတော်တဆမှုက ရုတ်တရက် ဖြစ်ပွားခဲ့ခြင်းဖြစ်လေရာ လေများကို စုပ်ထုတ်ရန်ပင် အချိန်မရလိုက်ဘဲ ယခုကဲ့သို့သော အဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရသည်။

"ခဏနေဦး"

ကျန်းမုန့်လောင်၏ အမူအရာမှာ ရုတ်တရက်ပျက်ယွင်းသွား၏။

"ဒီအာကာယာဉ်က မတော်တဆမှုဖြစ်တုန်းက အကူအညီတောင်းတဲ့ အချက်ပေးစနစ်ထုတ်လွှတ်ခဲ့သေးတာပဲ။ ဒီအချက်ပြလှိုင်းက ပါမောက္ခလျိုပြောတဲ့ လှိုင်းကြိမ်နှုန်းနဲ့အတူတူပဲ"

ကြောက်မက်ဖွယ်ကောင်းသော သံသယတစ်ခုက ကျန်းမုန့်လောင်၏ ခေါင်းထဲသို့ ရောက်လာလေတော့သည်။

အာကာသယာဉ်ပျက်ကျပြီးနောက် အကူအညီတောင်းသည့် အချက်ပြလှိုင်းကို သူတို့၏ မိခင်ဂြိုဟ်ဆီသို့ ပြန်လည်ပေးပို့ခဲ့သော်လည်း ကမ္ဘာမြေနှင့် နေအဖွဲ့အစည်း၏ တည်နေရာကို မသိရသဖြင့် မည်သည့်ရလဒ်မှ ထွက်ပေါ်လာခြင်းမရှိခဲ့ပေ။

ထိုအချိန်ဝယ် တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုမျိုးနွယ်စုလက်က လူသားများ အာကာသထဲသို့ လွှတ်တင်ခဲ့ဖူးသော စူးစမ်းလေ့လာရေးယာဉ်များရှိ အချက်ပြလှိုင်းများကို ဖမ်းယူရရှိခဲ့ပြီး ယင်းမှတစ်ဆင့် ကမ္ဘာမြေ၏တည်နေရာကို အောင်မြင်စွာ ရှာဖွေတွေ့ရှိသွားခြင်း ဖြစ်တန်ရာ၏။

တကယ်လို့သာ အဲ့ဒီအတိုင်းဟုတ်နေမယ်ဆိုရင် ကမ္ဘာမြေရဲ့တည်နေရာကို သူတို့ သိသွားကြပြီပေါ့...

"အခြေအနေက တော်တော်အန္တရာယ်များနေပြီ"

ထိုမျိုးနွယ်စုရှိ သက်ရှိများက ရည်ရွယ်ချက်ကောင်းဖြင့် မဟုတ်ပါဘဲ မကောင်းသောရည်ရွယ်ချက်ဖြင့် လာရောက်ခြင်းဖြစ်ပါက ပါမောက္ခလျို၏ ရှာဖွေတွေ့ရှိမှုအတွက် ကျေးဇူးတင်ရမည်။

အကျိုးဆက်များမှာ စိတ်ကူးမယဉ်ရဲလောက်အောင်ပင်။

"ကမ္ဘာမြေရဲ့ ကာကွယ်ရေးစနစ်ကို အမြန်ဆုံး အရှိန်မြှင့်မှဖြစ်တော့မယ်။ သူတို့သာ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ လာတာဆိုရင် ကျွန်တော်တို့ဘက်က အသင့်ဖြစ်နေမှရမယ်"

ဤကိစ္စမှာ အရေးကြီးလွန်းလှသဖြင့် ကျန်းမုန့်လောင်က မုန့်ထျန်းဟယ်အား ရှင်းပြလိုက်လေရာ မုန့်ထျန်းဟယ်၏မျက်နှာကလည်း လွန်စွာ တည်ကြည်လေးနက်သွားတော့သည်။

ဤသည်မှာ နိုင်ငံတစ်နိုင်ငံတည်း၏ ကိစ္စမဟုတ်တော့ပါဘဲ လူသားမျိုးနွယ်တစ်ခုလုံး၏ ရှင်သန်ရပ်တည်ရေးနှင့် သက်ဆိုင်နေသော ကိစ္စပင်။

"မုန့်လောင်... မင်း ဘယ်လောက်အထိ သေချာလဲ"

"ဘယ်လောက်သေချာလဲဆိုတာက အဓိက မဟုတ်ဘူး။ ပြဿနာက ဖြစ်နိုင်ခြေတစ်ရာခိုင်နှုန်းပဲ ရှိတယ်ဆိုရင်တောင် ကျွန်တော်တို့ဘက်က ရာနှုန်းပြည့်ပြင်ဆင်ထားဖို့လိုတယ်"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ ငါတို့နဲ့ သူတို့ကြားက ကွာဟချက်က အရမ်းကြီးလွန်းတယ်။ ကြည့်ပါလား... သူတို့ရဲ့ ကင်းထောက်စက်ရုပ်တွေကိုတောင် ငါတို့မယှဉ်နိုင်ဘူး။ တကယ်လို့ သူတို့က အန္တရာယ်ပြုဖို့ လာခဲ့တာဆိုရင်..."

"အဲ့ဒီကျရင်တော့ နည်းပညာပေါက်ကွဲမှုဆိုတာ ဘာမှန်း သူတို့သိသွားအောင် လုပ်ပေးလိုက်ရုံပေါ့"

ကျန်းမုန့်လောင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ခေါင်းဆောင်မုန့်... ခင်ဗျား ကျွန်တော့်အစား တော်ဝင်ပညာရှင်ကျိုးဆီ စကားတစ်ခွန်းလောက် ပါးပေးပါလား။ နယ်ပယ်အသီးသီးက အထူးချွန်ဆုံးပါရမီရှင်တွေကို ကျွန်တော် စုဆောင်းချင်တယ်"

"ပြီးတော့ ပညာရေးစနစ်ကိုလည်း ပြန်လည်မွမ်းမံဖို့လိုတယ်..."

ကျန်းမုန့်လောင်က ဆက်ပြောလိုက်သည်။

"လက်ရှိပညာရေးစနစ်က ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ အလားအလာရှိတဲ့ခြိမ်းခြောက်မှုတွေကို လိုက်မမီတော့ဘူး"

"ဘာကိုဆိုလိုတာလဲ"

"ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကို ဗဟိုပြုပြီး တစ်နိုင်ငံလုံး... မဟုတ်သေးဘူး... လူသားမျိုးနွယ်တစ်ခုလုံးရဲ့ ပညာရေးပုံစံကို အသစ်ပြန်ရေးဆွဲချင်တယ်"

"မဖြစ်နိုင်တာ"

မုန့်ထျန်းဟယ်က စဉ်းစားမနေတော့ဘဲ ချက်ချင်းပြောလိုက်၏။ ထိုအကြံဉာဏ်မှာ လက်တွေ့နှင့် လုံးဝကင်းကွာလွန်းသည်။

"မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး။ ကျန်းနန်မြို့ကနေ အရင်စကြတာပေါ့"

All Chapters