← Chapters

ဒီကောင်လေး တကယ်ကြီးလုပ်ချလိုက်တာလား

Vol. 51 Ch. 752

ဒီကောင်လေး တကယ်ကြီးလုပ်ချလိုက်တာလား

Vol. 51 Ch. 752

အာကာသယာဉ်ကြီးမှာ လုံရှားတပ်ဖွဲ့ဌာနချုပ်သို့ ဖြည်းဖြည်းချင်း သက်ဆင်းလာပြီး ကိုယ်ယောင်ဖျောက်စနစ်များ ပျောက်ကွယ်သွားသည့်အခါ ၎င်း၏ပုံသဏ္ဌာန်အစစ်အမှန် ပေါ်ထွက်လာလေသည်။

လုံရှားတပ်ဖွဲ့ရှိ စိတ်စွမ်းအားရှင်များ၊ သုတေသီများနှင့် အခြားဝန်ထမ်းများအားလုံးနီးပါး အာကာသယာဉ်၏ ဘေးနားတွင် ဝိုင်းအုံ၍ကြည့်နေကြသည်။ ဂြိုဟ်သားမျိုးနွယ်စု၏ ပစ္စည်းတစ်ခုကို သူတို့ တစ်ခါမှမမြင်ဖူးသဖြင့် ဤအရာမှာ အလွန်ကြီးကျယ်လှသော ကိစ္စရပ်ကြီးဖြစ်၏။

"လောင်ကျိုး... ခင်ဗျားပေးတဲ့တာဝန်ထက်တောင် ကျွန်တော် ပိုလုပ်ပေးခဲ့တယ်နော်။ ဘယ်လိုလဲ... မိုက်တယ်မလား"

"မင်း ပင်ပန်းသွားပြီ"

လောင်ကျိုးက ကျန်းမုန့်လောင်၏ပခုံးကို ပုတ်လိုက်၏။

"ထျန်းဟယ်က ငါ့ကို ပြောပြပြီးပါပြီ။ မင်းက အာကာသယာဉ်တစ်စင်းလုံးကို ဒီအတိုင်းကြီး သယ်လာမယ်လို့ ငါ ထင်မထားဘူး။ မင်းကြောင့် ငါ အရမ်းအံ့သြသွားတာ"

"အေးဆေးပါဗျာ... ဒါက အခြေခံလောက်ပဲရှိတာပါ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒါပေမဲ့ လောင်ကျိုး... ဒီတစ်ခေါက် ကျွန်တော် အရေးကြီးတဲ့အရာတစ်ခုကို ရှာတွေ့ခဲ့တယ်။ အဲ့ဒီကိစ္စက အရမ်း လေးနက်ကောင်းလေးနက်နေနိုင်တယ်"

လောင်ကျိုး၏ မှတ်ဉာဏ်ထဲတွင် ကျန်းမုန့်လောင်က အမြဲပေါ့ပေါ့ပါးပါးနေတတ်သူဖြစ်၏။ ယခုလို တည်ကြည်လေးနက်သော မျက်နှာထားမျိုး တစ်ခါမှမရှိခဲ့ဖူးချေ။

"အသေးစိတ်ဆွေးနွေးကြတာပေါ့"

…

အစည်းအဝေးမှာ သုံးနာရီခန့် ကြာမြင့်ခဲ့သည်။ အစပိုင်းတွင်တော့ လောင်ကျိုး၊ မုန့်ထျန်းဟယ်နှင့် လုံရှားတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိအချို့သာ ရှိနေခဲ့သော်လည်း နောက်ပိုင်းတွင် အထက်လူကြီးများကိုပါ အသိပေးလိုက်ရတော့သည်။

လူသားများ၏တည်နေရာကို အခြားအဆင့်မြင့်မျိုးနွယ်စုများက သိသွားခြင်းဖြစ်နေနိုင်သည်ဟူသော သတင်းမှာ မည်မျှထိတ်လန့်ဖွယ်ကောင်းလိုက်လေသလဲ။

သို့သော် ဤအရာမှာ ခိုင်လုံသော သက်သေအထောက်အထား မရှိသေးသည့် ခန့်မှန်းချက် သက်သက်သာဖြစ်လေရာ လတ်တလောတွင် နိုင်ငံတော်အဆင့် ပြင်ဆင်မှုအချို့ကိုသာ ပြုလုပ်ထားနိုင်သည်။

"လောင်ကျိုး... တကယ်လို့ အဲ့ဒီလိုသာဖြစ်လာခဲ့ရင် သူတို့ရဲ့လက်နက်တွေကို ခုခံနိုင်ဖို့ ကျွန်တော်တို့ အင်အားတောင့်တင်းနေမှဖြစ်မယ်။ လက်ရှိ ကျွန်တော်တို့ရဲ့ 'နဂါးဝှက်'စွမ်းရည်တွေက တော်တော်အားကောင်းနေပြီဆိုပေမဲ့ ကျွန်တော်တို့က အဆင့်တစ်မျိုးနွယ်စုတစ်ခုပဲ ရှိသေးတယ်... အဆင့်နှစ်မျိုးနွယ်စုကို ယှဉ်နိုင်မှာမဟုတ်ဘူး"

"မင်း ဘာအကြံပြုချင်လို့လဲ"

"အချိန်တိုအတွင်းမှာ အဆင့်တစ်မျိုးနွယ်စုကနေ အဆင့်နှစ်ကို ကူးပြောင်းနိုင်ဖို့လိုတယ်"

"အဲ့ဒါက စိတ်ကူးယဉ်နေရုံပဲရှိတာ"

လောင်ကျိုးက ခါးသက်သက်ပြုံးရင်း ပြောလိုက်၏။

"နိုင်ငံတော်အဆင့်နဲ့ လူသားထုတစ်ရပ်လုံးဆိုင်ရာ ဆုံးဖြတ်ချက်တွေအတွက်တော့ ထပ်ဆွေးနွေးရဦးမယ်။ ဒါပေမဲ့ ငါ ပေးနိုင်သလောက် လုပ်ပိုင်ခွင့်အာဏာကိုတော့ မင်းကိုပေးထားပါ့မယ်။ တကယ်လို့ အကူအညီတစ်ခုခုလိုလာရင် ငါ့ကို အချိန်မရွေးပြော... ငါ တတ်နိုင်သလောက် ကူညီပေးမယ်"

"ခင်ဗျား ဒီလိုပြောတော့ ကျွန်တော်လည်း စိတ်အေးသွားပါပြီ"

တကယ်တမ်းတွင်မူ ကျန်းမုန့်လောင်၌ စီမံကိန်းမူကြမ်းတစ်ခု ရှိနှင့်ပြီးသားပင်။

အမှန်စင်စစ်တွင် သူသည် နိုင်ငံတော်၏အင်အားကို မလိုအပ်ပေ။ ငွေကြေးအင်အားအရဆိုရင် မည်သူကများ သူ့ကိုယှဉ်နိုင်မည်နည်း။ ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံး ပေါင်းစည်းလိုက်လျှင်ပင် သူ့တစ်ယောက်စာလောက် ချမ်းသာချင်မှ ချမ်းသာလိမ့်မည်။

သူ လိုအပ်သည်မှာ လုပ်ပိုင်ခွင့်အာဏာသာဖြစ်၏။

"လောင်ကျိုး... ခင်ဗျားကို အခုချက်ချင်း အကူအညီတောင်းစရာတစ်ခုရှိတယ်"

"မင်းကတော့ လုပ်လိုက်ရင်ချက်ချင်းပဲ... ကောင်စုတ်လေး"

လောင်ကျိုးလည်း မရယ်ဘဲ မနေနိုင်တော့ပေ။

"ပြောပါဦး"

"ကျွန်တော် ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ကို တိုးချဲ့ချင်တယ်"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ကျွန်တော်တို့ကျောင်းကနေ နယ်ပယ်အသီးသီးမှာ ပျံ့နှံ့သွားမဲ့ ထိပ်တန်းအရည်အသွေးရှိတဲ့ လူသားတွေကို မွေးထုတ်ပေးချင်တယ်။ အခုလက်ရှိ ကျောင်းရဲ့အတိုင်းအတာက နည်းနည်းသေးနေသေးတယ်"

"ကောင်းပြီလေ... မင်းအတွက် မြေကွက်လပ်တချို့ ရအောင် ငါ စီစဉ်ပေးမယ်"

ကျန်းနန်မြို့အနီးတွင် အသုံးမပြုရသေးသော မြေကွက်လပ်များစွာ ရှိနေသဖြင့် ကျောင်းဝင်းသစ်များ တည်ဆောက်ရန် မြေနေရာရရှိရေးမှာ အတော်အတန် လွယ်ကူလှ၏။

"မဟုတ်ဘူး... ကျွန်တော့်စိတ်ကူးက အနီးအနားက ကျောင်းတချို့ကို ကျွန်တော်တို့ကျောင်းနဲ့ ပေါင်းပစ်ချင်တာ။ ပြီးတော့မှ အဆင့်မြင့်ပညာရေးနယ်မြေကို ဗဟိုပြုပြီး ပညာရေးဧရိယာတစ်ခုလုံးကို ချဲ့ထွင်ပစ်မယ်"

"မင်း ရူးနေတာလား"

လောင်ကျိုးခမျာ ကျန်းမုန့်လောင်၏ အစီအစဉ်ကြောင့် လန့်ဖျပ်သွားရသည်။

"မင်းသဘောနဲ့မင်း တက္ကသိုလ်တွေကို ဒီတိုင်း လိုက်ပေါင်းလို့ရမယ်လို့ ထင်နေတာလား"

"လောင်ကျိုး... စိတ်မလောဘဲ ကျွန်တော်ပြောတာကို အရင်နားထောင်ပေးပါဦး"

လောင်ကျိုး၏ တုံ့ပြန်မှုက ပြင်းထန်လိမ့်မည်ဖြစ်ကြောင်း ကျန်းမုန့်လောင် သိပြီးသားပင်။

"အဲ့ဒီနေရာက အစကတည်းက တက္ကသိုလ်မြို့တော်တစ်ခု… ပြုစုပျိုးထောင်လို့ရတဲ့ ကျောင်းသားတွေ အများကြီးရှိတယ်။ တကယ်လို့သာ သူတို့ကို စုစည်းနိုင်မယ်ဆိုရင် ကျွန်တော်တို့တွေ အင်အားကြီးတဲ့ အဖွဲ့အစည်းသစ်တစ်ခုကို ဖန်တီးနိုင်လိမ့်မယ်"

"တကယ်လို့ ကျောင်းကို ကျောင်းခွဲတွေအဖြစ် ခွဲထုတ်လိုက်မယ်ဆိုရင် ကျောင်းဆောက်ဖို့ ကုန်ကျစရိတ်နဲ့ အချိန်တွေ ပိုရင်းနှီးရမှာသေချာတယ်။ ပြီးတော့ ကျောင်းသားလက်ခံရေးနဲ့ပတ်သက်တဲ့ ပြဿနာတွေလည်း ရှိလာနိုင်တယ်။ ဒါတော့ ခင်ဗျား သဘောတူတယ်မလား"

"မင်းပြောတာ ဟုတ်တုတ်တုတ်ပဲ"

လောင်ကျိုးကလည်း ခေါင်းညိတ်ပြလိုက်၏။ ကျန်းမုန့်လောင်၏ စွမ်းဆောင်ရည်များကို သူ သိထားပြီးသားပင်။ မကြာသေးခင်က ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ထူးချွန်ထက်မြက်သော သိပ္ပံသုတေသနပညာရှင်များ ပေါ်ထွက်လာပြီး နိုင်ငံတကာထိပ်တန်းစာစောင်များကိုပင် လွှမ်းမိုးသွားကြောင်း သူ ကြားသိထားသည်။

ယခုဆိုလျှင် "တစ်နေ့လုံးကြိုးစားပြီး ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကို တက်ရောက်နိုင်ဖို့ ရည်မှန်းကြစို့"ဟူသော ဆောင်ပုဒ်များပင် ပေါ်ထွက်လာခဲ့လေပြီ။

ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင် ကျန်းမုန့်လောင်တစ်ယောက်တည်းသာ တော်နေခြင်းမဟုတ်ဘဲ ကျောင်းသားများသည်လည်း ထူးချွန်ထက်မြက်သူများ ဖြစ်လာကြသည်မှာ ထင်ရှားလှ၏။

အကယ်၍ ကျောင်းသားများကို ကျန်းမုန့်လောင် အဆိုပြုထားသည့် နည်းလမ်းအတိုင်းသာ ပြုစုပျိုးထောင်ပေးနိုင်မည်ဆိုပါက အလွန်ဆုံး တစ်နှစ်အတွင်းမှာပင် ဟွာရှားနိုင်ငံ၏ မျိုးဆက်သစ်လူငယ်များမှာ သိပ္ပံနှင့် တီထွင်ဆန်းသစ်မှုသုတေသနနယ်ပယ်၌ ကြီးမားလှသော တိုးတက်ဖွံ့ဖြိုးမှုကို ပြုလုပ်နိုင်ကြလိမ့်မည်။

"ဒါပေမဲ့ ပြဿနာတစ်ခုတော့ရှိတယ်"

လောင်ကျိုးက ပြောလိုက်သည်။

"ငါက ပေါင်းစည်းဖို့ သဘောတူပြီး ပညာရေးဌာနကလည်း လက်ခံတယ်ဆိုရင်တောင် ဟိုကျောင်းတွေရဲ့ ကျောင်းအုပ်တွေက သဘောတူပါ့မလား။ သူတို့ရဲ့ကျောင်းတွေကို မင်းရဲ့ကျောင်းအောက် ပေါင်းထည့်လိုက်တာကို သူတို့က ဒီတိုင်းကြည့်နေပါ့မလား"

"ခင်ဗျား သဘောတူရင် ပြီးတာပါပဲ... ကျွန်တော့်မှာ နည်းလမ်းရှိပါတယ်"

ကျန်းမုန့်လောင်က ပြုံးရင်း ပြောလိုက်၏။

"ဒါပေမဲ့ ခင်ဗျားက အထက်လူကြီးတွေနဲ့ အဆင်ပြေအောင် ညှိပေးပြီး ဟိုဘက်ကျောင်းတွေကို အသိပေးစာထုတ်ပေးဖို့တော့ လိုလိမ့်မယ်"

"ကောင်းပြီလေ... မင်းအတွက် အသိပေးစာထုတ်ပေးမယ်"

လောင်ကျိုးက မခိုးမခန့်အပြုံးတစ်ပွင့်ကို လှစ်ဟပြလိုက်သည်။

"ငါလောင်းရဲတယ်... မနက်ဖြန်မနက်လောက်ဆိုရင် အနီးအနားက ကျောင်းအုပ်ကြီးတွေ မင်းကို ဓားကိုင်ပြီး ရန်လာတွေ့ကြလိမ့်မယ်"

"စောင့်ကြည့်နေလိုက်ပါဗျာ"

ကျန်းမုန့်လောင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။

"သူတို့ဘာသာ ငိုယိုပြီး ကျွန်တော်တို့ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ကို လာပေါင်းပါရစေဆိုပြီး တောင်းပန်လာစေရမယ်လို့ ကျွန်တော်အာမခံတယ်"

...

"ဘာကွ။ ငါတို့ကို ရွေးချယ်စရာနှစ်ခုပေးမယ် ဟုတ်လား။ ဖယ်ပေးမလား ဒါမှမဟုတ် ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ကို သွားပေါင်းမလားဆိုတာကြီးက ဘယ်လိုအရေးမပါတဲ့ အမိန့်ကြီးလဲ"

"ငါတို့ကျောင်းက ဒီနယ်မြေထဲမှာရှိနေတာ ဆယ်စုနှစ်ပေါင်းများစွာကြာနေပြီ... အခုမှ အထုပ်အပိုးပြင်ပြီး ဖယ်ပေးရမယ် ဟုတ်လား"

"ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က အင်အားကြီးတယ်ဆိုတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ငါတို့ကလည်း ဆယ်စုနှစ်ပေါင်းများစွာ အခိုင်အမာတည်ရှိခဲ့တဲ့ ကျောင်းတွေလေကွာ။ ဒါက ဘာသဘောလဲ"

"ဒီအတိုင်းသာဆိုရင် တစ်နိုင်ငံလုံးမှာ ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်တစ်ခုတည်းပဲ ထားလိုက်ကြတော့လေ"

နောက်တစ်နေ့မနက်တွင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်အနီးတစ်ဝိုက်ရှိ ကျောင်းပေါင်းဆယ်ကျောင်းကျော်မှ ကျောင်းအုပ်ကြီးများအားလုံး ထိုသတင်းကို ရသွားကြသည်။

၎င်းမှာ "ပေါင်းစည်းရန် စီစဉ်ထားသည်"ဟူသော အဆင့်သာ ရှိသေးသော်လည်း ထိုသတင်းအစအနကပင် သူတို့အားလုံးကို စိုးရိမ်ပူပန်သွားစေခဲ့သည်။

လူတိုင်းက ပညာရေးအတွက် ကြိုးပမ်းနေကြခြင်း ဖြစ်လေရာ ကျောင်းများကို ပေါင်းစည်းလိုက်ခြင်းမှာ အင်အားများကို စုစည်းလိုက်ခြင်းဖြစ်သော်ငြား ကျောင်းတိုင်းတွင် ကိုယ်ပိုင်ဇာတ်လမ်းများနှင့် သမိုင်းကြောင်းများ ရှိကြစမြဲပင်။ ကိုယ့်သမိုင်းကြောင်းကို မည်သူကများ ယခုလို အဖျက်ဆီးခံလိုက်ရခြင်းမျိုးကို လိုလားမည်နည်း။

"သွားကြစို့... ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ကိုသွားပြီး ချန်း​ဝမ်ချင်းဆိုတဲ့ကောင်ကို ဘာတွေလုပ်ဖို့ကြံစည်နေတာလဲဆိုတာ သွားမေးကြတာပေါ့"

ကျောင်းအုပ်ကြီးတချို့က အချင်းချင်းဆက်သွယ်လိုက်ကြပြီးနောက် ချက်ချင်းပင် သဘောတူညီမှုရသွားကြ၏။

"ဟားဟားဟား... ဒီကောင်လေးကျန်းမုန့်လောင်ကတော့ တကယ်ပါပဲကွာ"

မနက်စောစောစီးစီးတွင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ကျောင်းအုပ်ကြီးချန်းဝမ်ချင်းက ရုံးခန်းထဲတွင် အောင်မြင်မှုအစီရင်ခံစာများကို ဖတ်ရင်း ကြည်နူးနေတော့သည်။

တစ်လအတွင်း ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရှိ ပါရမီရှင်အတန်းမှ ကျောင်းသားများက သုတေသနအဖွဲ့များတွင် ပါဝင်ကူညီခဲ့ကြပြီး ထိပ်တန်းအဆင့်ဂျာနယ်များတွင် စာတမ်းပေါင်း တစ်ရာကျော် ဖော်ပြနိုင်ခဲ့ကာ အဆင့်သတ်မှတ်ချက်များတွင် လွှမ်းမိုးထားနိုင်ခဲ့သည်။

သက်တမ်းရင့်ထိပ်တန်းကျောင်းကြီးများဆိုလျှင် တစ်လလျှင် စာတမ်းနှစ်စောင်သုံးစောင်လောက်သာ တင်သွင်းနိုင်ကြသည်။

"သိပ္ပံနံ့နည်းပညာတက္ကသိုလ်မှာ ကျန်းမုန့်လောင် တစ်ယောက်တည်းပဲ ရှိတာပါလို့ ဟိုအဘိုးကြီးတွေ ပြောရဲသေးလားဆိုတာ ကြည့်ရသေးတာပေါ့"

"ဒုန်း... ဒုန်း... ဒုန်း..."

ရုတ်တရက်ဆိုသလို ကျောင်းအုပ်ရုံးခန်းတံခါးရှေ့မှ တံခါးခေါက်သံ ကြားလိုက်ရသည်။

"ချန်းဝမ်ချင်း... တံခါးဖွင့်စမ်း။ ခင်ဗျား ရုံးခန်းထဲမှာရှိမှန်း သိတယ်နော်"

"ခင်ဗျားက ကျောင်းတွေကိုပေါင်းစည်းဖို့ တွန်းအားပေးရဲမှတော့ တံခါးဖွင့်ပေးဖို့လည်း သတ္တိရှိရမှာပေါ့"

"မနက်စောစောစီးစီး ဘယ်သူတွေတုန်းကွ"

ကျောင်းအုပ်ကြီးချန်းတစ်ယောက် ကြောင်တောင်တောင်ဖြင့် တံခါးဖွင့်ပေးလိုက်လေရာ သူ့ကို ဒေါသတကြီး စိုက်ကြည့်နေကြသော ကျောင်းအုပ်ကြီးများနှင့် ကျောင်းတာဝန်ခံတစ်ဒါဇင်ခန့်ကို တွေ့လိုက်ရ၏။

"တောင်းပန်ပါတယ် ကျောင်းအုပ်ကြီး... ကျွန်တော် သူတို့ကို မတားရဲလို့ပါ"

ဘေးနားရှိ လုံခြုံရေးဝန်ထမ်းလေးခမျာ ကူကယ်ရာမဲ့စွာ ပြောရှာသည်။ အသက်အရွယ်ကြီးရင့်သော ဤဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များကို မည်သူကများ တားရဲမည်နည်း။

"ဒါက ဘာဖြစ်ကြတာလဲ..."

"ချန်းဝမ်ချင်း... ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က တော်တော်အထင်ကြီးစရာကောင်းနေပြီပေါ့လေ ဟုတ်လား။ ငါတို့ကျောင်းဝင်းကိုတောင် မျက်စိကျနေတယ်ပေါ့"

"ပြီးတော့ ငါတို့ကို ဖယ်ပေးရမယ်... မဟုတ်ရင် ​ကျောင်းပေါင်းရမယ် ဟုတ်လား။ ခင်ဗျားတို့က အရမ်းအနိုင်ကျင့်လွန်းရာမရောက်ဘူးလား"

"ဟုတ်တယ်။ ဒီနေ့ ခင်ဗျား ကျုပ်တို့ကို ရှင်းပြရမယ်"

"နေရာရွှေ့တာ... ကျောင်းပေါင်းတာတဲ့လား..."

ချန်း​ဝမ်ချင်း ဘာမှနားမလည်နိုင်သဖြင့် ကြောင်သွားရသည်။

"ခဏနေကြပါဦး... ကျုပ် ဖုန်းတစ်ချက်ဆက်လိုက်ဦးမယ်"

ချန်းဝမ်ချင်းလည်း ဖုန်းကောက်ကိုင်ကာ ဟန်ကျင်းယွီ၏နံပါတ်ကို ခေါ်လိုက်သည်။

"လောင်ဟန်... ကျုပ်တို့ကျောင်းက တိုးချဲ့နေတာလား။ ကျုပ်က အဲဒီအကြောင်း ဘာလို့မသိရတာလဲ"

"ဘာ..."

ဟန်ကျင်းယွီလည်း လန့်သွား၏။

"တခြားကျောင်းက ကျောင်းအုပ်ကြီးတွေအကုန်ရောက်နေကြတယ်။ အထက်ကနေ အသိပေးစာ ပို့လိုက်တယ်... သူတို့ကို နေရာဖယ်ပေးရမယ်တဲ့။ မဟုတ်ရင် ကျုပ်တို့ကျောင်းနဲ့ ပေါင်းရမယ်ဆိုပြီး ပြောနေကြတယ်။ ကျုပ်က ဘာလို့အကြောင်းကြားစာမရသေးတာလဲ"

"ဒီကောင်လေး... တကယ်ကြီး လုပ်ချလိုက်တာလား"

လက်ရှိအချိန်တွင် အဖြစ်မှန်ကို သိနေသူမှာ ဟန်ကျင်းယွီတစ်ယောက်တည်းသာ ရှိသည်။ ပြီးခဲ့သည့်တစ်ခေါက်တုန်းက ကျန်းမုန့်လောင်သည် သူ့ကို ဤကိစ္စနှင့်ပက်သက်ပြီး ဆွေးနွေးခဲ့သေးသည်။

ကျန်းမုန့်လောင်တွင် အဆက်အသွယ်ကောင်းများ ရှိကြောင်း သူ သိထားသော်လည်း လေလုံးထွားသည်ဟုသာ ထင်ခဲ့မိသည်။ တကယ်လုပ်ချလိုက်လိမ့်မည်ဟု မည်သူကများ ထင်ထားမည်နည်း။

All Chapters