ကျွန်တော် ခင်ဗျားတို့ကို အထင်သေးတာတော့ မဟုတ်ပါဘူး
Vol. 51 Ch. 753
"အဲဒီကောင်စုတ်လေး ကျန်းမုန့်လောင်ကို ငါသွားမေးလိုက်ဦးမယ်"
"ဒီကိစ္စက ကျန်းမုန့်လောင်နဲ့ ပတ်သက်နေတာလား"
ချန်းဝမ်ချင်းတစ်ယောက် နဖူးကို ရိုက်လိုက်မိသည်။ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ဤကဲ့သို့ တိုးတက်လာခြင်းမှာ ကျန်းမုန့်လောင်နှင့် ကင်းကွာ၍ မရသော်လည်း သူ့ပြဿနာရှာနိုင်စွမ်းကလည်း အမှန်တကယ် ကြောက်ခမန်းလိလိပင်။
"လတ်တလော ကျောင်းသားလက်ခံတာတွေ တိုးထားတယ်လေ... နိုင်ငံတကာကောလိပ်ကလည်း ပြည်ပက ဆရာအတတ်ပညာဖလှယ်မှုတွေ ကျောင်းသားလက်ခံရေးတွေ အများကြီး လျှောက်ထားလာကြတယ်။ လက်ရှိကျောင်းဝင်းက တိုးလာတဲ့ကျောင်းသားနဲ့ ဆရာဦးရေကို လက်မခံနိုင်တော့ဘူး"
"မြေယာစီမံခန့်ခွဲရေးဌာနနဲ့ ညှိနှိုင်းဖို့ ကျုပ် လူလွှတ်ပြီးပြီ မဟုတ်လား"
ချန်းဝမ်ချင်းက ပြောလိုက်၏။
"ခွင့်ပြုချက်ကျအောင် လုပ်နေပါပြီ။ ကျောင်းဝင်းအသစ်က လက်ရှိကျောင်းဝင်းနီးပါး ကျယ်မှာမို့ တိုးလာတဲ့ ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေကို လက်ခံဖို့ လုံလောက်ပါတယ်"
"ကျန်းမုန့်လောင်ကို ကျွန်တော်လည်း အဲ့ဒီအတိုင်း ပြောပြီးပါပြီ... ဒါပေမဲ့ အဲ့ဒီကောင်လေးက နားမထောင်ဘူး။ စီမံခန့်ခွဲရလွယ်ကူစေဖို့နဲ့ စည်းလုံးမှုရှိစေဖို့ ကျောင်းဝင်းတွေအားလုံးကို တစ်စုတစ်စည်းတည်း ပေါင်းချင်နေတာ"
ဟန်ကျင်းယွီက ရှင်းပြလိုက်၏။
"အဲ့ဒီလောက်လေးအတွက်နဲ့ သူက တခြားကျောင်းတွေကို မောင်းထုတ်ချင်နေတာလား။ ဒါမှမဟုတ် ကျုပ်တို့ကျောင်းနဲ့ လာပေါင်းခိုင်းတာလား။ အဓိပ္ပာယ်မရှိလိုက်တာ"
တကယ်တမ်းတွင် ချန်းဝမ်ချင်းမှာမူ တိတ်တဆိတ်ပျော်ရွှင်နေမိသည်။ အကယ်၍သာ ပေါင်းစည်းခြင်း အောင်မြင်သွားပါက ပါမောက္ခချုပ်တစ်ယောက်အနေနှင့် သူ့အာဏာမှာ အဆပေါင်းများစွာ တိုးလာမည်ဖြစ်ပြီး ကျောင်းပေါင်းများစွာ ပေါင်းစည်းလိုက်ပါက ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှာ ဟွာရှားနိုင်ငံ၏ နံပါတ်တစ်တက္ကသိုလ် ဖြစ်လာမည်မှာ မလွဲဧကန်ပင်။
ဤသမိုင်းဝင်အဖြစ်အပျက်ကို မျက်မြင်သက်သေကြုံတွေ့ခွင့်ရသည့် ချန်းဝမ်ချင်း၏ဓာတ်ပုံမှာ သူသေသွားလျှင်ပင် ကျောင်း၏ ဂုဏ်ပြုနံရံထက်၌ ထာဝရချိတ်ဆွဲခံထားရတော့မည်။
သို့သော် သူ မည်မျှပင် ပျော်ရွှင်နေပါစေ ထုတ်ပြ၍မရပေ။ ထို့ပြင် ကျန်းမုန့်လောင်၏ အဆက်အသွယ်များမှာ ကောင်းလွန်းသည်ဆိုစေဦးတော့... ဤကဲ့သို့သော အစီအစဉ်မျိုးမှာ လက်တွေ့ဖြစ်လာရန် မဖြစ်နိုင်သလောက်ပင်။ ဖြစ်နိုင်လျှင်ပင် နေ့ချင်းညချင်း ဖြစ်လာမည့်ကိစ္စမဟုတ်ပေ။
အခြားကျောင်းအုပ်ကြီးများနှင့် ခေါင်းဆောင်များ၏ အစိမ်းလိုက်ဝါးစားမတက် မျက်နှာထားများကို ကြည့်ခြင်းအားဖြင့် သူတို့ဘက်က ဤကိစ္စကို မည်သို့သဘောတူနိုင်မည်နည်း။
"ပါမောက္ခချုပ်... သူတို့ကို ခဏလောက်ထိန်းထားပေးပါဦး။ ကျွန်တော် ကျန်းမုန့်လောင်နဲ့ အတူပြန်လာခဲ့ပါမယ်"
...
"ကျန်းမုန့်လောင်...မင်း ဘာတွေလျှောက်လုပ်နေတာလဲ"
ဟန်ကျင်းယွီတစ်ယောက် ကျန်းမုန့်လောင်ထံသို့ တန်းသွားပြီး ဖြေရှင်းချက်တောင်းလေတော့သည်။
"ဘာဖြစ်လို့လဲ"
"ဘာဖြစ်ရမှာလဲ... မင်းက ငါ့ကို ပြန်မေးနေသေးတယ်ပေါ့။ ဒီကျောင်းတိုးချဲ့တာတို့ ပေါင်းစည်းတာတို့က မင်းလက်ချက်မဟုတ်လား"
"သြော်... လောင်ကျိုးက တော်တော်သွက်တာပဲ"
ကျန်းမုန့်လောင်က ရယ်လိုက်၏။
"အထက်က အသိပေးစာထုတ်လိုက်ပြီလား"
"အခု ဒုတိယပါမောက္ခချုပ်ဆယ်ယောက်ကျော်လောက် ပါမောက္ခချုပ်ရုံးခန်းကို ဝိုင်းထားကြတယ်။ ပါမောက္ခချုပ်ကလည်း ငါ့ဆီက အကူအညီလာတောင်းနေတယ်။ မင်း ပြဿနာရှာလိုက်တာ မဟုတ်ဘူးလား"
"ပါမောက္ခဟန်... ခင်ဗျားက ကျွန်တော်တို့ကျောင်းရဲ့ ဩဇာအာဏာကို မကြီးထွားစေချင်ဘူးလား"
ကျန်းမုန့်လောင်က ပြန်မေးလိုက်သည်။
"ဟီးဟီး..."
ဟန်ကျင်းယွီ၏လေသံမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။
"အမှန်အတိုင်း ပြောရရင်တော့ မင်းလုပ်တာ အရမ်းကောင်းတယ်"
ဟန်ကျင်းယွီမှာ ကျောင်းတွင် ရာထူးတိုးစရာမရှိတော့သည့် ဒုတိယအာဏာပိုင်တစ်ဦး ဖြစ်နေချေပြီ။ အကယ်၍ ကျောင်းပေါင်းများစွာ ပေါင်းစည်းသွားပါက သူ၏ ပညာရပ်ပိုင်းဆိုင်ရာ ဩဇာလွှမ်းမိုးမှုနှင့်အတူ လုပ်ပိုင်ခွင့်အာဏာများလည်း သေချာပေါက် တိုးတက်လာမည်ဖြစ်ရာ ဤအရာမှာ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရှိ ဆရာတိုင်း မြင်တွေ့လိုသည့်အရာပင်။
ကျောင်းကိုသာ တိုးချဲ့လိုက်လျှင် ပါမောက္ခချုပ်အနေနှင့် သူတို့ကိုလည်း လျစ်လျူရှုထား၍ရဦးမည်လော။
"ဒါပေမဲ့ ဟိုကျောင်းအုပ်တွေက လွယ်လွယ်နဲ့ အလျှော့ပေးမယ့်လူတွေ မဟုတ်ဘူး။ ပေါင်းစည်းမယ့်ကိစ္စကို တားဖို့ သူတို့ တတ်နိုင်သမျှ လုပ်ကြလိမ့်မယ်"
"ဒါပေါ့..."
ကျန်းမုန့်လောင်လည်း ခေါင်းညိတ်လိုက်၏။
"ဒါပေမဲ့ ကျွန်တော့်မှာ အစီအစဉ်ရှိပါတယ်။ ပါမောက္ခချုပ်ရုံးခန်းကို သွားကြစို့"
...
"တော်ဝင်ပညာရှင်ဟန်... တော်ဝင်ပညာရှင်ကျန်း... ခင်ဗျားတို့ ရောက်လာကြပြီကိုး"
သူတို့နှစ်ယောက် ဝင်လာသည်ကို မြင်လိုက်ရမှသာ ရုံးခန်းထဲတွင် အကျပ်ရိုက်နေသော ပါမောက္ခချုပ်ချန်းဝမ်ချင်းတစ်ယောက် အားရှိသွားတော့သည်။
"ကြည့်ပါဦး... အခြေအနေကို..."
"ကျောင်းအုပ်တို့... စိတ်မလောကြပါနဲ့"
ကျန်းမုန့်လောင်က အခြေအနေကို ဝင်ရောက်ထိန်းသိမ်းလိုက်သည်။
"ဒီကိစ္စက ကျွန်တော်တို့ရဲ့ ပါမောက္ခချုပ်ချန်းနဲ့ မဆိုင်ပါဘူး။ ကျွန်တော် အဆိုပြုလိုက်တာပါ"
"မင်းအဆိုပြုလိုက်တာ ဟုတ်လား"
အခန်းထဲရှိ လူအားလုံး၏ အကြည့်များမှာ ကျန်းမုန့်လောင်ထံသို့ ရောက်သွားတော့သည်။
"တော်ဝင်ပညာရှင်ကျန်း... ခင်ဗျားရဲ့ မြင့်မားလှတဲ့ ပညာအရည်အချင်းနဲ့ နိုင်ငံတော်ရဲ့ သိပ္ပံသုတေသနတိုးတက်မှုအတွက် စွမ်းဆောင်ချက်တွေကို ကျုပ်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ဒီကိစ္စကတော့ နည်းနည်းမလွန်လွန်းဘူးလား"
"ဟုတ်တယ်။ ကျုပ်တို့ကျောင်းက နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိနေပြီ။ ဒီတိုင်းကြီးတော့ ဘယ်လိုလုပ်ပြီး ပေါင်းစည်းလိုက်လို့ ရမှာလဲ။ ပြီးတော့ နေရာရွှေ့ပေးရမယ် ဟုတ်လား။ ခင်ဗျားတို့က အရမ်းအနိုင်ကျင့်လွန်းရာ မရောက်ဘူးလား"
"ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က ကြီးကျယ်ခမ်းနားပြီး အင်အားကြီးတာတော့ မှန်ပေမဲ့ ကျုပ်တို့အတွက်လည်း ရှင်သန်ခွင့်လေးတော့ ချန်ထားပေးသင့်တယ် မဟုတ်ဘူးလား"
ကျောင်းအုပ်ကြီးများက တစ်ယောက်တစ်ပေါက် ဝင်ပြောကုန်ကြသည်။
ယခင်ကသာဆိုလျှင် ကျန်းမုန့်လောင်က ကျောင်းသားတစ်ယောက်မျှသာ ဖြစ်သဖြင့် သူတို့ အထက်စီးက ဆက်ဆံပြောဆိုနိုင်သော်လည်း ယခုအခါတွင်မူ ထိုလူမှာ တော်ဝင်ပညာရှင်ဘွဲ့နှစ်ခုရထားသူ ဖြစ်နေလေပြီ။ ထိုဘွဲ့ကြောင့်ပင် သူတို့အနေနှင့် လေးလေးစားစား ပြောဆိုဆက်ဆံနေရသည်။
"လူကြီးမင်းတို့... စိတ်လျှော့ကြပါဦး။ ကျွန်တော့်အကြောင်းပြချက်ကို အရင်နားထောင်ကြည့်ပါလား။ တကယ်လို့ ကျွန်တော်ပြောတာ မှားနေတယ်ဆိုရင် ခင်ဗျားတို့ ငြင်းလို့ရပါတယ်။ ပြီးရင် အဲ့ဒီဆုံးဖြတ်ချက်ကို ချက်ချင်း ပြန်ရုပ်သိမ်းပေးမယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
ထိုကတိစကားကို ကြားလိုက်ရမှသာ ကျောင်းအုပ်ကြီးများ၏ စိတ်လှုပ်ရှားမှုများမှာ အနည်းငယ် လျော့ကျသွားတော့သည်။
"လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကျွန်တော်တို့ ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ရဲ့ တိုးတက်မှုတွေကို ခင်ဗျားတို့လည်း မြင်ကြမှာပါ။ သိပ္ပံသုတေသနအဆင့်အတန်းဆိုရင် ကမ္ဘာမှာအကောင်းဆုံးလို့တောင် သတ်မှတ်လို့ရနေပြီ။ ဒီအချက်ကိုတော့ ခင်ဗျားတို့ မငြင်းဘူးမလား"
မည်သူမျှ ဝင်မပြောကြပေ။ ၎င်းမှာ ငြင်းမရသော အမှန်တရားပင်။
"ကျွန်တော်တို့က ကျောင်းတစ်ကျောင်းဖြစ်တဲ့အတွက် ရည်ရွယ်ချက်က နယ်ပယ်အသီးသီးမှာ ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတွေကို ပညာသင်ပေးပြီး ပြုစုပျိုးထောင်ပေးဖို့ပဲ။ တကယ်လို့ အဲ့ဒါကို မလုပ်ဆောင်နိုင်ဘူးဆိုရင် ကျောင်းဖွင့်ထားတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ"
ဤအဆိုမှာလည်း ငြင်းမရနိုင်ပေ။
"ကျွန်တော်က စကားပြောရင် ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်။ နောက်ပြောမဲ့စကားတွေက ခင်ဗျားတို့နားထဲမှာ နည်းနည်းခါးရင် ခါးသွားလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားတို့ သည်းခံပေးကြဖို့ မျှော်လင့်ပါတယ်"
"ပြောပါ... ခင်ဗျားပြောတာ အဓိပ္ပာယ်ရှိသရွေ့တော့ ကျုပ်တို့ ငြင်းမှာမဟုတ်ပါဘူး"
ကျောင်းအုပ်ကြီးများက ပြိုင်တူပြောလိုက်ကြ၏။
"ကောင်းပြီလေ။ ဒါဆို ပြောလိုက်တော့မယ်"
ကျန်းမုန့်လောင်က သူ့ပေါင်သူရိုက်လိုက်သည်။
"ခင်ဗျားတို့ကျောင်းတွေက နှစ်တိုင်း ပိုက်ဆံတွေ အများကြီးသုံးပြီး ကျောင်းသားတွေအများကြီး မွေးထုတ်ပေးနေတာပဲ။ ဒါပေမဲ့ ခင်ဗျားတို့ မွေးထုတ်ပေးလိုက်တဲ့ ကျောင်းသားတွေက ဘယ်လိုအရည်အသွေးမျိုးတွေလဲဆိုတာ ပြန်ကြည့်လိုက်ပါဦး။ ကျွန်တော်တို့ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က ကျောင်းသားတွေကိုတော့ လုံးဝယှဉ်လို့မရဘူး။ ကျွန်တော်တို့ကျောင်းက ကြုံရာကျပန်းကျောင်းသားတစ်ယောက်ကတောင် ခင်ဗျားတို့ကျောင်းသားတွေကို အသာလေးအနိုင်ယူနိုင်တယ်"
"တကယ်လို့ ကျွန်တော်တို့ကျောင်းနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ သင်ကြားရေးအရင်းအမြစ်တွေကိုလည်း ရနိုင်ပြီး ပိုတော်တဲ့ ကျောင်းသားတွေကို မွေးထုတ်ပေးနိုင်လိမ့်မယ်။ ဒါက ကျောင်းတွေ တည်ရှိနေခြင်းရဲ့ ရည်ရွယ်ချက်အစစ်အမှန် မဟုတ်ဘူးလား"
"သောက်ကျိုးနည်း... ဒီကောင်လေးက ပါးစပ်ထဲ ရှိရာ လျှောက်ပြောနေပါလား"
ကျန်းမုန့်လောင်တစ်ယောက် ထိုစကားကို ပြောလိုက်သည်နှင့် ကျောင်းအုပ်ကြီးများမှာ မကျေမနပ် ဖြစ်သွားကြတော့သည်။
ကျန်းမုန့်လောင် ပြောချင်သည့်သဘောမှာ သူတို့ မွေးထုတ်ပေးလိုက်သော ကျောင်းသားများ၏ အရည်အသွေးက ညံ့လွန်းသဖြင့် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရှိ ကျောင်းသားများကို လုံးဝ မယှဉ်နိုင်ဘူးဟု ဆိုလိုခြင်းပင်။ သူတို့၏သင်ကြားမှုက ညံ့ဖျင်းလွန်းသဖြင့် ကျောင်းဖွင့်ထားခြင်းမှာ အဓိပ္ပာယ်မရှိတော့ဘဲ ပေါင်းစည်းလိုက်ခြင်းကသာ အကောင်းဆုံးဖြစ်သည်ဟု ဆိုလိုခြင်းပင်။
ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ သိပ္ပံသုတေသနနှင့် သင်ကြားရေးစွမ်းရည်က ကောင်းမွန်သည်ဟုဆိုလျှင် သူတို့အနေနှင့် ငြင်းစရာမရှိသော်လည်း သူတို့ မွေးထုတ်ပေးလိုက်သည့် ကျောင်းသားအားလုံးက အရည်အချင်းမမီပါဟု ပြောလာခြင်းကိုမူ လက်မခံနိုင်ပေ။
"တော်ဝင်ပညာရှင်ကျန်း... ခင်ဗျားရဲ့ သိပ္ပံသုတေသနအောင်မြင်မှုတွေကို ကျုပ်တို့ လေးစားပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ကျောင်းက ကြုံရာကျပန်းကျောင်းသားတစ်ယောက်ကတောင် ကျုပ်တို့ကျောင်းသားတွေထက် ပိုတော်တယ်လို့ ပြောချင်တာလား။ အဲ့ဒါကိုတော့ လက်မခံနိုင်ဘူး"
ကျောင်းတိုင်းတွင် ထူးချွန်ကျောင်းသားများ ရှိစမြဲပင်။ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရှိ အတော်ဆုံးကျောင်းသားများက သူတို့ကျောင်းရှိ အတော်ဆုံးကျောင်းသားများထက် သာလွန်ကြောင်းကို သူတို့ မငြင်းလိုပေ။
ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ပါရမီရှင်အတန်းထဲတွင် သာမန်မဟုတ်သော မကောင်းဆိုးဝါးများဖြင့် ပြည့်နှက်နေပြီး ထိုလူများ၏ ပညာရပ်ဆိုင်ရာ အောင်မြင်မှုများမှာ ပါမောက္ခတစ်ယောက်ကိုပင် ယှဉ်ပြိုင်နိုင်ကြောင်း သူတို့ သိထားကြသည်။
သို့သော် ထျန်းကျီမြင်းပြိုင်ပွဲပုံပြင်ထဲကနှယ် အဆင့်မြင့်မြင်းတစ်ကောင်က အဆင့်နိမ့်မြင်းတစ်ကောင်ကို နိုင်နိုင်သော်လည်း သူတို့၏ အကောင်းဆုံးကျောင်းသားများမှာ သိပ်မတော်လှဘူးဆိုလျှင်ပင် ကျန်းမုန့်လောင်တို့ကျောင်းရှိ သာမန်ကျောင်းသားထက်တော့ မညံ့နိုင်ပေ။
"ဟုတ်တယ် တော်ဝင်ပညာရှင်ကျန်း... ကျုပ်တို့ကျောင်းမှာလည်း ထူးချွန်ကျောင်းသားတွေ ရှိပါတယ်။ ခင်ဗျားတို့ရဲ့ ပါရမီရှင်အတန်းက ကျောင်းသားတွေကို မယှဉ်နိုင်ဘူးဆိုတာတော့ သိပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ဆီက သာမန်ကျောင်းသားတွေထက်တော့ သေချာပေါက်သာတယ်"
ထိုအချိန်တွင် ကျန်းမုန့်လောင်နှင့် ဟန်ကျင်းယွီတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် တစ်ယောက်မျက်လုံးထဲရှိ အရိပ်အယောင်ကို တစ်ယောက် မြင်တွေ့လိုက်ကြသည်။
"ခင်ဗျား သေချာလို့လား"
"လူကြီးမင်းတို့... ကျွန်တော် ခင်ဗျားတို့ကို အထင်သေးတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ထိပ်တန်းကျောင်းသားတွေက ကျွန်တော်တို့ဆီက သာမန်ကျောင်းသားတချို့ဆီမှာ လက်ထောက်လုပ်ဖို့တောင် အရည်အချင်းမမီလောက်ဘူးနော်"
ကျန်းမုန့်လောင်က ပြောချလိုက်သည်။
"ဟွန်း... လေကြီးတာတော့ လွယ်ပေမဲ့ ခါးတော့ မနာစေနဲ့ဦး"
"ဟုတ်ပါ့... ခင်ဗျားတို့ကျောင်းမှာရှိတဲ့ လူတိုင်းက ပါရမီရှင်တွေမို့လို့လား"
"အဲ့လိုတော့လည်း မဟုတ်ပါဘူး"
ကျန်းမုန့်လောင်က ရယ်လိုက်၏။
"ကျွန်တော်တို့ကျောင်းသားတွေက သာမန်လူတွေပါပဲ။ ကျွန်တော်တို့ရဲ့ သင်ကြားရေးနည်းစနစ်တွေနဲ့ ဆရာတွေက အရမ်းထိရောက်နေလို့ ဖြစ်ပါလိမ့်မယ်"
"ဒါဆိုရင် ကိုယ်တိုင်မြင်ရတာက ပိုယုံစရာကောင်းတာပေါ့"
ကျန်းမုန့်လောင်က ပြုံးလိုက်သည်။
"ဒီနေ့ ခင်ဗျားတို့ အားကြတယ်မလား။ ကျွန်တော်တို့ကျောင်းကို လည်ပတ်ကြည့်ပါလား။ ကျွန်တော်တို့ကျောင်းသားတွေရဲ့ လက်ရှိအဆင့်အတန်းကို ကြည့်ကြတာပေါ့။ ကိုယ်တိုင်မြင်ပြီးရင် ခင်ဗျားတို့ စိတ်ပြောင်းချင်ပြောင်းသွားမှာပေါ့"