← Chapters

ပါမောက္ခ ကျွန်တော့်ကို ဂွရှင်လှမ်းယူပေးပါ

Vol. 51 Ch. 754

ပါမောက္ခ ကျွန်တော့်ကို ဂွရှင်လှမ်းယူပေးပါ

Vol. 51 Ch. 754

"တော်ဝင်ပညာရှင်ကျန်း.. တော်ဝင်ပညာရှင်ဟန် ကျောင်းအုပ်ကြီး"

ကျောင်းဝင်းအတွင်းရှိ လမ်းမကြီးအတိုင်း လျှောက်လာစဉ် ဘေးပတ်ဝန်းကျင်ရှိ ကျောင်းသားများက သူတို့ကို တက်ကြွစွာ နှုတ်ဆက်ကြသည်။

"ဘယ်ကိုအရင်သွားကြမလဲ"

"ကျွန်တော်တို့ရဲ့Hardwareအသုံးအဆောင်တွေကို အရင်ကြည့်ရအောင်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ရူပဗေဒဌာနကိုသွားတဲ့ လမ်းကိုလည်း မကြာသေးခင်ကမှ ပြင်ထားတာ"

"ခင်ဗျားတို့ကျောင်းမှာ အမှုန်ဖြိုခွဲစက်ရှိတယ်လို့ကြားတယ်။ ကျုပ် အဲဒါကိုကိုယ်တိုင်မြင်ဖူးချင်နေတာကြာပြီ"

ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင် အမှုန်ဖြိုခွဲစက်ရှိကြောင်း လူတိုင်းသိကြသည်။ ထို့ကြောင့်လည်း အခြားနည်းပညာတက္ကသိုလ်များက သူတို့ကို အားကျနေကြခြင်းပင်။

"အဲဒီကောလာဟလတွေကို ဘယ်ကကြားတာလဲ"

"ကောလာဟလလား"

"အဲဒါက ဘာလို့ကောလာဟလဖြစ်ရတာလဲ။ မနှစ်ကတည်းက အဲဒီပစ္စည်းက ဒီမှာရှိနေတာလို့ကြားတယ်။ အပြင်လူတွေတောင် စမ်းသပ်သုံးစွဲခွင့်ရနေပြီဆို"

"ဒါပေမဲ့ အခု ဘိုကင်တင်ဖို့တောင် မဖြစ်နိုင်တော့ဘူးလို့ ကြားတယ်။ ကျောင်းကကျောင်းသားတွေတောင် အလှည့်ကျတန်းစီပြီး စောင့်ရတယ်တဲ့"

"အဲဒါက နာမည်ကြီးအောင် သက်သက်ဟန်ရေးပြတာတော့ မဟုတ်ဘူးမလား"

ကျောင်းအုပ်ကြီးများက တီးတိုးပြောနေကြလေသည်။ ဤသတင်း ထွက်နေသည်မှာ ကြာလှပြီဆိုသော်ငြား အမှန်အတိုင်းပြောရလျှင် ကျန်းနန်တက္ကသိုလ်ပြင်ပရှိ မည်သူကမှ ထိုစက်ကို မမြင်ဖူးသလို ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုပေါက်ကြားခြင်းလည်းမရှိပေ။

ထို့ပြင် သူတို့က ပညာမတတ်သူများ မဟုတ်ကြချေ။ အမှုန်ဖြိုခွဲစက်ကို တည်ဆောက်ရန်အတွက် နေရာဘယ်လောက်များများလိုအပ်လေသလဲ။ အမှုန်များကို အရှိန်မြှ့င်ရန်အတွက် ကီလိုပေါင်းများစွာရှည်သော မြေအောက်လှိုဏ်ဂူများ လိုအပ်ပေသည်။ ကျန်းနန်တက္ကသိုလ်တစ်ခုလုံးပင် အမှုန်ဖြိုခွဲစိတ်တစ်လုံးစာအတွက် နေရာအလုံအလောက်မရှိပေ။

လူအများစု၏စိတ်ထဲတွင် ဤသည်မှာ အလိမ်အညာသက်သက်သာ။ ကျန်းမုန့်လောင်က ယခု သူကိုယ်တိုင် ငြင်းဆိုလိုက်ခြင်းလေလော။

"ဒါဆို မင်းတို့ကျောင်းမှာ အမှုန်ဖြိုခွဲစက်မရှိဘူးလို့ ပြောချင်တာလား"

သူတို့အတွက်တော့ ဤသည်မှာ ပိုဖြစ်နိုင်ခြေရှိသော အဖြေပင်။ ဤကဲ့သို့သော နည်းပညာမျိုးမှာ ငွေရှိရုံမျှဖြင့် ဝယ်ယူ၍မရနိုင်ပေ။

"မဟုတ်ဘူး။ မဟုတ်ဘူး"

ကျန်းမုန့်လောင်က ခေါင်းယမ်းပြလိုက်သည်။

"ကျွန်တော်ပြောချင်တာက.. ကျွန်တော်တို့ကျောင်းမှာ အမှုန်ဖြိုခွဲစက်တစ်လုံးတည်းပဲရှိတယ်ဆိုတာက ကောလာဟလတစ်ခုပဲလို့ ‌ပြောချင်တာ။ တကယ်တော့ ကျွန်တော်တို့ဆီမှာ နှစ်လုံးတောင်ရှိတာ။ အခုဆိုရင် တတိယတစ်လုံးတောင် တပ်ဆင်နေပြီ"

"ဘာ.. တတိယမြောက်အလုံးလား"

"မင်းက နှစ်လုံးတောင် တပ်ပြီးသွားပြီလား"

"မတတ်နိုင်ဘူးလေ"

ကျန်းမုန့်လောင်က သူ့နဖူးသူ လက်ဖြင့် ရိုက်လိုက်သည်။

"ကျွန်တော်တို့ရဲ့သိပ္ပံသုတေသနလုပ်ငန်းစဉ်တွေက အဆပေါင်းများစွာ ပိုပြင်းထန်လာတော့ အမှုန်ဖြိုခွဲစက်တစ်လုံးတည်းနဲ့ နေစဉ်လိုအပ်ချက်တွေကို မဖြည့်ဆည်းနိုင်တော့ဘူးလေ။ အဲဒါကြောင့် အများကြီးထပ်တပ်ဖို့ ဆုံးဖြတ်လိုက်တာ"

"မဖြစ်နိုင်တာ"

တစ်စုံတစ်ယောက်က ချက်ချင်းငြင်းချက်ထုတ်လေသည်။

"အဲဒါတွေကိုဆောက်ဖို့ နေရာရှိလို့လား။ တစ်ခုဆိုရင်တောင် မဖြစ်နိုင်တာကို"

"ကိုယ့်ဘာသာကြည့်ကြည့်လေ"

ကျန်းမုန့်လောင်ကတော့ ပြုံး၏။

သူက ကျောင်းအုပ်တစ်သိုက်ကို ဓာတ်လှေကားထဲသို့ ဦးဆောင်၍ခေါ်လာခဲ့လိုက်ပြီးနောက် အသစ်စက်စက်အဆောက်အအုံ၏ မြေအောက်ခန်းသို့ ခေါ်သွားလိုက်သည်။

ဓာတ်လှေကားတံခါးပွင့်သည်နှင့် သူတို့ ကြက်သေသေသွားကြသည်။

မြေအောက်ခန်းက အလွန်ကျယ်ပြောလှသဖြင့် အဆုံးကိုပင် မမြင်ရချေ။ သူတို့က ကော်ရစ်ဒါတွင် ရပ်နေခြင်းဖြစ်ပြီး ကြားထဲတွင် မှန်တစ်ချပ်ခြားထားသည်။ ထိုမှန်ချပ်၏နောက်ကွယ်တွင် အထူးဝတ်စုံများ ဝတ်စုံထားသည့် သုတေသီများရှိ၏။

မှန်ချပ်မှတစ်ဆင့် စက်ဝိုင်းသဏ္ဌာန်တူးမြောင်းကြီးတစ်ခုကို သူတို့ မြင်နေရသည်။ ထိုအရာမှာ ခန့်မှန်းခြေအားဖြင့် အချင်းနှစ်ရာမီတာ သို့မဟုတ် သုံးရာမီတာခန့်ရှိသည်။

"ဒါက ခင်ဗျားဆောက်လုပ်ထားတဲ့ အမှုန်ဖြိုခွဲစက်လား"

သူတို့ မြင်နေရသည့်အရာမှာ အမှုန်ဖြိုခွဲစက်၏ ဗားရှင်းအသေးစားတစ်ခုနှင့် တူလှပေသည်။

"ဟုတ်ပါတယ်။ လက်ရှိအမှုန်ဖြိုခွဲစက်ကို အဆင့်မြှင့်ပြီး ပြုပြင်ထားတာလေ။ ဥရောပရဲ့အကြီးဆုံးအမှုန်ဖြိုခွဲစက်က ၂၇ကီလီုမီတာရှိတယ်။ ကျွန်တော့်ဟာကတော့ မီတာခြောက်ရာပဲရှိတယ်။ ဒါပေမဲ့ အမြန်နှုန်းသက်ရောက်မှုကတော့ ပိုမကောင်းဘူးဆိုရင်တောင် ထပ်တူအားကောင်းတုန်းပဲ။ ပြီးတော့ ဒါကို အစုလိုက်အပြုံလိုက်ထုတ်လုပ်ထားတာနော်"

"မိုက်လိုက်တာ"

ရူပဗေဒနောက်ခံရှိသော ပါမောက္ခတစ်ယောက်က မှန်ချပ်ကို မှီတွယ်လိုက်သည်။

"အပူချိန်က အကြွင်းမဲ့သုညနီးနီးရှိတယ်။ လျှပ်ကူးနိုင်စွမ်းကလည်း အထွတ်အထိပ်ရောက်လုနီးနီးပဲ။ အမှုန်တွေကလည်း အလင်းရဲ့အမြန်နှုန်းအတိုင်း သွားနိုင်တယ်"

"ဪ... ဒီနေရာမှာ ရူပဗေဒသင်တန်းတစ်ခု ရှိနေတာပဲ"

ကျန်းမုန့်လောင်က အနီးရှိ စာသင်ခန်းတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

အတွင်းဘက်တွင် အကာအကွယ်ဝတ်စုံ ဝတ်ဆင်ထားသော ကျောင်းသားအယောက်လေးဆယ်ငါးဆယ်ခန့်ရှိပြီး လူကြီးများလည်း တချို့တလေရှိသည်။

သူတို့က ကိရိယာအမျိုးမျိုးဖြင့် အချက်အလက်များကို ဆန်းစစ်နေပေသည်။ ဘာလက်တွေ့စမ်းသပ်မှုကို လုပ်ဆောင်နေသလဲဆိုသည်ကိုမူ မသိရပေ။

"ဒါတွေက ခင်ဗျားကျောင်းသားတွေလား"

ဟန်ကျင်းယွီက သင်ကြားရေးအချိန်ဇယားကို တစ်ချက်ကြည့်လိုက်သည်။

"ဟုတ်ပါတယ။ သူတို့တွေက ပထမနှစ်ရူပဗေဒကျောင်းသားသစ်လေးလေ"

"သူတို့က ပထမနှစ်ပဲရှိသေးတာကို ဒီလိုစမ်းသပ်မှုမျိုးလုပ်ဖို့အတွက် ဓာတ်ခွဲခန်းထဲကို ဝင်ခွင့်ပေးထားတာပေါ့"

ကျောင်းအုပ်ကြီးများမှာ အံ့အားသင့်သွားလေသည်။

အမှုန်ဖြိုခွဲစက်ကို တည်ဆောက်နိုင်ရုံမျှဖြင့် သင်ကြားနိုင်ခြင်းမဟုတ်ပေ။ ပထမနှစ်ကျောင်းသားများမှာ အခြေခံသီအိုရီများကိုပင် မကျွမ်းကျင်သေးပေ။ ဖြိုခွဲစက်၏အဓိပ္ပာယ်ကိုပင် သူတို့ နားလည်ဦးမည်မဟုတ်။ သို့တိုင် တစ်ဖက်လူကတော့ သူတို့ကို အမှုန်ဖြိုခွဲစက်နှင့် လက်တွေ့စမ်းသပ်မှုလုပ်ခိုင်းထားပေသည်။

"လူကြီးမင်းများနဲ့အမျိုးသမီးများခင်ဗျာ... ကျွန်တော်ပြောထားတဲ့အတိုင်း ကျွန်တော်တို့ကျောင်းသားတွေက အရမ်းတော်ပါတယ်။ သူတို့က လိုအပ်တဲ့သင်ခန်းစာတွေအားလုံးကို အထက်တန်းကျောင်းတုန်းက သင်ယူခဲ့ပြီးတာမို့ ကျွန်တော်တို့ကျောင်းမှာ တက်ရောက်ခွင့်ရခဲ့တာပါ"

ကျန်းမုန့်လောင်က ရှင်းပြလိုက်သည်။

အမှန်ပင်။ ပါရမီရှင်အတန်းမှ ကျောင်းသားများကသာ ထူးရှယ်နတ်ဘုရားကျောင်းတော်ကို ဝင်ရောက်နိုင်သည်။ သို့သော် သိထားရမည့်အချက်မှာ ထူးရှယ်နတ်ဘုရားကျောင်းတော်က သူတို့ကို ဗဟုသုတများကိုသာ ထောက်ပံ့ပေးခြင်းမဟုတ်ပါဘဲ သင်ကြားရေးနည်းလမ်းအမျိုးမျိုးကိုပါ ထောက်ပံ့ပေးသည်။

ခက်ခဲနက်နဲလှသော ရူပဗေဒသဘောတရားများက သူတို့အတွက်တော့ မူလတန်းအဆင့်သင်္ချာနှယ် ရိုးရှင်းလှသည်။ အခြားလူများကိုပင် အရိုးရှင်းဆုံးနည်းလမ်းဖြင့် သင်ကြားပေးနိုင်သေးသည်။

ကျန်းမုန့်လောင်၏စီစဉ်မှုအောက်တွင် ဤကျောင်းသားများမှာ အတန်းအမျိုးမျိုးတွင် သင်ကြားရေးလက်ထောက်များ ဖြစ်လာကြသည်။ ထိုအတန်းထဲရှိ ကျောင်းသားများမှာ ဟက်ခ်ထားသည့်အလား ဖြစ်နေချေသည်။ ဤသည်မှာ "အဆင့်ချင်းကွာလှသောတိုက်ကွက်"ဟု ခေါ်ဟန်တူသည်။

"ဒါဆို သူတို့ အခု ဘာလုပ်နေကြတာလဲ"

"သွားမေးလိုက်မယ်"

ဟန်ကျင်းယွီက အထဲရှိ သင်ကြားရေးလက်ထောက်တစ်ယောက်ကို လက်ဝှေ့ယမ်းပြလိုက်သည်။

"ရွှီကျယ်.. မင်းတို့ ဒီနေ့ ဘာလုပ်နေကြတာလဲ"

"ဪ.. ကျွန်တော်တို့ မကြာခင်ကပဲ စကြဝဠာကနဦးပေါက်ကွဲမှုအကြောင်း လက်တွေ့စမ်းသပ်ထားတာ။ အခု ရထားတဲ့ဒေတာတွေကို ဆန်းစစ်နေတာပါ"

ရွှီကျယ်က ပြန်ဖြေလိုက်သည်။

"ဒါ.. ဒါက သူတို့အသက်အရွယ်နဲ့ လုပ်နိုင်တဲ့အရာမို့လို့လား"

ဤပညာရေးအဆင့်ကို ရောက်နိုင်သည့်လူများမှာ ကမ္ဘာတစ်ဝှမ်းတွင် အယောက်တစ်သိန်းခန့်ရှိ၏။ အကုန်လုံးကလည်း နာမည်ကြီးပါမောက္ခများနှင့် ပညာရှင်များ သို့မဟုတ် ထိပ်တန်းသုတေသီများဖြစ်၏။ သူတို့ကို သိပ္ပံပညာရှင်များဟု ခေါ်ဆိုရန်မှာ သင့်တော်ပေသည်။

သာမန်ပထမနှစ်ကျောင်းသားများမှာ ထိုအချက်အလက်များကို ဆန်းစစ်ရန်မဆိုထားနှင့်။ အဓိပ္ပာယ်ကိုပင် နားလည်နိုင်မည်မဟုတ်ပေ။

"ကျွန်တော်တို့ အထဲဝင်ကြည့်လို့ရမလား"

"ရတာပေါ့"

ကျန်းမုန့်လောင်လည်း ခေါင်းညိတ်ပြလိုက်သည်။

သူတို့လည်း လေးစားကြည်ညိုလေဟန်ဖြင့် အတန်းထဲသို့ ဝင်လာလိုက်သောအခါ ကျောင်းသားများက ဖန်သားပြင်များစွာထက်တွင် အဆက်မပြတ်တွက်ချက်နေကြကြောင်း မြင်လိုက်ရသည်။ ဖန်သားပြင်ထက်တွင် ပြသထားသော အချက်အလက်များကြောင့် သူတို့ အကြောင်သားဖြစ်သွားကြသည်။

"တွက်ချက်နှုန်းကလည်း မြန်လိုက်တာ"

"ဪ.. အောက်ထပ်မှာ စူပါကွန်ပျူတာတစ်လုံးရှီတယ်လေ။ အဲဒီဒေတာတွေကို သီးသန့်လုပ်ဆောင်ဖို့လေ"

"ဒီလူတွေက ဘယ်သူတွေလဲ။ နိုင်ငံခြားသားတွေလား"

ကျောင်းအုပ်တစ်ယောက်က ကျောင်းသားများဟုတ်ပုံမရသော လူတချို့ကို ရုတ်တရက်သတိထားမိလိုက်သည်။

"ဪ... သူတို့တွေက ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ကို ပညာရေးနှီးနှောဖလှယ်ဖို့အတွက် ရောက်လာကြတဲ့ နိုင်ငံခြားက ပါမောက္ခတွေပါ"

ကျန်းမုန့်လောင်က ရှင်းပြလိုက်သည်။

"မိတ်ဆက်ပေးပါရစေ။ ဒါက ပါမောက္ခဘာတယ်လီတဲ့။ ဒါကတော့ ပါမောက္ခအာဇူရာ... ဪ ဟုတ်သားပဲ။ ပါမောက္ခအာဇူရာက ဒီနှစ်ရူပဗေဒနိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းခံထားရတယ်"

"လေ့လာတာတဲ့လား။ သူတို့ရဲ့လေ့လာမှုကို ဘယ်သူက ဦးဆောင်နေတာလဲ။ သူတို့ကို ခင်ဗျားကိုယ်တိုင် လမ်းပြနေတာလား"

"မလိုပါဘူးဗျာ"

ကျန်းမုန့်လောင်ကတော့ ခေါင်းတယမ်းယမ်းသာ။

"သူတို့ကို လိုက်ပြပေးဖို့အတွက် ပထမနှစ်ကျောင်းသားတချို့ကို လွှတ်ထားတာ။ တွေ့လား။ သူတို့တွေ ဟိုနားကနေ သေချာကြည့်နေကြတယ်"

"ခင်.. ခင်ဗျားက ပထမနှစ်ကျောင်းသားတွေနဲ့ ဒီပါမောက္ခတွေကို သင်ပေးခိုင်းထားတာလား"

"ငါ.. ဒီကမ္ဘာကြီး ရူးသွားပြီပဲ"

...

ရူပဗေဒဌာနထဲက ထွက်လာသည့်တိုင် ထိုကျောင်းအုပ်များမှာ ငေးတိငေးငိုင်ဖြစ်နေကြဆဲပင်။

ဤပထမနှစ်ကျောင်းသားများက ဘယ်က ရောက်လာလေသလဲ။ အကယ်၍ ဤကျောင်းသားများက တော်ဝင်ပညာရှင်များဟု ပြောလျှင်ပင် သူတို့ ယုံမိလိမ့်မည်။ ဤသည်မှာ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရှိ ပထမနှစ်ကျောင်းသားများ၏ ပညာရေးအဆင့်လေလား။

ဤသို့သာဆိုလျှင် အခြားတက္ကသိုလ်များကို မလိုအပ်တော့ပေ။ ဤကမ္ဘာကြီး ဤမျှအထိ ယှဉ်ပြိုင်မှုမြင့်သွားလေပြီလား။

"အုန်း"

ရုတ်ခြည်းပင် ပေါက်ကွဲသံကြီးတစ်သံက အနားရှိ အခြားအဆောက်အအုံမှ ထွက်ပေါ်လာသည်။

"ဘာဖြစ်တာလဲ"

"ဘယ်နေရာက ဖြစ်တာလဲ"

"ဪ... အဲဒါ စက်မှုသိပ္ပံဌာနကပါ။ ကျောင်းသားတွေ တစ်ခုခုကို ထပ်ကလိပြန်ပြီထင်တယ်"

ကျန့်မုန့်လောင်က စိတ်တိုတိုဖြင့် ပြောလိုက်လေသည်။

"ကျွန်တော်တို့ရဲ့ ဒီနှစ် ပထမနှစ်ကျောင်းသားတွေက အရမ်းလက်ဆော့တာ။ သူတို့က ဟိုဟာဒီဟာ လျှောက်မွှေရတာကို ကြိုက်ကြတယ်လေ။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပထမနှစ်ကျောင်းသားတချို့က အမှုန်အမြောက်တစ်ခုကို ဖန်တီးခဲ့တာ သင်ကြားရေးအဆောက်အအုံကြီးတစ်ခုလုံး ပေါက်ကွဲတော့မတတ်ပဲ"

"???"

"ပထမနှစ်ကျောင်းသားတွေက အမှုန်အမြောက်တစ်ခုကို ဖန်တီးနိုင်တယ်လား"

ကျန့်မုန့်လောင်က သူတို့ကို အဆောက်အအုံထဲသို့ ခေါ်သွားလိုက်သည်။ စက်မှုသိပ္ပံဌာန၏ တတိယထပ်တွင် ကျောင်းသားတစ်စုက ထူးဆန်းလှသော စက်တစ်ခုနားတွင် ဝိုင်းအုံနေကြသည်။ ကျောင်းသားတစ်ယောက်၏မျက်နှာမှာမူ ညစ်ပတ်ပေရေနေသည်။ သို့သော် သူ့အမူအရာကတော့ အလွန်စိတ်လှုပ်ရှားနေဟန်ပင်။

"အဲဒါက အင်္ဂလန်နိုင်ငံက ပါမောက္ခအိုရစ်မလား"

ကျောင်းအုပ်တစ်ယောက်က ထိုလူ့ကို ရုတ်တရက်မှတ်မိလိုက်သည်။

"ခင်ဗျား သူ့ကို သိတာလား"

"သူက အင်္ဂလန်နိုင်ငံရဲ့ လေကြောင်းအင်ဂျင်တွေကို တီထွင်ခဲ့တဲ့လူလေ"

"ဟေး.. ခင်ဗျား"

ထိုကျောင်းသားက ရုတ်တရက်အော်လိုက်သည်။

"ပါမောက္ခအိုရစ် ဟုတ်တယ်မလား ကျွန်တော့်ကို အဲဒီဂွရှင်လေး လှမ်းပေးဦး။ ဒီကိုလာခဲ့.. ဒီဆွဲငင်အားမဲ့အင်ဂျင်စက်အကြောင်း ခင်ဗျားကို ရှင်းပြမယ်။ မှတ်စုစာအုပ်ယူခဲ့"

All Chapters