← Chapters

အတွင်းပိုင်းယှဉ်ပြိုင်မှုက တော်တော်ပြင်းထန်တာပဲ

Vol. 51 Ch. 755

အတွင်းပိုင်းယှဉ်ပြိုင်မှုက တော်တော်ပြင်းထန်တာပဲ

Vol. 51 Ch. 755

"ဟိုကျောင်းသားက ဘယ်သူလဲ။ ခင်ဗျားတို့ကျောင်းရဲ့ ပါရမီရှင်ပရိုဂရမ်ကလား"

ကျောင်းအုပ်ကြီးများအားလုံး အံ့အားသင့်နေကြသည်။ ကမ္ဘာ့အဆင့်မီ သိပ္ပံပညာရှင်တစ်ယောက်ကို ဂွရှင်လှမ်းယူခိုင်းပြီး မှတ်စုလိုက်ရေးခိုင်းရဲသူ ရှိသတဲ့လား။

အကယ်၍ စေခိုင်းသူမှာ နာမည်ကျော်ပညာရှင်တစ်ယောက်ဖြစ်လျှင် ထားဦး။ သို့သော် ယခု ပြောလိုက်သူမှာ အသက်နှစ်ဆယ်အောက်သာ ရှိပုံရသော လူငယ်လေးတစ်ယောက် ဖြစ်နေချေသည်။

ပါမောက္ခအိုလစ် ဒေါသပေါက်ကွဲတော့မည်ဟု သူတို့ ထင်ထားကြသော်လည်း အံ့သြစရာကောင်းစွာပင် ပါမောက္ခက စိတ်လှုပ်ရှားနေသည့် မျက်နှာထားကို ပြသရင်း သူ့မှတ်စုစာအုပ်ကို ကောက်ယူကာ လက်ထဲတွင် ဂွကိုကိုင်လျက် ထိုကျောင်းသားနောက်သို့ အပြေးလိုက်သွားတော့၏။ သူ့လှုပ်ရှားပုံများမှာ ကျွမ်းကျင်လွန်းလှသဖြင့် သနားစရာပင် ကောင်းနေတော့သည်။

"ကျန်း... မင်းပြော... ငါ လိုက်မှတ်မယ်"

"ဒီဆွဲငင်အားမဲ့အင်ဂျင်အကြောင်း အခြေခံသဘောတရားကို အရင်ပြောပြမယ်။ ဆွဲငင်အားမဲ့ အင်ဂျင်ဆိုတာက အရှေ့ဘက်က အာကာသဟင်းလင်းပြင်ကို ဖိပြီး အနောက်ဘက်ကို ချဲ့လိုက်တာ... ပြီးရင် အမှောင်ဒြပ်ထုကို လည်ပတ်စေဖို့ ဝဲကတော့တစ်ခုကို အသုံးပြုပြီး..."

...

အင်္ဂလန်နိုင်ငံမှ ပါမောက္ခအိုလစ်ဆိုသည်မှာ နိုင်ငံ့ရတနာအဆင့် သိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး သူ၏ ပညာရပ်ဆိုင်ရာ အောင်မြင်မှုများမှာ သူတို့နိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းလုံးတွင်ပါ ထိပ်တန်းအဆင့် ဖြစ်၏။

ဟွာရှားနိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်အများအပြားက သူ့ကို ပညာရပ်ဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်ပေးရန် ဖိတ်ကြားခဲ့ဖူးသော်လည်း ပါမောက္ခအိုလစ်မှာ အလွန်မာနကြီးသူဖြစ်လေရာ အားလုံးကို ငြင်းပယ်ခဲ့ဖူးသည်။ သူသည် ကမ္ဘာ့အဆင့်မီ ပညာရပ်ဆိုင်ရာ အစည်းအဝေးအများအပြားကိုပင် စိတ်ဝင်စားခြင်း မရှိခဲ့ပေ။

ယခုတော့ သူသည် ဟွာရှားနိုင်ငံကို တကယ်ရောက်နေပြီး လူငယ်လေးတစ်ယောက်ကိုပင် တက်တက်ကြွကြွ ကူညီပေးနေသတဲ့လား။

"သူက ကျွန်တော်တို့ စက်မှုသိပ္ပံကျောင်းက ဒုတိယနှစ်ကျောင်းသားလေးပါ"

ကျန်းမုန့်လောင်က ရှင်းပြလိုက်၏။

"သူတို့ရဲ့ လက်ထောက်ဆရာက ပါရမီရှင်ပရိုဂရမ်က ကျောင်းသားတစ်ယောက်လေ။ ကျွန်တော်တို့နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အဆင့်ကာလတုန်းက 'အရင်ချမ်းသာအောင်လုပ်ပြီးမှ ကျန်တဲ့လူတွေကို ဆွဲခေါ်မယ်'ဆိုတဲ့ ဗျူဟာကို သုံးခဲ့တယ်မလား။ အဲ့ဒါကြောင့် အခု ကျွန်တော်တို့ရဲ့ပညာရေးက ထူးချွန်တဲ့လူတွေကနေတစ်ဆင့် ပိုထူးချွန်လာအောင် လှုံ့ဆော်ပေးပြီး ဦးဆောင်စေတဲ့ပုံစံကို အဓိကထားနေတာ"

"သာမန်ကျောင်းသားတစ်ယောက်လား"

"ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က သာမန်ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပာယ်ကို နားလည်မှုလွဲနေတာများလား"

"သာမန်ကျောင်းသားတစ်ယောက်က စက်မှုနယ်ပယ်က ထိပ်တန်းပညာရှင်တစ်ယောက်ကို ဆွဲငင်အားမဲ့အင်ဂျင်ရဲ့ အဓိကအချက်တွေအကြောင်း ရှင်းပြနေတာလား"

"ခဏလေး... ဒီစက်ကြီးက ဆွဲငင်အားမဲ့အင်ဂျင်ကြီးတော့ မဟုတ်ပါဘူးနော်"

"ကျောင်းသားလေး... ဒါက ဘာလဲဆိုတာ မေးလို့ရမလား"

ကျောင်းအုပ်တစ်ဦးက သတ္တိမွေးကာ ရှေ့တိုးပြီး မေးလိုက်၏။

"တော်ဝင်ပညာရှင်ကျန်း... တော်ဝင်ပညာရှင်ဟန်..."

ထိုကျောင်းသားက ကျန်းမုန့်လောင်ကို မြင်သောအခါ လေးစားအားကျမှုတို့ဖြင့် ပြုံးရွှင်သွားသည်။

သူတို့၏ ပါရမီရှင်ပရိုဂရမ်မှ လက်ထောက်ဆရာကို အရာရာသိမြင်သူဟု သူတို့ သတ်မှတ်ထားကြသော်လည်း ကျန်းမုန့်လောင်အကြောင်း ပြောကြသည့်အခါ၌မူ သူတို့၏ လေးစားအားကျမှုများကို ဖုံးဖိထားနိုင်ခြင်း မရှိကြချေ။ သူတို့၏မျက်လုံးထဲတွင် တွေ့ရခဲသော တော်ဝင်ပညာရှင်ကျန်းမှာ ဒဏ္ဍာရီတစ်ပါးနှင့် မခြားလှချေ။

"ဒါက ကျန်းနန်အီလက်ထရောနစ်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က ကျောင်းအုပ်ကြီးလေ။ သူ့မေးခွန်းကို ဖြေပေးလိုက်ပါဦး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဪ... ဒါက ဆွဲငင်အားမဲ့စက်ပစ္စည်းရဲ့ ပင်မအင်ဂျင်လေ... အဓိကကတော့ အမှောင်ဒြပ်ထုစွမ်းအင်ကို မောင်းနှင်ပေးတာ"

ထိုကျောင်းသားက လျှာတစ်လစ်ထုတ်လိုက်သည်။

"ဒါပေမဲ့ ခုနတုန်းက အမှားနည်းနည်းပါသွားလို့ ပေါက်ကွဲလုနီးပါး ဖြစ်သွားသေးတယ်။ အဲ့ဒါတွေအကုန်လုံးက ဒီနိုင်ငံခြားသားကြောင့်ပါ... သူ့ကို အလုပ်နည်းနည်းလေး လုပ်ခိုင်းမိပါတယ်... တော်တော်နမော်နမဲ့နိုင်တာပဲ"

ထိုကျောင်းသားပြောသော 'နမော်နမဲ့နိုင်သည့်'နိုင်ငံခြားသားဆိုသူမှာ ပါမောက္ခအိုလစ်ကလွဲ၍ အခြားလူမဟုတ်ပေ။

သို့သော် ပါမောက္ခအိုလစ်၏ မျက်နှာပေါ်တွင် မကျေနပ်သည့် အရိပ်အယောင် အနည်းငယ်မျှပင် မတွေ့ရပေ။ သူက ဟွာရှား ဘာသာစကားကို နားမလည်၍ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း နားလည်ခဲ့လျှင်ပင် ငြင်းချက်ထုတ်ရန် အကြောင်းမရှိပေ။ အမှန်တကယ်ပင် သူ့အမှားကြောင့် စက်ချွတ်ယွင်းမှု ဖြစ်ခဲ့ရခြင်းပင်။

ထိုအချိန်တွင် သူက မှတ်စုစာအုပ်ထဲ၌ အချက်အလက်များနှင့် အခြားသတင်းအချက်အလက်များကို အသည်းအသန် လိုက်မှတ်နေပြီး သင်ယူလိုစိတ် ပြင်းပြနေသည့် အမူအရာကို ပြသနေသည်။

"ဒါတွေကို မင်းတို့ဘာသာ သုတေသနလုပ်ထားကြတာလား"

ကျန်းနန်အီလက်ထရောနစ်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ကျောင်းအုပ်ကြီးက မေးလိုက်၏။

"ဟုတ်ကဲ့... ကျွန်တော်တို့ရဲ့ လက်ထောက်ဆရာက အသေးစိတ်သဘောတရားတွေကို ရှင်းပြပြီးတော့ လက်တွေ့လုပ်ခိုင်းထားတာပါ"

ထိုကျောင်းသားက ညည်းတွားလိုက်သည်။

"တကယ်လို့ ဒီစာသင်နှစ်ဝက်မကုန်ခင် ဆွဲငင်အားမဲ့စက်ပစ္စည်းကို မတည်ဆောက်နိုင်ရင် ဒီနှစ်ဝက်အတွက် အမှတ်တွေအကုန် ဆုံးပြီပဲ"

"ဒုတိယနှစ်မှာတင် မင်းတို့က ဒီလိုအရာတွေ လုပ်နေကြပြီလား"

"အာ... အဲ့ဒါကတော့ ကျွန်တော်က အရမ်းညံ့နေလို့ပါ"

ကျောင်းသားက ခေါင်းခါလိုက်၏။

"ဒီသင်ခန်းစာကို အပြည့်အဝနားလည်ဖို့ အတန်းချိန်သုံးချိန်လောက် ယူလိုက်ရတယ်။ ကျွန်တော့်သူငယ်ချင်းတွေဆိုရင် ကွေးညွတ်အာကာသယာဉ်အင်ဂျင်အပိုင်းကို ရောက်နေကြပြီ။ ဂျူနီယာတချို့ဆိုရင်တောင် ကွေးညွတ်မောင်းနှင်မှုကို စပြီး သုတေသနလုပ်နေကြပြီ"

"မင်းတို့စက်မှုသိပ္ပံကျောင်းက ဒီလောက်အဆင့်မြင့်တဲ့အရာတွေကို သုတေသနလုပ်နေကြပြီပေါ့။ ဒီသုတေသနခေါင်းစဉ်တွေထဲက ကြုံရာခေါင်းစဉ်တစ်ခုခုကတောင် ကမ္ဘာ့ထိပ်တန်းဂျာနယ်တွေမှာ ဖော်ပြခံရလောက်တယ် မဟုတ်လား"

"ဖူးးးးး..."

ထိုကောင်လေးက အထင်သေးလေဟန် မျက်နှာထားဖြင့် နှာခေါင်းရှုံ့လိုက်သည်။

"ကမ္ဘာ့ထိပ်တန်းဂျာနယ်တွေက ဘာများကြီးကျယ်နေလို့လဲ။ ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှာ ပထမတန်းစား SCIစာတမ်းတစ်စောင်လောက်မှ မရှိရင် ခေါင်းမော့ပြီးတောင် လမ်းမလျှောက်ရဲဘူး။ ဒီကလူနည်းနည်းလောက်ကို ကျပန်းရွေးကြည့်လိုက်ရင်တောင် 'သဘာဝ'နဲ့ 'သိပ္ပံ'ဂျာနယ်တွေမှာ ဖော်ပြခံရပြီးသားတွေချည်းပဲ။ အဲ့ဒါက အထင်ကြီးစရာရှိလို့လား"

"ဒါဆို မင်းတို့က ဘာကို စိတ်ဝင်စားကြတာလဲ"

ထိုကျောင်းသား၏ လေသံမှာ အံ့သြဖွယ်ကောင်းလောက်အောင် ရဲတင်းလာသည်။ သူတို့၏ကျောင်းများ၌ ဤထိပ်တန်းဂျာနယ်များထဲမှ တစ်စောင်စောင်တွင် ဖော်ပြခံရရုံဖြင့် ကြီးကျယ်ခမ်းနားသော အောင်ပွဲခံမှုများ ပြုလုပ်ကြသော်လည်း ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင်မူ ထိုအဆင့်တွင် ဖော်ပြမခံရပါက အပြင်မထွက်ရဲကြဘူးတဲ့လား။

ကြွားလုံးထုတ်တဲ့နေရာမှာ ဆရာကျပါတယ်ဆိုတဲ့ လူတောင် ဒီအဆင့်ကို မီပါ့မလားပဲ...

ဤမှတ်ချက်ကြောင့် ဟွာရှားနိုင်ငံ၏ ပင်ပေါင်အသင်းနှင့် မသိနားမလည်သော ဝတုတ်တုတ်အမျိုးသားတစ်ယောက် ပြောခဲ့ဖူးသောစကားကိုပင် သွားသတိရမိသည်။

"ငါတို့လက်ရွေးစင်အသင်းမှာ ကမ္ဘာ့ချန်ပီယံတွေနဲ့ ပြည့်နေတာကွ... လူတိုင်းမှာ ကမ္ဘာ့ချန်ပီယံဆုတွေ ရှိကြတယ်။ အမျိုးသားချန်ပီယံဆုရမှသာ တကယ့်အစစ်ကွ"

ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရှိ ကျောင်းသားအားလုံးက ထိပ်တန်းဂျာနယ်များတွင် စာတမ်းဖော်ပြခံရဖူးသူများ ဖြစ်နေကြလေသလား။

"ကျောင်းပညာသင်ဆုနဲ့ ကျောင်းသတင်းစာလေ"

ထိုကောင်လေးက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်၏။

"ကျွန်တော်တို့ရဲ့ ကျောင်းသတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ဖော်ပြခံရဖို့ ဘယ်လောက်ခက်လဲဆိုတာ ခင်ဗျားတို့ နားမလည်ပါဘူး။ တစ်လတစ်ခါ ထုတ်တာနော်... တစ်ကျောင်းလုံးမှာရှိတဲ့ ကျောင်းသားတွေအများကြီးထဲကမှ အယောက်ခုနစ်ဆယ်ရှစ်ဆယ်လောက်ပဲ ဆောင်းပါးထည့်ခွင့်ရကြတာ"

"ကျောင်း... ကျောင်းသတင်းစာတဲ့လား"

တစ်ချိန်တုန်းကမူ သိပ္ပံနှင့်နည်းပညာကျောင်းတစ်ကျောင်းအတွက် ကျောင်းသတင်းစာတွင် စာတမ်းဖော်ပြခံရခြင်းမှာ ဓာတ်ခွဲခန်းဘွဲ့ယူရန် အနည်းဆုံး လိုအပ်ချက်တစ်ခုသာဖြစ်ပြီး စတုတ္ထတန်းစား SCIအဆင့်လောက်ပင် မဝင်သည့် စာတမ်းများအတွက်သာ သီးသန့်ဖြစ်ခဲ့ဖူးသည်။

တချို့ကျောင်းများတွင်ဆိုလျှင် ကျောင်းသတင်းစာ၌ ကိုယ့်စာတမ်းပါလာခြင်းမှာ ဘွဲ့ယူရန် အရည်အချင်းပင် မမီသေးဘဲ ခေတ်ပြိုင်အသိုင်းအဝိုင်း၏ လှောင်ပြောင်ခြင်းခံရမည့် ရှက်စရာကောင်းသော ကိစ္စတစ်ခုသာ ဖြစ်ခဲ့သည်။

သို့သော် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင်မူ သူတို့သည် ကမ္ဘာ့ဂျာနယ်များကို စိတ်ဝင်စားမှုမရှိတော့ဘဲ ကျောင်းသတင်းစာဘက်သို့ လှည့်လာကြပုံရ၏။

"ဟုတ်တယ်... ကျွန်တော်တို့ရဲ့ကျောင်းသတင်းစာမှာ ကိုယ့်ဆောင်းပါးပါလာမှ တကယ့်အစစ်ဗျ။ 'သဘာဝ'တို့ 'ဆဲလ်'တို့ 'သိပ္ပံ'တို့ဆိုတာ ဘာတွေမို့လို့လဲ။ အဲ့ဒါတွေကို ဘယ်အဆင့်ရှိတဲ့ ဆောင်းပါးတွေလို့ သတ်မှတ်လို့ရမှာလဲ။ ဆောင်းပါးလို့ခေါ်ဖို့ရော ထိုက်တန်လို့လား"

"မင်းတို့ရဲ့ကျောင်းသတင်းစာမှာပါဖို့ အဲဒီလောက်တောင် ခက်တာလား"

"ခက်တာပေါ့ဗျာ"

ထိုကောင်လေးက ပေါင်ကို ရိုက်လိုက်၏။

"ယုံနိုင်စရာမရှိလောက်အောင် ခက်တာ။ ဥပမာဗျာ... ကျွန်တော့်ရဲ့ သောက်သုံးမကျတဲ့ ဆွဲငင်အားမဲ့အင်ဂျင်ကိုပဲ ကြည့်... ကျောင်းသတင်းစာအတွက် စိစစ်တဲ့အဆင့်ကိုတောင် ကျော်နိုင်မှာ မဟုတ်ဘူး။ ပြီးခဲ့တဲ့အပတ်က ထုတ်ဝေတဲ့အထဲမှာ အညံ့ဆုံးနည်းပညာက အလင်းစွမ်းအင်မောင်းနှင်မှုအင်ဂျင်ဗျ။ အဲ့ဒါက ကျွန်တော့်ရဲ့အစုတ်ပလုတ်အင်ဂျင်ထက် အနည်းဆုံး နှစ်ခုနစ်ဆယ်ရှစ်ဆယ်လောက် ပိုခေတ်ရှေ့ပြေးနေတာ"

"ပြီးတော့ ကျွန်တော်တို့ရဲ့ ပညာသင်ဆုတွေဆိုရင် ကျောင်းသတင်းစာမှာ ပါဖို့ထက်တောင် ပိုခက်သေးတယ်။ ပထမတန်းစားပညာသင်ဆုက သန်းငါးဆယ်။ ဒုတိယတန်းစားက သန်း သုံးဆယ်။ တတိယတန်းစားက ဆယ်သန်းဗျ။ ယှဉ်ပြိုင်မှုက ပြင်းထန်လွန်းတယ်မလား"

"ခင်ဗျားတို့ မသိပါဘူးဗျာ... ကျွန်တော်တို့ ဘွဲ့ကြိုတန်းတွေအတွက်က သိပ်မဆိုးသေးဘူး။ ဘွဲ့လွန်တွေနဲ့ ပါရဂူတန်းတွေဆိုရင် တကယ့် နတ်ဘုရားတွေ စစ်ခင်းနေကြသလိုပဲ"

ကောင်လေးက ဆက်ပြောလိုက်၏။

"ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော်တို့ရဲ့ လက်ထောက်ဆရာ ဦးဆောင်တဲ့ ပါရဂူအတန်းဆိုရင် ၀.၀၀၂စက္ကန့်လောက် တည်ရှိတဲ့ တွင်းနက်တစ်ခုကိုတောင် ဖန်တီးခဲ့ကြတာ... အဲ့ဒါမှ တကယ်မိုက်တာ"

"ဒုန်း..."

ရုတ်တရက်ဆိုသလို အပေါ်ထပ်မှ ကျယ်လောင်လှသော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။

"ဘာဖြစ်တာလဲ။ ဘာပေါက်ကွဲပြန်တာလဲ"

ကျောင်းအုပ်ကြီးများခမျာ ကြောက်လန့်တကြား တုန်လှုပ်သွားကြသည်။

"ဪ... ဘာမှ မဟုတ်ပါဘူး"

ထိုကောင်လေးက ခေါင်းခါလိုက်၏။

"အပေါ်ထပ်မှာ ပထမနှစ်ကျောင်းသားတချို့ ရှိတယ်။ သူတို့က သံမဏိလူသားသံချပ်ကာဝတ်စုံMark 42မော်ဒယ်ကို လုပ်နေကြပုံရတယ်။ ပြီးခါနီးနေလောက်ပြီ... တတိယတန်းအဆင့် ပညာသင်ဆုလောက်တော့ မျှော်လင့်လို့ ရနိုင်လောက်တယ်"

"မင်းတို့ကျောင်းရဲ့ ပညာရေးယှဉ်ပြိုင်မှုက ဒီလောက်ထိတောင် ပြင်းထန်နေတာလား"

ကျောင်းအုပ်ကြီးများအားလုံး အံ့သြမှင်တက်ကုန်ကြတော့သည်။

ချင်းပေ့တက္ကသိုလ်မှ ဘွဲ့လွန်ကျောင်းသားများနှင့် ပါရဂူဘွဲ့ရများမှာ သိပ်အရေးမပါသော နေရာများ၌ နိုင်ငံ့ဝန်ထမ်းရာထူးများ ဝင်လုပ်နေကြရကြောင်းနှင့် ထိုအဆင့်ယှဉ်ပြိုင်မှုကပင် လူ့အဖွဲ့အစည်း၏ ပြင်းထန်သော ဝေဖန်မှုများကို ခံနေရကြောင်း သူတို့ ကြားဖူးကြသည်။

ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရှိ ပြိုင်ဆိုင်မှုပြင်းထန်သော ပတ်ဝန်းကျင်နှင့် ယှဉ်လိုက်လျှင် ချင်းပေ့တက္ကသိုလ်ရှိ ယှဉ်ပြိုင်မှုဆိုသည်မှာ ဘာများပြောပလောက်စရာရှိတော့မည်နည်း။ ကလေးကစားစရာသက်သက်သာ ဖြစ်နေလိမ့်မည်။ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင် သာမန်ကျောင်းသားများအနေနှင့် မည်သို့နှယ် ရှင်သန်ရပ်တည်နိုင်ကြလေသလဲ။

All Chapters