← Chapters

ဥပဒေကျောင်းမှ ကျောင်းသားတစ်ယောက်အား မီးလုံးဖန်ဆင်းခိုင်းခြင်း

Vol. 51 Ch. 756

ဥပဒေကျောင်းမှ ကျောင်းသားတစ်ယောက်အား မီးလုံးဖန်ဆင်းခိုင်းခြင်း

Vol. 51 Ch. 756

"မင်းတို့ ဆက်ပြင်ဆင်နေကြ... ငါ ကျောင်းအုပ်တွေကို လိုက်ပို့လိုက်ဦးမယ်"

ကျန်းမုန့်လောင်က သတိပေးလိုက်၏။

"အလုပ်လုပ်တဲ့အခါ သတိထားကြဦး... ဘေးကင်းရေးက နံပါတ်တစ်ပဲ။ စာသင်ဆောင်ကြီးကိုလည်း ဗုံးခွဲမပစ်ကြနဲ့ဦးနော်... အဆောက်အဦး ပျက်စီးသွားရင် ပြန်ဆောက်လို့ရပေမဲ့ လူတွေ ထိခိုက်ဒဏ်ရာရရင်တော့ မကောင်းဘူး"

"နားလည်ပါပြီ... ဂရုစိုက်သွားကြပါဗျ"

ထိုကျောင်းသားလေးက အာရုံပြန်စိုက်လိုက်သော်လည်း စက်ပစ္စည်းများကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့မျက်နှာထားက တစ်ဖန် ပျက်ယွင်းသွားပြန်သည်။

"ဒါက ဘာဖြစ်တာလဲ... ဘာလို့ မှားတပ်ထားရပြန်တာလဲ။ ဒီလိုလက်ရာမျိုးနဲ့ အင်ဂျင်နည်းပညာရဲ့ ရှေ့ဆောင်လမ်းပြ ဖြစ်ချင်တယ်ပေါ့။ ခင်ဗျားတို့အဆင့်က ကျွန်တော့်ရဲ့ ပထမနှစ်ဂျူနီယာလေးတွေကိုတောင် မမီဘူး"

...

စာသင်ဆောင်ထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ကျောင်းအုပ်ကြီးအချို့မှာ နဖူးထက်မှ ချွေးများကို တစ်ပြိုင်နက်တည်း သုတ်လိုက်ကြ၏။ ကျောင်းသားများ၏ ဖိအားပေးနိုင်သော အရှိန်အဝါမှာ အမှန်တကယ်ပင် လွှမ်းမိုးလွန်းလှသည်။

"ဒါက ဘာနေရာလဲ"

ရုတ်တရက်ဆိုသလို ခန့်ညားထည်ဝါသော စက်မှုသိပ္ပံဆောင်ကြီး၏ ဘေးနားတွင် သာမန်တဲလေးများ ထိုးထားသည့် မြေကွက်လပ်တစ်ခုကို သူတို့ သတိပြုမိလိုက်ကြသည်။

"တော်ဝင်ပညာရှင်ကျန်း... ခင်ဗျားတို့ကျောင်းမှာ ဘာလို့ ဒီလိုနေရာမျိုး ရှိနေရတာလဲ။ ဒါက ကျောင်းရဲ့ပုံရိပ်ကို ထိခိုက်စေတယ်နော်"

"အမှန်ပဲ... ကျောင်းကိစ္စတွေကို စနစ်တကျ လုပ်ဆောင်သင့်တယ်။ အပြင်ပန်းပဲ ကောင်းပြီး အတွင်းထဲမှာ ဘာမှမရှိတာမျိုးတော့ မဖြစ်သင့်ဘူး"

ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ပြီးနောက် ကျောင်းအုပ်ကြီးများက ထူးရှယ်နတ်ဘုရားကျောင်းတော်၏ အပြစ်အချို့ကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိသွားကြသဖြင့် သူတို့၏သာလွန်မှုကို ပြန်လည်ရယူနိုင်ခဲ့ကြသည်။

"ဪ... ဒါက ကျွန်တော်တို့ရဲ့ အပြည်ပြည်ဆိုင်ရာ ပညာရေးကောလိပ်လေ"

ကျန်းမုန့်လောင်က မိုးကာတဲပေါ်တွင် ကပ်ထားသည့် A4စာရွက်များကို ညွှန်ပြလိုက်၏။

"ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိလို့ပါ။ ကျောင်းထဲမှာ မြေနေရာက အရမ်းကျပ်ညပ်နေတာ... နိုင်ငံတကာကျောင်းသားတွေအများကြီးက ဒီမှာလာတက်ချင်ကြတာလေ။ နိုင်ငံခြားသားဆရာတွေ အများကြီးကလည်း ကျွန်တော်တို့ဆီမှာ တာဝန်ထမ်းဆောင်ချင်နေကြပြန်တယ်။ သူတို့ကို နေရာချပေးဖို့ အဆောင်က လောလောဆယ်မရှိသေးတော့ အခုလို အခြေအနေမျိုးဖြစ်နေရတာ"

ဒုက္ခသည်စခန်းနှင့် တူနေသော ဤနေရာတွင် အမှန်တကယ် နေထိုင်နေကြသူများမှာ နိုင်ငံခြားသားများ ဖြစ်နေကြောင်း ထိုအခါမှသာ သူတို့ သတိထားမိတော့သည်။

"တော်ဝင်ပညာရှင်ကျန်း... ဒါတော့ ခင်ဗျားမှားသွားပြီ။ နိုင်ငံတကာအကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားသင့်တယ်လေ"

ကျောင်းအုပ်တစ်ယောက်က ပြောလိုက်သည်။

"သူတို့အတွက် ယာယီအဆောင်တွေ မရှိသေးရင်တောင် ဟိုတယ်တစ်ခုခုမှာ စီစဉ်ပေးလိုက်လို့ ရတာပဲမဟုတ်လား"

"သူတို့ဘက်က ဘာမှမကန့်ကွက်ဘူးလား"

"ဟုတ်တယ်... တော်ဝင်ပညာရှင်ကျန်း... ခင်ဗျားက ကမ္ဘာ့အချမ်းသာဆုံးလူလေ။ ဒီလောက်ပိုက်ဆံလေးကိုတော့ မနှမြောသင့်ဘူးနော်"

"ဒါတော့ ကျွန်တော့်အပြစ်မဟုတ်ဘူးလေ"

ကျန်းမုန့်လောင်က လက်ဝါးနှစ်ဖက်ကို ဖြန့်ပြလိုက်၏။

"ကျွန်တော်တို့က သူတို့ကို ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်တွေမှာနေဖို့ စီစဉ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင် ငြင်းကြတာ။ ကျောင်းထဲမှာပဲ နေမယ်လို့ ဇွတ်အတင်းပြောနေကြတာ... အခု ဒီယာယီစခန်းလေးမှာတောင် သူတို့ကို မနည်းဆံ့အောင် ထည့်ထားရတာ"

ကျန်းမုန့်လောင် ရှင်းပြနေစဉ်မှာပင် "ဒုက္ခသည်စခန်း"ထဲမှ ဆူညံသံတစ်သံ ထွက်ပေါ်လာသည်။ နိုင်ငံခြားသားနှစ်ယောက်မှာ အကြောင်းအရင်းမရှိဘဲ အငြင်းပွားနေကြပုံရ၏။

"အဲ့ဒီနေရာအတွက် ငါ အမေရိကန်ဒေါ်လာနှစ်သန်းပေးမယ်... အဲ့ဒါနေရာ ငါ့ကိုပေးလိုက်"

"မင်းနိုင်ငံကိုသာ ပြန်စမ်းပါ။ အသိပညာဆိုတာ အဖိုးဖြတ်လို့မရဘူး။ မင်း အမေရိကန်ဒေါ်လာ သန်းနှစ်ဆယ်ပေးရင်တောင် ငါ မဖယ်ပေးနိုင်ဘူး။ ဒါကို ပိုက်ဆံနဲ့ဝယ်လို့မရဘူးကွ"

...

"ဘာဖြစ်နေကြတာလဲ"

ကျန်းမုန့်လောင်တို့တစ်သိုက်လည်း ထိုနေရာသို့ သွားလိုက်ကြသည်။

"တော်ဝင်ပညာရှင်ကျန်း... ခင်ဗျား... အား..."

ထူးရှယ်နတ်ဘုရားကျောင်းတော်၏ အပြည်ပြည်ဆိုင်ရာပညာရေးကောလိပ်တာဝန်ခံမှာ အတော်စိတ်ညစ်နေပုံပေါ်သည်။

"မစ္စတာကျန်း... သူတို့က ဟားဗတ်တက္ကသိုလ်ပါမောက္ခအိုလက်နဲ့ ကိန်းဘရစ်တက္ကသိုလ်ပါမောက္ခနော်တင်ဟမ်ပါ။ အခု သူတို့က အိပ်စင်ခုတင်တစ်လုံးကို လုနေကြတာ"

"ခင်ဗျားမြင်တဲ့အတိုင်းပဲ... ပါမောက္ခနှစ်ယောက်စလုံးက ပညာရေးလောကရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေဆိုတော့ ကျွန်တော်လည်း မစော်ကားရဲဘူး"

"မစော်ကားရဲစရာ ဘာရှိလဲ"

ကျန်းမုန့်လောင်က အနားသို့ လျှောက်သွားလိုက်၏။

"ခင်ဗျားတို့နှစ်ယောက် ဘာဖြစ်နေတာလဲ"

"မစ္စတာကျန်း... ဒီခုတင်ကို ကျွန်တော်အရင်ရတာ။ ဒီကောင်က ပိုက်ဆံနဲ့ဝယ်မယ်လို့ ဇွတ်ပြောနေတယ်။ ကျွန်တော်ငြင်းလိုက်တော့ သူက လက်ပါဖို့တောင် ကြိုးစားသေးတယ်"

"သူက လက်ပါဖို့ကြိုးစားတယ်"

ကျန်းမုန့်လောင်က နော်တင်ဟမ်ဟူသော ပါမောက္ခကို စိုက်ကြည့်လိုက်ပြီးနောက် အပြည်ပြည်ဆိုင်ရာ ပညာရေးကောလိပ်တာဝန်ခံဘက်သို့ လှည့်ကာ မေးလိုက်၏။

"သူက ဒီကို ဘာလာလုပ်တာလဲ"

"တော်ဝင်ပညာရှင်ကျန်း... ပါမောက္ခနော်တင်ဟမ်က ခြောက်လသက်တမ်း ပညာသင်ဖလှယ်ရေးအစီအစဉ်အတွက် လျှောက်ထားတာပါ"

"ပယ်ချလိုက်။ ပြီးတော့ သူ့ကို လစ်ခိုင်းလိုက်တော့"

ကျန်းမုန့်လောင်က ပြတ်ပြတ်သားသား ပြောလိုက်၏။

"ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်နဲ့ ပညာဖလှယ်ချင်တဲ့ ပါမောက္ခတွေများ များလွန်းလို့ ကမ္ဘာကြီးကို နှစ်ပတ်လောက်ပတ်လို့ရတယ်။ ခင်ဗျားက ဘာ‌ကောင်မို့လို့လဲ။ ခင်ဗျား ပညာသင်ချင်တယ်ဆိုရင် ကျုပ်တို့ရဲ့စည်းကမ်းတွေကို လိုက်နာရမယ်"

ပါမောက္ခနော်တင်ဟမ်က ကျန်းမုန့်လောင်၏ စကားကို နားလည်ဟန်တူသည်။ သူသည် ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။

"မစ္စတာကျန်း... ကျွန်တော့်ကို နှင်မထုတ်ပါနဲ့။ အခွင့်အရေးတစ်ခုလောက် ပေးပါဦး"

"ဒါဆိုရင် ခင်ဗျား ဒီကစည်းကမ်းတွေကို လိုက်နာရမယ်။ ပြီးတော့ ဧည့်ဂေဟာဟိုတယ်ကို ပြောင်းတော့"

"ဟုတ်ကဲ့... သွားပါ့မယ်"

ပါမောက္ခနော်တင်ဟမ်က စိုစွတ်ပြီး ယိုစိမ့်ပျက်စီးနေသော ခုတင်အစုတ်လေးကို မခွဲနိုင်မခွာရက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ဒါက ဘာဖြစ်နေတာလဲ"

ထိုနေရာရှိ လူတိုင်းမှာ ကြောင်ကုန်ကြတော့သည်။ ဤခုတင်အစုတ်လေးတစ်လုံးအတွက်နှင့် ပညာရေးလောကရှိ ထိပ်တန်းပုဂ္ဂိုလ်ကြီးများက ဤမျှအထိ ပုံအောချင်နေကြလေသလား။ ထို့ပြင် သူတို့သည် ကောင်းပေ့ဟူသောဟိုတယ်တွင် မနေဘဲ ယခုလို စုတ်ပြတ်နေသော နေရာမှာ နေချင်ကြသည်တဲ့လား။

သူတို့တွေ ဦးနှောက်အမြှေးရောင်တဲ့ ကိုရိုနာဗိုင်းရပ်စ်များ ကူးစက်ခံထားရတာလား။

"ပါမောက္ခ... ကျွန်တော်တို့ တစ်နေရာရာမှာ ဆုံဖူးလား"

ကျန်းနန်စီးပွားရေးကောလိပ်၏ ကျောင်းအုပ်ကြီးက ပါမောက္ခနော်တင်ဟမ်ကို လှမ်းတားလိုက်၏။

"ကျွန်တော်မှတ်မိပြီ... ခင်ဗျား ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ကျောင်းကို ဟောပြောပွဲလာလုပ်သေးတယ်လေ။ ကိန်းဘရစ်က ပါမောက္ခနော်တင်ဟမ်မဟုတ်လား"

"ခင်ဗျားက ကျန်းနန်စီးပွားရေးကောလိပ်က ကျောင်းအုပ်ကြီးလား"

ပါမောက္ခနော်တင်ဟမ်လည်း သူ့ကို မှတ်မိသွားပုံရသည်။

"ပါမောက္ခနော်တင်ဟမ်... ခင်ဗျား ဘာလို့ ဧည့်ဂေဟာဟိုတယ်မှာ မနေဘဲ ဒီလိုနေရာမျိုးမှာ ဇွတ်အတင်းနေချင်ရတာလဲ။ ကျွန်တော် နားမလည်နိုင်ဘူး"

သူတောင်းစားများပင် ရွံရှာလောက်သည့် ဤနေရာက ဤမျှအထိ ဆွဲဆောင်မှုရှိနေလေသလား။

"ခင်ဗျား နားမလည်ပါဘူး"

ပါမောက္ခနော်တင်ဟမ်က သက်ပြင်းချလိုက်သည်။

"ဒီနေရာက အရမ်းထူးကဲတဲ့နေရာဗျ။ ကျန်းနန်သိပ္ပံနဲ့နည်းပညာကျောင်းမှာရှိတဲ့ လူတိုင်းက ပါရမီရှင်တွေချည်းပဲ။ ဒီက ဘယ်ကျောင်းသားနဲ့မဆို စကားပြောကြည့်ရင် ခင်ဗျား အများကြီးသင်ယူနိုင်တယ်။ ကမ္ဘာ့ထိပ်တန်း ပညာရပ်ဆိုင်ရာ အစည်းအဝေးတွေကို တက်တာထက် ဒီက ကျောင်းသားတစ်ယောက်နဲ့ ဆယ်မိနစ်လောက် စကားပြောရတာက ပိုပြီး အသိပညာရနိုင်သေးတယ်"

ပါမောက္ခနော်တင်ဟမ်က စကားပြောရင်း ပိုစိတ်လှုပ်ရှားလာသည်။

"ပြီးတော့ ကျောင်းထဲမှာဆိုရင် ခင်ဗျားကြိုက်တဲ့အချိန် ဌာနပေါင်းစုံကို သွားကြည့်လို့ရသလို ကျောင်းသားတွေ လက်တွေ့စမ်းသပ်မှုလုပ်နေတာကိုလည်း လေ့လာလို့ရတ​ယ်။ ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်သလဲ။ ဟိုတယ်မှာနေရင် ဒါတွေကို ဘယ်ရနိုင်ပါ့မလဲ"

"တော်ဝင်ပညာရှင်ကျန်း... တော်ဝင်ပညာရှင်ဟန်..."

တာဝန်ခံက မိုးကာတဲအောက်ရှိ ထောင့်တစ်နေရာကို ညွှန်ပြလိုက်၏။

"ခင်ဗျားတို့ တစ်ခုခုစဉ်းစားပေးပါဦး။ ဒီလူတွေက ဟိုတယ်မှာ လုံးဝမနေချင်ကြဘူး။ သူတို့က ဟိုတယ်မှာနေမယ့်အစား ဒီမှာပဲ အိပ်ချင်ကြတာ"

ထိုထောင့်လေးတွင် လူဆယ်ဂဏန်းခန့်မှာ ဟိုတစ်စ သည်တစ်စ လဲလျောင်းနေကြသည်။ သူတို့အားလုံးမှာ ဖရိုဖရဲဖြစ်နေကြပြီး အချို့က မှတ်စုစာအုပ်ထဲတွင် တွက်ချက်နေကြသလို အချို့ကမူ ကွန်ပျူတာကို တတောက်တောက်ရိုက်နေကြသည်။ သို့သော် သူတို့၏မျက်နှာများမှာ အတိုင်းအဆမရှိသော စိတ်လှုပ်ရှားမှုများကြောင့် လင်းလက်တောက်ပနေပြီး ပညာရူးများနှင့် တစ်ထပ်တည်းတူနေပေသည်။

သူတောင်းစားများနှယ် ဖြစ်နေကြသူများအားလုံးက ကမ္ဘာပေါ်ရှိ နာမည်ကြီးထိပ်သီးပညာရှင်များ ဖြစ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

"အခု လျှောက်ထားတဲ့လူ ဘယ်လောက်ရှိပြီလဲ"

ကျန်းမုန့်လောင်က မေးလိုက်၏။

"အခုအထိ ပညာသင်ဖလှယ်ရေးအတွက် လျှောက်ထားတဲ့လူ ခုနစ်ထောင်ကျော်နေပါပြီ။ အများစုက ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေနဲ့ သုတေသနအဖွဲ့အစည်းတွေကပါ။ ထူးခြားတဲ့ ပညာရပ်ဆိုင်ရာအောင်မြင်မှု မရှိတဲ့လူတွေဆိုရင် လျှောက်ဖို့တောင် ရှက်နေကြတာ"

"ကျောင်းသားတွေရော"

"ခုနစ်သန်းနှစ်သိန်းသုံးသောင်းပါ"

"ခုနစ်သန်းနှစ်သိန်းသုံးသောင်းလား"

ထိုပမာဏကြောင့် လူတိုင်း မှင်တက်သွားကြသည်။

ဤသည်မှာ ဘာအဓိပ္ပာယ်လေလဲ။ ပြီးခဲ့သည့်နှစ်တုန်းက ဟွာရှားနိုင်ငံ၏ ဘွဲ့ရလူဦးရေစုစုပေါင်းမှာ ရှစ်သန်း သို့မဟုတ် ကိုးသန်းလောက်သာရှိသည်။ ယခုမူ တစ်နှစ်တည်းမှာပင် လျှောက်ထားသူခုနစ်သန်းကျော်နေသတဲ့လား။

အကယ်၍ တစ်ယောက်ယောက်က ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင် တက်ခွင့်ရပြီဆိုလျှင် ဤသည်မှာ တစ်သန်းမှာ တစ်ယောက်မျှအရွေးခံရသည်ဟု ဆိုရပေလိမ့်မည်။

အနှီကျောင်းမှာ စင်စစ် ကြောက်စရာကောင်းလှသည်။

...

"ဒါကတော့ ကျွန်တော်တို့ရဲ့အားကစားဌာနပါ"

"ဟိုဘတ်စကက်ဘောကစားသမားကို ကြည့်ဦး။ သူ့ရဲ့ခုန်နိုင်စွမ်းက ဘာလို့ အဲ့လောက်တောင် ကြောက်စရာကောင်းနေရတာလဲ"

"ကွင်းလယ်ကနေ ခုန်သွင်းလိုက်တာလား"

"သူ ခုနက ဘာပြောလိုက်တာလဲ။ နဂါးလေပွေခုန်သွင်းခြင်းတဲ့လား"

"သူတို့ကျောင်းသားတွေက ကိုယ်ကာယကြံ့ခိုင်မှုမှာတောင် ဘာလို့ ဒီလောက်အထိ ကျွမ်းကျင်နေကြတာလဲ"

....

"ဒါကတော့ ကျွန်တော်တို့ရဲ့ စီးပွားရေးဌာနပါ"

"ဟားဟားဟား... ဘွဲ့ရဖို့အတွက် သူတို့ရဲ့လိုအပ်ချက်က ကျောင်းသားတစ်ယောက်ချင်းစီက ရှယ်ယာအရောင်းအဝယ်ကတစ်ဆင့် ဒေါ်လာတစ်ဘီလီယံရှာနိုင်ရမယ်တဲ့။ မရှာနိုင်ရင် ဘာအမှတ်မှ မရဘူး"

...

"ဒါကတော့ ဘာသာစကားဌာနပါ။ သူတို့ရဲ့အခြေခံဘွဲ့ရလိုအပ်ချက်က ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာစကားအားလုံးကို ကျွမ်းကျင်ရမယ်။ တိရစ္ဆာန်ဘာသာစကားအတွက်တော့ အမှတ်ပိုသက်သက်ရမယ်"

...

"တော်ဝင်ပညာရှင်ကျန်း... ဒါက ဘယ်ဌာနက ကျောင်းသားတွေလဲ"

"ဪ... ဒါက ဥပဒေဌာနလေ"

"ဟူး... နောက်ဆုံးတော့ သာမန်လူတွေရှိတဲ့ ဌာနတစ်ခုကို တွေ့ပြီ"

"ဟုတ်တယ်"

"ဥပဒေဌာနတဲ့လား။ အများဆုံးရှိလှ ဥပဒေပညာရပ်မှာ နည်းနည်းပိုတော်ရုံပေါ့။ ကမ္ဘာပေါ်မှာ ရှုံးပွဲမရှိတဲ့ ရှေ့နေတွေမှ အပုံကြီးပဲဟာကို"

"လူကြီးမင်းတို့... ကျွန်တော်တို့ရဲ့ ဥပဒေဌာနက သာမန် ဥပဒေဌာနမျိုး မဟုတ်ဘူး"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်၏။

"ဟေ့... ကျောင်းသားလေး"

ကျန်းမုန့်လောင်က ကျောင်းဆောင်ထဲမှ ထွက်လာသည့် ကျောင်းသားတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။

"ငါတို့ရဲ့ မိတ်ဖက်ကျောင်းက ကျောင်းအုပ်တွေကို မီးလုံးလေးတစ်လုံးလောက် ဖန်ဆင်းပြလိုက်ပါဦး"

All Chapters