ဘယ်ကျောင်းမဆို အဆင်ပြေတာ မဟုတ်ဘူး
Vol. 51 Ch. 757
ကျောင်းတစ်ကျောင်းလုံးကို လှည့်ပတ်ကြည့်ရှုပြီးနောက် အိမ်နီးချင်းကျောင်းများမှ ကျောင်းအုပ်ကြီးများမှာ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်ခံရရုံသာမက သူတို့၏ ကမ္ဘာ့အမြင်များပါ လုံးဝဥဿုံ ပြိုလဲပျက်စီးသွားခဲ့ရချေပြီ။ ယနေ့တွင် သူတို့တစ်သက်တာလုံးစာအတွက် မယုံနိုင်စရာကောင်းသော မြင်ကွင်းများကို မြင်တွေ့ခဲ့ရသည်။
ကျောင်း၏ ဧည့်ကြိုခန်းမဆောင်သို့ ပြန်ရောက်ချိန်တွင်မူ သူတို့၌ စကားပြောရန် ခွန်အားပင် မကျန်တော့ပေ။
"ဆရာကြီးတို့... ခင်ဗျားတို့ ဘာဖြစ်ကုန်ကြတာလဲ"
ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ကျောင်းအုပ်ချန်းက သူတို့ကို ကြည့်လိုက်သည်။
အစောပိုင်းက သူနှင့် လာရောက်ငြင်းခုံစဉ်ကမူ တစ်ယောက်ချင်းစီတိုင်းက တက်ကြွလန်းဆန်းပြီး ရန်ဖြစ်ရန် အသင့်အနေအထား ရှိနေခဲ့ကြသော်လည်း ယခုမူ သူတို့၏အကြည့်များမှာ ဗလာကျင်းနေပြီး မျက်နှာပေးများကလည်း မျက်နှာလေဖြန်းနေသလို ကြောင်တောင်တောင်ဖြစ်နေကြသည်။
"ကျောင်းအုပ်ကြီး... ဘာမှမဟုတ်ပါဘူး"
ကျန်းမုန့်လောင်က အလျင်အမြန် ဝင်ပြောလိုက်၏။
"ကျွန်တော်က သူတို့ကို ကျောင်းအနှံ့လိုက်ပြပေးလိုက်ရုံပါ။ ကျွန်တော်တို့ကျောင်းသားတွေက နည်းနည်းထူးခြားနေလို့ ဖြစ်ပါလိမ့်မယ်!
ကျောင်းအုပ်တစ်ဦးက ကျန်းမုန့်လောင်ကို မော့ကြည့်ပြီး တွေးလိုက်မိသည်။ ထူးခြားတယ်တဲ့လား...
ဒီကောင်တွေက ထူးခြားရုံနဲ့မလုံလောက်ဘူး။ သောက်ကျိုးနည်းမကောင်းဆိုးဝါးတွေကွ... ကျောင်းတစ်ကျောင်းလုံး မကောင်းဆိုးဝါးတွေနဲ့ ပြည့်နေတာ....
ကမ္ဘာတစ်ဝှမ်းရှိ ပညာရှင်များက ဟိုက်ဒရိုဂျင်စွမ်းအင်သုံးဒုံးပျံများကို မည်သို့နှယ် ပိုမိုထိရောက်စွာ လောင်ကျွမ်းစေပြီး ပိုမြန်အောင် ပျံသန်းနိုင်မလဲဆိုသည်ကို စဉ်းစားနေကြချိန်တွင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရှိ ပထမနှစ်ကျောင်းသားများမှာမူ ဆွဲငင်အားမဲ့အင်ဂျင်ကိုပင် လေ့လာနေကြပြီဖြစ်၏။
ထိပ်တန်းရူပဗေဒပညာရှင်များက ဆွဲငင်အားလှိုင်းများကို ရှာဖွေတွေ့ရှိခြင်းအတွက် ကိုယ့်ကိုယ်ကိုယ် ကျေနပ်ဂုဏ်ယူနေကြချိန်တွင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရှိ ကျောင်းသားများမှာမူ ယာယီတွင်းနက်များကို ဖန်တီးနိုင်ခဲ့ကြလေပြီ။
စတော့ဈေးကွက်အတွင်း အလွန်အမင်းနာမည်ကြီးနေသော ရန်ပုံငွေမန်နေဂျာများက စွမ်းဆောင်ရည် ပိုကောင်းလာစေရန် နည်းလမ်းပေါင်းစုံသုံး၍ ကြိုးစားနေကြရသော်လည်း ကျန်းနန်တက္ကသိုလ်ရှိ စီးပွားရေးနှင့် စီမံခန့်ခွဲမှုဌာနမှ ကျောင်းသားများမှာမူ ရိုးရှင်းသော အတန်းချိန်အတွင်း တာဝန်တစ်ခုကိုပင် ကြီးမားသောအမြတ်အစွန်းအဖြစ် ပြောင်းလဲပစ်နိုင်ခဲ့ကြ၏။
အဆိုးဝါးဆုံးအပိုင်းမှာ ထိပ်တန်းအဆင့် သုတေသနဆုများကို အလွယ်တကူ ရယူနိုင်မည့် ထိုရှာဖွေတွေ့ရှိမှုများကို သူတို့က ထုတ်ပြန်ကြေညာရန် စိတ်မဝင်စားကြခြင်းပင်။ ထိုအစား သူတို့က ကျောင်းတွင်းသတင်းစာ၌သာ တစ်ယောက်နှင့်တစ်ယောက် အပြိုင်အဆိုင်ယှဉ်ပြိုင်နေကြလေသည်။
ပြည်ပရှိ ထိပ်တန်းပညာရှင်တွေကရော...
သူတို့ကလည်း ကျောင်းတွင် နေခွင့်ရရန်အတွက် တိုက်ခိုက်နေကြရုံမျှမက ကျောင်းသားများထံမှ ရံဖန်ရံခါ အကြံဉာဏ်အချို့ရနိုင်မည့် မျှော်လင့်ချက်မျှင်မျှင်လေးအတွက်နှင့် အိမ်ရာမဲ့များကဲ့သို့ ကျပ်ကျပ်တည်းတည်း စုပြုံနေထိုင်နေကြရှာသည်။
နိုဘယ်ဆုရှင်များပင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရှိ ပထမနှစ်ကျောင်းသားများ၏ ခိုင်းဖက်ဖြစ်နေကြပြီး ဂွရှင်ယူပေးခြင်းနှင့် လက်ဖက်ရည်ပို့ခြင်း စသည့်အောက်ခြေသိမ်းအလုပ်များကိုပင် လုပ်ဆောင်ပေးနေကြရသည်။
ဒါက ဘယ်လိုသဘောတရားမျိုးလဲ။
ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ထဲတွင် လမ်းလျှောက်နေစဉ် ကိုယ့်ဘေးရှိ သန့်စင်ခန်းထဲမှ ကျောင်းသားတစ်ဦးကပင် နာမည်ကြီးတက္ကသိုလ်တစ်ခုခု၌ လစာကောင်းကောင်းပေးကာ ခန့်အပ်ထားသော ဂုဏ်ထူးဆောင်ပါမောက္ခတစ်ဦး ဖြစ်နေနိုင်သည်။
သူတို့ သန့်စင်ခန်းဝင်ခဲ့စဉ်က ကြမ်းတိုက်နေသော သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးမှာ ကြမ်းတိုက်ရင်း တတွတ်တွတ်ရေရွတ်နေသည်ကို တွေ့ခဲ့ရ၏။ အနားရောက်သွားမှသာ သူ(မ)က လေတိုက်နှုန်းကြောင့် ဖြစ်ပေါ်လာမည့် လျှပ်စစ်သံလိုက်ရထားလမ်းကြောင်း၏ တိမ်းစောင်းမှုကို တွက်ချက်နေခြင်းဖြစ်ကြောင်း ကြားလိုက်ရသည်။
ကျန်းမုန့်လောင်၏ ရှင်းပြချက်မှာ ရိုးရှင်းလှ၏။ ကျန်းနန်တက္ကသိုလ်ရှိ သိပ္ပံသုတေသနအငွေ့အသက်မှာ ပြင်းထန်လွန်းသဖြင့် သာမန်ဝန်ထမ်းများပင် မသိမသာလွှမ်းမိုးခံခဲ့ရသည်။ သူကလည်း ထိုမျှအထိ အထင်ကြီးစရာကောင်းအောင် မနေချင်သော်လည်း သူတို့၏စွမ်းရည်များကို သူတို့ကိုယ်တိုင်ပင် မထိန်းချုပ်နိုင်ပေ။
ကမ္ဘာကျော်တက္ကသိုလ်များရှိ ပါမောက္ခတွေကရော...
သူတို့၏ အသိပညာအဆင့်အတန်းက ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရှိ သန့်ရှင်းရေးသမားများကိုပင် ယှဉ်နိုင်ချင်မှ ယှဉ်နိုင်လိမ့်မည်။
ဟင့်အင်း... သူတို့က ခွေးတစ်ကောင်ကိုပင် ယှဉ်နိုင်ချင်မှ ယှဉ်နိုင်မည်။
အဘယ်ကြောင့်ဆိုသော် တစ်နာရီအတွင်းမှာပင် ထောင့်တစ်နေရာတွင် ဝပ်နေသော ခွေးဝါလေးတစ်ကောင်ကို သူတို့ မြင်တွေ့ခဲ့ရပြီး အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် ထိုခွေး၏ မျက်လုံးထဲရှိ အာရုံစူးစိုက်မှုမှာ တစ်စုံတစ်ခုကိုများ နားလည်နေသလားဟု သူတို့ကို တွေးမိစေသည်။
ထိုခွေးက နားလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ သူတို့ကမူ သေချာပေါက် နားမလည်ခဲ့ကြချေ။
ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှာ သိပ္ပံသုတေသနစွမ်းရည်တွင် ကမ္ဘာ့နံပါတ်တစ်ဖြစ်ရုံသာမက ကျောင်းသားအရည်အသွေး၊ သင်ကြားမှုစွမ်းရည်နှင့် ခွေးများ၏ သိပ္ပံအသိပညာတွင်ပါ ကမ္ဘာ့ထိပ်တန်းဖြစ်ကြောင်း သူတို့ ဝန်ခံရပေမည်။
သူတို့၏သံသယများမှာ အပြီးတိုင် ချေဖျက်ခံလိုက်ရလေပြီ။
သူတို့ကျောင်းရှိ အတော်ဆုံးကျောင်းသားများထက် ပိုမိုထူးချွန်သော ကျောင်းသားတစ်ဦးကို ရှာရန်အတွက် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်အနေနှင့် တရားဝင်ကျောင်းသားတစ်ဦးကို ရှာနေရန်ပင် မလိုချေ။ အသက်ခပ်ကြီးကြီး သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်ကပင် သူတို့နားမလည်နိုင်သော သို့မဟုတ် မဖြေရှင်းနိုင်သော ပြဿနာများကို ဖြေရှင်းပေးနိုင်လောက်သည်။
ဤကျောင်းမှာ သူတို့ကို အမှန်တကယ် အံ့အားသင့်မှင်တက်သွားစေသည့် အဆင့်တစ်ခုသို့ ရောက်ရှိနေလေပြီ။
"ဒါနဲ့ ခင်ဗျားတို့ ဒီနေ့ ဒီကို ဘာလာလုပ်ကြတာလဲ"
ကျန်းမုန့်လောင်က ရုတ်တရက် မေးလိုက်၏။ သူ့လေသံထဲတွင် လှောင်ပြောင်သရော်လိုဟန် အရိပ်အယောင်တို့ အနည်းငယ်ပါဝင်နေသည်။
"ဪ... ဟုတ်သားပဲ... တခြားကိစ္စမရှိတော့ရင် ခင်ဗျားတို့ မပြန်ခင် ထမင်းစားသွားကြပါဦး။ ကျွန်တော်တို့ကျောင်းက ထိပ်တန်းစားဖိုမှူးတစ်သုတ်ကို အသစ်ငှားထားတာ။ ခင်ဗျားတို့ ဘယ်တော့မှမမေ့နိုင်မဲ့ ထမင်းတစ်နပ် ဖြစ်စေရမယ်လို့ အာမခံပါတယ်"
"ဪ...မှတ်မိပြီ"
ကျန်းမုန့်လောင်၏ နောက်လိုက်လုပ်ရခြင်းကို ကျင့်သားရနေပြီဖြစ်သော ဟန်ကျင်းယွီမှာ ကျန်းမုန့်လောင်၏ အရိပ်အကဲကို ကောင်းကောင်းနားလည်သည်။
"ကျောင်းပေါင်းစည်းရေးကိစ္စကြောင့် ခင်ဗျားတို့ ဒီကိုရောက်နေတာ မဟုတ်လား"
ဟန်ကျင်းယွီက ရယ်မောလိုက်၏။
"ကျွန်တော်တို့က စကားစပ်မိလို့ ပြောလိုက်ရုံပါဗျာ။ အထက်လူကြီးတွေ အတည်ယူသွားမယ်လို့ ဘယ်သူက ထင်မှာလဲ။ ကျွန်တော်တို့ကျောင်းက သေချာပေါက် တိုးချဲ့ဖို့လိုအပ်နေတာတော့ မှန်ပါတယ်။ ဒါပေမဲ့ တိုးချဲ့ဖို့အတွက် တခြားနည်းလမ်းတွေ အများကြီးရှိပါသေးတယ်။ ခင်ဗျားတို့နဲ့ ပေါင်းစည်းမှ ဒါမှမဟုတ် နေရာရွှေ့ပြောင်းမှရမယ်လို့ မဆိုလိုပါဘူး"
"အမှန်ပဲ"
ကျန်းမုန့်လောင်က စိတ်အားထက်သန်စွာ ဝင်ထောက်ခံလိုက်သည်။
"တကယ်တော့ ကျွန်တော်တို့ကျောင်းရဲ့တောင်ဘက်မှာ အသက်မွေးဝမ်းကြောင်းကျောင်းတွေနဲ့ အထူးပြုတက္ကသိုလ်တွေ အများကြီးရှိတယ်။ ကျွန်တော်တော့ သူတို့နဲ့ ညှိနှိုင်းလို့ရမယ်ထင်တယ်"
"အသက်မွေးဝမ်းကြောင်းကျောင်းတွေနဲ့ အထူးပြုတက္ကသိုလ်တွေ ဟုတ်လား"
ထိုသတင်းကို ကြားလိုက်ရသောအခါ ကျောင်းအုပ်များမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြတော့သည်။
ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရှိ ကျောင်းသားများ ယခုလို ထူးချွန်နေရခြင်းမှာ ထိုကျောင်းသားများ၏ ကိုယ်ပိုင်စွမ်းရည်သက်သက်ကြောင့် မဟုတ်သည်မှာ အသေအချာပင်။ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှာ လွန်ခဲ့သည့် တစ်နှစ်အတွင်းကမှ တိုးတက်လာခြင်းဖြစ်လေရာ ကမ္ဘာပေါ်ရှိ အတော်ဆုံးနှင့် အထူးချွန်ဆုံး ကျောင်းသားအားလုံးက ထိုနေရာသို့ ပြောင်းရွှေ့သွားကြသည်ဟု ဆိုနိုင်မလား။
အကယ်၍ ပထမနှစ်ကျောင်းသားများက အံ့သြဖွယ်ကောင်းသည်ဟုဆိုလျှင် လက်ခံနိုင်ဖွယ်ရာ ရှိသေးသော်လည်း ဝန်ထမ်းများနှင့် ခွေးများပါ အံ့သြဖွယ်ကောင်းနေသည်ဆိုလျှင်မူ သူတို့အနေနှင့် ကွမ်တမ်စက်မှုနှင့်ပင် ရှင်းပြနိုင်တော့မည်မဟုတ်။
ဆိုလိုသည်မှာ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က ယခုအချိန်တွင် ကြီးမားပြီး စိတ်ကူးကြည့်၍မရနိုင်သော အသိပညာစနစ်တစ်ခုနှင့် ထုတ်ဖော်မပြရသေးသော သင်ကြားရေးနည်းစနစ်တစ်ခုကို ပိုင်ဆိုင်ထားခြင်းပင်။ ထို့ကြောင့် ကျောင်းသားများအနေနှင့် အသိပညာရပ်များကို ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် လေ့လာနိုင်ခြင်းပင်။
အကယ်၍ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကသာ ထိုအသက်မွေးဝမ်းကြောင်းကျောင်းများ၊ ကောလိပ်များနှင့် အမှန်တကယ် ပေါင်းစည်းလိုက်ပါက မကြာမီအချိန်အတွင်းမှာပင် သူတို့ အထင်သေးခဲ့သော ထိုကျောင်းသားများက ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကျောင်းသားများကဲ့သို့ ထိပ်တန်းကျောင်းသားများအဖြစ် ပြောင်းလဲသွားကြလေမလား။
ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်နှင့် ပေါင်းစည်းလိုက်ခြင်းမှာ ကျောင်းများ၏ ကိုယ်ပိုင်ကျောင်းသားစုဆောင်းမှုကို ရပ်ဆိုင်းလိုက်ရမည် ဖြစ်သော်လည်း ထိုကျောင်းများမှာ မူလကတည်းက နာမည်မကြီးခဲ့ကြပေ။ ထို့ကြောင့် ထိုအချက်ကို မည်သူကများ ဂရုစိုက်နေမည်နည်း။ သူတို့အတွက်မူ ၎င်းမှာ သေချာပေါက် သတင်းကောင်းဖြစ်ပေလိမ့်မည်။
ရာခိုင်နှုန်းပြည့်ဖြစ်လာမည်ဟု မဆိုလိုသော်လည်း ပညာရေးက အသုံးမဝင်ဘူးဟူသောစကားက ယေဘုယျအားဖြင့် သာမန်ပညာရေးကိုသာ သင်ယူခဲ့ရသူများထံမှ လာခြင်းပင်။ ပညာရေးက လူအများစုအတွက် အနာဂတ်လမ်းကြောင်းကို ကိုယ်စားပြုနိုင်သည်။
ထိုကျောင်းသားများ၏ အနာဂတ်တွင် ပြောင်းလဲမှုကြီးတစ်ခုကို ကြုံတွေ့ရနိုင်သည်။
ဟာသအနေနှင့်ပြောရလျှင် အနာဂတ်၌ ထိပ်တန်းတက္ကသိုလ်များမှ ဘွဲ့ရသူများက အသက်မွေးဝမ်းကြောင်းကျောင်းနှင့် အထူးပြုကျောင်းများမှ ဘွဲ့ရလာသော ကျောင်းသားတစ်စုကိုပင် ယှဉ်နိုင်မည် မဟုတ်ပေ။ ထိုအဖြစ်က လုံးဝ သိက္ခာကျစရာကိစ္စတစ်ရပ် ဖြစ်လာလိမ့်မည်။
ထိုအဖြစ်မှာ ကျောင်းပေါင်းစည်းလိုက်ခြင်းထက်ပင် ပိုရှက်စရာကောင်းနေနိုင်သည်။
ဤအချက်ကို သဘောပေါက်လိုက်သည်နှင့် သူတို့လည်း ချက်ချင်းပင် စိုးရိမ်ပူပန်လာကြသည်။
"အာ... တော်ဝင်ပညာရှင်ကျန်း... ခင်ဗျား ဒီနေ့ ကျွန်တော်တို့လာရတဲ့ ရည်ရွယ်ချက်ကို နားလည်မှုလွဲနေပြီထင်တယ်။ ကျွန်တော်တို့က ခင်ဗျားကို စစ်ဆေးမေးမြန်းဖို့လာတာ မဟုတ်ပါဘူး"
"ဟုတ်တယ်... ကျွန်တော်တို့က ဒီကိစ္စကို ကျောင်းအုပ်ကြီးချန်းနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ခင်မင်ရင်းနှီးတဲ့သဘောထားနဲ့ လာခဲ့ကြတာပါ"
ကျောင်းအုပ်ချန်းက သူတို့၏ ကပ်ဖားနေသော မျက်နှာထားများကို ကြည့်လိုက်လေရာ မနက်ပိုင်းတုန်းက သူ့ရုံးခန်းတွင် အကျပ်ကိုင်ခံခဲ့ရသော ဒေါသများလည်း တစ်ခဏအတွင်း ပျောက်ကွယ်သွားလေတော့သည်။
"ညှိနှိုင်းတယ်တဲ့လား။ ခင်ဗျားတို့က ဒါကို ညှိနှိုင်းတယ်လို့ ခေါ်တာလား"
ကျောင်းအုပ်ချန်းက ပျက်စီးလုနီးပါးဖြစ်နေသော ရုံးခန်းတံခါးကို လက်ညှိုးထိုးပြလိုက်သည်။
"ဟားဟားဟား... ကျုပ်တို့က ခင်ဗျားကို နောက်လိုက်တာပါ.. ဒီနေရာကြီးက အရမ်းတိတ်ဆိတ်နေတာကိုး... အဲ့ဒါကြောင့် ခင်ဗျားအတွက် သက်ဝင်လှုပ်ရှားသွားအောင် လုပ်ပေးလိုက်တာ"
"ဟုတ်တယ်... ဟုတ်တယ်... ဒါက မတော်တဆမှု သက်သက်ပါ... ဒီနေ့ညနေ ခင်ဗျားရဲ့တံခါးကိုလဲပေးဖို့ လူလွှတ်လိုက်ပါ့မယ်... ခင်ဗျားကြိုက်တဲ့ တံခါးအမျိုးအစားကိုသာ ရွေးလိုက်ပါ... ကျွန်တော်တို့ကျောင်းကပဲ အကုန်အကျခံပေးပါ့မယ်"
"ဟွန်း... ခင်ဗျားတို့နဲ့ မငြင်းချင်တော့ဘူး"
ကျောင်းအုပ်ချန်းက နှာခေါင်းရှုံ့လိုက်၏။
"ဒါဆို ဒီနေ့ ခင်ဗျားတို့ ဒီကို ဘာလာလုပ်ကြတာလဲဆိုတာ ပြောကြစမ်းပါဦး"
"ဟီးဟီး... ကျောင်းပေါင်းစည်းရေး ဘယ်တော့စမလဲဆိုတာ လာမေးတာပါ"
"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... ကျောင်းပေါင်းစည်းမှုကို ကျုပ်တို့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပါ့မယ်။ ကျုပ်တို့မှာ တခြားတောင်းဆိုစရာမရှိပါဘူး။ ကျုပ်တို့ကျောင်းအတွက် သီးခြားနာမည်လေးတစ်ခုလောက် ထားပေးရင် ရပါပြီ။ ဥပမာပြောရရင် 'ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ် - ကျန်းနန်အီလက်ထရောနစ်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ခွဲ'ဆိုတာမျိုးပေါ့"
ကျန်းမုန့်လောင်က ပေါ့ပေါ့ပါးပါးပင် ခြေချိတ်ထိုင်လိုက်၏။
"အင်း... တကယ်တော့ ကျွန်တော်တို့ကျောင်းနဲ့ ပေါင်းစည်းချင်တဲ့ ဘယ်ကျောင်းမဆို ပေါင်းလို့ရတာတော့မဟုတ်ဘူ။ ကျွန်တော်တို့ဘက်က အရင်ဆုံး စစ်ဆေးမှုတစ်ခုလုပ်ရဦးမှာ"