အခန်း (၇၅၈)
Vol. 51 Ch. 758
ကျန်းမုန့်လောင်၏ စကားများကို ကြားလိုက်ရချိန်ဝယ် ကျန်းမုန့်လောင်တစ်ယောက် မကောင်းတာ တစ်ခုခု ကြံစည်နေပြီဖြစ်ကြောင်း သဘောပေါက်သဖြင့် ကျောင်းအုပ်ချန်းနှင့် ဟန်ကျင်းယွီတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
"တော်ဝင်ပညာရှင်ကျန်း... ခင်ဗျားရဲ့ တောင်းဆိုချက်တွောက ဘာများလဲ"
"ကျုပ်တို့ကျောင်းက ခင်ဗျားတို့ရဲ့ ဂုဏ်သရေရှိကျောင်းတော်ကြီး ဒါမှမဟုတ် ကျန်းနန်တက္ကသိုလ်နဲ့တော့ မယှဉ်နိုင်ပေမဲ့ ပြည်တွင်းမှာတော့ နာမည်ကြီးပါတယ်"
"အမှန်ပဲ။ အသက်မွေးဝမ်းကြောင်းကျောင်းတွေ၊ ကောလိပ်အသေးစားတွေနဲ့ ယှဉ်ရင်တော့ ကျုပ်တို့ကျောင်းတွေမှာ ဆရာအင်အားရော ကျောင်းသားအရည်အသွေးပါ ပိုသာပါတယ်"
"အမှန်အတိုင်းပြောရရင် ကျွန်တော့် တောင်းဆိုချက်က မမြင့်ပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ပွင့်ပွင့်လင်းလင်းပြောရရင် ခင်ဗျားတို့ရဲ့ဆရာအင်အားနဲ့ ကျောင်းသားအရည်အသွေးက ကျွန်တော့်အတွက် သိပ်အရေးမပါဘူး"
ကျန်းမုန့်လောင်က ဆက်ပြောလိုက်သည်။
"ကျွန်တော် ခင်ဗျားတို့ကျောင်းသားတွေကို စော်ကားတာမဟုတ်ဘူးနော်။ ကျွန်တော်တို့ရဲ့ လက်ရှိသင်ကြားရေးပုံစံအရ ခင်ဗျားတို့ကျောင်းသားတွေကို ပညာသင်ရတာနဲ့ ဝက်တွေခွေးတွေကို သင်ရတာက သိပ်ပြီး ကွာခြားမှုမရှိဘူး။ သူတို့ဘာသာ အဓိကတက္ကသိုလ်ကြီးတွေကပဲ လာလာ အသက်မွေးဝမ်းကြောင်းကောလိပ်တွေကပဲ လာလာပေါ့"
"ဒုတိယအချက်က ခင်ဗျားတို့ဆရာတွေကို လျှော့တွက်တာ မဟုတ်ဘူး။ တကယ်လို့ ခင်ဗျားတို့ဆရာတွေရဲ့ ပညာရပ်ဆိုင်ရာ အောင်မြင်မှုတွေနဲ့ စွမ်းရည်တွေကို ကျွန်တော်တို့ကျောင်းဆီ ယူလာမယ်ဆိုရင်တောင် အကောင်းဆုံးအနေနဲ့ တစ်ရာ ကနေ ၁၀၀.၀၁လောက်ပဲ တိုးတက်လာမှာ။ အဲ့ဒီလောက် တိုးတက်မှုလေးက ကျွန်တော်တို့အတွက် ဘာမှအရေးမပါဘူး"
ဤစကားများက ထိုကျောင်းအုပ်များ၏ ခုခံကာကွယ်မှုများကို တိုက်ရိုက်ပင် ရိုက်ချိုးပစ်လိုက်သည်။
ကျန်းမုန့်လောင်၏ စကားတိုင်းက သူတို့ကို မစော်ကားလိုကြောင်း၊ အထင်မသေးလိုကြောင်းတို့ဖြင့် အစပြုသော်လည်း စကား၏ဒုတိယပိုင်းမှာမူ လုံးဝ အထင်သေးနေသော လေသံများသာ ဖြစ်နေချေသည်။
အရေးကြီးဆုံးအချက်မှာ သူတို့အနေနှင့် ပြန်လည်ချေပရန် မဖြစ်နိုင်ခြင်းပင်။ ကျောင်းပတ်ဝန်းကျင်ကို တစ်ပတ်လျှောက်ကြည့်ပြီးနောက် ထိုအရာမှာ သွေးထွက်အောင်မှန်နေကြောင်း သူတို့ သဘောပေါက်လိုက်ကြသည်။
ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလိုက်လဲ....
"တော်ဝင်ပညာရှင်ကျန်း... ခင်ဗျားရဲ့ တောင်းဆိုချက်က ဘာလဲ"
"စကားလုံးနှစ်လုံးတည်းပဲ... နာခံ"
ကျန်းမုန့်လောင်က တွေဝေခြင်းမရှိဘဲ ပြောလိုက်သည်။
"ကျောင်းပေါင်းတာဖြစ်တဲ့အတွက်ကြောင့် ခင်ဗျားတို့ကျောင်းရဲ့ မူရင်းနာမည်ကို ဆက်သုံးလို့မရတော့တာတော့ အားလုံးသိကြမှာပါ။ ဝန်ထမ်းဖွဲ့စည်းပုံ တွေအားလုံးကို ပြန်လည်ဖွဲ့စည်းရမယ်။ သတ်မှတ်ရမယ်။ ကောလိပ်အားလုံး ကျွန်တော်တို့နဲ့ ပေါင်းရမယ်။ တကယ်လို့ ကျွန်တော်တို့ဆီမှာ မရှိသေးတဲ့ မေဂျာတွေနဲ့ ကောလိပ်တွေဆိုရင်တော့ ခင်ဗျားတို့ရဲ့ မူရင်းအခြေခံအုတ်မြစ်တွေပေါ်မှာ ပြန်လည် တည်ဆောက်လို့ရပါတယ်"
"လုံးဝမဖြစ်နိုင်ဘူး"
သူတို့၏အမြင်အရ ပေါင်းစည်းခြင်းဆိုသည်မှာ အမည်ခံပေါင်းစပ်ခြင်းမျိုးသာ ဖြစ်ပြီး ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ လက်အောက်ခံကောလိပ်တစ်ခုအဖြစ်သို့ ရောက်သွားသော်လည်း စီမံခန့်ခွဲမှုနှင့် ဝန်ထမ်းနေရာချထားမှုတို့တွင် အပြောင်းအလဲနည်းပါးရမည် ဖြစ်၏။ ထိုနည်းအားဖြင့် သူတို့က နာမည်အရသာ ပေါင်းစည်းထားခြင်းဖြစ်သော်လည်း လက်တွေ့တွင်မူ ကိုယ့်မင်းကိုယ့်ချင်း ဆက်လက်ရပ်တည်နိုင်မည် ဖြစ်၏။
၎င်းမှာ မြို့နယ်အဆင့် မြို့များစွာ ဝန်းရံထားသော ယခင်ကျန်းနန်မြို့တော်ကဲ့သို့ပင်။ ပေါင်းစည်းပြီးနောက်တွင်လည်း အနှစ်သာရအားဖြင့် အတိုင်းအတာတစ်ခုအထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိန်းသိမ်းထားနိုင်သည်။
အရပ်သုံးစကားဖြင့် ပြောရလျှင် မြို့နယ်အဆင့်မြို့များရှိ လူများက ကျန်းနန်မြို့တော်သူ မြို့တော်သားများအဖြစ် သတ်မှတ်ခံရခြင်းကို မနှစ်မြို့ကြသလို ကျန်းနန်မြို့တော်ရှိ ရပ်ကွက်ဟောင်းတွင် နေထိုင်သူများကလည်း သူတို့ကို အသိအမှတ်မပြုကြပေ။ အိမ်ခြံမြေဈေးနှုန်းများမှာလည်း သိသာထင်ရှားစွာ ကွာခြားပေသည်။
သို့သော် ကျန်းမုန့်လောင်၏ ဆိုလိုရင်းမှာ ခေါင်းဆောင်ပိုင်းရှိ အဖွဲ့များနှင့် ကောလိပ်များကို ဖျက်သိမ်းကာ ဤကျောင်းများကို လုံးဝပေါင်းပစ်ရန်ပင်။ မူရင်းနာမည်များကို ဆက်လက် ထိန်းသိမ်းထားလျှင်ပင် ၎င်းတို့မှာ အမည်ခံ သက်သက်သာဖြစ်ပြီး လုံးဝအဓိပ္ပာယ်မရှိတော့ပေ။
"တော်ဝင်ပညာရှင်ကျန်း... ခင်ဗျားရဲ့ တောင်းဆိုချက်တွေက အရမ်းပြင်းထန်လွန်းတယ်"
"အမှန်ပဲ။ ခင်ဗျားက ကျုပ်တို့ကျောင်းတွေကို လမ်းပျောက်အောင် လုပ်နေတာပဲ"
"တခြားအချက်တွေကို သဘောတူနိုင်ပေမဲ့ ဒီတစ်ချက်ကိုတော့ လက်မခံနိုင်ဘူး"
"ဒါဆိုရင် ကျွန်တော်တို့ ဆက်ဆွေးနွေးဖို့ ခက်သွားပြီ"
ကျန်းမုန့်လောင်က ပခုံးတွန့်ပြလိုက်သည်။ ကျောင်းအတွက် သူ၏ တစ်ခုတည်းသော တောင်းဆိုချက်မှာ စီမံခန့်ခွဲမှုအာဏာအားလုံး သူ့လက်ထဲတွင် ရှိနေစေရန်ပင်။
ကျန်းမုန့်လောင်၏ သင်ကြားရေးအရင်းအမြစ်အားလုံးမှာ ထူးရှယ်နတ်ဘုရားကျောင်းတော်မှ လာခြင်းပင်။ အကယ်၍ ကျောင်းစီမံခန့်ခွဲမှု လျော့ရဲပါက မမျှော်မှန်းထားသော အခြေအနေများ ဖြစ်ပေါ်လာနိုင်ပြီး အချို့ကျောင်းသားများမှာ ထူးရှယ်နတ်ဘုရားကျောင်းတော်က ရရှိလာသော အသိပညာများကို အသုံးချကာ လူသားမျိုးနွယ်ကို ဆန့်ကျင်ခြင်း သို့မဟုတ် လူမျိုးရေးဆန့်ကျင်ခြင်း လုပ်ရပ်များတွင် ပါဝင်လာနိုင်သည်။
ကျန်းမုန့်လောင်အနေနှင့် ထိုလူများကို အလွယ်တကူ ရှင်းလင်းနိုင်သော်လည်း သူ့အတွက် ဒုက္ခများမည်မှာ အမှန်ပင်။ လူသားများက အခြားသော အလားအလာရှိသည့် အန္တရာယ်များနှင့် ရင်ဆိုင်နေရချိန်တွင် အတွင်းရေးပဋိပက္ခများကြောင့် အာရုံထွေပြားရခြင်းမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလွန်းလှ၏။
"ဒါပေမဲ့ ကျွန်တော် တစ်ခုလောက်မေးချင်တယ်။ ခင်ဗျားတို့ကျောင်းအတွက် ဆုံးဖြတ်ချက်တွေကို ခင်ဗျားတို့ပဲ ချတာလား"
ကျန်းမုန့်လောင်က စကားတစ်ခွန်းဖြင့် သူတို့ရင်ဝကို ဓားစိုက်လိုက်ပြန်သည်။
ကျောင်းအုပ်ကြီးများလည်း ခဏမျှကြောင်သွားကြသည်။ ကျောင်းဆိုသည်မှာ ကျောင်းအုပ်ကြီးများ၏ အုပ်ချုပ်မှုအောက်တွင်သာ ရှိနေသည်မဟုတ်ပေ။ သို့မဟုတ်ပါက အာဏာရှင်စနစ်နှင့် ဘာများကွာတော့မည်နည်း။
ကျောင်းတွင် ပါတီနှင့် ပညာရပ်ဆိုင်ရာကော်မတီများရှိပြီး အကြီးတန်းအရာရှိများကသာ အဓိကကျသော ဆုံးဖြတ်ချက်များအတွက် မဲပေးပိုင်ခွင့်ရှိသည်။ ဆိုလိုသည်မှာ ကျောင်းအုပ်က သဘောမတူလျှင်ပင် အခြားသူများက သဘောတူပြီး အများဆန္ဒအရ မဲနိုင်သွားပါက ထိုကိစ္စမှာ ကျောင်းအုပ်ကိုယ်တိုင်ပင် လက်လှမ်းမမီတော့သည့်ကိစ္စတစ်ရပ် ဖြစ်သွားပေလိမ့်မည်။
"ဆရာဟန်... သတင်းပါးပြီးပြီလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"အင်း... အဲ့ဒီအကြောင်း ဂရုထဲမှာ လူတိုင်းကို အကြောင်းကြားပြီးပါပြီ"
ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။
"ဂရု... ဘာဂရုလဲ"
ကျောင်းအုပ်ကြီးများခမျာ အံ့အားသင့်သွားကြသည်။
"ဪ... အဲ့ဒါက အဆင့်မြင့်ပညာရေးစနစ်တစ်ခုလုံးရဲ့ ကြိုတင်စာရင်းပေးတဲ့ဂရုပါ"
"ကြိုတင်စာရင်းပေးတဲ့ဂရုလား"
သူတို့ခမျာ ဤဂရုက ဘာလဲဆိုသည်ကို နားမလည်နိုင်သေးပေ။
"ကျွန်တော်တို့တက္ကသိုလ်မှာ သိပ္ပံသုတေသနစက်ကိရိယာတွေ အများကြီးမရှိဘူးလား။ ကျွန်တော်တို့က အွန်လိုင်းကနေ စာရင်းပေးတာမျိုး မလုပ်ရသေးဘူး။ အကုန်လုံးက အော့ဖ်လိုင်းကနေ စာရင်းသွင်းကြတာ"
ဟန်ကျင်းယွီ ရှင်းပြလိုက်သည်။
"ဒီဂရုထဲမှာ အဆင့်မြင့်ပညာရေးစနစ်တစ်ခုလုံးမှာရှိတဲ့ စီမံကိန်းအဖွဲ့ခေါင်းဆောင်တွေအားလုံးရဲ့ ဆက်သွယ်ရန်လိပ်စာတွေ ပါတယ်"
"ဘာ"
ကျောင်းအုပ်ကြီးများအားလုံး တစ်ပြိုင်နက်တည်း ထိတ်လန့်သွားကြသည်။
"အဲ့ဒါက အဆင့်မြင့်ပညာရေးစနစ်ထဲက ကျောင်းတိုင်းမှာရှိတဲ့ အကြီးတန်းနဲ့ တွဲဖက်အကြီးတန်း ဝန်ထမ်းတွေအားလုံး ဒီဂရုထဲမှာ ရှိနေတယ်လို့ ဆိုလိုတာလား"
အကယ်၍သာ သူတို့ ဤသတင်းစကားကို ဖြန့်လိုက်မည်ဆိုလျှင် အဆင့်မြင့်ပညာရေးစနစ်တစ်ခုလုံး ပွက်လောရိုက်သွားပေလိမ့်မည်။
မကြာသေးမီကပင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှာ နိုင်ငံအနှံ့နှင့် ကမ္ဘာတစ်ဝှမ်းရှိ ဆရာများကို ရှာဖွေရန် ဝန်ထမ်းခေါ်စာ ထုတ်ပြန်ခဲ့သေးသည်။ သူတို့ကမ်းလှမ်းထားသော အကျိုးခံစားခွင့်များမှာ အံ့မခန်းဖွယ်ကောင်းပြီး သိပ္ပံသုတေသန ဝန်ထမ်းများ၏ အကျိုးခံစားခွင့်ကို မြှင့်တင်ပေးရန် ရည်ရွယ်ထားခြင်းပင်။
ကျန်းနန်မြို့ကဲ့သို့ ပထမတန်းစားနီးပါးရှိသော မြို့ကြီးတွင် သာမန်ပါမောက္ခတစ်ဦးကပင် တစ်လလျှင် အခြေခံလစာ ခုနစ်ထောင်မှ ရှစ်ထောင်ခန့်သာ ရလေသည်။
ဤသတင်းသာ ပေါက်ကြားသွားပါက ကမ္ဘာတစ်ဝှမ်းရှိ ကျောင်းများရှိ သင်ကြားရေးဝန်ထမ်းများလည်း အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ကုန်ကြလိမ့်မည်။
အမှန်စင်စစ်တွင် နေရာအရေအတွက်မှာ အကန့်အသတ်ရှိပြီး အခြားကျောင်းများရှိ ဆရာအများစုမှာ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ဝန်ထမ်းနေရာများကို အားကျဖို့မပြောနှင့်။ ကိုယ်ရေးရာဇဝင် စစ်ဆေးခံရဖို့ပင် အရည်အချင်းမပြည့်မီကြပေ။
အကယ်၍သာ ထိုအကြီးတန်းနှင့် တွဲဖက်အကြီးတန်းဝန်ထမ်းများသာ ဤအကြောင်းကို သိသွားပါက သူတို့ ခြေရောလက်ပါမြှောက်၍ ထောက်ခံကြလိမ့်မည်။
ထိုအချိန်မှစ၍ သူတို့က ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ သိပ္ပံသုတေသနအရင်းအမြစ်များကို ခံစားခွင့်ရရုံသာမက သူတို့၏လစာနှင့် ခံစားခွင့်များမှာလည်း ဆယ်ဆမက ပိုများလာမည် ဖြစ်လေရာ မည်သူကများ မလိုချင်ဘဲရှိမည်နည်း။
အကယ်၍များ သူတို့၏ကျောင်းအုပ်များက ထိုကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ကြောင်း သိသွားပါက ရာဇဝတ်မှုတရားခံထက် ဆယ်ဆမက ပိုအငြိုးထားကြလိမ့်မည်။
"ပါမောက္ခဟန်... ခင်ဗျား သူတို့ကို ဘာပြောလိုက်တာလဲ"
ကျောင်းအုပ်ကြီးများက သတိကြီးကြီးထား၍ မေးလိုက်ကြသည်။
"ဪ... ပေါင်းစည်းရေးအကြောင်း ပြောလိုက်တာပါ"
ဟန်ကျင်းယွီက ဖုန်းထုတ်လိုက်ပြီး သူတို့ရှေ့မှာပင် ဂရုထဲသို့ အသံမက်ဆေ့ခ်ျတစ်စောင် ထပ်ပို့လိုက်သည်။
"အားလုံးပဲ တောင်းပန်ပါတယ်။ အရင်ပို့လိုက်တဲ့ မက်ဆေ့ခ်ျက မှားသွားတယ်။ အခု ခင်ဗျားတို့ရဲ့ ကျောင်းအုပ်ကြီးတွေက ကျွန်တော်တို့ဆီကို ရောက်နေကြတယ်။ ပေါင်းစည်းရေးကို ဖျက်သိမ်းဖို့ တောင်းဆိုနေကြလို့လေ။ ကျွန်တော်တို့လည်း ဖိအားတွေများနေတာနဲ့ ပေါင်းစည်းမဲ့အစီအစဉ်ကို ဖျက်သိမ်းဖို့ စဉ်းစားနေကြတာ"
သူက ပြောလိုက်၏။
"ရွှီ!"
မက်ဆေ့ခ်ျက ချက်ချင်းရောက်သွားလေတော့သည်။
ထိုအခိုက်အတန့်တွင် လူတိုင်း၏မျက်နှာများ မည်းမှောင်သွားကြသည်။
ထင်ထားသည့်အတိုင်းပင် ထိုမက်ဆေ့ခ်ျပို့ပြီးနောက် တစ်မိနစ်မပြည့်သေးခင်မှာပင် ကျောင်းအုပ်အားလုံး၏ဖုန်းများမှာ တစ်လုံးပြီးတစ်လုံး မြည်လာကြသည်။
ကျောင်းအုပ်ကြီးများလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မည်သူကမှ ဖုန်းကို အရင်ဦးဆုံး မကိုင်ချင်ကြပေ။ ခဏအကြာတွင် အိမ်ထောင်စုစာရင်း၌ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သူတို့၏မိသားစုဝင်များပါ "ဖော်ရွေသော"မေးမြန်းစုံစမ်းမှုများကို လက်ခံရရှိတော့မည်ဖြစ်ကြောင်း ကြိုတွေးမိသဖြင့် ကြောက်နေကြသည်။
"ကျောင်းအုပ်ကြီး... ခင်ဗျား ဘာတွေလုပ်နေတာလဲ။ ရူးသွားပြီလား။ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်နဲ့ ပေါင်းစည်းနိုင်မယ့် အခွင့်အရေးကောင်းကို ငြင်းလိုက်တယ်ပေါ့"
"ခင်ဗျားက ငြင်းလိုက်တယ်ပေါ့။ ပြီးမှ သူတို့ဆီက စက်တချို့ ရအောင်ယူပေးမယ်လို့ ပြောရဲသေးတယ်နော်။ အဲဒါနဲ့များ ခင်ဗျားက ကျွန်တော်တို့ကို သိပ္ပံရလဒ်တွေထွက်အောင် နေ့တိုင်း ဖိအားပေးနေတာ။ ကျွန်တော်တို့မှာ စက်ကောင်းကောင်းတောင် မရှိဘဲနဲ့ ခင်ဗျားက ဖိအားလာပေးနေတာလား။ ကောင်းပြီလေ။ ကျွန်တော်တို့ သီးခြားပဲနေကြတာပေါ့။ ဒါပေမဲ့ နောက်ဆိုရင် သိပ္ပံဆိုင်ရာအောင်မြင်မှုတွေအကြောင်း ဘာမှလာမပြောနဲ့တော့"
"XXX... ခင်ဗျား အသိစိတ်လွတ်သွားပြီလား။ ကျွန်တော်တို့ဝန်ထမ်းတွေက ခင်ဗျားကို အကြွေးတင်နေလို့လား။ ကောင်းပြီလေ။ ခင်ဗျားဘက်က ပေါင်းစည်းဖို့ ငြင်းဆန်မယ်ဆိုရင် ကျွန်တော်တို့ အလုပ်ထွက်မယ်"