အိမ်ပြောင်းရုံလေးပဲဟာ
Vol. 51 Ch. 759
နာရီဝက်ခန့် ကြာမြင့်သည်အထိ ထိုကျောင်းအုပ်များ၏ ဖုန်းမြည်သံကား ရပ်တန့်သွားခြင်းမရှိပေ။
သဘောထားကြီးပြီး ယဉ်ကျေးသိမ်မွေ့သော ဝါရင့်ပညာရှင်ကြီးများကမူ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ရှု၍ အကျိုးအကြောင်းသင့်မြတ်အောင် ရှင်းပြကြသည်။
စိတ်ဆတ်သော ပညာရှင်ကြီးများကမူ ထိုလူများကို မိုးမွှန်အောင် ဆဲရေးတိုင်းထွာကြသည်။
ထိုပုဂ္ဂိုလ်များမှာ ကျောင်းအုပ်ကြီးများအနေနှင့် မည်သို့မျှ အပြစ်ပြုရဲသူများ မဟုတ်ကြပေ။ ကျောင်းအုပ်တစ်ယောက်၏ ဂုဏ်သရေမှာ အကန့်အသတ်မရှိ ကြီးမားပုံရသော်လည်း ကျောင်းတစ်ခု ဖွံ့ဖြိုးတိုးတက်ရန်မှာမူ ဤဝါရင့်ပညာရှင်ကြီးများ၏ စွမ်းဆောင်ရည်အပေါ်တွင်သာ မူတည်နေပေသည်။ သာမန်အချိန်များတွင် အောင်မြင်မှုများစွာ ရရှိထားသော ထိုပါမောက္ခကြီးများကို အထူးလေးစားသမှုဖြင့် ဆက်ဆံရသည်။
ထို့ကြောင့် သူတို့ခမျာ ထိုပုဂ္ဂိုလ်များကို ပြန်လည်ကြိမ်းမောင်းရဲခြင်း မရှိသလို အလုပ်ထုတ်ပစ်ရန်လည်း အာဏာမရှိသလို ဆန္ဒလည်းမရှိကြပေ။ သူတို့ခမျာ တိတ်ဆိတ်စွာဖြင့်သာ ဆဲဆိုသမျှကို သည်းခံနေရရှာသည်။
ထိုအချိန်တွင် ကျန်းမုန့်လောင်၊ ဟန်ကျင်းယွီနှင့် ကျောင်းအုပ်ကြီးချန်းတို့မှာမူ နို့လက်ဖက်ရည်သောက်ရင်း ပွဲကြည့်ရင်း ကြိတ်သဘောကျနေကြသည်။
"ဘယ်လိုလဲ ကျောင်းအုပ်ကြီးချန်း... နို့လက်ဖက်ရည်အရသာက မဆိုးဘူးမလား"
"အင်း... ကောင်းသားပဲ။ လူငယ်တွေ ဘာလို့ ဒါကို အရမ်းကြိုက်ကြလဲဆိုတာ အရင်က နားမလည်ခဲ့ဘူး။ အခုမှပဲ သဘောပေါက်တော့တယ်။ ပုလဲလုံးလေးတွေက ဝါးလို့ကောင်းတာကိုး"
"ဟားဟား... ကျောင်းအုပ်ကြီးချန်း.. ကျွန်တော်ဆိုရင် အရင်က ကော်ဖီပဲသောက်တာ။ ဒီကောင်စုတ်လေး ဆွဲဆောင်တာနဲ့ လမ်းမှားရောက်သွားတော့တာပဲ"
"ကဲ... အကြီးအကဲတို့ ရေဆာနေကြပြီလား။ နို့လက်ဖက်ရည်မှာပေးရမလား။ ကျွန်တော် ဒကာခံမယ်လေ"
"ကျောင်းအုပ်ကြီးချန်းက တော်တော်စကားတတ်တာပဲ"
"ဟားဟား... ဆောရီး။ ဒီနေ့တော့ ကိုယ့်အရည်အချင်းကိုယ် ဖုံးကွယ်ထားဖို့ မေ့သွားတယ်"
…
နောက်ဆုံးတွင်မူ ကျောင်းအုပ်ကြီးများမှာ ဖုန်းများကို ချလိုက်ကြလေပြီ။ သို့သော် သူတို့၏ စိတ်ထဲတွင်မူ လေးလံထိုင်းမှိုင်းလျက် ရှိနေဆဲပင်။ အကယ်၍ ဤကိစ္စကိုသာ သေချာမဖြေရှင်းနိုင်ပါက နောက်တစ်နေ့ ကျောင်းအုပ်ရုံးခန်းသို့ သွားရဲမည်မဟုတ်ဟု တွေးပူနေကြသည်။
"ကဲ... လူကြီးမင်းတို့ ဘယ်လိုသဘောရလဲ"
ကျန်းမုန့်လောင်က မေးလိုက်၏။
"တကယ်လို့များ မပူးပေါင်းချင်ဘူးဆိုရင်လည်း ဒီနေ့ညနေပဲ တောင်ဘက်က ကျောင်းကို သွားဆွေးနွေးလိုက်တော့မယ်"
"ခဏ... ခဏလေးနေပါဦး"
ထိုစကားကြောင့် သူတို့ခမျာ ပျာယာခတ်သွားကြပြန်သည်။
"တော်ဝင်ပညာရှင်ကျန်း... ကျွန်တော်တို့ကို စဉ်းစားဖို့ အချိန်လေးနည်းနည်းလောက် ထပ်ပေးပါဦး"
"မနက်ဖြန်... မနက်ဖြန်မနက်ကျရင် ခင်ဗျားကို အဖြေပြန်ပေးပါ့မယ်"
"ကောင်းပြီလေ"
ကျန်းမုန့်လောင်တစ်ယောက် သူတို့ဆီက ချက်ချင်းအဖြေထွက်လာမည်ဟု မျှော်လင့်မထားခဲ့သော်လည်း နောက်ဆုံးတွင်မူ သူတို့အနေနှင့် ငြင်းဆန်ရဲမည်မဟုတ်ကြောင်း ယုံကြည်မှုရှိသွားလေသည်။
မည်သို့ပင်ဆိုစေကာမူ ဤအဆင့်မြင့်ပညာရေးစနစ်ကြီးကို ပေါင်းစည်းလိုက်ခြင်းမှာ သူ့စီမံကိန်း၏ ပထမအဆင့်သာ ရှိသေးသည်။ ထိပ်တန်းအဆင့် တက္ကသိုလ်များကို ပေါင်းစည်းရန် လိုအပ်သလို ဒုတိယတန်း၊ တတိယတန်းနှင့် နာမည်မကြီးသော ကျောင်းများကိုလည်း ပေါင်းစည်းရဦးမည်။ ထိုအရာကလည်း အလွန်အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုပင်။
ကျောင်းအုပ်ကြီးများလည်း ချက်ချင်းပင် သူတို့ကျောင်းများသို့ ပြန်သွားကြတော့သည်။ သူတို့ခမျာ နောက်ရက်အနည်းငယ်အတွင်း ကောင်းကောင်းအနားယူနိုင်မည့်ပုံမပေါ်ချေ။
သူတို့ မျှော်လင့်မထားသည်မှာ ပြဿနာလာရှာသော လူတစ်သိုက်ကို ပြန်လွှတ်ပြီးသည်နှင့် နောက်ထပ်လူတစ်စု ရောက်လာခြင်းပင်။
သူတို့မှာ အသက်ရှူချောင်ရုံရှိသေးသော်လည်း ကျောင်းအုပ်ချန်း၏ ရုံးခန်းထဲသို့ လူတစ်ဒါဇင်ခန့် ထပ်ရောက်လာကြပြန်၏။
"ခင်ဗျားတို့က..."
ကျောင်းအုပ်ကြီးချန်းမှာ ထိုလူများကို မမှတ်မိပေ။
"ကျောင်းအုပ်ချန်း ... ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါရစေ"
ရှေ့ဆုံးတွင်ရပ်နေသော လူလတ်ပိုင်းအရွယ်အမျိုးသားက ယဉ်ကျေးစွာ ပြောလိုက်သည်။ လူ့အဖွဲ့အစည်းထဲတွင် တက္ကသိုလ်ကျောင်းအုပ်တစ်ယောက်၏ အဆင့်အတန်းမှာ အလွန်မြင့်မားလှလေရာ မည်သူကမျှ အလွယ်တကူ မစော်ကားရဲကြပေ။
"ကျွန်တော်က ဘေးနားက ဖရယ်ရီရင်ပြင်ရဲ့ တာဝန်ခံပါ"
"မင်္ဂလာပါ ကျောင်းအုပ်ချန်း... ကျွန်တော်က ရှီဖောင်ပိရယိစက်မှုလုပ်ငန်းရဲ့ ဥက္ကဋ္ဌချိုးကျန်းကွေ့ပါ"
"မင်္ဂလာပါ ကျောင်းအုပ်ချန်း... ကျွန်တော်က ဟယ်တာ့ရင်ပြင်ရဲ့ တာဝန်ခံပါ"
"ကျွန်တော်ကတော့ ဂင်္ဂါမြစ်အိမ်ခြံမြေလုပ်ငန်းရဲ့ စီမံကိန်းဒါရိုက်တာပါ"
…
"ဪ... ခင်ဗျားတို့တွေက ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ရဲ့ တိုးချဲ့ရေးစီမံကိန်းကြောင့် ရောက်လာကြတာမလား"
ဟန်ကျင်းယွီလည်း သူတို့ရောက်လာရသည့် ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ သူတို့အားလုံးက အနီးအနားရှိ ဈေးဝယ်စင်တာများမှ စီမံကိန်းမန်နေဂျာများ သို့မဟုတ် အနီးဝန်းကျင်ရှိ ကုမ္ပဏီပိုင်ရှင်များ ဖြစ်ကြသည်။
ကျန်းနန်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်၏ တိုးချဲ့ရေးစီမံကိန်းကို ရေးဆွဲရာတွင် ကျောင်းများအားလုံးကို ရိုးရိုးရှင်းရှင်းပေါင်းစည်းလိုက်ရုံမျှဖြင့် မလုံလောက်ဘဲ အနီးအနားတွင် စီးပွားရေးလုပ်ငန်းများနှင့် လူနေရပ်ကွက်များစွာ ရှိနေသောကြောင့် တစ်ဆက်တည်းဖြစ်သော ဧရိယာတစ်ခုအဖြစ် သတ်မှတ်ရန် ခက်ခဲနေကြောင်း သိထားကြသည်။
"ကျောင်းအုပ်ချန်း ... ကျွန်တော်တို့ ဒီကိစ္စကို လာဆွေးနွေးကြတာပါ"
ရှီထောင်ပီရယ်၏ ဥက္ကဋ္ဌဖြစ်သူ ချိုးကျန်းကွေ့က ပြောလိုက်သည်။
"ကျွန်တော်တို့က ခင်ဗျားတို့အလုပ်ကို မပူးပေါင်းချင်တာ မဟုတ်ပါဘူး။ ခင်ဗျားတို့ ပေးမယ်ဆိုတဲ့ မြေနေရာကလည်း ကျွန်တော်တို့ရဲ့ လက်ရှိနေရာထက် နှစ်ဆပိုကျယ်တယ်ဆိုပေမဲ့ တခြားကိစ္စတွေကိုရော ထည့်စဉ်းစားပေးပါဦး"
"ပြောပါဦး... မစ္စတာချိုး"
"ကျွန်တော်တို့ကုမ္ပဏီမှာ ဝန်ထမ်းပေါင်းထောင့်နှစ်ရာကျော်ရှိတယ်။ ပထမအချက်အနေနဲ့ သူတို့အားလုံးက ကုမ္ပဏီအဆောင်မှာ နေကြတာမဟုတ်ပါဘူး။ ထက်ဝက်နီးပါးလောက်က ဒီနားတစ်ဝိုက်မှာ အိမ်ငှားနေကြပါတယ်။ ဒါမှမဟုတ် အိမ်ဝယ်ထားကြတယ်လေ။ ခင်ဗျားတို့ပေးမယ့် မြေနေရာက ကျယ်တာတော့ ဟုတ်ပါရဲ့။ ဒါပေမဲ့ ဒီနေရာနဲ့ သိပ်ဝေးလွန်းနေတယ်"
ကျန်းမုန့်လောင်ပေးထားသည့် နေရာမှာ ကျန်းနန်မြို့တောင်ဘက်ပိုင်းရှိ စက်မှုဇုန်တစ်ခုတွင်ဖြစ်ပြီး လက်ရှိအချိန်တွင် မြေအောက်ရထားလမ်းလည်း မရှိသလို အခြေခံအဆောက်အအုံများမှာလည်း တည်ဆောက်ဆဲသာ ရှိသေးသည်။ ထိုနေရာနှစ်ခုကြား ကားမောင်းသွားလျှင်ပင် မိနစ်လေးဆယ် နီးပါး ကြာမြင့်ပြီး ထိုကြာချိန်မှာ ကားလမ်းမပိတ်သည့်အချိန်ကို တွက်ချက်ထားခြင်းပင်။ မနက်ပိုင်းနှင့် ညနေပိုင်း ရုံးဆင်းရုံးတက်ချိန်များတွင်မူ ကြာမြင့်ချိန်နှစ်ဆတိုးသွားခြင်းမှာ ပုံမှန်ကိစ္စတစ်ခုပင်။
"အဲ့ဒီလိုဆိုရင် ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ ဝန်ထမ်းအပြောင်းအလဲပြဿနာကြီးကို ရင်ဆိုင်ရလိမ့်မယ်။ ဝန်ထမ်းအသစ်ခန့်တာတွေ၊ သင်တန်းပေးတာတွေနဲ့ နစ်နာကြေးပေးရတာတွေအတွက် ကုန်ကျစရိတ်ဆုံးရှုံးမှုက အကြမ်းဖျင်းတွက်ရင်တောင် သန်းနှစ်ရာလောက် ရှိနိုင်တယ်"
"အင်း... အဲ့ဒါကတော့ ပြဿနာပဲ"
ကျန်းမုန့်လောင်က ခေါင်းညိတ်လိုက်၏။
"ဒါဆိုရင် ခင်ဗျားဆီကို တစ်ဆယ်ဘီလီယံလောက် လွှဲပေးဖို့ ကျွန်တော့်လက်ထောက်ကို ပြောလိုက်မယ်။ အဲ့ဒါဆိုရင် ခင်ဗျားတို့ရဲ့ဆုံးရှုံးမှုအတွက် လုံလောက်ပြီမလား"
"ဗျာ"
ဆွေးနွေးညှိနှိုင်းရန် အချက်အလက်မျိုးစုံ ပြင်ဆင်လာခဲ့သော မစ္စတာချိုးခမျာ တစ်ဆယ်ဘီလီယံဟူသောစကားကို ကြားလိုက်ရသောအခါ ဆွံ့အသွားရပြီး သူပြောမည့်စကားများကိုပင် မေ့လျော့သွားတော့သည်။
"ပြီးတော့ ကျွန်တော် အဲ့ဒီနေရာမှာ လူနေအိမ်ရာဝင်းတစ်ခုပါ ဆောက်ပေးမယ်လေ။ အိမ်ပိုင်တဲ့ ဝန်ထမ်းတွေက အဲ့ဒီကိုတန်းပြောင်းလို့ရတာပေါ့"
"ဒါပေမဲ့ မစ္စတာကျန်း... အဲ့ဒါလည်း အဆင်မပြေဘူးလေ။ အဲ့ဒီမှာ စာသင်ကျောင်းတွေလည်းမရှိ။ စူပါမားကတ်တွေလည်း မရှိဘူး။ ဘယ်သူက သွားနေချင်မှာလဲ"
"မရှိရင် ဆောက်လိုက်မယ်လေ"
ကျန်းမုန့်လောင်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
"ကျွန်တော့်လက်ထဲမှာ ဆောက်လုပ်ရေးကုမ္ပဏီတွေ အများကြီးရှိတယ်။ တစ်နှစ်အတွင်းမှာ အဆောက်အအုံတွေ စာသင်ကျောင်းတွေ အများကြီးဆောက်ပေးလို့ရတယ်။ ကျောင်းကိစ္စပြောမှ သတိရတယ်။ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရဲ့လက်အောက်ခံ မူလတန်းနဲ့ အထက်တန်းကျောင်း တည်ထောင်ဖို့ စဉ်းစားနေတာ။ အဲ့ဒီမှာ ရှေ့ပြေးစီမံကိန်း စလုပ်လို့ရတာပဲ"
…
"တော်ဝင်ပညာရှင်ကျန်း... သူတို့ကုမ္ပဏီကိစ္စကတော့ ညှိနှိုင်းလို့ ရပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဈေးဝယ်စင်တာတွေကျတော့ ဘယ်လိုလုပ်မလဲ"
"ဟုတ်တယ်။ ကျွန်တော်တို့ ပလာဇာနှစ်ခု ဆောက်တုန်းကတင် ကုန်ကျစရိတ်က ဘီလီယံချီ ပြီး ရှိခဲ့တာ။ ပြီးတော့ ဒီအခြေအနေက ရှုပ်ထွေးတယ်နော်။ ရိုးရိုးတန်းတန်းနေရာရွှေ့လိုက်လို့ ရတဲ့ကိစ္စမဟုတ်ဘူး"
"သြော် ဒါက ရှင်းရလွယ်ပါတယ်"
ကျန်းမုန့်လောင်က စဉ်းစားနေစရာပင် မလိုချေ။
"ခင်ဗျားတို့ ရွှေ့စရာမလိုပါဘူး။ ကျောင်းဝင်းထဲမှာပဲ ဆက်နေလိုက်ပေါ့"
"ဟင်"
"ဘာတွေအံ့ဩနေကြတာလဲ။ ကျောင်းက ဆရာတွေ ကျောင်းသားတွေက လူတွေမဟုတ်လို့လား။ လူတိုင်း ဈေးဝယ်ဖို့၊ စားဖို့သောက်ဖို့ လိုတာပဲလေ"
ကျန်းမုန့်လောင်က ရယ်မောရင်း ပြောလိုက်သည်။
"မစ္စတာကျန်း... အဲ့ဒီလောက်အထိ မရိုးရှင်းဘူးဗျ။ ကျောင်းသားတစ်ယောက်ရဲ့ ဝယ်ယူနိုင်စွမ်းက ဘယ်လောက်ရှိမှာမို့လို့လဲ"
စီမံကိန်းမန်နေဂျာတစ်ယောက်က ခါးသက်သက်ပြုံးရင်း ဆိုလာလေသည်။ အမှန်တကယ်တွင် သူတို့သာ ကျောင်းဝင်းအတွင်း၌ လည်ပတ်မည်ဆိုပါက အစားအသောက်လုပ်ငန်းများမှာ ယခင်ကထက်ပင် ပိုမိုရောင်းချနိုင်ဖွယ်ရှိ၏။
သို့သော် ဇိမ်ခံပစ္စည်း အမှတ်တံဆိပ်များမှာမူ သာမန်ကျောင်းသားများ လက်လှမ်းမီနိုင်သော အရာများ မဟုတ်ပေ။ အကယ်၍သာ ဤဆိုင်များသာ ကျောင်းဝင်းထဲတွင် ဆက်ရှိနေမည်ဆိုပါက ဝယ်ယူနိုင်စွမ်းမြင့်သော ပြင်ပဖောက်သည်များကို ဆုံးရှုံးရမည်မှာ မလွဲဧကန်ပင်။
"ဒါလည်း ဖြေရှင်းရလွယ်ပါတယ်"
ကျန်းမုန့်လောင်က ဆက်ပြောလိုက်၏။
"ခင်ဗျားတို့ အမှတ်တံဆိပ်တွေအားလုံးရဲ့ စုစုပေါင်းဝင်ငွေနဲ့ နှစ်စဉ်တိုးတက်မှုနှုန်းကို တွက်ပြ။ တကယ်လို့ အဲ့ဒီနှုန်းအတိုင်း မရောက်ဘူးဆိုရင် လိုနေတဲ့ဝင်ငွေပမာဏကို ကျွန်တော် နှစ်တိုင်း စိုက်ပေးမယ်"
"ဒါဆို ကျွန်တော်တို့ကရော မစ္စတာကျန်း... ကျွန်တော်တို့က လူနေရပ်ကွက်လေ။ လူတွေက ပင်ပင်ပန်းပန်းလုပ်ကိုင်ပြီးမှ အိမ်ဝယ်ထားကြရတာ။ ခင်ဗျား သူတို့ကို ဒီတိုင်းကြီးပြောင်းခိုင်းလို့တော့ မရဘူးမလား"
"အိမ်ပြောင်းရုံလေးပဲဟာကို"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"အဆောက်အအုံ ဖျက်သိမ်းရေးစံနှုန်းအတိုင်း လျော်ကြေးပေးမယ်လေ။ လူတစ်ယောက်ကို တစ်သန်းနှုန်းနဲ့။ ပြီးတော့ လက်ရှိမြေနေရာအကျယ်အဝန်းအတိုင်း ကျန်းနန်မြို့ရဲ့ အမြင့်ဆုံး အိမ်ရာဈေးနှုန်းဖြစ်တဲ့ တစ်စတုရန်းမီတာကို သုံးသိန်းနှုန်းနဲ့ နေရာချထားရေးစရိတ်ပေးမယ်။ အဲ့ဒါဆိုရင် လုံလောက်ပြီလား"
"လုံလောက်ပါပြီ။ လုံလောက်တာထက်တောင် ပိုပါသေးတယ်"
ကျောင်းအနီးတစ်ဝိုက်ရှိ ဈေးနှုန်းများမှာ ကြောက်ခမန်းလိလိ တက်နေသည်ဆိုသော်လည်း အမှန်တကယ် ဈေးတက်နေသည်မှာ ရွှေ့ပြောင်းစရာမလိုသော ကျောင်းသားများနှင့် ဝန်ထမ်းများ နေထိုင်သည့် နေရာများသာ။ သာမန်လူနေအိမ်များမှာမူ အများဆုံးရှိလှ တစ်စတုရန်းမီတာလျှင် ငါးသောင်းခြောက်သောင်းခန့်သာ ရှိ၏။
ယခုမူ သူတို့ကို ဈေးကွက်ပေါက်ဈေးထက် ခြောက်ဆခန့် ပိုပေးမည့်အပြင် လူတစ်ဦးလျှင် တစ်သန်းစီပါ ထပ်ဆောင်းပေးဦးမည်ဆိုလေရာ ပရိဘောဂများကိုပင် မယူတော့ဘဲ ထိုနေရာမှ ချက်ချင်းဖယ်ပေးရန်ပင် ဆန္ဒရှိကြသည်။
ဤတစ်ကွက်တည်းနှင့်တင် သူတို့ သန်းပေါင်းများစွာ အမြတ်ထွက်သွားခဲ့ချေပြီ။ မည်သူကများ ပရိဘောဂများကို ဂရုစိုက်နေဦးမည်နည်း။
ဘေးနားက ရပ်ကြည့်နေသော ကျောင်းအုပ်ချန်းခမျာ ဖြေရှင်းရန် ခက်ခဲလွန်းသည်ဟု ထင်ရသော ပြဿနာများမှာ စကားအနည်းငယ်ပြောရုံမျှဖြင့် ပြေလည်သွားသည်ကို မြင်ပြီး မှင်တက်နေရှာသည်။
ဒါက ငွေကြေးရဲ့အစွမ်းများလား.....