← Chapters

သူတို့ခမျာ တောင်ပေါ်ကိုတောင် တက်နိုင်ပါ့မလား

Vol. 51 Ch. 760

သူတို့ခမျာ တောင်ပေါ်ကိုတောင် တက်နိုင်ပါ့မလား

Vol. 51 Ch. 760

အဆင့်မြင့်ပညာရေးရပ်ဝန်းမှ ကျောင်းအုပ်ကြီးများ မိမိတို့ကျောင်းသို့ ပြန်ရောက်သွားကြသောအခါ ရာဏန်းခန်းရှိသော ဝါရင့်ပါမောက္ခကြီးများနှင့် တွဲဖက်ပါမောက္ခကြီးများ၏ ဝိုင်းဝန်းပိတ်ဆို့ခြင်းကို ခံလိုက်ကြရသည်။ လုံးဝငြင်းဆန်ခုခံ၍ မရနိုင်တော့ဘဲ မဲပေးဆုံးဖြတ်မှုရလဒ်မှာလည်း တစ်ဖက်သတ်အနိုင်ရသွားခဲ့ချေပြီ။

နောက်တစ်နေ့တွင် ထိုကျောင်းအုပ်ကြီးများက ကျောင်းအုပ်ချန်းထံသို့ စာပြန်လိုက်ကြသည်။ အဆင့်မြင့်ပညာရေးရပ်ဝန်းရှိ တက္ကသိုလ်ခုနစ်ခုစလုံးက ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်လက်အောက်သို့ ပူးပေါင်းရန် သဘောတူညီကြောင်းနှင့် မူလဖွဲ့စည်းပုံများကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အကြောင်းပြန်လာကြခြင်းပင်။

ယခုအချိန်ကစ၍ ကျန်းနန်နည်းပညာတက္ကသိုလ်၊ ကျန်းနန်အီလက်ထရောနစ်တက္ကသိုလ်ဟူ၍ သီးခြားမရှိတော့ဘဲ အသစ်စက်စက်ဖွဲ့စည်းလိုက်သော ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကြီးတစ်ခုတည်းသာ ကျန်ရှိတော့သည်။

ဘေးပတ်ဝန်းကျင်ရှိ ကျောင်းများနှင့် စီးပွားရေးလုပ်ငန်းပြဿနာများကို ဖြေရှင်းပြီးသွားပြီဖြစ်လေရာ ကျန်းနန်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်၏ နယ်မြေချဲ့ထွင်ခြင်းမှာ ရေစီးကမ်းပြိုသွားသည့်အလား တားဆီး၍မရနိုင်တော့ပေ။ ကျောင်းအုပ်ချန်းနှင့် ဟန်ကျင်းယွီတို့မှာမူ အတန်းချိန်များနှင့် စီမံခန့်ခွဲရေးရာထူးများကို ပြန်လည်နေရာချထားရန် အလုပ်ရှုပ်နေကြသည်။

ဤအရှိန်အဟုန်အတိုင်းသာ ဆက်သွားမည်ဆိုပါက နောက်နှစ် ကျောင်းအပ်ချိန်ရောက်လျှင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရှိ ဆရာများနှင့် ကျောင်းသားဦးရေမှာ မူလကထက် ဆယ်ဆမက ပိုများပြားလာမည်ဖြစ်၏။ ထိုပမာဏမှာ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးများနှင့်ပင် ယှဉ်နိုင်သည့် အနေအထားသို့ ရောက်လာတော့မည်သာ။

"မုန့်လောင်... ကျောင်းက ချဲ့လိုက်ပြီဆိုတော့ ကျောင်းသားတွေရဲ့ လက်တွေ့အခက်အခဲတွေကို ထည့်စဉ်းစားပေးရမယ်"

ကျောင်းအုပ်ချန်းက ပြောလိုက်၏။

"အရင်ကဆိုရင် အဆောင်ကနေ စာသင်ဆောင်ကိုသွားဖို့ အနည်းဆုံး ဆယ်မိနစ်၊ အများဆုံး နာရီဝက်ပဲကြာတာ။ အခု အဆမတန်ချဲ့လိုက်ပြီဆိုတော့ ငါတို့ရဲ့တွက်ချက်မှုအရ ကျောင်းသားတွေ အတန်းတက်ဖို့သွားရရင် ပျမ်းမျှ မိနစ်လေးဆယ်လောက် ကြာသွားမှာ"

"ဟုတ်တယ် မုန့်လောင်။ အဲ့ဒါကမှ တကယ့်ပြဿနာပဲ"

ဟန်ကျင်းယွီက မြေပုံကိုကြည့်ရင်း ဝင်ပြောလိုက်သည်။

"ကျောင်းက မျှသုံးဖို့ စက်ဘီးတွေ လျှပ်စစ်စကူတာတွေ အများကြီးစီစဉ်ပေးထားပေမဲ့ အခုရှိနေတဲ့ ကျောင်းသားအရေအတွက်က အရမ်းများလွန်းနေတယ်။ ရှိတာလေးနဲ့ ဆယ်ပုံတစ်ပုံတောင် လောက်တာမဟုတ်ဘူး"

"အဲ့ဒီအများသုံးယာဉ်တွေကို ထပ်ဖြည့်ပေးလို့ မရဘူးလား"

ကျန်းမုန့်လောင်က မေးလိုက်၏။

"မရတာတော့ မဟုတ်ဘူး"

ဟန်ကျင်းယွီက ရှင်းပြလိုက်သည်။

"ဒါပေမဲ့ အရေအတွက်ထပ်တိုးလိုက်ရင် စီမံခန့်ခွဲမှုအပိုင်းမှာ ရှုပ်ကုန်လိမ့်မယ်။ အခုရှိနေတဲ့ စက်ဘီးအစီးရေနဲ့တင် အတန်းချိန်နီးရင် စာသင်ဆောင်ရှေ့မှာ ပိတ်နေတာ။ ထပ်တိုးလိုက်လို့ကတော့ လမ်းပိတ်ပြီး ဘာမှလုပ်လို့ရမှာ မဟုတ်တော့ဘူး"

"ကျောင်းတွင်းဘတ်စ်ကားလိုင်း ပြေးဆွဲပေးရင်ရော"

ကျောင်းအုပ်ချန်းက အကြံပြုလိုက်သည်။

"ယန်ကျင်းတက္ကသိုလ်နဲ့ ချင်းပေ့တက္ကသိုလ်တွေကို ရောက်တုန်းက တွေ့ဖူးတာ။ သူတို့ကျောင်းတွေကလည်း အကြီးကြီးတွေပဲလေ။ ဆယ်မိနစ်တစ်စီးနှုန်းနဲ့ ဘတ်စ်ကားတွေ ပြေးဆွဲပေးနေတော့ ကျောင်းသားတွေ သွားလာရေးအတွက် အတော်လေးအဆင်ပြေတာပေါ့"

"အဲ့ဒါက လုံလောက်မယ်မထင်ဘူး"

ကျန်းမုန့်လောင်က ငြင်းလိုက်၏။

"ချင်းပေ့တို့ ယန်ကျင်းတို့က ကျောင်းသားဦးရေငါးသောင်းခြောက်သောင်းလောက်ပဲ ရှိတာ။ ကျွန်တော်တို့ဆီမှာ အခုတင် နှစ်သောင်းကျော်နေပြီ။ ပေါင်းတာတွေ၊ ကျောင်းသားသစ်လက်ခံတာတွေပါ လုပ်လိုက်ရင် နှစ်သိန်းလောက်အထိ ဖြစ်သွားမှာ။ ဘတ်စ်ကားလောက်နဲ့ မလောက်ဘူး"

"ဟုတ်တယ် ကျောင်းအုပ်ကြီး"

ဟန်ကျင်းယွီခမျာ ခေါင်းနပန်းကြီးသွားရရှာသည်။ ကျောင်းချဲ့ထွင်ခြင်းနှင့် လူကြိုက်များလာခြင်းမှာ စိတ်ညစ်စရာကောင်းသော ပြဿနာများကိုပါ တစ်ပါတည်း ယူဆောင်လာခဲ့ချေပြီ။

"ဒါဆိုရင် ဘတ်စ်ကားအစီးရေကို နှစ်ဆတိုးပြီး ကားထွက်ချိန်ကို တစ်ဝက်လျှော့လိုက်ရင်ရော"

ယခုအချိန်တွင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၌ ငွေကြေးအလုံအလောက် ရှိနေပြီဖြစ်ရာ သယ်ယူပို့ဆောင်ရေးစရိတ်က ပြောပလောက်သည့်ကိစ္စမဟုတ်ပေ။

"နည်းနည်းလိုနေဦးမယ်ထင်တယ်"

ကျန်းမုန့်လောင်ဆီက ရုတ်တရက်ဆိုသလို အကြံတစ်ခု ထွက်လာသည်။

"ဟွားဝေ့ကုမ္ပဏီမှာ ဝန်ထမ်းတွေ ရုံးတက်ရုံးဆင်းဖို့ ရထားလမ်းဖောက်ပေးထားတယ်ဆိုတာ ကြားဖူးတယ်မလား"

"မင်းဆိုလိုချင်တာက..."

"ကျွန်တော်တို့လည်း ရထားလမ်းဖောက်မယ်လေ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ရထားက လူစီးနိုင်တဲ့ပမာဏပဲဖြစ်ဖြစ် အမြန်နှုန်းပဲဖြစ်ဖြစ် ဘတ်စ်ကားထက်တော့ အများကြီးသာတယ်။ ပြီးတော့ ကျွန်တော်တို့ကျောင်းက အခုမှချဲ့ထွက်ခါစပဲ ရှိသေးတာ"

ကျန်းမုန့်လောင်က ဆက်ပြောလိုက်၏။

"နောက်ပိုင်းကျရင် တခြားကျောင်းတွေနဲ့ပါ ထပ်ပေါင်းရဦးမှာ။ ကျန်းနန်မြို့ထဲမှာ ကျောင်းတွေ အများကြီးကျန်သေးတယ်။ အဲ့ဒီတော့ ရထားလမ်းကွန်ရက်တစ်ခု ဖောက်ထားလို့ရတယ်။ တခြားမြို့တွေအထိပါ ချဲ့ဖြစ်ရင် လေယာဉ်ကွင်းပါ ဆောက်ပေးထားလိုက်မယ်"

ကျန်းမုန့်လောင်၏ ကြီးကျယ်ခမ်းနားလွန်းသော စီမံကိန်းကြီးကြောင့် ကျောင်းအုပ်ချန်းနှင့် ဆရာဟန်တို့ခမျာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရှာ၏။ ကျောင်းထဲတွင် ဘတ်စ်ကားစီးခြင်းကိုမူ ကြားဖူးသော်လည်း ရထားနှင့် လေယာဉ်ဆိုသည်ကမူ ရယ်စရာကောင်းလွန်းနေပေသည်။

"ကျောင်းအုပ်ကြီး... ကန့်ကွက်စရာမရှိရင် ဒီနေ့ပဲ လူလွှတ်ပြီး စီမံကိန်းဆွဲခိုင်းလိုက်မယ်။ မနက်ဖြန် စဆောက်မယ်။ တစ်လအတွင်း အပြီးလုပ်ရမယ်"

"ဒါက... ကောင်းပြီလေ။ မင်းသဘောအတိုင်းသာ စီစဉ်လိုက်ပါတော့"

"ဟုတ်ကဲ့"

ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်သည်။

"တစ်နာရီ ကီလိုမီတာနှစ်ရာ့ငါးဆယ်နှုန်းမောင်းနိုင်တဲ့ သံလိုက်ရထားမျိုးလုပ်မယ်။ တစ်ကီလိုမီတာကို သန်းရှစ်ဆယ်လောက် ကျမယ်။ ပထမအဆင့်အနေနဲ့ ဆယ်ကီလိုမီတာလောက် အရင်ဖောက်ရမယ်။ အဆောင်တွေနဲ့ စာသင်ဆောင်တွေကို ဆက်သွယ်ပေးလိုက်ရင် ကျောင်းသားတွေအတွက် ဆယ်မိနစ်တောင် ကြာမှာမဟုတ်ဘူး"

"မုန့်လောင်... ဒါက စီမံကိန်းအသေးစားလေး မဟုတ်ဘူးနော်။ ရှစ်ရာဘီလီယံလောက် ကုန်မှာ။ ကျောင်းမှာလည်း အခု..."

"ကိစ္စမရှိဘူး။ ကျွန်တော် တာဝန်ယူတယ်။ ကျောင်းအုပ်ကြီးတို့က ပြုပြင်ပြောင်းလဲရေးအပိုင်းကိုသာ အာရုံစိုက်ထားကြပါ။ ပိုက်ဆံကိစ္စကို ကျွန်တော့်တာဝန်ထားလိုက်"

…

"မုန့်လောင်... ကောင်မလေးတစ်ယောက် နင့်ကို လာရှာသွားတယ်"

အိမ်ပြန်ရောက်သည်နှင့် လုရီယောင်က ကျန်းမုန့်လောင်ကို စာအိတ်တစ်အိတ် လှမ်းပေးလေသည်။

"ဒီခေတ်ကြီးထဲမှာ စာရေးဆက်သွယ်တာမျိုး ရှိသေးတာလား"

ကျန်းမုန့်လောင်မှာ စာအိတ်ကို ဖွင့်လိုက်သည်နှင့် ထူးခြားမှုကို ခံစားလိုက်ရသည်။

"ကောင်မလေးနာမည်က ချန်ပင်းယွီတဲ့။ နင့်တပည့်လို့ ပြောသွားတယ်"

"ဪ... သိပြီ..."

ကျန်းမုန့်လောင်လည်း စာအိတ်ကို ထုတ်လိုက်၏။ အံ့ဩဖွယ်ကောင်းစွာပင် ထိုစာရွက်က လေထဲတွင် ရုတ်တရက် လောင်ကျွမ်းသွားပြီးနောက် အနီ၊ အဝါ၊ အပြာ၊ အစိမ်းဟူ၍ ရောင်စုံသင်္ကေတလေးခု ပေါ်လာပြီးနောက် မှော်စွမ်းအင်များ ထုတ်လွှတ်နေတော့သည်။

ထိုအခိုက်အတန့်ဝယ် လောင်ကျွမ်းနေသော စာရွက်ထဲမှ အသံတစ်သံ ထွက်ပေါ်လာ၏။

"လေးစားအပ်ပါသော မစ္စတာကျန်းမုန့်လောင်... ကျွန်တော်တို့က ဥရောပမာလင်အတတ်သင်ကျောင်း၊ အမေရိကက ထူးခြားစွမ်းအင်အတတ်သင်ကျောင်း၊ အာဖရိကက ကျူရစ်စစ်သည်တော်အတတ်သင်ကျောင်းနဲ့ သမုဒ္ဒရာပိုင်းဇုန်က ပီတာမန်းစစ်သည်တော်ကျောင်းရဲ့ ကိုယ်စားလှယ်တွေပါ။ အာရှမှာ မစ္စတာကျန်းတည်ထောင်ထားတဲ့ ထူးရှယ်နတ်ဘုရားကျောင်းတော်အကြောင်း ကြားသိထားတဲ့အတွက် လာမဲ့တစ်ပတ်အတွင်း ဟွာရှားနိုင်ငံကို လာရောက်လည်ပတ်လိုပါတယ်"

"ဒါက ဘာတွေလဲ"

ကျန်းမုန့်လောင်တစ်ယောက် နားမလည်နိုင်လောက်အောင် ဖြစ်နေရချေပြီ။ သင်္ကေတများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသော်လည်း ထိုကျောင်းလေးကျောင်းအကြောင်း သူတစ်ခါမျှ မကြားဖူးပေ။

သူ့စိတ်သာ ပုံမှန်ဖြစ်မနေပါက ရုပ်ရှင်ဇာတ်ကားထဲသို့ ရောက်နေသလားဟုပင် ထင်မိလိမ့်မည်။

"စာလာပို့တုန်းက ဇီးကွက်နဲ့လာပို့တာလို့ တပည့်မလေးက ပြောတယ်"

"ဟုန်းရီ..."

ကျန်းမုန့်လောင်က လှမ်းခေါ်လိုက်သည်။

"မင်း ဒီကျောင်းလေးကျောင်းအကြောင်း သိလား"

"မစ္စတာကျန်း... ကျွန်မတို့ဆီမှာ မှတ်တမ်းတွေ ရှိပါတယ်။ သူတို့က သာမန်လောကနဲ့ ဒုတိယလောကအပြင်ဘက်မှာ သီးခြားရပ်တည်နေကြတာပါ။ အစတုန်းက ငါးဖွဲ့ရှိခဲ့ပေမဲ့ တစ်ဖွဲ့ကို မစ္စတာကျန်း ဖျက်ဆီးပစ်လိုက်ပြီလေ"

"နိဗ္ဗာန်ကျွန်းလား"

"ဟုတ်ပါတယ်"

ဟုန်းရီက ပြန်ဖြေလိုက်၏။

"ဒီငါးနေရာက ဟယ်ရီပေါ်တာထဲက ဟော့ဂ်ဝပ်လိုပါပဲ။ ပညာရပ်အမျိုးမျိုး သင်ကြားပေးကြပါတယ်။ ဘယ်နေရာမှာရှိမှန်း ဘယ်သူမှမသိကြပေမဲ့ ပါရမီရှိတဲ့ကလေးတွေကို လိုက်ရှာပြီး ခေါ်သွားတတ်ကြတယ်"

"သွေးရိုးသားရိုးလာတာတော့ မဟုတ်လောက်ဘူး"

ကျန်းမုန့်လောင်က ထိုစာထဲတွင် စိန်ခေါ်သံများ ပါဝင်နေသည်ဟု ခံစားလိုက်ရသည်။

"သေချာတာပေါ့"

ဟုန်းရီက ရယ်လိုက်၏။

"သူတို့က အချင်းချင်းပြိုင်ဆိုင်နေကြတာ ကြာပြီ။ ဒါပေမဲ့ ဘယ်သူက နံပါတ်တစ်လဲဆိုတာ အခုထိ အဖြေမထွက်သေးဘူး။ အခု မစ္စတာကျန်းရဲ့ ထူးရှယ်နတ်ဘုရားကျောင်းတော်က ရုတ်တရက်ကြီး ပေါ်လာတော့ အကဲခတ်ချင်ကြမှာပဲလေ"

"ဒါပေမဲ့ မစ္စတာကျန်း သိထားသင့်တဲ့ အချက်တစ်ချက်ရှိပါတယ်"

"ဘာများလဲ"

"သူတို့အချင်းချင်း ပြိုင်ဆိုင်နေကြပေမဲ့ တည်ထောင်သူတွေကတော့ ဆက်ဆံရေးကောင်းကြပါတယ်။ စည်းလည်း စည်းလုံးကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင့်နှစ်ရာလောက်ကတည်းက တည်ရှိခဲ့ကြတာ။ နိဗ္ဗာန်ကျွန်းကိစ္စတုန်းကလည်း သူတို့ ပြဿနာရှာခဲ့ကြသေးတယ်။ ကျွန်းအရှင်ဝင်ပါလိုက်မှ ငြိမ်သွားကြတာ"

"ပြဿနာလာရှာကြမယ်လို့ ပြောချင်တာလား"

"ဖြစ်နိုင်ခြေတော့ ရှိပါတယ်။ ကြိုပြင်ဆင်ထားတာ အကောင်းဆုံးပါပဲ"

"ဟားဟား..."

ကျန်းမုန့်လောင်လည်း အားရပါးရ ရယ်ချလိုက်သည်။

"စွမ်းဆောင်နိုင်ရင်တော့လည်း သဘောပဲ။ ငါကတော့ ဂရုမစိုက်ဘူး။ သူတို့ တောင်ပေါ်ကိုတောင် တက်နိုင်ပါ့မလားလို့ စိုးရိမ်မိရုံပဲ"

All Chapters