← Chapters

ဒါက ကျွန်တော်တို့ရဲ့ သဘောထားပဲ

Vol. 51 Ch. 761

ဒါက ကျွန်တော်တို့ရဲ့ သဘောထားပဲ

Vol. 51 Ch. 761

ကျန်းနန်မြို့ဆင်ခြေဖုံးရှိ ထိုတောင်ကြီးမှာ အစတုန်းက ချန်ပင်းယွီ၏ မိသားစုတစ်စုတည်းသာ နေထိုင်သော တောင်ကတုံးတစ်ခုမျှသာ။

သို့သော် ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ကျောင်းခွဲကို တည်ထောင်လိုက်ပြီးနောက် ဤနေရာက ရုတ်ခြည်းပင် စည်ကားသိုက်မြိုက်လာခဲ့သည်။

နိုင်ငံအနှံ့ရှိ ရှေးဟောင်းသိုင်းမိသားစုများရှိ အဖွဲ့ဝင်များက ဤနေရာသို့ မကြာခဏဝင်ထွက်သွားလာနေကြပြီး ဤနေရာကို ကျင့်ကြံရေးနယ်မြေတစ်ခုအဖြစ် ပိုမိုပေါ်လွင်လာစေရန် ကျန်းမုန့်လောင်က နည်းဗျူဟာအချို့သုံးကာ မြူခိုးများကို ဖန်တီးထားလိုက်သေးသည်။

အဝေးကလှမ်းကြည့်လိုက်လျှင် ဤနေရာမှာ လျှို့ဝှက်ဆန်းကြယ်သော သူတော်စင်နယ်မြေတစ်ခုအလား ထင်မှတ်ရသည်။

"ဟွာရှားမှာ ဒီလိုနေရာမျိုးရှိနေမယ်လို့ ဘယ်သူက ထင်မှာလဲ"

ဟယ်ရီပေါ်တာဇာတ်လမ်းထဲရှိ ဇာတ်ကောင်တစ်ဦးအလား ဝတ်ဆင်ထားသည့် အနက်ရောင်ဝတ်ရုံရှည်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ပုံပြင်ဆန်လွန်းလှသော တောင်တန်းကြီးကို မော့ကြည့်ရင်း ရေရွတ်လိုက်၏။

သူက မာလင်မှော်ကျောင်း၏ကျောင်းအုပ် ဒီယန်ပိုဒေါ့ပင်။ ဥရောပ၏ ဒုတိယတန်းအဆင့် အစာကွင်းဆက်တွင် ထိပ်ဆုံး၌ ရပ်တည်နေသူဖြစ်ပြီး အဆင့်သုံးအလတ်တန်းမှော်ဆရာတစ်ယောက်လည်း ဖြစ်၏။ ဟွာရှားနိုင်ငံ၏ ရှေးဟောင်းသိုင်းလောက အခေါ်အဝေါ်အရဆိုလျှင် ထျန်းယွမ်အဆင့် သိုင်းပညာရှင်ဖြစ်ပြီး အဆင့်လေးနှင့် အဆင့်ခြောက်ကြားတွင် ရှိသည်။

နှစ်ပေါင်းတစ်ထောင့်နှစ်ရာကျော် သက်တမ်းရှိသော ဤ်မာလင်မှော်ကျောင်းမှာ ရှေးခေတ်ကာလများတုန်းက ပညာရပ်များကို လက်ဆင့်ကမ်းထိန်းသိမ်းထားပြီး မှော်ပညာကို အငယ်တန်းမှော်ပညာ၊ အလတ်တန်းမှော်ပညာ၊ အဆင့်မြင့်မှော်ပညာနှင့် တားမြစ်နည်းပညာဟူ၍ အဆင့်လေးဆင့် ခွဲခြားသတ်မှတ်ထားသည်။

မှော်ပညာရှင်တစ်ယောက်အနေနှင့် အဆင့်မြင့်မှော်ဂါထာအချို့ကို တတ်မြောက်ထားလျှင်ပင် အလွန်စွမ်းအားကြီးသည်ဟု သတ်မှတ်နိုင်ပြီး ဒီယန်ပိုဒေါ့ကမူ အဆင့်မြင့်မှော်ပညာဆယ့်နှစ်ခုနှင့် တားမြစ်နည်းပညာလေးခုကို တတ်မြောက်ထားသူဖြစ်၏။ ကျောင်းတော်၏ သမိုင်းတစ်လျှောက် တည်ထောင်သူကလွဲ၍ ပြိုင်ဘက်ကင်းသူဟုပင် ဆိုရပေမည်။

သူ့ဘေးတွင်မူ မာလင်မှော်ကျောင်းတော်မှ ဆရာများဖြစ်ကြသည့် ဝတ်ရုံရှည်ဝတ်ထားသော မှော်ဆရာဆယ်ယောက်ကျော် ပါလာကြသည်။ သူတို့အားလုံးမှာ အဆင့်သုံးအငယ်တန်းမှော်ဆရာများ ဖြစ်ကြသည်။

ဤလူအင်အားမှာ ထိုစဉ်က နိဗ္ဗာန်ကျွန်း၏ အင်အားထက်ပင် သာလွန်နေတော့သည်။

"ဒီယန်ပိုဒေါ့ ... ခင်ဗျားတို့အဖွဲ့က တော်တော်စောတာပဲ"

ထိုအချိန်ဝယ် တောင်ခြေ၏ အခြားမျက်နှာစာများတွင်လည်း လူစုသုံးစု ထပ်ရောက်လာကြပြန်၏။

မှော်ပဥ္စလက်ကျောင်းတော်ရှိ ရိုဂျယ်၊ ကျူရစ်စစ်သည်တော်ကျောင်းတော်မှ ကျူရစ်နှင့် ပီတာမန်းသူရဲကောင်းကျောင်းတော်မှ ဆိုင်ရယ်ဟီရစ်တို့ပင်။ အဆင့်ငါးစိတ်စွမ်းအားရှင်သုံးဦးနှင့်အတူ အငယ်တန်းအဆင့် စိတ်စွမ်းအားရှင်ပေါင်းများစွာလည်း ပါဝင်သည်။

"ဘယ်လိုလဲ။ လုံရှားတပ်ဖွဲ့က လူတွေ ရိပ်မိသွားပြီလို့ ထင်လား"

"လုံရှားတပ်ဖွဲ့လား။ သူတို့က ဘာမို့လို့လဲ"

"သူတို့သိသွားရင်ရော ငါတို့ကို ဘာလုပ်နိုင်မှာမို့လို့လဲ။ ငါတို့ ဟွာရှားနိုင်ငံထဲကို မဝင်တာက လုံရှားတပ်ဖွဲ့ကို ကြောက်လို့များ ထင်နေလား"

"လုံရှားတပ်ဖွဲ့ရဲ့ခေါင်းဆောင်ဆိုတာက အလွန်ဆုံးရှိလှ နတ်ဘုရားအထွတ်အထိပ်အဆင့်စိတ်စွမ်းအားရှင်ပဲ ရှိတာ။ မကြာသေးခင်ကမှ အဆင့်တက်သွားတယ်လို့တော့ ကြားတယ်"

"ကိစ္စမရှိပါဘူး... သူအဆင့်တက်သွားရင်တောင် ဘာမှ သိပ်လုပ်နိုင်မှာမဟုတ်ဘူး။ ဟွာရှားမှာ ငါတို့တကယ်ဂရုစိုက်တာက နိဗ္ဗာန်ကျွန်းတစ်ခုတည်းပဲ ရှိတာ"

"ပြောမယ့်သာပြောရတာ... နိဗ္ဗာန်ကျွန်းရဲ့သတင်းကို မကြားရတာတောင် တော်တော်ကြာပြီနော်"

…

ဤကျောင်းကြီးငါးကျောင်းမှာ နယ်မြေအသီးသီးကို ခွဲဝေအုပ်စိုးထားကြပြီး ကျောင်းသားများ၏ စွမ်းရည်တိုးတက်စေရန်နှင့် စိတ်စွမ်းအားရှင်များ၊ ရှေးဟောင်းသိုင်းပညာရှင်များအကြား ပညာဖလှယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ကျောင်းပေါင်းစုံ ချန်ပီယံပြိုင်ပွဲကို နှစ်စဉ် ကျင်းပလေ့ရှိသည်။

ယခင်နှစ်များက နိဗ္ဗာန်ကျွန်းသည် ပြိုင်ပွဲကို ဘယ်သောအခါမှ ပျက်ကွက်လေ့မရှိသော်လည်း ယခုနှစ်တွင်မူ နိဗ္ဗာန်ကျွန်းဘက်က မည်သူမှပေါ်မလာခဲ့ပေ။ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော မာလင်မှော်ကျောင်းတော်က စေလွှတ်လိုက်သည့် ဇီးကွက်များမှာလည်း သူတို့နှင့် အဆက်အသွယ်မရခဲ့ချေ။ စေလွှတ်လိုက်သော ဇီးကွက်တစ်ကောင်မှ ပြန်မလာခဲ့သလို နိဗ္ဗာန်ကျွန်းတစ်ခုလုံးလည်း လေထဲတွင် ပျောက်ကွယ်သွားသည့်နှယ် ဖြစ်နေတော့သည်။

သို့သော် ကျောင်းကြီးငါးကျောင်းကြားတွင် ကြိုတင်သဘောတူညီချက် ရှိထားသောကြောင့် ဖိတ်ကြားခြင်းမရှိဘဲ ဟွာရှားနိုင်ငံထဲသို့ ဝင်ရောက်ရန် မဝံ့ရဲခဲ့ကြပေ။ ယခုတစ်ကြိမ်က ပထမဆုံးအကြိမ်ပင်။

"ဘယ်လိုထင်လဲ။ နိဗ္ဗာန်ကျွန်းတစ်ခုလုံး အမြစ်ပြတ်သွားပြီလို့ ထင်လား"

မာလင်မှော်ကျောင်းတော်မှ ဒီယန်ပိုဒေါ့က မေးလိုက်၏။

"ပြောရခက်တယ်"

ကျူရစ်စစ်သည်တော်ကျောင်းမှ ကျောင်းအုပ်ကြီးကျူရစ်က ဝင်ပြောသည်။

"ငါကြားတာတော့ ဟွာရှားက စိတ်စွမ်းအားရှင်လောကကို လုံရှားတပ်ဖွဲ့က လွှမ်းမိုးထားပေမဲ့ ရှေးဟောင်းသိုင်းလောကကတော့ တော်တော်လေးရှုပ်ထွေးတယ်တဲ့။ ဂိုဏ်းတွေက ပျက်သွားလိုက်၊ ဂိုဏ်းအသစ်တွေ အစားထိုးလိုက်နဲ့... တစ်နေ့နေ့ကျရင် ပိုအင်အားကြီးတဲ့အဖွဲ့တစ်ခုက နိဗ္ဗာန်ကျွန်းရဲ့နေရာကို အစားထိုးသွားရင်လည်း အံ့သြစရာတော့မဟုတ်ပါဘူး"

"ဒါဆိုရင် ဒီကိစ္စက ထူးရှယ်နတ်ဘုရားကျောင်းတော်နဲ့ သက်ဆိုင်နေတယ်လို့ ထင်လား"

"ဖြစ်နိုင်ခြေများတယ်။ မဟုတ်ရင် ဒီကျောင်းက တစ်နှစ်အတွင်းမှာ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး တိုးတက်လာပြီး ဟွာရှားရှေးဟောင်းသိုင်းလောကရဲ့ မြင့်မြတ်နယ်မြေတစ်ခု ဖြစ်လာနိုင်မှာလဲ"

"ကြားထားတာတော့ သူတို့က အစဉ်အလာမဟုတ်တဲ့ နည်းလမ်းတွေနဲ့ ကျောင်းသားတွေကို အကြီးအကျယ် ခေါ်ယူနေတာတဲ့။ ဒါကိုကြည့်ရင် သူတို့ရဲ့သင်ကြားရေးအရင်းအမြစ်တွေနဲ့ အင်အားက တော်တော်တောင့်တင်းပုံရတယ်။ အရင်တုန်းက နိဗ္ဗာန်ကျွန်းဆိုရင် တစ်နှစ်ကို ကျောင်းသား တစ်ဒါဇင်လောက်ပဲ ခေါ်တာမလား။ ကျုပ်သိသလောက်ဆိုရင် ဒီတစ်ခေါက် ထူးရှယ်နတ်ဘုရားကျောင်းတော်က ကျောင်းသားအရေအတွက် တစ်သောင်းကျော်တောင် လက်ခံထားတာတဲ့"

"ဒီတစ်ခေါက် ကျုပ်တို့လူစုကြတာက ရိုးရိုးရှင်းရှင်း ပညာဖလှယ်ပွဲသက်သက်တော့ မဟုတ်လောက်ဘူး။ ဘာပဲဖြစ်ဖြစ် အားလုံးသတိထားကြတာပေါ့"

"အင်း... အရင်ဆုံး တောင်ခြေကို သွားကြတာပေါ့။ ထူးရှယ်နတ်ဘုရားကျောင်းတော်က ကျုပ်တို့ကို လာကြိုဖို့ လူလွှတ်ထားတယ်လို့ပြောတယ်"

လူပေါင်းဆယ်ဂဏန်းခန့်က လူသွားလမ်းလေးအတိုင်း တောင်ခြေသို့ လျှောက်လာခဲ့ကြသည်။ ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ကျောင်းခွဲကို တည်ထောင်ပြီးကတည်းက ချန်မိသားစုကလွဲ၍ မည်သည့်ယာဉ်ကိုမှ ဤဧရိယာထဲသို့ ဝင်ခွင့်မပြုတော့ပေ။

"ခင်ဗျားတို့ရော သတိထားမိကြလား။ ဒီနေရာမှာ စွမ်းအင်တွေအများကြီးရှိတယ်"

"ကျုပ်လည်း ခံစားမိတယ်။ သာမန်နေရာတွေထက် အနည်းဆုံး နှစ်ဆလောက် ပိုသိပ်သည်းနေတာ"

"ဟွာရှားက တကယ့်ရတနာမြေပဲ။ အရင်တုန်းက ဘယ်နိုင်ငံကမှ သူတို့ကို မသိမ်းပိုက်နိုင်ခဲ့တာ နှမြောစရာကောင်းလိုက်တာ"

"ဟွန်း... တကယ်လို့များ ဒီထူးရှယ်နတ်ဘုရားကျောင်းတော်ဆိုတာက အသုံးမကျတဲ့ကျောင်းတစ်ကျောင်းသာဆိုရင် ငါတို့ သူတို့နေရာကို ဝင်ယူလိုက်ရင်ရော ဘယ်လိုလဲ။ လုံရှားတပ်ဖွဲ့ပဲဖြစ်ဖြစ် ဟွာရှားက ရှေးဟောင်းသိုင်းအဖွဲ့အစည်းတွေပဲဖြစ်ဖြစ် ဘယ်သူကမှ ငါတို့ကို ယှဉ်နိုင်မှာမဟုတ်ဘူး"

"ဟားဟားဟား"

မူလတုန်းက ဤနေရာမှာ တောင်ကတုံးတစ်ခုသာ ဖြစ်သော်လည်း ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ကျောင်းခွဲဝင်းအတွင်း၌ ကျန်းမုန့်လောင်က အစီအရင်ကျွမ်းကျင်သော ဆရာအများအပြားကို ခေါ်ယူကာ စွမ်းအင်စုစည်းသည့် အစီအရင်များကို တည်ဆောက်ထားကြောင်း သူတို့မသိကြရှာပေ။ ထိုအစီအရင်များကြောင့် စွမ်းအင်သိပ်သည်းဆမှာ ဆယ်ဆမက တိုးပွားနေခြင်းပင်။

ယခု သူတို့အာရုံခံမိသည်မှာ ထူးရှယ်နတ်ဘုရားကျောင်းတော်မှ စိမ့်ထွက်လာသော စွမ်းအင်အနည်းငယ်မျှသာ ရှိသေးသည်။ တောင်ပေါ်သို့ ဆက်တက်သွားပါက ပိုမိုသိပ်သည်းသော စွမ်းအင်များကို တွေ့ရပေဦးမည်။

"တစ်ဆိတ်လောက်... ခင်ဗျားတို့က မာလင်မှော်ကျောင်းတော်ရဲ့ကျောင်းအုပ် ဒီယန်​ပိုဒေါ့၊ စိတ်စွမ်းအားရှင်​ကျောင်းတော်ရဲ့ကျောင်းအုပ်ရိုဂျယ်၊ ကျူရစ်စစ်သည်တော်ကျောင်းရဲ့ကျောင်းအုပ် ကျူရစ်နဲ့ ပီတာမန်းသူရဲကောင်းကျောင်းတော်ရဲ့ကျောင်းအုပ် ဆိုင်ရယ်ဟီရစ်တို့လား"

သူတို့ တောင်ပေါ်သို့ ဆက်တက်ရန် ပြင်နေချိန်မှာပင် ပေါ့ပေါ့ပါးပါးဝတ်စားထားသော လူငယ်တစ်ယောက်က တောင်ပေါ်က ဆင်းလာလေသည်။

သို့သော် ထိုလူငယ်၏ပုံစံမှာ သူတို့ စိတ်ကူးထားသည်နှင့် တခြားစီပင်။

စိတ်စွမ်းအားရှင်ဆိုသူများမှာ ကောင်းကင်ပေါ်၌ နတ်ဘုရားများသဖွယ် ပျံတတ်ကြသလို မီးတောင်ချော်ရည်များနှင့် ရေခဲပြင်များပေါ်တွင်လည်း နင်းလျှောက်လာတတ်ကြသည်။ ယခင်က သူတို့တွေ့ဖူးသည့် နိဗ္ဗာန်ကျွန်းသူကျွန်းသားများဆိုလျှင် ဓားပျံစီးနင်း၍ ကောင်းကင်ဘုံက ဆင်းသက်လာသူများနှယ် ပျံသန်းလာလေ့ရှိသည်။

သို့သော် သူတို့ကိုလာကြိုသော ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ဤလူကမူ လမ်ဘော်ဂီနီတံဆိပ် လျှပ်စစ်စကူတာတစ်စီးကိုစီး၍ ရောက်လာခြင်းပင်။

ဒါကများ ဒဏ္ဍာရီလာမှော်ပညာနဲ့ နည်းပညာရဲ့ ပေါင်းစပ်မှုကြီးလား။

ကြည့်ရသည်မှာ လုံးဝအိုးနင်းခွက်နင်းနိုင်လှ၏။

"ဟုတ်တယ်။ ငါတို့ပဲ။ မင်းက ထူးရှယ်နတ်ဘုရားကျောင်းတော်က လာကြိုတာလား"

"ဟုတ်ပါတယ်..."

ထိုလူငယ်က ဘရိတ်ကိုဖိညှစ်ရင်း ဖြေလိုက်သည်။

"ကျွန်တော့်နာမည်က ချန်ယွီဟန်ပါ။ ထူးရှယ်နတ်ဘုရားကျောင်းတော် ကျန်းနန်မြို့ကျောင်းခွဲက ပထမနှစ်ကျောင်းသားပါ။ ကျွန်တော်နဲ့ လိုက်ခဲ့ကြပါ။ ကျွန်တော်တို့ကျောင်းအုပ်ကြီးနဲ့ ဆရာတွေက တောင်ပေါ်မှာ စောင့်နေကြပါတယ်"

"ခဏနေပါဦး"

ကျောင်းအုပ်ဒီယန်ပိုဒေါ့က ထိုလူငယ်ကို ချက်ချင်းပင် တားလိုက်သည်။

"မင်းတို့ကျောင်းအုပ်ကြီးကိုယ်စား မင်းတစ်ယောက်တည်း လာကြိုတာလား"

"ဟုတ်တယ်ဗျ"

ထိုလူငယ်က သက်ပြင်းချလိုက်လေသည်။

"မတတ်နိုင်ဘူးလေ။ ကျွန်တော်က ကျောင်းအပ်တာနောက်ကျတော့ စွမ်းရည်က အညံ့ဆုံးဖြစ်နေတာကိုး။ အဲ့ဒါကြောင့် စီနီယာတွေက ညစ်ပတ်ပြီး ပင်ပန်းရတဲ့အလုပ်မှန်သမျှ ကျွန်တော့်ဆီ ပုံချထားကြတာ။ ကျွန်တော်လည်း ဘာမှမတတ်နိုင်ပါဘူး"

"မင်းစကားက ဘာအဓိပ္ပါယ်လဲ"

"ငါတို့ကို လာကြိုတာက ညစ်ပတ်ပြီး ပင်ပန်းတဲ့အလုပ်လို့ ပြောချင်တာလား"

"မင်းတို့ ထူးရှယ်နတ်ဘုရားကျောင်းတော်က ငါတို့ကို အထင်သေးတာလား"

သူတို့က ကမ္ဘာ့ထိပ်တန်း ကျောင်းကြီးလေးကျောင်း၏ ကျောင်းအုပ်ကြီးများ၊ အရာရှိကြီးများနှင့် ပါရမီရှင်ကျောင်းသားများ ဖြစ်ကြသည်။ နိဗ္ဗာန်ကျွန်းအရှင်ကိုယ်တိုင်ပင် သူတို့ ဟွာရှားနိုင်ငံသို့ လာရောက်လည်ပတ်တိုင်း ကိုယ်တိုင်ကိုယ်ကျ ထွက်ကြိုကာ ယဉ်ကျေးစွာ ဆက်ဆံရသည်။

ယခုမူ ထူးရှယ်နတ်ဘုရားကျောင်းတော်က စွမ်းရည်အညံ့ဆုံး ကျောင်းသားတစ်ယောက်ကို လွှတ်လိုက်သည့်အပြင် ထိုကောင်လေးကလည်း မလိုလားသည့်မျက်နှာပေးမျိုး လုပ်ပြနေလေရာ သူတို့အနေနှင့် မည်သို့သည်းခံနိုင်မည်နည်း။

"ဟုတ်တယ်။ ခင်ဗျားတို့ကို အထင်သေးနေတာ။ ခင်ဗျားတို့မှာ ကျွန်တော်တို့ လေးစားရလောက်တဲ့ အချက် ဘာရှိလို့လဲ"

မျှော်လင့်မထားပါဘဲ ချန်ယွီဟန်ဟူသော လူငယ်လေးက ဟန်ဆောင်ယဉ်ကျေးမနေတော့ဘဲ တည့်တိုးပြန်ပြောလိုက်တော့သည်။

ငယ်ရွယ်ပြီး ရဲရင့်လိုက်သည့်ဖြစ်ခြင်း။ လွှမ်းမိုးနိုင်စွမ်းရှိသော လေသံနှင့် ဟန်ပန်ကလည်း အပြည့်ပင်။

"မင်းတို့ ထူးရှယ်နတ်ဘုရားကျောင်းတော်က ဧည့်သည်ကို ဒီလိုဆက်ဆံတာလား"

"ဒါက ကျွန်တော်တို့ရဲ့သဘောထားပဲ။ လက်ခံနိုင်ရင် တက်ခဲ့။ လက်မခံနိုင်ရင် လစ်တော့"

All Chapters