← Chapters

ဟွာရှားသရဲကိုနှင်ဖို့ အနောက်တိုင်းမှော်ပညာကို သုံးမယ်ပေါ့

Vol. 51 Ch. 762

ဟွာရှားသရဲကိုနှင်ဖို့ အနောက်တိုင်းမှော်ပညာကို သုံးမယ်ပေါ့

Vol. 51 Ch. 762

"ကောင်စုတ်လေး... မင်းတို့ကျောင်းအုပ်ကြီးတောင် ငါတို့ကို ဒီလိုစကားမျိုး မပြောရဲဘူး"

ချန်ယွီဟန်၏ သဘောထားကြောင့် သူတို့ လုံးဝ ဒေါသထွက်သွားရသည်။ သူတို့ ထူးရှယ်နတ်ဘုရားကျောင်းတော်သို့ လာရသည့်ရည်ရွယ်ချက်မှာ အာဏာပြရန် ဖြစ်သော်လည်း ကျောင်းအုပ်ကြီးကို အရိပ်အယောင်မျှ မတွေ့ရသေးခင်မှာပင် ပထမနှစ်ကျောင်းသားတစ်ယောက်၏ စော်ကားမှုကို ခံလိုက်ရသည်။

"ဖူးးးးးး…"

ချန်ယွီဟန်က မဲ့ပြုံးပြုံးလိုက်သည်။

"ကျွန်တော်တို့ကျောင်းအုပ်ကြီးသာ ဒီမှာရှိရင် ခင်ဗျားတို့ စကားပြန်ပြောနိုင်မှာတောင် မဟုတ်ဘူး။ ကျွန်တော်တို့ကျောင်းအုပ်ကြီးရဲ့ နာမည်ပြောင်က ဘာလဲဆိုတာ သိလား။ လူသား အသား... အယ်… မှားလို့... လူသားကီးဘုတ်ဖိုက်တာ...နတ်ဘုရားကျွမ်းဗျ။ ခင်ဗျားတို့ အိမ်ထောင်စုစာရင်းထဲမှာ လူနာမည်ကျန်နေသေးသရွေ့ မနက်ဖြန် ဧည့်ခံပွဲလုပ်လို့ရတယ်"

"ခင်ဗျားတို့ ဘာကိစ္စနဲ့လာတာလဲဆိုတာ ကျွန်တော်တို့ မသိဘူးများထင်နေတာလား"

ချန်ယွီဟန်က ပြောလိုက်သည်။ ချန်မိသားစုဝင်တစ်ယောက် ဖြစ်သည့်အားလျော်စွာ ရှေးဟောင်းသိုင်းလောကတွင် သူ့အဆင့်အတန်းမှာ မြင့်မားလှ၏။ သတင်းလာပို့သူမှာ ရှေးဟောင်းသိုင်းမိသားစုတစ်ခု၏တံခါးကို ကန်ဖွင့်ခဲ့ပြီး ဂုဏ်သိက္ခာကြီးမားသော ရှေးဟောင်းသိုင်းမျိုးနွယ်စုများမှ သားသမီးအချို့ကိုပင် ဒဏ်ရာရစေခဲ့သည်။

ကျန်းမုန့်လောင်တစ်ယောက် ထိုသတင်းကို ကြားသည်နှင့် ချက်ချင်းတုံ့ပြန်ရန် အမိန့်ပေးခဲ့သည်။ သူတို့က နှီးနှောဖလှယ်ပွဲလုပ်ချင်သတဲ့လား။

ကောင်းပြီလေ... သူတို့ကို ယဉ်ကျေးမှုအကြောင်း သင်ပေးရတာပေါ့....

ဒုတိယကမ္ဘာ၏စည်းမျဉ်းနှင့် ကျောင်းကြီးငါးကျောင်း၏ သဘောတူညီချက်များအရ သူတို့အနေနှင့် ဟွာရှားနိုင်ငံသို့ လာရောက်လည်ပတ်လျှင်ပင် နိုင်ငံနယ်နိမိတ်အပြင်ဘက်၌ စောင့်ရမည်ဖြစ်၏။ ထို့နောက် နိဗ္ဗာန်ကျွန်းသားများက သူတို့ကို အတွင်းသို့ ခေါ်ဆောင်ပေးရမည်ဖြစ်၏။

သို့သော် သူတို့က နှုတ်ခွန်းဆက်သခြင်းပင် မပြုဘဲ ထူးရှယ်နတ်ဘုရားကျောင်းတော်တည်ရှိရာ တောင်ပေါ်သို့ တန်းတန်းမတ်မတ်ရောက်လာခဲ့ကြလေရာ ပြင်းထန်လှသော ရန်စမှုတစ်ရပ်အဖြစ် သတ်မှတ်နိုင်သည်။

"တော်ပြီ။ ကျွန်တော် ခင်ဗျားတို့ကို ဧည့်ခံမနေနိုင်တော့ဘူး။ တက်ချင်ရင် ကိုယ့်ဘာသာတက်လာကြတော့။ ကျွန်တော်က စာလုပ်စရာရှိသေးတယ်။ သွားပြီ"

ကျောင်းအုပ်ကြီးများက ချန်ယွီဟန်ကို ဖမ်းချုပ်ပြီး သင်ခန်းစာပေးရန် ပြင်လိုက်ကြသော်လည်း ခေါင်းမာသော ဤကောင်လေးက ပုံစံခွက်ထဲမှ ဖောက်ထွက်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။ သူက စကူတာကို တစ်ဖက်လှည့်၍ တောင်ပေါ်သို့ တန်းတန်းမတ်မတ် မောင်းတက်သွားတော့သည်။

သို့သော် ထူးဆန်းသည်မှာ မီတာအနည်းငယ်မျှ သွားပြီးနောက် သူ ပေါ်လာစဉ်ကအတိုင်း လျှို့ဝှက်ဆန်းကြယ်စွာဖြင့် မျက်စိရှေ့က ပျောက်ကွယ်သွားသည်။

"ဘယ်လိုလုပ်ကြမလဲ။ တောင်ပေါ်ကို ဆက်တက်ကြမလား"

ဆိုင်ရယ်၏မျက်နှာမှာ ဒေါသကြောင့် နီရဲနေပြီး သူ မည်မျှပေါက်ကွဲနေကြောင်း ပြသနေသည်။ ဤဟွာရှားလူမျိုးများက အမှန်တကယ်ပင် အရှက်မရှိကြပေ။ လူကို စော်ကားပြီးသည်နှင့် ထွက်ပြေးသွားကြသတဲ့လား။

"ဒါပေါ့... တက်ရမှာပေါ့"

ကူလာက ဒေါသတကြီး ပြောလိုက်သည်။ သူတို့ထဲတွင် ရန်လိုစိတ်အပြင်းထန်ဆုံးဖြစ်သည့် သူက ယခုလိုအရှက်ခွဲမှုမျိုးကို မည်သို့သည်းခံနိုင်မည်နည်း။

ထူးရှယ်နတ်ဘုရားကျောင်းတော်၏ သဘောထားက ​ဖြေရှင်းချက်တစ်ခုပေးရန် လိုပေသည်။ ထို့ပြင် သူတို့တွင် ဘယ်လိုစွမ်းရည် ရှိနေ၍များ ဤမျှအထိ မောက်မာနေရသလဲဆိုသည်ကို ကိုယ်တိုင်ကြည့်ချင်သေးသည်။ သူတို့က နိဗ္ဗာန်ကျွန်းထက် ပိုအားကောင်းလျှင်ပင် သူတို့၏ကျောင်းလေးကျောင်း ပေါင်းထားသည်ထက် ပိုသာနိုင်မည်လော။

"မလောကြပါနဲ့"

ကျောင်းအုပ်ကြီးပိုဒေါ့က ပြောလိုက်သည်။

"ဒီကျောင်းက တကယ်မရိုးရှင်းဘူး။ လုနကကောင်လေး ဘယ်နေရာမှာ ပျောက်သွားလဲဆိုတာကြည့်ကြည့်လိုက်။ နိဗ္ဗာန်ကျွန်းလိုပဲ ဒီနေရာမှာလည်း မမြင်ရတဲ့ အကာအကွယ်အတားအဆီးတစ်ခု ရှိနေတာ သေချာတယ်"

"ကျောင်းအုပ်ပိုဒေါ့... ခင်ဗျားက ထိပ်တန်းမှော်ပညာရှင်တစ်ယောက်ပဲလေ။ ဒါက ခင်ဗျားရဲ့ ကျွမ်းကျင်မှုမဟုတ်လား"

"ဒါပေါ့။ ငါ့နောက်လိုက်ခဲ့ကြ"

ကျောင်းအုပ်ပိုဒေါ့က သူ့မှော်တုတ်တံကို ဝှေ့ယမ်းလိုက်လေရာ တစ်ကိုယ်လုံး အနက်ရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး တောင်ပေါ်သို့ ပျံတက်သွားတော့သည်။

မာလင်မှော်ကျောင်းတော်ရှိ အခြားအဖွဲ့ဝင်များလည်း ထိုနည်းတူပြုလုပ်လိုက်ကြလေရာ မြင်ကွင်းမှာ ဟယ်ရီပေါ်တာဇာတ်လမ်းထဲရှိ Dead Eaterများ ပျံသန်းလာသည်နှင့် တူနေလေတော့သည်။

"သွားကြစို့... လိုက်ကြဟေ့"

အခြားကျောင်းသုံးကျောင်းမှ အဖွဲ့ဝင်များလည်း သူတို့၏စွမ်းအင်များကို ထုတ်သုံးကာ မမြင်ရသော အတားအဆီးထဲသို့ အလုအယက်ဝင်ရောက်သွားကြ၏။

…

"ဒါက ဘယ်နေရာလဲ"

အလွှာပါးလေးကို ဖြတ်သန်းပြီးနောက် သူတို့၏ ပတ်ဝန်းကျင်အနေအထားမှာ ရုတ်ခြည်း ပြောင်းလဲသွားသည်။ လူသူကင်းမဲ့ပုံရသော တောင်ကတုံးတစ်ခု ဖြစ်သော်လည်း ယခုမူ မြူခိုးများဖုံးလွှမ်းနေသော မက်မွန်ပွင့်တောအုပ်တစ်ခုထဲသို့ မတော်တဆရောက်သွားကြသည်။

"ဒါက ဟွာရှားလူမျိုးတွေခေါ်တဲ့ 'အစီအရင်'ဆိုတဲ့အရာ ဖြစ်လောက်တယ်"

ကျောင်းအုပ်ရိုဂျယ်က ပြောလိုက်သည်။

"ဟွာရှားရှေးဟောင်းသိုင်းပညာဂိုဏ်းအများစုရဲ့ ဂိတ်တံခါးဝတွေမှာ ဒီလိုနေရာမျိုးတွေ ရှိတတ်ကြတယ်။ ဒါပေမဲ့ တော်တော်များများက သိပ်အစွမ်းထက်လှတယ်ရယ်တော့ မဟုတ်ဘူး"

"ဟွန်း... ဟွာရှားလူမျိုးတွေက ဆန်းကြယ်အောင် လုပ်ရတာ ကြိုက်ကြတယ်ပေါ့"

ကျောင်းအုပ်ပိုဒေါ့က မဲ့ရွဲ့ကာ ပြောလိုက်သည်။

"ငါ ဒီမက်မွန်တောအုပ်ကို မီးရှို့ပစ်လိုက်မယ်။ ပြီးရင် သူတို့ ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ကျောင်းအုပ်ပိုဒေါ့က သူ့မှော်တုတ်တံကို ဝှေ့ယမ်းလိုက်လေရာ ပတ်ဝန်းကျင်ရှိ မက်မွန်တောအုပ်ကြီးမှာ ချက်ချင်းဆိုသလို ပြင်းထန်လှသော မီးတောက်များကြောင့် တောက်လောင်သွားလေတော့သည်။

"ရွှစ်... ရွှစ်... ရွှစ်"

ထိုအခိုက်အတန့်ဝယ် မက်မွန်ပွင့်ဖတ်များက ဓားသွားများအလား အရပ်မျက်နှာအနှံ့မှ ထွက်လာကြသည်။

စိတ်စွမ်းအားရှင်များနှင့် မှော်ပညာရှင်များမှာ ကြိုတင်ပြင်ဆင်ထားခြင်းမရှိသဖြင့် ခန္ဓာကိုယ်ပေါ်၌ ပြတ်ရှဒဏ်ရာများ ရကုန်ကြသည်။

"လက်နက်ပုန်းတွေပဲ... ဟွာရှားလူမျိုးတွေရဲ့ လက်နက်ပုန်းတွေ"

ချက်ချင်းတုံ့ပြန်လိုက်နိုင်သော စိတ်စွမ်းအားရှင်များက ပန်းပွင့်ဖတ်အားလုံးကို တားဆီးရန် ရေခဲတံတိုင်းတစ်ခုကို ဖန်တီးလိုက်ကြသည်။ ပန်းပွင့်ဖတ်များမှာ စွမ်းအားပြင်းထန်သော်လည်း သာမန် နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင်များကိုသာ ဒဏ်ရာရစေနိုင်ပြီး ဤစိတ်စွမ်းအားရှင်များနှင့် မှော်ပညာရှင်များအတွက်မူ အငိုက်မိသွားလျှင်ပင် ပွန်းပဲ့ဒဏ်ရာလောက်သာ ရစေနိုင်သည်။

…

ထောင့်တစ်နေရာတွင်မူ ကင်မရာတစ်လုံးဆီက အနီရောင်မီးမှိန်မှိန်လေးတစ်ခု လင်းလက်နေသည်။ တောင်ထိပ်တွင်မူ ကျန်းမုန့်လောင်နှင့် ကျောင်းသားတစ်စုက လေအေးပေးစက်တပ်ထားသော အခန်းထဲတွင်ထိုင်ကာ နို့လက်ဖက်ရည်သောက်ရင်း မုန့်စားနေကြသည်။

"ချန်ဖန်းယွမ်... မင်း အစီအရင်ကို ကောင်းကောင်းခင်းကျင်းထားတာပဲ။ ဒါက ဆရာကြီးဟွမ်းရဲ့ မဟာကြယ်တာရာအစီအရင်နှစ်ဆယ့်ရှစ်မျိုးမဟုတ်လား"

"ကျွန်တော်က အဲ့ဒီအဆင့်ကို မရောက်သေးပါဘူးဗျာ။ အခြေခံလောက်ပဲ တတ်ပါသေးတယ်။ ဆရာဟွမ်းကိုယ်တိုင် အစီအရင်ချထားတာဆိုရင် ကျွန်တော်တို့ အခုလောက်ဆိုရင် စားပွဲသောက်ပွဲ ကျင်းပဖို့ ပြင်နေရလောက်ပြီ။ ဒါက သူတို့ကို အများကြီးထိခိုက်အောင် မလုပ်နိုင်ပေမဲ့ ထွက်ဖို့တော့ မလွယ်‌လောက်ဘူး။ သုံးနာရီကနေ ငါးနာရီလောက်အထိ ပိတ်ထားဖို့ကတော့ အသာလေးပဲ"

"သုံးနာရီကနေ ငါးနာရီလား"

ကျန်းမုန့်လောင်၏ အမူအရာကား ချက်ချင်းပြောင်းလဲသွားသည်။

"ဒီပစ်မှတ်အသေးစားလေးတွေကို ငါ မိနစ်ပိုင်းအတွင်း ဖြေရှင်းနိုင်ပါတယ်ဆိုမှ မင်းက ငါ့ကို ဒီမှာထိုင်ပြီး သူတို့ မျောက်ကကနေတာကို ထိုင်ကြည့်ခိုင်းနေတာလား။ လာနောက်နေတာလား။ မိနစ်ပိုင်းဆိုရင် လုံလောက်တာထက်တောင် ပိုနေပြီ"

ချန်ဖန်းယွမ်ခမျာ ချွေးစေးများ ပြန်လာတော့သည်။

"ကျောင်းအုပ်ကြီး... စိတ်မဆိုးပါနဲ့ဗျာ။ ကျွန်တော့်မှာ နည်းလမ်းရှိပါတယ်။ သူတို့ကို ခေါ်ထုတ်ဖို့ လူလွှတ်လိုက်ပါ့မယ်"

"ချန်ရှောင်ယွမ်... ရှောင်းးယွမ်"

ချန်ရှောင်ယွမ်မှာ အသက်ခြောက်နှစ်အရွယ် မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဆံကျစ်လေးဖြင့် ချန်ပင်းယွီနောက်သို့ အမြဲတကောက်ကောက် လိုက်ကာ အန်တီဟု ခေါ်လေ့ရှိသည်။ သို့သော် ဤမိန်းကလေးမှာ ထူးခြားသောပါရမီရှိပြီး ထူးရှယ်နတ်ဘုရားကျောင်းတော်၏ တရားဝင်ကျောင်းသားတစ်ဦးလည်း ဖြစ်၏။ သူ(မ)က ကျောင်းတွင် တစ်နှစ်နီးပါး ပညာသင်ကြားခဲ့ပြီး ယခုမူ ဒုတိယတန်းကျောင်းသူပင် ဖြစ်နေချေပြီ။ သူ(မ)ထက် အသက်များစွာ ပိုကြီးသူများပင် သူ(မ)ကို စီနီယာအစ်မဟု ခေါ်ကြရသည်။

ချန်ရှောင်ယွမ်မှာ စုန်းမငယ်လေးတစ်ယောက်ဖြစ်ပြီး ကျန်းမုန့်လောင်ပင် သူ(မ)ထံတွင် ရှုံးခဲ့ဖူးသည်။

"အစ်ကိုကြီး... သမီးကိုဘာခိုင်းမလို့လဲ"

ချန်ရှောင်ယွမ်က ရေခဲမုန့်ကိုလျက်ရင်း အပြစ်ကင်းစင်သော ပုံစံလေးဖြင့် မေးလိုက်သည်။

"အစ်ကိုကြီးကို ကူညီပါဦး။ ဟိုဦးဦးတွေနဲ့ ဒေါ်ဒေါ်တွေကို အပြင်ခေါ်ထုတ်ပေးမလား"

ချန်ဖန်းယွမ်က မျက်နှာလိုမျက်နှာရဖြင့် ပြောလိုက်၏။ ဤကိစ္စများတွင် ညီမဖြစ်သူက သူ့ထက် ပိုစွမ်းဆောင်နိုင်သည်။

"ဈေးကြီးမယ်နော်"

ချန်ရှောင်ယွမ်က လက်ဖြန့်လိုက်၏။

"မုန့်ဖိုးတစ်ရာပေး"

ချန်ဖန်းယွမ်ကလည်း ချန်ရှောင်ယွမ်ကို မော်နီတာရှေ့သို့ ပွေ့ချီလိုက်သည်။

"ရှောင်ယွမ်... ကြည့်စမ်း... ဒီဦးဦးတွေနဲ့ ဒေါ်ဒေါ်တွေက အရမ်းချမ်းသာတာ။ ညီမလေးသာ သူတို့ကို အပြင်ခေါ်ထုတ်ပေးရင် သူတို့က ဆုငွေတွေတောင် ပေးချင်နေကြမှာ"

"တကယ်လား"

ပိုက်ဆံအကြောင်း ကြားလိုက်သည်နှင့် ချန်ရှောင်ယွမ်၏ မျက်လုံးများမှာ လခြမ်းကွေးလေးများသဖွယ် ဖြစ်သွားတော့သည်။

"သမီး အခုချက်ချင်း သွားလိုက်မယ်။ သမီးဟာကို ဘယ်သူမှ လာမလုကြနဲ့နော်"

ပြောပြီးသည်နှင့် မိန်းကလေးက ခြေလှမ်းခပ်သွက်သွက်ဖြင့် ပြေးထွက်သွားတော့သည်။

"ဒီလူတွေကတော့..."

ကျန်းမုန့်လောင်မှာမူ သနားနေဟန်ဖြင့် ကြည့်လိုက်သည်။

"သူတို့တော့ ကံဆိုးတော့မှာပဲ"

…

မက်မွန်ပွင့်ကျည်ဆန်များက ငါးမိနစ်ခန့်ကြာအောင် ပစ်ခတ်ပြီးနောက် ရပ်တန့်သွားသည်။ ကျောင်းကြီးလေးကျောင်းမှ လူများလည်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ကြလေရာ မက်မွန်ပွင့်များမှာ ပျောက်ကွယ်သွားသော်လည်း ထူးဆန်းသော ပုံရိပ်များစွာ ပေါ်လာကြောင်း တွေ့လိုက်ရသည်။

ထိုပုံရိပ်များက ခုန်ဆွခုန်ဆွဖြင့် သူတို့ထံသို့ လာနေကြပြီး ကြီးမားသောဖိအားကိုလည်း သယ်ဆောင်လာသည်။

"သရဲခြောက်တာလား"

စိတ်စွမ်းအားရှင်တစ်ယောက်က လက်မြှောက်ကာ လေ​ဓားသွားတစ်ခုကို ပစ်လွှတ်လိုက်ပြီး ပုံရိပ်တစ်ခု၏ခေါင်းကို ဖြတ်ချလိုက်သည်။

သို့သော် ထိုပုံရိပ်မှာ လဲကျမသွားဘဲ မြေပြင်ပေါ်ရှိ သူ့ခေါင်းကို ပြန်ကောက်ပြီး သူတို့ထံသို့ ဆက်လျှောက်လာသည်။

"တိုက်ခိုက်ကြဟေ့... တိုက်ခိုက်ကြ"

ရုတ်ခြည်းပင် မှော်ပညာနှင့် သဘာဝလွန်စွမ်းရည်များက ထိုပုံရိပ်ထံသို့ မိုးရွာချလိုက်သလို ကျရောက်သွားသည်။ သို့သော် ထိုအရာများမှာ လဲကျသွားပြီး ခန္ဓာကိုယ်များ ပျက်စီးသွားလျှင်ပင် လုံးဝ ဖျက်ဆီးမခံရသရွေ့ ပြန်ထလာကြပြန်သည်။

"ဒါတွေက ဘာကောင်တွေလဲဟ။ ဘာလို့ မသေကြတာလဲ"

"ဒါတွေက ဟွာရှားသရဲတွေလား"

"သရဲတွေနဲ့ ရောနေတာလား"

မာလင်မှော်ကျောင်းတော်မှ တစ်စုံတစ်ယောက်က ချက်ချင်း ရှေ့ထွက်လာသည်။

"ငါတို့ရဲ့မှော်ပညာက သေဆုံးပြီးသားဝိညာဉ်တွေအပေါ် အထိရောက်ဆုံးပဲ"

"သန့်စင်သောအလင်းမှော်ပညာ"

ပြင်းထန်သော အလင်းမှော်စွမ်းအားများ ပါဝင်သည့် တောက်ပလှသော အဖြူရောင်အလင်းတန်းများကို ထိုဝိညာဉ်ခန္ဓာများအား နှိမ်နင်းရန် ပစ်လွှတ်လိုက်ကြသည်။

သို့သော် စိတ်ပျက်စရာကောင်းသည်မှာ အလင်းတန်းများက ပုံရိပ်များကို ထိမှန်သွားသော်ကြား မည်သည့်အာနိသင်မှ မဖြစ်ပေါ်လာသည့်အပြင် သူတို့၏လှုပ်ရှားမှုများကိုပင် ဟန့်တားနိုင်စွမ်းမရှိပေ။

"ရွှစ်"

သူတို့ အံ့သြသွားရသည်မှာ ထိုပုံရိပ်များက ထူထဲသောမြူခိုးများထဲတွင် ပျံသန်းလာကြခြင်းပင်။

"အာ"

မှော်ပညာရှင်တစ်ယောက် အပြင်းအထန်ရိုက်ထုတ်ခံလိုက်ရသည်။

"သန့်စင်သောအလင်းမြား"

"ဘာဖြစ်တာလဲ။ ဘာလို့ ငါ့ရဲ့အလင်းမှော်က လုံးဝအလုပ်မဖြစ်ရတာလဲ"

"မဖြစ်နိုင်ဘူး"

…

"ခစ်ခစ်... ခစ်ခစ်"

ထိုအချိန်တွင် မိန်းကလေးတစ်ယောက်၏ တခစ်ခစ်ရယ်သံက မြူခိုးများအကြား ရုတ်တရက်ထွက်ပေါ်လာလေရာ သူတို့လည်း ကြက်သီးမွေးညင်း ထသွားလေတော့သည်။

"ဦးဦးတို့ ဒေါ်ဒေါ်တို့က အရမ်းတုံးကြတာပဲ။ ဒါတွေက သမီးတို့စီနီယာတွေလုပ်ထားတဲ့ ဇွန်ဘီတွေလေ။ ဟွာရှားသရဲတွေကိုတိုက်ခိုက်ဖို့ အနောက်တိုင်းမှော်ပညာကို သုံးမှတော့ ဘယ်လိုလုပ်ပြီး အလုပ်ဖြစ်မှာလဲလို့"

All Chapters