← Chapters

မီးကင်စားလိုက်ပြီ

Vol. 51 Ch. 765

မီးကင်စားလိုက်ပြီ

Vol. 51 Ch. 765

"ပိုက်ဆံ... ပိုက်ဆံချည်းပဲ"

စကားတစ်လုံးကို တစ်သန်းတဲ့လား။ "စကားတစ်ခွန်းက ရွှေတစ်ပိဿာတန်တယ်"ဟူသော စကားပုံပင် ဤမျှဈေးမကြီးပေ။

မြူခိုးအစီအရင်ထဲမှ ထွက်လာခဲ့ပြီးပြီ ဖြစ်သဖြင့် ထိပ်တန်းကျောင်းကြီးလေးကျောင်းရှိ လူများမှာ ကလေးစုတ်လေးတစ်ယောက်အတွက်နှင့် အချိန်ဖြုန်းရန် စိတ်ကူးမရှိကြတော့ပေ။ ထူးရှယ်နတ်ဘုရားကျောင်းတော်က ဘယ်လောက်စွမ်းအားကြီးမလဲဆိုသည်ကိုမူ ခဏအကြာတွင် ကိုယ်တိုင် သိရတော့မည်ဖြစ်၏။

"ဟေး... ဦးဦးတို့ မသွားကြနဲ့ဦးလေ"

"သမီး ဈေးလျှော့ပေးမယ်။ စကားတစ်လုံးကို ယူရို တစ်သိန်းပဲယူတော့မယ်။"

"မေးခွန်းတစ်ခုဖြေရရင် တစ်သန်းပဲပေး"

"ဝါး... ဝါး... ဝါး... ဒီလို ငွေရလွယ်တဲ့ ငတုံးငအတွေကို တွေ့ရခဲပါတယ်ဆိုမှ။ ဒီနေ့တော့ ဝင်ငွေနည်းသွားပြီ ဝါး... ဝါး... ဝါး"

…

"အဝေးကကြည့်တုန်းကတော့ ဒီတောင်က မီတာ နှစ်ရာသုံးရာလောက်ပဲ မြင့်မယ်ထင်တာ။ တကယ်တက်တော့ ဘာလို့ ဒီလောက်တောင်ပင်ပန်းနေရတာလဲ"

ထိုလူအုပ်စုမှာ မီတာလေးငါးရာခန့် တက်ခဲ့ရသည်ဟု ခံစားနေကြရသော်လည်း တောင်ခါးပန်းလောက်သာ ရောက်သေးသည်ဟု ထင်ရသည်။

"ဆရာတို့ ဒီမှာ လာကြည့်ပါဦး"

ရုတ်တရက်ဆိုသလိုပင် သူရဲကောင်းကျောင်းတော်မှ ကျောင်းသားတစ်ယောက်က အနီးအနားရှိ ကျောက်တုံးများပေါ်တွင် ထူးဆန်းသော အမှတ်အသားများကို တွေ့လိုက်ရသည်။ ထိုအရာများက ကျောက်သားထဲသို့ သုံးလက်မခန့်အထိ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေပြီး ဓားသွားဖြင့် ခုတ်ပိုင်းထားဟန်တူသည့် အားကောင်းလှသော အမှတ်အသားများပင်။

"အာ့"

ထိုကျောင်းသားက အမှတ်အသားကို လက်ဖြင့် လှမ်းထိလိုက်စဉ် သူ့လက်ချောင်းထိပ်မှတစ်ဆင့် စူးရှရှနာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီးနောက် ဆန်းကြယ်လှစွာပင် သူ့လက်ကိုင်ဖုန်းပေါ်တွင် ဓားရာတစ်ခု ပေါ်လာကာ သွေးများ ဖြည်းဖြည်းချင်း စီးကျလာတော့သည်။

"ဒါက ဓားချီပဲ"

ဆိုင်ရယ်က ပြောလိုက်သည်။

"နိဗ္ဗာန်ကျွန်းက အကြီးအကဲတစ်ယောက်နဲ့ လက်ရည်ယှဉ်တုန်းက သူ ရှင်းပြဖူးတယ်။ ဒီလိုဓားချီစွမ်းအင်မျိုး ရဖို့ဆိုရင် ဆယ်စုနှစ်နဲ့ချီပြီး ဓားသိုင်းလေ့ကျင့်ရတယ်တဲ့။ ပြီးတော့ ထျန်းယွမ်အဆင့် ရောက်ထားတဲ့ ရှေးဟောင်းသိုင်းပညာရှင်တွေကပဲ ကျောက်တုံးတွေ သစ်ပင်တွေပေါ်မှာ ဒီလို အမှတ်အသားတွေ ချန်ထားနိုင်တာ။ အဲ့ဒီအရာတွေက နှစ်ပေါင်းများစွာကြာတာတောင် မပျောက်ပျက်ဘူးတဲ့"

"ထူးရှယ်နတ်ဘုရားကျောင်းတော်မှာ ဒီလို ရှေးဟောင်းသိုင်းပညာရှင်မျိုး ရှိနေမယ်လို့ ထင်မထားဘူး"

ဆိုင်ရယ်က ဆက်ပြောလိုက်သည်။

"ဒီဓားချီစွမ်းအင်က နိဗ္ဗာန်ကျွန်းက အကြီးအကဲထက်တောင် ပိုစွမ်းအားကြီးနေသေးတယ်"

"တစ်"

"နှစ်"

"တစ်"

"နှစ်"

သူတို့တစ်သိုက် ဓားချီစွမ်းအင်ကြောင့် တုန်လှုပ်နေကြစဉ် မလှမ်းမကမ်းမှ တစ်ညီတစ်ညွတ်အော်သံများ ထွက်ပေါ်လာသည်။

အသံလာရာသို့ လိုက်သွားကြလေရာ တောင်ခါးပန်းရှိ ကွင်းပြင်ကျယ်တစ်ခုသို့ ရောက်သွားပြီး ထိုနေရာတွင် အဖြူရောင်ဝတ်စုံများကို ဝတ်ထားသည့် လူငယ်ယောကျာ်းမိန်းမများစွာ ဓားသိုင်းလေ့ကျင့်နေကြသည်ကို တွေ့လိုက်ရ၏။

"ဒါတွေက ထူးရှယ်နတ်ဘုရားကျောင်းတော်က ကျောင်းသားတွေလား"

သူတို့ဝတ်ထားသော အင်္ကျီရင်ဘတ်ပေါ်တွင် တူညီသော သင်္ကေတတစ်ခု ပါရှိပြီး ထိုအရာမှာ ကျောင်းတံဆိပ်ဖြစ်ပုံရသည်။

"ဟားဟားဟား... ဘယ်ခေတ်ရောက်နေပြီလဲ။ ဒီဟွာရှားလူမျိုးတွေက အခုထိ ဒီလိုဓားသိုင်းတွေကို လေ့ကျင့်နေတုန်းပဲလား"

"ဒီလိုအလှပြရုံသက်သက်ပဲရှိတဲ့ အကွက်တွေက ဘာလုပ်လို့ရမှာလဲ။ သိုင်းသင်တန်းကျောင်းတွေနဲ့ အတူတူပဲ မဟုတ်ဘူးလား။ ဒီလိုဓားသိုင်းမျိုးက ဘယ်လိုလုပ်ပြီး လူသတ်နိုင်မှာလဲ"

"ကြည့်ရတာ ထူးရှယ်နတ်ဘုရားကျောင်းတော်ဆိုတာလည်း သိပ်မဟန်ပါဘူး"

"ဒါက ဟွာရှားနိုင်ငံရဲ့ ထိုက်ကျိဓားသိုင်းမဟုတ်လား။ ကျန်းမာရေးလေ့ကျင့်ခန်းလောက်ပဲ သုံးလို့ရမှာပေါ့။ ဒီလောင်အဆင့်လေးကိုများ ငါတို့က ကြောက်နေမိသေးတယ်"

အခြားထိပ်တန်းကျောင်းကြီးလေးကျောင်းတွင် သူတို့၏သင်ကြားမှုနှင့် လေ့ကျင့်မှုများမှာ ဤကဲ့သို့သော အလှပြသဏ္ဍာန်များနှင့် နှိုင်းယှဉ်လျှင် ပိုမို ပြင်းထန်ခက်ခဲသည်။ သူတို့အမြင်တွင် ဤဓားသိုင်းများမှာ သာမန်အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားများ၏ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းနှင့် မခြားလှပေ။

သို့သော် နောက်တစ်ခဏတွင် သူတို့၏အမူအရာများမှာ လုံးဝပြောင်းလဲသွားလေတော့သည်။

ထိုဓားသိုင်းကကွက်များမှာ နှေးကွေးစွာ လှုပ်ရှားနေသော်လည်း ရုတ်တရက်ဆိုသလိုပင် ရေတွက်၍မရနိုင်သော ဓားရိပ်များနှင့် ဓားသွားအလင်းတန်းများမှာ သူတို့မျက်စိရှေ့တွင် ပေါ်လာပြီး ကွင်းပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ထိုအခါမှသာ ကွင်းပြင်အနီးရှိ မြေပြင်နှင့် နံရံများပေါ်တွင် ဓားရာနက်နက်များ ဖုံးလွှမ်းနေသည်ကို သူတို့ သတိထားမိလိုက်ကြသည်။

"ဓားချီစွမ်းအင်တွေ... ဒါတွေအကုန်လုံးက ဓားချီစွမ်းအင်တွေပဲ"

"မှော်ဒိုင်းကာ"

"ရေခဲဒိုင်းကာ"

မှော်ပညာရှင်များနှင့် စိတ်စွမ်းအားရှင်များမှာ လွတ်ထွက်လာသော ဓားချီစွမ်းအင်များကြောင့် ရုတ်တရက် ထိတ်လန့်သွားကြသည်။

"ထျန်းယွမ်အဆင့်အထက်ရောက်ထားပြီး ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ဓားသိုင်းလေ့ကျင့်ထားတဲ့ ရှေးဟောင်းသိုင်းပညာရှင်တွေက လူနဲ့ဓား တစ်သားတည်းဖြစ်မှ ဓားချီစွမ်းအင်ကို ပိုင်ဆိုင်နိုင်တာမဟုတ်ဘူးလား"

"အသက်နှစ်ဆယ်လောက်ပဲ ရှိသေးတဲ့ ဒီလူငယ်လေးတွေအားလုံးက ဘယ်လိုလုပ်ပြီး ဓားချီစွမ်းအင်ကို ပိုင်ဆိုင်ထားကြတာလဲ။ သူတို့က ဆေးတစ်မျိုးမျိုးသုံးပြီး ပြန်နုပျိုနေတဲ့ မကောင်းဆိုးဝါးအိုကြီးတွေများလား"

ထိုလူငယ်များ ရပ်တန့်သွားချိန်အထိ သူတို့မှာ ဆယ်စက္ကန့်ခန့်ကြာအောင် ဓားမုန်တိုင်း၏ မွှေနှောက်ခြင်းကို ခံလိုက်ရသည်။

ခေါင်းဆောင်ဖြစ်သူမှာ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ဖြစ်ပြီး ကျန်လူများထက် အသက်အနည်းငယ်ပိုကြီးဟန်တူကာ ရာထူးလည်း အနည်းငယ်ပိုမြင့်မားပုံရသည်။

"ကဲ... ဒီနေ့ရဲ့ မနက်ခင်းလေ့ကျင့်ခန်းကတော့ ဒီလောက်ပဲ။ အားလုံးပဲ ပြန်ပြီး ကောင်းကောင်း လေ့ကျင့်ကြ။ ရေမိုးချိုးပြီး အတန်းတက်ဖို့ပြင်ကြတော့"

မနက်ခင်း လေ့ကျင့်ခန်းတဲ့လား။ သူတို့က ဒီလို ကြောက်စရာကောင်းတဲ့ ဓားအစီအရင်ကို မနက်ခင်းလေ့ကျင့်ခန်းလို့ ခေါ်တယ်တဲ့လား။

ထူးရှယ်အဆင့် စိတ်စွမ်းအားရှင်တစ်ယောက်ပင် ဤဓားချီစွမ်းအင်များ ပြည့်နှက်နေသော ဓားအစီအရင်ထဲသို့ တစ်ယောက်တည်းဝင်သွားပါက သေလျှင်သေ၊ မသေလျှင်ပင် အရေခွံနွှာခံရသလို ဖြစ်သွားမည်။ သို့တိုင် သူတို့က မနက်ခင်းလေ့ကျင့်ခန်းလောက်ပဲ သဘောထားကြလေသလား။

"ခင်ဗျားတို့ ရောက်နေကြပြီကိုး"

ကျောင်းကြီးလေးကျောင်းမှ ကိုယ်စားလှယ်များမှာ ချောင်းကြည့်နေကြစဉ် သူတို့အနောက်မှ အသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာသည်။

ချောမောခန့်ညားသော လူငယ်တစ်ယောက်က သူတို့အနောက်တွင် ပြုံးဖြီးဖြီးလုပ်နေပေသည်။

"ခင်ဗျားတို့က ကျောင်းကြီးလေးကျောင်းက ကျောင်းအုပ်တွေနဲ့ ခေါင်းဆောင်တွေပဲ ဖြစ်ရမယ်။ ဘာလို့ ဒီမှာပုန်းနေကြတာလဲ။ တောင်ပေါ်မြန်မြန်တက်ကြလေ။ မဟုတ်ရင် ကျွန်တော်တို့က ဧည့်ဝတ်မကျေဘူးလို့ ပြောကြဦးမယ်"

"ဪ... ဟုတ်သားပဲ။ ကျွန်တော့်ကိုယ်ကျွန်တော် အရင်မိတ်ဆက်ပေးရဦးမယ်။ ကျွန်တော်က ထူးရှယ်နတ်ဘုရားကျောင်းတော်ရဲ့ကျောင်းအုပ် ကျန်းမုန့်လောင်ပါ။ နှီးနှောဖလှယ်ပွဲလုပ်ဖို့ လာရောက်ကြတဲ့အတွက် ကြိုဆိုပါတယ်"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ပြီးတော့ ဒီဘက်က ကျွန်တော့်ကျောင်းသားတွေပါ"

ကျန်းမုန့်လောင်၏ ဘေးနားတွင် ချန်ပင်းယွီနှင့် အခြားလူများ ရပ်နေကြပြီး အစောတုန်းက ကျစ်ဆံမြီးနှစ်ဖက်ခွဲထားသော ချန်ရှောင်ယွမ်လည်း ပါဝင်လေသည်။ သူ(မ)က သူတို့ကိုပင် မျက်နှာပြောင်ပြလိုက်သေးသည်။

"စောစောက ရှောင်ယွမ် အနှောင့်အယှက်ပေးမိတာရှိရင် တောင်းပန်ပါတယ်"

"ရပါတယ်။ ကိစ္စမရှိပါဘူး"

ကျောင်းအုပ်ကျန်းက ဖော်ရွေစွာ ဆက်ဆံနေသဖြင့် ကျောင်းကြီးလေးကျောင်းမှ ကျောင်းအုပ်ကြီးများလည်း ပြန်ပြောရန် မသင့်တော်ချေ။ ထို့ပြင် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများ၏ မနက်ခင်းလေ့ကျင့်ခန်းကို မြင်တွေ့လိုက်ရသဖြင့် ဆန်းကြယ်လှသော အရှေ့တိုင်းစွမ်းအားအပေါ် သူတို့ ရုတ်တရက် သတိထားနေမိကြသည်။

"ကျောင်းအုပ်ကျန်း... ဒီမှာ မနက်ခင်းလေ့ကျင့်ခန်းလုပ်နေတာ ခင်ဗျားရဲ့တပည့်ရင်းတွေလား"

"တပည့်ရင်း ဟုတ်လား"

"ဪ... အထူးတန်းလိုမျိုးလေ"

သူတို့က မှော်ပညာနှင့် သဘာဝလွန်စွမ်းရည်များကို သင်ကြားပေးသော်လည်း ကျောင်းကြီးလေးကျောင်း၌ပင် ပုံမှန်အတန်းနှင့် အထူးတန်းဟူ၍ ခွဲခြားထားသည်။ ပါရမီပိုထူးသူများကို အထူးတန်းတွင် သီးသန့်လေ့ကျင့်ပေးပြီး လမ်းညွှန်မှုများ ပေးလေ့ရှိသည်။

"ဪ... သူတို့က ထူးရှယ်နတ်ဘုရားကျောင်းခွဲတစ်ခုက ကျောင်းသားတွေပါ"

ကျန်းမုန့်လောင်က ခေါင်းခါပြရင်း ပြောလိုက်၏။

"သူတို့ရဲ့ပါရမီက ပင်မကျောင်းတော်မှာနေဖို့ မလုံလောက်လို့လေ။ သူတို့အရည်အချင်းက လိုပါသေးတယ်"

"ကျောင်းခွဲက ကျောင်းသားတွေတဲ့လား"

"သူတို့က ဒီလောက်ငယ်ပြီး ဓားချီစွမ်းအင်ကို ထုတ်သုံးနိုင်တာတောင် ပါရမီမပါဘူးလို့ ပြောလိုက်တာလား"

"ကဲ...ကြွကြပါ"

ကျန်းမုန့်လောင်က သူတို့ကို တောင်ထိပ်သို့ ခေါ်ဆောင်သွားသည်။

"ကျောင်းအုပ်ကျန်း... ကျွန်တော် မေးစရာတစ်ခု ရှိလို့ပါ။ ကျွန်တော်တို့ရဲ့သံသယကို ဖြေရှင်းပေးလို့ ရမလား"

"မေးပါ"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်သည်။

"အရင်တုန်းကဆိုရင် ကျွန်တော်တို့ကျောင်းကြီးလေးကျောင်းက နိဗ္ဗာန်ကျွန်းနဲ့ပူးပေါင်းပြီး ပညာရေးဖလှယ်မှုတွေ လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီနှစ်မှာ နိဗ္ဗာန်ကျွန်းနဲ့ ရုတ်တရက် အဆက်အသွယ်ပြတ်သွားတယ်။ ပြီးတော့ ခင်ဗျားတို့ ထူးရှယ်နတ်ဘုရားကျောင်းတော်ကလည်း အရှိန်အဟုန်နဲ့ တက်လာတယ်ဆိုတော့ အဲ့ဒီကိစ္စနှစ်ခုကြားမှာ ဆက်နွှယ်မှုများရှိမလားလို့ သိချင်လို့ပါ"

"ဪ... နိဗ္ဗာန်ကျွန်းကို ပြောတာလား"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။

"သူတို့ဆီက လူတစ်ယောက်က ကျွန်တော့်ညီအစ်ကိုရဲ့ကောင်မလေးကို လုချင်နေလို့ နည်းနည်းလောက် ဆုံးမလိုက်တာ"

"ဒါပေမဲ့ ကျွန်တော်တို့ နိဗ္ဗာန်ကျွန်းကို ဇီးကွက်တွေအများကြီးလွှတ်ပြီး ဆက်သွယ်ခဲ့သေးတယ်။ ဆုံးမရုံလောက်ပဲဆိုရင် သူတို့နဲ့ အဆက်အသွယ်ရသင့်တာပေါ့"

"ဟုတ်တယ်။ ဒီနှစ် ကျောင်းငါးကျောင်းပြိုင်ပွဲကိုလည်း သူတို့ မလာကြဘူး"

"အဲ့ဒီဇီးကွက်တွေက ခင်ဗျားတို့ လွှတ်လိုက်တာလား"

ကျန်းမုန့်လောင်က ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရသည်။

"ခင်ဗျား အဲ့ဒီဇီးကွက်တွေကို တွေ့မိလို့လား"

"တွေ့ဖူးတာပေါ့"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ကျွန်တော်က သူတို့ရဲ့နိဗ္ဗာန်ကျွန်းကို အပန်းဖြေစခန်းအဖြစ် ပြောင်းလိုက်ပြီလေ။ တစ်ခါတလေ အဲ့ဒီကိုသွားပြီး အပန်းဖြေတယ်။ ဇီးကွက်တွေကတော့..."

ကျန်းမုန့်လောင်၏ အမူအရာမှာ ရုတ်တရက် အနေခက်သွားဟန်တူသည်။

"အဲ့ဒီဇီးကွက်တွေ ဘာဖြစ်သွားလို့လဲ"

ကျောင်းအုပ်ပိုဒေါ့က မေးလိုက်၏။ ထိုဇီးကွက်များမှာ သာမန်မဟုတ်ဘဲ တစ်ကောင်မွေးမြူပျိုးထောင်ရန်ပင် အရင်းအမြစ်နှင့် ဂရုစိုက်မှုများစွာ လိုအပ်သဖြင့် အလွန်တန်ဖိုးရှိကြောင်း သူ သိထားသည်။

"အာ... ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ကျွန်တော်က အဲ့ဒီဇီးကွက်တွေကို နိဗ္ဗာန်ကျွန်းထဲက သတ္တဝါတွေထင်လို့...ဖမ်းပြီး ကင်စားလိုက်ပြီ။ အရသာက တော်တော်ကောင်းတယ်။ ဝါးရတာ ထုတ်ထုတ်ထုတ်ထုတ်နဲ့။ မာလာမှုန့်လေး ဖြူးစားရင် ရှယ်ပဲ။ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေဆိုရင် သွားရည်တောင် မထိန်းနိုင်ကြဘူး"

All Chapters