အခန်း (၂၂၉၁-၂၂၉၂)
Vol. 170 Ch. 2291-2292
အခန်း(၂၂၉၁)
“လူသားအဖြစ်ပြောင်းလဲစေသောဓားချက်”
ကျန်းရွမ်၏ ကြောက်မက်ဖွယ်တိုက်ကွက်နှင့် ရင်ဆိုင်ရသောအခါတွင် ကျန်းချန်သည် အနည်းငယ်မျှပင် ထိန်ချန်မထားတော့ဘဲ အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်၏ ပထမဓားကွက်ကို တိုက်ရိုက်ပင် ထုတ်ဖော်လိုက်သည်။
“ဝုန်း..”
သန်မာဟုသာ ထင်ရသော ထိုဓားချက်သည် ယင်နှင့်ယန်ဖြင့် ဖွဲ့စည်းထားသော ဖျက်ဆီးခြင်းတွင်းနက်ကို တိုက်ရိုက်ပင် ချေမှုန်းပစ်လိုက်၏။
ထို့နောက်တွင် ဓားချက်၏ စွမ်းအားသည် ရပ်တန့်မသွားသေးဘဲ ရွှေရောင်လှံပေါ်သို့ သက်ရောက်သွားခဲ့သည်။
ထိုအခါ ရွှေရောင်လှံပေါ်မှ ဖျက်ဆီးခြင်းလမ်းစဥ် စွမ်းအားများသည် ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ဆက်တိုက်ဆိုသလို အားနည်းသွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် ရွှေရောင်လှံသည် မှေးမိန်သွားခဲ့ပြီး ပုံရိပ်ယောင်လို ဖြစ်သွားခဲ့ကာ အဆုံးသတ်တွင် လုံးဝပျောက်ကွယ်သွားခဲ့တော့သည်။
“တကယ့်ကို ဆန်းကြယ်တဲ့ ဓားပညာပါလား”
သူ၏ တိုက်ကွက်ကို ကျန်းချန်က ဓားချက် တစ်ချက်တည်းဖြင့်ပင် ချေမှုန်းလိုက်သည်အား မြင်လျှင် ကျန်းရွမ်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ကျန်းချန်က သူ၏ တိုက်ကွက်ကို အလွယ်တကူပင် ဖြေရှင်းနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဤတစ်ခေါက်တွင် ကျန်းရွမ်သည် လူသားဧကရာဇ်မျှော်စင်ကနေ အကျိုးကျေးဇူး အများအပြားကို ရရှိခဲ့သည်။
ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင်ပဉ္စမအဆင့် အစောပိုင်းကနေ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် သူ၏ တိုက်ကွက်သည် နတ်ဘုရင် သတ္တမအဆင့် အထွတ်အထိပ် ကျင့်ကြံသူကိုပင် တုန်လှုပ်သွားစေရန် လုံလောက်သည်။
သို့သော်လည်း သူ့ရှေ့မှ ကျန်းချန်ကမူ သူ၏ တိုက်ကွက်ကို အလွယ်တကူပင် ချေမှုန်းပစ်လိုက်သည်။
ဤအခိုက်အတန့်တွင် ကျန်းရွမ်၏ အမူအရာသည် ပို၍ လေးနက်သွားခဲ့၏။
ကျန်းချန်က လူသားဧကရာဇ်မျှော်စင်ကို ဖြတ်ကျော်ရန်အတွက် တစ်စုံတစ်ရာ လှည့်စားခဲ့သည်ဟု မူလက သူထင်ထားခဲ့သည်။
ယခုမှသာ ကျန်းချန်၏ ပါရမီနှင့် ခွန်အားက သူ့ထက် မနိမ့်ကျမှန်း သူ အမှန်တကယ် သိရှိလိုက်ရသည်။
ဆိုရလျှင် လူသားဧကရာဇ်မျှော်စင်မှ အုပ်စိုးသူအဆင့် စိတ်ဆန္ဒများ၏ အသိအမှတ်ပြုခြင်းကို ခံရသည်မှာ အမှန်တကယ် ဖြစ်နိုင်ခြေ ရှိနေခဲ့သည်။
“ကျန်းရွမ်.. မင်းက လူသားဧကရာဇ်နန်းတော်ရဲ့ နံပါတ်တစ်ပါရမီရှင်ဖြစ်ပြီး မင်းရဲ့အစွမ်းက ဒီလောက်ပဲလား.. ဒီတစ်ခေါက်တော့ ငါ့ရဲ့အလှည့်ပဲ.. ငါ့ရဲ့ဓားချက်ကို မြည်းကြည့်လိုက်ဦး”
ကျန်းရွမ်က ကျန်းချန်၏ အင်အားကြောင့် ထိတ်လန့်နေသောအချိန်မှာပင် ကျန်းချန်၏ အထက်စီးဆန်သော စကားသံသည် သူ၏ နားထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ကျန်းရွမ်သည် အဆုံးမဲ့နှစ်ကာလစွမ်းအားများ ကိန်းအောင်းနေသော ဓားချက် တစ်ချက်က အချိန်နှင့်နေရာလွတ်ကို ဖြတ်ကျော်လာခဲ့ပြီး သူ့ကို ခုတ်ပိုင်းလာသလို ခံစားလာရသည်။
“အရပ်ဆယ်မျက်နှာ သေဆုံးခြင်း.. ဖျက်ဆီးစမ်း”
ကျန်းရွမ်က ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲကနေ ဖျက်ဆီးခြင်းလမ်းစဥ် စွမ်းအာများကို ထုတ်ဖော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ကျန်းရွမ်၏ လက်ထဲ၌ ရွှေရောင်လှံ တစ်လက် ထွက်ပေါ်လာခဲ့၏။
ကျန်းရွမ်က ထိုရွှေရောင်လှံကို ဝှေ့ယမ်းလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ထောင်ချီသော ရွှေရောင်လှံများသည် ကောင်းကင်ယံတွင် နေမင်းတစ်စင်းလို ထွက်ပေါ်လာခဲ့ပြီး အရပ်မျက်နှာအားလုံးကိုပင် ထိန်ထိန်လင်းသွားစေခဲ့သည်။
ထိုရွှေရောင်အလင်းတန်းများ ကျရောက်သွားသည့် နေရာတိုင်းတွင် ရှိသမျှ အရာအားလုံးသည် တစ်ခဏအတွင်းမှာပင် ဘာမှ မကျန်ရှိတော့သည်အထိ ပျက်စီးသွားခဲ့၏။
သို့သော်လည်း ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်ဆီးနိုင်လောက်သည့် ကျန်းရွမ်၏ ရွှေရောင်လှံအလင်းသည် ကျန်းချန်၏ ဓားအလင်းကို မည်သည့် အတားအဆီးမှ မဖြစ်စေခဲ့ပေ။
ကျန်းချန်၏ ဓားအလင်းက ကျန်းရွမ်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့ပြီးနောက်တွင် ကျန်းရွမ်သည် သူ၏ သက်တမ်းများက ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် ကုန်ဆုံးသွားသည်ကို ချက်ချင်းပင် ခံစားမိလိုက်သည်။
အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် သူ၏ သက်တမ်းသုံးပုံတစ်ပုံသည် ထိုဓားချက်ကြောင့် ဖြတ်တောက်ခံလိုက်ရချေပြီ။
ထို့အပြင် ကောင်းကင်ယံကိုလွှမ်းခြုံထားသည့် သူ၏ ရွှေရောင်လှံအလင်းများသည်လည်း ကျန်းချန်၏ ခန္ဓာကိုယ်အနီးသို့ မရောက်ခင်မှာပင် ဓားအလင်းကြောင့် အစိတ်စိတ်အမြွှာမြွှာ ချေမှုန်းခံလိုက်ရပြီး ကျန်းချန်ကို ထိခိုက်ရန် မဖြစ်နိုင်တော့ပေ။
“ကျန်းချန်.. ငါမင်းကိုသတ်မယ်”
သူ၏ သက်တမ်း သုံးပုံတစ်ပုံကို ဖြတ်တောက်ခံလိုက်ရသောကြောင့် ကျန်းရွမ်သည် စိတ်လွတ်လုနီးပါး ဖြစ်သွားခဲ့သည်။
ထို့နောက်တွင် ပေပေါင်း ငါးသောင်းကိုးထောင် မြင့်မားသော နတ်ဘုရင်လမ်းစဥ်သည် သူ၏ ကျောဘက်တွင် ထွက်ပေါ်လာခဲ့ပြီး ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် စစ်သူကြီးတစ်ဦး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုရွှေရောင်ချပ်ဝတ်တန်ဆာဝတ် စစ်သူကြီးက ရှေ့သို့ လှမ်းတက်ကာ ကမ္ဘာကြီးကိုပင် ဖျက်ဆီးနိုင်သောအင်အားကို သယ်ဆောင်၍ ကျန်းချန်ဆီသို့ တိုးဝင်သွားခဲ့သည်။
“ဒီကောင်က နတ်ကုန်းမြေတိုက်ရဲ့ အသန်မာဆုံး ပါရမီရှင်တွေထဲက တစ်ယောက် ဖြစ်ထိုက်ပါပေတယ်.. တကယ်ကို လက်ဖျားခါလောက်စရာပဲ”
နတ်ဘုရင်လမ်းစဥ်ကနေ ဆင့်ကဲ ပြောင်းလဲထားသည့် ကျန်းရွမ်၏ ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် စစ်သူကြီးကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
တူညီသော မဟာလမ်းစဥ်ကို ကျင့်ကြံတာခြင်း အတူတူ ကျင့်ကြံသည့် လူပေါ် မူတည်၍ စွမ်းအား အတိမ်အနက်က သိသိသာသာပင် ကွာခြားသွားပုံ ရ၏။
ဆိုရလျှင် ကျန်းရွမ် ကျင့်ကြံထားသည့် ဖျက်ဆီးခြင်း လမ်းစဥ်သည် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ ယိုဖိုထျန်းထက် အဆင့်တစ်ဆင့်ထက်မက ပို၍ အားကောင်းနေသည်မှာ ထင်ရှားနေခဲ့သည် မဟုတ်ပါလား။
နတ်ဘုရင် သတ္တမအဆင့် အလယ်အလတ် ကျင့်ကြံသူ ဖြစ်သည့် ယိုဖိုထျန်းပင်လျှင် ကျန်းရွမ်နှင့် နှိုင်းယှဥ်၍ မရနိုင်ပေ။
သို့ရာတွင် ကျန်းချန်သည် ကျန်းရွမ် ထုတ်ဖော်လိုက်သည့် အင်အားကြောင့် အံ့အားသင့်သွားသော်လည်း မျက်နှာထက်တွင်မူ ထိတ်လန့်သော အရိပ်အယောင်များ ရှိမနေခဲ့ပေ။
အကယ်၍ သူ၏ ကျင့်ကြံခြင်းအဆင့်က နတ်ဘုရင် စတုတ္ထအဆင့်တွင်သာ ရှိနေမည်ဆိုလျှင် နတ်ဘုရင် ပဉ္စမအဆင့် အထွတ်အထိပ်တွင် ရှိသည့် ကျန်းရွမ်ကို ရင်ဆိုင်ရန် ခက်ခဲကောင်း ခက်ခဲပေလိမ့်မည်။
သို့သော်လည်း ဤတစ်ခေါက် လူသားဧကရာဇ် မျှော်စင်ထဲကို ဝင်ရောက်သွားပြီးနောက်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင် ပဉ္စမအဆင့်ကို ထိုးဖောက်သွားခဲ့ပြီး နတ်ဘုရင် ပဉ္စမအဆင့် အလယ်အလတ်ကို ရောက်ရန် ခြေလှမ်းာတစ်လှမ်းမျှသာ လိုအပ်တော့၏။
သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် ကျင့်ကြံခြင်းအဆင့် သူ့ထက် အနည်းငယ်သာ မြင့်သည့် ကျန်းရွမ်ကို ရင်ဆိုင်ရန် အဘယ်ကြောင့် ကြောက်နေရဦးမည်နည်း။
ထိုအခိုက်အတန့်တွင် ကျန်းချန်၏ လက်ထဲမှ ရှေးဟောင်းရွှေရောင်ဓားပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများသည် ကောင်းကင်ယံပေါ်သို့ ထိုးတက်သွားခဲ့သည်။
“ဝုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက်တွင် လေထုထဲတွင် အလင်းတံခါး တစ်ခု ရုတ်တရက် ပွင့်လာခဲ့၏။
ကမ္ဘာကြီးကိုပင် တုန်လှုပ်စေလောက်သည့် အပြာရောင်ပုံရိပ်ယောင်သည် ထိုအလင်းတံခါးထဲကနေ လှမ်းထွက်လာခဲ့ပြီး လက်ထဲမှ အပြာရောင် ရှေးဟောင်းဓားဖြင့် ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် စစ်သူကြီးကို ခုတ်ပိုင်းချလိုက်သည်။
“ဝုန်း..”
ထိုအခိုက်အတန့်တွင် ရှေးဟောင်းနတ်ဘုရား နှစ်ပါး ထိပ်တိုက် စစ်ခင်းနေသကဲ့သို့ ဖြစ်သွားခဲ့သည်။
ပတ်ဝန်းကျင်တွင် ရှိသမျှ အရာအားလုံးသည် ထို ထိပ်တိုက်တွေ့ဆုံမှုအတွင်း ဖုန်မှုန့်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
အဆုံးသတ်တွင် ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် စစ်သူကြီး၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့ပြီး ပေပေါင်း တစ်သောင်း အမြင့်ရှိသည့် ခန္ဓာကိုယ်ပေါ်တွင် ပင့်ကူအိမ် ကဲ့သို့ အက်ကြောင်းများ ပျံ့နှံ့သွားခဲ့ကာ အဆုံးသတ်တွင် “ဝုန်းခနဲ” အသံနှင့်အတူတူ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲထွက်သွားခဲ့ပြီး ကောင်းကင်ယံတွင် ရွှေရောင်အလင်းစက်များ အဖြစ် ပြောင်းလဲ၍ ပျောက်ကွယ်သွားခဲ့သည်။
ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် စစ်သူကြီး ပျောက်ကွယ်သွားသည်နှင့် ကျန်းရွမ်၏ မျက်နှာသည် အလွန်အမင်း ဖြူဖျော့သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရကာ သူ၏ ပုံရိပ်သည်လည်း ပေပေါင်း ထောင်ချီအကွာအဝေး အထိ လွင့်စင်ထွက်သွားခဲ့သည်။
ဤအချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တစပြင်နှယ် လုံးဝကို တိတ်ဆိတ်သွားခဲ့၏။
လူတိုင်းသည် ကောင်းကင်ယံကို မှင်တက်စွာ ကြည့်နေခဲ့ကြပြီး သူတို့၏ မျက်လုံးများကိုပင် သူတို့ ကိုယ်တိုင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြ၏။
ကျန်းရွမ်သည် လူသားဧကရာဇ်နန်းတော်တွင်ရှိသည့် ကျန်းတော်ဝင်မျိုးနွယ်စု၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ပြီး အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် ဒုတိယနေရာ၌ ရှိကာ အသန်မာဆုံးနတ်ဘုရင် စာရင်းတွင်ပင် ပါဝင်သော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
လက်ရှိ လူငယ်မျိုးဆက်ထဲတွင် ပြိုင်ဘက်ကင်းသလောက်ဖြစ်နေသည့် ဤကဲ့သို့သော ပါရမီရှင်မျိုးကို ကျန်းချန်က အမှန်တကယ်ပင် အနိုင်ယူနိုင်လိမ့်မည်ဟု မည်သူမှ မတွေးမိခဲ့ကြပေ။
“ဒီကောင်လေး ဒီနှစ်တွေအတွင်းမှာ ဘယ်လိုတွေ ဖြတ်သန်းခဲ့လဲ ငါမသိပေမဲ့ သူက ဒီအဆင့်အထိတောင် ကြီးထွားလာနိုင်ခဲ့တာပဲ”
သူ့ရှေ့မှ အခြေအနေကို ကြည့်ကာ ကျန်းဝူရသည် မှင်တက်ရာကနေ သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
သိထားရမည့်အချက်မှာ ထိုနှစ်က ရှန်းဝူတိုက်ကနေ သူထွက်လာစဥ်တွင် ကျန်းချန်သည် သွေးစွမ်းအား ချိတ်ပိတ်ခံထားရသည့် အခြေအနေတွင်သာ ရှိနေသေး၏။
မူလတွင် သူက ရွှယ်လင်ကုန်းမြေတိုက်မှ ပြဿနာများကို ဖြေရှင်းပြီးလျှင် ကျန်းချန်ကို ခေါ်ယူကာ သွေးစွမ်းအား ချိတ်ပိတ်မှုကို ဖြေရှင်းဖို့ နည်းလမ်းရှာပေးရန် စီစဥ်ထားခဲ့သည်။
သို့သော်လည်း သွေးဝိညာဥ် မျိုးနွယ်စုကြောင့် နတ်ဘုရားနယ်မြေသို့ မဖြစ်မနေ ဝင်ရောက်ခဲ့ရပြီး ကျန်းချန် အတွက် စိုးရိမ်ပေးရန် အချိန်မရှိခဲ့ပေ။
ကျန်းချန်က ရှန်းဝူတိုက်ကနေ ရွှယ်လင်ကုန်းမြေတိုက် အထိ တက်လှမ်းလာနိုင်ခဲ့ပြီး နောက်ပိုင်းတွင် နတ်ဘုရားနယ်မြေသို့ ခြေချကာ အသန်မာဆုံး ပါရမီရှင် ကျန်းရွမ်ကို အနိုင်ယူနိုင်သော အဆင့်အထိ ကြီးထွားလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
“ကျန်းထျန်းကျွင်း.. ကျန်းရွမ် ရှုံးနိမ့်တော့မယ် ထင်တယ်”
လေထုထဲရှိ ကျီမျိုးနွယ်စုမှ နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူသည် အမူအရာ အနည်းငယ် ပျက်ယွင်းနေခဲ့သည်။
သူတို့အားလုံးသည် ကျန်းချန်ကို လျှော့တွက်ခဲ့ကြမှန်း ထင်ရှားနေခဲ့၏။
လူသားဧကရာဇ်မျှော်စင်ကို ထိုကောင်လေး ဖြတ်ကျော်နိုင်ခဲ့ခြင်းသည် တိုက်ဆိုင်မှု မဟုတ်မှန်း သိသာနေခဲ့ပြီး ထိုကောင်လေး၏ ပါရမီနှင့် ခွန်အားသည် ကျန်းရွမ်ထက်ပင် သာလွန်နေခဲ့သည် မဟုတ်ပါလား။
“ဒီကောင်လေးရဲ့ပါရမီက တကယ်ကိုကြောက်စရာပဲ.. လွန်ခဲ့တဲ့နှစ်ပေါင်းသန်းချီက အဲဒီတစ်ယောက်နဲ့ နှိုင်းယှဥ်ရင်တောင် နည်းနည်းမှ မနိမ့်ကျဘူး”
ကျန်းထျန်းကျွင်း၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
ထို့နောက်တွင် သူက အေးစက်စက် ပြောလိုက်၏။
“စိတ်မပူပါနဲ့.. ကျန်းရွမ်ဆီမှာ ငါတို့ ကျန်းမျိုးနွယ်စုရဲ့ ဝှက်ဖဲ ရှိပါသေးတယ်.. ဒီကောင်လေး ဘယ်လောက်ပဲ ထူးချွန်ပါစေ.. ဒီနေ့ သေချာပေါက် ရှုံးနိမ့်ရလိမ့်မယ်”
အခန်း(၂၂၉၁)ပြီး၏။
အခန်း(၂၂၉၂)
လေထုထဲတွင် ကျန်းရွမ်သည် သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို ပြန်လည်တည်ငြိမ်အောင် မနည်း ထိန်းချုပ်လိုက်ရသည်။
သူက လက်ခုံဖြင့် နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်သည်။
ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်၌ ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။
ကျန်းချန်က သူ့ကို အနိုင်ယူသွားလိမ့်မည်ဟု ကျန်းရွမ် မမျှော်လင့်ထားခဲ့ပေ။
သိထားရမည့်အချက်မှာ မွေးဖွားလာကတည်းပင် ကျန်းရွမ်သည် နတ်ကုန်းမြေတိုက်၏ အတောက်ပဆုံး ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့သည်။
ရွယ်တူများထဲတွင် ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ ကျန့်ဝူရှင်း သာလျှင် သူနှင့် နှိုင်းယှဥ်၍ ရ၏။
သူ၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် ကျန့်ဝူရှင်းနှင့် ရင်ဆိုင်ရလျှင်ပင် ယှဥ်ပြိုင်နိုင်စွမ်း ရှိသည်ဟု ကျန်းရွမ် ယုံကြည်ထားခဲ့သည်။
သို့သော်လည်း ယနေ့တွင်မူ ကျန်းချန်၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းပင် မရှိခဲ့ပေ။
“ကျန်းချန်.. မင်းရဲ့ခွန်အားက ငါစိတ်ကူးထားတာထက် ကျော်လွန်နေတယ်ဆိုတာ ငါဝန်ခံပါတယ်.. ဒါပေမဲ့ ဒီကနေ့ တိုက်ပွဲမှာ မင်းသေချာပေါက် ရှုံးနိမ့်ရလိမ့်မယ်.. ဘယ်သူကမှ လူသားဧကရာဇ် အရိုက်အရာကို ငါ့ဆီကနေ လုယူလို့ မရစေရဘူး”
ကျန်းရွမ်၏ အေးစက်စက် စကားသံ အဆုံးသတ်သည်နှင့် ထူးခြားသော ပုံသဏ္ဌာန် ရှိသည့် ရွှေရောင်ဓားရှည် တစ်လက်သည် သူ၏ လက်ဖဝါးထဲတွင် ထွက်ပေါ်လာခဲ့သည်။
ထိုရွှေရောင်ဓားရှည် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျန်းချန်နှင့် ရင်းနှီးသောအရှိန်အဝါ တစ်ခုသည် ကောင်းကင်ယံထက်တွင် ပျံ့နှံ့လာခဲ့၏။
ကျန်းရွမ်၏ လက်ထဲမှ ရွှေရောင်ဓားရှည်၏ အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ကျန်းရွမ်၏ လက်ထဲရှိ ရွှေရောင်ဓားရှည်ထံကနေ လူသားဧကရာဇ်ဓား၏ အရှိန်အဝါကို ခံစားမိလိုက်၍ပင်။
သို့သော်လည်း ကျန်းရွမ်၏ လက်ထဲမှ ရွှေရောင်ဓားရှည်သည် လူသားဧကရာဇ်ဓား အစစ်အမှန် မဟုတ်မှန်း ကျန်းချန် သေချာပေါက် ပြောနိုင်ခဲ့သည်။
ဆိုရလျှင် သူ၏ လက်ထဲမှ ရှေးဟောင်း ရွှေရောင်ဓားရှည်သည် လူသားဧကရာဇ်ဓား၏ အပိုင်းအစများဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး ထျန်းကျီ မြို့တော်ကနေ ထပ်မံ ရရှိထားသည့် လူသားဧကရာဇ်ဓား၏ အပိုင်းအစသစ် တစ်ခုနှင့် ထပ်မံ ပေါင်းစပ်ထားသည်။
အကယ်၍သာ ကျန်းရွမ်၏ လက်ထဲမှ ရွှေရောင်ဓားရှည်သည် လူသားဧကရာဇ်ဓားနှင့် အမှန်တကယ် ဆက်စပ်နေမည် ဆိုလျှင် သူ၏ လက်ထဲရှိ ရှေးဟောင်းရွှေရောင်ဓားရှည်သည် သေချာပေါက် အာရုံခံမိလိမ့်မည် မဟုတ်ပါလား။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ကျန်းရွမ်၏ လက်ထဲမှ ရွှေရောင်ဓားရှည်သည် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုမှ လုံကျိုးဟန် ထုတ်သုံးခဲ့သည့် ဘိုးဘေးနဂါး တံဆိပ်တော်ကဲ့သို့ သန္ဓေတာအိုနတ်လက်နက်ကို အတု ပြုလုပ်ထားသည့် မှော်လက်နက်သာ ဖြစ်နိုင်၏။
“ကျန်းချန်.. ငါ့ရဲ့ ဒီဓားက လူသားဧကရာဇ် ကျန်းချင်းထျန်းရဲ့ သန္ဓေတာအိုနတ်လက်နက် ဖြစ်တဲ့ လူသားဧကရာဇ်ဓားကို အတုယူပြီး ဖန်တီးထားတဲ့ ပြိုင်ဘက်ကင်း မှော်လက်နက်ပဲ”
ကျန်းရွမ်က ရွှေရောင်ဓားရှည်ကို ကိုင်စွဲထားရင် ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
“ဒီနေ့ ငါ့ကို ဒီဓားထုတ်သုံးလောက်တဲ့ အထိ ဖိအားပေးနိုင်ခဲ့တဲ့အတွက် မင်းကိုယ်မင်း ဂုဏ်ယူလို့ရပြီ ကျန်းချန်”
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။
“မင်းသာ လူသားဧကရာဇ်ဓားအစစ်ကို ထုတ်ပြနိုင်မယ်ဆိုရင် ငါ နည်းနည်းတော့ စိုးရိမ်ကောင်း စိုးရိမ်ရလိမ့်မယ်.. ဒီအတုလောက်ကိုတော့ ငါက ဘာလို့ ဂရုစိုက်နေရမှာလဲ”
သန္ဓေတာအိုနတ်လက်နက် ဖြစ်သည့် လူသားဧကရာဇ်ဓားအတု၏ စွမ်းအားသည် သာမန် နတ်ဘုရင်အဆင့် လက်နက်များထက် များစွာ ပို၍ သန်မာသည်မှာ မှန်သော်လည်း ကျန်းချန်သည် လုံးဝ ဂရုမစိုက်ခဲ့ပေ။
လူသားဧကရာဇ်ဓားအတု မပြောနှင့်၊ ကျန်းရွမ်က လူသားဧကရာဇ်ဓားအစစ်ကို ထုတ်သုံးလျှင်ပင် သူ၏ လက်ထဲတွင် မဟာနဂါးကျောက်တိုင် ရှိနေသဖြင့် ကျန်းချန်သည် ကြောက်ရွံ့ခြင်း အလျဥ်းမရှိခဲ့ပေ။
“ကျန်းချန် သေဖို့သာ ပြင်ထားလိုက်တော့”
ကျန်းချန်က ခြေတစ်လှမ်း လှမ်းလိုက်ရာ သူ၏ပုံရိပ်သည် လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ်တစ်ခဏတွင် သူ၏ ပုံရိပ်သည် ကျန်းချန်၏ ရှေ့တွင် ပေါ်လာခဲ့ပြီး ရွှေရောင်ဓားရှည်ဖြင့် ကျန်းချန်ကို ခုတ်ပိုင်းလိုက်၏။
ဤဓားချက်သည် ဘာပရိယာယ်မှမပါဘဲ ဓားသိုင်းမတတ်သည့် သာမန် လူတစ်ယောက်က ခုတ်လိုက်သကဲ့သို့ပင်။
သို့ရာတွင် သာမန်ဟု ထင်ရသော ဓားချက်သည် ကျန်းချန်ကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေခဲ့၏။
ကျန်းချန်၏ လက်ထဲမှ လူသားဧကရာဇ်ဓားအတုကို သူအထင်သေးခဲ့သော်လည်း ထိုဓားအတုသည် လူသားဧကရာဇ် ကျန်းချင်းထျန်း၏ လူသားဧကရာဇ်ဓားကို တုပကာ ဖန်တီးထားသည့် ပြိုင်ဘက်ကင်း နတ်လက်နက် ဖြစ်၍ အလွန်အမင်း အင်အားကြီးနေခဲ့သည်။
ကျန်းရွမ်၏ ခွန်အားဖြင့်သာ ထိုဓားကို အစွမ်းကုန် အသုံးပြုမည်ဆိုလျှင် နတ်ဘုရင် အဋ္ဌမအဆင့် ကျင့်ကြံသူပင်လျှင် စိုးရိမ်ရလိမ့်မည် ဖြစ်၏။
အကယ်၍ သူသာ ကျန်းရွမ်၏ ဓားချက်ကို အထင်သေးမိလျှင် ကြီးမားသော ပေးဆပ်မှုကို သေချာပေါက် လုပ်ရပေလိမ့်မည်။
ထို့ကြောင့် ကျန်းချန်က ကျန်းရွမ်၏ ဓားချက်ကို ရင်ဆိုင်ရန်အတွက် မဟာနဂါးကျောက်တိုင်ကို ထုတ်သုံးရန် စဥ်းစားလိုက်သည်။
သို့သော်လည်း ထိုအချိန်မှာပင် သူ၏ လက်ထဲရှိ ရှေးဟောင်းရွှေရောင်ဓားသည် ရုတ်တရက် တုန်ခါလာခဲ့သည်။
ရှေးဟောင်းရွှေရောင်ဓားသည် လူသားဧကရာဇ်ဓား၏ အပိုင်းအစများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
အထူးသဖြင့် ထျန်းကျီမြို့တွင် ရရှိခဲ့သည့် လူသားဧကရာဇ်ဓား၏ အပိုင်းအစ တစ်ခုနှင့် ပေါင်းစပ်ပြီးနောက်တွင် အသိဥာဏ် ရှိလာပုံရ၏။
ဆိုရလျှင် ရှေးဟောင်းရွှေရောင်ဓားသည် သန္ဓေတာအိုနတ်လက်နက် ဖြစ်သည့် လူသားဧကရာဇ်ဓား၏ စစ်မှန်သော အစိတ်အပိုင်း တစ်ခု ဖြစ်သည်။
သို့ဖြစ်ရာ ယခုလို ဓားအတုက သူ့ရှေ့တွင် လာပြီး ဟန်ရေးပြနေသည်ကို မည်ကဲ့သို့ ခွင့်ပြုနိုင်ပါအံ့နည်း။
ကျန်းချန်က ရန်သူနှင့် တိုက်ခိုက်ရန် သူ့ကို အသုံးမပြုမှန်း သိလိုက်ရ၍ ရှေးဟောင်း ရွှေရောင်ဓားက မကျေမနပ်ဖြင့် ဆန္ဒပြနေသည်မှာ ထင်ရှားနေခဲ့သည်။
“ဟားဟား ဓားအတုက မင်းရှေ့မှာ ကြွားဝါနေဖို့ အရည်အချင်းမရှိတာ အမှန်ပဲ.. ဒီနေ့ ဓားအတုကို လူသားဧကရာဇ်ဓား အစစ်အမှန်ရဲ့ စွမ်းအားက ဘယ်လိုလဲဆိုတာ ငါတို့ ပြပေးလိုက်ကြတာပေါ့”
ကျန်းချန်က အေးစက်စက်ပြုံးကာ ရေရွတ်လိုက်သည်။
ထို့နောက်တွင် နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားသည် သူ၏ ကျောဘက်တွင် စုစည်းလာခဲ့သည်။
ကျန်းချန်က နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို ထုတ်ဖော်လိုက်သည်နှင့် အမျှ ရှေးဟောင်းရွှေရောင်ဓားတွင် ကြည်လင်သော ဓားမြည်သံတစ်သံ ထွက်ပေါ်လာခဲ့ပြီး နတ်ခန္ဓာပုံရိပ် ထဲသို့ စီးဝင်သွားခဲ့သည်။
“ဝုန်း..”
ထိုအခိုက်အတန့်တွင် နတ်ခန္ဓာပုံရိပ်ဖြစ်သည့် လူသားဧကရာဇ်ဓားတွင် နေမင်းထက်ပင် ပို၍ တောက်ပသည့် အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့ပြီး ကျန်းရွမ်၏ ဓားစွမ်းအင်ကို တစ်ခဏအတွင်း ချေမှုန်းပစ်လိုက်သည်။
“ကျန်းရွမ် မင်းက လူသားဧကရာဇ်ဓားအတုနဲ့ ငါ့ကို အနိုင်ယူချင်နေတာ တကယ်ကို ရယ်စရာပဲ.. ဒီနေ့ ငါက မင်းကို လူသားဧကရာဇ်ဓားရဲ့ စစ်မှန်တဲ့ စွမ်းအားကို ပြသပေးမယ်”
ကျန်းချန်၏ မျက်ဝန်းများက ရေခဲကဲ့သို့ အေးစက်နေခဲ့သည်။
ထို့နောက်တွင် သူက နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို တိုက်ရိုက်ပင် လှုံ့ဆော်ကာ ကောင်းကင်နှင့် မြေကြီးကိုပင် ပိုင်းဖြတ်နိုင်သော ဓားချက်ဖြင့် ကျန်းရွမ်ကို ခုတ်ပိုင်းချလိုက်၏။
ထိုဓားချက်ကိုမြင်လျှင် ကျန်းရွမ်၏ အမူအရာသည် သိသိသာသာပင် ပျက်ယွင်းသွားခဲ့သည်။
သူက လုံးဝ တုံ့ဆိုင်းမနေရဲဘဲ သူ၏ ခန္ဓာကိုယ်ထဲမှ မဟာလမ်းစဥ် စွမ်းအားများကို သူ၏ လက်ထဲရှိ ရွှေရောင်ဓားရှည်ထဲကို အလျင်အမြန်ပင် ထည့်သွင်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် ရွှေရောင်ဓားရှည်သည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး လေထုထဲတွင် ဧရာမ ရွှေရောင်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားခဲ့ကာ ကျန်းချန်၏ နတ်ခန္ဓာပုံရိပ်ဖြစ်သည့် လူသားဧကရာဇ်ဓားနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
လေထုထဲတွင် တောက်ပသော ရွှေရောင် အလင်းတန်းများ ထွက်ပေါ်နေသည့် ဧရာမ ဓားနှစ်စင်းသည် ထိပ်တိုက် တွေ့ဆုံနေကြ၏။
ပတ်ဝန်းကျင်ရှိ နေရာလွတ်များသည် အစိတ်စိတ်အမြွှာမြွှာပျက်စီးသွားခဲ့ပြီး ကြောက်မက်ဖွယ် အဖျက်စွမ်းအင်လှိုင်းများသည် အရပ်မျက်နှာ အနှံ့ကို ပျံ့နှံ့သွားခဲ့သည်။
ကောင်းကင်ယံတွင် ရွှေရောင်ဓားအလင်း နှစ်ခုသည် အဆက်မပြတ် ထိပ်တိုက် တွေ့ဆုံနေခဲ့ပြီး မိုင်ပေါင်း ထောင်ချီကျယ်ဝန်းသည့် ကြယ်တာရာ ကောင်းကင်ယံကို ပျက်စီးသွားလိုက် ပြန်လည်ဖွဲ့စည်းလိုက် ဖြစ်ပေါ်စေခဲ့သည်။
ကျန်းရွမ်၏ ရွှေရောင်ဓားရှည်က ထူးခြားသော်လည်း အဆုံးသတ်တွင် ယင်းသည် လူသားဧကရာဇ်ဓားအတုသာ ဖြစ်သည်။
ကျန်းချန်၏ နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားသည် လူသားဧကရာဇ်ဓား အစစ်အမှန်နှင့် နီးစပ်သော ပတ်သက်ဆက်နွှယ်မှု ရှိနေသည် ဖြစ်ရာ ဓားအတု၏ စွမ်းအားပေါ်တွင် လုံးဝ ဖိနှိပ်ထားနိုင်ခဲ့၏။
တစ်ခဏအကြာတွင် ကျန်းချန်၏ နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားသည် လုံးဝ အသာစီးရသွားခဲ့ပြီး ဧရာမရွှေရောင်ဓားကြီးကို အဆုံးသတ်တွင် ချေမှုန်းပစ်လိုက်သည်။
“ဝုန်း..”
ကောင်းကင်ယံကိုပင် တုန်ဟည်းသွားစေသည့် ပေါက်ကွဲသံကြီးသည် ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားခဲ့ပြီး ကျန်းရွမ်၏ ပုံရိပ်သည်လည်း နောက်ပြန် လွင့်စင်သွားခဲ့သည်။
အဆုံးသတ်တွင် ကျန်းရွမ်၏ ခန္ဓာကိုယ်သည် နေရာလွတ်အလွှာများကို တစ်ခုပြီးတစ်ခု ထိုးဖောက်သွားခဲ့ပြီး မိုင်ပေါင်းထောင်ချီ ဝေးကွာသောနေရာကို ရောက်မှသာ အဆုံးသတ်၌ ရပ်တန့်သွားခဲ့သည်။
“ဝေါ့..”
သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက်တွင် ကျန်းရွမ်သည် လည်ချောင်းထဲ၌ ချိုအီသော အရသာကို ခံစားလိုက်ရပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။
ရွှေရောင်ဖျော့ဖျော့ သွေးများသည် သူ၏ ရင်ဘတ်ပေါ်မှ အဝတ်အစားများကို ရွှဲစိုသွားစေခဲ့၏။
ဤအခိုက်အတန့်တွင် ကျန်းရွမ်၏ ဆံပင်သည် ဖရိုဖရဲဖြစ်နေခဲ့ပြီး မျက်နှာက အလွန်အမင်း ဖြူဖျော့ကာ အရှိန်အဝါကလည်း အလွန်အမင်း အားနည်းနေခဲ့သည်။
ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ အထင်းသာ ထင်ဟပ်နေခဲ့၏။
ကျန်းချန်က အမှန်တကယ်ပင် လူသားဧကရာဇ် ကံကြမ္မာကို ပိုင်ဆိုင်ထားပြီး နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကိုပင် စုစည်းနိုင်လိမ့်မည်ဟု ကျန်းရွမ် တစ်ခါမှမတွေးမိခဲ့ပေ။
သူက လူသားဧကရာဇ်ဓားအတုကို ထုတ်သုံးခဲ့သည့်တိုင် ကျန်းချန်၏ လက်ထဲတွင် ရှုံးနိမ့်သွားခဲ့ရပြီ မဟုတ်ပါလား။
အခန်း(၂၂၉၂)ပြီး၏။