← Chapters

အခန်း (၂၂၉၃-၂၂၉၄)

Vol. 170 Ch. 2293-2294

အခန်း (၂၂၉၃-၂၂၉၄)

Vol. 170 Ch. 2293-2294

အခန်း(၂၂၉၃)

“ကျန်းရွမ်.. မင်းရဲ့ဓားအတုနဲ့ ငါ့ကို ဘာမှလုပ်လို့မရဘူးလို့ ငါပြောခဲ့သားပဲ”

ကျန်းချန်က လှောင်ပြုံးပြုံးလိုက်ပြီး ကျန်းရွမ်ကို အထက်စီးဆန်စွာ ကြည့်လိုက်သည်။

“မင်းမှာ တခြားတိုက်ကွက်တွေ ရှိသေးရင် အစွမ်းကုန် ထုတ်သုံးလိုက်ပါ.. မင်း ငါ့ကို အကြွင်းမဲ့ အရှုံးပေးသွားအောင် ငါလုပ်ပြမယ်”

ကျန်းရွမ်က သူ၏ လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ထားခဲ့သည်။

သူ၏ မျက်ဝန်းထဲတွင် မကျေနပ်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။

လူသားဧကရာဇ်ဖြစ်လာရန် အတွက် သူက ဤအတောအတွင်း များစွာ ရင်းနှီးပေးဆပ်ခဲ့ရသည်။

အကယ်၍ သူသာ ယနေ့တွင် အရှုံးပေးလိုက်မည် ဆိုလျှင် လူသားဧကရာဇ်ရာထူးကို ကျန်းချန်၏ လက်ထဲသို့ ပုံအပ်လိုက်သလို ဖြစ်သွားလိမ့်မည် မဟုတ်ပါလား။

သို့သော်လည်း ယခုအခါတွင် သူက အစွမ်းကုန် ကြိုးစားခဲ့ပြီး လူသားဧကရာဇ်ဓားအတုကို ထုတ်သုံးခဲ့သည့်တိုင် ကျန်းချန်၏ ပြိုင်ဘက် မဖြစ်ခဲ့ဘဲ ကျန်းချန်ကြောင့်ပင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

သူ၏ လက်ရှိ အခြေအနေဖြင့်သာ ကျန်းချန်ကို ဆက်လက်တိုက်ခိုက်လျှင် အနိုင်ရရန် အခွင့်အရေး လုံးဝမရှိသလို ကျန်းချန်၏ လက်ထဲမှာပင် အသက်ပျောက်နိုင်ခြေ ရှိနေခဲ့၏။

ထို့ကြောင့် အဆုံးသတ်တွင် ကျန်းရွမ်သည် အံတင်းတင်းကြိတ်လိုက်ပြီး သုန်မှုန်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ကျန်းချန်.. ဒီတိုက်ပွဲမှာ မင်းအနိုင်ရတယ်”

ကျန်းရွမ်က အရှုံးပေးနေသည်ကိုမြင်လျှင် ကျန်းချန်သည် စကားများစွာ ပြောမနေတော့ပေ။

သူက ကောင်းကင်ယံကနေ အောက်ဘက်သို့ ဆင်းသက်လာခဲ့ပြီး ကျန်းထျန်းကျွင်းတို့ သုံးယောက်ရှေ့တွင် ရပ်ကာ တည်ငြိမ်စွာ မေးလိုက်သည်။

“ကျွန်တော် လူသားဧကရာဇ် မျှော်စင်ကို ကျော်ဖြတ်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး အကြီးအကဲတို့ သုံးယောက်မှာကန့်ကွက်စရာ ရှိသေးလား”

ဤအခိုက်အတန့်တွင် ကျန်းထျန်းကျွင်းသည် ဘာမှ ပြန်မပြောနိုင်ခဲ့ပေ။

ကျန်းချန်သည် ကျင့်ကြံခြင်းအဆင့်တွင် ကျန်းရွမ်ထက် အနည်းငယ် နိမ့်သော်လည်း ကျန်းရွမ်ကိုပင် အလွယ်တကူ အနိုင်ယူခဲ့သည်။

ထို့အပြင် နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကိုပင် စုစည်းနိုင်ခဲ့ပြီး လူသားဧကရာဇ် ကံကြမ္မာကိုလည်း ပိုင်ဆိုင်ထားသည်။

ဆိုရလျှင် ကျန်းချန်၏ ပါရမီနှင့် အလားအလာသည် လွန်ခဲ့သော နှစ်ပေါင်းသန်းချီက ပါရမီရှင်နှင့် နှိုင်းယှဥ်လျှင်ပင် နည်းနည်းမှ မနိမ့်ကျပေ။

ဤကဲ့သို့သော ပါရမီရှင် တစ်ယောက်က လူသားဧကရာဇ်မျှော်စင်ကို ဖြတ်ကျော်ပြီး လူသားဧကရာဇ် အရိုက်အရာကို ဆက်ခံရန် အရည်အချင်း ပြည့်မီသွားသည်မှာ ယုတ္တိကျသော ကိစ္စတစ်ခု ဖြစ်သည်။

ကျန်းမျိုးနွယ်စုတွင် ထိုကဲ့သို့ ထူးချွန်သော ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာပြီး ခေါင်းဆောင်မှုမဲ့နေသော လူသားဧကရာဇ်နန်းတော်ကို အုပ်ချုပ်နိုင်ခြင်းသည် ကောင်းမွန်သောကိစ္စ ဖြစ်၏။

ကံမကောင်းစွာဖြင့် ကျန်းချန်သည် လွန်ခဲ့သော နှစ်ပေါင်းသန်းချီက ပါရမီရှင်နှင့် ပတ်သက်နေသည်မှာ အလွန်တရာ သိသာနေခဲ့သည်။

ထို့ကြောင့် ကျန်းချန်သာ လူသားဧကရာဇ် ဖြစ်လာခဲ့လျှင် သူတို့အတွက် ကောင်းမွန်သော ကိစ္စဖြစ်လာနိုင်မည် မဟုတ်ပေ။

“ဟားဟား ကျန်းထျန်းကျွင်း.. ဒီတိုက်ပွဲမှာ ငါ့သား အနိုင်ရသွားပြီ.. အခု မင်း ဘာပြောစရာရှိသေးလဲ”

ကျန်းဝူရက ကျန်းချန်၏ နံဘေးတွင် ပေါ်လာခဲ့ပြီး ကျေနပ်အားရစွာ ပြုံး၍ ပြောလိုက်သည်။

“စိတ်မပူပါနဲ့.. သူက ကျန်းရွမ်ကို အနိုင်ယူနိုင်ခဲ့မှတော့ သဘောတူထားတဲ့အတိုင်း ငါက သူ့ကို လူသားဧကရာဇ်အဖြစ် အသိအမှတ်ပြုမှာပါ”

ကျန်းထျန်းကျွင်းက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

“ဒါပေမဲ့ လူသားဧကရာဇ်နေရာကို တင်မြှောက်ဖို့က ကလေးကစားစရာကိစ္စ မဟုတ်ဘူး.. ဒီကိစ္စကို သေချာပြင်ဆင်မှုတွေ လုပ်ဖို့ လိုအပ်တယ်.. နောက်သုံးလကြာရင် အရိုက်အရာဆက်ခံပွဲ အခမ်းအနားကို ကျင်းပမယ်.. အဲဒီအချိန်ကျရင် ကျန်းချန်က လူသားဧကရာဇ်နန်းတော်ရဲ့ ၆၂ယောက်မြောက် လူသားဧကရာဇ် အဖြစ် ဆက်ခံရလိမ့်မယ်”

အခြေအနေက ဤမျှအထိ ရောက်ရှိလာပြီ ဖြစ်ရာ ကျန်းထျန်းကျွင်း အနေဖြင့် သူ၏ စကားကို ပြန်လည် ရုတ်သိမ်းရန် မဖြစ်နိုင်တော့ပေ။

လက်ရှိ သူလုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ လူသားဧကရာဇ် အရိုက်အရာကို ကျန်းချန် ဆက်ခံမည့် အချိန်အား ဆွဲဆန့်ထားရန်ပင် ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းသန်းချီကလည်း ကျန်းမျိုးနွယ်စု၏ ပြိုင်ဘက်ကင်း ပါရမီရှင်သည် လူသားဧကရာဇ် မျှော်စင်ကို ရှင်းလင်းနိုင်ခဲ့ပြီး အရိုက်အရာ ဆက်ခံခါနီး အချိန်မှာပင် မတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် အချိန်တတ်နိုင်သမျှ ဆွဲထားသ‌ရွေ့ အရာအားလုံးကို ပြောင်းလဲပစ်ရန် ဖြစ်နိုင်ခြေ ရှိသေးသည် မဟုတ်ပါလား။

ကျန်းထျန်းကျွင်းက ထိုစကားကို ပြောဆိုပြီးနောက်တွင် ကျန်းချန်ကို ပြန်ပြောရန်ပင် အခွင့်အရေး မပေးဘဲ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

ကျန်းထျန်းကျွင်း ထွက်ခွာသွားပြီးနောက်တွင် ကျီမျိုးနွယ်စုနှင့် ရဲ့မျိုးနွယ်စုမှ အဘိုးအို နှစ်ယောက်သည်လည်း ကျန်းချန်တို့၏ ရှေ့ကနေ အလျင်အမြန် ပျောက်ကွယ်သွားခဲ့ကြသည်။

“လူသားဧကရာဇ်ရာထူးကို ကျန်းရွမ်ကို ကျော်ဖြတ်ပြီး ကျန်းချန် ရသွားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

"ကျန်းချန်တို့ သားအဖနှစ်ယောက်က လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ပျောက်ကွယ်သွားခဲ့တဲ့ ကျန်းမျိုးနွယ်စုက ပါရမီရှင်နဲ့ အတော်လေး နီးစပ်တဲ့ ပတ်သက်မှုရှိတယ်လို့ ပြောကြတယ်"

"ကျန်းချန်က လူသားဧကရာဇ်အဖြစ် ရွေးချယ်ခံခဲ့ရပေမဲ့ လူတချို့ကတော့ သူ့ကို လူသားဧကရာဇ် အဖြစ် အလွယ်တကူ ခွင့်ပြုပေးကြမှာ မဟုတ်ဘူး"

"ဒီပုံအတိုင်းဆိုရင်တော့ လူသားဧကရာဇ်နန်းတော်က အေးချမ်းဦးမှာ မဟုတ်ဘူး”

“...........”

အားလုံးက လေထုထဲတွင် ရပ်နေသည့် ကျန်းချန်ကို မော့ကြည့်ကာ တီးတိုး ပြောဆိုနေခဲ့ကြသည်။

“ဒီကောင်က ဒီအဆင့်အထိ ကြီးထွားလာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

လေထဲတွင် ဝင့်ကြွားစွာ ရပ်နေသည့် ကျန်းချန်ကို ကြည့်ရင်း ကျီချန်းယဲ့၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

အ‌ရှေ့ဘက်ဒေသတွင် ရှိစဥ် သူက နတ်ဘုရင် တတိယအဆင့် ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်ပြီး ကျန်းချန်ကမူ ကောင်းကင်အရှင် အဆင့်တွင်သာ ရှိနေသေး၍ သူ၏ မျက်ဝန်းထဲတွင် ပုရွက်ဆိတ် တစ်ကောင်မျှသာ ဖြစ်သည်။

သို့သော်လည်း နှစ်အနည်းငယ် အတွင်းမှာပင် ကျန်းချန်သည် နတ်ဘုရင်အဆင့်ကို ထိုးဖောက်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

နတ်ကုန်းမြေတိုက်တွင် ပြိုင်ဘက်ကင်းသလောက် ဖြစ်နေသည့် ကျန်းရွမ် ပင်လျှင် ကျန်းချန်၏ လက်ထဲတွင် အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ရ၏။

ကျီချန်းယဲ့က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီးနောက်တွင် ရင်ပြင်ကနေ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

ကျန်းချန်က အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုနှင့် ရင်းနှီးသောပတ်သက်မှု ရှိနေသောကြောင့် ကျန်းချန်သာ လူသားဧကရာဇ်ဖြစ်လာခဲ့လျှင် အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စု အတွက် သတင်းကောင်း မဟုတ်ပေ။

ထို့ကြောင့် သူက ကျီမျိုးနွယ်စုဆီ အမြန် ပြန်သွားပြီး မျိုးနွယ်စုမှ အကြီးအကဲများနှင့် ကျန်းချန်ကို တားဆီးရန်အတွက် နည်းလမ်းများအား တိုင်ပင်ရလိမ့်မည် မဟုတ်ပါလော။

“ချန်အာ သွားကြစို့.. ကျန်းမျိုးနွယ်စုက ငါ့ရဲ့ခြံဝန်းဆီ ပြန်ကြရအောင်”

ကျန်းဝူရက ရင်ပြင်ပေါ်ရှိ လူများ၏ အကြည့်ကို လျစ်လျူရှုကာ ကျန်းချန်ကို ခေါ်၍ လူသားဧကရာဇ်နန်းတော်၏ အထက်ကောင်းကင်ယံကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

မကြာခင်မှာပင် ကျန်းဝူရသည် ကျန်းချန်ကို ကျန်းမျိုးနွယ်စု၏ ခြံဝန်းတစ်ခုဆီသို့ ခေါ်လာခဲ့၏။

“ချန်အာ မင်းက လူသားဧကရာဇ်မျှော်စင်ကို ရှင်းလင်းနိုင်ခဲ့တယ်.. ဒါကြောင့် ကျန်းထျန်းကျွင်းတို့ အနေနဲ့ မင်းကို လူသားဧကရာဇ် ဖြစ်မလာအောင် တားဆီးဖို့ အကြောင်းပြချက် မရှိတော့ဘူး ဆိုပေမဲ့လည်း နောက်သုံးလ အတွင်း မင်းအောင်အောင်မြင်မြင် အရိုက်အရာ ဆက်ခံဖို့ကိုတော့ သူတို့အနေနဲ့ အလွယ်တကူ ခွင့်ပြုမှာမဟုတ်ဘူး.. ဒီကာလအတွင်းမှာ မင်းတတ်နိုင်သမျှ သတိထားမှ တော်ကာကြမယ်”

ကျန်းဝူရက ကျန်းချန်ကို အလေးအနက် သတိပေးလိုက်သည်။

“အဖေ စိတ်ချပါ.. ကျွန်တော် သတိထားပါ့မယ်”

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီးနောက်တွင် သူ၏ စိတ်ထဲရှိ သံသယကို ကျန်းဝူရအား မေးလိုက်သည်။

“အဖေ.. အဖေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီက ပါရမီရှင်နဲ့က ဘယ်လိုမျိုး ပတ်သက်မှု ရှိနေတာလဲ သိပါရစေ”

“သား ဒီအကြောင်းကို မေးလိမ့်မယ်ဆိုတာ အဖေ သိသားပဲ”

ကျန်းဝူရက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးနောက်တွင် လေးနက်စွာ ပြောပြလိုက်သည်။

“တကယ်တော့ လွန်ခဲ့တဲ့နှစ်ပေါင်းသန်းချီက လူသားဧကရာဇ်ဖြစ်ခါနီးမှာ ပျောက်ကွယ်သွားခဲ့တဲ့ ပါရမီရှင်က အဖေကိုယ်တိုင်ပဲ.. လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းချီကလည်း လူသားဧကရာဇ်တစ်ယောက် ပေါ်ထွက်မလာအောင် သူတို့တွေ အခုလိုမျိုးပဲ တားဆီးခဲ့ကြသေးတယ်”

ကျန်းဝူရက ဘာမှ ဖုံးကွယ်မထားဘဲ ကိစ္စအားလုံးကို ကျန်းချန်အား ပြောပြလိုက်သည်။

လွန်ခဲ့သော နှစ်ပေါင်းသန်းချီက လူသားဧကရာဇ်နန်းတော်တွင် ပေါ်ထွက်ခဲ့သည့် ပါရမီရှင်သည် ကျန်းဝူရ၏ အရင်ဘဝဖြစ်သည်။

သူ လူသားဧကရာဇ် အရိုက်အရာကို ဆက်ခံခါနီးတွင် လူသားဧကရာဇ်နန်းတော်မှ လူတချို့သည် သူ့ကို ပူးပေါင်းကြံစည်ခဲ့ကြသည်။

အဆုံးသတ်တွင် ကျန်းဝူရသည် သူ့လက်အောက်ငယ်သားတစ်စု၏ ကျင့်ကြံခြင်း အဆင့်ကို ဖြတ်တောက်ကာ အဆင့်နိမ့်နယ်မြေသို့ ပို့ဆောင်ခဲ့သည်။

ထို့အပြင် သူကိုယ်တိုင်သည်လည်း လူပြန်ဝင်စားရန် ရွေးချယ်ခဲ့ပြီး ဤဘဝကို ရောက်မှသာ မှတ်ဥာဏ်များ တဖြည်းဖြည်း ပြန်လည် နိုးထလာခဲ့ခြင်းပင်။

[တကယ်ပဲ.. အဖေနဲ့အမေတို့က လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီက ပါရမီရှင်နှစ်ယောက်ရဲ့ လူဝင်စားတွေ ဖြစ်နေတာကိုး]

ကျန်းချန်က စိတ်ထဲတွင် တီးတိုး ရေရွတ်လိုက်သည်။

တကယ်တမ်းတွင် သူ့အမေ ကျီဝူရွှယ်၏ စိတ်ထဲ၌ လွန်ခဲ့သော နှစ်ပေါင်းသန်းချီက ဖြစ်ရပ်များ ရှိနေမှန်း သိလိုက်ရကတည်းကပင် ကျန်းချန်သည် ခပ်ရေးရေး ခန့်မှန်းမိခဲ့သည်။

သို့သော်လည်း ကျန်းဝူရ ကိုယ်တိုင် ဝန်ခံသည်ကို ကြားလိုက်ရလျှင် ကျန်းချန်သည် အနည်းငယ် တုန်လှုပ်သွားခဲ့၏။

“ကဲပါ အဖေ့အကြောင်းကို ခဏထားပါဦး”

ကျန်းဝူရက ခေါင်းခါရမ်းလိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။

“မင်း ဒီအခြေအနေထိ ဘယ်လိုမျိုး ဖြတ်သန်းခဲ့ရတယ်ဆိုတာ အဖေ့ကို ပြောပြစမ်းပါ”

ထိုအချိန်က ကျန်းချန်၏ ခန္ဓာကိုယ် အခြေအနေသည် အလွန်တရာ ထူးဆန်းနေခဲ့သည်။

ခန္ဓာကိုယ် အခြေအနေကြောင့် ကျန်းချန်သည် ကျင့်ကြံခြင်း လမ်းစဥ်တွင် အောင်မြင်မှုများစွာ ရရှိရန် မဖြစ်နိုင်ခဲ့သလို ကျန်းဝူရ ကိုယ်တိုင်လည်း ထိုအခြေအနေကို နားမလည်နိုင်ခဲ့ပေ။

ထိုအတွက်ကြောင့်လည်း သူက ကျန်းချန်ကို ရှန်းဝူတိုက်မှာပင် ထားရှိခဲ့ပြီး ရှန်းဝူတိုက်တွင် အေးအေးချမ်းချမ်း ဘဝခရီးလမ်း ဖြတ်သန်းသွားစေရန်သာ ရည်ရွယ်ခဲ့သည်။

သို့သော်လည်း ယခု ကျန်းချန်ကို မြင်တွေ့သည့်အခါတွင် ကျန်းဝူရသည် အနည်းငယ် နားလည်သွားပြီ ဖြစ်သည်။

သူ လူပြန်ဝင်စားပြီးသည့် နောက်ပိုင်းတွင် နတ်ကုန်းမြေတိုက်မှ သူ၏ ရန်သူများသည် ကံကြမ္မာလမ်းစဥ်ကို အထူးပြုသည့် ကျင့်ကြံသူကို ရှာဖွေကာ သူ့ကို နှိမ်နင်းရန်အတွက် ကံကြမ္မာလမ်းစဥ် စွမ်းအားကို အသုံးပြုခဲ့သည်မှာ သေချာသလောက်ဖြစ်သည်။

သို့သော်လည်း ထိုအကျိုးဆက်သည် အကြောင်းတစ်ခုခုကြောင့် ကျန်းချန် ဆီသို့ သက်ရောက်သွားခဲ့၏။

ထိုအတွက်ကြောင့် ကျန်းဝူရသည် ကျန်းချန်က ကံကြမ္မာလမ်းစဥ်၏ ကန့်သတ်ချက်များကို မည်ကဲ့သို့ ကျော်ဖြတ်ပြီး ဤအဆင့်အထိ ကြီးထွားလာနိုင်ခဲ့မှန်း အမှန်တကယ် သိချင်နေမိသည်။

အခန်း(၂၂၉၃)ပြီး၏။

အခန်း(၂၂၉၄)

ကျန်းချန်က ဘာမှဖုံးကွယ်မထားဘဲ ရှန်းဝူတိုက်ကနေ ရွှယ်လင်ကုန်းမြေတိုက် ထိုမှတစ်ဆင့် နတ်ကုန်းမြေတိုက်ဆီ မည်ကဲ့သို့ ရောက်လာခဲ့သည်ကအစ အသေးစိတ် ရှင်းပြလိုက်သည်။

သို့သော်လည်း သူ့တွင် အဆ ၁၀၀ စနစ် ရရှိထားသော အချက်နှင့် ပတ်သက်၍မူ ကျန်းချန်သည် ချန်လှပ်ထားခဲ့၏။

ဆိုရလျှင် အဆ ၁၀၀ စနစ်သည် အမှန်တကယ် မယုံနိုင်စရာကောင်းသလို ကျန်းချန်၏ အကြီးမားဆုံး လျှို့ဝှက်ချက်လည်း ဖြစ်သည်။

ထို့ကြောင့်လည်း ကျန်းချန်းက အဆ ၁၀၀ စနစ်နှင့်ပတ်သက်၍ မည်သူ့ကိုမှ ပြောပြရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

ကျန်းချန်၏ ရှင်းပြမှုကို နားထောင်ပြီးနောက်တွင် ကျန်းဝူရ၏ မျက်ဝန်းထဲ၌ အံ့ဩတုန်လှုပ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ကံကြမ္မာလမ်းစဥ်သည် ခန့်မှန်းရခက်ခဲပြီး အလွန်တရာပင် ဆန်းကြယ်၏။

ထိုအချိန်က လူသားဧကရာဇ်နန်းတော်ကနေ ဖိတ်ခေါ်ခဲ့သည့် ကံကြမ္မာလမ်းစဥ် ကျင့်ကြံသူများသည် အနည်းဆုံး နတ်ဘုရင်အဋ္ဌမအဆင့်ကို ရောက်ရှိနေသည့် ကျင့်ကြံသူများ ဖြစ်ကြသည်။

ထိုအဆင့်ကျင့်ကြံသူများ၏ ကံကြမ္မာလမ်းစဥ် စွမ်းအားကို သူ၏ လက်ရှိခွန်အားဖြင့်ပင် အလွယ်တကူ ဖြေရှင်းရန် ခက်ခဲလိမ့်မည်ကို သူစိုးရိမ်မိသည်။

သို့သော်လည်း ကံကြမ္မာလမ်းစဥ်၏ ကန့်သတ်မှုများသည် အကြောင်းရင်း မသိရဘဲ ကျန်းချန်ပေါ်သို့ သက်ရောက်မှု ရှိမနေခဲ့သည်မှာ အမှန်တကယ်ပင် နားလည်ရ ခက်နေခဲ့သည်။

သို့ရာတွင် ကျန်းဝူရသည် အတွေးများမနေတော့ပေ။

မည်သို့ပင် ဖြစ်စေကာမူ ကျန်းချန်သည် ကံကြမ္မာလမ်းစဥ်၏ ကန့်သတ်ချက်ကနေ ရုန်းထွက်နိုင်ခဲ့ပြီး ရှန်းဝူတိုက်ကနေ ဤအဆင့်အထိ တက်လှမ်းလာနိုင်ခဲ့ကာ လူသားဧကရာဇ်နန်းလျာ ဖြစ်လာခဲ့ခြင်းသည် ကောင်းမွန်သောကိစ္စပင် မဟုတ်ပါလော။

ကျန်းဝူရက ခေါင်းခါရမ်းလိုက်ပြီး သူ၏ အတွေးစများကို ဖယ်ထုတ်လိုက်သည်။

ထို့နောက်တွင် ကျန်းချန်ကို ကြည့်ရင်း သူ၏ မျက်ဝန်းထဲ၌ ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ချန်အာ ခုနက မင်းပြောတာကို နားထောင်ရသလောက် ဆိုရင် မင်းရဲ့အမေက အခု အရှေ့ဘက်‌ဒေသ ကျီမျိုးနွယ်စုမှာ ရှိနေတာလား”

“ဟုတ်တယ်အဖေ.. ကျွန်‌တော် အလယ်ပိုင်းဒေသကို မလာခင်မှာ အမေက အ‌‌‌ရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုရဲ့ ဘိုးဘွားနယ်မြေထဲကို ဝင်သွားခဲ့တယ်”

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ကျန်းဝူရကို ကြည့်ကာ ပြောလိုက်သည်။

“တကယ်လို့ အဖေ အမေ့ကို တွေ့ချင်တယ်ဆိုရင် ကျွန်‌တော် အဖေ့ကို အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုဆီ ခေါ်သွားပေးပ့ါမယ်”

“ဒီကိစ္စက လောစရာမလိုပါဘူး.. မင်းအမေက ကျီမျိုးနွယ်စုရဲ့ဘိုးဘွားနယ်မြေထဲ ဝင်သွားပြီ ဆိုမှတော့ သူ အဲဒီနေရာကနေ မြန်မြန် ထွက်လာမှာတော့ မဟုတ်လောက်ဘူး”

ကျန်းဝူရက လက်ကာပြလိုက်ပြီး ကျန်းချန်ကို ပြောလိုက်သည်။

“ချန်အာ. အခု မင်းက လူသားဧကရာဇ် အရိုက်အရာကို ဆက်ခံဖို့ အရည်အချင်း ပြည့်မီသွားခဲ့ပြီ”

ထိုစကားကိုကြားလျှင် ကျန်းချန်သည် မချိပြုံးပြုံးလိုက်သည်။

“အဖေ.. အမှန်အတိုင်းပြောရရင် ဒီ လူသားဧကရာဇ် ရာထူးကို ကျွန်တော် စိတ်မဝင်စားဘူး.. ကျွန်တော့်အမြင်တော့ အဖေပဲ ဒီရာထူးကို ဆက်ခံသင့်တယ်”

“လူသားဧကရာဇ်ရာထူးက က‌လေးကစားစရာ မဟုတ်ဘူး.. ဒါ့အပြင် လူတိုင်းဆက်ခံလို့ရတဲ့ နေရာလည်း ဟုတ်မနေပြန်ဘူး.. အခု လူသားဧကရာဇ်ကံကြမ္မာက မင်းဆီမှာပဲ ရှိနေတယ်.. ဒါကြောင့်လည်း မင်းက လူသားဧကရာဇ်မျှော်စင်ကို ဖြတ်ကျော်နိုင်ခဲ့တာပဲ.. အဖေ့ အမြင်တော့ မင်းက လူသားဧကရာဇ်ရာထူးကို ဆက်ခံဖို့အတွက် အသင့်တော်ဆုံးသူပဲ”

ကျန်းဝူရ၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းများ လင်းလက်သွားခဲ့သည်။

“ဒါ့အပြင် မင်းက သေချာပေါက် လူသားဧကရာဇ် ဖြစ်လာပြီး လူသားဧကရာဇ်နန်းတော်ကို တာဝန်ယူရမယ်.. ဒီလိုမှမဟုတ်ရင် အရင်တုန်းက ငါဖြစ်ခဲ့သလိုမျိုးပဲ လူသားဧကရာဇ်နန်းတော်ထဲက လူတချို့က မင်းကို အလွယ်တကူ အလွှတ်ပေးကြမှာ မဟုတ်ဘူး”

ထိုစကားကိုကြားလျှင် ကျန်းချန်သည် ခဏမျှ တိတ်ဆိတ်သွားသည်။

ထို့နောက်တွင် သူ၏ မျက်ဝန်းထဲ၌ ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။

ထိုအချိန်က လူသားဧကရာဇ်နန်းတော်မှ လူတချို့သည် သူ့အဖေကို ပူးပေါင်းကြံစည်ခဲ့ကြသည် ဖြစ်ရာ ယနေ့တွင်လည်း သူ့ကို အလွယ်တကူ အလွှတ်ပေးရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

ထို့ကြောင့် လူသားဧကရာဇ် အရိုက်အရာကို ဆက်ခံပြီး လူသားဧကရာဇ်နန်းတော်ကို အုပ်ချုပ်ကာ သူ့အဖေအတွက် အရာအားလုံးကို ပြန်လည်ရယူပေးခြင်းသည် ပို၍ ကောင်းမွန်သော ဆုံးဖြတ်ချက်ပင် မဟုတ်ပါလား။

ထို့အပြင် သူ့တွင် နတ်ကုန်းမြေတိုက်၌ ရန်သူအများအပြား ရှိနေသေးသည်။

ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုနှင့် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု တို့သည် သူ၏ ရန်သူတော်များ ဖြစ်ကြသည်။

အကယ်၍ သူသာ လူသားဧကရာဇ်နန်းတော်၏ အင်အားကို ပေါင်းစည်းနိုင်မည် ဆိုလျှင် ထိုမျိုးနွယ်စုနှစ်စုကို ထိပ်တိုက်ရင်ဆိုင်ရမည် ဆိုလျှင်ပင် အနည်းငယ်မျှ ကြောက်ရွံ့နေစရာ မလိုအပ်တော့ပေ။

“ချန်အာ.. ဒီကာလအတွင်းမှာ လူသားဧကရာဇ်နန်းတော်ထဲက လူတချို့က မင်းကို ပစ်မှတ်ထားဖို့ ကြိုးစားလိမ့်မယ်.. ဒါကြောင့် မင်းဒီနေရာမှာပဲ တံခါးပိတ်ပြီး ကျင့်ကြံနေပါ.. သူတို့ကို ဘာအခွင့်အရေးမှ မပေးမိစေနဲ့.. လူသားဧကရာဇ် အရိုက်အရာကို ဆက်ခံမဲ့ နောက်သုံးလ အထိ စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းပါ”

ကျန်းဝူရက လေးနက်စွာ ပြောလိုက်သည်။

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ကျန်းဝူရနှင့် တစ်ခဏမျှ စကားပြောပြီးနောက်တွင် ဤခြံဝန်းထဲမှာပင် အခြေချ၍ နေထိုင်လိုက်သည်။

ဤကာလအတွင်း ကျန်းချန်သည် ခြံဝန်းထဲတွင်သာ အေးအေးဆေးဆေး နေထိုင်ခဲ့ပြီး ရံဖန်ရံခါတွင် ကျန်းဝူရနှင့် စကားစမည် ပြောဆိုခြင်းက လွဲလျှင် အချိန်တော်တော်များများကို တံခါးပိတ် ကျင့်ကြံရင်းသာ ကုန်ဆုံးစေခဲ့ပြီး ခြံဝန်းထဲကနေ အပြင်သို့ တစ်ခါမှ မထွက်ခွာခဲ့ပေ။

အချိန်က ဒီရေကဲ့သို့ပင် စီးဆင်းသွားခဲ့ပြီး မသိလိုက်မသိဘာသာဖြင့်ပင် တစ်လဟူသော အချိန်ကာလသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ကုန်ဆုံးသွားခဲ့သည်။

ယနေ့တွင် လျှို့ဝှက်အခန်းထဲ၌ တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံနေသော ကျန်းချန်သည် သူ၏ ပိတ်ထားသော မျက်လုံးများကို ချက်ချင်းပင် ဖွင့်လိုက်သည်။

“အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုမှာ တစ်ခုခု ဖြစ်ပျက်နေပုံပဲ”

ကျန်းချန်၏ မျက်ဝန်းထဲတွင် လေးနက်သော အမူအရာများဖြစ်ပေါ်နေခဲ့သည်။

အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကနေ သူထွက်ခွာလာသည့်အချိန်တွင် သူ၏ ဝိညာဥ်အသိစိတ်တစ်ခု ကိန်းအောင်းနေသည့် ကျောက်စိမ်းပြား တစ်ခုကို ကျီရွမ်ရီထံတွင် ထားရစ်ခဲ့သည်။

အကယ်၍သာ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုတွင် တစ်စုံတစ်ရာ အပြောင်းအလဲရှိခဲ့လျှင် ကျီရွမ်ရီသည် ထို‌ကျောက်စိမ်းတံဆိပ်ပြားကို ချေဖျက်လိုက်သည်နှင့် သူက အရာအားလုံးကို အာရုံခံမိလိမ့်မည် ဖြစ်၏။

အစောပိုင်းကလေးတင် ကျန်းချန်သည် ထိုကျောက်စိမ်းတံဆိပ်ပြား ပျက်စီးသွားသည်ကို အာရုံခံမိလိုက်သည်။

ထို့ကြောင့် အ‌ရှေ့ဘက်ဒေသကျီမျိုးနွယ်စုတွင် ကြီးမားသော အပြောင်းအလဲ တစ်ခုခု ဖြစ်ပေါ်နေသည်မှာ သေချာသလောက်ပင်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု အခက်အခဲနှင့် ကြုံတွေ့နေရသည်ကို သူ့အနေဖြင့် ထိုင်ကြည့်နေ၍ မဖြစ်ပေ။

ယင်းအပြင် သူ့အမေကလည်း အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုတွင် ရှိနေခဲ့၏။

ထို့ကြောင့် သူ့အနေဖြင့် မည်သို့ပင် ဖြစ်စေကာမူ အ‌ရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုဆီ သွားရပေလိမ့်မည် မဟုတ်ပါလား။

ထိုသို့ တွေးမိသည်နှင့် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ မျက်စိတစ်မှိတ် အတွင်းမှာပင် နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

နောက်ထပ်တစ်ခဏအတွင်း ကျန်းချန်သည် ကျန်းဝူရ၏ ရှေ့၌ ပေါ်လာခဲ့၏။

ကျန်းဝူရက သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသော ကျန်းချန်ကို မြင်လျှင် အနည်းငယ် မှင်တက်သွားခဲ့သည်။

“ချန်အာ.. သား အဖေ့ကို ပြောစရာတစ်ခုခု ရှိလို့လား”

ကျန်းချန်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“အဖေ.. အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုမှာ တစ်ခုခုဖြစ်နေပြီ.. ကျွန်တော် အ‌ရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို တစ်ခေါက်သွားရလိမ့်မယ် ထင်တယ်”

“အရမ်းကြီးလည်း စိတ်မပူပါနဲ့.. ငါအခြေအနေကို အရင်စုံစမ်းကြည့်လိုက်ဦးမယ်”

ကျန်းဝူရက မျက်လုံးများကို မှိတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် အခြားသူများနှင့် ဆက်သွယ်ရန် လျှို့ဝှက်နည်းစနစ် တစ်ခုကို အသုံးပြုလိုက်သည်။

ခဏအကြာတွင် ကျန်းဝူရသည် မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး လေးနက်စွာ ပြောလိုက်၏။

“အ‌ရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု တစ်ခုတည်း အန္တရာယ်ဖြစ်နေတာ မဟုတ်ဘူး.. အ‌ရှေ့ဘက်ဒေသ တစ်ခုလုံးမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်နေတာပဲ.. နတ်ဆိုးတားမြစ်နယ်မြေရဲ့ စည်းတံဆိပ် ပြိုကွဲသွားခဲ့ပြီ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုတွေ နတ်ကုန်းမြေတိုက်ဆီ စစ်ချီလာကြတာပဲ”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်

အ‌ရှေ့ဘက်ဒေသရှိ နတ်ဆိုးတားမြစ်နယ်မြေကို ဟောင်ထျန်းဓားဂိုဏ်းက စောင့်ကြပ်နေခြင်း ဖြစ်သည်။

ထိုအချိန်က အ‌ရှေ့ဘက်ဒေသရှိ နတ်ဆိုးတားမြစ်နယ်မြေတွင် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့၍ ဟောင်ထျန်းဓားဂိုဏ်းသည် အရှေ့ဘက်ဒေသမှ နတ်ဘုရင်အဆင့် အင်အားစုငါးစုကို ခေါ်ယူကာ စည်းတံဆိပ်ကို အားဖြည့်ခဲ့ကြသည်။

ပထမအကြိမ် စည်းတံဆိပ်ခတ် အားဖြည့်မှု အနှောင့်အယှက်ပြုခံရပြီးနောက်တွင် ကျန်းချန် ကိုယ်တိုင် နတ်ဆိုးတားမြစ်နယ်မြေထဲရှိ ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံ ထဲသို့ တစ်ယောက်တည်း ဝင်ရောက်သွားခဲ့ပြီး ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုဝင်များကို နှိမ်နင်းကာ ဟင်းလင်းပြင်နတ်ဆိုးအသိုက်အမြုံ၏ ခေါင်းဆောင် ဖြစ်သည့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ရှန်းထူကို အညံ့ခံစေခဲ့သည်။

ထို့နောက်တွင်မူ ဟောင်ထျန်းဓားဂိုဏ်းသည် နတ်ဆိုးတားမြစ်နယ်မြေ၏ စည်းတံဆိပ်ကို နောက်တစ်ကြိမ် ထပ်မံ အားဖြည့်ခဲ့သည်။

ယုတ္တိကျကျ ပြောရလျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ဆိုးတားမြစ်နယ်မြေ၏ စည်းတံဆိပ်ကို အလွယ်တကူ ထိုးဖောက်နိုင်စရာ မရှိပေ။

ထို့အပြင် သူ့ထံတွင် အညံ့ခံထားသည့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ရှန်းထူသည်လည်း သူ့ဆီကို ဘာသတင်းမှ ပေးမလာခဲ့ချေ။

သို့ဆိုလျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ဆိုးတားမြစ်နယ်မြေကို မည်ကဲ့သို့ဖြတ်ကျော်ပြီး နတ်ကုန်းမြေတိုက်ဆီ ပြန်ရောက်လာရပါသနည်း။

“အဖေ.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက အ‌ရှေ့ဘက်ဒေသကို ရောက်လာပြီ ဆိုတော့ အ‌ရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု အတွက် အန္တရာယ်ရှိနိုင်တယ်.. သိပ်နောက်မကျခင် ကျွန်တော် အခုပဲ အ‌ရှေ့ဘက်ဒေသဆီ သွားမှဖြစ်မယ်”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး အလျင်အမြန်ပင် ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းဝူရသည် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ချန်အာ..”

“အဖေစိတ်ချပါ.. ကျွန်တော် ဘာမှမဖြစ်စေရပါဘူး.. နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူနဲ့ မကြုံတွေ့သရွေ့ ဘယ်သူမှ ကျွန်တော့်ကို အန္တရာယ်မပေးနိုင်ပါဘူး.. ဒါ့အပြင် ကျွန်တော် လူသားဧကရာဇ်နန်းတော်ကို တာဝန်ယူချင်တယ် ဆိုရင် ပြဿနာတချို့ကို ဖြေရှင်းမှ ဖြစ်လိမ့်မယ်.. ဒီတစ်ကြိမ်က အခွင့်အရေး တစ်ခုလည်း ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်”

လူသားဧကရာဇ်နန်းတော်ထဲမှ လူတချို့သည် သူတို့သားအဖ တည်ရှိနေသည်ကို မမြင်ချင်ကြပေ။

ထိုအရာထက် သူ လူသားဧကရာဇ် ဖြစ်လာမှာကို ပို၍ပင် မမြင်ချင်ကြချေ။

ထို့ကြောင့် သူ့အနေဖြင့် လူသားဧကရာဇ်နန်းတော်ကို တာဝန်ယူချင်သည် ဆိုလျှင် အ‌ကောင်းမွန်ဆုံးနည်းလမ်းမှာ ဤလူများကို အမြစ်ပြတ် ရှင်းလင်းပစ်ရန်ပင် ဖြစ်၏။

ဤတစ်ခေါက် သူအ‌ရှေ့ဘက်ဒေသကို သွားခြင်းသည် ထိုလူများကို လှုပ်ရှားရန် အခွင့်အရေး ပေးလိုက်ခြင်း ဆိုလည်းမမှားပေ။

ထိုလူများကို ရှင်းလင်းနိုင်သရွေ့ လူသားဧကရာဇ်အရိုက်အရာကို ဆက်ခံရန် ပို၍ လွယ်ကူသွားလိမ့်မည် မဟုတ်ပါလော။

“ကောင်းပြီလေ.. အဖေ သားအတွက် လူသားဧကရာဇ်နန်းတော်ကို စောင့်ကြည့်ပေးထားမယ်.. အမြန်သွားပြီး အမြန်ပြန်လာခဲ့ပါ.. အစစအရာရာ သတိထားပါ”

ကျန်းဝူရက ခဏလောက် စဥ်းစားပြီးနောက်တွင် အဆုံးသတ်၌ ကျန်းချန်၏ ဆုံးဖြတ်ချက်ကို သဘောတူလိုက်သည်။

ကျန်းချန်ကလည်း တုံ့ဆိုင်းမနေဘဲ ကျန်းဝူရကို နှုတ်ဆက်ကာ ကျန်းမျိုးနွယ်စု၏ အထက်ကောင်းကင်ယံကနေ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၂၂၉၄)ပြီး၏။

All Chapters