← Chapters

အခန်း (၂၂၉၇-၂၂၉၈)

Vol. 170 Ch. 2297-2298

အခန်း (၂၂၉၇-၂၂၉၈)

Vol. 170 Ch. 2297-2298

အခန်း(၂၂၉၇)

ယခုအခါတွင် ဟင်းလင်းပြင်နတ်ဆိုးများသည် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများ မရှိတော့သဖြင့် ခေါင်းဆောင်မဲ့ကာ ဝါးအစည်းပြေသကဲ့သို့ ဖြစ်နေခဲ့သည်။

ထို့ကြောင့် နတ်ဘုရင်တတိယအဆင့် ဖြစ်သည့် ကျီရွမ်ရီသည် ကျီမျိုးနွယ်စုမှ တပည့်အများကို ဦးဆောင်ကာ ဟင်းလင်းပြင်နတ်ဆိုးများကို အပြတ်အသတ် ချေမှုန်းပြီး ဆုတ်ခွာသွားစေခဲ့သည်။

ဤမြင်ကွင်းကို မြင်လျှင် ကျန်းချန်သည် ထို ဟင်းလင်းပြင်နတ်ဆိုးများကို တိုက်ခိုက်ရန် စိတ်မဝင်စားတော့ပေ။

သူက ခေါင်းကိုမော့ကာ ကောင်းကင်ယံတွင် တိုက်ခိုက်နေသည့် ကျီထျန်းယိုတို့ နှစ်ဦးကို လှမ်းကြည့်လိုက်သည်။

ထို့နောက်တွင် သူက ခြေလှမ်းလိုက်ရာ ချက်ချင်းဆိုသလိုပင် ကျီထျန်းယို၏ နံဘေး၌ တိုက်ရိုက် ပေါ်လာခဲ့၏။

ကျီထျန်းယို၏ နံဘေးတွင် ကျန်းချန် ပေါ်လာသည်ကို မြင်လျှင် ဆန့်ကျင်ဘက်မှ အနက်ရောင်ဝတ်စုံဝတ် နတ်ဆိုးထံကနေ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာခဲ့သည်။

နတ်ကုန်းမြေတိုက်၏ အရှေ့ဘက်ဒေသတွင် နတ်ဘုရင်အင်အားစုကြီး ငါးစုရှိ၏။

ထိုအင်အားစုကြီးငါးစုကို ဖျက်ဆီးနိုင်သရွေ့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုသည် အရှေ့ဘက်ဒေသကို လုံးဝ သိမ်းပိုက်နိုင်မည် ဖြစ်သည်။

ယခု နတ်ဘုရင်အင်အားစု ငါးစုအနက်မှ တစ်စုဖြစ်သော ကျီမျိုးနွယ်စုကို ဖျက်ဆီးနိုင်တော့မည့်အချိန်တွင် ထိုကောင်လေးသည် ရုတ်တရက် ဝင်ရောက် နှောင့်ယှက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ထိုကောင်လေးသည် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား နှစ်ပါးကို အလွယ်တကူပင် သတ်ဖြတ်ခဲ့ပြီး အခြေအနေကို ချက်ချင်းဆိုသလို ပြောင်းပြန်လှန်ပစ်လိုက်သည် မဟုတ်ပါလော။

“ကောင်လေး မင်းသေဖို့သာပြင်ထားတော့”

အနက်ရောင်ဝတ်စုံဝတ် နတ်ဆိုးသည် ကျန်းချန်ကို ရက်စက်လိုသော အကြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည်။

သူ၏ ဒေါသတကြီး ကြုံးဝါးသံသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်သွားခဲ့သည်။

ကျန်းချန်က အနက်ရောင်ဝတ်စုံဝတ် နတ်ဆိုး၏ ကြုံးဝါးသံကို လျစ်လျူရှုထားလိုက်သည်။

သူက နံဘေးရှိ အရှိန်အဝါ အနည်းငယ် အားနည်းနေသော ကျီထျန်းယိုကို ကြည့်ကာ ပြောလိုက်သည်။

“စီနီယာ.. ဒီနတ်ဆိုးနတ်ဘုရားကို ကျွန်တော်ပဲ တာဝန်ယူလိုက်ပါမယ်”

ကျီထျန်းယိုသည် နတ်ဘုရင် စတုတ္ထအဆင့် အထွတ်အထိပ်ကျင့်ကြံသူ ဖြစ်ပြီး နှစ်သန်းပေါင်းများစွာ အသက်ရှင်ခဲ့သူ ဖြစ်သည်။

ဆိုရလျှင် ကျီထျန်းယိုသည် အသက်သစ်သီး၏ အားကိုးဖြင့် အသက်ဆက်ထားနိုင်ခြင်းသာ။

အစွမ်းထက် မှော်ရတနာသာ လက်ထဲ မရှိခဲ့လျှင် ရှုံးနိမ့်သွားခဲ့သည်မှာ ကြာပြီ ဖြစ်၏။

ထို့ကြောင့် ကျီထျန်းယိုသည် ပဉ္စမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို ရင်ဆိုင်ရာတွင် သိသိသာသာပင် ရုန်းကန်နေခဲ့ရပြီး အားအင်ကုန်ခန်းလုနီးပါး ဖြစ်နေခဲ့သည်။

“သတိထားပါ ကျန်းချန်”

ကျီထျန်းယိုက ကျန်းချန်ကို သတိပေးလိုက်သည်။

ကျီထျန်းယိုသည် ကျန်းချန်၏ ကျင်ကြံခြင်းအဆင့်ကို မမြင်နိုင်သော်လည်း နတ်ဘုရင်အဆင့်ကို ကျန်းချန် ထိုးဖောက်သွားပြီမှန်း အာရုံခံစားမိခဲ့သည်။

သိထားရမည့်အချက်မှာ ကျန်းချန်သည် ကောင်းကင်အရှင်အဆင့်တွင် ရှိနေသေးစဥ်ကပင် နတ်ဘုရင် တတိယအဆင့်ကို အနိုင်ယူနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားခြင်းပင်။

“စီနီယာ စိတ်မပူပါနဲ့”

ယခု ကျန်းချန်က နတ်ဘုရင်အဆင့်ကို ထိုးဖောက်သွားပြီ ဖြစ်ရာ ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် သူ့ထက်ပင် အားကောင်းနိုင်ပြီး အနည်းဆုံးတော့ မနိမ့်ကျနိုင်ပေ။

ထို့ကြောင့် ကျန်းချန်တွင် သူ၏ ရှေ့မှ ပဉ္စမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း သေချာပေါက် ရှိနေလောက်၏။

ကျန်းချန်က ခေါင်းညိတ်ပြလိုက်ပြီးနောက်တွင် ဆန့်ကျင်ဘက်မှ အနက်ရောင်ဝတ်စုံဝတ် နတ်ဆိုးနတ်ဘုရားကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။

“မင်းက ဟင်းလင်းပြင် အမှောင်နတ်ဆိုး မျိုးနွယ်စုကလား”

ကျန်းချန်၏ မေးခွန်းကိုကြားလျှင် အနက်‌ရောင်ဝတ်စုံဝတ် နတ်ဆိုးနတ်ဘုရားသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

“မင်းက ငါတို့ မျိုးနွယ်စုကို သိနေတာလား”

“အရှေ့ဘက်ဒေသမှာရှိတဲ့ နတ်ဆိုးတားမြစ်နယ်မြေက နတ်ကုန်းမြေတိုက်ရဲ့ အရှေ့ဘက်အရပ်မှာရှိတဲ့ ထာဝရဟင်းလင်းပြင်ထဲက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုနဲ့ ချိတ်ဆက်နေတာ ငါသိထားတယ်.. ငါသိသလောက်ဆိုရင် နတ်ကုန်းမြေတိုက်ရဲ့ အ‌ရှေ့ဘက် ထာဝရဟင်းလင်းပြင်ထဲမှာ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုနှစ်စုပဲ ရှိတယ်"

"အဲဒီနတ်ဆိုးမျိုးနွယ်စုတွေက ဟင်းလင်းပြင် အမှောင်နတ်ဆိုးမျိုးနွယ်စုနဲ့ ဟင်းလင်းပြင် နွားရိုင်းနတ်ဆိုး မျိုးနွယ်စုတို့ပဲ.. မင်းက ဟင်းလင်းပြင် နွားရိုင်းနတ်ဆိုး မျိုးနွယ်စုဝင် မဟုတ်မှတော့ ဟင်းလင်းပြင် အမှောင်နတ်ဆိုးမျိုးနွယ်စုဝင် ဆိုတာ ငါခန့်မှန်းမိတာပေါ့”

ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

သူ အရှေ့ဘက်ဒေသတွင် ရှိစဥ်က ကျီချန်းယဲ့၏ လုပ်ကြံမှုကို ခံခဲ့ရပြီး အဆုံးသတ်တွင် နတ်ကုန်းမြေတိုက်၏ အ‌ရှေ့ဘက်အရပ်ရှိ ထာဝရဟင်းလင်းပြင် ထဲသို့ ထွက်ပြေးခဲ့ရသည်။

ထိုနေရာတွင် ကျန်းချန်သည် ဟင်းလင်းပြင် နွားရိုင်းနတ်ဆိုးမျိုးနွယ်စုဝင် တစ်ဦးကို သိမ်းသွင်းခဲ့ဖူးသည်။

ထို့ကြောင့် ကျန်းချန်က နတ်ကုန်းမြေတိုက်၏အ‌ရှေ့ဘက်အရပ်ရှိ ထာဝရဟင်းလင်းပြင် အကြောင်းကို သဘာဝကျစွာပင် နားလည်ထားခဲ့သည်။

သို့‌သော်လည်း သူသိထားသလောက် ဟင်းလင်းပြင်အမှောင်နတ်ဆိုးမျိုးနွယ်စု၏ အင်အားသည် ဟင်းလင်းပြင် နွားရိုင်နတ်ဆိုး မျိုးနွယ်စုနှင့် အတူတူလောက်ပင် ရှိပြီး မျိုးနွယ်စုထဲတွင် အသန်မာဆုံးသူမှာ စတုတ္ထအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားအဆင့်သာ ရှိသည်။

ဆိုရလျှင် ဟင်းလင်းပြင် အမှောင်နတ်ဆိုး မျိုးနွယ်စု၏ အင်အားဖြင့် အရှေ့ဘက်ဒေသကို တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း လက်ရှိအခြေအနေသည် ကျန်းချန် မျှော်လင့်ထားသည်ကို လုံးဝ ကျော်လွန်နေခဲ့၏။

ဟင်းလင်းပြင် အမှောင်နတ်ဆိုးမျိုးနွယ်စုသည် နတ်ဆိုးတားမြစ်နယ်မြေ၏ စည်းတံဆိပ်ကို ထိုးဖောက်နိုင်ရုံသာမက အရှေ့ဘက်ဒေသကို တိုက်ခိုက်ရန် ပဉ္စမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားကိုပင် စေလွှတ်လိုက်သည် မဟုတ်ပါလား။

ဤအချက်ကိုကြည့်လျှင် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုတွင် ကြီးမားသော အပြောင်းအလဲ တစ်ခုခု ဖြစ်ပျက်ခဲ့သည်မှာ သေချာနေခဲ့သည်။

သူက ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုထဲတွင် နယ်ရုပ်နှစ်ရုပ် ချထားခဲ့ဖူးသည်။

တစ်ယောက်မှာ နတ်ဆိုးတားမြစ်နယ်မြေ ထဲသို့ ဝင်ရောက်စဥ်က သူ့ထံတွင် အညံ့ခံခဲ့သော နတ်ဆိုးနတ်ဘုရားရှန်းထူ ဖြစ်ပြီး နောက်တစ်ယောက်ကမူ ဟင်းလင်းပြင် နွားရိုင်းနတ်ဆိုး မျိုးနွယ်စု၏ သခင်လေးနျူကန် ဖြစ်သည်။

သို့သော်လည်း ယခုတစ်ခေါက် ဟင်းလင်းပြင်နတ်ဆိုးများ နတ်ကုန်းမြေတိုက်သို့ ကျူးကျော်လာသည့် အချိန်တွင် ထိုနှစ်ဦးထံမှ မည်သည့် သတင်းမှ မကြားခဲ့ရပေ။

သူက ထိုနှစ်ဦး၏ စိတ်ဝိညာဥ်ထဲတွင် သူ၏ အမှတ်အသားများ ချန်ထားရစ်ခဲ့သည်။

ထို့ကြောင့် ထိုနှစ်ဦး ကျဆုံးသွားလျှင် သူ့အနေဖြင့် သေချာပေါက် ချက်ချင်းဆိုသလို သိရှိလိမ့်မည် ဖြစ်၏။

သို့သော်လည်း မည်သည့် တုံ့ပြန်မှုမှ မရှိသဖြင့် ထိုနှစ်ဦးလုံးသည် အသက်ရှင်နေသေးသည်မှာ သေချာသလောက်ပင်။

ယခုတွင် ဖြစ်နိုင်ခြေနှစ်ခုသာရှိသည်။

တစ်ခုမှာ ထိုနှစ်ဦးသည် နတ်ကုန်းမြေတိုက်ပေါ်တွင် မရှိသောကြောင့် သူ့ဆီသို့ သတင်းမပို့နိုင်ခြင်းလည်း ဖြစ်နိုင်သည်။

နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကမူ ထိုနှစ်ယောက်၏ စိတ်ထဲတွင် အခြားသော အကြံအစည်များ ရှိနေခြင်း ဖြစ်၏။

“ကောင်လေး.. မင်းက ငါတို့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုအကြောင်းကို တော်တော်လေး သိထားတာပဲ”

အနက်ရောင်ဝတ်စုံဝတ် နတ်ဆိုးနတ်ဘုရားက ကျန်းချန်ကို သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည်။

“မင်းက ငါ့ရဲ့ ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား နှစ်ပါးကို သတ်ဖြတ်ခဲ့ပြီး ငါတို့ ဟင်းလင်းပြင် အမှောင်နတ်ဆိုး မျိုးနွယ်စုကို အကြီးအကျယ် ထိခိုက်အောင်လုပ်ခဲ့တယ်.. ဒီနေ့ ငါ့ရဲ့အမုန်းတရာတွေ ပြေပျောက်ဖို့အတွက် မင်းရဲ့ အလောင်းကို အပိုင်းပိုင်း ဖြစ်အောင် လုပ်ပစ်မှ ဖြစ်လိမ့်မယ်”

ကျန်းချန်က မထီမဲ့မြင်ပြုံးလိုက်သည်။

“မင်းကိုယ်မင်း ငါ့ကို ယှဥ်နိုင်မယ်လို့ ထင်နေတာလား”

အကယ်၍သာ အလယ်ပိုင်းဒေသသို့ မသွားခင်က ကောင်းကင်အရှင်အဆင့် ကျင့်ကြံခြင်းဖြင့်သာ ဆိုလျှင် ပဉ္စမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို ရင်ဆိုင်ရန် သူ့တွင် အစွမ်းအစ မရှိပေ။

သို့သော်လည်း ဤကာလအတွင်း သူသည် အလယ်ပိုင်းဒေသတွင် နတ်ဘုရင်အဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ရုံသာမက နတ်ဘုရင် ပဉ္စမအဆင့်သို့ပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်ရာ နတ်ဘုရင် အဋ္ဌမအဆင့် ကျင့်ကြံသူနှင့်ပင် ယှဥ်ပြိုင်နိုင်စွမ်းရှိသည့် ခွန်အားကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။

သို့ဖြစ်၍ ကျန်းချန်အနေဖြင့် ပဉ္စမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို မည်ကဲ့သို့ အရေးစိုက်စရာ လိုအပ်ပါမည်နည်း။

“သေစမ်း”

အနက်ရောင်ဝတ်စုံဝတ် နတ်ဆိုးနတ်ဘုရားသည် ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအင်များကို ထုတ်ဖော်လိုက်သည်။

ချက်ချင်းဆိုသလိုပင် မိုင်ပေါင်းသောင်းချီကျယ်ဝန်းသောကောင်းကင်ယံတွင် နတ်ဆိုးအရှိန်အဝါများ လွှမ်းမိုးသွားခဲ့ပြီး မြင်ကွင်း တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ထို့နောက်တွင် နတ်ဆိုးအရှိန်အဝါများသည် အရာအားလုံးကို ဖိနှိပ်နိုင်စွမ်းရှိသော ပေတစ်သောင်းအမြင့်ရှိသည့် နတ်ဆိုးတောင်တန်းကြီး အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန် ဆီသို့ ပျံသန်းလာခဲ့သည်။

ထိုပေတစ်သောင်းအမြင့် ရှိသည့် နတ်ဆိုးတောင်တန်းကြီးသည် ငရဲဘုံတစ်ခုသဖွယ် ဖြစ်နေခဲ့ပြီး မရေမတွက်နိုင်သော ဝိညာဥ်များနှင့် တစ္ဆေများ ထွက်ပေါ်လာခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် ဓားလမ်းစဥ်စွမ်းအားများကို ထုတ်ဖော်လိုက်၏။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပြိုင်ဘက်ကင်း နတ်ဓားတစ်လက် ကဲ့သို့ ဖြစ်နေခဲ့ပြီး အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော ဓားအရှိန်အဝါများ ထုတ်လွှတ်နေခဲ့သည်။

ထိုဓားအရှိန်အဝါက နတ်ဆိုးတောင်တန်းကနေ ထွက်ပေါ်လာသည့် ဝိညာဥ်များနှင့် တစ္ဆေ အားလုံးကို ဘာမှမကျန်ရှိတော့သည်အထိ ချေမှုန်းပစ်လိုက်၏။

“ပိုင်းဖြတ်စမ်း”

ကျန်းချန်က ရှေးဟောင်း ရွှေရောင်ဓားဖြင့် ဓားချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

ယင်းနောက်တွင် ကျန်းချန်သည် လက်ထဲမှ ရှေးဟောင်းရွှေရောင်ဓားကို လှုပ်ရှားလိုက်ရာ ကောင်းကင်ယံရှိ အဆုံးမဲ့ ကြယ်တာရာ စွမ်းအားများသည် ရှေးဟောင်းရွှေရောင်ဓားထံသို့ စုစည်းလာခဲ့သည်။

ထိုဓားချက်သည် မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းသော ကောင်းကင်ယံကို နှစ်ပိုင်း ခွဲလိုက်သကဲ့သို့ ဖြစ်သွားခဲ့ပြီး ဧရာမဟင်းလင်းပြင် အက်ကြောင်းတစ်ခုသည် အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားခဲ့သည်။

အဆုံးသတ်တွင် ထိုဧရာမ ဟင်းလင်းပြင်အက်ကြောင်းသည် ပေတစ်သောင်းအမြင့်ရှိသည့် နတ်ဆိုးတောင်တန်းကို တိုက်ရိုက်ပင် ထိုးဖောက်သွားခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ်နတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်ကိုပင် ဘာမှမကျန်ရှိတော့သည်အထိ ချေမှုန်းပစ်လိုက်သည်။

ဓားချက်တစ်ချက်တည်းဖြင့်ပင် အနက်ရောင်ဝတ်စုံဝတ်နတ်ဆိုးနတ်ဘုရားသည် သုတ်သင်ခံလိုက်ရချေပြီ။

ကျန်းချန်၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် ပဉ္စမအဆင့်ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါးကို သတ်ဖြတ်ရန်မှာ ကြက်သတ်သကဲ့သို့ပင် ဘာမှ မခြားပေ။

“ဒါ.. ဒါက”

သူ့ရှေ့မှ မြင်ကွင်းကို ကျီထျန်းယိုသည် မှင်တက်စွာ စိုက်ကြည့်နေမိသည်။

သူက တစ္ဆေသရဲကို မြင်လိုက်ရသကဲ့သို့ပင် မှင်တက်ရာကနေ အချိန်အတော်ကြာသည်အထိ သတိပြန်မဝင်လာခဲ့ပေ။

ကျန်းချန်က ပါရမီ အလွန်ထူးချွန်ပြီး နတ်ဘုရင်အဆင့်သို့ ထိုးဖောက်သွားသည်နှင့် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသောအဆင့်သို့ ရောက်ရှိသွားမည်မှန်း သူသိထား၏။

သို့သော်လည်း ကျန်းချန်သည် ဓားချက် တစ်ချက်တည်းဖြင့်ပင် အနက်ရောင်ဝတ်စုံဝတ် နတ်ဆိုးနတ်ဘုရားကို သတ်ဖြတ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သိထားရမည့်အချက်မှာ အနက်ရောင်ဝတ်စုံဝတ် နတ်ဆိုးနတ်ဘုရားသည် ပဉ္စမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားတစ်ပါး ဖြစ်ပြီး ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်သည် သာမန်နတ်ဘုရင် ပဉ္စမအဆင့် ကျင့်ကြံသူထက်ပင် သုံးပုံတစ်ပုံခန့် ပိုမို မြင့်မားနေခြင်းပင်။

ကျန်းချန်က ပဉ္စမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို ဓားချက် တစ်ချက်တည်းဖြင့် သတ်နိုင်သည်ဆိုလျှင် ကျန်းချန်သည် အနည်းဆုံး နတ်ဘုရင်ဆဋ္ဌမအဆင့် ကျင့်ကြံသူနှင့်ပင် ယှဥ်နိုင်သည့် ကြောက်မက်ဖွယ်ရာကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားသည်ဟု ဆိုရပေလိမ့်မည်။

“ဒီသူရဲကောင်းလေးက လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီက ပါရမီရှင်နှစ်ယောက်ရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ဖို့ တကယ်ပဲထိုက်တန်ပါပေတယ်”

"တကယ့်ကို ကောင်းကင်ကို ဆန့်ကျင်လွန်းတဲ့ ပါရမီရှင်တစ်ယောက်ပဲ”

ကျီထျန်းယိုက သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

သူ၏ အိုမင်းနေသောမျက်လုံးထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

လွန်ခဲ့သော နှစ်ပေါင်းသန်းချီက လူသားဧကရာဇ်နန်းတော်တွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး လူသားဧကရာဇ် အရိုက်အရာကို ဆက်ခံမည့် ပါရမီရှင်သည် တစ်ညတည်းဖြင့်ပင် နတ်ကုန်းမြေတိုက်မှ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ သူက လူသားဧကရာဇ်နန်းတော်၏ လူတချို့အပေါ်တွင် မကျေမနပ် ဖြစ်ခဲ့ပြီး ၎င်းတို့၏ ဖိနှိပ်ခြင်းကို ခံခဲ့ရကာ အဆုံးသတ်တွင် လူသားဧကရာဇ်နန်းတော်မှထွက်ခွာ၍ အ‌ရှေ့ဘက်ဒေသသို့ ပြောင်းရွှေ့ခဲ့သည်။

ဤကိစ္စသည် နှစ်သန်းပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။

သို့သော်လည်း နှစ်သန်းပေါင်းများစွာ တိုင်အောင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုသည် ထိုပါရမီရှင်ကို ရှာဖွေရန် ဘယ်သောအခါမှ လက်မလျှော့ခဲ့ကြပေ။

ယခုအခါတွင် သူတို့သည် ထိုပါရမီရှင်၏ မျိုးဆက်ကို ရှာဖွေတွေ့ရှိရုံသာမက ထိုမျိုးဆက်သည် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် ကြီးထွားလာခဲ့ပြီ ဖြစ်သည်။

ကျန်းချန်၏ ပါရမီနှင့် ခွန်အားဖြင့်သာ ဆိုလျှင် မျိုးဆက်သစ်လူသားဧကရာဇ် ဖြစ်လာပြီး လူသားဧကရာဇ်နန်းတော်ကို အုပ်စိုးနိုင်ရန် အလွန်ပင် မျှော်လင့်ချက် ရှိနေခဲ့သည်။

ထိုအချိန်သို့ရောက်လျှင် သူတို့အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုသည်လည်း လူသားဧကရာဇ်နန်းတော်ကို ပြန်သွားနိုင်မည်ဖြစ်ကာ သူတို့၏ ယခင် ဂုဏ်ကျက်သရေများကို ပြန်လည်ရရှိနိုင်လိမ့်မည် မဟုတ်ပါလား။

အခန်း(၂၂၉၇)ပြီး၏။

အခန်း(၂၂၉၈)

“ကျန်းချန် မင်းအလယ်ပိုင်းဒေသကို သွားပြီးတဲ့နောက်မှာ ဒီလောက် အချိန်တိုလေးအတွင်း ဒီအဆင့်အထိ တိုးတက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

ကျီထျန်းယိုက သူ၏ မှုန်မှိုင်းနေသော မျက်ဝန်းအစုံဖြင့် ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

တကယ်တမ်းတွင် ကျန်းချန် အလယ်ပိုင်းဒေသကို သွားဖို့ဆုံးဖြတ်သည့် အချိန်က ကျီထျန်းယိုသည် ကျန်းချန် အတွက် အတော်လေး စိုးရိမ်ခဲ့၏။

မည်သို့ပင်ဖြစ်စေကာမူ ကျန်းချန်သည် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုနှင့် ရန်ငြိုးရှိရုံသာမက လူသားဧကရာဇ်နန်းတော်နှင့်လည်း အလွန် ထူးခြားသည့် အခြေအနေတွင် ရှိနေခဲ့သည်။

အလယ်ပိုင်းဒေသတွင် ကျန်းချန်၏ အထောက်အထားသာ ပေါ်ပေါက်သွားခဲ့လျှင် အဆုံးမဲ့ဒုက္ခများသည် သေချာပေါက် ရောက်လာလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ကျန်းချန်၏ အလယ်ပိုင်းဒေသသို့ သွားလိုသည့် ဆုံးဖြတ်ချက်က ခိုင်မာခဲ့ပြီး အလယ်ပိုင်းဒေသသည်လည်း ကျန်းချန်၏ တိုးတက်မှုအတွက် ပို၍ သင့်တော်ခဲ့သည်။

ဆိုရလျှင် ကျန်းချန်၏ အလယ်ပိုင်းဒေသ ခရီးစဥ်သည် မှန်ကန်သော ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့သည်။

အကယ်၍သာ ကျန်းချန်က အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုတွင်သာ ဆက်လက် နေထိုင်ခဲ့မည်ဆိုလျှင် ဤမျှ အချိန်တိုလေးအတွင်း နတ်ဘုရင်အဆင့်ကို မည်ကဲ့သို့ ထိုးဖောက်နိုင်ပါမည်နည်း။

ထို့အပြင် ပဉ္စမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်နိုင်လောက်သည့် ခွန်အားကိုလည်း ပိုင်ဆိုင်စရာ အကြောင်းမရှိပေ။

“ဒါက ကံကောင်းသွားလို့ပါ”

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ကျီထျန်းယိုကို မေးလိုက်သည်။

“စီနီယာ.. အခု အရှေ့ဘက်ဒေသရဲ့ အခြေအနေက ဘယ်လိုရှိလဲ”

“သိပ်မကြာခင်ကပဲ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက နတ်ဆိုးတားမြစ်နယ်မြေရဲ့ စည်းတံဆိပ်ကို ချိုးဖျက်နိုင်ခဲ့ကြတယ်.. အဲဒီနောက်မှာ လျှပ်စီးလို လျင်မြန်တဲ့ အရှိန်အဟုန်နဲ့ ဟောင်ထျန်းဓားဂိုဏ်း တစ်ဂိုဏ်းလုံးကို ဖျက်ဆီးပစ်ပြီး အရှေ့ဘက်ဒေသ တစ်ခုလုံးကိုတောင် တိုက်ခိုက်နေကြပြီ.. အဲဒီသတင်းကို ရရချင်းမှာပဲ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက စန်းမင်တောင်မှာပဲ ခုခံကာကွယ်ပြီး စစ်မိစ္ဆာမဟာမိတ်အဖွဲ့ လှုပ်ရှားလာမှာကို စောင့်ဆိုင်းနေခဲ့တယ်.. လက်ရှိ အရှေ့ဘက်ဒေသရဲ့ အခြေအနေက ဘယ်အခြေအနေအထိ ရောက်နေပြီလဲ ဆိုတာတော့ ငါလည်း အတိအကျ မသိသေးဘူး”

ကျီထျန်းယိုက လေးနက်စွာ ပြောလိုက်သည်။

သူက အရှေ့ဘက်ဒေသ၏ တိကျသော အခြေအနေကို မသိသော်လည်း တစ်ခု နှစ်ခုလောက်ကိုမူ ခပ်ရေးရေး ခန့်မှန်းနိုင်ခဲ့သည်။

ဤတစ်ကြိမ် အရှေ့ဘက်ဒေသကို စစ်ချီလာသည့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် အတော်လေး အစွမ်းထက်၏။

အရှေ့ဘက်ဒေသတွင် အင်အားအကောင်းဆုံး နတ်ဘုရင်အဆင့် အင်အားစု ဖြစ်သည့် ဟောင်ထျန်းဓားဂိုဏ်းသည်ပင် အလွယ်တကူ ဖျက်ဆီးခံလိုက်ရသည်။

အရှေ့ဘက်ဒေသ တစ်ခုလုံးတွင် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု၏ ခြေလှမ်းကို မည်သူက တားဆီးနိုင်ပါဦးမည်နည်း။

သူတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုသည်ပင် ယနေ့တွင် ကျန်းချန်သာ အချိန်မီ ပြန်မ‌ရောက်လာခဲ့လျှင် ဟောင်ထျန်းဓားဂိုဏ်း၏ ခြေရာအတိုင်း လိုက်သွားရမည်မှာ သေချာသလောက်ပင် မဟုတ်ပါလော။

အရှေ့ဘက်ဒေသမှ အင်အားစုများသည် ပြင်ပအင်အားစုများ၏ အကူအညီသာ မရခဲ့လျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ လက်ထဲတွင် သေချာပေါက် လုံးဝ ကျဆုံးသွားရပေလိမ့်မည်။

ထိုစကားကိုကြားလျှင် ကျန်းချန်၏ စိတ်နှလုံးသည် အနည်းငယ် လေးလံသွားခဲ့သည်။

ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုအနေဖြင့် အရှေ့ဘက်ဒေသကို တိုက်ခိုက်သည့်အခါတွင် ဦးဆုံး ရှင်းထုတ်ခံရမည်မှာ အရှေ့ဘက်ဒေသရှိ နတ်ဘုရင်အဆင့် အင်အားစုငါးစု ဖြစ်သည်။

ယခု အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုသည်ပင် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု၏ တိုက်ိခုက်မှုကို ခံနေရပြီဖြစ်ရာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည်လည်း သေချာပေါက် အလွန် အန္တရာယ်ရှိနေမည် ဖြစ်သည်။

သိထားရမည့်အချက်မှာ လက်ရှိတွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၌ နတ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ပင် မရှိသေးပေ။

ထို့ကြောင့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသာ ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားတစ်ပါးကို စေလွှတ်လိုက်မည်ဆိုလျှင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် အလွယ်တကူပင် ပျက်စီးသွားလိမ့်မည် မဟုတ်ပါလား။

“စီနီယာ.. ကျီမျိုးနွယ်စုရဲ့ အကျပ်အတည်းက လောလောဆယ်ပြေလည်သွားပြီဆိုတော့ ကျွန်တော် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းဆီ သွားလိုက်ဦးမယ်.. အရှေ့ဘက်ဒေသရဲ့ အခြေအနေကို စီနီယာ စုံစမ်းပေးထားပါ.. ကျွန်တော် ပြန်လာမှပဲ ဆက်ဆွေးနွေးကြတာပေါ့”

ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်သည် ဓားအလင်းတစ်ခုနှယ် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံ ထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။

---------------------

အရှေ့ဘက်ဒေသရှိ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် ကူရွှယ်သောင်း ဦးဆောင်သော ရှေး‌ဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲများသည် ဂိုဏ်းမှ တပည့်များကို ပစ္စည်းများ သိမ်းဆည်းရန် ညွှန်ကြားနေကြသည်။

ဤသည်ကိုကြည့်လျှင် ဂိုဏ်းတစ်ခုလုံး ပြောင်း‌‌ရွှေ့ဖို့ ပြင်ဆင်နေသည်မှာ သိသာနေခဲ့၏။

“ဂိုဏ်းချုပ်.. ကျွန်တော်တို့ တကယ်ပဲ ရှေး‌ဟောင်းဝိညာဥ်နတ်ဂိုဏ်းကို စွန့်လွှတ်ပြီး အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုဆီ သွားကြတော့မှာလား”

ပစ္စည်းများသိမ်းဆည်းကာ အလုပ်ရှုပ်နေကြသည့် ရှေး‌ဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ တပည့်များကို ကြည့်ကာ အကြီးအကဲ တစ်ဦးသည် ကူရွှယ်သောင်းကို မေးလိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် ချီတုံချတုံ ဖြစ်နေသော အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။

ရှင်းလင်းစွာဆိုရလျှင် ကူရွှယ်သောင်း အနေဖြင့် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သည့် ရှေး‌ဟောင်းဝိညာဥ်နတ်ဂိုဏ်းကို စွန့်လွှတ်ဖို့ ပြောဆိုလိုက်ခြင်းသည် ရှေး‌ဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အကြီးအကဲများကို အနည်းငယ် မကျေမနပ် ဖြစ်စေခဲ့သည်။

“ဒီတစ်ကြိမ် အ‌ရှေ့ဘက်ဒေသကို စစ်ချီလာတဲ့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက အရမ်းကို အစွမ်းထက်တယ်.. ဟောင်ထျန်းဓားဂိုဏ်း တစ်ဂိုဏ်းလုံးတောင်မှ သူတို့ရဲ့လက်ထဲမှာ ပျက်စီးသွားခဲ့ပြီ.. ကျွန်တော်တို့ ရှေး‌ဟောင်းဝိညာဥ်နတ်ဂိုဏ်းက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ဘယ်လိုလုပ်ပြီး ခုခံနိုင်မှာလဲ”

ကူရွှယ်သောင်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။

“အခုလောလောဆယ်တော့ ကျွန်တော်တို့အနေနဲ့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုနဲ့ ပူးပေါင်းပြီး ရန်သူကို ရင်ဆိုင်ရုံပဲရှိတော့တယ်.. အဲဒါမှပဲ အသက်ရှင်ဖို့ အခွင့်အရေး ရှိနိုင်လိမ့်မယ်”

ရှေး‌ဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရင် ကျဆုံးသွားပြီးနောက်တွင် ရှေး‌ဟောင်းဝိညာဥ်နတ်ဂိုဏ်း၌ နတ်ဘုရင်အဆင့် ကျင့်ကြံသူ မရှိတော့ချေ။

ရှေး‌ဟောင်းဝိညာဥ်နတ်ဂိုဏ်း အနေဖြင့် အရှေ့ဘက်ဒေသအင်အားစုကြီး ငါးစုထဲတွင် နေရာတစ်ခု အခိုင်အမာ ရယူထားနိုင်သည့် အကြောင်းရင်းမှာ ကျန်းချန် ရှိနေ၍ ဖြစ်၏။

ယခု ကျန်းချန်က ရှေး‌ဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် ရှိမနေ၍ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကသာ ဟင်းလင်းပြင်နတ်ဆိုး တစ်ပါးကို စေလွှတ်လိုက်လျှင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် အမြစ်ကနေ ချေမှုန်းခံရနိုင်ခြေ ရှိနေသည်မဟုတ်ပါလား။

ထို့ကြောင့်ပင် ကူရွှယ်သောင်းသည် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုများ ထွက်ပေါ်လာသည့် သတင်းကို ရရခြင်းမှာပင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုဆီ ပြောင်းရွှေ့ရန် ချက်ချင်းဆိုသလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။

“ဂိုဏ်းချုပ်.. ခရီးထွက်ဖို့အတွက် အားလုံးအဆင်သင့် ဖြစ်ပါပြီ”

ထိုအချိန်မှာပင် အကြီးအကဲ တစ်ဦးသည် ရှေ့သို့ လှမ်းတက်လာခဲ့ပြီး ကူရွှယ်သောင်းကို ပြောလိုက်သည်။

ကူရွှယ်သောင်းက ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်၏။

“မင်းတို့တွေ အစီအစဥ်အတိုင်း လိုက်နာပြီး တပည့်တွေကို အသုတ်လိုက် ခေါ်သွားကြပါ.. ငါက အရှေ့ဘက်ဒေသကျီမျိုးနွယ်စုဆီ အရင်သွားပြီး ဒီကိစ္စကို ဆွေးနွေးထားလိုက်မယ်”

ထိုစကားကို ပြောပြီးသည်နှင့် ကူရွှယ်သောင်းသည် လေထဲကို ခုန်တက်ရန် ပြင်ဆင်လိုက်သည်။

သို့သော်လည်း ထိုအချိန်မှာပင် ရှေး‌ဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အပြင်ဘက် လေထုထဲတွင် စွမ်းအင်လှုပ်ခတ်မှုများ ဖြစ်ပေါ်လာခဲ့၏။

မကြာမီမှာပင် ကောင်းကင်ကိုပင် လွှမ်းခြုံနေသည့် နတ်ဆိုးအရှိန်အဝါများကို ထုတ်လွှတ်နေသည့် ပုံရိပ်တစ်ခုသည် အဝေးရှိ ကောင်းကင်ယံကနေ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရှိရာ ဆီသို့ လျင်မြန်စွာ လျှောက်လှမ်းလာခဲ့သည်။

ထိုနတ်ဆိုးအရှိန်အဝါ၏ ကြောက်မက်ဖွယ်ရာကောင်းသောဖိအားကြောင့် ရှေး‌ဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် ရှိနေသူအားလုံးသည် အသက်ရှူရကြပ်သလိုပင် ခံစားလာရ၏။

ကူရွှယ်သောင်း၏ အမူအရာက ရုတ်တရက် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ဤမျှလောက်အထိ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။

ထို့အပြင် ယခု ရောက်လာသောသူသည် နတ်ဘုရင်အဆင့်နှင့်နှိုင်းယှဥ်နိုင်သည့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါး ဖြစ်နေခဲ့သည်။

“အကြီးအကဲတို့.. ဒီဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားကို ငါတို့တွေ ရင်ဆိုင်နိုင်မှာမဟုတ်ဘူး.. ငါ ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို ထိန်းထားပေးမယ်.. မင်းတို့တွေက အစီအစဥ်အတိုင်း ရှေး‌ဟောင်းဝိညာဥ်နတ်ဂိုဏ်းက တပည့်တွေကို ဦးဆောင်ပြီး အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုဆီကို အမြန်ဆုံး ဆုတ်ခွာသွားကြပါ”

ကူရွှယ်သောင်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

ဤအချိန်တွင် သူ့အနေဖြင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားနှင့် အစွမ်းကုန် တိုက်ခိုက်ကာ ရှေး‌ဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ တပည့်များ ချောချောမွေ့မွေ့ ဆုတ်ခွာနိုင်ရန်အတွက် အချိန်ဆွဲပေးရန်သာ ရှိတော့သည် မဟုတ်ပါလား။

“ဝုန်း..”

ကူရွှယ်သောင်း၏ စကားသံ အဆုံးသတ်သည်နှင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသည်လည်း မိုင်ပေါင်းထောင်ချီ ကွာဝေးသည့် နေရာလွတ်ကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်ကာ ရှေး‌ဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။

အကယ်၍ ကျန်းချန်သာ ဤနေရာတွင် ရှိနေလျှင် အလွန်အမင်း အံ့ဩသွားလိမ့်မည် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ရှေး‌ဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် ရုတ်တရက် ပေါ်လာသည့် ဤဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသည် နတ်ဆိုးအသိုက်အမြုံတွင် ကျန်းချန်ထံ အညံ့ခံခဲ့သည့် ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ရှန်းထူဖြစ်နေ၍ပင်။

ရှန်းထူက ရှေး‌ဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အထက်ကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်နေခဲ့ပြီး တောက်ပသော မျက်ဝန်းအစုံဖြင့် အောက်ဘက်ရှိ ရှေး‌ဟောင်းဝိညာဥ်နတ်ဂိုဏ်းကို အေးစက်စက် ငုံ့ကြည့်လိုက်သည်။

ထို့နောက်တွင် သူ၏ ကျယ်လောင်စွာ ကြုံးဝါးလိုက်သော စကားသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။

“ဒါက ရှေး‌ဟောင်းဝိညာဥ်နတ်ဂိုဏ်းလား.. ကူရွှယ်သောင်း ဆိုတာ ဘယ်သူလဲ.. ငါ့ရှေ့ကို ချက်ချင်းထွက်လာခဲ့စမ်း”

ကူရွှယ်သောင်းက ‌ရှေ့ကို လှမ်းတက်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား.. ရှေး‌ဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကူရွှယ်သောင်း ဆိုတာ ကျုပ်ပဲ”

ထိုစကားကိုကြားလျှင် ရှန်းထူ၏ မျက်နှာထက်တွင် ဝမ်းသာသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

သူက ကူရွှယ်သောင်းကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။

“အဘိုးကြီး ငါအခု စိတ်ကောင်းဝင်နေတယ်.. မင်းသာ လိမ်လိမ်မာမာ အဖမ်းခံမယ်ဆိုရင် မင်းရဲ့ ရှေး‌ဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ငါလွှတ်ပေးမယ်.. ဘယ်လိုသဘောရလဲ”

ကျန်းချန်ထံတွင် အညံ့ခံခဲ့ရကတည်းကပင် ရှန်းထူသည် ကျန်းချန်၏ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ရှင်းလင်းစွာဆိုရလျှင် ရှန်းထူသည် ယနေ့အချိန်အထိ ကျန်းချန်၏ ထိန်းချုပ်မှုကို မလိုလားခဲ့ချေ။

နတ်ကုန်းမြေတိုက်ကို ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု တိုက်ခိုက်ရန် စီစဥ်နေသောအခါတွင် သူက ကျန်းချန်ဆီ သတင်းကြိုမပို့ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ်တွင် နတ်ကုန်းမြေတိုက်သည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ခြေလှမ်းကို မတားဆီးနိုင်ဟု သူယုံကြည်နေ၍ ဖြစ်သည်။

ကျန်းချန်သာ ကျဆုံးသွားလျှင် သူ၏လွတ်လပ်ခွင့်ကို ပြန်လည်ရရှိနိုင်လိမ့်မည် မဟုတ်ပါလား။

ထို့အပြင် ရှန်းထူသည် နတ်ကုန်းမြေတိုက်ကို ရောက်သည်နှင့် တစ်ပြိုင်နက် ကျန်းချန်၏ အသေးစိတ် အချက်အလက်များကို စုံစမ်းခဲ့သည်။

ကျန်းချန်သည် ရှေး‌ဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ဖြစ်ပြီး ရှေး‌ဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် ကူရွှယ်သောင်းသည် ကျန်းချန်၏ ဆရာဖြစ်မှန်း သိရှိပြီးသည့်နောက်တွင် ရှန်းထူသည် ရှေး‌ဟောင်းဝိညာဥ်နတ်ဂိုဏ်း ဆီသို့ အလျင်အမြန်ပင် လာရောက်ခဲ့၏။

ဤကူရွှယ်သောင်းသည် ကျန်းချန်၏ နှလုံးသားထဲတွင် အလွန်တရာ အရေးပါသည်ဟု ဆိုကြသည်။

သို့ဖြစ်၍ ကူရွှယ်သောင်းကို ထိန်းချုပ်နိုင်မည်ဆိုလျှင် ကျန်းချန်နှင့် ညှိနှိုင်းရန်အတွက် အရင်းအနှီး ရှိသွားလိမ့်မည် မဟုတ်ပါလား။

အကယ်၍ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ လက်ထဲတွင် ကျန်းချန် မကျဆုံးခဲ့လျှင်ပင် သူက ကူရွှယ်သောင်းကို အသုံးချကာ ကျန်းချန်၏ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်ပြီး သူ၏ လွတ်လပ်ခွင့်ကို ပြန်လည် ရရှိနိုင်ပေလိမ့်မည်။

အခန်း(၂၂၉၈)ပြီး၏။

All Chapters