အခန်း (၂၂၉၉-၂၃၀၀)
Vol. 170 Ch. 2299-2300
အခန်း(၂၂၉၉)
“ကောင်းပြီ ငါမင်းနဲ့လိုက်ခဲ့မယ်”
ကူရွှယ်သောင်းက အများကြီး စဥ်းစားမနေတော့ဘဲ ခေါင်းညိတ်လိုက်သည်။
ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားက အဘယ်ကြောင့် သူ့ကိုမှ ဖမ်းဆီး ခေါ်ဆောင်ချင်နေမှန်း ကူရွှယ်သောင်း နားမလည်ခဲ့ပေ။
မည်သို့ပင် ဖြစ်စေကာမူ လက်ရှိအချိန်တွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် ဟင်လင်းပြင်နတ်ဆိုးနတ်ဘုရား တစ်ပါးကို ရင်ဆိုင်နိုင်စွမ်း မရှိသေးချေ။
ကူရွှယ်သောင်းသည် အစကတည်းကပင် သူ့ကိုယ်သူ သေလူတစ်ယောက် အဖြစ် သတ်မှတ်ကာ တိုက်ပွဲဝင်ရန် အဆင်သင့်ပြင်ထားပြီးသား ဖြစ်သည်။
သို့ဖြစ်ရာ သူ၏ အသက်ကို စွန့်လွှတ်ပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း တစ်ဂိုဏ်းလုံးကို ကာကွယ်နိုင်မည်ဆိုလျှင် ထိုရလဒ်သည် အလွန်ကောင်းမွန်သည်ဟု ဆိုရလိမ့်မည် မဟုတ်ပါလား။
“ဂိုဏ်းချုပ်..”
ကူရွှယ်သောင်း၏ စကားကိုကြားလျှင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ အကြီးအကဲများသည် အမူအရာများ ပျက်ယွင်းသွားကြသည်။
“ငါ့အတွက် စိတ်မပူကြနဲ့.. ဒီကောင်က ငါ့ကို ရှာဖို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းဆီ အထူးတလှယ် လာခဲ့တယ်ဆိုမှတော့ ငါက သူ့အတွက် အသုံးဝင်နေသေးလို့ပဲ.. လတ်တလောတော့ ငါ့အတွက် အသက်အန္တရာယ် ရှိလောက်မှာ မဟုတ်ဘူး.. မင်းတို့အနေနဲ့ ဂိုဏ်းသားတွေကို အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုဆီ အမြန်ဆုံး ခေါ်ဆောင်သွားပြီး ကျန်းချန်နဲ့ အဆက်အသွယ်ရအောင် ကြိုးစားကြပါ”
ကူရွှယ်သောင်းက အကြီးအကဲများကို မှာကြားပြီးနောက်တွင် လေပေါ်သို့ ခုန်တက်ကာ ရှန်းထူ၏ ရှေ့တွင် ပေါ်လာခဲ့သည်။
“အဘိုးကြီး ခင်ဗျားက အခြေအနေကို နားလည်သားပဲ”
ရှန်းထူက သူ့ရှေ့မှ ကူရွှယ်သောင်းကို စူးစိုက်ကြည့်လိုက်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ခမ်းနားထည်ဝါသော နတ်ဆိုးစွမ်းအင်များသည် ကူရွှယ်သောင်းကို ချက်ချင်းပင် ချုပ်နှောင်လိုက်သည်။
သို့သော်လည်း သူ ကူရွှယ်သောင်းကို ခေါ်ဆောင်သွားရန် ပြင်လိုက်စဥ်မှာပင် ကြောက်မက်ဖွယ် ဓားအရှိန်အဝါတစ်ခုသည် လေထုထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုဓားအရှိန်အဝါသည် ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးကို လုံးဝ အေးခဲသွားစေသကဲ့သို့ပင်။
ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ဖြစ်သည့် ရှန်းထူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် ထိုဓားအရှိန်အဝါအောက်၌ လက်ချောင်းတစ်ချောင်းလှုပ်ရန်ပင် ခက်ခဲနေခဲ့၏။
ရှန်းထူက တစ်ခဏအတွင်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
သူ့ကို ဤမျှအထိ ဖိအားပေးနိုင်သူသည် အနည်းဆုံး နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်လောက်သည်။
သူသိထားသလောက်ဆိုရင် နတ်ကုန်းမြေတိုက်၏ အရှေ့ဘက်ဒေသတွင် သူတို့ ဖျက်ဆီးခဲ့သော ဟောင်ထျန်းဓားဂိုဏ်းမှလွဲလျှင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုတွင်သာ နတ်ဘုရင်စတုတ္ထအဆင့် အဘိုးအိုတစ်ဦး ရှိ၏။
သို့သော်လည်း ဟင်းလင်းပြင် အမှောင်နတ်ဆိုး မျိုးနွယ်စုမှ ပဉ္စမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသည် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို တိုက်ခိုက်ရန် သွားနေခဲ့ပြီဖြစ်သည်။
ထို့ကြောင့် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုမှ နတ်ဘုရင် စတုတ္ထအဆင့် အဘိုးကြီးသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် ပေါ်လာနိုင်စရာ အကြောင်းမရှိပေ။
သို့ဆိုလျှင် ဤဓားအရှိန်အဝါ၏ ပိုင်ရှင်သည် မည်သူဖြစ်နိုင်ပါသနည်း။
နတ်ကုန်းမြေတိုက်သည် စစ်မိစ္ဆာမဟာမိတ်အဖွဲ့ကို အရှေ့ဘက်ဒေသသို့ စေလွှတ်လိုက်ခြင်း ဖြစ်နိုင်ပါသလော။
ရှန်းထူက အလွန်အမင်း ထိတ်လန့်နေစဥ်မှာပင် သူ့ကို တုန်လှုပ်သွားစေမည့် အသံတစ်သံသည် သူ၏ နားထဲကို ရုတ်တရက် တိုးဝင်လာခဲ့သည်။
“ရှန်းထူ.. မင်း ငါ့ဆရာကို ဘယ်ကို ခေါ်သွားမလို့လဲ”
ရှန်းထူ၏ စိတ်နှလုံးက တုန်လှုပ်သွားခဲ့ပြီး အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုအခါ သူနှင့် အလွန်အမင်း ရင်းနှီးနေသော ပုံရိပ်တစ်ခုသည် လေထုထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
“ဒီနတ်ဆိုးလေးက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ဘာလို့ အချိန်ကောင်းမှ ပြန်လာရတာလဲ”
ရှန်းထူသည် အလွန်အမင်း မျက်နှာပျက်နေခဲ့သည်။
သူက ကူရွှယ်သောင်း၏ အသက်ကို ထိန်းချုပ်ထားနိုင်သရွေ့ ကျန်းချန်နှင့် အပေးအယူလုပ်ရန် အရင်းအနှီးတစ်ခု ရှိလာလိမ့်မည်ဟု မူလက ထင်မှတ်ထားခဲ့သည်။
သူက အရာရာကို တွက်ချက်ခဲ့သော်လည်း ကျန်းချန်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ပြန်လည် ရောက်ရှိလာမည်ဟု မတွက်ချက်မိခဲ့ပေ။
“သ.. သခင်.. ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက နတ်ကုန်းမြေတိုက်ကို တိုက်ခိုက်နေကြပြီ.. ကျွန်တော်က သခင့် ဆရာရဲ့ ဘေးကင်းလုံခြုံရေးကို စိုးရိမ်မိလို့ပါ.. ဒါကြောင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို လာပြီး သခင်ရဲ့ ဆရာကို ဘေးကင်းတဲ့နေရာဆီ ခေါ်သွားဖို့ ပြင်နေတာပါ”
ရှန်းထူက ကျန်းချန်ကို တလေးတစား အမူအရာဖြင့် အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။
သူ၏ စိတ်ဝိညာဥ်ထဲတွင် ကျန်းချန် ချန်ထားရစ်ခဲ့သည့် အမှတ်သင်္ကေတသည် ယခုအချိန်အထိ ရှိနေဆဲ ဖြစ်သည်။
ဆိုရလျှင် ကျန်းချန်သာ အလိုရှိလျှင် အတွေးတစ်ချက်ဖြင့်ပင် သူ၏ ဝိညာဥ်ကို ချေမှုန်းပစ်နိုင်ပြီး သူ့ကို မြေမြှုပ်စရာနေရာ မရှိဘဲ သေဆုံးသွားစေနိုင်စွမ်း ရှိ၏။
ထို့ကြောင့် အသက်ရှင်ချင်လျှင် ကျန်းချန်၏ ရှေ့တွင် လိမ်လိမ်မာမာ ခေါင်းငုံ့ရလိမ့်မည် မဟုတ်ပါလား။
“သေချာလို့လား”
ကျန်းချန်က နှာခေါင်းရှုံ့ကာ ပြောလိုက်ပြီးနောက်တွင် မှင်တက်နေသော ကူရွှယ်သောင်းကို ကြည့်ကာ မေးလိုက်သည်။
“ဆရာ ကျွန်တော် ပြန်ရောက်လာပြီ.. ဆရာ ဘာမှမဖြစ်ဘူးမဟုတ်လား”
“ငါ ဘာမှမဖြစ်ပါဘူး”
ကူရွှယ်သောင်းက ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။
“ကောင်လေး.. မင်း အလယ်ပိုင်းဒေသကို သွားတယ်လို့ ကျီရွမ်ရီ ငါ့ကို ပြောပြခဲ့တယ်.. မင်း အရှေ့ဘက်ဒေသကို ဘယ်အချိန်က ပြန်ရောက်လာခဲ့တာလဲ”
“အရှေ့ဘက်ဒေသမှာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွေ ပေါ်လာတယ်လို့ ကြားတာနဲ့ ကျွန်တော် ချက်ချင်း ပြန်လာခဲ့တာပါ”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ဆရာ.. ကျွန်တော် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှာ အမြဲနေနိုင်မှာမဟုတ်ဘူး.. လက်ရှိအချိန်မှာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက မလုံခြုံတော့ဘူး.. ဒါကြောင့် ကျွန်တော်နဲ့အတူ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုဆီ လိုက်ခဲ့ပါ.. ကျွန်တော် အားလုံးစီစဥ်ပေးပါ့မယ်”
“ကောင်းပြီ”
ကူရွှယ်သောင်းက အပိုစကားများ ပြောမနေတော့ဘဲ အကြီးအကဲများနှင့် အတူ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ တပည့်များကို အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုဆီ သွားရောက်ရန် ပြင်ဆင်စေခဲ့သည်။
မူလကတည်းကပင် သူက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုဆီ ခေါ်သွားရန် စီစဥ်ထားပြီးသားဖြစ်ရာ ယခု ကျန်းချန်ကပါ ထိုသို့ ဆိုလာသောအခါတွင် ကူရွှယ်သောင်း အနေဖြင့် မည်ကဲ့သို့ ငြင်းပယ်နိုင်ပါမည်နည်း။
“ရှန်းထူ.. ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက နတ်ဆိုးတားမြစ်နယ်မြေရဲ့ စည်းတံဆိပ်ကို ချိုးဖျက်ပြီး နတ်ကုန်းမြေတိုက်ကို လာတိုက်နေတာတောင် မင်းငါ့ကို ဘာလို့ အကြောင်းမကြားခဲ့တာလဲ”
ဤအခိုက်အတန့်တွင် ကျန်းချန်၏ အေးစက်စက် အကြည့်သည် ရှန်းထူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
ရှန်းထူက ငိုမဲ့မဲ့ အမူအရာဖြင့် အလျင်အမြန်ပင် ရှင်းပြလိုက်၏။
“သခင်.. ဟင်းလင်းပြင်နတ်ဆိုးအသိုက်အမြုံက နတ်ကုန်းမြေတိုက်ပေါ်မှာ မရှိတော့ဘူး.. ကျွန်တော်နဲ့ သခင်လေးက အရမ်းဝေးနေတဲ့အတွက် သတင်းပို့ဖို့ ခက်ခဲသွားလို့ပါ”
“ထားပါ.. ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းကို အပြစ်မယူတော့ဘူး”
ကျန်းချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
“အရှေ့ဘက်ဒေသကို တိုက်ခိုက်နေတဲ့ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုရဲ့ သတင်းအချက်အလက် အားလုံးကို ငါသိချင်တယ်.. မင်း နည်းနည်းလေး ဖုံးကွယ်ရဲတာနဲ့ ငါမင်းကို သတ်ပစ်မယ်”
ထိုစကားကိုကြားလျှင် ရှန်းထူသည် အနည်းငယ်မျှပင် ဖုံးကွယ်မထားရဲဘဲ ကျန်းချန်ကို အလျင်အမြန်ပင် ရှင်းပြလိုက်သည်။
ယခုတစ်ကြိမ် အရှေ့ဘက်ဒေသကို တိုက်ခိုက်မှုတွင် နတ်ကုန်းမြေတိုက်၏ အရှေ့ဘက်အရပ်ရှိ ထာဝရဟင်းလင်းပြင်မှ ဟင်းလင်းပြင် အမှောင်နတ်ဆိုး မျိုးနွယ်စုက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ပင်မ မျိုးနွယ်စု ဖြစ်သည့် ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုးမျိုးနွယ်စုကလည်း စစ်ကူများ စေလွှတ်ကာ အားဖြည့်ပေးခဲ့သည်။
ဥပမာအားဖြင့် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို တိုက်ခိုက်သည့် ဟင်းလင်းပြင် အမှောင်နတ်ဆိုးမျိုးနွယ်စု၏ ခေါင်းဆောင်သည် ဟင်းလင်းပြင်အမှောင်နတ်ဆိုး မျိုးနွယ်စုဝင် ဖြစ်သော်လည်း သူ၏ ထူးချွန်သော ပါရမီကြောင့် ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စုထံ ခေါ်ယူခြင်းခံခဲ့ရသူ ဖြစ်သည်။
ယခု တစ်ကြိမ် နတ်ကုန်းမြေတိုက်၏ အရှေ့ဘက်ဒေသကို တိုက်ခိုက်ရာတွင် ဟင်းလင်းပြင်ကောင်းကင်နတ်ဆိုး မျိုးနွယ်စုသည် သူ့ကို ပြန်လည် စေလွှတ်လိုက်ခြင်း ဖြစ်၏။
ထိုပဉ္စမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား အပြင် ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စုသည် အခြားသော အစွမ်းထက် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများကိုလည်း စေလွှတ်ခဲ့သည်။
ထိုသူများထဲတွင် အသန်မာဆုံးမှာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အုပ်ချုပ်သူ ၇၂ဦးထဲမှ တစ်ဦး ဖြစ်ပြီး ၎င်းသည် သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါးဖြစ်သည်။
“သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားလား”
ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့သည်။
“ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုရဲ့ အင်အားနဲ့ ပတ်သက်ပြီး မင်းဘယ်လောက်အထိ သိထားလဲ.. ငါ့ကို အားလုံးပြောပြစမ်း”
“ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုမှာ နာမည်ကျော်ကြားတဲ့ အုပ်ချုပ်သူ ၇၂ဦးရှိတယ်.. သူတို့တစ်ယောက်ချင်းစီက အနည်းဆုံး သတ္တမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားအဆင့်ရှိပြီး ခွန်အားအရမ်းကို ကြီးမားကြတယ်.. အုပ်ချုပ်သူ ၇၂ဦးရဲ့ အထက်မှာတော့ အကြီးအကဲ ၃၆ဦး၊ မဟာနတ်ဆိုးဘုရင် ၈ ပါး၊ အထွတ်အမြတ် နတ်ဆိုးဧကရာဇ် ဆိုပြီး ရှိကြတယ်"
"အထူးသဖြင့် မဟာနတ်ဆိုးဘုရင် ၈ပါးနဲ့ အထွတ်အမြတ်နတ်ဆိုးဧကရာဇ်တို့က ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုမှာ ဒဏ္ဍာရီတွေလိုပဲ.. သူတို့ကို မြင်ဖူးတဲ့သူ အရမ်းနည်းပြီး သူတို့ရဲ့ အင်အား အစစ်အမှန်ကိုလည်း ဘယ်သူမှ မသိကြဘူး”
ရှန်းထူသည် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါး ဖြစ်သော်လည်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုထဲတွင် အဆင့်အတန်း မမြင့်မားသဖြင့် အုပ်ချုပ်သူ ၇၂ဦးကိုပင် သာမန် နေ့ရက်များတွင် မြင်တွေ့ရလေ့ မရှိပေ။
သို့ဖြစ်ရာ ပို၍ အဆင့်မြင့်သော အကြီးအကဲများနှင့် မဟာနတ်ဆိုးဘုရင်များ ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
ဆိုရလျှင် ရှန်းထူက ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု၏ တိကျသော အင်အား အကြောင်းကို များစွာ မသိရှိသည်မှာ ထင်ရှားနေခဲ့၏။
မည်သို့ပင် ဖြစ်စေကာမူ ကျန်းချန်သည် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ အင်အားကြီးမားမှုကို ခံစားမိလိုက်သည်။
ရှန်းထူ ပြောသည့်အတိုင်းသာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အုပ်ချုပ်သူ ၇၂ဦးသည် သတ္တမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားများ ဖြစ်ကြလျှင် အကြီးအကဲ ၃၆ဦးသည် အနည်းဆုံး အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများ ဖြစ်နိုင်ပြီး မဟာနတ်ဆိုးဘုရင် ရှစ်ပါးသည် နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများ ဖြစ်နိုင်လောက်သည်။
အထွတ်အမြတ် နတ်ဆိုးဧကရာဇ်ကမူ ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား အဆင့်ကိုပင် ကျော်လွန်သွားနိုင်ပြီး နတ်ကုန်းမြေတိုက်၏ ဒဏ္ဍာရီလာအဆင့် ဖြစ်သည့် အုပ်စိုးသူ အဆင့်နှင့်ပင် ယှဥ်နိုင်ဖွယ် ရှိသည်။
ကျန်းချန်၏ ခန့်မှန်းချက်အရ ယနေ့ခေတ်တွင် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု၌ အထွတ်အမြတ် နတ်ဆိုးဧကရာဇ် မရှိလောက်သေးပေ။
သို့မဟုတ်လျှင် နတ်ကုန်းမြေတိုက်သည် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု၏ လက်အောက်သို့ ကျရောက်သွားသည်မှာ ကြာမြင့်လှပြီ ဖြစ်ပြီး ဤမျှလောက်သော နှစ်ပေါင်းများစွာအတွင်း မည်ကဲ့သို့ ငြိမ်းချမ်းစွာ တည်ရှိနေနိုင်ပါမည်နည်း။
အခန်း(၂၂၉၉)ပြီး၏။
အခန်း(၂၃၀၀)
“ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုရဲ့အင်အားက တကယ်ကိုကြောက်စရာပါလား”
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး စိတ်ထဲကနေ ရေရွတ်လိုက်သည်။
အထွတ်အမြတ် နတ်ဆိုးဧကရာဇ်ကို အသာထား၊ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ လက်ရှိအင်အားသည်ပင် အံ့ဩစရာကောင်းလောက်အောင် ကြီးမားနေခဲ့သည်။
အုပ်ချုပ်သူ ၇၂ဦးဖြစ်သည့် သတ္တမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား၊ အကြီးအကဲ ၃၆ဦး ဖြစ်သည့် အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားတို့၏ အင်အားများကို ပေါင်းစပ်လိုက်လျှင်ပင် နတ်ကုန်းမြေတိုက်၏ အသန်မာဆုံး နတ်ဘုရင်စာရင်းဝင်များထက် ပို၍ ကြောက်မက်ဖွယ်ရာကောင်းနေခဲ့ချေပြီ။
နတ်ကုန်းမြေတိုက်ကို ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ကျူးကျော်ရဲသည်မှာ အံ့ဩစရာ မရှိတော့ပေ။
ဤမျှလောက်သော အင်အား အဆင့်အတန်းမျိုးကို နတ်ကုန်းမြေတိုက် တစ်ခုလုံး၏ အင်အားကို စုစည်းလိုက်လျှင်ပင် ယှဥ်ပြိုင်နိုင်ရန် ခဲယဥ်းလိမ့်မည် မဟုတ်ပါလား။
“ရှန်းထူ.. မင်းက ငါ့ဆရာကိုတောင် ထိရဲတယ်ဆိုတော့ သေချင်နေပြီလား”
ထိုအခိုက်အတန့်တွင် ကျန်းချန်သည် ရှန်းထူကို အေးစက်စက်စိုက်ကြည့်ကာ ပြောလိုက်သည်။
ရှန်းထူ၏ မျက်နှာက ချက်ချင်းဆိုသလိုပင် ဖြူဖျော့သွားခဲ့သည်။
“သခင် ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ”
“ဒီတစ်ကြိမ်တော့ မင်းရဲ့အပြစ်ကို ခွင့်လွှတ်ပေးလိုက်မယ်”
ကျန်းချန်က အေးစက်စက် စိုက်ကြည့်လိုက်သည်။
“မင်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုဆီ ပြန်သွားပြီး သူတို့ရဲ့လှုပ်ရှားမှုတွေကို ငါ့ဆီ သတင်းမပြတ်ပို့ရမယ်.. ငါ့ကိုသစ္စာဖောက်ရဲရင် မင်းကို မြေမြှုပ်စရာ နေရာမရှိအောင် သတ်ပစ်မယ်လို့ ငါကတိပေးတယ်”
ထိုစကားကိုကြားလျှင် ရှန်းထူသည် အလျင်အမြန်ပင် ပြောလိုက်သည်။
“သခင် စိတ်ချပါ.. ရှန်းထူ နောက်ထပ် မဟုတ်တာ မလုပ်ရဲတော့ပါဘူး”
ကျန်းချန်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။
“ကောင်းပြီ.. ဒါဆို ဒီကနေ ထွက်သွားတော့”
ကျန်းချန်ထံမှ ခွင့်ပြုချက်ကို ရသည်နှင့် ရှန်းထူသည် အနက်ရောင် အလင်းတန်းအဖြစ် ပြောင်းလဲကာ ကျန်းချန်၏ ရှေ့ကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
“နတ်ဘုရားသားတော်.. ခရီးထွက်ဖို့ အားလုံး အဆင်သင့် ဖြစ်ပါပြီ”
ထိုအချိန်တွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ အကြီးအကဲတစ်ဦးသည် ကျန်းချန်၏ ရှေ့သို့ ရောက်လာပြီး ကျန်းချန်ကို သတင်းပို့လိုက်သည်။
“သွားကြစို့”
ကျန်းချန်က ခေါင်းညိတ်ပြလိုက်ပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ဦးဆောင်ကာ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုရှိရာသို့ ခရီးထွက်လာခဲ့သည်။
ဆယ်ရက်ခန့် ကြာပြီးနောက်တွင် ကျန်းချန် တို့သည် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ ဌာနချုပ် ဖြစ်သည့် စန်းမင်တောင်သို့ အောင်မြင်စွာ ရောက်ရှိလာခဲ့သည်။
ကျန်းချန်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း တစ်ဂိုဏ်းလုံးကို ခေါ်ဆောင်ကာ စန်းမင်းတောင်သို့ ရုတ်တရက် ရောက်ရှိလာခြင်းကြောင့် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုသည် ရန်သူလာတိုက်သည်ဟု ထင်မှတ်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။
ဂိုဏ်း၏ ဂိတ်တံခါးကို စောင့်ကြပ်ရန် တာဝန်ယူထားသည့် ကျီမျိုးနွယ်စု အကြီးအကဲတစ်ဦးသည် ကျန်းချန်၏ အရှေ့ရှိ လေထုထဲတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
ထိုအခါမှ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းနှင့်အတူ ရောက်ရှိလာသူမှာ ကျန်းချန် ဖြစ်နေမှန်း သိလိုက်ရပြီး ထိုအကြီးအကဲက သက်ပြင်းချနိုင်ခဲ့သည်။
“သခင်လေးကျန်းချန်.. အခု အရှေ့ဘက်ဒေသရဲ့ အခြေအနေက အရမ်းကို စိုးရိမ်ရတဲ့ အခြေအနေကို ရောက်နေခဲ့ပြီ.. ဒါပေမဲ့ ဒီကိစ္စကို မျိုးနွယ်စုခေါင်းဆောင်နဲ့တော့ ဆွေးနွေးရလိမ့်မယ်.. မျိုးနွယ်စုခေါင်းဆောင်ကလည်း သခင်လေးကို အကူအညီ တောင်းစရာ ရှိနေတာနဲ့ အတော်ပဲ ဖြစ်သွားပြီ.. သခင်လေး သူ့ဆီ အမြန်သွားလိုက်ပါဦး”
အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုမှ အကြီးအကဲက ကျန်းချန်ကို အလျင်အမြန် ပြောလိုက်သည်။
“ကောင်းပါပြီ”
ကျန်းချန်က ခေါင်းညိတ်ပြလိုက်ပြီးနောက်တွင် ကူရွှယ်သောင်းတို့ လူစုကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“ဆရာတို့ ဒီမှာ ခဏစောင့်ပေးကြပါ.. ကျွန်တော် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုရဲ့ ခေါင်းဆောင်ဆီ သွားပြီး ဆရာတို့အတွက် နေရာ စီစဥ်ခိုင်းလိုက်ပါ့မယ်”
ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်သည် ကူရွှယ်သောင်း၏ အဖြေကိုပင် မစောင့်တော့ဘဲ ကျီမျိုးနွယ်စု၏ ဗဟိုရှိ အစည်းအဝေးခန်းမ အတွင်းသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားခဲ့သည်။
အစည်းအဝေးခန်းမထဲတွင် ကျီရွမ်ရီနှင့် ကျီထျန်းယို တို့သည် ကိစ္စတစ်ခုကို လေးနက်စွာ ဆွေးနွေးနေခဲ့ကြ၏။
ကျန်းချန် ပေါ်လာသည်ကို မြင်လျှင် သူတို့၏ မျက်ဝန်းထဲတွင် ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
“ကျန်းချန် မင်းပြန်ရောက်လာပြီလား”
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
“အရှေ့ဘက်ဒေသက မငြိမ်းချမ်းတော့လို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ကျွန်တော် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုဆီ ခေါ်လာခဲ့တယ်.. သူတို့ကို ယာယီနေထိုင်ဖို့အတွက် စီစဥ်ပေးစေချင်ပါတယ်”
“ဒါက အသေးအဖွဲ ကိစ္စလေးပါ.. ငါ အကြီးအကဲကို နေရာတစ်ခု စီစဥ်ပေးဖို့ ပြောလိုက်မယ်”
ကျီရွမ်ရီက သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီးနောက်တွင် လေးနက်စွာ ပြောလိုက်သည်။
“ကျန်းချန် ဒီရက်ပိုင်းအတွင်း အခြေအနေတွေကို ငါစုံစမ်းထားခဲ့တယ်.. ပြောရရင် အခြေအနေက တကယ်ကို စိုးရိမ်စရာ ကောင်းနေခဲ့ပြီ”
ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“စုံစမ်းထားတဲ့ အချက်အလက်တွေ ကျွန်တော့်ကို ပြောပြပါဦး”
“ဒီတစ်ကြိမ် အရှေ့ဘက်ဒေသကို ကျူးကျော်လာတဲ့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွေက အရမ်းကို အင်အားကြီးမားတယ်.. သူတို့ရဲ့ခေါင်းဆောင်က သတ္တမအဆင့်ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား တစ်ပါးလို့ သိရတယ်.. အခုဆိုရင် ဟောင်ထျန်းဓားဂိုဏ်း အပြင် ဝိညာဥ်နန်းတော်လည်း ကျဆုံးသွားခဲ့ပြီ.. ချင်းလွမ်မျိုးနွယ်စုကတော့ ကံကောင်းသွားတယ်.. ဘာလို့လည်းဆိုတော့ စစ်မိစ္ဆာမဟာမိတ်အဖွဲ့က လူတွေ အချိန်မီ ရောက်လာလို့ပဲ”
ကျီရွမ်ရီက လေးနက်စွာ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည်။
“စစ်မိစ္ဆာမဟာမိတ်အဖွဲ့ လှုပ်ရှားလာပြီဆိုရင် အရှေ့ဘက်ဒေသက ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုတွေကို နှိမ်နင်းဖို့ မခက်ခဲသင့်ဘူး မဟုတ်လား”
စစ်မိစ္ဆာမဟာမိတ် အဖွဲ့သည် လူသားဧကရာဇ် ကျန်းချင်းထျန်းက ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကို တိုက်ခိုက်ရန်တည်ထောင်ခဲ့သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ယနေ့ခေတ်ထိတိုင် လက်ဆင့်ကမ်း တည်ရှိလာသော အဖွဲ့အစည်းတစ်ခု ဆိုလည်း မမှားပေ။
သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါးသည် အစွမ်းထက်သော်လည်း စစ်မိစ္ဆာမဟာမိတ်အဖွဲ့ အတွက်မူ ဘာမှမဟုတ်ပေ။
“စစ်မိစ္ဆာမဟာမိတ်အဖွဲ့က နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူ တစ်ဦးကို စေလွှတ်ခဲ့တယ်.. အဲဒါကြောင့်ပဲ အခြေအနေက ယာယီတည်ငြိမ်သွားခဲ့တယ်.. ဒါပေမဲ့ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကိုတော့ မနှိမ်နင်းနိုင်သေးဘူး"
"မကြာခင်ကပဲ ချင်းလွမ်မျိုးနွယ်စုက စစ်မိစ္ဆာမဟာမိတ်အဖွဲ့ကိုယ်စား ငါ့ဆီ သတင်းပို့လာခဲ့တယ်.. ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို ရင်ဆိုင်ဖို့နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို ဖိတ်ခေါ်ထားခဲ့တယ်.. မင်း ပြန်ရောက်မလာသေးတာနဲ့ ငါလည်း ဘာမှ အကြောင်းမပြန်ရသေးဘူး”
ကျီရွမ်ရီက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။
သူက အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်သော်လည်း စိတ်ထဲတွင်မူ ကျန်းချန်ကိုသာ အဓိက ခေါင်းဆောင်တစ်ဦး အဖြစ် သတ်မှတ်ထားခဲ့သည်။
ကျန်းချန်က အနည်းငယ် စဥ်းစားပြီးမှ ပြောလိုက်၏။
“ဒါဆိုရင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို နေရာ ချပြီးတာနဲ့ ကျွန်တော် ချင်းလွမ် မျိုးနွယ်စုဆီ သွားလိုက်မယ်”
ထိုအချိန်က သူ၏ ခွန်အားက အလွန်အမင်း နိမ့်ကျနေသဖြင့် စစ်မိစ္ဆာမဟာမိတ်အဖွဲ့မှ လူများနှင့် မပတ်သက်ချင်ခဲ့ပေ။
ယနေ့အချိန်တွင် သူက စစ်မိစ္ဆာမဟာမိတ်အဖွဲ့နှင့် တွေ့ဆုံရန် စိတ်ပူစရာ မလိုအပ်တော့ချေ။
“ကောင်းပြီ”
ကျန်းချန်၏ စကားကိုကြားလျှင် ကျီရွမ်ရီသည် အနည်းငယ် စိတ်အေးသွားခဲ့သည်။
စစ်မိစ္ဆာမဟာမိတ်အဖွဲ့သည် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကို ရင်ဆိုင်ရန်အတွက် သီးသန့်ဖွဲ့ထားသော အဖွဲ့အစည်း ဖြစ်ပြီး သာမန်အချိန်များတွင် နတ်ကုန်းမြေတိုက်ရှိ မည်သည့်အင်အားစုကိုမှ ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုနှင့် ရင်ဆိုင်ရချိန်တွင် စစ်မိစ္ဆာမဟာမိတ် အဖွဲ့သည် နတ်ကုန်းမြေတိုက်ရှိ အင်အားစုအားလုံးကို အမိန့်ပေးပိုင်ခွင့် ရှိ၏။
ယခု စစ်မိစ္ဆာမဟာမိတ်အဖွဲ့က သူတို့ကို ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်ရန် ဆင့်ခေါ်နေသည် ဖြစ်ရာ သူတို့သာ မသွားလျှင် နောက်ဆက်တွဲ ပြဿနာသည် အလွန်တရာ ကြီးမားလာပေလိမ့်မည် မဟုတ်ပါလား။
“မျိုးနွယ်စုခေါင်းဆောင် ပြဿနာတော့တက်ပြီ.. တစ်စုံတစ်ယောက်က အပြင်ကနေ အတင်းကျူးကျော်လာတယ်”
ထိုအချိန်တွင် ကျီမျိုးနွယ်စုမှ တပည့်တစ်ဦးသည် အစည်းအဝေးခန်းမ အတွင်းသို့ အလောတကြီး ပြေးဝင်လာခဲ့သည်။
“တစ်ဖက်လူက ဘယ်သူလဲဆိုတာကိုရော သိလား”
ကျီရွမ်ရီက အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုသည် အရှေ့ဘက်ဒေသရှိ နတ်ဘုရင်အင်အားစုကြီး ငါးစုအနက်မှ တစ်စုဖြစ်သည်။
သို့ဖြစ်ရာ ကျီမျိုးနွယ်စု၏ နယ်မြေအတွင်းသို့ မည်သူက ရုတ်တရက် ဝင်ရောက် နှောင့်ယှက်ရဲပါသနည်း။
“ကျွန်တော်လည်းမသိဘူး.. ဒီလူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူငယ်တစ်ယောက်ပဲ.. လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံနဲ့တင် အကြီးအကဲတွေကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေခဲ့တယ်”
ကျီမျိုးနွယ်စုမှ တပည့်က ထိတ်လန့် တုန်လှုပ်သော အမူအရာဖြင့် အလျင်အမြန်ပင် ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ကျီရွမ်ရီ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့၏။
အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ အကြီးအကဲများထဲတွင် အားအနည်းဆုံးသူပင် ကောင်းကင်အရှင်အဆင့် ရှိကြသည်။
အဖြူရောင်ဝတ်စုံဝတ် လူငယ်က အကြီးအကဲအများအပြားကို လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံဖြင့် ဒဏ်ရာအပြင်းအထန်ရရှိစေနိုင်သည်ဆိုလျှင် အနည်းဆုံး နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်နိုင်လောက်သည်။
အရှေ့ဘက်ဒေသ တစ်ခုလုံးတွင် ကျန်းချန်မှ လွဲ၍ နတ်ဘုရင်အဆင့် ဒုတိယမြောက် လူငယ်ပါရမီရှင် မရှိပေ။
တစ်နည်းအားဖြင့် ဆိုရလျှင် ကျီမျိုးနွယ်စု အတွင်းသို့ ကျူးကျော်လာသည့် အဖြူရောင်ဝတ်စုံဝတ် လူငယ်သည် အရှေ့ဘက်ဒေသမှ ကျင့်ကြံသူ မဟုတ်နိုင်သည်မှာ သေချာသလောက် ဖြစ်၏။
ထိုသို့ တွေးမိလိုက်သည်နှင့် ကျီရွမ်ရီသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ လေးနက်သောလေသံဖြင့် ပြောလိုက်၏။
“ကျန်းချန်.. ငါ့ရဲ့ခန့်မှန်းချက်သာမမှားဘူးဆိုရင် ကျီမျိုးနွယ်စုကို ကျူးကျော်လာတဲ့ အဖြူရောင်ဝတ်စုံဝတ် လူငယ်က စစ်မိစ္ဆာမဟာမိတ်အဖွဲ့က ဖြစ်နိုင်တယ်”
စစ်မိစ္ဆာမဟာမိတ်အဖွဲ့သည် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုဆီသို့ ဤမျှ မြန်မြန်ဆန်ဆန် လူလွှတ်လိမ့်မည်ဟု ကျီရွမ်ရီ မထင်ထားခဲ့ပေ။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“ခေါင်းဆောင်ကျီ.. အရမ်းကြီးလည်း စိတ်မပူပါနဲ့.. ကျွန်တော်တို့ဆီ ရောက်လာပြီဆိုမှတော့ ဒီလူနဲ့ သွားတွေ့ကြည့်ကြတာပေါ့”
အခန်း(၂၃၀၀)ပြီး၏။