← Chapters

ဒါက ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပဲ

Vol. 7 Ch. 71

ဒါက ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပဲ

Vol. 7 Ch. 71

ချန်လင်းစုသည် ငါးမိုင်ခန့်အကွာအဝေးကို အစွမ်းကုန်အရှိန်မြှင့်၍ ခြေရာခံလိုက်ပါလာခဲ့၏။ လမ်းတလျှောက်တွင် ရန်သူအယောက်သုံးဆယ်ကျော် လဲကျသေဆုံးနေသည်ကို သူမ တွေ့မြင်ခဲ့ရသည်။ ထိုလူအားလုံးနီးပါးသည် ခြုံခိုတိုက်ခိုက်ခံရခြင်း သို့မဟုတ် အဆိပ်မိထားခြင်း ဖြစ်ကြသည်။ ဓားဒဏ်ရာဖြင့် သေဆုံးသူသည် အနည်းငယ်သာရှိပြီး ထိုဒဏ်ရာများသည် ကျုံးကျောက်ဝမ်၏လက်ချက် ဖြစ်ပုံရပေ၏။

ရှေ့တွင် သစ်တောအုပ်ငယ်တစ်ခု ရှိနေသည်။ ချန်လင်းစုက အထဲသို့ ပြေးဝင်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ဟူဖေးက သူမ၏ရှေ့သို့ ခုန်ဆင်းလိုက်ပြီး လမ်းပိတ်ကာ တားဆီးလိုက်သည်။

"မိန်းကလေးလင်း... သတိထားပါ... ရှေ့မှာ ခြုံခိုတိုက်ခိုက်သူတွေ ရှိတယ်..."

ထို့နောက် ဟူဖေးက ဓားကိုဆွဲထုတ်ပြီး အော်ဟစ်လိုက်သည်။

"ထွက်ခဲ့စမ်း... မင်းတို့တွေ ခြုံပုတ်ထဲမှာ ရှိနေတယ်ဆိုတာ ငါသိတယ်..."

ထိုအချိန်မှာပင် လူတစ်ယောက်၏ ဝမ်းသာအားရ အော်ဟစ်သံ ထွက်ပေါ်လာသည်။

"ညီလေးဟူ...ငါပါ..."

သွေးများ ပေကျံနေသည့် ရုပ်ဆိုးဆိုး လူတစ်ယောက်သည် ခြုံပုတ်ကြားမှ ခြေထောက်တစ်ဖက်ကို တရွက်တိုက်ဆွဲကာ ထွက်လာခဲ့သည်။ ထိုလူမှာ ကျုံးကျောက်ဝမ်ပင်။

ဟူဖေးသည် အံ့အားသင့်သွားပြီးနောက် ဝမ်းသာသွားပေ၏။

"ဒုတိယအစ်ကိုကြီးကျုံး... ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ... ဒဏ်ရာတွေက ပြင်းထန်လား..."

ကျုံးကျောက်ဝမ်က သူ၏မျက်နှာပေါ်မှ သွေးများနှင့်ချွေးများကို သုတ်ပြီး ပြောဆိုလိုက်သည်။

"သခင်လေးချူနဲ့ ငါက အဲ့ဒီလူတွေကို မျှားခေါ်လာခဲ့တာ... လမ်းတလျှောက်မှာ ခဏခဏ တိုက်ခိုက်ခဲ့ရတယ်... သူတို့ဘက်က လူအင်အားက များလွန်းတော့ ငါက ခြေထောက်မှာ ဒဏ်ရာရသွားတယ်... သခင်လေးချူက ငါ့ကို ဒီနေရာမှာပဲ နေခဲ့ခိုင်းပြီးတော့ ကျန်တဲ့ရန်သူတွေကို သူတစ်ယောက်တည်း ဆက်ပြီးမျှားခေါ်သွားတယ်..."

ချန်လင်းစုသည် သူ၏စကားမဆုံးခင် ကြားဖြတ်ပြောဆိုလိုက်၏။

"အစ်ကိုကြီးချူရော... သူ ဘယ်ကို ထွက်သွားတာလဲ... သူ ဒဏ်ရာရသွားသေးလား... ရန်သူက ဘယ်လောက်တောင် ကျန်သေးလဲ..."

ကျုံးကျောက်ဝမ်က ခေါင်းကိုကုတ်လိုက်ပြီး တုံ့ပြန်အဖြေပေးသည်။

"ငါတို့နှစ်ယောက်လုံး သွေးတွေစိုရွှဲနေတော့ သူ ဒဏ်ရာရထားလား မရထားဘူးလား ဆိုတာတောင် ငါ မသိတော့ဘူး... သူကတော့ တောအုပ်ထဲကို ပြေးဝင်သွားတယ်... ရန်သူက အယောက်နှစ်ဆယ် သုံးဆယ်လောက် ကျန်အုံးမယ်..."

သူ၏စကား မဆုံးသေးမီမှာပင် ချန်လင်းစုသည် တောအုပ်ထဲသို့ ဒရောသောပါး ပြေးဝင်သွားလေပြီ။ ဟူဖေးကလည်း အလောတကြီး ပြောဆိုလိုက်၏။

"ဒုတိယအစ်ကိုကြီးကျုံး... နေရာတစ်နေရာကို အရင်ရှာပြီး ပုန်းနေလိုက်ပါ... ကျွန်တော်တို့ ပြန်လာမှ ခင်ဗျားကို လာရှာမယ်..."

ချန်လင်းစု၏ဘေးကင်းရေးကို စိတ်ပူသဖြင့် သူသည် ဓားကို ဆွဲထုတ်ကာ သူမ၏နောက်သို့ အပြေးလိုက်သွားတော့သည်။

ချန်လင်းစု၏စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပြီး ငိုချင်စိတ်ပေါက်လာသည်။

ကျုံးကျောက်ဝမ်၏သိုင်းပညာသည် ချူကျန့်ထက် သာလွန်ကြောင်းကို သူမ ကောင်းစွာသိရှိထားသည်။ ကျုံးကျောက်ဝမ်ပင်လျှင် ပြင်းထန်စွာ ဒဏ်ရာရထားသည်ဆိုပါက ချူကျန့်၏ အခြေအနေသည် ဆိုဖွယ်ရာပင် မရှိတော့ချေ။

ထို့အပြင် စွမ်းအားကြီးမားသော ရန်သူ အယောက်သုံးဆယ်ခန့် ကျန်ရှိနေပေ၏။ ချူကျန့်တစ်ယောက်တည်း မည်သို့ လွတ်မြောက်နိုင်မည်နည်း။

ဟူဖေးသည်လည်း ထပ်တူထပ်မျှ တွေးတောမိသည်။ သူသည် ချန်လင်းစုကို အမီလိုက်ကာ ပြောဆိုလိုက်၏။

"မိန်းကလေးလင်း... ကျွန်တော် ရှေ့ကနေ လမ်းရှင်းပေးမယ်... သတိထားပါ..."

သူသည် ကျွမ်းကျင်ပြီး ရဲရင့်သူပီပီ တောနက်ထဲသို့ မဝင်ရဟူသော သိုင်းလောကစည်းမျဉ်းကိုပင် ဂရုမစိုက်တော့ချေ။ သူသည် ကိုယ်ဖော့ပညာကို အသုံးပြုကာ ချန်လင်းစု၏ရှေ့ ခြေဆယ်လှမ်းခန့်အကွာမှ လမ်းရှင်းပေးနေသည်။ ခြေလှမ်းနှစ်ဆယ်ခန့် ပြေးပြီးသည်နှင့် မြေပြင်ပေါ်တွင် လဲကျနေသော လူနှစ်ဦးကို သူတို့ မြင်တွေ့လိုက်ရသည်။ ဟူဖေးက ထိုအလောင်းများကို ငုံ့ကြည့်ပြီး သူ့ထံမှ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

"သူတို့က ဓားဒဏ်ရာနဲ့ သေနေကြတာပဲ... သခင်လေးချူက ဓားကို သုံးလိုက်ပြီ..."

ချန်လင်းစု၏မျက်နှာသည် သွေးဆုတ်ကာ ဖြူဖပ်ဖြူရော် ဖြစ်သွားပေ၏။

ဆိုလိုသည်မှာ အစ်ကိုကြီးချူ၌ လက်နက်ပုန်းများနှင့် အဆိပ်များ ကုန်သွားပြီဖြစ်သောကြောင့် ရန်သူများကို လက်နက်ဖြင့် ထိပ်တိုက်ရင်ဆိုင်နေရပြီ ဖြစ်ခြင်းပင်။

သူမသည် နှုတ်ခမ်းကို တင်းတင်းကြပ်ကြပ်ကိုက်ကာ တိတ်တဆိတ် လိုက်ပါသွားသည်။ ရန်သူအရေအတွက် များပြားလွန်းသဖြင့် သူမ အမီလိုက်နိုင်လျှင်ပင် အနိုင်ယူနိုင်မည် မဟုတ်ကြောင်း သိနေသည်။ သို့သော် ဤအချိန်၌ သူမ၏စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။ အကယ်၍ သူမ သေရမည်ဆိုလျှင်လည်း အစ်ကိုကြီးချူနှင့် အတူတကွ သေဆုံးရပေမည်။ အစ်ကိုကြီးချူသည် သူမအား ကယ်တင်ရန် ကြိုးစားခဲ့ခြင်းဖြစ်သဖြင့် သူတစ်ယောက်တည်း အသေခံခိုင်း၍ မဖြစ်ချေ။

လဲကျနေသော လူတစ်ယောက်ကိုတွေ့တိုင်း ချန်လင်းစု၏ရင်ထဲတွင် ထိတ်လန့်သွားရပြီး သွေးအိုင်ထဲတွင် လဲနေသူမှာ ချူကျန့် ဖြစ်နေမည်ကို သူမ စိုးရိမ်နေမိသည်။

ကံကောင်းထောက်မစွာဖြင့် မြေပြင်ပေါ်၌ နောက်ထပ် ရန်သူ ခုနစ်ယောက် ရှစ်ယောက်ခန့်လဲကျနေသည်ကို တွေ့ရသော်လည်း ချူကျန့်ကို မတွေ့ရသေးချေ။ ထိုလူများသည် အသက်အန္တရာယ်စိုးရိမ်ရသည့် နေရာများ၌ ဓားထိုးခံထားရပြီး ပြင်းထန်စွာ ဒဏ်ရာရကာ သတိလစ်မေ့မြောနေကြသဖြင့် စကားပင် မပြောနိုင်ကြတော့ချေ။

ချန်လင်းစုနှင့်ဟူဖေးတို့သည် တောအုပ်နက်ထဲသို့ ရောက်လေလေ လူသေအလောင်းကို ပို၍များများတွေ့ရလေ ဖြစ်လာပြီး လူဆယ်ယောက်ကျော် လဲကျနေသည်ကို မြင်တွေ့မိပေ၏။ ထိုလူများအားလုံး၏ မျက်နှာနှင့်ခန္ဓာကိုယ်ပေါ်တွင် ထုံးမှုန့်အစအနများ ရှိနေသည်။ ပတ်ဝန်းကျင်မှ တိုက်ပွဲအခြေအနေကို ကြည့်ခြင်းအားဖြင့် ဤသည်မှာ နှစ်ဖက်လုံး အကြီးအကျယ် ပေးဆပ်လိုက်ရသော ရှည်လျားပြီး ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ခဲ့ကြောင်း သိသာထင်ရှားသည်။ ထူးဆန်းသည်မှာ ဤလူဆယ်ယောက်ကျော်၏ ဓားဒဏ်ရာများသည် ယခင်ကထက် ပို၍ပြင်းထန်နေပြီး သူတို့အားလုံးသည် ဓားချက်တစ်ချက်တည်းဖြင့် အသက်ဆုံးရှုံးခဲ့ရခြင်းပင်။

ဟူဖေးက ထိုအလောင်းများကို ငုံ့ကြည့်လိုက်ပြီးနောက် အံ့အားသင့်သွားကာ အသက်ရှူမှားသွားသည်။

ဤသခင်လေးချူ၏တိုက်ခိုက်မှုသည် အလွန်တိကျမြန်ဆန်ပြီး အလွန်ပြင်းထန်သည်။ သူ၏ဓားသည် တစ်ဖက်ရန်သူ၏ဟာကွက်ကို ထိုးဖောက်ပြီး သေစေလောက်သည့် ဒဏ်ရာကို ပေးနိုင်ခဲ့သည်။ ဤဓားသိုင်းသည် ယခင်က သူအသုံးပြုခဲ့သော ဓားသိုင်းထက် အနည်းဆုံး နှစ်ဆခန့် ပိုမိုအစွမ်းထက်ပေမည်။ သူ၏ မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းလာသော ဟူမိသားစု ဓားသိုင်းနှင့်ပင် ယှဉ်ပြိုင်နိုင်ပေ၏။ မြောင်ရန်ဖုန်း၏ ပြိုင်ဘက်ကင်း မြောင်အိမ်တော်ဓားသိုင်းသည်ပင်လျှင် ဤမျှထက်ပို၍ စွမ်းအားကြီးမည် မဟုတ်ပေ။ သခင်လေးချူသည် ရှန်ချန်မြို့မှ သူရဲကောင်းကြီးကောကျင့်၏ တပည့်ဖြစ်ရာ ဤသည်က ဒဏ္ဍာရီလာ မက်မွန်ပွင့်ကျွန်း၏အထွတ်အထိပ် ပညာရပ်ဖြစ်သော မက်မွန်ပွင့်ကြွေ နတ်ဓားသိုင်း ဖြစ်နေသလော။

အကယ်၍ ဟူဖေးသာ ကစားသမားတစ်ဦး ဖြစ်ပါက သူ ဤမျှထိ အံ့အားသင့်နေမည် မဟုတ်ပေ။ အကြောင်းအရင်းမှာ မကြာသေးမီကမှ ဆာဗာအသစ်ရှိ ဂိမ်းလောကတစ်ခုလုံးသို့ ကြေညာချက်တစ်ခု ထွက်ပေါ်လာခဲ့သောကြောင့်ပင်။

" ဒင်း ... ဆာဗာတစ်ခုလုံး ကြေညာချက်... ကစားသမား 'ချူလော့ကျွင်း' သည် မြင်းဖြူဘုရားကျောင်းမြို့၏ ဆင်ခြေဖုံးတွင် ပထမဆုံးသော ရတနာအဆင့် ဓားသိုင်းဖြစ်သည့် 'ငွေနှင်းမှုန်လခြမ်း နတ်လျှပ်စီး ဓားသိုင်း' ကို ဖန်တီးနိုင်ခဲ့ပြီး ကျပန်းမဲနှိုက်ခြင်းမှတဆင့် အထူးပစ္စည်းတစ်ခုကို ဆုလက်ဆောင်အဖြစ် ရရှိခဲ့ပါသည်... ဤဖြစ်ရပ်ကို ဆာဗာအသစ်မှ 'ပိုင်ရှောင်ရှန်း၏ မဟာသိုင်းလောက ဒဏ္ဍာရီ မှတ်တမ်း' တွင် မှတ်တမ်းတင်ထားသည်... ကစားသမားအားလုံးအနေဖြင့် သူ့ကို စံနမူနာယူပြီး ကြိုးစားကြရန်နှင့် မိမိတို့၏ ထူးချွန်သော အောင်မြင်မှုများကို 'ပိုင်ရှောင်ရှန်း၏ မဟာသိုင်းလောက ဒဏ္ဍာရီ မှတ်တမ်း' တွင် အမြန်ဆုံး မှတ်တမ်းတင်နိုင်ရန် ကြိုးပမ်းသင့်သည်..."

ရတနာအဆင့် ဓားသိုင်းသည် အဆင့်မြင့် လေမုန်တိုင်း မိုးကြိုးသခင် နတ်ဆိုးသတ်ဓားသိုင်းထက် အဆင့်နှစ်ဆင့် ပို၍မြင့်မားပြီး နတ်ဘုရားအဆင့်၏အောက်တွင်သာ ရှိတော့သည်။ ထိုဓားချီသည် ငွေရောင်အဆင်း သက်ရောက်မှုကို ထုတ်လွှတ်နိုင်ပြီး စွမ်းအားသည် အရည်အသွေးပိုင်းအရ ကြီးမားသော ခုန်ပျံကျော်လွှားမှုတစ်ခုပင်။ ထို့ကြောင့်ပင် ချူကျန့်၏ဓားကွက်များ သာလွန်ထူးကဲနေသည်ကို မြင်တွေ့ရချိန်၌ ဟူဖေး အံ့အားသွားခဲ့ခြင်း ဖြစ်ပေ၏။

ဟူဖေးသည် အံ့အားသင့်နေပြီး ချန်လင်းစုက အလွန်အမင်း စိုးရိမ်ပူပန်နေချိန်တွင် ချူကျန့်သည် တောနက်ထဲရှိ မြက်ခင်းပြင်တွင် ငါးသေတစ်ကောင်ကဲ့သို့ လဲလျောင်းနေပြီး သူ၏နံဘေးတွင် နောက်ဆုံးကျန်သော ကစားသမားသုံးဦး လဲကျနေသည်။

ထိုလူသုံးဦးထံမှ ပစ္စည်းများအားလုံးကို ယူဆောင်ပြီးနောက် ချူကျန့်သည် သူတို့ကို တစ်ချက်မျှပင် ပြန်မကြည့်တော့ချေ။ သူတို့၏ ID များကို စစ်ဆေးခြင်းနှင့် မည်သည့်ဂိုဏ်းမှ ဖြစ်သည်ကိုပင် ဂရုမစိုက်တော့ချေ။

သူ့ထက် အင်အားများစွာသာလွန်သော ဤကစားသမားများကို ရင်ဆိုင်ဖြေရှင်းရန်အတွက် သူသည် စုဆောင်းထားသမျှ လက်နက်ပုန်းများနှင့် အဆိပ်များအားလုံးကို သုံးစွဲခဲ့ရသည်။ ထိုမျှသာမက တောအုပ်ထဲသို့ ဝင်ရောက်ပြီးနောက် လျှို့ဝှက်သိုင်းလောကတွင်ပင် သူ ရှားရှားပါးပါး အသုံးပြုလေ့ရှိသော အစွမ်းထက်ဓားသိုင်းဖြစ်သည့် "သေမင်းတမန် ၁၃ ကွက်" ကိုလည်း ထုတ်သုံးခဲ့ရသည်။

ဤဓားကွက် ၁၃ ကွက်သာပါရှိသော ဓားသိုင်း၏စွမ်းအားကို အမြင့်ဆုံးရောက်အောင် မြှင့်တင်ရန်အတွက် သူသည် လူ ၁၃ ယောက်ကို ဓားကွက်၁၃ ကွက် ဆက်တိုက်အသုံးပြုပြီး တိုက်ခိုက်ခဲ့ရသည်။

ဂိမ်းစနစ်၏ ကိုယ်ပိုင်ဖန်တီးနိုင်သော ဓားသိုင်းလုပ်ဆောင်ချက်ကို အသုံးပြု၍ တောအုပ်အတွင်း ထွက်ပြေးနေစဉ် ဖရိုဖရဲတိုက်ပွဲကြားမှပင် "ငွေနှင်းမှုန်လခြမ်း နတ်လျှပ်စီး ဓားသိုင်း" ကို အတင်းအကျပ် ဖန်တီးခဲ့ရပေ၏။ထိုဓားသိုင်း၏အမည်ကို ဂိမ်းစနစ်မှ အလိုအလျောက် ပေးခဲ့ခြင်းပင်။

ရတနာအဆင့် ဓားသိုင်အဖြစ် အသိအမှတ်ပြုခံရသော "ငွေနှင်းမှုန်လခြမ်း နတ်လျှပ်စီး ဓားသိုင်း"သည် ဓားကွက်များ ဖျက်ဆီးနိုင်စွမ်းအားကို ၃၅၀ရာခိုင်နှုန်း မြှင့်တင်ပေးပြီး ဓားအမြန်နှုန်းကို ၁၀၀ ရာခိုင်နှုန်း တိုးမြှင့်ပေးခဲ့သည်။

ဤအရာက သူ့ကို ရှုံးနိမ့်ရန် သေချာသလောက် ရှိနေသော အခြေအနေမှ တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်နိုင်စေခဲ့သည်။ ဓားချက်သုံးလေးချက်ခန့် အခုတ်ခံရသည့် တန်ဖိုးကို ပေးဆပ်လိုက်ရပြီးနောက် သူသည် ကစားသမား ၁၇ ဦးလုံးကို သေလုမြောပါး အခြေအနေသို့ ရောက်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး သူတို့ကို အော့ဖ်လိုင်း ဖြစ်သွားစေခဲ့သည်။

ခြုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်းနေသော နောက်ဆုံး ကစားသမားသုံးဦးကိုပင် သေချင်ယောင်ဆောင်သည့် လှည့်ကွက်ဖြင့် မျှားခေါ်ကာ ဓားချက်သုံးချက်ဖြင့် အော့ဖ်လိုင်း ဖြစ်သွားစေခဲ့ပေ၏။

သူသည် ဘေးဒုက္ခမှ လွတ်မြောက်ပြီး ရှုံးနိမ့်မှုကို အောင်မြင်မှုအဖြစ် ပြောင်းလဲနိုင်ခဲ့သော်လည်း ချူကျန့်သည် စိတ်လှုပ်ရှားခြင်း အနည်းငယ်မျှ မရှိချေ။

သူ၏ လက်နက်ပုန်းများနှင့် အဆိပ်များ ကုန်သွားသဖြင့် သူ နှလုံးကွဲကြေလုမတတ် ခံစားနေရခြင်းလည်း မရှိပေ။ အကြောင်းအရင်းမှာ ကစားသမားများထံမှ တန်ဖိုးရှိသော ပစ္စည်းများစွာ ရရှိလိုက်သဖြင့် အမြတ်အစွန်း အနည်းငယ် ရရှိခဲ့သောကြောင့်ပင်။ ချူကျန့်၏ စိတ်ဓာတ်ကို အမှန်တကယ် ကျဆင်းစေသည့်အရာမှာ သူကိုယ်တိုင် ဖန်တီးခဲ့သော ရတနာအဆင့် ဓားသိုင်းကြောင့် မမျှော်လင့်ဘဲ ဆာဗာတစ်ခုလုံးကြေညာချက်တွင် ပါဝင်သွားခြင်းပင်။

လမ်းတစ်လျှောက်လုံး တခြားကစားသမားများမှ သူ၏ ID ကို မမြင်စေရန် ကြိုးပမ်းခဲ့သမျှသည် ဤကြေညာချက်ကြောင့် ပျက်စီးသွားခဲ့ရလေပြီ။

ဤကြေညာချက်သည် ဆာဗာအသစ်တွင် သူ့ကို ပို၍နာမည်ကြီးသွားစေရုံသာမက သူ၏ လက်ရှိတည်နေရာကိုလည်း ဖွင့်ချလိုက်သကဲ့သို့ ဖြစ်သွားသည်။ ထို့ပြင် ယခုချိန်၌ သူ၏နောက်သို့ လိုက်နေသော ကစားသမားအမြောက်အများသည် သူ၏ ID ကို သိသွားကြပြီး သူ၏လက်ထဲတွင် နတ်ဘုရားအဆင့် သိုင်းကျမ်းဖြစ်သည့် နေကြာသိုင်းကျမ်း ရှိနေသည်ကိုလည်း သိရှိသွားကြလေပြီ။

သိုင်းလောကတွင် အကြောက်ရဆုံးအရာမှာ အကြောင်းနှင့် အကျိုးပင်။

ယနေ့တွင် သူသည် ဤကစားသမားများကို "သတ်" ခဲ့သည်။ ဤအရာသည် အကြောင်းတရား ဖြစ်ပြီး ဤကစားသမားများနှင့် သူတို့၏ မိတ်ဆွေများက သေချာပေါက် လက်စားချေကြပေလိမ့်မည်ဖြစ်ကာ ထိုအရာက အကျိုးတရားပင်။

သူ့ထံတွင် နတ်ဘုရားအဆင့် နေကြာသိုင်းကျမ်း ရှိနေသည့် သတင်း ပျံ့နှံ့သွားသည်နှင့် တပြိုင်နက် သူ့ကို မနာလိုဖြစ်နေကြသော ကစားသမားများသည် သူ့အား သားကောင်အဖြစ် ပို၍ရှုမြင်လာကြပေမည်။ သူတို့သည် သူ့ကို ဖမ်းဆီးရန် သို့မဟုတ် ထိုရှားပါးရတနာများကို သူ့ထံမှ ရယူရန် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြပေလိမ့်မည်။

အဆုံးမရှိသော လက်စားချေ သတ်ဖြတ်မှုများ လိုက်လံတိုက်ခိုက်မှုများ ခြုံခိုတိုက်ခိုက်မှုများနှင့် သိုင်းလောက၏ လုပ်ကြံမှုများဟူသော ဝဲဂယက်ထဲတွင် ပိတ်မိနေမည့်အကြောင်း တွေးမိလိုက်ရုံဖြင့် ချူကျန့် လုံးလုံးလျားလျား စိတ်ဓာတ်ကျသွားတော့သည်။

ဆေးဘုရင်ကျမ်းစာအတွက်နှင့် ဤသို့ဖြစ်ခဲ့ရသည်မှာ သူ့အတွက် ကြီးမားသော ဆုံးရှုံးမှုကြီးပင်။

"ချန်လင်းစု... ချန်လင်းစု..."

ချူကျန့်သည် သူ၏ခန္ဓာကိုယ်အနှံ့အပြားရှိ ဒဏ်ရာများကြောင့် ကိုက်ခဲနေပေ၏။ သူသည် အားနည်းစွာဖြင့် ရေရွတ်လိုက်ပြီး သူ၏မျက်လုံးမှ မျက်ရည်များ စီးကျလာသည်။

'တကယ်လို့ မင်းသာ ငါ့ကို ဆေးဘုရင်ကျမ်းစာ သေသေချာချာ လက်ဆင့်ကမ်းသင်ကြားမပေးရင် ငါ သရဲဖြစ်ရင်တောင် မင်းကို ခြောက်လှန့်နေအုံးမှာပဲ...'

ထိုအချိန်မှာပင် ခြုံပုတ်များကြားမှ တရှပ်ရှပ်အသံများကို ကြားလိုက်ရပြီး ချန်လင်းစု ပြေးထွက်လာသည်။ သွေးများ ပေကျံနေပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည့်ကြားမှ သူမ၏နာမည်ကို ရေရွတ်နေသော ချူကျန့်ကို မြင်တွေ့ချိန်၌ သူမ၏နှလုံးသားကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး အလွန်စိတ်ထိခိုက်သွားပေ၏။

သူမ၏မျက်လုံများးတွင် ဝဲနေသော မျက်ရည်စီးကြောင်းနှစ်ကြောင်းသည် သူမ၏ပါးပြင်ပေါ်သို့ ယိုစီးကျလာတော့သည်။

သူမသည် ချူကျန့်ထံသို့ ပြေးဝင်ကာ ငိုကြွေးလိုက်သည်။

"အစ်ကိုကြီးချူ... ကျွန်မ ရောက်လာပြီ... မကြောက်နဲ့နော်... ရှင် မသေအောင် ကျွန်မ အစွမ်းကုန် ကုသပေးပါ့မယ်..."

ချူကျန့်၏နှုတ်ခမ်းများ တရွရွဖြစ်သွားပေ၏။

'ဘာမှ မဖြစ်ဘူး... ငါ့ကို ဆေးဘုရင်ကျမ်းစာ သင်ပေးဖို့နဲ့ ခုနစ်စင်ကြယ်နှလုံးသားအဆိပ်လို အနံ့အရသာမဲ့တဲ့ အဆိပ်မျိုးတွေ ရာနဲ့ချီပြီး ပေးဖို့ပဲ မှတ်ထားပေးပါ...'

သို့သော် သူ ထိုစကားကို မပြောနိုင်ခင်မှာပင် "အတင်းအကြပ် အော့ဖ်လိုင်း" ဖြစ်သွားတော့သည်။

All Chapters