← Chapters

ခန့်မှန်းရခက်သော ဒုတိယသခင်မလေးချင်

Vol. 7 Ch. 75

ခန့်မှန်းရခက်သော ဒုတိယသခင်မလေးချင်

Vol. 7 Ch. 75

ချူကျန့်က တိတ်တဆိတ် သတိထားနေသော်လည်း ချင်ရူယွင်သည် မမျှော်လင့်ဘဲ စိတ်အခြေအနေ ကောင်းမွန်နေပေ၏။ သူမ၏ ဈေးကြီးသော ကော်ဇောကို ချူကျန့် ညစ်ပေအောင် လုပ်မိသည်ကို ဂရုမစိုက်ရုံသာမက ရယ်ပြုံး၍ပင် ပြောဆိုလိုက်သည်။

"ကောင်းပြီလေ... အချိန်မှတ်တာကို အခု စလိုက်ကြတာပေါ့... ပြောရရင်တော့ ကျွန်မက ရှင့်ကို လိုက်ရှာဖို့ မြင်းဖြူဘုရားကျောင်းမြို့ကို သွားချင်ပေမယ့် ရှင် အော့ဖ်လိုင်းဖြစ်နေမှန်း သိလိုက်ရလို့ပါ..."

စားပွဲပေါ်တွင် ချင်ရူယွင် လုံးဝမထိရသေးသော မုန့်များနှင့် ခက်ရင်းလေးများ ရှိနေသည်ကို မြင်တွေ့ချိန်၌ ချူကျန့်သည် ကောက်ယူလိုက်ပြီး အားနာမှုမရှိဘဲ စတင်၍ စားသောက်လိုက်တော့သည်။

"မင်းက ဘာကိစ္စနဲ့ ငါ့ကို တွေ့ချင်ရတာလဲ..."

ပါးစပ်ထဲတွင် ကိတ်မုန့်အပြည့်စားရင်း မေးမြန်းလိုက်သော ချူကျန့်ကို ကြည့်ပြီး ချင်ရူယွင်က ပြုံးလိုက်၏။

"တော်တော်လေး ခက်ခဲတဲ့ တာဝန်တစ်ခု ရှိနေလို့ပါ... ကျွန်မ တစ်ယောက်တည်း မကိုင်တွယ်နိုင်ဘူး... အဲ့ဒါကြောင့် ရှင့်ကို အတူတူ လုပ်ဖို့ လာခေါ်တာ..."

"မင်းတောင် မလုပ်နိုင်ဘူးဆိုရင် ငါ့ကို မေးနေလည်း အလကားပဲ... ငါက မင်းလောက် မတော်ဘူး..."

ချူကျန့်က ပါးစပ်သုတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ငြင်းပယ်လိုက်သည်။ သူ့ထံတွင် နောင်တရစိတ် အနည်းငယ်မျှ မရှိပေ။

ဤမိန်းကလေးနှင့် ပတ်သက်ဆက်နွှယ်ရန် သူ့ထံတွင် အစီအစဉ် မရှိချေ။ ယနေ့ည အခြေအနေကဲ့သို့ သူ လူမသိသူမသိ လွတ်မြောက်နိုင်ပြီး ဝင်ငွေကောင်းကာ အန္တရာယ်နည်း၍ အကျိုးအမြတ်များမည့် အခြေအနေမျိုးသည် ခြွင်းချက်ပင်။

ချင်ရူယွင်သည် ကျွမ်းကျင်စွာဖြင့် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်ပြီး မျက်စိတစ်ဖက် မှိတ်ပြကာ ပြောဆိုလိုက်၏။

"ရှင်က ကျွန်မထက် အများကြီး တော်ပါတယ်... အခုချိန်ထိဆိုရင် ဆာဗာတစ်ခုလုံးကြေညာချက်တွေမှာ ရှင်က အများဆုံး ပါဝင်ထားတာလေ... မဟာသိုင်းလောကခေတ် ဂိမ်းစဖွင့်ကတည်းက ပထမဆုံးအကြိမ် ထွက်ပေါ်လာတဲ့ ရတနာအဆင့် ဓားသိုင်းကိုတောင် ဖန်တီးနိုင်ခဲ့သေးတယ်... အွန်လိုင်းမှာ ကစားသမားတွေက ရှင့်အကြောင်း ဘာပြောနေကြလဲဆိုတာ ရှင် သိရဲ့လား..."

"မပြောနဲ့... ငါ မသိချင်ဘူး..."

ချူကျန့်သည် ထိုခေါင်းစဉ်ကို စိတ်ပျက်နေလေပြီ။ သူသည် လက်ဖက်ရည်ခွက်ကို ယူပြီး တစ်ကျိုက်တည်း မော့ချလိုက်ရာ ပူလောင်နေသော လက်ဖက်ရည်ကြောင့် လျှာပူသွားပြီး နာကျင်စွာဖြင့် လျှာထွက်သွားခဲ့သည်။

ချင်ရူယွင်က ရယ်မောပြီး သူ့ကို ရေခဲရေတစ်ခွက် အလျင်အမြန် လက်ကမ်းပေးလိုက်သည်။

"ရှင်က ဘာလို့ ဒီလောက်ပူနေတဲ့ လက်ဖက်ရည်ကို အလောတကြီး သောက်ရတာလဲ... ရေခဲရေသောက်ပြီး စိတ်လျှော့လိုက်ပါအုံး..."

ချူကျန့်သည် ရေခဲရေကို ယူလိုက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်ပြီးမှ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိလိုက်သည်။

ထိုခွက်သည် ပန်းပွင့်ပုံစံများ ရိုက်နှိပ်ထားသော လက်ရာမြောက်သည့် ဒီဇိုင်းပင်။ ထိုခွက်တွင် နှုတ်ခမ်းရာမှိန်မှိန်လေးနှင့် မွှေးပျံ့သော ရနံ့သင်းသင်းလေး ကျန်ရှိနေသည်ကို ကြည့်ခြင်းအားဖြင့် ဤသည်မှာ ချင်ရူယွင် ပုံမှန်အသုံးပြုနေကျ ခွက်ဖြစ်ကြောင်း သိသာထင်ရှားပေ၏။

ဤမိန်းကလေးသည် မည်သည်ကြောင့် သူမ၏ ခွက်ကို သူ့ထံသို့ ပေါ့ပေါ့ဆဆ ပေးလိုက်ရသနည်း။

သူ ခွက်ကို ပြန်ချလိုက်သည့်အချိန်၌ ချင်ရူယွင်သည် မည်သည့်အရာမျှ မဖြစ်ခဲ့သည့်အလား သူမ၏ ခွက်ကို ပြန်ယူသွားလိုက်သည်။ ထို့နောက် သူမသည် ဘီရိုထဲတွင် မွှေနှောက်လိုက်ကာ ရိုးရှင်းသော ခွက်တစ်လုံးကို ရှာတွေ့သွားသဖြင့် ရေခဲရေ ဖြည့်လိုက်ပြီး ချူကျန့်၏ ရှေ့သို့ ပြန်ချပေးလိုက်သည်။

သူမ၏မျက်နှာအမူအယာ များစွာပြောင်းလဲသွားခြင်း မရှိပေ။ သူမ၏ ပါးပြင်နှင့် နားရွက်များ အနည်းငယ်နီမြန်းနေကာ သူမ၏ အကြည့်များ သဘာဝမကျဘဲ ရွေ့လျားသွားသည်ကို ချူကျန့် သတိမထားမိပါက သူမသည် ပေါ့ပေါ့ပါးပါး နေတတ်သူဟု အမှန်တကယ် ထင်မှတ်သွားပေလိမ့်မည်။

သူမသည် မှားယွင်း၍ ယူဆောင်မိသည်ကို ခေါင်းမာမာဖြင့် ဝန်မခံချင်ဘဲ မည်သည့်အရာမျှ မဖြစ်သကဲ့သို့ ဟန်ဆောင်ပြီး တည်ငြိမ်နေခြင်း ဖြစ်ပေ၏။

ချူကျန့် တိုးညှင်းစွာ ရယ်မောလိုက်သည်။ ဤမိန်းကလေးသည် အချို့နေရာများတွင် အတော်လေး ချစ်စဖွယ် ကောင်းလှသည်။

ချင်ရူယွင်က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး အနည်းငယ် ရှက်ရွံ့ဒေါသထွက်သွားကာ ပြောဆိုလိုက်သည်။

"ရှင် ဘာရယ်တာလဲ..."

ချူကျန့်က ချောင်းဟန့်ပြီး စကားလမ်းကြောင်း လွှဲလိုက်၏။

"ပြောရရင်... ငါတို့ ညလယ်စာ စားကြမှာ မဟုတ်လား...အသားကင်တို့ ဘီယာတို့ ရှိလား... သရေစာအနေနဲ့ ဒီလို အီစိမ့်နေတဲ့ မုန့်တွေ စားရတာ ပျင်းစရာကြီး..."

ချင်ရူယွင်က သူ အလေးအနက်ထားပြီး ဝေဖန်နေသည်ကို မြင်လိုက်သော်လည်း စားပွဲပေါ်ရှိ မုန့်ပန်းကန်များအားလုံး ပြောင်သလင်းခါနေလေပြီ။ သူ ထိုအရာများကို အကုန်အစင် စားသွားခဲ့သည်။

ဤလူ၏ အရှက်မရှိသည့် ပုံစံမျိုးကို သူမ တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့ချေ။

ချင်ရူယွင်သည် စိတ်ပျက်လက်ပျက်ဖြင့် စားပွဲပေါ်ရှိ အင်တာကွန်းကို နှိပ်ပြီး အမိန့်ပေးလိုက်သည်။

"အသားကင်နဲ့ ဘီယာနည်းနည်းလောက် ယူလာခဲ့..."

ငွေကြေးသည် အရာအားလုံးကို အမှန်တကယ် ဝယ်ယူနိုင်သည်။ ဆယ်မိနစ်ခန့် ကြာသွားချိန်၌ အသားကင်နှင့်ဘီယာများ ရောက်ရှိလာသည်။ သို့သော် ဝန်ထမ်းသည် အစားအသောက်များကို တံခါးဝအထိသာ လာပို့ပေးသည်။ ချင်ရူယွင်က ခလုတ်တစ်ခုကို နှိပ်လိုက်ရာ စက်ရုပ်ငယ်လေး တစ်ရုပ်က လင်ဗန်းဖြင့် အစားအသောက်များကို သယ်ဆောင်လာပေးသည်။

ချူကျန့်သည် သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။

"မင်းက ဘာလို့ သူတို့ကို အထဲထိ ယူမလာခိုင်းတာလဲ..."

"ကျွန်မက ရောဂါပိုးမွှားတွေကို ကြောက်တတ်လို့... ပြီးတော့ လူတွေ ကျွန်မရဲ့အခန်းထဲ ဝင်လာတာကို မကြိုက်ဘူး..."

ထိုသို့ဆိုလျှင် သူက လူမဟုတ်သလော။ ချူကျန့်က သူ၏မျက်လုံးများကို လှန်ကြည့်လိုက်သည်။

ချင်ရူယွင်သည် သူမ၏စကားတွင် ပြဿနာ ရှိနေကြောင်း သတိထားမိပြီး ရယ်မောကာ ပြောဆိုလိုက်၏။

"ရှင်ကတော့ လူပေါ့... ဒါပေမဲ့ ရှင်က ကိုယ့်အရည်အချင်းနဲ့ကိုယ် ပြတင်းပေါက်ကနေ ဝင်လာတာလေ... ကျွန်မက တားလို့မှ မရတာ..."

ဤသည်မှာ သူသည် ဤနေရာသို့ အလွန်လာချင်သဖြင့် အသက်စွန့်၍ ဝင်ရောက်လာရသည့်အလားပင်။ တစ်နာရီ လုပ်အားခသာ မများပြားပါက မည်သူက လာချင်မည်နည်း။

ချူကျန့်က အသားကင်တစ်ချောင်းကို စိတ်ဆိုးမာန်ဆိုးဖြင့် ကိုက်လိုက်ပြီး ဆက်လက်၍ အပြစ်ရှာလိုက်သည်။

"အရသာက သိပ်မစစ်ဘူး..."

ချင်ရူယွင်က သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။

"ဒါက ရှင် အရင်က စားဖူးတဲ့ အသားကင်မျိုး မဟုတ်လို့လား..."

ချူကျန့်က သူ၏လက်ညှိုးကို လှုပ်ယမ်းလိုက်သည်။

"မင်းလို သူဌေးတစ်ယောက်က နားလည်နိုင်မှာ မဟုတ်ဘူး...အသားကင်ရဲ့ အရသာရှိမှုက သာမန်ပါဝင်ပစ္စည်းတွေနဲ့ ဆော့စ်များများသုံးတာမှာရှိတာ... မင်းရဲ့ စားဖိုမှူးက အဆင့်မြင့် အသားတွေကိုပဲ သုံးထားပြီးတော့ ဆော့စ်က အရမ်းပေါ့လွန်းတယ်... လမ်းဘေးက အသားကင်ဆိုင်လောက်တောင် အရသာ မကောင်းဘူး..."

ချင်ရူယွင်က စိတ်ဝင်တစားဖြင့် ပြောဆိုလိုက်၏။

"ဒါဆိုရင် ကျွန်မတို့ လမ်းဘေးဆိုင်ကို သွားကြမလား..."

"မသွားပါဘူး... ငါက မင်းနဲ့အတူတူ စားနေတာကို ဘယ်သူ့ကိုမှ မမြင်စေချင်ဘူး... သာမန် ပါဝင်ပစ္စည်းတချို့နဲ့ ဒီဟင်းခတ်အမွှေးအကြိုင်တွေကို လာပို့ခိုင်းလိုက်... ပြီးရင် အသားကင်ဖို့ ပစ္စည်းတွေပါ အဆင်သင့် လုပ်ခိုင်းလိုက်ရင် ပိုကောင်းမယ်... ငါ ကိုယ်တိုင် လုပ်စားမယ်..."

ချူကျန့်သည် ဟင်းခတ်အမွှေးအကြိုင်တချို့ကို ချရေးပေးလိုက်ရာ ချင်ရူယွင်က အမိန့်ပေးရန် ခေါင်းလောင်းတီးလိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

"ရှင်က အသားကင်တတ်လို့လား..."

"ဂုဏ်ယူပါတယ်... မင်းက ငါ့ရဲ့လက်ရာကို မြည်းစမ်းခွင့်ရတဲ့ ပထမဆုံးလူပဲ..."

"ကျွန်မ မမှားဘူးဆိုရင်... ရှင်က ပိုက်ဆံပိုရအောင် အချိန်ဆွဲဖို့ ကြိုးစားနေတာ မဟုတ်လား..."

ချူကျန့် ဒေါသထွက်သွားပြီး စားပွဲခုံကို လက်ဖြင့် ရိုက်ကာ အော်ဟစ်လိုက်သည်။

"ငါ့က အဲ့ဒီလောက်တောင် အရှက်မရှိတဲ့ကောင်လို့ ထင်နေတာလား..."

ချင်ရူယွင်က တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်..."

ချူကျန့်က နှာမှုတ်လိုက်၏။

"ဟမ့်...မင်းက ငါ့အကြောင်း သိသွားပြီဆိုတော့လည်း ဖုံးကွယ်ထားစရာ အကြောင်းမရှိတော့ဘူး... ငါ မေးခွန်းတစ်ခုပဲ မေးမယ်... မင်း ခဏနေကျရင် စားမှာလား..."

ချင်ရူယွင်က ပြတ်သားစွာ တုံ့ပြန်အဖြေပေးသည်။

"စားမယ်..."

"ဒါဆိုရင် ငါ့ကို ချက်ပြုတ်ခ နည်းနည်းလောက် ပေးလို့ရမလား..."

"မရဘူး... ဒါပေမဲ့ ကျွန်မ ရှင့်ကို ကူညီပေးလို့ရတယ်..."

ချင်ရူယွင်သည် ပျော်ရွှင်စွာဖြင့် သူမ၏အင်္ကျီလက်ကို ပင့်တင်လိုက်ရာ သူမ၏ ဖြူဝင်းပြီး လှပသော လက်မောင်းလေး ပေါ်လွင်လာပေ၏။

ချူကျန့် သူမကို တစ်ချက်ကြည့်လိုက်သည်။

"မင်းကလား... ဒါဆိုရင် လုပ်ငန်းခွင် နှောင့်နှေးကြန့်ကြာမှုအတွက် ငါက ထပ်ပြီး ငွေကောက်ခံရလိမ့်မယ်..."

"ရှင်က ဘာကို ဆိုလိုချင်တာလဲ သခင်လေးချူ..."

"မင်း ကြားတဲ့အတိုင်းပဲ..."

သူတို့နှစ်ယောက်သား အပြန်အလှန် နောက်ပြောင်နေကြသော်လည်း သူတို့၏ စိတ်အခြေအနေမှာ မမျှော်လင့်ဘဲ လွတ်လပ်ပေါ့ပါးနေသည်။

ချင်ရူယွင်သည် သူ့အား ထူးဆန်းသော ရင်းနှီးကျွမ်းဝင်မှုကို ပေးစွမ်းနိုင်သည်ဟု ချူကျန့်က ဝိုးတဝါး ခံစားလိုက်ရသည်။ သို့သော် ဤသည်မှာ သူတို့၏ တတိယအကြိမ်မြောက် တွေ့ဆုံမှုသာ ဖြစ်ရာ ထိုရင်းနှီးမှုက မည်သည့်နေရာမှ ရောက်ရှိလာသနည်း။

သူသည် ခေါင်းခါယမ်းလိုက်ပြီး ထိုထင်ယောင်ထင်မှားဖြစ်မှုကို မောင်းထုတ်လိုက်၏။

မကြာမီ အစားအသောက်များအားလုံး ရောက်ရှိလာပြီး ချူကျန့်က မီးဖိုချောင်ထဲသို့ ဝင်ကာ အလုပ်ရှုပ်နေတော့သည်။ ချင်ရူယွင်ကမူ ချူကျန့် မျှော်လင့်ထားသည့်အတိုင်း အရာရာကို ရှုပ်ထွေးအောင် ပြုလုပ်နေသဖြင့် သူတို့ အသားကင် စားရရန် တစ်နာရီခန့် ကြာမြင့်သွားသည်။

အချိန်နာရီမှာ မနက် ၃ နာရီ ထိုးနေလေပြီ။

"ဒီည အလုပ် ကြိုးစားခဲ့ရသမျှအတွက် ဂုဏ်ပြုလိုက်ကြရအောင်..."

ချူကျန့်က ဘီယာပုလင်းကို ဖွင့်လိုက်ရာ ချင်ရူယွင်ကလည်း နောက်တစ်ပုလင်းကို ဖွင့်လိုက်သည်။ သူတို့သည် ပုလင်းချင်းတိုက်ကာ ပုလင်းတစ်ဝက်ခန့်ကို အတူတူ မော့သောက်လိုက်ကြပြီးနောက် အားပါးတရ စတင်၍ စားသောက်ကြတော့သည်။

ချင်ရူယွင်သည် စားသောက်နေစဉ် အလွန် ယဉ်ကျေးသိမ်မွေ့သော်လည်း သူမ၏စားနှုန်းမှာ ချူကျန့်နီးပါး မြန်ဆန်လှသည်။

သူတို့သည် စကားနိုင်လုလိုက် အစားအသောက်များကို မြိန်ရည်ရှက်ရည် စားလိုက်ဖြင့် သန်းခေါင်ယံ သရေစာစားပွဲကို လျင်မြန်စွာ အဆုံးသတ်လိုက်ကြ၏။

"မင်း ဒီလောက်ထိ အများကြီးစားထားတာ....ဝမှာ မကြောက်ဘူးလား..."

ချူကျန့်က ချင်ရူယွင်ကိုကြည့်ပြီး မေးမြန်းသည်။

ချင်ရူယွင်က ပြန်မဖြေဘဲ ဘီယာကိုသာ တစ်ကျိုက်တည်း မော့ချလိုက်၏။ သူမ၏မျက်နှာသည် အယ်လ်ကိုဟောကြောင့် နီမြန်းနေပြီး မျက်ဝန်းများ ရီဝေနေကာ တီးတိုးရေရွတ်လိုက်သည်။

"ဒီကမ္ဘာကြီးထဲမှာ ကျွန်မ တကယ်ကြီး အသက်ရှင်နေတယ်လို့ ခံစားရတာ ဒါ ပထမဆုံးအကြိမ်ပဲ..."

ချူကျန့်၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူမ၏အထီးကျန်ဆန်သော မျက်နှာသွင်ပြင်ကို ငေးမောကြည့်ကာ အစမ်းသဘောဖြင့် မေးမြန်းလိုက်သည်။

"မင်းက ဒီကမ္ဘာက မဟုတ်ဘူးလား..."

"ရှင် ဘာတွေ လာပြီး ပေါက်ကရ ပြောနေတာလဲ..."

အနည်းငယ်မူးနေပြီဖြစ်သော ချင်ရူယွင်သည် လက်ကာပြလိုက်၏။

"တကယ်လို့ ကျွန်မက ဒီကမ္ဘာကလူ မဟုတ်ဘူးဆိုရင် ဂိမ်းထဲက လူလား...ဒါပေမဲ့... မဟာသိုင်းလောကကြီးထဲက NPC တစ်ယောက် ဖြစ်ရတာကို ကျွန်မ ပိုလိုလားတဲ့ အချိန်တွေ အများကြီး ရှိခဲ့တယ်... အနည်းဆုံးတော့ လွတ်လပ်မှု ရှိတာပေါ့..."

သူမသည် တီးတိုးရေရွတ်ရင်း ဖြည်းဖြည်းချင်း ယိမ်းယိုင်လာကာ ကော်ဇောပေါ်သို့ လဲကျသွားပြီး အိပ်ပျော်လုနီးပါး ဖြစ်သွားသည်။

"ဟေး... မင်း မူးနေတဲ့အချိန်ကိုရော လုပ်အားခ တွက်လို့ ရလား..."

အဖြေပြန်မရတော့ဘဲ ချင်ရူယွင်သည် နှစ်ခြိုက်စွာ အိပ်ပျော်သွားလေ၏။ အိပ်ပျော်နေသည့်တိုင် သူမ၏မျက်ခုံးများသည် ကြီးမားသော ဖိအားတစ်ခုအောက် ရောက်နေသကဲ့သို့ တွန့်ချိုးနေဆဲပင်။

တင်းကျပ်စွာ စောင့်ကြပ်ထားသော်လည်း ဗလာဟင်းလင်း ဖြစ်နေသော ဤဇိမ်ခံစံအိမ်ကြီးကို ကြည့်လိုက်ချိန်၌ ငှက်လှောင်အိမ်ကြီးတစ်ခုနှင့် တူညီနေတော့သည်။

ချူကျန့်က ခေါင်းခါယမ်းလိုက်မိသည်။ ဤမိန်းကလေးသည် ချမ်းသာသော အမွေဆက်ခံသူ ဖြစ်နေသည့်တိုင် သူမ၏ဘဝသည် လွယ်ကူပုံ မရပေ။

ချူကျန့်က သူမကို ပွေ့ချီလိုက်ပြီး အခန်းတစ်ခုထဲရှိ ကုတင်ပေါ်သို့ တင်ပေးကာ စောင်ခြုံပေးလိုက်သည်။ ထို့နောက် စားပွဲပေါ်နှင့် မီးဖိုချောင်ထဲရှိ အသားကင်ပစ္စည်းများကို ပြီးစလွယ် ရှင်းလင်းလိုက်၏။

သူ ရှိနေခဲ့သည့် ခြေရာလက်ရာအားလုံးကို ဖျောက်ဖျက်ပြီးမှသာ ချူကျန့်က စိတ်အေးလက်အေး ဖြစ်သွားပြီး ဆိုဖာပေါ်တွင် သက်တောင့်သက်သာ အိပ်စက်လိုက်တော့သည်။

အိပ်မပျော်မီတွင် သူ ဤနေရာ၌ ကုန်ဆုံးခဲ့သည့် အချိန်အားလုံးအတွက် လုပ်အားခရရှိရန် မနက်ဖြန်တွင် ချင်ရူယွင်နှင့် ညှိနှိုင်းရအုံးမည်ဟု ရေရွတ်နေမိသေးသည်။

ထိုနည်းဖြင့် သူသည် တစ်ညတည်းနှင့် အနည်းဆုံး ယွမ်သိန်းနှင့်ချီပြီး ရရှိနိုင်မည် မဟုတ်လော။

All Chapters