← Chapters

ပုံမှန်မဟုတ်သော အော့ဖ်လိုင်း ဖြစ်သွားခြင်း

Vol. 7 Ch. 76

ပုံမှန်မဟုတ်သော အော့ဖ်လိုင်း ဖြစ်သွားခြင်း

Vol. 7 Ch. 76

ချင်ရူယွင် နိုးလာချိန်၌ အပြင်ဘက်တွင် လင်းထိန်နေလေပြီ။

သူမက အကြောဆန့်လိုက်ရာ ပေါ့ပါးလန်းဆန်းနေသည်ကို ခံစားမိသည်။ သူမ ကောင်းမွန်စွာ အိပ်မပျော်ခဲ့သည်မှာ အချိန် မည်မျှထိ ကြာမြင့်ခဲ့ပြီကိုပင် မေ့လျော့နေခဲ့သည်။ သို့သော် ဧည့်ခန်းတစ်ခုထဲတွင် အိပ်ပျော်နေခဲ့မိသည်ကို သတိထားမိချိန်၌ သူမ ချက်ချင်းဆိုသဖြင့် အိပ်ချင်ပြေသွားတော့သည်။

ဓာတ်လှေကားနှင့် အပြင်ဘက် စင်္ကြန်လမ်းမှလွဲ၍ ၂၉ ထပ်တစ်ထပ်လုံးသည် သူမ၏နေအိမ်ဖြစ်ပြီး အခန်းပေါင်း ဆယ်ခန်းကျော် ပါဝင်သည်။ ဤသည်မှာ ထိုအခန်းများအနက်မှ တစ်ခန်းပင်။ စက်ရုပ်သန့်ရှင်းရေး ဝန်ဆောင်မှုဖြင့် အခန်းကို သပ်ရပ်အောင် ထားလေ့ရှိသော်လည်း သူမ မည်သည့်အချိန်က မည်သည့်အကြောင်းကြောင့် ဤနေရာတွင် လာအိပ်နေမိသည်ကို မမှတ်မိတော့ချေ။

သူမ မူးပြီးအိပ်မပျော်စဥ် ဖြစ်ပျက်ခဲ့သည်များကို အလျင်အမြန် ပြန်စဉ်းစားလိုက်ပြီး အင်္ကျီအဝတ်အစားများကို မသိစိတ်မှနေ၍ စစ်ဆေးလိုက်မိသည်။ သူမ၏အဝတ်အစားများသည် အနည်းငယ် ဖရိုဖရဲဖြစ်နေသော်လည်း အိပ်စက်ထားခြင်းကြောင့်သာ ဖြစ်ပြီး မည်သည့် ကျူးလွန်စော်ကားခံရမှုမျိုးမှ မရှိကြောင်း တွေ့လိုက်ရပေ၏။

ချင်ရူယွင်က တိတ်တဆိတ် သက်ပြင်းချလိုက်ပြီးနောက် သူမ၏မျက်နှာကို အုပ်လိုက်မိသည်။

သူမသည် ပုံမှန်အားဖြင့် အလွန်စည်းကမ်းကြီးသူ ဖြစ်ပြီး အရက်သေစာ လုံးဝမသောက်တတ်သော်လည်း ယမန်နေ့ညက မည်သည့်အကြောင်းကြောင့် ထိုလူ၏မြှောက်ပင့်မှုနောက် ပါသွားပြီး အတူတူ သောက်မိကာ မူးသွားခဲ့ရသနည်း။

အဆိုးရွားဆုံးမှာ သူမ၏ မူးရူးပြီး ရှက်စရာကောင်းသော အခြေအနေကို ထိုလူ မြင်တွေ့သွားခြင်းပင်။

အကယ်၍ အခြားလူ တစ်ယောက်သာ ဆိုပါက ချင်ရူယွင်သည် နှုတ်ပိတ်ရန်အတွက် သတ်ဖြတ်ခြင်းကို စတင်လုပ်ဆောင်နေလောက်လေပြီ။ သို့သော် ထူးဆန်းသည်မှာ သူမသည် ချူကျန့်အပေါ် မည်သည့် ရန်လိုမှု သို့မဟုတ် ရွံရှာမှုကိုမျှ မွေးမြူမရ ဖြစ်နေခြင်းပင်။

ချင်ရူယွင်က အချိန်အကြာကြီး စဉ်းစားသော်လည်း ဤလူကို သူမ မည်သည်ကြောင့် ယုံကြည်ရသည်ဟု ခံစားနေရကြောင်း နားမလည်နိုင် ဖြစ်နေမိသည်။ သူမသည် သူ့အပေါ် ဝိုးတဝါး ရင်းနှီးမှုကိုပင် ခံစားနေရသော်လည်း တချိန်တည်းမှာပင် ထူးဆန်းသော စိမ်းသက်မှု တစ်မျိုးကိုလည်း ခံစားနေရသည်။

သူမ မှတ်မိသော လူသည် ဤကဲ့သို့ မဟုတ်သော်လည်း သေချာ ပြန်စဉ်းစားကြည့်ပါက သူသည် အမြဲတစေ ဤကဲ့သို့ လူစားမျိုးသာ ဖြစ်ခဲ့သည်။

အရှက်မရှိခြင်း လောဘကြီးခြင်း မျက်နှာပြောင်တိုက်ခြင်း မည်သည့် ပြဿနာထဲမှ ဝင်မပါချင်ခြင်းတို့အပြင် တစ်ခုတည်းသော အားသာချက်မှာ ယုံကြည်နိုင်စရာ မရှိလောက်အောင် ထူးချွန်သော တိုက်ခိုက်ရေး စွမ်းရည်များကို ပိုင်ဆိုင်ထားသော လူတစ်ယောက်...

ချင်ရူယွင်က ခေါင်းခါလိုက်ပြီး စိတ်မသက်မသာဖြစ်မှုများကို ဖယ်ရှားလိုက်၏။ သူမသည် အိပ်ရာထကာ အဝတ်အစားနှင့်ဆံပင်များကို သပ်ရပ်အောင် ပြုလုပ်ပြီးနောက် တံခါးကို အနည်းငယ်ဖွင့်လိုက်ရာ ဧည့်ခန်းရှိ ဆိုဖာပေါ်မှ ညင်သာသော အသက်ရှူသံများကို ချက်ချင်း ကြားလိုက်ရသည်။ ချင်ရူယွင်သည် အချိန်တခဏကြာခန့် အံ့အားသင့်သွားသော်လည်း လျှင်မြန်စွာဖြင့် သူမ စိတ်လျှော့လိုက်သည်။

အကြောင်းအရင်းမှာ ထိုလူသည် ချူကျန့် ဖြစ်ကြောင်း သူမ သိလိုက်သောကြောင့်ပင်။

သူသည် မပြန်သေးဘဲ ဆိုဖာပေါ်တွင် အိပ်မောကျနေပေ၏။

ဟွန့်...

သူသာ ဧည့်ခန်းမနှင့် မီးဖိုချောင်ကို သန့်ရှင်းရေး သေချာ မလုပ်ထားပါက သူ့ကို ၂၉ ထပ် ပြတင်းပေါက်ကနေ အောက်သို့ပစ်ချမိမည်မှာ သေချာပေါက်ပင်။ ဒုတိယသခင်မလေးချင်၏ အိမ်တွင် သူသည် ညအိပ်ရဲပေ၏။

ဤသည်မှာ အသက် ၁၂ နှစ်အရွယ် တစ်ကိုယ်တည်း စတင်နေထိုင်ခဲ့ချိန်မှစ၍ သူမထံတွင် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော ကိစ္စတစ်ရပ်ပင်။

ချင်ရူယွင်သည် သူမ၏အခန်းသို့ အလျင်အမြန် ပြေးသွားပြီး ဘီယာနံ့ပျောက်သွားစေရန် ရေအမြန်ချိုးလိုက်သည်။ သူမ ပုံမှန်ဝတ်နေကျ ဂါဝန်ကို ထုတ်လိုက်သော်လည်း တစ်ချက်ကြည့်ပြီးနောက် သူမ အကြိုက်ဆုံးဝတ်စုံကို ပြောင်းလဲ ဝတ်ဆင်လိုက်သည်။

သူမ အခန်းထဲမှ ထွက်လာချိန်တွင် ချူကျန့်သည် မနေ့ညက ကျန်နေသော ပါဝင်ပစ္စည်းများဖြင့် မီးဖိုချောင်ထဲတွင် မနက်စာ ချက်ပြုတ်နေလေပြီ။

ချင်ရူယွင် မီးဖိုချောင်ထဲသို့ ချောင်းကြည့်နေသည်ကို မြင်တွေ့ချိန်၌ ချူကျန့်က မွှေးပျံ့နေသော လတ်လတ်ဆတ်ဆတ် မနက်စာကို မြှောက်ပြပြီး အပြုံးနှင့် ပြောဆိုလိုက်သည်။

"နိုးပြီလား... မနက်စာ စားမလား..."

"စားမယ်..."

ဤလူ ပြုံးလိုက်လျှင် တော်တော်လေး ကြည့်ကောင်းသည်ဟု ချင်ရူယွင်က တွေးတောလိုက်သည်။ သူသည် ပုံမှန်အားဖြင့် ကိုယ့်ကိုယ်ကိုယ် သာမန်ကာလျှံကာဖြစ်အောင် နေလေ့ရှိသော်လည်း သေချာကြည့်ပါက သူသည် အလွန်ချောမောသူဖြစ်ပြီး နာမည်ကြီး မင်းသားအများစုထက်ပင် ပို၍ချောမောကြောင်း တွေ့နိုင်ပေ၏။

သူ၏ ယခင်ကုမ္ပဏီက သူ့အား သိုင်းကားများတွင် ထိပ်တန်းသရုပ်ဆောင် ဖြစ်လာစေရန် မြေတောင်မြှောက်ပေးချင်နေခြင်းမှာ အံ့အားသင့်စရာ မဟုတ်ချေ။

ချင်ရူယွင် အတွေးလွန်နေစဉ် ချူကျန့်သည် ရုတ်တရက် မနက်စာကို သူ၏နောက်သို့ ပို့လိုက်ပြီး ငွေတောင်းရန်အတွက် လက်ဖြန့်လိုက်ကာ တည်ငြိမ်စွာ ပြောဆိုသည်။

"မင်း စားလို့ရတယ်... ဒါပေမဲ့ မနေ့ညက ဘေလ်ကို အရင်ရှင်းရမယ်... မနေ့ည ၁ နာရီခွဲကနေ အခု မနက် ၈ နာရီခွဲအထိ ၇ နာရီကြာတယ်... တစ်နာရီကို ၆ သောင်းနဲ့ စုစုပေါင်း ၄ သိန်း ၂ သောင်း ကျတယ်... ဒါက ငါ မင်းနဲ့ရင်းနှီးနေလို့ ချက်ပြုတ်ခနဲ့ အလုပ်ချိန်လျော်ကြေးကို လျှော်ပေးထားတာနော်... ဘေလ်ကို အရင်ရှင်းပေးပါ... ငါ့ရဲ့ဘဏ်ကတ်ထဲကို တိုက်ရိုက်လွှဲပေးလို့လည်း ရတယ်..."

သူ၏အပြုံးက ဆွဲဆောင်မှု ရှိသည်ဟု ထင်မှတ်ခဲ့မိခြင်းမှာ သူမ ရူးသွပ်နေ၍သာ ဖြစ်မည်ဟု ချင်ရူယွင်က ရုတ်တရက် ခံစားမိသည်။

သူမက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်၏။

"ကောင်းပြီလေ... ဒါပေမဲ့ ဒီနေရာမှာ ညအိပ်ခက ၅ သိန်း... ရှင် ကျွန်မကို ၈ သောင်း ပြန်လွှဲပေးရအုံးမယ်..."

"..."

ချူကျန့်၏ အပြုံးသည် တောင့်တင်းအေးခဲသွားပြီး နာကျင်ကြေကွဲသော အမူအယာဖြင့် ပြောဆိုလိုက်သည်။

"ကမ္ဘာကြီးက ပျက်စီးနေပြီပဲ... ငါက မင်းကို ဒီလောက်ထိ ယုံကြည်ခဲ့တာ... မင်းက ဒီလိုလူစားမျိုး ဖြစ်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ ထင်မထားခဲ့မိဘူး... ငါတို့က ဒီလောက်ထိ ရင်းနှီးနေတာကို မင်းက ညအိပ်ခ တောင်းရက်တယ်ပေါ့... အဲ့ဒီလောက် ဈေးကြီးတာကို တောင်းရက်တာ မင်း လိပ်ပြာမလုံမဖြစ်ဘူးလား..."

ချင်ရူယွင်က အလွန်လှပစွာ ပြုံးလိုက်သည်။

"တကယ်လို့ တစ်ယောက်ယောက်က မနက်စာ ကျွေးမယ်ဆိုရင်တော့ ညအိပ်ခကို တစ်ဝက် လျှော့ပေးဖို့ ကျွန်မ စဉ်းစားပေးလို့ ရပါတယ်..."

သူ့ကို ခြိမ်းခြောက်ရန် ကြိုးစားနေသလော။ ချူကျန့် ဒေါသထွက်သွားသည်။ သူသည် မနက်စာကို ဆွဲယူကာ မီးဖိုချောင်ထဲမှ ဒရောသောပါး ထွက်လာပြီး စားပွဲပေါ်သို့ တင်လိုက်သည်။ ထို့နောက် သူသည် အတင်းအကြပ်အားယူ၍ ပြုံးလိုက်ပြီး အံ့ကြိတ်ကာ ပြောဆိုလိုက်၏။

"မိန်းကလေးချင်... ဒါက မင်းအတွက် အထူး ပြင်ဆင်ထားတာပါ... သုံးဆောင်လိုက်ပါအုံး..."

'၄ သိန်း ၂ သောင်းထဲက ၂ သိန်းခွဲ နုတ်လိုက်ရင် ၁ သိန်း ၇ သောင်း ကျန်သေးတယ်... ဂိမ်းကစားရင် ၃ လစာလောက်ရှိတယ်'

သူ တွက်ချက်လိုက်သည်။

ဂုဏ်သိက္ခာပိုင်းအရ သူ သည်းမခံနိုင်သော်လည်း ငွေကြေးပိုင်းအရမူ သည်းခံနိုင်သည်။

သန်း ၁၀၀ ပြည့်ရေး ရည်မှန်းချက်ကို အမြန်ဆုံး အောင်မြင်ရန်အတွက် ချူကျန့်သည် လောလောဆယ်တွင်း သည်းခံလိုက်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ဤမိန်းကလေးအပေါ် ယုံကြည်ရမှုက အနိမ့်ဆုံးသို့ ကျဆင်းသွားပြီဖြစ်ရာ သူ နောက်တစ်ကြိမ် ဘယ်တော့မှ အလိမ်ခံတော့မည် မဟုတ်ချေ။

ချင်ရူယွင်က တီးတိုးရယ်မောလိုက်ပြီး ဖုန်းကို ကောက်ယူကာ အနည်းငယ်ပွတ်ဆွဲလိုက်ပြီးနောက် စားပွဲတွင်ထိုင်ကာ မနက်စာကို တင့်တယ်လှပစွာ စားသောက်လိုက်၏။

ချူကျန့်၏ဖုန်း တုန်ခါသွားသည်။ သူ ကြည့်လိုက်ချိန်တွင် သူ၏ဘဏ်အကောင့်ထဲသို့ ယွမ်၄ သိန်း ၂ သောင်း ဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။

ဤမိန်းကလေးသည် နှုတ်မှသာ ငြင်းဆန်နေသော်လည်း လက်တွေ့တွင်မူ မလုပ်ရက်ချေ။ သူမထံ၌ စိတ်စေတနာကောင်း ရှိနေသေးသည်ကို သူ ထည့်သွင်းစဉ်းစားပြီး အကယ်၍ အန္တရာယ်နည်းပြီး အကျိုးအမြတ်များမည့် အလားတူကိစ္စမျိုး လုပ်ခိုင်းလာပါက သူ ပြန်စဉ်းစားပေးရပေမည်။

မနက်စာ စားပြီးချိန်၌ ချင်ရူယွင်က မေးမြန်းသည်။

"အောက်ထပ်က ကုမ္ပဏီကို လိုက်လည်အုံးမလား... 'ဟုန်ဖန်းမိန်းမလှလေးများအသင်း' က အလှလေးတွေနဲ့ မိတ်ဆက်ပေးမယ်လေ..."

"မလိုက်တော့ဘူး... ငါ ပြန်သင့်ပြီ..."

ချူကျန့်က ချက်ချင်းငြင်းဆန်လိုက်သည်။ ချင်ရူယွင်နှင့် တွဲမြင်ရခြင်းက သူ့အား အဆုံးမရှိသော ပြဿနာများသာ ပေးပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ပိုက်ဆံရပြီးပြီဖြစ်ရာ ဤပြဿနာကောင်နှင့် ဝေးဝေးနေခြင်းက အကောင်းဆုံးပင်။

ထို့ပြင် ချင်ရူယွင်၏ "အလှလေးတွေ" ဟူသော စကားလုံးတွင် ခြိမ်းခြောက်သံ ပါနေသည်ဟု ခံစားလိုက်ရသဖြင့် သူ မစွန့်စားလိုတော့ချေ။

ချင်ရူယွင်က ဆက်လက်၍ မေးမြန်းလိုက်သည်။

"ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်မ ပြောတဲ့ တာဝန်ကရော... ရှင် ပြန်စဉ်းစားပေးနိုင်မလား... ဒါက ကျွန်မပဲ လုပ်နိုင်တဲ့ ထူးခြားတဲ့ တာဝန်တစ်ခုပါ... ခက်ခဲပေမယ့် ဆုလာဘ်က အရမ်းများတယ်... ရှင်သာ ကူညီပေးမယ်ဆိုရင် ဆုလာဘ်တစ်ဝက် ရှင့်ကို ခွဲပေးမယ်... ရှင် အရင်ရွေးချယ်လို့ရတယ်..."

"မင်း မလုပ်နိုင်ဘူးဆိုရင် ငါ့ကို ထည့်တွက်လို့လည်း ဘာမှထူးမှာ မဟုတ်ဘူး..."

ချူကျန့်သည် သူ၏ သိုသိုသိပ်သိပ်နေထိုင်ရေး မူဝါဒ ၃ ရပ်ကို လိုက်နာကာ ပြတ်သားစွာ ငြင်းပယ်လိုက်သည်။

"နှမြောစရာပဲ... ဒီတာဝန်မှာ နတ်ဘုရားအဆင့် ဆေးလုံး ဖြစ်တဲ့ 'ရိုးတွင်းခြင်ဆီသန့်စင်ခြင်း ဆေးလုံး' ပါတယ်... အဲ့ဒါက ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ ဉာဏ်ရည်ဉာဏ်သွေးကို မြှင့်တင်ပေးနိုင်တာ... ဒါက ရှားပါးရတနာပဲ... လေလံတင်လိုက်ရင် သန်းချီ ရနိုင်တယ်..."

ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ဉာဏ်ရည်ဉာဏ်သွေးကို မြှင့်တင်ပေးနိုင်သည်ဟု ဆိုသလော....

ပြတင်းပေါက်နားသို့ ရောက်နေပြီဖြစ်သော ချူကျန့်သည် ရုတ်တရက် နောက်သို့ပြန်လှည့်လာပြီး ရယ်မောကာ ပြောဆိုလိုက်သည်။

"ဒီလောက် ထူးခြားတဲ့ တာဝန်ကို လက်လွှတ်လိုက်ရမှာ နှမြောစရာ ကောင်းတယ်လို့ ငါ ထင်တယ်... ငါတို့က ဒီလောက်ထိ ရင်းနှီးနေတာပဲ... မင်းကလည်း တောင်းဆိုလာပြီဆိုတော့ ငါက ဘယ်လိုလုပ်ပြီးတော့ ငြင်းရက်မှာလဲ... လာပါ... တာဝန်အကြောင်း ဆွေးနွေးကြတာပေါ့..."

...

ယနေ့၌ ချူကျန့် ကံကောင်းနေသည်။ မနက်ပိုင်းတွင် မိုးရွာထားသဖြင့် ညဘက်ကဲ့သို့ အကာအကွယ် ရရှိနေပြီး နေ့အချိန်တွင်ပင် စောင့်ကြည့်ကင်မရာများနှင့် ကာကွယ်ရေးစနစ် အားလုံးကို လွယ်လင့်တကူ ရှောင်တိမ်းနိုင်ခဲ့သည်။ ချင်ရူယွင်ရှိသော ၂၉ ထပ်မှ သူသည် မည်သူမျှ သတိမထားမိဘဲ ထွက်ခွာလာနိုင်ခဲ့ပြီး တည်းခိုခန်းသို့ ပြန်ရောက်လာခဲ့၏။

ရေမိုးချိုးကာ အဝတ်အစားများကို လဲပြီးနောက် ချူကျန့်က ကုတင်ပေါ်တွင် ပြန်လည်၍ လဲလျောင်းလိုက်သည်။ အချိန်ကို စစ်ဆေးကြည့်လိုက်ရာ ဂိမ်းထဲတွင် ရှစ်ရက်နီးပါး ကုန်ဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ အခြေအနေ တည်ငြိမ်သွားလောက်ပြီဟု တွက်ဆပြီး သူသည် ဂိမ်းဦးထုပ်ကို ပြန်ဆောင်းကာ မဟာသိုင်းလောကခေတ်ထဲသို့ ဝင်ရောက်လိုက်သည်။

သူ မျက်လုံးဖွင့်လိုက်သည်နှင့် အနည်းငယ် စုတ်ပြတ်နေသော မြင်းလှည်းတစ်စီး၏အမိုးကို တွေ့လိုက်ရ၏။ မြင်းလှည်းသည် အစွမ်းကုန် မောင်းနှင်နေပုံရသော်လည်း တုန်ခါမှုကို ထိန်းချုပ်ခြင်းက ညံ့ဖျင်းသဖြင့် သူ၏ခန္ဓာကိုယ် ပြင်းထန်စွာ လှုပ်ခါနေပြီး မသက်မသာ ခံစားနေရသည်။ သို့သော် သူ၏ခေါင်းအောက်တွင် ပျော့ပျောင်းသော အရာတစ်ခု ရှိနေသဖြင့် ခေါင်းကိုမူ သက်တောင့်သက်သာ ရှိစေသည်။

သူ ခေါင်းအနည်းငယ် မော့ကြည့်လိုက်ရာ ချန်လင်းစု၏မျက်နှာကို မြင်တွေ့မိပေ၏။

ချန်လင်းစု၏မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး မျက်လုံးစုံမှိတ်ထားကာ မြင်းလှည်းနံရံကို မှီ၍ အိပ်မောကျနေသည်။ သူမ၏ခန္ဓာကိုယ်ပေါ်တွင် သွေးနံ့သဲ့သဲ့ ကျန်ရှိနေဆဲပင်။

ချူကျန့် မှင်သက်သွားသည်။ ဤမျှ လှုပ်ခါနေသော မြင်းလှည်းပေါ်တွင် အိပ်ပျော်နိုင်ရန်အတွက် ချန်လင်းစုသည် မည်မျှထိ ပင်ပန်းနွမ်းနယ်နေမည်နည်း။

သူ ပို၍သက်သာစေရန်အတွက် ချန်လင်းစုသည် သူမ၏ပေါင်ကို ခေါင်းအုံးအဖြစ် အသုံးပြုခွင့် ပေးထားသည်ကိုလည်း သူ သတိပြုလိုက်မိသည်။

အိပ်ပျော်နေစဉ်မှာပင် ချန်လင်းစုသည် မြင်းလှည်းနံရံနှင့် ရိုက်မိမည်ကို စိုးရိမ်သဖြင့် သူ၏ခေါင်းကို ဂရုတစိုက် ကာကွယ်ပေးထားပေ၏။

ချူကျန့် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ အစောပိုင်းက သူသည် ပုံမှန်မဟုတ်သော နည်းလမ်းဖြင့် အော့ဖ်လိုင်း ဖြစ်သွားခဲ့သဖြင့် ဂိမ်းထဲရှိ သူ၏ခန္ဓာကိုယ်သည် သတိလစ်မေ့မြောနေသော အခြေအနေတွင် ရှိနေသည်။ဆိုလိုသည်မှာ သူသည် အသိစိတ်လွတ်သွားသော အခြေအနေတွင်ရှိနေပြီး NPC များနှင့် ကစားသမားအားလုံးမှ တိုက်ခိုက်နိုင်သည့် အနေအထားတွင် ရှိနေခဲ့ခြင်းပင်။

All Chapters