ထွက်ပြေးခြင်း
Vol. 7 Ch. 77
ပုံမှန်မဟုတ်သော log outဖြစ်ခြင်းဆိုသည်မှာ ကစားသမားက သူ၏သဘောဆန္ဒအလျောက် ထွက်ခွာခြင်း မဟုတ်ဘဲ မေ့မြောသွားခြင်း ပြင်းထန်စွာ ဒဏ်ရာရရှိခြင်း သို့မဟုတ် ပြင်ပအကြောင်းအရာများ၏ သက်ရောက်မှုကြောင့် လက်တွေ့ကမ္ဘာသို့ အလိုအလျောက် ပြန်ရောက်သွားခြင်းမျိုးကို ဆိုလိုသည်။
ပုံမှန်မဟုတ်သော နည်းလမ်းဖြင့် ဂိမ်းမှထွက်ခွာသွားပြီးနောက်တွင် ဂိမ်းကစားသူ၏ ဇာတ်ကောင်သည် မေ့မြောနေပေမည်။ ထို့ပြင် သူသည် တခြားကစားသမားများနှင့် NPCများ၏မြင်ကွင်း၌ ဆက်လက်၍ ရှိနေပေမည်။ ထိုအချိန်တွင် သူသည် တခြားသူများ၏ တိုက်ခိုက်ခြင်းကို ခံရနိုင်ပြီး "ပြင်းထန်စွာ ဒဏ်ရာရရှိခြင်း" အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။ သို့မဟုတ် ကံကောင်းထောက်မစွာဖြင့် တစ်နာရီ (ဂိမ်းအချိန်) ကြာသည်အထိ မည်သူကမျှ ရှာမတွေ့ပါက ဂိမ်းဇာတ်ကောင်သည် တိတ်တဆိတ် ပျောက်ကွယ်သွားပေမည်။
ချူကျန့်၏ နောက်ဆုံးအကြိမ် ဂိမ်းမှထွက်ခွာမှုသည် ပြင်ပကမ္ဘာမှ အန္တရာယ်ကို အာရုံခံမိသဖြင့် အလိုအလျောက် စနစ်မှ ထွက်ခွာခဲ့ရခြင်းဖြစ်ရာ ဤသည်ကိုလည်း ပုံမှန်မဟုတ်သော ထွက်ခွာခြင်းဟု သတ်မှတ်နိုင်သည်။ ထိုအချိန်က ချန်လင်းစုသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေခဲ့သောကြောင့် သူ ပျောက်ကွယ်သွားခြင်း မရှိခဲ့ချေ။
ဆိုလိုသည်မှာ လွန်ခဲ့သော ရှစ်ရက်မှစ၍ ယခုအချိန်ထိ သူသည် ချန်လင်းစု၏ ပြုစုစောင့်ရှောက်မှုကို ခံယူနေခဲ့ရခြင်းပင်။
ထိုရှစ်ရက်အတွင်း မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို ချူကျန့် မသိရှိသော်လည်း ယခုအချိန်၌မူ သူသည် မြင်းရထားပေါ်တွင် ဘေးကင်းလုံခြုံစွာ လဲလျောင်းနေပြီး ဒဏ်ရာများမှာလည်း အတော်အသင့် သက်သာပျောက်ကင်းနေလေပြီ။ ဤသည်မှာ ချန်လင်းစု၏ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုကြောင့် ဖြစ်မည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိချေ။
သူသည် ချန်လင်းစုကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်မိသည်။ မိန်းမလှလေးဖြစ်သော ဒုတိယသခင်မလေးချင်နှင့် နေ့တစ်ဝက်ခန့် အတူရှိနေခဲ့ဖူးသူ ဖြစ်သဖြင့် ချန်လင်းစု၏ရုပ်ရည်မှာ သာမန်ကာလျှံကာသာ ဖြစ်သည်ဟု ခံစားရပြီး အလှပဂေးဟု ခေါ်ဆိုရန် ခက်ခဲလှသည်။
အထူးသဖြင့် သူမ၏ တောက်ပသော မျက်လုံးဝိုင်းလေးများကို မှိတ်ထားချိန်တွင် သူမသည် အားနွဲ့ကာ အထီးကျန်ဆန်သော သာမာန်တောသူမလေးတစ်ဦးနှင့် ကွဲပြားခြားနားခြင်းမရှိချေ။
သို့သော် ပင်ပန်းနွမ်းနယ်မှုများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိသည့် ချန်လင်းစု၏အိပ်ပျော်နေသော မျက်နှာလေးကို ကြည့်ရင်း ချူကျန့်၏ စိတ်ထဲ၌ နွေးထွေးမှုတစ်ခု ပေါက်ဖွားလာသည်။
လျှို့ဝှက်သိုင်းကမ္ဘာ၌ မိသားစုကို ဆုံးရှုံးလိုက်ရပြီးနောက် သူသည် တစ်ကိုယ်တည်း နေသားကျနေခဲ့လေပြီ။ ချစ်သူ မရှိ မိတ်ဆွေ မရှိဘဲ သူ၏ဘဝတွင် ရန်သူများ သို့မဟုတ် အကျိုးစီးပွားချင်း ဖလှယ်ကြသူများသာ ရှိခဲ့သည်။
နောက်ပိုင်းတွင် နည်းပညာမြင့်မားသော ဤကမ္ဘာသို့ မမျှော်လင့်ဘဲ ရောက်ရှိလာခဲ့ပြီးနောက် သူသည် သိုသိုသိပ်သိပ်နေထိုင်သော မူဝါဒကို ပို၍တင်းကြပ်စွာ လိုက်နာခဲ့ပြီး တခြားသူများနှင့် ဆက်ဆံခဲလှသည်။ လုပ်ဖော်ကိုင်ဖက်များကိုပင် အလုပ်ချိန်ပြင်ပတွင် မသိကျွမ်းသကဲ့သို့ သူ ဆက်ဆံလေ့ရှိသည်။
ကံကြမ္မာ၏လှောင်ပြောင်မှုတစ်ခုမှာ ဤနှစ်များတစ်လျှောက် သူ၏နှလုံးသားကို နွေးထွေးစေခဲ့သူများမှာ ဂိမ်းထဲမှ NPCသုံးဦးသာ ရှိခဲ့သည်။ ဤသည်မှာ ကောဖော့လု ကောရှန်နှင့် ယခု သူ၏ရှေ့မှောက်တွင် ရှိနေသော တတိယမြောက်လူ ချန်လင်းစုပင်။
လေတိုက်လျှင်ပင် လွင့်ပါသွားမတတ် အားနွဲ့သော မိန်းကလေးကို ဖိမိနေမည်ကို စိုးရိမ်သဖြင့် ချူကျန့်က တိတ်တဆိတ် ထထိုင်လိုက်သည်။
သို့သော် သူ လှုပ်ရှားလိုက်သည်နှင့် ချန်လင်းစုသည် ရုတ်တရက် တုန်လှုပ်သွားပြီး သူ့ကို တင်းကျပ်စွာ ဖက်တွယ်ရန် ကြိုးစားလိုက်သော်လည်း မည်သည့်အရာကိုမျှ ဖမ်းဆုပ်နိုင်ခြင်း မရှိခဲ့ချေ။ ချန်လင်းစုသည် လန့်နိုးသွားပြီး ချက်ချင်းဆိုသလိုပင် မျက်လုံးဖွင့်ကြည့်လိုက်၏။ ချူကျန့် ထထိုင်နေသည်ကို မြင်တွေ့ချိန်၌ သူမက ဝမ်းသာအားရ ရေရွတ်လိုက်သည်။
"အစ်ကိုကြီးချူ... နိုးလာပြီလား..."
သူမ၏မျက်လုံးများသည် ချက်ချင်းနီရဲသွားပြီး နှုတ်ခမ်းကိုကိုက်ထားကာ မျက်ရည်မကျစေရန် အတင်းအကြပ် ထိန်းချုပ်ထားပုံရသည်။
ထိုအချိန်မှသာ သူမ၏ပခုံးတွင် ပတ်တီးစည်းထားပြီး သွေးများ ယိုစိမ့်ထွက်နေသည်ကို ချူကျန့်က သတိပြုမိသွားသည်။ သူသည် မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်၏။
"မင်း ဒဏ်ရာရထားတာလား..."
ချန်လင်းစုက သူမ၏ဒဏ်ရာကို လက်ဖြင့်အုပ်ကာ ပြောဆိုည်။
"ဘာမှမဖြစ်ပါဘူး... ဒဏ်ရာသေးသေးလေးပါ... ရက်နည်းနည်းကြာရင် ပျောက်သွားမှာပါ..."
ချန်လင်းစု၏ ထူးချွန်ပြောင်မြောက်သော ဆေးပညာဖြင့်ပင် သွေးတိတ်အောင် မလုပ်နိုင်သည်ကို ကြည့်ခြင်းအားဖြင့် ဒဏ်ရာမှာ မသေးငယ်ကြောင်း ချူကျန့် သိလိုက်သည်။
ပတ်တီးကို ထူထဲစွာစည်းထားသော်လည်း သွေးစများကို မြင်နေရသေးသဖြင့် ဤဒဏ်ရာသည် သာမန်မဟုတ်ဘဲ သူမ၏လက်ကိုပင် အသုံးမပြုနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားစေနိုင်ကြောင်း သူ ခန့်မှန်းမိသည်။
ချူကျန့်သည် ပို၍ပင် အားနာစိတ် ဖြစ်ပေါ်လာပြီး ဤမိန်းကလေး၏ကျေးဇူးကို ဆပ်ရန်အတွက် သူမကို ကာကွယ်စောင့်ရှောက်သွားမည်ဟု တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။
သူသည် မြင်းရထားလိုက်ကာကို မတင်ကြည့်လိုက်ရာ ညအချိန်သို့ရောက်နေပြီဖြစ်သော်လည်း မြင်းရထားလုံးသည် အရှိန်လျှော့ခြင်းမရှိဘဲ ရှေ့သို့ဆက်လက်၍ ဒုန်းစိုင်းမောင်းနှင်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူတို့၏နောက်ဘက်တွင် လူအုပ်ကြီးတစ်အုပ် လိုက်ပါလာသည့်အလား မြင်းခွာသံများကို ခပ်သဲ့သဲ့ကြားနေရသည်။
"မိန်းကလေးလင်း... ငါတို့ရဲ့နောက်က လူတွေက ဘယ်သူတွေလဲ..."
ချန်လင်းစုက အဖြေပေးလိုက်သည်။
"သူတို့က မုန့်မိသားစုက လူတွေပါ...ကျွန်မကို သတ်ချင်နေကြတာ..."
ချူကျန့်သည် ထိုစကားကို လုံးဝမယုံကြည်ချေ။ အကယ်၍ မုန့်မိသားစုမှလူများသာ ဖြစ်ခဲ့လျှင် ချန်လင်းစု၏စိတ်နေသဘောထားအရ သူ့ကို ဒုက္ခမပေးလိုသဖြင့် သူမကိုယ်တိုင် ရှေ့ထွက်၍ ဖြေရှင်းပေမည်။ သူမသည် ယခုကဲ့သို့ သူ့ကိုခေါ်ဆောင်ပြီး ထွက်ပြေးနေမည် မဟုတ်ချေ။
ထိုလိုက်လံဖမ်းဆီးသူများသည် သူ့နောက်သို့ လိုက်နေခြင်းသာ ဖြစ်နိုင်ပြီး ပို၍ တိကျစွာ ပြောရလျှင် သူ ပိုင်ဆိုင်ထားသော 'နေကြာသိုင်းကျမ်း' ကို လိုချင်နေကြခြင်းပင်။ ထိုလူများအနက်မှ ကိုးဆယ်ကိုးရာခိုင်နှုန်းသည် သတင်းကြားပြီး ရောက်လာကြသော အနယ်နယ်အရပ်ရပ်မှ ကစားသမားများသာ ဖြစ်ပေလိမ့်မည်။
ရှစ်ရက်ကြာသွားသည့်တိုင် သူသည် ပစ်မှတ်အဖြစ်မှ မလွတ်မြောက်နိုင်သေးဘဲ ဖြစ်နေမည်ဟု ထင်မှတ်မထားခဲ့မိချေ။ ချူကျန့်သည် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ဖော်ပြ၍မရသော ရွံရှာမှုတစ်ခုက သူ၏စိတ်ထဲ၌ ဖြစ်ပေါ်လာသည်။ ဤသည်မှာ သိုင်းလောက၏အရုပ်ဆိုး အကျည်းတန်သော မျက်နှာစာပင်။
ကျိုးပဲ့နေသော နတ်ဘုရားလက်နက်တစ်ခု သိုင်းကျမ်းတစ်အုပ် ဆေးလုံးတစ်လုံးအတွက်နှင့် လူအများစုသည် သွေးနံ့ရသော ငါးမန်းများကဲ့သို့ ရက်ရက်စက်စက် လိုက်လံတိုက်ခိုက် တတ်ကြသည်။ သူသည် ဤကဲ့သို့ အတွေ့အကြုံမျိုးကို မကြာခဏ ကြုံတွေ့ခဲ့ဖူးသဖြင့် ငြီးငွေ့နေလေပြီ။
အမှန်အတိုင်း ပြောရလျှင် ချူကျန့်သည် 'နေကြာသိုင်းကျမ်း' ဆိုသည်ကို ဂရုမစိုက်ပေ။ ထိုအသုံးမကျသော သိုင်းပညာကို ကျင့်ကြံရန်အတွက် သူ့ကိုယ်ကို သင်းကွပ်ခံမည် မဟုတ်သော်လည်း ဈေးကောင်းကောင်းဖြင့် ရောင်းချနိုင်မည့် ဤနတ်ဘုရားအဆင့် သိုင်းကျမ်းကို သူတစ်ပါးလက်သို့ အလကားသက်သက် ထိုးအပ်လိုက်ရန်လည်း လုံးဝဆန္ဒမရှိချေ။
ချူကျန့်သည် စကားထပ်မပြောတော့ဘဲ တိတ်တဆိတ် ကိုယ်လက်ဆန့်လိုက်သည်။ သူ၏ ဒဏ်ရာများ အတော်အသင့် သက်သာလာပြီ ဖြစ်သော်လည်း လက်တွေ့ဘဝမှ စွမ်းအားကြီးမားသော ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်လျှင် ဤဂိမ်းထဲမှခန္ဓာကိုယ်သည် သနားစဖွယ်ကောင်းအောင် အားနည်းလှသည်။
ထို့နောက် သူ၏အရည်အချင်းများကို စစ်ဆေးကြည့်လိုက်သည်။ ရတနာအဆင့် 'ငွေနှင်းမှုန်လခြမ်း နတ်လျှပ်စီး ဓားသိုင်း' နှင့် ကစားသမားများစွာကို အနိုင်ယူခဲ့သော မှတ်တမ်းကြောင့် သူ၏ သိုင်းပညာ အဆင့်သတ်မှတ်ချက်သည် အမှတ် ၁၅၀ အထိ ခုန်တက်သွားသော်လည်း သူ၏ အတွင်းအား တိုးတက်လာခြင်း မရှိချေ။ ထိုကြောင့် သူ၏ အရည်အချင်းငါးမျိုးလုံးမှာ ပြောင်းလဲသွားခြင်း မရှိပေ။
သူ သိုင်းပညာကို သေချာစွာ လေ့ကျင့်ပြီး ခွန်အားကို အမြန်ဆုံးတိုးမြှင့်ရန် နည်းလမ်းရှာဖွေရမည်မှာ သေချာသလောက်နီးပါး ဖြစ်နေလေပြီ။ သူ သဘောကျသည်ဖြစ်စေ မကျသည်ဖြစ်စေ သိုင်းလောက၏ ပဋိပက္ခများကြားသို့ မသိလိုက်ဘာသာဖြင့် သူ ကျရောက်သွားခဲ့ရသည်။
သိုင်းလောကတွင် လူတစ်ယောက်သည် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ပြောင်းလဲနိုင်စွမ်း မရှိတတ်ကြပေ။
ချူကျန့်သည် သိုင်းလောက၏ ရန်ငြိုးဖွဲ့မှုများထဲတွင် ထပ်မံ၍ ပါဝင်ပတ်သက်ရမည်ကို ရွံရှာမိသော်လည်း ယခု၌မူ အခြေအနေက ကွာခြားသွားခဲ့လေပြီ။ သူ့ကိုယ်သူနှင့် ချန်လင်းစုကို ကာကွယ်ရန်တို့အပြင် ဒုတိယသခင်မလေးချင်၏အထူးတာဝန်ကို ပြီးမြောက်စေရန်အတွက် သူ အမြန်ဆုံး သန်မာလာရန် လိုအပ်သည်။
ထိုအချိန်တွင် ချန်လင်းစုသည် ရေဖြည့်ထားသော ဘူးတစ်ဘူးကို ထုတ်ယူကာ သူ့ကို လက်ကမ်းပေးရင်း တိုးညှင်းစွာ ပြောဆိုသည်။
"အစ်ကိုကြီးချူ... ရေနည်းနည်းလောက် သောက်လိုက်ပါအုံး..."
ဤသည်မှာ ယခင်က ပန်းခင်းနံဘေးတွင် သူ ထားခဲ့မိသော ရေဘူးဖြစ်ကြောင်း ချူကျန့် မှတ်မိလိုက်သည်။ ချန်လင်းစုက ထိုအရာကို သိမ်းဆည်းထားလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။
"ကျေးဇူးပါပဲ မိန်းကလေးလင်း... လွန်ခဲ့တဲ့ရက်တွေမှာ မင်း ငါ့ကို ဂရုစိုက်ပေးခဲ့တာ မဟုတ်လား... တကယ့်ကို ကျေးဇူးတင်ပါတယ်..."
ချန်လင်းစုက သူ့ကို စူးစိုက်ကြည့်ရင်း ပြောဆိုလိုက်သည်။
"အစ်ကိုကြီးချူ... ဒီလောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူး... ရှင်သာ အသက်စွန့်ပြီး ရန်သူတွေကို မျှားမခေါ်သွားခဲ့ရင် ကျွန်မ သေနေတာ ကြာနေလောက်ပြီ..."
ချူကျန့်သည် မျက်နှာပြောင်တိုက်တတ်သူ ဖြစ်သော်လည်း သူမ၏ ကြည်လင်သန့်ရှင်းသော အကြည့်များအောက်တွင် မျက်နှာပူလာသကဲ့သို့ ခံစားလိုက်ရသည်။
ယခင်က ဤမိန်းကလေးအတွက် သူ လုပ်ပေးခဲ့သော အရာအများစုသည် ရင်ထဲမှလာခြင်းမဟုတ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။ နောက်ဆုံးအကြိမ် ရန်သူ့ကို မျှားခေါ်ပြီး သူမကို ကာကွယ်ပေးခဲ့ခြင်းသည်ပင် ချန်လင်းစုထံမှ 'ဆေးဘုရင် ကျမ်းစာ'ကို သင်ယူလိုသော ရည်ရွယ်ချက်ကြောင့်သာဖြစ်သည်။
သူ စဉ်းစားကြည့်လေလေ ဤမိန်းကလေးအပေါ် အပြစ်ရှိသကဲ့သို့ ခံစားရလေလေပင်။ ထိုအချိန်မှာပင် ရထားမောင်းသူသည် ရုတ်တရက် အော်ဟစ်လိုက်ပြီး မြင်းရထားကို အတင်းအကြပ် အရှိန်လျှော့လိုက်သည်။ ရှေ့မှ လိုက်ကာပွင့်သွားပြီး ကျုံးကျောက်ဝမ်၏ အရုပ်ဆိုးသော မျက်နှာကြီး ထွက်ပေါ်လာကာ စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။
"မိန်းကလေးလင်း... ရှေ့ကလမ်းမှာ မီးတုတ်တွေ မြင်နေရတယ်... ရန်သူတွေ ကင်းပုန်းဝပ်နေမှာကို စိုးရိမ်ရတယ်... အစ်ကိုကြီးဟူက ဘယ်လိုလုပ်ရမလဲလို့ မေးခိုင်းလိုက်လို့... အော်... သခင်လေးချူ... နိုးလာပြီလား..."
သူ၏အသံသည် အံ့အားသင့်ရာမှ ဝမ်းသာသွားပြီး မောင်းနှင်သူနေရာသို့ လှည့်ကာ အော်ပြောလိုက်သည်။
"ညီလေးဟူ... သခင်လေးချူ နိုးလာပြီ.."
ဟူဖေး၏ ကြည်လင်ပြတ်သားသောအသံ ထွက်ပေါ်လာသည်။
"သခင်လေးချူ... နိုးလာတာ ဝမ်းသာစရာပဲ.. နတ်ဘုရားတွေရဲ့ စောင့်မမှုကြောင့် မိန်းကလေးလင်းရဲ့ ကြိုးပမ်းမှုတွေ အလဟဿ မဖြစ်တော့ဘူး... သူက မင်းရဲ့ဘေးကနေ တစ်ဖဝါးမှ မခွာခဲ့ဘူး..."
ချန်လင်းစု၏မျက်နှာ နီရဲသွားပြီး ရှက်သွေးဖြာသွားကာ ပြောဆိုလိုက်သည်။
"သခင်လေးဟူ... ရှင် ဘာတွေ လျှောက်ပြောနေတာလဲ... ရှေ့က ရန်သူတွေက ဘယ်လောက်ဝေးလဲ..."
အရေးကြီးကိစ္စကို ပြောလာသဖြင့် ဟူဖေးက ချက်ချင်းပြန်ဖြေလိုက်သည်။
"တစ်မိုင်လောက် ဝေးမယ်..."
ချန်လင်းစုက ချူကျန့်ကို မေးမြန်းသည်။
"အစ်ကိုကြီးချူ... လမ်းလျှောက်နိုင်ရဲ့လား..."
"ရပါတယ်... ကိုယ်ဖော့ပညာကို သုံးမယ်ဆိုရင်တောင် ပြဿနာမရှိဘူး... မင်းရဲ့ကျေးဇူးကြောင့် ငါ့ရဲ့ဒဏ်ရာတွေက အများကြီး သက်သာနေပါပြီ..."
ချူကျန့်က တုံ့ပြန်အဖြေပေးသည်။
ချန်လင်းစုက သက်ပြင်းချလိုက်ပြီး ပြောဆိုသည်။
"ဒါဆိုရင် မြင်းရထားလုံးကိုစွန့်ပြီး သွားကြမလား..."
ချူကျန့်က လိုက်ကာကိုမကာ ပတ်ဝန်းကျင် အနေအထားကို ကြည့်လိုက်သည်။ သူ၏ ကောင်းမွန်သော အမြင်အာရုံကို အားပြု၍ ကြည့်လိုက်ရာ လမ်း၏ဘေးတစ်ဖက်တစ်ချက်တွင် စွန့်ပစ်ထားသော လယ်ယာမြေများ ရှိနေပြီး သစ်တောအုပ်ငယ်တစ်ခုသို့ ရောက်ရှိရန် နှစ်မိုင်ခန့် သွားရမည်ကို မြင်လိုက်ရသည်။ သူက ပြောဆိုလိုက်၏။
"မြင်းရထားလုံးကို စွန့်ပစ်ပြီးရင် အနောက်မြောက်ဘက်ကို ပြေးကြမယ်... အဲ့ဒီမှာ သစ်ပင်တွေ ရှိတယ်... တောထဲကို ရောက်သွားရင်တော့ သူတို့ဘက်က လူဘယ်လောက်များများ ကြောက်စရာမလိုတော့ဘူး..."
ချန်လင်းစုက "ကောင်းပြီလေ" ဟု ပြောဆိုပြီး ဟူဖေးနှင့်ကျုံးကျောက်ဝမ်တို့ကို ညွှန်ကြားချက်တချို့ ပေးလိုက်သည်။ ထွက်ပြေးတိမ်းရှောင်နေရသော ရက်များအတွင်း၌ ဤမိန်းကလေးငယ်ကသာ ဦးဆောင်ခဲ့ကြောင်း သိသာထင်ရှားသည်။
မကြာမီမှာပင် သူတို့လေးယောက်သား မြင်းရထားလုံးပေါ်မှ ခုန်ဆင်းလိုက်ကြသည်။ မထွက်ခွာမီ ဟူဖေးသည် ချန်လင်းစု၏ ညွှန်ကြားချက်အတိုင်း မြင်း၏တင်ပါးကို ဓားဖြင့် ထိုးလိုက်ရာ မြင်းရထားလုံးသည် ပင်မလမ်းမကြီးအတိုင်း ဆက်လက်၍ ဒုန်းစိုင်းပြေးထွက်သွားသည်။ ဤသည်က သူတို့လေးယောက်လုံး မြင်းရထားပေါ်တွင် ရှိနေသေးသယောင် ထင်ရစေပေ၏။
ချန်လင်းစုသည် အမှန်တကယ့်ကို စေ့စပ်သေချာသူဖြစ်သဖြင့် ဟူဖေးနှင့် ကျုံးကျောက်ဝမ်တို့သည် သူမ၏စကားကို နားထောင်ကြခြင်းဖြစ်ကြောင်း ချူကျန့်က တွေးတောလိုက်မိသည်။
သူတို့လေးယောက် အချိန်တဏတာခန့်ပြေးလွှားပြီးချိန်တွင် ရှေ့ရှိတောအုပ်ရှိရာ လမ်းကြောင်း၌ မီးတုတ်များစွာ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။
ဟူဖေး၏မျက်နှာထား ပြောင်းလဲသွားသည်။
"ရှေ့မှာလည်း ရန်သူတွေ ရှိနေပုံပဲ..."