← Chapters

ငါ့ရဲ့မုန့်တွေကို မထိနဲ့

Vol. 7 Ch. 79

ငါ့ရဲ့မုန့်တွေကို မထိနဲ့

Vol. 7 Ch. 79

အမှန်အားဖြင့် ချူကျန့်တို့လူစု၏ အစီအစဉ်မှာ အံ့အားသင့်ဖွယ်ရာ ကိစ္စတစ်ရပ် မဟုတ်ချေ။ ထိုအစီအစဥ်၏ အဓိကအနှစ်သာရမှာ "ရေနောက်လူး၍ ငါးဖမ်းခြင်း" သက်သက်သာဖြစ်သည်။

ပထမဦးစွာ သူတို့သည် ကစားသမားများနှင့် ချူကျန့်တို့ တိုက်ခိုက်နေကြသယောင် အထင်မှားစေရန် ဖန်တီးလိုက်ပြီး ကစားသမားများကို အရှေ့မြောက်ဘက်သို့ အလုအယက် ပြေးသွားစေရန် လှည့်စားလိုက်သည်။ ထိုအချိန်တွင် အမှောင်ထဲ၌ ပုန်းအောင်းစောင့်ဆိုင်းနေသော ဟူဖေးတို့က ကစားသမားအုပ်စုထဲသို့ ဝင်သွားပြီး ရုတ်တရက် တိုက်ခိုက်လိုက်ကြ၏။ ဝရုန်းသုန်းကား ဖြစ်သွားပြီးနောက် သူတို့သည် "ချူလော့ကျွင်း ဒီမှာဟေ့" ဟု အော်ဟစ်ကာ လူစုခွဲလိုက်ကြပြီး အခြေအနေကို ပို၍ရှုပ်ထွေးသွားစေသည်။

သိုင်းပညာ အားအနည်းဆုံးဖြစ်သော ချန်လင်းစုသည် ဤပရမ်းပတာ အခြေအနေတွင် ကြောက်စရာ အကောင်းဆုံး ဖြစ်လာသည်။ သူမသည် ပြေးလွှားနေရင်း ဆေးပင်များကို တိတ်တဆိတ် မီးရှို့လိုက်ကာ အဆိပ်ငွေ့များကို လွှတ်ထုတ်လိုက်သည်။ ထိုအနံ့ကို ရှုရှိုက်မိသွားသော ကစားသမားများသည် ပျို့အန်ခြင်း အားနည်းခြင်းများ ခံစားရပြီး လူတချို့ကမူ သတိလစ်မေ့မြောသွားကြသည်။

ချူကျန့်ကမူ ဤရှုပ်ထွေးနေသော အခြေအနေတွင် ငါးပွက်ရာငါးစာချကာ အကျိုးအမြတ်အများဆုံး ရရှိခဲ့သူပင်။ ညဉ့်ငှက်တစ်ကောင်အလား ကျယ်လောင်စွာ အော်ဟစ်နေသော ခေါင်းဆောင်ဟု ယူဆရသည့် ကစားသမားကို သူ မျက်စိဒေါက်ထောက် ကြည့်နေခဲ့သည်။ ထိုကစားသမား အာရုံလွတ်သွားသည့် အချိန်တခဏကို အခွင့်ကောင်းယူကာ သူသည် ဝင်ရောက်တိုက်ခိုက်လိုက်၏။ သူသည် ထိုလူကို သတ်ဖြတ်ကာ သိုလှောင်အိတ်ကို လုယူပြီး ထွက်ပြေးလွတ်မြောက်ခဲ့သည်။

ကစားသမားတိုင်းတွင် ငွေကြေးနှင့် ကိုယ်ပိုင်ပစ္စည်းများကို သိမ်းဆည်းထားလေ့ရှိသော သိုလှောင်အိတ်တစ်လုံးစီ ပါရှိကြသည်။ သူတို့သည် မြို့ထဲသို့ ဝင်ရောက်သည့်အခါမှသာ NPC များ၏ ထိန်းသိမ်းစောင့်ရှောက်ရေးဌာနများ၌ တန်ဖိုးရှိပစ္စည်းများကို အပ်နှံ့လေ့ရှိကြသည်။

ထို့ပြင် သိုင်းလောက၏ လက်တွေ့ဆန်မှုနှင့် အဆင်ပြေမှုတို့ကို မျှတစေရန်အတွက် သိုလှောင်အိတ်များကို ချိတ်ပိတ်ထားခြင်း မရှိပေ။ ထိုအရာများသည် ကစားသမားများအတွက် နတ်ဆိုးများကို သတ်ဖြတ်ခြင်းနှင့် တာဝန်များမှ ရရှိလာသော ပစ္စည်းများကို သယ်ဆောင်ရန် အိတ်ကြီးများဖြင့်သာ တူညီနေသည်။ အကယ်၍ ထိုသိုလှောင်အိတ်များ အခိုးခံရပါက အတွင်းရှိ ပစ္စည်းများသည် တခြားလူများ၏လက်များထဲသို့ ရောက်ရှိသွားပေမည်။

ယခုအချိန်၌ ချူကျန့်သည် ထို "တခြားသူ" ဖြစ်လာခဲ့လေပြီ။ သူသည် ထိုသိုလှောင်အိတ်အတွင်းရှိ ပစ္စည်းများကို သေချာစွာ စစ်ဆေးရန် အချိန်မရသေးချေ။ သို့ရာတွင် ဂိုဏ်းကြီးတစ်ဂိုဏ်း၏ခေါင်းဆောင်ဖြစ်သည့် အားလျော်စွာ ပစ္စည်းကောင်းများစွာ ပါဝင်မည်မှာ သေချာသဖြင့် သူ ထီပေါက်သွားသကဲ့သို့ ဖြစ်နေပေ၏။

ချူကျန့်တို့လူစုသည် ညအမှောင်ကို ဖြတ်သန်းကာ နှစ်နာရီနီးပါး ခရီးဆက်ခဲ့ကြပြီးနောက် အနားယူရန်အတွက် ပြိုကျလုနီးပါး ဖြစ်နေသော ဘုရားကျောင်းပျက်တစ်ခုကို တွေ့ရှိလိုက်ကြသည်။

ဟူဖေးက ဦးစွာဝင်ရောက်သွားပြီး ကျိုးပဲ့နေသော စားပွဲတစ်လုံးကို ဖျက်ဆီးကာ စားပွဲခုံပြားကို ထောင့်တစ်နေရာတွင် ချထားလိုက်သည်။ ထို့နောက် ကောက်ရိုးခြောက်များကို ခင်းကျင်းပြီး ယာယီအိပ်ရာတစ်ခုကို အလျင်စလို ပြင်ဆင်လိုက်၏။

ထို့နောက် ချူကျန့်သည် ချန်လင်းစုကို သူ၏ကျောပေါ်မှ ဖြည်းညင်းစွာ ချလိုက်ပြီး ကောက်ရိုးမွေ့ယာပေါ်တွင် တင်ပေးလိုက်သည်။ ထို့နောက် သူသည် သူမကို 'ကိုးသွယ်ပန်းဝတ်ရည် ဆေးလုံး'တစ်လုံး ထပ်မံ၍ တိုက်ကျွေးလိုက်သည်။ ချန်လင်းစုသည် မျက်လုံးများကို အနည်းငယ် ဖွင့်ကြည့်ပြီး လန့်နိုးသွားသည်။ ချူကျန့်က သူမကို ဆေးတိုက်နေသည်ကို မြင်တွေ့ချိန်၌ သူမ၏မျက်နှာလေး နီမြန်းသွားပြီး တိုးညှင်းစွာ ပြောဆိုသည်။

"အစ်ကိုကြီးချူ...ကျွန်မဘာသာ လုပ်နိုင်ပါတယ်..."

"မိန်းကလေးလင်း... မင်းက ငါ့ကိုကယ်ဖို့ ရက်တွေအကြာကြီး အနားမယူဘဲ ပြေးလွှားနေခဲ့တာ... မင်းက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပြီးတော့ သွေးတွေအများကြီး ထွက်ထားတယ်... ငါ မင်းကို ပြုစုပေးတာက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ... ဒီဆေးကို သောက်ပြီး အိပ်လိုက်တော့..."

လမ်းခရီးတစ်လျှောက်တွင် ဟူဖေးက လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့ပုံများကို ပြောပြခဲ့သဖြင့် ချူကျန့် သိရှိထားပြီး ဖြစ်သည်။

သူ "မေ့မြော"နေစဉ်အတွင်း ချန်လင်းစုသည် အလွန်အမင်း စိုးရိမ်ပူပန်နေပေ၏။ သူမသည် ဟူဖေးနှင့်ကျုံးကျောက်ဝမ်တို့ကို သူ့အား လယ်တောအိမ်လေးသို့ ပြန်လည်ခေါ်ဆောင်သွားရန် တောင်းဆိုခဲ့ပြီး နေ့ရောညပါ ပြုစုစောင့်ရှောက်ခဲ့သည်။ သို့သော် နှစ်ရက်ကြာမြင့်ပြီးနောက် လူအမြောက်အများ ရောက်ရှိလာကြပြီး သူတို့အားလုံးက ချူကျန့်ကို ရှာဖွေနေကြသည်။

ချန်လင်းစုသည် ထိုလူများကို အနည်းငယ်စစ်ဆေးကြည့်လိုက်ရာ အစ်ကိုကြီးချူ၏ လျှို့ဝှက်သိုင်းကျမ်းကို လိုချင်နေကြမှန်း သိလိုက်သည်။ သူမသည် ထိုလူများကို အထဲသို့ ပေးမဝင်ဘဲ အဆိပ်ကို အသုံးပြုကာ ချက်ချင်း မောင်းထုတ်ခဲ့သည်။

သို့သော် လာရောက်ရှာဖွေသူများ ပို၍များပြားလာပြီး သူတို့၏သိုင်းပညာ စွမ်းရည်များမှာလည်း ပို၍မြင့်မားလာသည်။ ဟူဖေးနှင့် ကျုံးကျောက်ဝမ်တို့ ကူညီသည့်တိုင် ထိုလူများကို မထိန်းနိုင်တော့ချေ။ သူတို့သည် ချူကျန့်ကို သယ်ဆောင်ကာ လယ်တောအိမ်မှ ထွက်ခွာပြီး ပုန်းအောင်းနေရန်မှတပါး တခြားရွေးချယ်စရာ မရှိတော့ချေ။ သို့သော် သူတို့ နေရာပြောင်းရွှေ့လိုက်တိုင်း ထိုလူများက ရှာတွေ့သွားခဲ့သည်။ လွန်ခဲ့သော နှစ်ရက်အတွင်း လူအများသည်သည် သူတို့၏နောက်သို့ နေ့ရောညပါ မနားတမ်း လိုက်လံဖမ်းဆီးနေခဲ့သည်။ ထိုရှုပ်ထွေးမှုများကြားတွင် ချန်လင်းစုသည်လည်း ဒဏ်ရာရရှိခဲ့ပေ၏။ ကံကောင်းထောက်မစွာဖြင့် ဟူဖေးက မြင်းရထားလုံးတစ်စီးကို လုယူနိုင်ခဲ့သဖြင့် သူတို့သည် ဝိုင်းရံပိတ်ဆို့မှုကို တိုက်ခိုက်ကာ ထွက်ပြေးနိုင်ခဲ့ခြင်းဖြစ်သည်။

ချူကျန့်သည် ချန်လင်းစုအပေါ် အတော်လေး အားနာစိတ် ဖြစ်မိသည်။ ထို့ပြင် သူသည် 'ဆေးဘုရင် ကျမ်းစာ' ကို သင်ယူရန် သူမကို လိုအပ်နေသေးသဖြင့် သူမကို ကောင်းစွာဂရုစိုက်ပေးခြင်းမှာ သဘာဝကျသည်။ လမ်းခရီးတွင် သူမ နွမ်းနယ်နေသည်ကို မြင်တွေ့ချိန်၌ သူသည် စကားတစ်ခွန်းမျှမဆိုဘဲ ကျောပိုး၍ ခေါ်ဆောင်လာခဲ့ပြီး ဤဘုရားကျောင်းပျက်သို့ရောက်မှသာ အောက်သို့ ချပေးခဲ့သည်။

ချန်လင်းစုသည် လိမ္မာစွာ ခေါင်းညိတ်လိုက်ပြီး သူ ပေးသော ဆေးလုံးကို ဘာဆေးလဲဟုပင် မမေးဘဲ သောက်လိုက်သည်။ သို့သော် သူမ၏ အကြည့် ရွေ့လျားသွားပြီး ချူကျန့်၏လက်ထဲမှ ပုလင်းငယ်လေးပေါ်ရှိ သေသပ်လှပသော စာလုံးတချို့ကို မြင်လိုက်ရသည်။

သူမက အံ့အားတသင့် ရေရွတ်လိုက်သည်။

"ဒါက မက်မွန်ပွင့်ကျွန်းက ကိုးသွယ်ပန်းဝတ်ရည် ဆေးလုံး မဟုတ်လား..."

ချူကျန့် ခေါင်းညိတ်လိုက်သည်။

"ကျွန်မရဲ့ဆရာ ပြောတာ ကြားဖူးတယ်... မက်မွန်ပွင့်ကျွန်းက ကိုးသွယ်ပန်းဝတ်ရည် ဆေးလုံးက အရမ်းကောင်းမွန်တဲ့ ဆေးစွမ်းကောင်း တစ်လက်တဲ့... ဒါက အဆိပ်ဖြေနိုင်ရုံတင် မကဘူး... ဒဏ်ရာတွေကို ကုသပေးနိုင်တယ်... အသက်စွမ်းအားကို ဖြည့်တင်းပေးပြီး အတွင်းအားကိုလည်း တိုးစေတယ်... ဒါကို သခင်မဟွမ်က ပေးလိုက်တာလား..."

ချူကျန့်က ပြန်ဖြေလိုက်သည်။

"ဒုတိယသခင်မလေးကော ပေးလိုက်တာပါ..."

ချန်လင်းစုက "အော်" ဟု တစ်ချက်ရေရွတ်ပြီးနောက် ဆက်လက်၍ ပြောဆိုသည်။

"ဒုတိယသခင်မလေးကောက အရမ်းလှတယ် မဟုတ်လား... သခင်မဟွမ်က ပြိုင်ဘက်ကင်း မိန်းမလှလေးလို့ ကြားဖူးတယ်... သူရဲ့သမီးကလည်း မိန်းမလှလေးတစ်ယောက်ဖြစ်မှာ သေချာတယ်..."

ချူကျန့်၏အဖြေကို မစောင့်ဘဲ သူမက ခေါင်းကို နံဘေးတစ်ဖက်သို့လှည့်ကာ ပြောဆိုသည်။

"ကျွန်မ အိပ်တော့မယ်.... အစ်ကိုကြီးချူ... ဒီဆေးက အရမ်းတန်ဖိုးရှိတယ် သေချာ သိမ်းထားအုံးနော်..."

သူမ မျက်လုံးမှိတ်ပြီး အိပ်သွားသည်ကို မြင်မှသာ ချူကျန့်သည် ထိုနေရာမှ ထွက်ခွာလာပြီး ဟူဖေး ကျုံးကျောက်ဝမ်တို့နှင့်အတူ အနားယူရန် တခြားထောင့်တစ်နေရာသို့ သွားလိုက်သည်။

"အစ်ကိုကြီးဟူဖေး... အစ်ကိုကြီးကျုံး... ဒီရက်ပိုင်း မင်းတို့ရဲ့ အကူအညီကို အများကြီး ရခဲ့ပါတယ်..."

"သခင်လေးချူ... မင်းက သူရဲကောင်းဆန်ပြီး ဖြောင့်မတ်မှန်ကန်တဲ့ လူတစ်ယောက်ပါ... မင်းနဲ့အတူ လက်တွဲပြီး တိုက်ပွဲဝင်ရတာကငါတို့အတွက် ဂုဏ်ယူစရာပါ... ဒါပေမဲ့..."

ဟူဖေး တွေဝေနေသည်ကို မြင်တွေ့ချိန်၌ ချူကျန့်က မေးမြန်းလိုက်သည်။

"အစ်ကိုကြီးဟူ... အခက်အခဲတစ်ခုခု ရှိနေလို့လား... ပွင့်ပွင့်လင်းလင်း ပြောပါ..."

ဟူဖေးက စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် ပြောဆိုသည်။

"အစ်ကိုကြီးကျုံးနဲ့ငါ ဆေးဘုရင်ရွာကို လာခဲ့တာက ရွှေမျက်နှာဗုဒ္ဓ သိုင်းသူရဲကောင်းမြောင်ကို ကုသဖို့ အဆိပ်ဖြေဆေး လာရှာတာပါ... အခု ဆယ်ရက်လောက် ကြန့်ကြာနေပြီ ဆိုတော့ ငါတို့ မြန်မြန်မပြန်ရင် သိုင်းသူရဲကောင်းမြောင် အန္တရာယ် ရှိမှာကို စိုးရိမ်မိတယ်... ဒါပေမဲ့ မိန်းကလေးလင်းကလည်း ဒဏ်ရာရထားတော့ ခရီးသွားနိုင်ပါ့မလား..."

ဟူဖေးနှင့်ကျုံးကျောက်ဝမ်တို့က သူမကို ကူညီမည်ဆိုသော အပေးအယူဖြင့် မြောင်ရန်ဖုန်း၏ ခန္ဓာကိုယ်မှ အဆိပ်ကိုထုတ်ပြီး ဒဏ်ရာကို ကုသပေးမည်ဟု ချန်လင်းစု ကတိပေးခဲ့ကြောင်း ချူကျန့်က ကြားသိထားပြီး ဖြစ်သည်။ သူ စကားမပြောမီမှာပင် မလှမ်းမကမ်းမှ ချန်လင်းစု၏ အသံကို ကြားလိုက်ရသည်။

"အခု အစ်ကိုကြီးချူလည်း အဆင်ပြေသွားပြီဆိုတော့ မိုးလင်းတာနဲ့ သိုင်းသူရဲကောင်းမြောင်ကို ရှာဖို့ ကျွန်မ လိုက်ခဲ့ပါ့မယ်..."

သူတို့သုံးယောက်သား လှည့်ကြည့်လိုက်ရာ ချန်လင်းစုသည် ထထိုင်နေပြီး သူတို့ဘက်သို့ ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် ချူကျန့်နှင့် အကြည့်ချင်းဆုံသွားပြီးနောက် သူမ၏ခေါင်းကို ငုံ့ကာ ပြောဆိုသည်။

"ဒါဆို ဒီလိုပဲ သတ်မှတ်လိုက်ပြီ... ကျွန်မ အိပ်တော့မယ်..."

ထို့နောက် သူမသည် ပြန်လည်လဲလျောင်းပြီး အိပ်စက်သွားတော့သည်။

ဟူဖေးနှင့် ကျုံးကျောက်ဝမ်တို့သည် ဝမ်းသာအားရ ဖြစ်သွားကြပြီး သူ့ကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ပြောဆိုကြသည်။

ချူကျန့်သည် နှာခေါင်းကို ပွတ်ကာ တိတ်ဆိတ်နေလိုက်၏။ မြောင်ရန်ဖုန်းကို ကယ်တင်ရန် သူ စိတ်မဝင်စားချေ။ ထိုအစား သူသည် ဤအချိန်ကို အသုံးပြု၍ ချင်ရူယွင်နှင့်တွေ့ဆုံကာ အထူးတာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ရန် စဉ်းစားနေသည်။

ထိုအကြံဖြင့် သူသည် ဘုရားကျောင်းပျက်ထဲမှ ထွက်ခွာရန် အကြောင်းပြချက်တစ်ခု ပေးလိုက်ပြီး ရွှေလင်းယုန်တစ်ကောင်ကို ထုတ်ကာ ချင်ရူယွင်ထံသို့ စာတစ်စောင် ပေးပို့လိုက်သည်။ သူမ၏ ပြင်ဆင်မှု အခြေအနေနှင့် မည်သည့်နေရာတွင်တွေ့ဆုံမည်ကို မေးမြန်းလိုက်ခြင်းပင်။

ယခင်က ချင်ရူယွင်၏နေအိမ်၌ ရှိစဉ်တွင် ဂိမ်းထဲရှိ သူ၏အခြေအနေကို ရှင်းလင်းစွာ မသိရှိခဲ့သဖြင့် တွေ့ဆုံမည့် အချိန်နှင့်နေရာကို မဆုံးဖြတ်ခဲ့ရချေ။

ချင်ရူယွင် အွန်လိုင်း၌ ရှိနေမနေ သူ မသေချာသည့်အပြင် ရွှေလင်းယုန်သည်လည်း သတင်းစကား ပို့ဆောင်ရန် အချိန်အတော်ကြာ ယူရမည် ဖြစ်သည်။ ပြန်စာကို စောင့်ဆိုင်းနေရင်း ချူကျန့်သည် သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ခုန်တက်လိုက်ပြီး တိုက်ပွဲများမှရရှိသော ပစ္စည်းများကို စစ်ဆေးလိုက်၏။

ဆေးဘုရင်ရွာမှ တိုက်ပွဲအပါအဝင် သူသည် သိုလှောင်အိတ် ခြောက်ဆယ်ကျော် ရရှိထားသော်လည်း အတွင်း၌ မည်သည့်အရာများ ပါဝင်သည်ကို ကြည့်ရှုရန် အချိန်မရခဲ့ပေ။

ယခုချိန်၌ ထိုအရာများကို ကြည့်လိုက်ချိန်၌ အလွန်များပြားသော ပစ္စည်းများကို သူ မြင်လိုက်ရသည်။ လက်နက်အမျိုးမျိုး ဆေးလုံးများ ကိရိယာတန်ဆာပလာများ ပစ္စည်းများနှင့် လျှို့ဝှက်သိုင်းကျမ်းများပင် ပါဝင်သည်။ ထိုအရာအားလုံးကို ရောင်းချလိုက်ပါက သူ အမှန်တကယ်ပင် ချမ်းသာသွားပေလိမ့်မည်။

ချူကျန့်သည် ပစ္စည်းများကို အကြမ်းဖျင်း ခွဲခြားလိုက်ပြီး အသုံးဝင်သော လက်နက်များ ဆေးဝါးများနှင့် လျှို့ဝှက်လက်နက်များကို သူ၏သိုလှောင်အိတ်ထဲသို့ ပြန်ထည့်ကာ ကျန်ပစ္စည်းများကို ရောင်းချရန် ရည်ရွယ်ထားလိုက်သည်။

အမျိုးသမီး ကစားသမားတစ်ဦး၏ သိုလှောင်အိတ်ကို မွှေနှောက်ရှာဖွေနေစဉ် မမျှော်လင့်ဘဲ သေသပ်လှပသော မုန့်များကို တွေ့ရှိလိုက်ရသဖြင့် ဆင့်ခေါ်မှုအား ငြင်းဆန်ခဲ့သော တုံးဖန်းပုပိုက်ကို ချက်ချင်းသတိရသွားသည်။

ချူကျန့်သည် BOSS နှိမ်နင်းခြင်းစာအုပ်ကို ပြန်ဖွင့်လိုက်ရာ တုံးဖန်းပုပိုက်၏နှစ်သက်မှုနှုန်းမှာ -၁၀၀ သာ ရှိနေသေးပြီး နာခံမှုမှာ "အလွန်ညံ့ဖျင်းသည်" ဟု ပြသနေသည်။ သို့ရာတွင် သူမ၏ သိုင်းပညာအကဲဖြတ်ချက်မှာ အမှတ် ၁၅၀ အထိ ရောက်ရှိနေကြောင်း သူ မြင်တွေ့လိုက်ရသည်။ တုံးဖန်းပုပိုက်၏ စွမ်းအားသည် သူ၏စွမ်းအားနှင့်အတူ လိုက်ပါတိုးတက်လာကြောင်း သိသာထင်ရှားသည်။

"တုံးဖန်းပုပိုက်ကို ဆင့်ခေါ်မယ်..."

မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။

ချူကျန့်သည် အချိန်တခဏကြာ စဉ်းစားလိုက်ပြီးနောက် မုန့်တစ်ခုကို ထုတ်ယူကာ စာမျက်နှာပေါ်ရှိ တုံးဖန်းပုပိုက်ကိုကြည့်ပြီး ပြောဆိုလိုက်၏။

"ဟေး... တုံးဖန်းပုပိုက်... ဒီမှာ အရသာရှိတဲ့ မုန့်တွေ ရှိတယ်... ထွက်လာပြီး စားပါလား..."

တုံ့ပြန်မှု မရှိသေးပေ။

ချူကျန့်သည် မုန့်အမျိုးမျိုးကို အသုံးပြုကာ နည်းလမ်းပေါင်းစုံဖြင့် တုံးဖန်းပုပိုက်ကို ချော့မော့ကြည့်သော်လည်း သူမသည် ထွက်ပေါ်လာမည့် အရိပ်အယောင် မပြသချေ။

သူ အကြံကုန်သွားလေပြီ။

သိုင်းပညာအဆင့် သတ်မှတ်ချက် ၁၅၀ ချင်း တူညီနေသော်လည်း တုံးဖန်းပုပိုက်၏ အစစ်အမှန်စွမ်းအားသည် သူ့ထက် လျော့နည်းမည် မဟုတ်သည်မှာ သေချာပေါက်ပင်။ ထိုကဲ့သို့ မဟာမိတ်တစ်ဦး ရှိနေခြင်းက ချူကျန့်အတွက် ကိစ္စရပ်များကို ပို၍လွယ်ကူစေပေလိမ့်မည်။ အနည်းဆုံးအနေဖြင့် ယနေ့ညကဲ့သို့ ရန်သူများ ဝိုင်းရံခံရသော အခြေအနေမျိုးတွင် သူကိုယ်တိုင် ဝင်ရောက်စွက်ဖက်ရန် မလိုဘဲ တုံးဖန်းပုပိုက်ကို ရန်သူ့တပ်ဖွဲ့ထဲသို့ ဝင်ရောက်မွှေနှောက်စေခြင်းဖြင့် ဖရိုဖရဲ ဖြစ်သွားစေကာ သူတို့ ထွက်ပြေးနိုင်ပေမည်။

ပြဿနာမှာ ဤမိန်းကလေးသည် သူ့ကို လုံးဝ အထင်ကြီးပုံ မရဘဲ သူစိမ်းတစ်ယောက်ကဲ့သို့ သဘောထားကာ လုံးလုံးလျားလျား လျစ်လျူရှုထားခြင်းပင်။

ချူကျန့်သည် တစ်ယောက်တည်း နေရသည်ကို ကျင့်သားရနေသူ ဖြစ်ပေ၏။ လျှို့ဝှက်သိုင်းကမ္ဘာတွင် သူသည်... အဟမ်း... မိန်းမလှလေးများစွာနှင့် တွေ့ဆုံခဲ့ဖူးသော်လည်း မည်သည့် စိတ်ခံစားမှု သံယောဇဉ်မျှ မရှိခဲ့ပေ။ လက်တွေ့ကမ္ဘာတွင်လည်း သူသည် ရည်းစားတစ်ဦးတစ်ယောက်မျှ မရှိဖူးသဖြင့် မိန်းကလေးတစ်ဦးကို မည်သို့ ချော့မော့ရမည်အား မသိချေ။

သူ ဦးနှောက်ခြောက်အောင် စဉ်းစားသော်လည်း အဖြေမတွေ့သဖြင့် ဒေါသထွက်ထွက်နှင့် မုန့်ကို တစ်ကိုက်ကိုက်စားကာ စိတ်ဖြေသိမ့်လိုက်သည်။

ရုတ်တရက် အဖြူရောင် အလင်းတန်းတစ်တန်း လင်းလက်သွားပြီး မိန်းကလေးတစ်ဦး၏ ဒေါသတကြီးအော်ဟစ်သံ ထွက်ပေါ်လာသည်။

"ငါ့ရဲ့မုန့်တွေကို မထိနဲ့..."

All Chapters