စိတ်ရှည်လက်ရှည် လမ်းပြပေးခြင်း
Vol. 7 Ch. 80
တိတ်ဆိတ်ငြိမ်သက်နေသော တောအုပ်အတွင်းတွင် လင်းလက်တောက်ပနေသည့် လရောင်အောက်၌....
ဖြူစင်သန့်ရှင်းသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရွှေရောင်အနားကွပ်ထားသည့် အဖြူရောင်ဝတ်ရုံခြုံထားသော နတ်မိမယ်အလားလှပသော မိန်းကလေးတစ်ဦးက ချူကျန့်ကို စိုက်ကြည့်နေသည်။
တစ်ချိန်က တည်ငြိမ်ပြီး လောကီနှင့်ကင်းကွာနေပုံရသော သူမ၏မျက်နှာလေးသည် ယခုအချိန်၌ ဒေါသ ဝမ်းနည်းမှု မကျေနပ်မှုများဖြင့် ပြည့်နှက်နေပြီး အနည်းငယ်ရိုးအကာ လောကီဆန်သော အငွေ့အသက်များ ပေါ်လွင်နေသည်။
"ဒါတွေအကုန်လုံးက ငါ့ဟာတွေ..."
တုံးဖန်းပုပိုက်သည် မကျေမနပ်ဖြင့် ထပ်မံပြောဆိုလိုက်ပြီး သရဲတစ္ဆေတစ်ကောင်အလား ရုတ်တရက် လှုပ်ရှားလိုက်ကာ ချူကျန့် ကိုက်ထားသော မုန့်အပါအဝင် သူ၏လက်ထဲမှ မုန့်များအားလုံးကို လုယူလိုက်သည်။ သူမသည် ပါးလေးများ ဖောင်းကားနေအောင် လေမှုတ်လိုက်ပြီး မုန့်များအားလုံးကို ရင်ခွင်ထဲတွင် ပိုက်ထားကာ ပြောဆိုလိုက်၏။
"လူဆိုးကောင်... မုန့်တွေ ခိုးစားတယ်... အရှက်မရှိဘူး..."
ချူကျန့် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ သူ မှတ်မိသလောက်ဆိုလျှင် လွန်ခဲ့သောတစ်ကြိမ် တွေ့ဆုံစဉ်က ဤမိန်းကလေးငယ်သည် အလွန် စကားနည်းပြီး အထူးသဖြင့် သတင်းစကားပါးရာတွင် စကားတစ်လုံး အပိုမပြောခဲ့ချေ။ ယခု၌မူ မုန့်တစ်ကိုက်စာအတွက် စကားသုံးခွန်း ပြောနေသည်။ သူမသည် အမှန်တကယ့်ကို ငတ်ကြီးကျသူလေးပင်။
'ပြီးတော့ ငါက မုန့်ခိုးစားတာလား... ငါ ဒါတွေကို ပေါ်ပေါ်ထင်ထင်နဲ့ ရိုးရိုးသားသား စားနေတာပါ... ပြီးတော့ ဒါတွေက ငါ ကြိုးစားပမ်းစား ရှာထားတဲ့ တိုက်ပွဲအောင်မြင်မှုပစ္စည်းတွေလေ... ဘယ်တုန်းက မင်းဟာတွေ ဖြစ်သွားတာလဲ...'
သို့သော် နှစ်သက်မှုနှုန်း -၁၀၀ ရှိသော ဤမိန်းကလေးငယ်ကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရသဖြင့် ချူကျန့်က တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
နောက်ပိုင်းတွင် သူမကို ပို၍လွယ်ကူချောမွေ့စွာ ဆင့်ခေါ်နိုင်စေရန်အတွက် ချူကျန့်သည် သိုလှောင်အိတ်ထဲတွင် ကျန်ရှိနေသေးသော မုန့်အနည်းငယ်ကို ထုတ်ယူကာ တုံးဖန်းပုပိုက်ကို ပေးလိုက်သည်။
တုံးဖန်းပုပိုက်က သူမ၏လက်များကို ဝှေ့ယမ်းပြီး သူမ ကိုင်ထားသော မုန့် ခုနစ်ခု ရှစ်ခုခန့်မှာ ပျောက်ကွယ်သွားသည်။ သူမသည် လုယူလုနီးပါး အမြန်နှုန်းဖြင့် ချူကျန့်၏လက်ထဲမှ ကျန်ရှိနေသော မုန့်များကို ဆွဲယူလိုက်ပြီး အကုန်သိမ်းလိုက်သည်။ ချူကျန့် တစ်ကိုက်ကိုက်ထားသော မုန့်သာ သူမ၏လက်ထဲတွင် ကျန်ရှိတော့သည်။ သူမသည် ထိုမုန့်ကို ပါးစပ်ထဲသို့ ထည့်ကာ ဝါးစားပြီး မကျေမနပ်ဖြင့် ရေရွတ်လိုက်၏။
"အရသာရှိလိုက်တာ... ဟွန့်... တစ်ကိုက် အကိုက်ခံလိုက်ရတယ်... တစ်ကိုက်စာ နစ်နာသွားတယ်... ဒေါသထွက်စရာ ကောင်းလိုက်တာ..."
နတ်မိမယ်အလား ရုပ်ရည်ရှိကာ ကျက်သရေရှိစွာ ဝတ်ဆင်ထားသော လှပသည့် မိန်းကလေးငယ်လေးက ဤကဲ့သို့ သေးနုပ်သည့် ကိစ္စလေးများကို ပွစိပွစိ ပြောဆိုနေသလော။
ချူကျန့်က သူ၏နဖူးကိုပွတ်ပြီး မနေနိုင်မထိုင်နိုင် ပြောဆိုလိုက်သည်။
"တုံးဖန်းပုပိုက်... တော်လောက်ပြီလေ.... မင်းရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်..."
"နင် ပါးစပ်ပိတ်ထား..."
တုံးဖန်းပုပိုက်က ခေါင်းမော့ပြီး သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"ငါ့ရဲ့မုန့်တွေကို ခိုးစားတဲ့ လူဆိုးကောင်နဲ့ ငါ စကားမပြောဘူး..."
"ဟူး... အငြိုးအတေးက ကြီးလှချည်လား... မုန့်လေး လေးပုံတစ်ပုံလောက် စားမိတာကို ဘာလို့ ဒီလောက်တောင် အငြိုးထားနေရတာလဲ...'
"မင်းက မုန့်တွေကို အဲဒီလောက်တောင် ကြိုက်တာလား..."
တုံးဖန်းပုပိုက်က သူ့ကို လျစ်လျူရှုထားပြီး သူမ၏လက်ထဲရှိ မုန့်တစ်ဝက်ကို အလျင်အမြန် စားလိုက်သည်။ ထို့နောက် သူမသည် နောက်ထပ် မုန့်တစ်ခုကို ထုတ်ယူကာ ရှဉ့်လေးတစ်ကောင် ထင်းရှူးသီး စားနေသကဲ့သို့ သူမ၏ပါးလေးများကိုဖောင်းကာ ဆက်လက်၍ စားသောက်နေသည်။ သူမ၏ ချစ်စရာကောင်းပြီး အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေသော ပုံစံကြောင့် ချူကျန့် ရယ်မောလိုက်မိသည်။
'ငါနဲ့ စကားမပြောချင်ဘူးပေါ့လေ... ဟက်... '
ချူကျန့်၏ မျက်လုံးများ တောက်ပသွားပြီး အကြံတစ်ခု ရသွားသည်။ သူက တမင်သက်သက် ပြောဆိုလိုက်၏။
"ဒီမုန့်တွေက သာမန်ပါပဲ... ငါ အခုပဲ စားကြည့်ပြီးပြီ... ထူးထူးခြားခြား အရသာရှိတာ မဟုတ်ပါဘူး..."
တုံးဖန်းပုပိုက်က နှာမှုတ်လိုက်သည်။ သူမ အကြိုက်ဆုံးမုန့်ကို စော်ကားခံလိုက်ရသဖြင့် သူမက သည်းမခံနိုင်တော့ဘဲ ခွန်းတုံ့ပြန်လိုက်သည်။
"နင်က ဘာနားလည်လို့လဲ..."
ငါ နားမလည်ဘူး ဟုတ်လား... ဟက်...
ချူကျန့်သည် အချိုကြိုက်သူ မဟုတ်သော်လည်း နည်းပညာမြင့်မားသော ခေတ်မီကမ္ဘာသို့ ရောက်ရှိလာကတည်းက သူ တစ်ကြိမ်တစ်ခါမျှ မစားဖူးသော အရသာရှိသည့် အစားအစာအစုံအလင်ကို စားသောက်ခဲ့ဖူးသူပင်။
"မင်း အခုစားနေတာက မပြောပလောက်တဲ့ ပဲစိမ်းမုန့်လေးပါ... သာမန် အစားအစာ တစ်ခုပဲ..."
တုံးဖန်းပုပိုက်သည် သူမ၏လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ရာ ငွေအပ်တစ်ချောင်း ထွက်ပေါ်လာပြီး ချူကျန့်ကို စိုက်ကြည့်ကာ ပြောဆိုသည်။
"ငါ့ရဲ့မုန့်တွေကို မကောင်းပြောရင် ငါ နင့်ကို ကိစ္စတုံးပေးမယ်..."
"အေးပါ အေးပါ... ငါ ဘာမှမပြောတော့ပါဘူး... ဒါပေမဲ့ မင်းက တကယ့်ကို သနားဖို့ကောင်းတာပဲ... မပြောပလောက်တဲ့ ပဲစိမ်းမုန့်လေးကို ဒီလောက်ထိ အရသာရှိရှိ စားနေရတယ် ဆိုတော့... တကယ့် အစစ်အမှန် အရသာရှိတဲ့ ကိတ်မုန့်တွေကို တစ်ခါမှ မစားဖူးဘူး ထင်တယ်..."
တုံးဖန်းပုပိုက်သည် မုန့်ကို ဆက်မကိုက်တော့ဘဲ သံသယနှင့် စူးစမ်းလိုစိတ်များ ပြည့်နှက်နေသော မျက်လုံးဖြင့် ချူကျန့်ကို ကြည့်လိုက်သည်။
"နင်က အရသာရှိတဲ့မုန့်တွေ အများကြီး စားဖူးလို့လား..."
"သိပ်အများကြီးတော့ မဟုတ်ပါဘူး... ရာဂဏန်းလောက်ပဲ ရှိမှာပါ... ဥပမာပြောရရင် အလွှာတစ်ထောင်အဆီကိတ် ပျားရည်ကိတ် လိမ္မော်ပျားရည်ကိတ် ဝါဂွမ်းကိတ် စစ်ရှီးဝါဂွမ်းကိတ် ကျားယင်မြင်းခွာမုန့် သာကူမုန့် ပန်းတစ်ရာကိတ် ပယ်ကော်ထင်းရှူးကိတ် ပန်းပွင့်သဲလိပ်ကိတ် အရောင်နှစ်မျိုး ပယ်ကော်ကိတ် ပဲနှစ် စတုရန်းကိတ် နှင်းဆီကိတ် သက်ရှည်ကိတ် အောင်မြင်ခြင်းကိတ် နဂါးမုတ်ဆိတ်ကိတ်၊ငွေမျှင်ကိတ်..."
ချူကျန့်သည် သူ စားဖူးသော မုန့်အမျိုးအစား နှစ်ဆယ်ကျော်ခန့်ကို ရွတ်ပြလိုက်ပြီးနောက် သူ ကြားဖူးနားဝရှိသော သို့မဟုတ် မြင်ဖူးသော မုန့် များကို ဆယ်နှင့်ချီ၍ ဆက်ပြောလိုက်သည်။ နောက်ဆုံးတွင် မုန့်နာမည်ပေါင်း အမြောက်အများကို ထပ်မံ၍ လုပ်ကြံဖန်တီးကာ ပြောဆိုလိုက်၏။
တုံးဖန်းပုပိုက်သည် သူမ၏ပါးစပ်ထဲရှိ မုန့်ကို ကိုက်ရန်ပင် မေ့လျော့ကာ မျက်လုံးဝိုင်းလေးများဖြင့် သူ့ကို စိုက်ကြည့်နေသည်အား မြင်လိုက်ရသဖြင့် ချူကျန့်က အေးအေးလူလူပင် ဆက်လက်၍ ပြောဆိုသည်။
"ဒီဒေသထွက် အစားအစာတွေနဲ့ မုန့်တွေအပြင် အနောက်တိုင်းကိတ်မုန့်တွေ ကွတ်ကီးတွေ ချောကလက်မုန့် အလွှာတစ်ထောင်ခရင်မ်မုန့် ပူတင်း..."
ချူကျန့်သည် ပါးစပ်ခြောက်သွားသည်အထိ နှစ်မိနစ် သုံးမိနစ်ခန့် ပြောဆိုပြီးမှ ရပ်တန့်လိုက်သည်။ ထို့နောက် သူ၏ခြောက်သွေ့နေသော နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး နိဂုံးချုပ်လိုက်၏။
"ဒီမုန့်တွေနဲ့ အချိုပွဲတွေက အကောင်းဆုံး အစားအစာတွေပဲ..."
"ဂလု..."
တုံးဖန်းပုပိုက်၏လည်ချောင်း လှုပ်ရှားသွားပြီး မုန့်တစ်ဝက်ကို သူမ၏ပါးစပ်ထဲသို့ ပေါ့ပေါ့ပါးပါး ထည့်လိုက်သည်။
မူလက အလွန် အရသာရှိသော်လည်း ယခုအချိန်၌ အရသာပေါ့ပျက်ပျက် ဖြစ်သွားသယောင် ခံစားရသော မုန့်တစ်ဝက်ကို တိတ်ဆိတ်စွာ မျိုချလိုက်ပြီးနောက် တုံးဖန်းပုပိုက်သည် မမေးဘဲ မနေနိုင်တော့ပေ။
"နင်ပြောတဲ့ မုန့်တွေကို ဘယ်မှာ ရနိုင်မလဲ... နင့်ဆီမှာ ပါလား..."
မူလက ရန်လိုနေသော သူမ၏ အကြည့်များသည် မျှော်လင့်ချက် ပြည့်ဝသော အကြည့်များအဖြစ်သို့ ပြောင်းလဲသွားသည်။
"ငါ မပြောပြဘူး... ခုဏက ဘယ်သူက ငါ့ကို ပါးစပ်ပိတ်ခိုင်းပြီးတော့ အရှက်မရှိဘူးလို့ ပြောတာလဲ..."
တုံးဖန်းပုပိုက်က မျက်နှာလွှဲလိုက်ပြီး ခက်ခက်ခဲခဲအားယူ၍ ပြောဆိုသည်။
"ငါ့ရဲ့စကားကို ငါ ပြန်ရုတ်သိမ်းတယ်... နင်က အရှက်ရှိတယ်...နင် အခုစကားပြောလို့ ရပြီ..."
ငါက အရှက်ရှိတယ် ဟုတ်လား...
'ဘာလို့ ငါ့ကို ဆဲနေသလိုမျိုး ခံစားနေရတာလဲ...'
ချူကျန့်၏နှုတ်ခမ်းများ တွန့်ကွေးသွားပြီး သဘောထားသေးသိမ်စွာဖြင့် ဆက်လက်၍ ပြောဆိုလိုက်သည်။
"ပြီးတော့ ငါ အရင်က မင်းကို အကြိမ်ကြိမ် ဆင့်ခေါ်ခဲ့ပေမဲ့ မင်း ထွက်မလာခဲ့ဘူး..."
"ငါ အဲဒီတုန်းက အိပ်နေလို့ပါ..."
"နောက်ဆို ငါ ဆင့်ခေါ်ရင် မင်း အိပ်နေအုံးမှာလား..."
"အရသာရှိတဲ့ မုန့်နံ့ရရင် ငါ နိုးလာနိုင်တယ်... ဒီမုန့်တွေကို ဘယ်မှာစားလို့ရလဲဆိုတာ အရင်ပြောပြ..."
"ဒါက အရမ်းလျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုမှာ ရှိနေတယ်... မင်း ဝင်လို့မရဘူး... ငါပဲ ဝင်ပြီး ဝယ်လို့ရတာ... ဒါပေမဲ့ ငါကိုယ်တိုင် လုပ်ပေးလို့လည်း ရပါတယ်..."
ချူကျန့်သည် မြို့တိုင်းရှိ ကစားသမားများ ဈေးရောင်းသော နေရာများကို ရည်ညွှန်းနေခြင်းပင်။ ထိုနေရာများတွင် အစားအစာများကို ပြုလုပ်ရောင်းချသော ပရော်ဖက်ရှင်နယ် ကစားသမားများ ရှိကြသည်။
"အခု လုပ်ပေး..."
"ငါ့မှာ ပါဝင်ပစ္စည်းတွေ မရှိဘူး... ကုန်ကြမ်းတွေ အရင်ဝယ်ရအုံးမယ်..."
"အခု သွားဝယ်လေ..."
"ဒါက လူသူကင်းမဲ့တဲ့ နေရာလေ... ငါက ဘယ်မှာ သွားဝယ်ရမှာလဲ..."
"..."
တုံးဖန်းပုပိုက်သည် မည်သည့်စကားမျှ မပြောတော့ဘဲ တတိယမြောက်မုန့်ကို တိတ်တဆိတ် စားလိုက်သည်။
"မင်းက မုန့်လို အချိုတွေကိုပဲ ကြိုက်တာလား... လောကကြီးမှာ တခြား အရသာရှိတဲ့ အစားအစာတွေ အများကြီး ရှိသေးတယ်... ဥပမာအနေနဲ့ ဝက်သားနှစ်ပြန်ကြော် သုန်းဖိုဝက်လက်ပေါင်း အမဲသားပြုတ် မြစ်ငါးဖက်ထုပ်ပေါင်း ကြက်သားကုန်းဘောင်ကြီးကြော်..."
တုံးဖန်းပုပိုက်၏မျက်နှာထားသည် အချိန်တခဏတာကြာခန့် ပြောင်းလဲသွားသော်လည်း သူမက ခေါင်းခါယမ်းပြရင်း ပြောဆိုသည်။
"မုန့်တွေက အကောင်းဆုံးပဲ..."
"ခဏနေရင် ငါက တောကြက်ဖမ်းပြီး သူတောင်းစားကြက်ကင် လုပ်မလို့... အရမ်း အရသာရှိတာ... မင်း စားချင်လား..."
တုံးဖန်းပုပိုက်သည် သူမ၏နှုတ်ခမ်းထောင့်မှ တံတွေးစကို သုတ်လိုက်ပြီး ခေါင်းခါယမ်းပြရင်း ပြောဆိုသည်။
"စားမယ်..."
ဒါက ပါးစပ်ကပြောတာနဲ့ လက်တွေ့လုပ်တာ တစ်ခြားစီ ဖြစ်နေတယ်ဆိုတဲ့ ဒဏ္ဍာရီလာ စကားပုံလား...
"ဒါဆိုရင် မင်း ကြက်ဖမ်းပေးရမယ်..."
ချူကျန့်သည် သူ၏လူသားလက်နက်လေးကို အသေးစားအလုပ်များမှ စတင်၍လုပ်ကိုင်စေရန် စိတ်ရှည်လက်ရှည် လမ်းပြ၍ ချော့မော့လိုက်၏။
တုံးဖန်းပုပိုက်က ခေါင်းခါလိုက်သည်။
"အချိန်ပြည့်တော့မယ်... ချွေတာသုံးမှ ရမယ်..."
ထိုသို့ပြောဆိုပြီးနောက် သူမသည် အဖြူရောင် အလင်းတန်းအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။
ချူကျန့် ကြက်သေသေသွားသည်။ ထိုအချိန်မှမှသာ တုံးဖန်းပုပိုက်တွင် ဆင့်ခေါ်ချိန် ကန့်သတ်ချက် ရှိကြောင်း သူ သတိရလိုက်သည်။ မူလက နှစ်သက်မှုနှုန်း -၅၀ ရှိချိန်တွင် ၅ မိနစ် ရသော်လည်း ယခု -၁၀၀ ဖြစ်နေချိန်တွင် မည်မျှ ကြာရှည်မည်နည်း။
အစောပိုင်းက သူတို့ စကားပြောဆိုနေသည်မှာ ၃ မိနစ် ၄ မိနစ်ခန့် ကြာမြင့်သွားပြီ မဟုတ်လော....
တုံးဖန်းပုပိုက် ထွက်ခွာသွားသဖြင့် ချူကျန့်ကိုယ်တိုင် ထိုကိစ္စကို လုပ်ဆောင်ရတော့သည်။ တောင်ပေါ်တွင် တောကြက် တော်တော်များများ ရှိသဖြင့် ချူကျန့်သည် လွယ်လင့်တကူပင် ငါးကောင် ဖမ်းမိလိုက်ပြီး ကျွမ်းကျင်စွာ ပြင်ဆင်လိုက်သည်။
သူသည် စည်းစိမ်ချမ်းသာစံအိမ်၌ အလားတူအလုပ်များကို ကျင့်သားရနေပြီးဖြစ်ကာ အချဥ်ရည်အမျိုးမျိုးကိုလည်း ပြင်ဆင်ထားသည်။ သူသည် ကြက်များ၏ကလီစာများကို အလျင်အမြန် သန့်စင်ပြီး ဟင်းခတ်အမွှေးအကြိုင်များထည့်ကာ အပြင်ဘက်ကို အဝါရောင်ရွှံ့စေးဖြင့် အုပ်ပြီးနောက် မြေကြီးထဲတွင်မြှုပ်၍ မီးဖိုလိုက်သည်။
နာရီဝက်ခန့် ကြာချိန်၌ သူတောင်းစားကြက်ကင် ကျက်သွားလေပြီ။ သူသည် ထိုအရာကို မြေကြီးထဲမှ တူးထုတ်လိုက်ပြီး အဝါရောင်ရွှံ့စေးနှင့် အမွှေးအတောင်များကို အရေခွံနှင့်အတူ ဆွဲခွာလိုက်ရာ မွှေးကြိုင်သောရနံ့များ ထွက်ပေါ်လာသည်။
ချူကျန့်က တုံးဖန်းပုပိုက်ကို ဆင့်ခေါ်နိုင်ခြင်းရှိမည် မရှိမည်ကို တွေးတောနေစဉ်မှာပင် အဖြူရောင် အလင်းတန်းတစ်တန်း လင်းလက်သွားသည်။ ထို့နောက် တုံးဖန်းပုပိုက်သည် သူ၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ သူမ၏ဖြူဝင်းသော လက်လေးကို ဖြန့်ပြီးတောင်းဆိုလိုက်သည်။
"ငါ ကြက်ပေါင်တစ်ချောင်း လိုချင်တယ်..."
ဘာ... ဒါဆိုရင် မင်းက ငါ မဆင့်ခေါ်ဘဲနဲ့လည်း ထွက်လာလို့ ရတာပေါ့လေ...
Thank For Reading.