← Chapters

မိန်းမတစ်ယောက်ရဲ့ ကတိစကားလား... ဟက် ဟက်...

Vol. 7 Ch. 72

မိန်းမတစ်ယောက်ရဲ့ ကတိစကားလား... ဟက် ဟက်...

Vol. 7 Ch. 72

နောက်ဆုံးပေါ် ရုပ်လုံးကြွ သိုင်းလောကဂိမ်းတစ်ခုဖြစ်သည့် မဟာသိုင်းလောကခေတ်သည် ကစားသမားများအား ဂိမ်းကမ္ဘာထဲသို့ အပြည့်အဝ ဝင်ရောက်စီးမျောစေနိုင်သည်။ လက်တွေ့ဘဝ၌ သူတို့၏ခန္ဓာကိုယ်များကို ထိခိုက်လွယ်သော အိပ်တစ်ဝက်နိုးတစ်ဝက် အခြေအနေတွင် ရှိနေစေသည်။

ထို့ကြောင့် ဂိမ်းကုမ္ပဏီသည် ကစားသမားများအား သူတို့၏ နေအိမ်များ သို့မဟုတ် သီးသန့်ကစားခန်းများရှိသော အင်တာနက်ဆိုင်များကဲ့သို့ လုံခြုံသော နေရာများတွင်သာ ဂိမ်းကစားရန် အကြံပြုထားသည်။

အမှန်အားဖြင့် ဂိမ်းကစားနေစဉ်တွင် ကစားသမားများ၏ဘေးကင်းလုံခြုံမှုကို အာမခံရန်အတွက် ဂိမ်းဦးထုပ်သည် ကျန်းမာရေး အခြေအနေကို စောင့်ကြည့်ပေးထားသည်။ ထိုမျှသာမက မမျှော်လင့်ထားသော အခြေအနေများ ဖြစ်ပေါ်လာပါက ဂိမ်းဦးထုပ်မှတဆင့် ကစားသမားများကို အတင်းအကျပ် အော့ဖ်လိုင်း ဖြစ်စေပြီး သူတို့၏အသိစိတ်ကို လက်တွေ့ကမ္ဘာသို့ ပြန်လည်၍ ပို့ဆောင်ပေးသည်။ ထိုမမျှော်လင့်ထားသော အခြေအနေများတွင် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု ဆာလောင်မှု ရေငတ်မှု အအေးဒဏ်စသည်တို့ ပါဝင်ပြီး လူတစ်ဦးနှင့်တစ်ဦး ခံနိုင်ရည်ချင်း မတူညီကြပေ။ အခြေခံအားဖြင့် သာမန်အိပ်ပျော်နေခြင်းမှ နိုးထလာစေနိုင်သည့် မည်သည့်အရာမဆို ဂိမ်းထဲတွင်လည်း ထိုလူကို နိုးထလာစေပြီး "အတင်းအကျပ် အော့ဖ်လိုင်း" ဖြစ်သွားစေသည်။ ဤသည်က ကစားသမားကို ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိဘဲ အိပ်မက်မှ နိုးထလာသကဲ့သို့ ဖြစ်စေပေမည်။

ထို့ပြင် ကစားသမားများသည် သတိလစ်မေ့မြောခြင်း ပြင်းထန်စွာ ဒဏ်ရာရပြီး သေလုမြောပါးဖြစ်ခြင်း သို့မဟုတ် သေဆုံးပြီး ပြန်လည်မွေးဖွားရန် စောင့်ဆိုင်းနေခြင်းတို့ကဲ့သို့သော ပုံမှန်မဟုတ်သည့် အခြေအနေများတွင်လည်း အတင်းအကြပ် လိုင်းပေါ်မှ ကန်ထုတ်ခံရပေမည်။

ချူကျန့်သည် လက်ရှိတွင် ပထမအခြေအနေကို ကြုံတွေ့နေရခြင်း ဖြစ်ပေ၏။

သူသည် ဂိမ်းထဲတွင် ပြင်းထန်စွာ ဒဏ်ရာရထားသော်လည်း "သတိလစ်မေ့မြော" သွားစေရန် အထိ မလုံလောက်ပေ။ သူ အတင်းအကြပ် အော့ဖ်လိုင်းဖြစ်သွားရခြင်းမှာ အန္တရာယ်အပေါ် သူ၏အာရုံခံနိုင်စွမ်းသည် သာမန်လူများထက် များစွာ ပို၍ထက်ရှနေသောကြောင့်ပင်။

လျှို့ဝှက်သိုင်းကမ္ဘာတွင် နှစ်ပေါင်းများစွာ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည့် ထိပ်တန်းသိုင်းပညာရှင်တစ်ဦးအနေဖြင့် သူ၏ အာရုံငါးပါးသည် မြေခွေးတစ်ကောင်ထက်ပင် ပို၍ထက်ရှနေပြီးဖြစ်သည်။ ဤမျှထိ ငြိမ်းချမ်းပြီး နည်းပညာတိုးတက်ကာ ယဉ်ကျေးသော ခေတ်သစ်လူ့အဖွဲ့အစည်းတွင်ပင် သူသည် အချိန်တိုင်း သတိဝီရိယနှင့် အသိစိတ်ကို ထိန်းသိမ်းထားလေ့ရှိသည်။ သူ၏အတွင်းအားသည် သူ အိပ်ပျော်နေစဉ်နှင့် ဂိမ်းကစားနေစဉ်တွင်ပင် အလိုအလျောက် လည်ပတ်နေဆဲ ဖြစ်ပေ၏။

ထို့ကြောင့် သူသည် အန္တရာယ်ကို ဝိုးတဝါး အာရုံခံမိလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်သည် အလိုအလျောက် တောင့်တင်းသွားပြီး အတွင်းအားကို ထုတ်လွှတ်လိုက်ရာ ဂိမ်းထဲမှ "နိုးထ" လာပြီး လက်တွေ့ကမ္ဘာသို့ ပြန်ရောက်လာခဲ့ခြင်းပင်။

ချူကျန့်သည် ကုတင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေဆဲဖြစ်ပြီး ဂိမ်းဦးထုပ်ကို ဆောင်းထားပြီး အသက်ရှူသံ ပုံမှန်ဖြစ်ကာ ဂိမ်းထဲတွင် ရှိနေသကဲ့သို့ ဟန်ဆောင်နေပေ၏။ သို့သော် ဂိမ်းဦးထုပ်၏အောက်တွင်မူ သူ၏မျက်လုံးများသည် တိတ်တဆိတ် ပွင့်လာခဲ့ပြီး အေးစက်ကာ ကြောက်မက်ဖွယ်ကောင်းသော အရောင်များ တောက်ပနေသည်။

လက်တွေ့အချိန်တွင် ညသန်းခေါင် ကျော်နေလေပြီ။ ညဘက်မအိပ်ဘဲ နေတတ်သူ အနည်းငယ်မှလွဲ၍ တည်းခိုခန်းရှိ လူအများစုသည် အိပ်ပျော်နေခြင်း သို့မဟုတ် သူတို့၏ အွန်လိုင်းဂိမ်းများထဲတွင် စီးမျောနေကြခြင်းတို့ ဖြစ်နေကြသည်။

သို့သော် လူနှစ်ယောက်သည် တည်းခိုခန်း၏အပြင်ဘက်သို့ ရောက်လာခဲ့ကြ၏။

သူတို့၏ခြေလှမ်းများသည် တည်ငြိမ်ပြီး သူတို့၏ သိုင်းပညာစွမ်းရည်မှာ အထင်ကြီးလောက်စရာ ဖြစ်ရာ အနည်းဆုံး ဆယ်နှစ် အနှစ်နှစ်ဆယ်ခန့် လေ့ကျင့်ထားပုံ ရသည်။ သူတို့၏ လမ်းလျှောက်ပုံကို ကြည့်ခြင်းအားဖြင့် ဤလူနှစ်ယောက်သည် တောင့်တင်းသန်မာပြီး သူတို့၏ စွမ်းရည်အပေါ် ယုံကြည်မှုအပြည့် ရှိပုံရသည်။

သူတို့သည် တည်းခိုခန်းသို့ ချဉ်းကပ်လာပြီး သူတို့၏အကြည့်များသည် ချူကျန့်၏အခန်းသို့ ကျရောက်လာပေ၏။

ချူကျန့်၏အခန်းသည် တတိယထပ် အစွန်ဆုံးတွင် ရှိသဖြင့် ထိုလူနှစ်ယောက် လွယ်လင့်တကူ မြင်တွေ့နိုင်သည်။

သူတို့သည် ချူကျန့်၏ အခန်းကို စောင့်ကြည့်နေစဉ် "မျက်လုံး" တစ်စုံကလည်း သူတို့ကို ပြန်လည်၍ စောင့်ကြည့်နေပြီး သူတို့၏ခွန်အားကိုပင် ခန့်မှန်းနေကြောင်း သူတို့ လုံးဝတွေးတောမိမည် မဟုတ်ချေ။

ချူကျန့်၏ နတ်ဘုရားအဆင့်နီးပါးသို့ ရောက်နေသော သိုင်းပညာအဆင့်တွင် ဒုံးကျည်များကို သူ၏ခန္ဓာကိုယ်ဖြင့် ခုခံနိုင်ခြင်း မရှိသည်မှလွဲ၍ ပြင်ပသို့ အတွင်းအား ထုတ်လွှတ်နိုင်စွမ်းသည် အံ့အားသင့်ဖွယ်အဆင့်သို့ ရောက်ရှိနေလေပြီ။ သူ ထုတ်လွှတ်လိုက်သော နတ်ဘုရားစိတ်အာရုံသည် အနီအောက်ရောင်ခြည် အာရုံခံကိရိယာ သို့မဟုတ် ရေဒါကဲ့သို့ပင် လုပ်ဆောင်နိုင်ပြီး ပေတစ်ရာအတွင်းရှိ အရာအားလုံးကို မျက်စိဖြင့် မကြည့်ဘဲနှင့် မြင်စေနိုင်သည်။

တည်းခိုခန်း၏အပြင်ဘက်တွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဗလတောင့်တောင့် လူနှစ်ဦးသည် ပတ်ဝန်းကျင်ကို ဂရုတစိုက် လေ့လာနေပြီး လုံခြုံရေးကင်မရာ၏ မြင်ကွင်းကွယ်ရာနေရာကို အလျင်အမြန် ရှာတွေ့သွားကြ၏။

မြို့ပြကျေးရွာရှိ အိမ်များသည် မြေနေရာကို အများဆုံး အသုံးပြုနိုင်ရန် အဆောက်အဦးများကြားတွင် တစ်မီတာအောက်သာ ကွာဝေးပြီး စည်းကမ်းမဲ့ ဆောက်လုပ်ထားကြသည်။ ထိုလူနှစ်ဦးသည် ကင်မရာမမြင်ရသော ထောင့်ချိုးထဲသို့ ဝင်ရောက်သွားပြီး နံရံများကို ကျောကပ်ကာ အနည်းငယ် တွန်းကန်ရုံဖြင့် သွက်လက်သော ကျားသစ်များကဲ့သို့ အပေါ်သို့ တက်သွားကြသည်။

သူတို့၏ပစ်မှတ်သည် တတိယထပ်ရှိ ချူကျန့် အခန်း၏ ပြတင်းပေါက်ပင်။

ချူကျန့်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ လက်တွေ့ဘဝတွင် သူသည် သတိကြီးစွာထားပြီး မည်သူ့ကိုမျှ ရန်စခြင်း မရှိခဲ့ပေ။ မည်သည်ကြောင့် အနက်ရောင်ဝတ်စုံဝတ် လူနှစ်ဦးသည် မကောင်းသော ရည်ရွယ်ချက်ဖြင့် ညသန်းခေါင်ကြီး သူ့ထံသို့ ရောက်လာကြသနည်း။

သူ အချိန်တခဏကြာမျှ စဉ်းစားလိုက်ပြီးနောက် ကုတင်ပေါ်တွင် ငြိမ်သက်စွာ ဆက်လက်၍ လဲလျောင်းနေလိုက်သည်။

ဤနှစ်ယောက်သည် လက်တွေ့ကမ္ဘာတွင် ကျွမ်းကျင်သူများဟု သတ်မှတ်ခံရနိုင်သော်လည်း သူ၏မျက်လုံးထဲတွင်မူ လုံးဝတန်ဖိုးမရှိသော အမှိုက်များသာ ဖြစ်ပေ၏။ သူတို့သည် ကျည်ဆံတစ်တောင့်ကိုပင် ခံနိုင်ရည်မရှိဘဲ သူ၏ဖိနပ်ကို သယ်ပေးရန်ပင် မထိုက်တန်သူများ ဖြစ်သည်။ အကယ်၍ ချူကျန့်ကသာ ဤလူနှစ်ယောက်ကို သတ်ချင်ပါက သူ၏လက်တစ်ဖက်ကို လှုပ်ရှားရန်ပင် မလိုချေ။ သူ ထုတ်လွှတ်လိုက်သော အတွင်းအားတစ်ခုတည်းဖြင့်ပင် သူတို့ကို မတူညီသော နည်းလမ်းများ အသုံးပြုကာ အကြိမ်ရာပေါင်းများစွာ အသံတိတ် သတ်ဖြတ်နိုင်သည်။

အနက်ရောင်ဝတ်စုံဝတ် လူနှစ်ဦးသည် သူ၏ ပြတင်းပေါက်သို့ လျင်မြန်စွာ တက်လာပြီး ကိရိယာများကို ထုတ်ကာ သော့ကို လွယ်ကူစွာ ဖွင့်လိုက်ကြ၏။

ချူကျန့် ပို၍ပင် အံ့အားသင့်သွားခဲ့သည်။ သူတို့ အသုံးပြုသော ကိရိယာများသည် ခိုးမှုအသေးစားများတွင် သုံးလေ့ရှိသော ဈေးပေါသည့် ဝါယာကြိုးများ မဟုတ်ဘဲ အလွန်ခေတ်မီဆန်းပြားသော နည်းပညာမြင့် အလိုအလျောက် သော့ဖွင့်စက် ဖြစ်နေသောကြောင့်ပင်။

ဤအလိုအလျောက် သော့ဖွင့်စက်၏ တန်ဖိုးတစ်ခုတည်းကပင် သူ၏အခန်းထဲရှိ ပစ္စည်းများအားလုံးကို ဆယ်ဆမက ဝယ်နိုင်လောက်သည်။

သူသည် အသံမထွက်ဘဲ ငြိမ်နေလိုက်ပြီး အနက်ရောင်ဝတ်စုံဝတ်လူများကို သူ၏အခန်းထဲသို့ ဝင်လာခွင့် ပြုလိုက်၏။

အခန်းထဲတွင် ညအိပ်မီး ဖွင့်ထားသဖြင့် အနက်ရောင်ဝတ်စုံဝတ် လူနှစ်ဦးသည် ဂိမ်းဦးထုပ် ဆောင်းကာ ကုတင်ပေါ်တွင် လဲလျောင်းနေသော ချူကျန့်ကို ချက်ချင်းမြင်တွေ့လိုက်ရသည်။ သူတို့၏မျက်နှာများပေါ်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ ချက်ချင်းထင်ဟပ်လာသည်။

ဘယ်ဘက်ရှိ အနည်းငယ် ဝဖြိုးသော အနက်ရောင်ဝတ်စုံဝတ်လူက လက်ဟန်ပြလိုက်ရာ ကျန်တစ်ယောက်ဖြစ်သည့် အရပ်ပိုရှည်သော အနက်ရောင်ဝတ်စုံဝတ်လူက ဓားမြှောင်တစ်ချောင်းကို ထုတ်လိုက်ပြီး ချူကျန့်၏လည်ပင်းကို ခပ်ဖွဖွထောက်ကာ ဂိမ်းဦးထုပ်ကို ဆွဲချွတ်လိုက်သည်။

ချူကျန့်သည် အိမ်မက်မက်နေရာမှ လန့်နိုးလာသည့်အလား မျက်တောင်ပုတ်ခတ်ပုတ်ခတ်ပြီး သူ၏ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူနှစ်ဦးကို ကြောင်တောင်တောင်မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။ သူ၏လည်ပင်းမှ ဓားမြှောင်ကို မြင်လိုက်ရချိန်တွင် သူ အော်ဟစ်ရန် ဟန်ပြင်လိုက်သော်လည်း အရပ်ရှည်ရှည်လူက လက်ကို အားစိုက်လိုက်ရာ အေးစက်သော ဓားသွားသည် ချူကျန့်၏လည်မျိုကို ဖိကပ်သွားသည်။ ထိုလူက လေသံတိုးတိုးဖြင့် ခြိမ်းခြောက်လိုက်သည်။

"မလှုပ်နဲ့... အသံမထွက်နဲ့..."

ချူကျန့်က သူ၏လက်များကို ထိတ်လန့်တကြား မြှောက်လိုက်ပြီး တုန်တုန်ရီရီဖြင့် ပြောဆိုသည်။

"လူကြီးမင်းတို့... အသက်ချမ်းသာပေးပါ... ပိုက်ဆံလိုချင်လို့လား... ကျွန်... ကျွန်တော့်မှာ ဘာမှ မရှိပါဘူး..."

သူ၏သနားစရာကောင်းပြီး ငိုကြွေးလုမတတ် ဖြစ်နေသော ပုံစံကို မြင်တွေ့ချိန်၌ အနက်ရောင်ဝတ်စုံဝတ်လူနှစ်ဦး ပို၍ပင် အံ့အားသင့်သွားကြသည်။

အနည်းငယ် ဝဖြိုးသော အနက်ရောင်ဝတ်စုံဝတ်လူက နောက်ထပ်လက်ဟန်တစ်ခု ပြလိုက်ရာ အရပ်ရှည်ရှည်လူက ချူကျန့်အား ချက်ချင်းဆိုသလိုပင် တီးတိုးမေးမြန်းလိုက်၏။

"ငါ မင်းကို မေးခွန်းတစ်ခု မေးမယ်... မင်း ဖြေရမယ်... မင်း ငါ့ကို လိမ်ဖို့ ကြိုးစားရင် မင်းရဲ့လည်ပင်းကို ဖြတ်ပစ်မယ်..."

ချူကျန့်က ခေါင်းညိတ်ရန် ဟန်ပြင်လိုက်သော်လည်း သူ၏လည်ပင်းမှ ဓားမြှောင်ကို ခံစားမိသဖြင့် သူ၏ခန္ဓာကိုယ် ချက်ချင်းတောင့်တင်းသွားသည်။

အနက်ရောင်ဝတ်စုံဝတ် လူနှစ်ဦးသည် ချူကျန့်၏ အော်စကာဆုရလောက်သည့် သရုပ်ဆောင်မှုကို လုံးဝသံသယမဝင်ကြချေ။ အရပ်ရှည်ရှည်လူက သူ၏ဓားမြှောင်ကို အနည်းငယ် နောက်ဆုတ်လိုက်ပြီး မေးမြန်းသည်။

"မနေ့က နေ့လယ်တုန်းက မိန်းကလေးချင် မင်းဆီ လာရှာသေးလား..."

"မိန်းကလေးချင်က ဘယ်သူလဲ..."

ချူကျန့်က အနည်းငယ် ကြောင်တောင်တောင်ဖြင့် ပြန်မေးလိုက်သော်လည်း စိတ်ထဲတွင်တော့ ကျိန်ဆဲလိုက်မိသည်။ အလှတရားဟူသည်က ကျိန်စာတစ်ခု ဖြစ်နေသည်မှာ သေချာပေါက်ပင်။ ဤအနက်ရောင်ဝတ်စုံဝတ် လူနှစ်ယောက်သည် ချင်ရူယွင်၏နောက်သို့ လိုက်နေခြင်းသာ ဖြစ်ပေ၏။

ချင်ရူယွင်က 'ကျွန်မ ဒီကို ရောက်ခဲ့တာ ဘယ်သူမှ သိမှာမဟုတ်ဘူး ရှင်ရဲ့ ပုံမှန်ဘဝကိုလည်း ထိခိုက်စေမှာ မဟုတ်ပါဘူး... ကျွန်မ ထွက်သွားပြီးရင် ခြေရာလက်ရာ အားလုံးကို ဖျက်ပစ်မှာပါ"ဟု ပြောခဲ့သည် မဟုတ်လော...

မိန်းမများ၏ကတိစကားသည် အမှန်တကယ်ကို ယုံကြည်၍ မရချေ။

အနက်ရောင်ဝတ်စုံဝတ် လူနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် အရပ်ရှည်ရှည်လူက ခြိမ်းခြောက်လိုက်၏။

"မင်း ဟန်ဆောင်နေတုန်းလား..."

ချူကျန့်သည် ကြောက်လွန်းသဖြင့် အော်ဟစ်လုနီးပါး ဖြစ်သွားသော်လည်း အရပ်ရှည်ရှည်လူ၏ စူးစူးရဲရဲ အကြည့်ကြောင့် ပါးစပ်ပိတ်သွားရသည်။ သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုလိုက်သည်။

"သနားကြပါ... ကျွန်... ကျွန်တော် ဒီမိန်းကလေးချင်အကြောင်း ဘာမှ မသိပါဘူး... မနေ့က နေ့လယ်တုန်းက နေကာမျက်မှန် တပ်ထားတဲ့ အမျိုးသမီးတစ်ယောက်တော့ တံခါးလာခေါက်တယ်... သူက အခန်းမှားခေါက်မိပုံရတယ်... ကျွန်တော် တံခါးဖွင့်ပေးတာကို မြင်တော့ သူ လှည့်ထွက်သွားတယ်... အဲ့ဒါက ခင်ဗျားတို့ ပြောတဲ့ မိန်းကလေးချင် ဟုတ်မဟုတ်တော့ ကျွန်တော် မသိဘူး..."

သူ ကြောက်ရွံ့ပြီး တုန်ရီနေသည်ကို မြင်တွေ့ချိန်၌ အနက်ရောင်ဝတ်စုံဝတ်လူနှစ်ဦးသည် ပို၍ပင် အထင်သေးသွားကြ၏။ ထို့နောက် အနည်းငယ် ဝဖြိုးသော အနက်ရောင်ဝတ်စုံဝတ်လူက ပြောဆိုသည်။

"သူ ဘာပြောသွားသေးလဲ..."

ချူကျန့်က ခေါင်းခါပြလိုက်သည်။

"မပြောပါဘူး... ကျွန်တော် တံခါးဖွင့်တာကို မြင်တော့ စကားတစ်ခွန်းမှ မပြောဘဲ သူက လှည့်ထွက်သွားတာ... ကျွန်တော် နောက်ကနေ ခိုးကြည့်လိုက်တော့ သူက ပြန်လှည့်လာပြီး ကျွန်တော့်ကို လက်ညှိုးထိုးပြတယ်... ကျွန်တော်လည်း ကြောက်လွန်းလို့ တံခါးကို အမြန်ပြန်ပိတ်လိုက်ရတယ်... ပြီးတော့ ဘာဖြစ်လဲဆိုတာ ကျွန်တော် မသိတော့ဘူး..."

နောက်ထပ် မည်သည့်သတင်းအချက်အလက်မျှ မရနိုင်တော့သည်ကို မြင်တွေ့ချိန်၌ အနည်းငယ် ဝဖြိုးသော အနက်ရောင်ဝတ်စုံဝတ်လူက အရပ်ရှည်ရှည်လူအား တီးတိုးပြောဆိုလိုက်သည်။

"သွားကြစို့..."

အရပ်ရှည်ရှည်လူက ဓားမြှောင်ကို ဓားအိမ်ထဲသို့ ပြန်ထည့်ပြီး ခြိမ်းခြောက်လိုက်၏။

"ဒီည ဖြစ်ခဲ့တာကို ဘယ်သူ့ကိုမှ မပြောနဲ့... ပြောရင် မင်းရဲ့ခွေးအသက်ကို လာယူမယ်..."

ချူကျန့်သည် မျက်နှာဖြူဖပ်ဖြူရော်ဖြင့် ကုတင်ပေါ်တွင် ခွေခွေလေးနေကာ ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်သည်။

အနက်ရောင်ဝတ်စုံဝတ် လူနှစ်ဦးသည် ပြတင်းပေါက်မှ ထွက်သွားကြပြီး အမှောင်ထုထဲသို့ လျှင်မြန်စွာ ပျောက်ကွယ်သွားကြသည်။

သူတို့သည် မီတာရာပေါင်းများစွာ လမ်းလျှောက်လာပြီး လူပြတ်သည့် နေရာသို့ ရောက်မှသာ တိုးတိုးတိတ်တိတ် စတင်၍ ပြောဆိုကြသည်။

"မိန်းကလေးချင်က ဒီလိုအသုံးမကျတဲ့ကောင်ကို လာရှာမှာ မဟုတ်ဘူး... သူ နေရာမှားသွားတာ နေမှာပါ... ငါတို့ရဲ့အချိန်နဲ့ခွန်အားတွေကို ဖြုန်းတီးလိုက်သလိုပဲ..."

"ထူးဆန်းတယ်... မိန်းကလေးချင်က ဒီလို စုတ်ပြတ်နေတဲ့ နေရာမှာ ဘာလာရှာတာလဲ..."

"အဲ့ဒါကို ဘာလို့ စိတ်ပူနေမှာလဲ... မနက်ဖြန်ကျရင် ဒီကောင်လေးရဲ့ ဖိုင်ကို သေချာ စစ်ဆေးကြည့်မယ်... ဘာမှမမှားဘူးဆိုတာ သေချာရင် သခင်လေးဆီကို အမှန်အတိုင်း အစီရင်ခံလိုက်မယ်..."

ထိုလူနှစ်ယောက်သည် အနက်ရောင်ဆီဒင်ကားတစ်စီးပေါ်သို့ တက်လိုက်ပြီး မြို့ပြကျေးရွာမှ မောင်းထွက်သွားကြရာ ကားခေါင်မိုးပေါ်သို့ လူရိပ်တစ်ခု တိတ်တဆိတ် ရောက်ရှိနေသည်ကို လုံးဝသတိမထားမိကြချေ။

ဤလူ ရောက်ရှိနေသည်မှာ ဖုန်မှုန့်တစ်စက်မျှ မထစေဘဲ သရဲတစ္ဆေတစ်ကောင်အလားပင်။

All Chapters