ယွင်မုန့်ကုမ္ပဏီ
Vol. 7 Ch. 74
ချင်ရူယွင်က ယွင်မုန့်ကုမ္ပဏီတွင် ရှိနေကြောင်း ပြောသည်ကို ကြားချိန်၌ ချူကျန့်သည် မြေပုံကို အသုံးပြု၍ တည်နေရာ ရှာဖွေလိုက်၏။ ထိုနေရာသည် သူ၏လက်ရှိတည်နေရာမှ ခြောက်ကီလိုမီတာ ခုနစ်ကီလိုမီတာခန့် ကွာဝေးကြောင်း တွေ့ရှိမိသည်။ အကယ်၍ သူသာ ကိုယ်ဖော့ပညာကိုအသုံးပြုပြီး မိုးမျှော်တိုက်များကြားတွင် ခုန်ပျံသွားမည်ဆိုပါက တစ်မိနစ်အတွင်း လိုရာခရီးသို့ ရောက်ရှိသွားနိုင်သည်။
ချူကျန့်သည် တည်းခိုခန်းသို့ ပြန်၍ အဝတ်အစားလဲပြီး လက်ဖက်ရည်တစ်ခွက် သောက်ရန်နှင့် ယွင်မုန့်ကုမ္ပဏီအကြောင်း အချက်အလက်များကို ဖုန်းဖြင့် ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
ဤပြဿနာကောင် အမျိုးသမီးချင်ရူယွင်အကြောင်း ပို၍သိရှိထားခြင်းက သူ့အား ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်စေပြီး အန္တရာယ်တစ်စုံတစ်ခု ရှိလာပါက လျင်မြန်စွာ ထွက်ပြေးနိုင်စေပေမည်။ ချူကျန့်၏ ရည်မှန်းချက်မှာ မည်သည့်ပြဿနာထဲမှ ဝင်မပါဘဲ မိန်းကလေးချင်ထံမှ ငွေများများ ရရှိရန်ပင်။
သူ၏လေ့လာမှုအရ ယွင်မုန့်ကုမ္ပဏီသည် သူ ထင်ထားသည်ထက် ပို၍နာမည်ကျော်ကြားကာ အထူးသဖြင့် ဗီဒီယိုဂိမ်းလုပ်ငန်းတွင် ထင်ရှားကြောင်း တွေ့ရှိရသည်။
ထိုကုမ္ပဏီကို လွန်ခဲ့သော ငါးနှစ်ခန့်ကမှ စတင်၍ တည်ထောင်ခဲ့သော်လည်း ပရော်ဖက်ရှင်နယ် အီလက်ထရောနစ် အားကစားလောကသို့ ဝင်ရောက်နေပြီဖြစ်ကာ မိုဘိုင်းဂိမ်းများ အွန်လိုင်းဂိမ်းများနှင့် ကွန်ပြူတာဂိမ်းအမျိုးမျိုးတို့အား ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်လျက် ရှိသည်။
ယွင်မုန့်ကုမ္ပဏီသည် "မဟာသိုင်းလောကခေတ်"ကို ဖန်တီးသော ကုမ္ပဏီတွင်ပင် ရှယ်ယာများ ပိုင်ဆိုင်ထားသည်ဟု ကောလာဟလများ ထွက်ပေါ်နေပေ၏။ လူတချို့က ယွင်မုန့်ကုမ္ပဏီ၏ စုစုပေါင်းဈေးကွက်တန်ဖိုးသည် ယွမ်ငါးဘီလီယံ ကျော်လွန်သည်ဟု ခန့်မှန်းကြသည်။
အမှန်အားဖြင့် ဤသည်မှာ ခန့်မှန်းချက်သက်သက်ပင်။
အကြောင်းအရင်းမှာ ယွင်မုန့်ကုမ္ပဏီသည် စတော့အိတ်ချိန်းတွင် စာရင်းသွင်းထားခြင်းမရှိဘဲ တစ်ဦးတည်းပိုင်ဆိုင်သော လုပ်ငန်းဖြစ်သဖြင့် ပိုင်ဆိုင်မှုများကို အများပြည်သူထံသို့ ထုတ်ပြန်ကြေညာခြင်း မရှိသောကြောင့်ပင်။ ဤသည်ကြောင့် ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းပမာဏကို ကြည့်၍သာ ခန့်မှန်းနိုင်ခြင်း ဖြစ်သည်။
ယွင်မုန့်ကုမ္ပဏီ၏ နောက်ကွယ်မှ သူဌေးသည် အလွန်လျှို့ဝှက်နက်နဲပြီး အွန်လိုင်းပေါ်တွင် သတင်းအချက်အလက် အနည်းငယ်သာ ရရှိနိုင်သည်ဟု ကောလာဟလများ ရှိနေသည်။
တရားဝင်ကိုယ်စားလှယ်နှင့် စီအီးအိုမှာ ချင်းရွှေရွှေအမည်ရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသမီး တစ်ဦးပင်။ သူမသည် အတော်အသင့် နာမည်ကျော်ကြားကာ ယွင်မုန့်ကုမ္ပဏီ၏ ပြင်ပအခမ်းအနားများအနက် အားလုံးနီးပါးကို ကုမ္ပဏီကိုယ်စားလှယ်အဖြစ် တက်ရောက်လေ့ရှိသည်။
ဤအရာကို မြင်တွေ့ချိန် ချူကျန့်က နှုတ်ခမ်းမဲ့လိုက်၏။
'ဘာကို လျှို့ဝှက်နက်နဲတာလဲ... နောက်ကွယ်က သူဌေးဆိုတာ ချင်ရူယွင်မှလွဲပြီး တခြားသူ မဖြစ်နိုင်ဘူး'
"ငါးဘီလီယံတောင်လား..."
မိန်းကလေးချင် ချမ်းသာသည်ကို ချူကျန့် သိထားပြီး ဖြစ်သော်လည်း သူမသည် ဤမျှအထိ ချမ်းသာလိမ့်မည်ဟု သူ တွေးထင်မထားခဲ့မိချေ။
အကယ်၍ သူမက လက်ဝှေ့ယမ်းလိုက်ရုံဖြင့် သူ့ကို သန်းတစ်ရာလောက် ပေးလိုက်မည်ဆိုပါက သူ၏ရည်မှန်းချက်လေးကို လွယ်လင့်တကူ အောင်မြင်နိုင်ပေမည်။ သူသည် သာယာလှပသော တောင်တန်း သို့မဟုတ် တိတ်ဆိတ်ငြိမ်သက်သော ကမ်းခြေတစ်ခုတွင် အေးအေးလူလူ အငြိမ်းစားယူကာ နေထိုင်နိုင်မည် မဟုတ်လော။
ကံမကောင်းစွာဖြင့် ဤအမျိုးသမီးသည် ဉာဏ်ကောင်းသူဖြစ်ကြောင်း သိသာထင်ရှားပြီး သူ လွယ်လင့်တကူ အရူးလုပ်နိုင်မည့် လူစားမျိုး မဟုတ်ချေ။ အကယ်၍ သူ၏ဆွဲဆောင်မှုကို သူမအပေါ် အသုံးပြုလျှင်ပင် ထိရောက်ချင်မှ ထိရောက်ပေလိမ့်မည်။
ချူကျန့်သည် နောင်တရနေသကဲ့သို့ ခေါင်းခါယမ်းလိုက်ပြီး အွန်လိုင်းပေါ်မှ ယွင်မုန့်ကုမ္ပဏီအကြောင်း ဆက်လက်၍ ဖတ်ရှုလိုက်သည်။
ယွင်မုန့်ကုမ္ပဏီနှင့် ပတ်သက်၍ အကျော်ကြားဆုံးအရာမှာ ကုမ္ပဏီမှ ထုတ်လုပ်သော ဂိမ်းများ မဟုတ်ဘဲ ပရော်ဖက်ရှင်နယ် အားကစားအသင်းများနှင့် ပရော်ဖက်ရှင်နယ် ကစားသမားများပင်။
ယမန်နှစ်က ကျင်းပခဲ့သော မဟာသိုင်းလောကခေတ်၏ ပရော်ဖက်ရှင်နယ်လိဂ်ပြိုင်ပွဲတွင် ယွင်မုန့်ကုမ္ပဏီ၏ "ဟုန်ဖန်းမိန်းမလှလေးများအသင်း" သည် သက်တမ်းရင့် ပရော်ဖက်ရှင်နယ် အသင်းများစွာကို အနိုင်ယူပြီး အသင်းလိုက် ပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သည်။
တစ်ချိန်တည်းမှာပင် ကုမ္ပဏီ၏ ပရော်ဖက်ရှင်နယ် ကစားသမား "လေပြင်းတိုက်ခတ် ကြာရွက်မကြွေ" သည်လည်း ထူးချွန်ပြောင်မြောက်သော ရလဒ်များကို ရရှိခဲ့ပြီး တစ်ဦးချင်းချန်ပီယံဆုကို ဆွတ်ခူးကာ တစ်ညအတွင်း နာမည်ကြီးလာပြီး အီလက်ထရောနစ် ဂိမ်းလောကတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
လျှို့ဝှက်နက်နဲသော အမျိုးသမီး ပရော်ဖက်ရှင်နယ် ကစားသမား ဖြစ်သည့် "လေပြင်းတိုက်ခတ် ကြာရွက်မကြွေ"၏ဂိမ်းဇာတ်ကောင် ပုံရိပ်များသာ အွန်လိုင်းတွင် ရှိနေသည်။ သူမသည် အလွန်လှပပြီး ကစားသမားများက "မဟာသိုင်းလောကခေတ်၏ နံပါတ်တစ် ဂိမ်းကစားသူ အလှပဂေး" ဟုပင် တင်စားခေါ်ဝေါ်ကြသည်။
ဂိမ်းဇာတ်ကောင်များကို စိတ်ကြိုက် ဖန်တီးနိုင်သော်လည်း လက်တွေ့ဘဝပုံစံနှင့် ရုပ်ရည်သွင်ပြင်အပေါ် အခြေခံထားခြင်းပင်။ ထို့ကြောင့် "လေပြင်းတိုက်ခတ် ကြာရွက်မကြွေ" သည် အလွန်ချောမောလှပသော မိန်းကလေးတစ်ဦး ဖြစ်သည်ဟူသော ကောလာဟလများ ကျယ်ပြန့်စွာ ထွက်ပေါ်နေသော်လည်း ယွင်မုန့်ကုမ္ပဏီဘက်မှ အတည်ပြုခြင်း မရှိခဲ့ချေ။
ဤအရာကို မြင်တွေ့ချိန်၌ ချူကျန့်က သူ၏မေးကို ပွတ်သပ်လိုက်၏။
အကယ်၍ သူ အမှတ်မမှားလျှင် ဆာဗာအသစ်တွင် ချင်ရူယွင်၏ ID သည် "မိုးရေစိုရွှဲ ကြာရွက်မကြွေ" ဖြစ်ပြီး ဤ"လေပြင်းတိုက်ခတ် ကြာရွက်မကြွေ" နှင့် စာလုံးတစ်လုံးသာ ကွာခြားသည်။
"မိုးရေစိုရွှဲ ကြာရွက်မကြွေ" သည် သိုင်းလောက ကြေညာချက်တွင် အကြိမ်ပေါင်းများစွာ ပါဝင်ခဲ့တာကို ထည့်သွင်းစဉ်းစားလိုက်လျှင် ထိုလူသည် "လေပြင်းတိုက်ခတ် ကြာရွက်မကြွေ" နှင့် တစ်ယောက်တည်းဖြစ်ရန် သေချာသလောက်နီးပါးပင်။
"လေပြင်းတိုက်ခတ် ကြာရွက်မကြွေ" သည် ဆာဗာအဟောင်းတွင် ဆော့ကစားနေသော ချင်ရူယွင်၏အဓိကအကောင့် ဖြစ်ပြီး "မိုးရေစိုရွှဲ ကြာရွက်မကြွေ" ကမူ ဆာဗာအသစ်၌ ကစားသည့် အကောင့်အသစ် ဖြစ်ပုံရသည်။
ချူကျန့်၏နှုတ်ခမ်းများ မသိမသာ မဲ့ရွဲ့သွားပေ၏။
"နောက်နေတာလား... ကိုယ်ပိုင်ကုမ္ပဏီ ဖွင့်ပြီး ချမ်းသာနေတာ တစ်ခုတည်းနဲ့ မလုံလောက်လို့ ပရော်ဖက်ရှင်နယ်လိဂ်ရဲ့ တစ်ဦးချင်း ပြိုင်ပွဲက ဆုကြေးငွေ သန်း ၅၀ ကိုပါ ဝင်ယူလိုက်သေးတယ်ပေါ့... ဒါက ယုတ်မာလွန်းရာ ကျမနေဘူးလား..."
သူမကို တစ်ညလုံး စားသောက်ပျော်ပါးအောင် ထားပြီး ရှစ်နာရီ ဆယ်နာရီလောက် အချိန်ဆွဲကာ သိန်းနှင့်ချီ၍ ပြန်ယူရန် သူ ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ လူချမ်းသာတစ်ယောက်ဆီမှ ဓားပြတိုက်ပြီး ဆင်းရဲသားတစ်ယောက်ကို ပြန်ကူညီခြင်းပင်။
အချိန်နီးကပ်လာပြီဖြစ်သောကြောင့် ချူကျန့်သည် ပြတင်းပေါက်မှ တိတ်တဆိတ် ထွက်လာပြီး ကိုယ်ဖော့ပညာကို ထုတ်သုံးလိုက်သည်။ အလွန်လျင်မြန်သော ညငှက်တစ်ကောင်အလား သူသည် ညကောင်းကင်ယံကို ဖြတ်သန်းပြီး မယုံကြည်နိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် ပြေးလွှားသွားပေ၏။ တစ်စုံတစ်ယောက်က စောင့်ကြည့်နေလျှင်ပင် လူရိပ်တစ်ခု ဖျတ်ခနဲ ဖြတ်ပြေးသွားသည်ကိုသာ မြင်လိုက်ရမည်ဖြစ်ပြီး သူတို့ အမြင်မှားသည်ဟုသာ ထင်မှတ်သွားပေလိမ့်မည်။
တစ်မိနစ်မပြည့်ခင်မှာပင် ချူကျန့်သည် ယွင်မုန့်ကုမ္ပဏီ တည်ရှိရာ "ယွင်မုန့် အဆောက်အဦး" ၏ အပြင်ဘက်သို့ ရောက်ရှိနေလေပြီ။
ယွင်မုန့်ကုမ္ပဏီသည် မြို့လယ်ခေါင်တွင် အထပ် ၃၀ပါ ရုံးအဆောက်အဦးတစ်ခုလုံးကို ကိုယ်ပိုင်အဖြစ် ပိုင်ဆိုင်ထားသည်။ အသုံးမပြုသော အထပ်များကို ငှားရမ်းထားခြင်းဖြင့် ကုမ္ပဏီသည် လစဉ်ငှားရမ်းခငွေများ သန်းပေါင်းများစွာ ရရှိနေပေ၏။
ချူကျန့်၏စိတ်ထဲတွင် မနာလိုဝန်တိုမှုများ မြင့်တက်လာသည်။ အကယ်၍ သူ့ထံတွင်သာ ထိုရုံးအဆောက်အဦး ရှိနေပါက ဂိမ်းထဲတွင် ငွေရှာရန် နည်းလမ်းများကို အပင်ပန်းခံ၍ ရှာဖွေနေရန် လိုအုံးမည်လော။
ဂိမ်းထဲတွင် နာမည်ကြီးရုံသာမက မရေမတွက်နိုင်သော လူများ၏ ပစ်မှတ်ထားခြင်းကိုလည်း ခံနေရသည်ကို ပြန်တွေးမိချိန်၌ ချူကျန့်သည် ဂိမ်းထဲသို့ ပြန်ဝင်ရန် စိတ်ကုန်သွားတော့သည်။
ဤသည်မှာလည်း သူ အပြင်ထွက်ပြီး ချင်ရူယွင်နှင့် အဖော်ပြုပေးရန် သဘောတူလိုက်ရသည့် အကြောင်းအရင်းပင်။
သူ အချိန်တခဏကြာမျှ ပုန်းအောင်းနေရန် လိုအပ်ပေ၏။
သူသည် နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်လိုက်ပြီး ရုံးအဆောက်အဦး တစ်ခုလုံးကို စစ်ဆေးလိုက်သည်။ အဆောက်အဦးတစ်ခုလုံးတွင် မြင်ကွင်းကွယ်ရာမရှိသော စောင့်ကြည့်ကင်မရာများ အနီအောက်ရောင်ခြည် အာရုံခံကိရိယာများ ထိတွေ့လိုက်သည်နှင့် အချက်ပေးသံမြည်မည့် ကိရိယာများ အလွန် သဘာဝကျသော 3D နံရံများစသည့် နည်းပညာမြင့် လုံခြုံရေးပစ္စည်းများ တပ်ဆင်ထားသည်ကို သူ တွေ့ရှိလိုက်ရသည်။ ထို့ပြင် နေရာအနှံအပြား၌ ကင်းလှည့်နေသော လုံခြုံရေးဝန်ထမ်းများလည်း ရှိနေသဖြင့် ချူကျန့် အံ့အားသင့်သွားသည်။
အထပ်၂၀အထက်တွင်မူ ကာကွယ်ရေးစနစ်များမှာ ပို၍ပင်လွန်ကဲနေသည်။ နံရံများသည် တစ်မီတာနီးပါးထူပြီး အလယ်တွင် ၃၀ စင်တီမီတာရှိသော သံမဏိပြားများ ပါရှိရာ လက်နက်ကြီးများပင် ဖောက်ဝင်နိုင်မည် မဟုတ်ပေ။ ကျွမ်းကျင်ပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားသော သက်တော်စောင့်များကို ငါးလှမ်း သို့မဟုတ် ဆယ်လှမ်းလျှင် တစ်ယောက်ကျ ချထားရာ ထိုမျှကြီးမားသော လုံခြုံရေး အတိုင်းအတာကြောင့် ချူကျန့် စကားပင် မပြောနိုင်တော့ချေ။
ချင်ရူယွင်သည် ၂၉ ထပ်တွင် ရှိနေသည်။ သူမသည် ချူကျန့်အတွက် ပြတင်းပေါက်ကို ကြိုတင်ဖွင့်ထားပေးသော်လည်း အချည်းနှီးသာ ဖြစ်နေပေ၏။
ပြတင်းပေါက် ပွင့်နေခြင်းက အရေးကြီးသလော။ အဓိကမေးခွန်းမှာ ထိုမျှတင်းကြပ်သော စောင့်ကြည့်မှုအောက်တွင် မည်သူက ၂၉ ထပ်အထိ လူမမိဘဲ တက်နိုင်မည်နည်း။
"ဒီလောက်များတဲ့ တစ်နာရီလုပ်အားခက လွယ်လွယ်နဲ့ ရမှာမဟုတ်ဘူးဆိုတာ ငါ သိသားပဲ..."
ချူကျန့်က ခေါင်းခါယမ်းလိုက်သည်။ အကယ်၍ သူသာ အစွမ်းကုန် ထုတ်သုံးလိုက်ပါက တစ်စက္ကန့်အတွင်း ထိုနေရာသို့ ဝင်ရောက်နိုင်သည်။ သို့သော် ချင်ရူယွင်သည် သူ၏ စွမ်းအား ဆယ်ပုံတစ်ပုံကိုသာ သိထားသဖြင့် သူသည် ထိုအတိုင်းအတာလောက်သာ ထုတ်ပြနိုင်ပေမည်။ ဤသည်ကြောင့် ချင်ရူယွင် ရှိနေသော ၂၉ ထပ်သို့ ဝင်ရောက်ရန်မှာ လွယ်ကူမည် မဟုတ်ပေ။
သို့သော် ဤအခက်အခဲဆိုသည်မှာ တခြားလူများအတွက်သာ ဖြစ်သည်။ ချူကျန့်အတွက်မူ သူ၏အတွင်းအားကို ထုတ်လွှတ်ပြီး ပတ်ဝန်းကျင်ကို အာရုံခံလိုက်ပါက ထောင်ချောက်များနှင့် စောင့်ကြည့်ကင်မရာ အားလုံးကို လွယ်လင့်တကူ ရှောင်တိမ်းနိုင်ပေမည်။
သို့သော် သူ၏ စွမ်းအားကို အလွန်အကျွံ ထုတ်ဖော်မပြနိုင်သည်ကို ထည့်သွင်းစဉ်းစားလိုက်ရာ ချူကျန့်သည် ချင်ရူယွင်၏ ရှေ့သို့ အောင်မြင်စွာ ရောက်ရှိရန် ငါးမိနစ်ခန့် အချိန်ယူလိုက်ရသည်။
ချင်ရူယွင်သည် ပြတင်းပေါက်ကို စိုက်ကြည့်နေခဲ့ပေ၏။ သူ ပြတင်းပေါက်မှ တက်လာပြီး ခုန်ဆင်းလိုက်သည်ကို မြင်တွေ့ချိန်၌ သူမသည်ပထမဆုံး အံ့အားသင့်သွားပြီးနောက် ချိုသာစွာ ပြုံးကာ သူ့ကို နှုတ်ဆက်ရန် မတ်တတ်ထရပ်လိုက်သည်။
"ရှင် တကယ် လာတာပဲ..."
သူမသည် ပေါ့ပါးသော အိမ်နေရင်းဝတ်စုံကို ဝတ်ဆင်ထားပြီး အတိုအပြတ်ဖြစ်သော်လည်း ဖော်ချွတ်လွန်းခြင်းမရှိပေ။ ရေချိုးပြီးစဖြစ်ပုံရပြီး စိုစွတ်နေသေးသော သူမ၏ဆံနွယ်ရှည်များသည် ရေတံခွန်တစ်ခုအလား ဖြာကျနေပေ၏။
မိတ်ကပ် လုံးဝမလိမ်းထားသော သူမ၏အပြစ်အနာအဆာမဲ့သည့် မျက်နှာသည် ပန်းရောင်သန်းနေပြီး သဘာဝအလှကို ထုတ်ဖော်ပြသနေသည်။
ချူကျန့်ကို အံ့အားသင့်စေဆုံးအရာမှာ မိန်းကလေးချင်၏ ကြယ်ပွင့်များအလား တောက်ပနေသော မျက်လုံးများတွင် ပျော်ရွှင်မှုများ ယှက်သန်းနေပြီး သူ့ကို တွေ့ရသည်မှာ အမှန်တကယ် ဝမ်းသာနေသည့်ပုံ ပေါက်နေခြင်းပင်။
ထူးဆန်းလိုက်တာ....
သူ ငါ့အပေါ်ထားတဲ့ သဘောထားက ပြီးခဲ့တဲ့ အခေါက်နဲ့မတူဘဲ ပိုပြီး ရင်းနှီးလာသလိုပဲ...
ချူကျန့်သည် သူမ၏စကပ်တိုလေးကို ကြည့်ပြီး ပြောဆိုလိုက်၏။
"အဝတ်အစား သွားလဲလိုက်ပါလား..."
ချင်ရူယွင်က သူမ၏ခေါင်းကိုစောင်း၍ သူ့ကို ကြည့်လေသည်။
"ဒီဝတ်စုံက မလှလို့လား..."
သူမ၏ ကြောင်တောင်တောင် အမူအယာကို မြင်တွေ့ချန်၌ ချူကျန့်က ဒေါသတကြီး ပြောဆိုလိုက်သည်။
"ကျား မ မထိတွေ့ရဘူးဆိုတာ မသိဘူးလား... ရိုးရိုးသားသား ပြောရရင် မင်း ဒီလိုဝတ်ပြီး ငါနဲ့ အတူထိုင်နေတာကို တခြားသူတွေ သိသွားရင် ငါ့ရဲ့ဂုဏ်သိက္ခာ ထိခိုက်သွားမှာပေါ့... မဖြစ်ဘူး... မင်းက ငါ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှုအတွက် လျော်ကြေးပေးရမယ်..."
ချင်ရူယွင်က ရယ်မောလိုက်ပြီး သူ့ကို မျက်စောင်းထိုးကာ အပြစ်တင်သံဖြင့် ပြောဆိုသည်။
"ရှင်က တော်တော် အရှက်မရှိတာပဲ... ဒီနေရာကို ဘယ်သူမှ ဝင်လာမှာ မဟုတ်ဘူး... ပြီးတော့ ကျွန်မ ဒီလိုဝတ်တာကို မြင်ဖူးတဲ့ ပထမဆုံးလူက ရှင်ပဲ..."
ငါတို့က ရင်းနှီးတဲ့ သူငယ်ချင်းတွေလိုမျိုး ဖြစ်နေပါလား...
ချူကျန့်သည် သူ၏ရှေ့ရှိ မိန်းကလေးကို နားမလည်နိုင်သကဲ့သို့ ဖြစ်နေသော်လည်း သူမထံမှ မည်သည့် ရန်လိုမှုကိုမျှ အာရုံမခံမိချေ။
ချင်ရူယွင်သည် ဆိုဖာဆီသို့ ပြန်လျှောက်သွားပြီး ထိုင်ချလိုက်ကာ လက်ဖက်ရည်ဖျော်ရန် ပြင်ဆင်လိုက်သည်။
"ရှင် ကြိုက်တဲ့နေရာမှာ ထိုင်ပါ..."
ချူကျန့်သည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်ရာ ဤနေရာသည် ဇိမ်ခံသီးသန့်ခန်းတစ်ခန်းနှင့်တူညီပြီး အထပ်တစ်ထပ်လုံးကို အသုံးပြုထားကြောင်း တွေ့လိုက်ရသည်။ သူသည် လက်ရှိတွင် ကျယ်ဝန်းသော ဧည့်ခန်းကြီးထဲ၌ ရောက်ရှိနေပြီး အလွန်ခမ်းနားထည်ဝါသော ပရိဘောဂများဖြင့် ပြင်ဆင်ထားသည်။
ချူကျန့်သည် သူ ညစ်ပေအောင် လုပ်မိခဲ့သော နှင်းဖြူရောင်ကော်ဇောကို ကြည့်ကာ အချိန်တခဏကြာမျှ တွေးတောလိုက်ပြီးနောက် ကော်ဇောပေါ်မှပင် ဆိုဖာဆီသို့ ဆက်လျှောက်သွားကာ သက်တောင့်သက်သာ ထိုင်ချပြီး အကြောဆန့်လိုက်သည်။
"စားသောက်ပြီး စကားပြောပေးရမယ့် အချိန်မှတ်တာကို အခု စလိုက်တော့မလား..."
ဤမိန်းကလေးသည် ညသန်းခေါင်ယံကြီး သူ့ကို သရေစာစားရင်း အဖော်ပြုပေးရန် သက်သက်ဖြင့် ဤမျှထိ ဈေးကြီးပေးကာ ခေါ်ယူခဲ့သည်ကို ချူကျန့် အနည်းငယ် သံသယ ဝင်နေမိသည်။ သို့သော် ရောက်လာသမျှဒုက္ခကို သူ ရင်ဆိုင်ဖြေရှင်းရုံပင်။ သူမထံ၌ မကောင်းသော ရည်ရွယ်ချက် မရှိသရွေ့ ချူကျန့်အနေဖြင့် သူမကို လုံးဝကြောက်ရွံ့နေမည် မဟုတ်ပေ။
'သူက ငါ့ကို စားနိုင်ပါ့မလား...'