အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အခန်း (၂၁) - မင်းက တန်းစီဖို့တောင် အလှည့်မရောက်သေးဘူး။
"အပြင်ဂိုဏ်းသား လုချိုး ၊ ဓားရွေးဖို့ လာတာပါ။"
ဓားသင်္ချိုင်း အဝင်ဝတွင်၊ ရုပ်ရည်ချောမောပြီး ရှက်တတ်ပုံရသည့် လူငယ်လေးတစ်ဦးက စကားပြောလာသည်။
ပြီးခဲ့သည့် ဓားရွေးချယ်ပွဲ စိန်ခေါ်မှုအတွင်း စုချန်က အပြင်ဂိုဏ်းသား အများအပြားကို ဆက်တိုက် အနိုင်ယူခဲ့သဖြင့် သာမာန် ဂိုဏ်းသားများမှာ သူ့ကို စိန်မခေါ်ရဲတော့ပေ။
ယခု ဓားလာရွေးသူ အားလုံးမှာ စမ်းသပ်ပွဲများကို အောင်မြင်ထားကြပြီး ဓားရွေးခွင့် ရထားသူများ ဖြစ်ကြသည်။
စုချန် အနေဖြင့် စည်းမျဉ်းများအတိုင်း သူတို့၏ အထောက်အထားကို စစ်ဆေးပေးရန်သာ လိုအပ်သည်။
"လုချိုး... အပြင်ဂိုဏ်း စမ်းသပ်ပြိုင်ပွဲမှာ အဆင့် ၁၀ ရထားသူပဲ။ ဓားသင်္ချိုင်းထဲ ဝင်ရောက်ပြီး သာမန်ဓား ရွေးချယ်ခွင့် ပြုလိုက်သည်...။"
စမ်းသပ်ပြိုင်ပွဲ ဆိုသည်မှာ ရှုတောင် အပြင်ဂိုဏ်းသားများအတွက် သုံးလတစ်ကြိမ် ကျင်းပလေ့ရှိသော အဆင့်သတ်မှတ်ပွဲ ဖြစ်သည်။
ထိပ်ဆုံး ၁၀၀ စာရင်းဝင်သူများကို ထူးချွန်သူများအဖြစ် သတ်မှတ်ကြသည်။
ထိပ်ဆုံး ၁၀ ယောက် စာရင်းဝင်သူများမှာမူ အလွန်ကျွမ်းကျင်သော တိုက်ခိုက်ရေးသမားများ ဖြစ်ကြပြီး၊ ၎င်းတို့အား ဓားရွေးချယ်ခွင့် ပေးအပ်လေ့ရှိသည်။
အထောက်အထား စစ်ဆေးပြီးနောက် စုချန်က အချိန်ကြာအောင် မလုပ်တော့ဘဲ ခါးချိတ်တံဆိပ်ပြားကို ပြန်ပေးလိုက်သည်။
ထိုလူငယ်က အလိုက်တသိဖြင့် ဝိညာဉ်ကျောက်တုံး တစ်တုံး ထုတ်ပေးလိုက်သည်။
ဒါက ဓားရွေးချယ်ခွင့်အတွက် ကုန်ကျစရိတ် ဖြစ်သည်။
၎င်းသည် ဓားသင်္ချိုင်းစောင့် ဂိုဏ်းသားများ ရရှိသော တရားမဝင် အကျိုးခံစားခွင့် တစ်ခုလည်း ဖြစ်သည်။
ယခုအချိန်တွင် သူ့ကို လာရောက်စိန်ခေါ်သူ မရှိတော့သဖြင့် ဤကဲ့သို့ ဝန်ဆောင်ခ အနည်းငယ်သာ ကောက်ခံနိုင်သည်။ သို့သော် နည်းနည်းဆိုရင်လည်း ပိုက်ဆံပဲလေ၊ စုချန်က ပမာဏကို ဂရုမစိုက်ပေ။
"ဝင်သွားလို့ရပြီ။ အမွှေးတိုင် တစ်တိုင်စာ ကြာမြင့်ချိန် ရမယ်။ မှတ်ထားပါ၊ ဓားရွေးတဲ့အခါ အတင်းအကျပ် မလုပ်ပါနဲ့။ ကိုယ်တတ်နိုင်သလောက်ပဲ လုပ်ပါ။ မဟုတ်ရင် ဓားစွမ်းအင်ကြောင့် ဒဏ်ရာရလိမ့်မယ်။ ငါ သတိမပေးဘူးလို့ အပြစ်မတင်နဲ့နော်။"
"သတိပေးတာ ကျေးဇူးတင်ပါတယ်။"
လုချိုး ခေါင်းညိတ်လိုက်ပြီး ဓားသင်္ချိုင်းထဲသို့ ဝင်သွားသည်။
ဝင်ဝင်ချင်းတွင် သူ့အရေပြား တစ်ခုလုံး စူးရှနာကျင်သွားသည်ကို ခံစားလိုက်ရသည်။ ဓားသင်္ချိုင်းထဲတွင် ပြည့်နှက်နေသော သတ်ဖြတ်ခြင်း အရှိန်အဝါသည် အလွန်နက်ရှိုင်းသဖြင့် အသက်ရှူရပင် ခက်ခဲစေသည်။
သူ အမြန် လက်သင်္ကေတ လုပ်လိုက်ပြီး ရေဒိုင်းတစ်ခု ဖန်တီးကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်မှ အနည်းငယ် သက်သာသွားသည်။
သူ့ဘေးနားရှိ စုချန်ကို လှည့်ကြည့်လိုက်ရာ တည်ငြိမ်အေးဆေးစွာ ရှိနေပြီး မည်သည့် မသက်မသာဖြစ်မှုကိုမျှ မပြသကြောင်း တွေ့လိုက်ရသည်။ ဒီလို ပတ်ဝန်းကျင်မျိုးမှာ နေထိုင်ပြီး ကျင့်ကြံနိုင်သည့် ဓားသင်္ချိုင်းစောင့် ဂိုဏ်းသား စုချန်ကို သူ စိတ်ထဲမှ လေးစားသွားမိသည်။
စုချန် သူ့ကို လျစ်လျူရှုထားလိုက်သည်။ ထိုအချိန်တွင် နောက်ထပ် အပြင်ဂိုဏ်းသား အချို့ ဓားရွေးရန် ရောက်လာကြသည်။
ခေါင်းဆောင်လုပ်သူမှာ အရပ်ရှည်ပြီး ကြွက်သားအဖုအထစ်များနှင့် လူငယ်တစ်ဦးဖြစ်ကာ၊ အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်နီနီများကြောင့် အလွန် ထင်ရှားနေသည်။ သူ့လှုပ်ရှားမှုတိုင်းတွင် ရိုင်းစိုင်းပြီး ထိန်းချုပ်မရသော အငွေ့အသက်များ ထွက်ပေါ်နေသည်။
"ဒါ ဓားသင်္ချိုင်းလား? ဘာမှလည်း ထူးခြားပုံမရှိပါလား။"
ဆံပင်နီနှင့် လူငယ် ဝင်လာသည်နှင့် ပူပြင်းသော အနီရောင် အလင်းတန်းများ ဖြာထွက်လာပြီး၊ မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ ပတ်ဝန်းကျင်မှ ထွက်ပေါ်နေသော ဓားစွမ်းအင်များကို ဖိနှိပ်လိုက်သည်။
သူ့နောက်မှ ပါလာသော နောက်လိုက်များက မြှောက်ပင့် ပြောဆိုလိုက်ကြသည်။ "စီနီယာအစ်ကိုကြီး ထော်ဘ,ယန် က ကျင့်ကြံမှု နက်ရှိုင်းပြီး မှော်စွမ်းအင် အားကောင်းတာပဲ။ ဓားသင်္ချိုင်းရဲ့ မိစ္ဆာစွမ်းအင်လောက်က အစ်ကိုကြီးကို ဘယ်လိုလုပ် အန္တရာယ် ပေးနိုင်မှာလဲ။"
ဆံပင်နီ လူငယ်သည် သူ့လက်အောက်ငယ်သားများ၏ မြှောက်ပင့်မှုကို အလွန် သဘောကျပုံရပြီး သူ့မာန်မာန ပိုကြီးလာသည်။
ထိုအချိန်တွင် သူ ဓားသင်္ချိုင်း အဝင်ဝသို့ ရောက်လာပြီး စုချန်ကို တစ်ချက်ကြည့်ကာ ဘာမှမပြောဘဲ တည့်တည့် ဝင်သွားရန် ပြင်လိုက်သည်။
"ရပ်လိုက်"
စုချန် သူ့ကို လှမ်းခေါ်လိုက်သည်။
"ဓားရွေးချင်ရင် အရင်ဆုံး အထောက်အထား တံဆိပ်ပြား ပြပြီး စာရင်းသွင်းရမယ်။"
"အထောက်အထား ပြရမယ်? မင်း ငါ့ကို မသိဘူးလား။"
ဆံပင်နီ လူငယ် ရပ်တန့်သွားပြီး အံ့သြစွာ မေးလိုက်သည်။
ဘေးနားရှိ တစ်ယောက်က ချက်ချင်း ရှေ့ထွက်လာပြီး အော်ပြောလိုက်သည်။ "ဟေ့ကောင်၊ မင်းက တော်တော် အကောင်းအဆိုး မသိပါလား! ဒါက ဒီနှစ် လူသစ်စမ်းသပ်ပွဲရဲ့ ပထမဆုရှင်၊ ဓားခန်းမ အကြီးအကဲ ကိုယ်တိုင် ချီးကျူးထားတဲ့ ပါရမီရှင် ဂိုဏ်းသားအစ်ကိုကြီး ထော်ဘ,ယန်ပဲ! ဘယ် ရှုတောင်ဂိုဏ်းသားက သူ့ကို မသိဘဲနေမှာလဲ။ ဂိုဏ်းတူအစ်ကိုကြီးက ဓားလာရွေးတာကို မင်းက တားရဲသေးတယ်ပေါ့။"
လူသစ်စမ်းသပ်ပွဲ ပထမဆုရှင်?
သူ့မှာ အရည်အချင်းတော့ ရှိသားပဲ၊ ဒီလောက် မာနကြီးနေတာ မဆန်းပါဘူး။
ဒါပေမဲ့။
ဓားသင်္ချိုင်းမှာ သူ့စည်းမျဉ်းနဲ့သူ ရှိတယ်။ မင်းက နံပါတ်တစ် ရထားတဲ့ လူသစ်ပဲ ဖြစ်ဖြစ်၊ နှစ်ကုန် စာမေးပွဲမှာ ထိပ်ဆုံးရောက်တဲ့ အပြင်ဂိုဏ်းသားပဲ ဖြစ်ဖြစ်၊ ဒီမှာ ဓားလာရွေးရင် သို့မဟုတ် ဓားလာလဲရင် စာရင်းသွင်းရမှာပဲ။
အရင်တုန်းက ဓားသင်္ချိုင်းစောင့် ဂိုဏ်းသားတွေက အားနည်းတော့ သူများကို မစော်ကားရဲဘဲ တချို့ကိစ္စတွေကို မျက်ကွယ်ပြုပေးခဲ့ကြတယ်။
ဒါပေမဲ့ အခု ဒီနေရာမှာ ရှိနေတာက စုချန်လေ။ သူ့ကို မျက်နှာသာ ပေးနေမှာ မဟုတ်ဘူး။
ထို့ကြောင့် သူက ပြောလိုက်သည်။ "မင်း ဘယ်သူလဲ ဆိုတာ ငါဂရုမစိုက်ဘူး၊ စည်းကမ်းဆိုတာ စည်းကမ်းပဲ။ အထောက်အထား စစ်ဆေး၊ စာရင်းသွင်း၊ ပြီးမှ ဝိညာဉ်ကျောက်တုံး ပေးပြီး ဓားရွေးလို့ရမယ်။ မဟုတ်ရင် ထွက်သွားပါ။"
"မင်း!"
သာမန် ဓားသင်္ချိုင်းစောင့် တစ်ယောက်က သူ့ကို မလေးမစား လုပ်ရဲလိမ့်မည်ဟု ထော်ဘ,ယန် ထင်မထားသဖြင့် အံ့သြသွားပြီး မျက်နှာ ချက်ချင်း မည်းမှောင်သွားသည်။
ထိုအချိန်တွင် လူတစ်ယောက် ရောက်လာပြီး စကားအနည်းငယ် တိုးတိုး ပြောလိုက်သည်။
သူ ရုတ်တရက် သဘောပေါက်သွားပြီး ရယ်မောလိုက်သည်။ "ငါက ဘယ်သူမှတ်လို့၊ မင်းက စုချန်ကိုး? အမွေခံဂိုဏ်းသားကို အာခံရဲပြီး၊ အတွင်းစည်းဂိုဏ်းသား တစ်ယောက်နဲ့ ကောင်းကင်ဘုံပြစ်ဒဏ်ပေးစင်မြင့်ထိ တက်ပြိုင်ဖို့ မဆင်မခြင် စိန်ခေါ်ထားတဲ့သူပဲ။ ဒီလောက် ခေါင်းမာနေတာ မဆန်းပါဘူး။"
"ကြည့်ရတာ တစ်နေ့ကုန် ဓားသင်္ချိုင်းထဲ နေပြီး မိစ္ဆာ စွမ်းအင်တွေကြောင့် စိတ်နောက်နေပြီ ထင်တယ်။"
"သေခါနီး လူမိုက်က လေကြီးလေကျယ် လုပ်နေသေးတယ်။ ထွက်သွားစမ်း။"
လူအုပ်ကြီးက သူ့ကို တစ်ယောက်ပြီးတစ်ယောက် လှောင်ပြောင်လာကြသည်။
စုချန်က စိတ်ရှည်သူ ဖြစ်ပြီး သူတို့နှင့် ဖက်ပြိုင်ငြင်းခုံရန် ပျင်းနေသဖြင့် လက်ကိုမြှောက်ကာ အကျယ်လောင်ဆုံး ရယ်မောနေသူကို ပါးရိုက်လိုက်သည်။ ထိုသူမှာ ခေါင်းမူးပြီး အာရုံဝေဝါးသွားတော့သည်။
ထော်ဘယန်နှင့် အခြားသူများ အားလုံး ကြောင်အသွားကြသည်။
စုချန်က တကယ် ထရိုက်လိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ကြပေ။
"စုချန်၊ မင်း သေချင်နေတာလား"
"ငါ့ရှေ့မှာတင် ငါ့ညီအစ်ကိုကို ရိုက်ရဲတယ်ပေါ့?"
ထော်ဘယန် ဒေါသထွက်သွားပြီး သူ့ခန္ဓာကိုယ်မှ မီးတောက်များနှင့် မှော်စွမ်းအင်များ ပေါက်ကွဲထွက်မတတ် ဟိန်းထွက်လာသည်။
စုချန် သူ့ကို သည်းခံနေမည် မဟုတ်။ အေးစက်စွာ တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ "ဓားသင်္ချိုင်း ဆိုတာ မြင့်မြတ်တဲ့ နေရာပဲ။ ဆူညံသံ လုပ်တာကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်။ အပေါ့စား ပြစ်ဒဏ်ဆိုရင် မင်းရဲ့ ဓားရွေးခွင့် အရည်အချင်း ပယ်ဖျက်ခံရမယ်။ အပြင်းထန်ဆုံး ပြစ်ဒဏ်ဆိုရင် ဒီနေရာမှာတင် အသေသတ် ခံရမယ်။ မင်းလည်း ပြဿနာ ရှာချင်နေတာလား။"
သူ့မျက်လုံးများ အေးစက်နေပြီး ဓားစွမ်းအင်ကို ထိန်းချုပ်ကာ ဓားသင်္ချိုင်း အတွင်းရှိ မိစ္ဆာ စွမ်းအင်များကို ဆွဲထုတ်လိုက်ရာ တိုးညင်းသော ဟိန်းသံများ ထွက်ပေါ်လာသည်။
ထော်ဘယန်နှင့် အခြားသူများ ကျောချမ်းသွားပြီး မကောင်းသော နိမိတ်ကို ခံစားလိုက်ရသည်။
စုချန်မှာ နောက်ပြောင်နေပုံ လုံးဝ မပေါ်။
သူတို့ ဒီမှာ ဆက်ပြီး ပြဿနာ ရှာနေရင်၊ သူ တကယ် သတ်ပစ်လိမ့်မည်ထင်သည်။
ထော်ဘယန် ပတ်ဝန်းကျင်ရှိ ဓားစွမ်းအင် ဖိအားကို ခံစားလိုက်ရသည်။
သူ မာနကြီးသော်လည်း မအပါဘူး။
ဓားသင်္ချိုင်း ဆိုတာ တခြားသူရဲ့ နယ်မြေလေ။ ဒီနေရာမှာ ပြန်ခုခံနေလို့ အပိုပဲ။ ဒါကြောင့် ဒေါသကို မြိုသိပ်ပြီး အံကြိတ်ကာ ပြောလိုက်ရသည်။ "ကောင်းပြီ... ကောင်းပြီလေ၊ စုချန်၊ ငါမင်းကို မှတ်ထားမယ်။ အပြင်မှာ ငါနဲ့ မတွေ့ပါစေနဲ့၊ မဟုတ်ရင်..."
"ခါးချိတ်တံဆိပ်ပြားနဲ့ စာရင်းသွင်း၊ ဓားရွေးခအတွက် ဝိညာဉ်ကျောက်တုံး ပေး၊ မဟုတ်ရင် ဒီကနေ ထွက်သွား။"
စုချန် သူ့ကို ဖော်ရွေသော အကြည့်ဖြင့် မကြည့်ပေ။
မင်းက ငါ့ကို မလေးစားမှတော့ ငါက ဘာကိစ္စ မင်းကို ဂရုစိုက်ရမှာလဲ?
ငါ့ကို ပြဿနာ လာရှာချင်တဲ့သူတွေ အများကြီး ရှိတယ်။ ယွီထျန်းယန် တို့၊ ယန်ယွင်ဖေး တို့ဆိုတာ ပါရမီရှင်တွေချည်းပဲ။ သူတို့နဲ့ ယှဉ်ရင် မင်း ထော်ဘ,ယန် ဆိုတဲ့ လူသစ်တန်း နံပါတ်တစ်က ဘာမှ မဟုတ်ဘူး။ မင်းက တန်းစီဖို့တောင် အလှည့်မရောက်သေးဘူး။
နောက်ဆုံးတွင် ထော်ဘယန် မတတ်သာဘဲ လိမ္မာစွာ စာရင်းသွင်းလိုက်ပြီး ဓားရွေးခအတွက် ဝိညာဉ်ကျောက်တုံး သုံးတုံးကို မကျေမနပ် ပေးလိုက်ရသည်။
တခြားသူတွေက ဝိညာဉ်ကျောက်တုံး တစ်တုံးပဲ ပေးရပေမယ့်၊ သူ့ကျတော့ သုံးတုံး တောင်းသည်။ ဒါ စုချန် တမင်သက်သက် သူ့ကို အခက်တွေ့အောင် လုပ်မှန်း သိသာသည်။
သို့သော် ဒီကောင်လေးက ချမ်းသာပုံရပြီး ဒီလောက် အမြတ်အစွန်းလေးကို ဂရုမစိုက်ပေ။ ဝိညာဉ်ကျောက်တုံး ပစ်ပေးပြီးနောက် ဓားရွေးရန် လှည့်ထွက်သွားသည်။
စုချန် သူ့ကို စေတနာနှင့် ဘာမှ သတိပေးနေမည် မဟုတ်။
ထိုအချိန်တွင် စောစောက ဝင်သွားသော လုချိုးက ဓားရှည်တစ်လက် ကိုင်လျက် ပြန်ထွက်လာသည်။ ဓားရွေးပြီးလျှင်လည်း သူ့ဆီတွင် စာရင်းပြန်သွင်းရသည်။
"ကျောက်စိမ်းဓား ?"
စုချန် သူ့လက်ထဲမှ ဓားရှည်ကို ကြည့်ပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
ဒီလူက အဝင်တုန်းက ယဉ်ကျေးသိမ်မွေ့ခဲ့သည်ကို သတိရသဖြင့် သူမနေနိုင်ဘဲ သတိပေးလိုက်သည်။ "မင်းဆီမှာ အားကောင်းတဲ့ ရေဓာတ် အရှိန်အဝါ ရှိတယ်၊ ဆိုလိုတာက မင်းက ရေဓာတ် အခြေခံ သိုင်းပညာကို ကျင့်ကြံနေတာ ဖြစ်မယ်။ ဒီကျောက်စိမ်းဓားက အပြင်ပန်းကြည့်ရင် ရေဓာတ်ပစ္စည်း 'သမုဒ္ဒရာကျောက်စိမ်း' နဲ့ လုပ်ထားပုံ ရပေမယ့်၊ သူ့ရဲ့ အားအကောင်းဆုံး ဓာတ်က အဆိပ်ပဲ။ တကယ်လို့ မင်းက အဆိပ်သိုင်းပညာ မကျင့်ကြံဘူးဆိုရင်၊ ဒီဓားရဲ့ အားသာချက်ကို ထုတ်မသုံးနိုင်ရုံသာမက၊ အဆိပ်သင့်ပြီး မင်းရဲ့ မှော်စွမ်းအင် သန့်စင်မှုကိုပါ ထိခိုက်စေလိမ့်မယ်။"
"ဟမ်? ကျွန်တော် မသိလိုက်မိဘူး။"
ထိုစကားကို ကြားသောအခါ လုချိုး မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။
စုချန်က သူကျင့်ကြံနေသော သိုင်းပညာ၏ ဓာတ်သဘောသဘာဝကို တစ်ချက်တည်းနှင့် သိမြင်နိုင်သည်ကို အံ့သြမိသလို၊ ကျောက်စိမ်းဓားအကြောင်း တစ်ဖက်လူ၏ ဗဟုသုတ ကြွယ်ဝမှုကိုလည်း အံ့သြသွားသည်။
ဓားသင်္ချိုင်းစောင့် ဂိုဏ်းသား ပီသပါပေတယ်။
သူ့အမြင်တွင် ကျောက်စိမ်းဓားမှာ ဘာမှ မမှားယွင်းသလို၊ ရေဓာတ်နှင့် ကိုက်ညီသည်ဟု ခံစားရသဖြင့် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
အကယ်၍ စုချန်သာ သတိမပေးခဲ့လျှင်၊ ဒီကျောက်စိမ်းဓားကို ပြန်ယူသွားပါက သူ အကြီးအကျယ် နစ်နာပေလိမ့်မည်။ နောက်ပိုင်း ပိုက်ဆံပေးပြီး အသစ်လဲလို့ ရနိုင်သော်လည်း၊ ကိုယ်ပိုင် မှော်စွမ်းအင် ထိခိုက်ပျက်စီးမှုမှာမူ လွယ်လွယ်ကူကူ ပြန်လည် ကုစားနိုင်သည့် အရာမဟုတ်ပေ။
အခန်း (၂၂) - မိုးမီးလောင်စေနိုင်သော ဓားစွမ်းအင်
"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို။"
လုချိုးက စုချန်ကို ဦးညွှတ်ပြီး ကျေးဇူးတင်စကား ဆိုလိုက်သည်။
ထို့နောက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅ တုံးကို ထုတ်ယူပြီး ရိုသေစွာ ပေးအပ်လိုက်သည်။ "ဂိုဏ်းတူအစ်ကိုက ဓားသင်္ချိုင်းထဲက ဓားပျံတွေအကြောင်းကို လက်ဖဝါးလို သိနေတာပဲ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အကြံဉာဏ်လေး ပေးပါဦး။"
ဒီကောင်လေးက တော်တော် ပါးနပ်တာပဲ။
အပြင်ဂိုဏ်း စမ်းသပ်ပွဲမှာ အဆင့် ၁၀ ရထားသော်လည်း နှိမ့်ချတတ်ပြီး လူတိုင်းကို ကြင်ကြင်နာနာ ဆက်ဆံတတ်သည်။ သူ့အနာဂတ် သေချာပေါက် တောက်ပပေလိမ့်မည်။
ထော်ဘယန်လို မာနကြီးတဲ့ သူတွေနဲ့ လုံးဝ မတူဘူး။
စုချန်မှာ ပိုက်ဆံလိုနေသဖြင့် သူ့ထံ ရောက်လာသော အကျိုးခံစားခွင့်ကို ငြင်းပယ်စရာ အကြောင်းမရှိ၊ ထို့ကြောင့် ဝမ်းသာအားရ လက်ခံလိုက်သည်။
"သေမျိုးလက်စွဲ ဓားသုံးဆင့်ထဲက သာမာန်ဓားတွေထဲမှာ ရေဓာတ် အခြေခံ သိုင်းပညာနဲ့ ကိုက်ညီတာ အများကြီး ရှိပါတယ်။ ဒါပေမဲ့ မင်းက ဘယ်လက်သန်ပုံ ရတယ်၊ ဒါကြောင့် မင်းနဲ့ အရမ်းကိုက်ညီမယ့် ဓားတစ်လက် ရှိတယ်။"
စုချန်က အကဲခတ်ကောင်းသူ ဖြစ်ပြီး တစ်ဖက်လူ၏ ဘယ်လက်တွင် အသားမာ တက်နေသည်ကို သတိထားမိသဖြင့် ဘယ်သန်မှန်း သိလိုက်သည်။
ထို့ကြောင့် သူ လက်ကိုမြှောက်ပြီး ဆွဲယူလိုက်ရာ မှော်ဓားအရှိန်အဝါများ လှုပ်ရှားသွားသည်။ ချက်ချင်းပင် ဒုတိယထပ်မှ ကြည်လင်သော အပြာရောင် ဓားရှည်တစ်လက် ပျံထွက်လာပြီး မြည်ဟီးပျော်ရွှင်လျက် သူ့လက်ဖဝါးပေါ် ကျရောက်လာသည်။
ဓားမျက်နှာပြင်ပေါ်တွင် ငွေမှုန်များ ဖြူးထားသကဲ့သို့ နူးညံ့သော ရေလှိုင်းလေးများ စီးဆင်းနေသည်။
"ဒီဓားနာမည်က 'စီးစင်း စမ်းရေကြည်' လို့ ခေါ်တယ်။ အလျား လေးပေ ရှစ်လက်မ ရှိပြီး သန့်စင်တဲ့ ငွေသံမဏိနဲ့ သွန်းလုပ်ထားတာ။ ရှားပါးတာက သူ့မှာ ရေဓာတ် မှော်စွမ်းအင်ကို အားကောင်းစေတဲ့ အခြေခံ ရေဓာတ်အဆောင် တစ်ခု မြှုပ်နှံထားတယ်။ သူ့ရဲ့ အရည်အသွေးက အဆင့်နိမ့် မှော်ဝင်ဓား တွေနဲ့ ထပ်တူနီးပါးပဲ။"
စုချန် စကားပြောရင်း 'စီးဆင်း စမ်းရေကြည်' ဓားကို လက်ကမ်းပေးလိုက်သည်။
လုချိုး ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ယူလိုက်ပြီး ဓားရိုးကို ဆုပ်ကိုင်ကာ မှော်စွမ်းအင် အနည်းငယ် ထည့်သွင်းလိုက်ရာ မယုံနိုင်လောက်အောင် ကိုင်တွယ်ရ ချောမွေ့နေသည်ကို တွေ့လိုက်ရသည်။
သင့်တော်သော သခင်ကို တွေ့ရှိသွားသကဲ့သို့ 'စီးဆင်း စမ်းရေကြည်' ဓားက တုန်ခါမြည်ဟီးပြီး ပျော်ရွှင်သော အသံကို ထုတ်လွှတ်လိုက်သည်။
"ဒါ ဓားကောင်း တစ်လက်ပဲ။ တကယ့်ဓားကောင်းပဲ။ဒီဓားသာ ရှိရင် ဒီနှစ် နှစ်ကုန် စာမေးပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်တယ်။"
လုချိုး အလွန် ဝမ်းသာသွားပြီး စုချန်ကို ကျေးဇူးတင်ကြောင်း ထပ်မံ ဦးညွှတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို စုချန်။ နောက်နောင် အကူအညီ လိုအပ်ရင် အားမနာပဲနဲ့ ပြောပါ။ ကျွန်တော် လုချိုး ရသလောက် ကူညီပေးပါ့မယ်။"
"မင်းလည်း ပိုက်ဆံပေးပြီးသားပဲ၊ ဒီလောက် အားနာစရာ မလိုပါဘူး။"
စုချန် ပြုံးပြီး လက်ကာပြလိုက်သည်။ "လူတိုင်းသာ လုချိုး လို သဘောပေါက်လွယ်ပြီး ဖော်ရွေတတ်ရင် ဘယ်လောက် ကောင်းမလဲ။"
ငါ ပိုက်ဆံရရုံသာမက မိတ်ဆွေကောင်းတွေလည်း အများကြီး ရနိုင်တယ်။
ကံမကောင်းတာက လူတော်တွေက လူနည်းစု ဖြစ်ပြီး၊ အများစုက ထော်ဘယန် လို ငတုံးတွေ ဖြစ်နေတာပဲ။
"ဟူး... 'စီးဆင်း စမ်းရေကြည်’ လို အဆင့်နိမ့် သာမာန်ဓားတောင် သခင်တစ်ယောက် ရှာတွေ့နိုင်တာ၊ ငါ တကယ် အားကျမိတယ်။ နှမြောစရာ ကောင်းလိုက်တာ၊ ငါ့လို ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက်မျိုးကတော့ ဓားသင်္ချိုင်းထဲမှာ ဖုန်တက်ခံနေရတော့မယ်။ နေရောင်ခြည်ကို ဘယ်တော့မှ ပြန်မြင်ရမလဲ မသိဘူး..."
ထိုအချိန်တွင် ကလေးမလေး ဓားဝိညာဉ်၏ သက်ပြင်းချသံ သူ့နားထဲသို့ ရောက်လာသည်။
စုချန် သူမ၏ အထီးကျန်မှုကို အာရုံခံမိပြီး မမေးဘဲ မနေနိုင်တော့ပေ။ "မင်းက မင်းကိုယ်မင်း အမြဲတမ်း စွမ်းအားကြီးတယ်လို့ ပြောနေတာ၊ မင်းဓားနာမည်က ဘာများလဲ။"
"ငါ့ရဲ့ ပုံစံအမှန်က ' သက်ရှိ ဇီဝိန်ခြွေ’ လို့ ခေါ်တဲ့ ဓားတစ်လက်ပဲ။အစ်ကိုကြီး၊ နောက်ဆုံးတော့ ငါ့ကို သဘောကျသွားပြီ မဟုတ်လား? ဓားသင်္ချိုင်းရဲ့ ဟိုးအတွင်းနက်နက်ကို လာပြီး ငါ့ကို ရှာလိုက်၊ အစ်ကိုကြီး စိတ်ပျက်ရမှာ မဟုတ်ဘူးလို့ ငါကတိပေးတယ်။"
သူမက အခွင့်အရေးယူပြီး သူ့ကို ထပ်မံ မြှူဆွယ်ပြန်သည်။
စုချန် အရူးလုပ်မခံပေ။ "သက်ရှိ ဇီဝိန်ခြွေ " ဒီဓား နာမည်က တင် လွန်လွန်ကဲကဲ ကြမ်းတမ်းလွန်းတယ်။
ဓားဝိညာဉ်၏ ဉာဏ်ရည်ဉာဏ်သွေးအရ ကြည့်လျှင် အနည်းဆုံး ဝိညာဉ်ဓား အဆင့် ရှိပြီး၊ တာအိုအဆင့် မိစ္ဆာဓား ပင် ဖြစ်နေနိုင်သည်။
သူ့လက်ရှိ ကျင့်ကြံမှုအဆင့်နှင့် သူမကို ဘယ်လိုလုပ် ရှာရဲမှာလဲ?
ဓားရွေးတာ မအောင်မြင်ဘဲ ဓားဝိညာဉ်ရဲ့ ကျွန်အဖြစ် အဖမ်းခံလိုက်ရရင် ဘေးအန္တရာယ် ကြီးမားသွားလိမ့်မည်။
သို့သော် ဤအရာက သူ့စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးလိုက်သည်။
နောက်ပိုင်း ငါအင်အားကြီးလာရင် စမ်းကြည့်လို့ ရကောင်းပါရဲ့။
သူ ထိုသို့ တွေးနေစဉ် ရုတ်တရက် ဓားသင်္ချိုင်းထဲမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး မီးတောက်များ လောင်ကျွမ်းကာ သတ်ဖြတ်ခြင်း အရှိန်အဝါများ လှုပ်ရှားလာသည်။
ထော်ဘယန် ခေါ်လာသော ဂိုဏ်းသားများ အားလုံး သတ်ဖြတ်ခြင်း အရှိန်အဝါ၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီး အော်ဟစ်ကာ သွေးအန်ပြီး လဲကျသွားကြသည်။
သူတို့ထဲတွင် အသန်မာဆုံးဖြစ်သော ထော်ဘယန်ပင်လျှင် ယခု အလွန်သတိထားနေရပြီး၊ သူ့ရှေ့မှ ဓားရှည်ကို ဖိနှိပ်ရန် တစ်ကိုယ်လုံး မှော်စွမ်းအင်များ ထုတ်သုံးနေရသည်။
၎င်းသည် တတိယထပ်တွင် ရှိသော ဓားတစ်လက် ဖြစ်သည်။
ဓားမှာ ရှည်လျားသွယ်လျပြီး တစ်လက်လုံး သွေးကဲ့သို့ နီရဲနေကာ မီးချော်ရည်ခဲများနှင့် တူသည်။ ပူပြင်းသော အပူလှိုင်းများကို အဆက်မပြတ် ထုတ်လွှတ်နေပြီး ဓားထဲမှ သတ်ဖြတ်ခြင်း အရှိန်အဝါများကို ဆွဲထုတ်ကာ မီးစပါးအုံးမြွေကြီး တစ်ကောင်ကဲ့သို့ ထော်ဘ,ယန်ကို ရစ်ပတ်ထားသည်။
"သိပ်ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်ပဲ။ ဒီဓားက သာမာန်ဓားတွေထက် အများကြီး ပိုသန်မာပုံရတယ်။"
စုချန်လည်း အနည်းငယ် အံ့သြသွားသည်။
ကလေးမ ဓားဝိညာဉ်က ရယ်မောလိုက်သည်။ "ဒီဓားနာမည်က ' တောင်တန်း လောင်ကျွမ်း ' လို့ ခေါ်တယ်။ အရင်တုန်းက မှော်ဝင် ဓားတစ်လက် ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ တိုက်ပွဲတစ်ခုမှာ သူ့ရဲ့ အဓိက အစီအရင်တချို့ ပျက်စီးသွားလို့ သာမာန်ဓား အဆင့်ကို ကျသွားတာ။ ဒီ ထော်ဘယန် မှာ အမြင်တော့ ရှိသားပဲ။ ဒီဓားရဲ့ မူလအစကို သူ ကြိုသိပြီး ဒီကို တကူးတက လာရှာတာ ဖြစ်လောက်တယ်။"
"ဒါပေမဲ့ သူ့ပုံစံကြည့်ရတာ ‘တောင်တန်း လောင်ကျွမ်း’ ဓားကို နိုင်မယ့်ပုံ မပေါ်ဘူး မဟုတ်လား"
"ဒါပေါ့။ ဒီဓားက မာနကြီးတယ်၊ သူ့သတ်ဖြတ်လိုစိတ်က ပူပြင်းပြီး ကြမ်းတမ်းတယ်။ အစ်ကိုကြီးသာ ဆိုရင် ဖိနှိပ်နိုင်လောက်ပေမယ့်၊ ဒီ ထော်ဘယန် ကတော့ လုံးဝ ဓားနဲ့ မထိုက်တန်ဘူး။ အတင်းအကျပ် ယူဖို့ ကြိုးစားရင် အကြီးအကျယ် ခံရလိမ့်မယ်...။"
သူမစကား မှန်ကန်ကြောင်း သက်သေပြလိုက်သကဲ့သို့ပင်။
နားကွဲလုမတတ် ဟိန်းသံကြီးနှင့်အတူ မီးတောက်များ ပေါက်ကွဲထွက်လာသည်။
ထော်ဘယန် ချက်ချင်း ညည်းညူလိုက်ပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ ဓားရိုးကို လွှတ်ချလိုက်ရပြီး ခြေလှမ်းအနည်းငယ် ယိုင်နဲ့နဲ့ နောက်ဆုတ်သွားကာ မနည်း ပြန်ထိန်းလိုက်ရသည်။
သူ့ကျင့်ကြံမှုအဆင့်က ချီသန့်စင်ခြင်း အဋ္ဌမအဆင့် ရှိသော်လည်း၊ 'တောင်တန်း လောင်ကျွမ်း’ ဓားထဲမှ မိစ္ဆာ စွမ်းအင်ကို မထိန်းနိုင်ဘဲ အဆုံးတွင် နောင်တနှင့် သက်ပြင်းချလိုက်ရသည်။
ခေါင်းလှည့်လိုက်ရာ စုချန်၏ လှောင်ပြောင်သော အကြည့်ကို မြင်လိုက်ရသဖြင့် ပိုမို အရှက်ရသွားသည်။
သူသည် ဓား၏ မိစ္ဆာ စွမ်းအင်ကြောင့် ဒဏ်ရာရထားပြီ ဖြစ်သဖြင့် ဆက်မနေရဲတော့ပေ။ စကားကြမ်းများဖြင့်ပင် ရန်လိုမနေတော့ဘဲ သူ့လူများကို ခေါ်ကာ ဒဏ်ရာကုသရန် ဓားသင်္ချိုင်းမှ သနားစဖွယ် အခြေအနေဖြင့် အမြန်ထွက်ခွာသွားတော့သည်။
စုချန် သူ့ကို လျစ်လျူရှုပြီး နီရဲသော ဓားရှည်ကို လှည့်ကြည့်ကာ အတွေးထဲ နစ်မြုပ်နေသည်။
သူ့လက်ရှိ ကျင့်ကြံမှုအဆင့်သည် ချီသန့်စင်ခြင်း သတ္တမအဆင့် ရောက်နေပြီ ဖြစ်သဖြင့် သေမျိုးလက်စွဲအဆင့်ရှိ အဆင့်မြင့် ဓားများကို စတင် သန့်စင်နိုင်ပြီ ဖြစ်သည်။
ဒီ 'တောင်တန်း လောင်ကျွမ်း’ ဓားက ကြမ်းတမ်းပြီး သတ်ဖြတ်ခြင်း အရှိန်အဝါ ပြင်းထန်၏။
ဒါက သူ့အင်အားကို သိသိသာသာ တိုးတက်စေလောက် ပေသည်။
ဒီဓားကို သန့်စင်နိုင်ခဲ့လျှင် သူ့ကျင့်ကြံမှုအဆင့် ထပ်တက်သွားနိုင်သည်။ အဲဒီအချိန်ကျရင် ဓားထွင်း ကျောက်စာပြား ဆီသွားပြီး ဓားဆန္ဒကို လေ့လာဖို့ ယုံကြည်မှု ရှိလာ ပေလိမ့်မည်။
"စမ်းကြည့်တာပေါ့။"
ဓားသင်္ချိုင်းထဲတွင် ဓားရွေးနေသူ မရှိတော့သဖြင့် သူ ရှေ့သို့ ပျံသန်းသွားပြီး 'တောင်တန်း လောင်ကျွမ်း’ ဓားရှေ့သို့ ရောက်သွားသည်။
သူ လက်လှမ်းလိုက်ပြီး ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။ ပူပြင်းသော လှိုင်းလုံးကြီးတစ်ခု သူ့ကို လွှမ်းခြုံသွားပြီး မီးစပါးအုံးမြွေကြီး တစ်ကောင်က သူ့ကို ရစ်ပတ်ကာ သွေးနီရောင် ပါးစပ်ပေါက်ကြီး ဖွင့်လျက် သူ့တစ်ကိုယ်လုံးကို ဝါးမြိုတော့မည့်အလား ပြုမူလေသည်။
စုချန် တည်ငြိမ်အေးဆေးစွာ ရှိနေသည်။ သူ့ ဓားအမြုတေ အနည်းငယ် တုန်ခါသွားပြီး ဓားအမြုတေရှင် ခန္ဓာကိုယ် အသက်ဝင်လာကာ လှုပ်ရှားနေသော မိစ္ဆာ စွမ်းအင်များကို တွေဝေခြင်းမရှိဘဲ ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်သည်။
တချိန်တည်းမှာပင် စိတ်ကူးယဉ် ပုံရိပ်များ သူ့မျက်စိရှေ့တွင် ပြန်လည် ပေါ်ပေါက်လာပြန်သည် ။
မြို့ပျက်ကြီး တစ်ခုမှာ လူသူကင်းမဲ့ပြီး ဆွေးမြေ့နေကာ၊ ပူပြင်းသော နေရောင်ခြည် အောက်တွင် အပူလှိုင်းများ လိမ့်တက်နေသည်။
မျက်စိတစ်ဆုံး မြေပြင်မှာ ခြောက်သွေ့နေပြီး သစ်ပင်ပန်းမန် ဟူ၍ မရှိ။ လူများသည် မြေပြင်ပေါ်တွင် လဲလျောင်းကာ ငိုကြွေး ရုန်းကန်နေကြပြီး လမ်းဘေး တလျှောက်တွင် ပုပ်ပွနေသော အလောင်းများနှင့် အရိုးစုများ ပြန့်ကျဲနေသည်။
ကြီးမားသော မီးစပါးအုံးမြွေကြီး တစ်ကောင်က နန်းတော်မြို့ရိုး အထက်တွင် ရစ်ခွေနေပြီး၊ ၎င်းဝါးမြိုထားသော အရိုးစုများက သူ့ဘေးတွင် ပုံနေသည်။
ထိုအချိန်တွင် တောင့်တင်းသန်မာပြီး မျက်နှာမည်းမည်းနှင့် အမျိုးသားကြီး တစ်ဦး လူအုပ်ကြားမှ ထွက်လာပြီး မျှော်လင့်ချက်မဲ့နေသော လူများကို ဦးဆောင်ကာ နန်းတော်ဆီသို့ ပြင်းထန်စွာ တိုက်ခိုက်လေသည်။
သူ့ဘေးနားရှိ လူများ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားပြီး မီးတောက်များထဲတွင် ပြာအဖြစ် ပြောင်းလဲသွားကြသည်။
ထိုအမျိုးသားကြီး၏ အရှိန်အဝါက ပိုမို အားကောင်းလာပြီး တိုင်းပြည်တစ်ခုလုံး၏ မျှော်လင့်ချက်ကို ထမ်းပိုးထားသကဲ့သို့ ဖြစ်နေသည်။ နောက်ဆုံးတွင် သူသည် မီးစပါးအုံးမြွေကြီး ရှေ့သို့ ရောက်ရှိသွားသည်။ သူ့လက်ထဲမှ သံဓားသည် ပြင်းထန်သော အပူဒဏ်ကြောင့် နီရဲနေပြီး သံရည်ပူများ စီးကျနေသည်။ နီရဲနေသော ဓား၊ လောင်ကျွမ်းနေသော မီးတောက်များနှင့် ရင်သပ်ရှုမောဖွယ် ဓားငွေ့အင်တို့ ကောင်းကင်ကို ထိုးဖောက်သွားပြီး စပါးအုံးမြွေကြီး၏ မျက်လုံး အိမ်ထဲသို့ ပြင်းထန်စွာ ထိုးစိုက်လိုက်သည်...။
【ဓားအမည် : တောင်တန်း လောင်ကျွမ်း 】
【ဓားသခင် : ယောင်ချန် 】
" တောင်တန်း လောင်ကျွမ်းဓားကို ဓားသန့်စင်ခြင်းပြုလုပ်လိုက်တာနဲ့ အလယ်အလတ် ရွှမ်အဆင့် ကျင့်ကြံခြင်း နည်းစနစ်နှင့် 'မိုးမီးလောင်စေနိုင်သော ဓားငွေ့အင်'ကို တတ်မြောက်သွားပြီပဲ...။"
တကယ်ကြီး အလယ်အလတ် ရွှမ်အဆင့် ဓားသိုင်းပါလား?
စုချန် အလွန် ဝမ်းသာသွားသည်။
အရင်က ဓားသန့်စင်ခြင်း လုပ်၍ ရရှိခဲ့သည်များမှာ အများအားဖြင့် ဓားသိုင်းကွက်များ ဖြစ်သည်။ ဓားသိုင်းကွက် နည်းစနစ်များက အားကောင်းသော်လည်း ရေရှည်အတွက်သာ ဖြစ်ပြီး ရေတိုတွင် အကျိုးသက်ရောက်မှု ချက်ချင်းသိပ်မသိသာပေ။
ဒီ ‘မိုးမီးလောင်စေနိုင်သော ဓားငွေ့အင်' ကမူ လုံးဝ သေစေနိုင်သော အကြမ်းစား သတ်ဖြတ်ခြင်း နည်းလမ်း ဖြစ်နေသည်။
သူသည် သူ့မှော်စွမ်းအင်ကို ပြင်းထန်သော မီးတောက်အဖြစ် လောင်ကျွမ်းစေပြီး၊ မိုးမြေနှစ်ခုလုံး လောင်ကျွမ်းပြာချနိုင်သော ဓားငွေ့အင် စီးကြောင်းကြီး တစ်ခု ဖန်တီးလိုက်သည်။ ယင်း၏ စွမ်းအားသည် ယခင်က သူကျင့်ကြံခဲ့သော 'မိုးမခရွက် ဓားငွေ့အင်' ထက် အဆများစွာ သာလွန်သည်။
ယခုအချိန်တွင် ဓားစွမ်းအင် အမြောက်အမြားက ပြင်းထန်သော မီးတောက်များအဖြစ် ပြောင်းလဲပြီး သူ့ခန္ဓာကိုယ်ထဲသို့ ဆက်လက် စီးဝင်နေသည်။
စုချန် သူ့သွေးကြောများ စူးရှနာကျင်သွားသည်ကို ခံစားလိုက်ရပြီး၊ သူ့ကလီစာများ မီးလောင်မြိုက်နေသကဲ့သို့ ဖြစ်ကာ အာဟာရဓာတ်များကို ကောင်းစွာ မစုပ်ယူနိုင် ဖြစ်နေသည်။
အကြောင်းမှာ 'တောင်တန်း လောင်ကျွမ်း’ ဓားသည် မူလက မှော်ဓားတစ်လက် ဖြစ်ခဲ့ဖူးသောကြောင့် ဖြစ်သည်။ အဆင့်နိမ့်ကျသွားပြီးနောက် နာကျည်းမှုနှင့် မိစ္ဆာ စွမ်းအင်များကို ပိုမို ထုတ်လုပ်နိုင်စွမ်း ရှိလာသည်။ ထို့ကြောင့် ဤစွမ်းအားသည် အခြား သာမာန်ဓားများထက် ပိုမို ရက်စက်ကြမ်းကြုတ်သည်။
စုချန်၏ လက်ရှိ ကျင့်ကြံမှုအဆင့်နှင့်ပင် သန့်စင်ရန် ခက်ခဲနေသည်။
ကံကောင်းသည်မှာ ဓားကျင့်ကြံခြင်း နည်းစနစ်များဖြင့် သူ့ရုပ်ခန္ဓာကိုယ်ကို လေ့ကျင့်သန့်စင်ထားသဖြင့် သွေးကြောများနှင့် အသားများ သိသိသာသာ သန်မာနေခြင်း ဖြစ်သည်။ ခန္ဓာကိုယ်ထဲရှိ ဓားအမြုတေ၏ အကူအညီဖြင့် မိစ္ဆာ စွမ်းအင်များကို အဆက်မပြတ် သန့်စင်နေသဖြင့် မနည်း တောင့်ခံထားနိုင်ခြင်း ဖြစ်သည်။ မဟုတ်ရင် သူ့ကံကြမ္မာလည်း ထော်,ဘ ယန် လို ဖြစ်သွားလောက်သည်။
ဒါပေမဲ့ ဒီအတိုင်း ဆက်သွားရင် ဒဏ်ရာရဖို့ သေချာသလောက်ပဲ။
အရေးကြီးသော အချိန်တွင် စုချန် တုံ့ဆိုင်းမနေပေ။ သူ ကျောက်စိမ်းနှင်းစက်ဆေးလုံး တစ်လုံးကို မျိုချလိုက်ပြီး အတွင်းအားကို လှည့်ပတ်ကာ 'မီးတောက် ဓားစွမ်းအင်' ကို အသုံးပြု၍ 'မိုးမီးလောင်ကျွမ်း စေနိုင်သော ဓားစွမ်းအင်' ကို ချက်ချင်းစတင် ကျင့်ကြံလေတော့သည်။