အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အခန်း (၃၅) - ကောင်းကင်လမ်းစဉ် အခြေတည်ခြင်း
"မင်းကို 'တောင်တန်း လောင်ကျွမ်း' ဓား ပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး...။"
စုချန် ခဏမျှ စဉ်းစားပြီးနောက် သဘောတူလိုက်သည်။
တကယ်တမ်းကျတော့ ထော်,ဘယန်သည် အနည်းငယ် လေလုံးထွား ကြွားဝါပြီး ဘဝင်လေဟပ်တတ်သည်မှလွဲ၍ လူဆိုးတော့ မဟုတ်ပေ။ အနည်းဆုံးတော့ စုချန်နှင့် နက်ရှိုင်းသော ရန်ငြိုးရန်စ မရှိပေ။
'တောင်တန်း လောင်ကျွမ်း' ဓားသည် သူ့အတွက် သိပ်အရေးမကြီးလှ၊ လောလောဆယ် အဆင်ပြေ၍ သုံးနေခြင်းမျှသာ။
ဓားသင်္ချိုင်းထဲတွင် ဓားပျံများ ပြည့်နှက်နေပြီး၊ သူ့ကျင့်ကြံမှု တိုးတက်လာသည်နှင့်အမျှ ပိုမို အားကောင်းသော မှော်ဓားများဖြင့် အစားထိုးလဲလှယ်သွားဦးမည် ဖြစ်သည်။
ထော်,ဘယန်သာ စောင့်ဆိုင်းလိုစိတ် ရှိလျှင်၊ ဒီဓားကို သူရနိုင်မည့် အခွင့်အရေး ကောင်းကောင်း ရှိသည်။
ဒါကြောင့် သူ့အနေနဲ့ လူတစ်ယောက်ကို ကူညီပေးပြီး ဝိညာဉ်ကျောက်တုံးအချို့ ရနိုင်တာကို ငြင်းစရာ အကြောင်းမရှိဘူး။
ထို့ကြောင့် သူက ပြောလိုက်သည်။ "ငါ မင်းကို ဓားပေးနိုင်ပါတယ်။ ဒါပေမဲ့ မင်းကိုယ်ပိုင် အရည်အချင်းနဲ့ ဓားရဲ့ အသိအမှတ်ပြုမှုကိုတော့ ရယူရဦးမယ်။ ဒါ ဓားသင်္ချိုင်းရဲ့ စည်းကမ်းပဲ။ ပြီးတော့ ငါ ဒီဓားကို ခဏ သုံးဖို့ လိုသေးတယ်။ သိပ်မကြာပါဘူး၊ အများဆုံး သုံးလပေါ့။ မင်း စောင့်နိုင်မယ်ဆိုရင်..."
"ရပါတယ်၊ ရပါတယ်။ စောင့်နိုင်ပါတယ်"
ထော်ဘဘယန် ခေါင်းတညိတ်ညိတ်နှင့် သဘောတူလိုက်သည်။
စုချန်နှင့် အတွင်းစည်းဂိုဏ်းသား ယန်ယွင်ဖေး တို့ သုံးလအကြာတွင် စိန်ခေါ်ပွဲ ရှိကြောင်း သူသိသည်။
စုချန်က သုံးလအတွင်း အခြေတည်အဆင့် ရောက်အောင် လုပ်မည်ဟု ကြေငြာထားသည်။ အကယ်၍ သူအောင်မြင်ခဲ့လျှင်၊ သေချာပေါက် ပိုကောင်းသော မှော်ဓားတစ်လက်ကို ရွေးချယ်ပြီး 'တောင်တန်း လောင်ကျွမ်း' ဓားကို စွန့်လွှတ်လိုက်ပေလိမ့်မည်။
တကယ်တမ်းကျတော့ ထော်ဘယန် လာစရာတောင် မလိုပါဘူး။
စုချန်နဲ့ ယန်ယွင်ဖေး တိုက်ခိုက်ပြီးတဲ့အထိ စောင့်လိုက်ရုံပဲ။ စုချန်သာ ရှုံးနိမ့်ပြီး သေဆုံးသွားခဲ့ရင်၊ 'တောင်တန်း လောင်ကျွမ်း' ဓားက ပိုင်ရှင်မဲ့ ဖြစ်သွားပြီး ဓားသင်္ချိုင်းထဲ ပြန်ရောက်လာလိမ့်မယ်။ အဲဒီကျမှ ယူလိုက်ရုံပဲ။
ဒါပေမဲ့ မတော်တဆ ဖြစ်မှာ စိုးရိမ်လို့ ကြိုတင် ကာကွယ်ထားတာ ပိုကောင်းပါတယ်။
တကယ်လို့ စုချန်က သုံးလအတွင်း အခြေတည်အဆင့်ကို တကယ် ရောက်သွားခဲ့ရင်ရော? တကယ်လို့ သူ နိုင်သွားခဲ့ရင်ရော?
သူသာ 'တောင်တန်း လောင်ကျွမ်း' ဓားကို ဆက်သုံးမယ် ဆိုပြီး ဖက်တွယ်ထားရင်၊ ငါ့အတွက် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။
ထို့ကြောင့် ထော်ဘယန် တကူးတက လာရောက်ပြီး စုချန်နှင့် ဆက်ဆံရေး ကောင်းမွန်အောင် လုပ်ကာ အာမခံချက် တစ်ခု အရယူထားလိုက်ခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဝိညာဉ်ကျောက်တုံး ရာဂဏန်းလောက်က သူ့အတွက် အရေးမကြီးပါဘူး။
"ကောင်းပြီ၊ သုံးလနေရင် ဓားလာရွေးချေ။ ငါ 'တောင်တန်း လောင်ကျွမ်း' ဓားကို မင်းအတွက် သိမ်းထားပေးမယ်"
"ကျေးဇူးတင်ပါတယ်၊ အစ်ကိုကြီး ချန်"
ရည်မှန်းချက် အောင်မြင်သွားသဖြင့် ထော်,ဘယန် ဘာမှ ဆက်မပြောတော့ဘဲ၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၀၀ ကို ချက်ချင်း ထုတ်ပေးလိုက်သည်။
ဝိုး... သူတို့ တကယ် ချမ်းသာကြတာပဲ။
စုချန် ဝိညာဉ်ကျောက်တုံး ၃၀၀ ကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး ကျေနပ်သွားသည်။ ဒီငွေပမာဏက သူ့ကို အချိန်အတိုင်းအတာ တစ်ခုအထိ အေးအေးဆေးဆေး ကျင့်ကြံနိုင်စေရန် လုံလောက်သည်။
ထော်ဘယန် ထွက်သွားပြီး မကြာမီ ဝမ်ဟိုင်လို လည်း ဓားသင်္ချိုင်းထဲမှ ထွက်လာသည်။
သို့သော် သူသည် လက်ဗလာနှင့် ပြန်ထွက်လာပြီး မည်သည့်ဓားကိုမျှ မရွေးချယ်ခဲ့ပေ။ ကြိုက်နှစ်သက်သော ဓားကို မတွေ့ရှိခဲ့ပုံရသည်။ သို့သော် ဓားသင်္ချိုင်းထဲတွင် ပြင်းထန်သော မိစ္ဆာ စွမ်းအင်များ ပြည့်နှက်နေသဖြင့် ကြာကြာ မနေနိုင်ဘဲ ပြန်ထွက်လာရပြီး မနက်ဖြန်မှ ဓားလာပြန်ရွေးရပေတော့မည်။
သေချာတာပေါ့၊ ပိုက်ဆံ ထပ်ပေးရဦးမှာ။
စုချန် ဂရုမစိုက်ပေ။
ဓားသင်္ချိုင်းထဲတွင် ဓားပျံများ အလွန်များပြားပြီး၊ အခြားသူများက မိစ္ဆာ စွမ်းအင်၏ တိုက်စားမှုကို ကြာရှည် မခံနိုင်ကြသဖြင့်၊ ဓားရွေးရန် အကြိမ်ကြိမ် လာရောက်ရလေ့ ရှိသည်။
ဒါက သူ့အတွက် ကောင်းသောကိစ္စပင်။ လာလေ ပိုက်ဆံပိုရလေ၊ နောက်ဆုံးမှာ အမြတ်ထွက်တာ သူပဲလေ။
ပါးနပ်တဲ့သူ ဆိုရင် ဒီအချိန်မှာ ပိုက်ဆံပေးပြီး ဓားသင်္ချိုင်းစောင့် ဂိုဏ်းသားဆီက အကြံဉာဏ် တောင်းလိမ့်မယ်။ အရင်တုန်းက လုချိုး လုပ်ခဲ့သလိုပေါ့။
သို့သော် ဝမ်ဟိုင်လိုတွင် ကိုယ်ပိုင် အကြံအစည် ရှိပုံရသည်။ အတွင်းစည်းဂိုဏ်းသား တစ်ဦးအနေဖြင့် သူသည် ချီသန့်စင်ခြင်း အဆင့်သာ ရှိသေးသော စုချန်ကို အထင်သေးသဖြင့် မေးမြန်းခြင်း မပြုသလို၊ စုချန်ကလည်း ကမူးရှူးထိုး အကူအညီပေးမည် မဟုတ်ပေ။
ထိုအဆင့်ရှိ ဓားပျံများကို သူ မသန့်စင်ဖူးသေးသဖြင့် သေချာ နားမလည်သေးပေ။
"ဒီလူဆီမှာ တစ်ခုခု မှားနေသလိုပဲ။ မင်း သတိထားဖို့ လိုတယ်။"
ကြက်သွေးရောင် အလင်းတန်း တစ်ခု ရုတ်တရက် ပေါ်လာပြီး၊ ကလေးမ ဓားဝိညာဉ်က အနီရောင်ဝတ် မိန်းကလေးငယ် ပုံစံဖြင့် ပျံထွက်လာကာ ဓားအလင်းတန်း တစ်ခုပေါ်တွင် လှဲလျောင်းနေသည်။
အကြီးအကဲကျိုး မရှိတော့သဖြင့် သူမ အနည်းငယ် ရဲတင်းလာပြီး၊ နေ့ခင်းကြောင်တောင်ကြီး ဓားသင်္ချိုင်းထဲတွင် ကိုယ်ထင်ပြရဲလာသည်။
ကံကောင်းသည်မှာ အတူတကွ အချိန်ကုန်ဆုံးပြီးနောက် စုချန် သူမကို သိပ်မကြောက်တော့ပေ။ ဓားဝိညာဉ် ပေါ်လာသည်ကို မြင်သော်လည်း သိပ်မအံ့သြဘဲ နားမလည်စွာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"
"သူက အတွင်းစည်းဂိုဏ်းသား ဆိုတော့ တတိယထပ်က မှော်ဓား အဆင့်မှာ ဓားသွားရွေးသင့်တာ။ ဒါပေမဲ့ သူက ဓားသင်္ချိုင်းရဲ့ ပိုနက်တဲ့နေရာတွေကိုပဲ လှမ်းလှမ်းကြည့်နေတယ်၊ တစ်စုံတစ်ခုကို ရှာနေသလိုပဲ။ အစပိုင်းတုန်းက သူ နည်းနည်း တွန့်ဆုတ်နေပေမယ့်၊ ဓားသင်္ချိုင်းစောင့် မရှိမှန်း သိသွားတော့ တော်တော် ရဲတင်းလာတယ်...။"
"သူ ထူးခြားတဲ့ ဓားတစ်လက်လက်ကို ရှာနေတာ ဖြစ်နိုင်မလား? ထော်ဘယန် လိုပဲ ရည်ရွယ်ချက် ရှိရှိနဲ့ လာတာမျိုး..."
"ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူ့ဆီကနေ ရင်းနှီးနေတဲ့ အနံ့တစ်ခု ရနေတယ်...။"
"ရင်းနှီးတဲ့အနံ့လား?"
စုချန် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
ဓားဝိညာဉ်က သူမ၏ ပုံစံအမှန်မှာ 'သက်ရှိ ဇီဝိန်ခြွေ’ ဟု ခေါ်ပြီး၊ မိစ္ဆာဓား တစ်လက်ဖြစ်ကြောင်း ပြောပြဖူးသည်။
ယခင် ဓားသခင်မှာ ရှုတောင်မှ သစ္စာဖောက် တစ်ဦးဖြစ်ပြီး၊ နောက်ပိုင်းတွင် မိစ္ဆာဂိုဏ်း ခြောက်ဂိုဏ်း မှ တစ်ခုဖြစ်သော ကောင်းကင်ဘုံ အစောင့်အရှောက်ဂိုဏ်း ဖြစ်လာခဲ့သည်။
ဓားဝိညာဉ် အာရုံခံမိသော ရင်းနှီးသည့် အနံ့ဆိုသည်မှာ မိစ္ဆာဂိုဏ်း၏ နည်းစနစ်များ ဖြစ်နိုင်မလား?
"သူ ကျွန်မကို လိုချင်နေတာ ဖြစ်နိုင်တယ်လို့ ခံစားရတယ်၊ အစ်ကိုကြီး။ ကျွန်မ မိစ္ဆာ ဂိုဏ်းသားတွေ လက်ထဲ နောက်ထပ် မရောက်ချင်တော့ဘူး။ အဘိုးကြီးက မရှိတော့ဘူး၊ အစ်ကိုကြီး ကျွန်မကို ကာကွယ်ပေးမှ ဖြစ်မယ်...။"
မိန်းကလေးငယ်က သနားစဖွယ် ပြောလိုက်သည်။
စုချန် သံသယ ဝင်နေပြီးသား ဖြစ်သည်။ သူမ ထိုသို့ ပြောသည်ကို ကြားသောအခါ၊ ဒီကောင်မလေး တမင်သက်သက် ပုံကြီးချဲ့ပြီး သူ့ကို မိစ္ဆာဓား သွားယူခိုင်းအောင် လှည့်စားနေသည်ဟု ပြင်းပြင်းထန်ထန် သံသယဝင်မိသည်။
ထို့ကြောင့် သူ ခေါင်းခါလိုက်သည်။ "မင်းရဲ့ လှည့်ကွက်တွေ လာမသုံးနဲ့၊ ငါ မင်းကို လုံးဝ မယုံသေးဘူး။ မိစ္ဆာဓားက အန္တရာယ်များတယ်၊ ငါ အခြေတည်အဆင့် မရောက်မချင်း လုံးဝ မထိဘူး။"
ပြောပြီးသည်နှင့် သူမ၏ ချိုသာသော စကားများကို လျစ်လျူရှုပြီး ဓားသန့်စင်ခြင်းနှင့် ကျင့်ကြံခြင်းကို စတင်လိုက်သည်။
သူ့လက်ရှိ ရုပ်ခန္ဓာကိုယ်နှင့် ကျင့်ကြံမှုအဆင့်ဖြင့် တစ်နေ့လျှင် သာမန်ဓား ၁၈ လက်ကို သန့်စင်နိုင်ပြီး၊ ၎င်းတို့အတွင်းမှ ဓားငွေ့အင်များကို စုပ်ယူကာ ကိုယ်ပိုင် ကျင့်ကြံမှုအဖြစ် ပြောင်းလဲနိုင်သည်။
အလုပ်ပြီးသောအခါ စုချန် အခန်းသို့ ပြန်လာခဲ့သည်။
ဖော်စပ်ထားသော ‘တန်ခိုးကြီး ဝိညာဉ်ဆေးလုံး' ကို ထုတ်ယူပြီး မျိုချလိုက်သည်။
ဆေးအာနိသင်များကို စတင် သန့်စင်စုပ်ယူလိုက်သည်။
နောက်တစ်နေ့တွင် စုချန် မျက်လုံးဖွင့်လိုက်ရာ 'တန်ခိုးကြီး ဝိညာဉ်ဆေးလုံး' ၏ အာနိသင်များ အားလုံး သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူပြီး ဖြစ်သည်ကို တွေ့လိုက်ရသည်။
သူ့ကျင့်ကြံမှု အဆင့်သည် နောက်ဆုံးတွင် ချီသန့်စင်ခြင်း နဝမအဆင့် သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
နောက်တစ်ဆင့်တွင် အချိန်တစ်ခုယူပြီး ပြုစုပျိုးထောင် အားဖြည့်ပြီးပါက အခြေတည်အဆင့် အတွက် စတင် စဉ်းစားနိုင်ပြီ ဖြစ်သည်။
အခြေတည်အဆင့် ဆိုသည်မှာ မသေမျိုး ဖြစ်လာရန် အခြေခံအုတ်မြစ် ချခြင်း ဖြစ်သည်။
အောင်မြင်သွားပါက မှော်စွမ်းအင်များ အရည်အသွေး ပြောင်းလဲသွားမည် ဖြစ်ပြီး၊ ရိုးတွင်းခြင်ဆီကို ဆေးကြောသန့်စင်ကာ ခန္ဓာကိုယ်ကို သန်မာစေပြီး သက်တမ်းကို တိုးမြှင့်ပေးမည် ဖြစ်သည်။
ထို့အပြင် နတ်ဘုရား အာရုံ ကို အသုံးပြုနိုင်မည့် နည်းလမ်းများ ပေါ်ပေါက်လာပြီး၊ လက်နက်သွန်းလုပ်ခြင်းနှင့် အစီအရင်များ ကဲ့သို့သော အံ့ဖွယ် ဂါထာမန္တန်များကို အသုံးပြုနိုင်စေမည် ဖြစ်သည်။ ၎င်းတို့ အားလုံးသည် နတ်ဘုရား အာရုံအပေါ် မူတည်ပြီး ရှုတောင် ဓားထိန်းချုပ်ခြင်း နည်းစနစ်လည်း ပါဝင်သည်။
အပြင်ဂိုဏ်းသားများသည် ဓားသိုင်းပညာ လေ့ကျင့်ရာတွင် ဓားသိုင်းကွက်များနှင့် ဓားငွေ့အင်အပေါ် အဓိက မှီခိုကြသည်။ သို့သော် ဓားထိန်းချုပ်ခြင်း နည်းစနစ်ကို တတ်မြောက်သွားပါက၊ နတ်ဘုရား အာရုံကို အသုံးပြုပြီး ဓားပျံများကို ထိန်းချုပ်ကာ ကောင်းကင်သို့ ပျံတက်ခြင်း၊ မြေကြီးထဲသို့ ထိုးဆင်းခြင်းများ ပြုလုပ်နိုင်ပြီး၊ မိုင်ထောင်ချီ ဝေးသော ရန်သူများကို သတ်ဖြတ်နိုင်မည် ဖြစ်သည်။
ဒါမှ စစ်မှန်တဲ့ ဓားသမား ဖြစ်မှာပေါ့။
ထို့အပြင် မသေမျိုးလမ်းစဉ် ကျင့်ကြံသူများသည် သူတို့၏ ကျင့်ကြံခြင်း နည်းစနစ်များနှင့် ဝိညာဉ်အမြစ်များအပေါ် မူတည်ပြီး ထူးခြားသော သဘာဝလွန် စွမ်းရည်များကို ဖော်ထုတ်နိုင်ကြသည်။
ဥပမာအားဖြင့် ယွဲ့လျိုရွှမ်၏ လော်ရယ်ပင်နှင့် နှင်းခဲလမင်း သည် အခြေတည်အမြုတေ ၏ ပြယုဂ်တစ်ခု ဖြစ်သည်။
ယွီထျန်းယန်၏ 'မဟာနေမင်း ကံကြမ္မာအိမ်မြှောင်' သည်လည်း အခြေတည်အမြုတေမှ သွန်းလုပ်ထားခြင်း ဖြစ်သည်။
အနည်းငယ် ပိုအဆင့်နိမ့်သော ယန်ယွင်ဖေးတွင်လည်း အမြုတေ၏ ပြယုဂ် ရှိပြီး၊ သူ့ခန္ဓာကိုယ်ကို အနက်ရောင် ရေခဲများ ဖုံးလွှမ်းထားကာ နောက်ကျောတွင် ရေခဲကြေးမုံပြင် ပါရှိသည်။
အခြေတည်အဆင့် ကျင့်ကြံသူများသည် မှော်စွမ်းအင်နှင့် နည်းလမ်းများ နှစ်ခုစလုံးတွင် ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူများကို လုံးဝ လွှမ်းမိုးထားသည်ဟု ဆိုနိုင်သည်။
ပုံမှန် အခြေအနေတွင် ချီသန့်စင်ခြင်း နဝမအဆင့် ကျင့်ကြံသူ ၁၀ ယောက် ပေါင်းတိုက်ရင်တောင် အခြေတည်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို နိုင်မှာ မဟုတ်ဘူး။ သူတို့နှစ်ဦးကြား ကွာခြားချက်က အရည်အသွေး ကွာခြားချက် ဖြစ်ပြီး အရေအတွက်နဲ့ အစားထိုးလို့ မရနိုင်ဘူး။
သေချာတာပေါ့၊ ခြွင်းချက်တွေတော့ ရှိပါတယ်။
ဥပမာအားဖြင့် စုချန်က ဓားအရှိန်အဝါကို အားကိုးပြီး ရုတ်တရက် တိုက်ခိုက်ခြင်းဖြင့် ယန်ယွီရှင်းကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။
ဒါက ပြိုင်ဘက်ရဲ့ အင်အား သိပ်အားနည်းတာနဲ့လည်း သက်ဆိုင်ပါတယ်။
အခြေတည်အဆင့် ကိုလည်း အဆင့်အမျိုးမျိုး ခွဲခြားထားသည်။ သာမာန်လူများသည် ပါရမီ နည်းပါးပြီး အရင်းအမြစ် အကန့်အသတ် ရှိသဖြင့်၊ အခြေတည်ဆေးလုံး ကို အသုံးပြုပြီး ကြိုးစား အခြေတည်ကြရသည်။ ဒါကို "လူသား အခြေတည်ခြင်း"ဖြစ်စဉ် ဟု ခေါ်သည်။ ရရှိသော တိုးတက်မှုမှာ အလွန် နည်းပါးသည်။ သူတို့၏ အမြုတေမှာ မခိုင်မြဲဘဲ ရွှေရောင် အမြုတေ အဆင့်သို့ ရောက်ရှိရန် အခွင့်အရေး မရှိသလောက်ပင်။
ပိုမိုကောင်းမွန်သော နည်းလမ်းမှာ အခြေတည်ခြင်း လုပ်ငန်းစဉ်တွင် ရှားပါးပြီး တန်ဖိုးရှိသော ပစ္စည်းများကို အသုံးပြု၍ မိမိ၏ ပင်ကိုယ်ဗီဇ လက္ခဏာများကို မြှင့်တင်ခြင်း ဖြစ်သည်။ ၎င်းကို "စစ်မှန်သော အခြေတည်ခြင်း" ဖြစ်စဉ်ဟု ခေါ်သည်။
ယန်ယွင်ဖေးသည် ထိုအဆင့်လောက်တွင် ရှိသည်။
ပိုမိုမြင့်မားသော အဆင့်ဖြစ်သည့် "ကောင်းကင်တာအိုလမ်းစဉ် အခြေတည်ခြင်း" ကိုမူ စစ်မှန်သော ပါရမီရှင်များသာ ရရှိနိုင်သည်။
၎င်းအတွက် အခြေတည်ဆေးလုံးများ နှင့် အထူး ရှားပါးသော ပစ္စည်းများ လိုအပ်ရုံသာမက၊ ကံကောင်းထောက်မခြင်း အခွင့်အရေးများလည်း လိုအပ်သည်။ အရေးအကြီးဆုံးမှာ ထူးကဲသော ပါရမီ ရှိရမည်ဖြစ်ပြီး ကောင်းကင်တာအိုလမ်းစဉ် ၏ ဖိအားကို ခံနိုင်ရည် ရှိရမည်။ ထိုအခါမှသာ ကောင်းကင်လမ်းစဉ် အောက်တွင် အခြေတည်ခြင်းဟု သတ်မှတ်နိုင်သည်။
ယွီထျန်းယန် နှင့် ယွဲ့လျိုရွှမ် ကဲ့သို့သော ထိပ်တန်း ဂိုဏ်းသားများသည် သေချာပေါက် "ကောင်းကင်လမ်းစဉ် အခြေတည်ခြင်း" အဆင့်သို့ ရောက်ရှိထားကြသည်။
ထို့ကြောင့် စုချန်၏ ရည်မှန်းချက်သည်လည်း "ကောင်းကင်လမ်းစဉ် အခြေတည်ခြင်း" ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူ့တွင် ဓားအမြုတေရှင် ခန္ဓာကိုယ် ရှိပြီး၊ ပိုမို ကြောက်မက်ဖွယ် ကောင်းသော အလားအလာများလည်း ကိန်းအောင်းနေသဖြင့် အပြည့်အဝ ခံနိုင်ရည် ရှိသည်။
"ကောင်းကင်လမ်းစဉ် အခြေတည်ခြင်း" ကို ရရှိမှသာ သူ့အလားအလာများကို အပြည့်အဝ အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်။
အခန်း (၃၆) - အပြင်ဂိုဏ်း စာမေးပွဲကြီး
"ကောင်းကင်လမ်းစဉ် အခြေတည်ခြင်း" ဆိုသည်မှာ ကြားရသည်မှာ လွယ်ကူသော်လည်း၊ တကယ်တမ်းတွင် အလွန် ခက်ခဲလှသည်။
သာမန်လူများသည် အခြေခံအကျဆုံး "လူသား အခြေတည်ခြင်း" ကိုပင် ရရှိရန် ခက်ခဲကြသည်။ ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူ ၁၀၀ တွင် ၁ ယောက်၊ ၂ ယောက်လောက်သာ အောင်မြင်ကြသည်။
အကယ်၍ ကျရှုံးသွားပါက မှော်စွမ်းအင်များ အကြီးအကျယ် လျော့နည်းသွားမည် ဖြစ်သည်။ ကျင့်ကြံမှုအဆင့် လျှောကျသွားစေမည် မဟုတ်သော်လည်း၊ ပြန်လည် ကြိုးစားရန်အတွက် အားပြန်မွေးဖို့ တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် အချိန်ယူရမည် ဖြစ်သည်။
လူတစ်ယောက်ရဲ့ သက်တမ်းမှာ ဒီအဆင့်မှာတင် ဘယ်နှနှစ်လောက် အချိန်ဖြုန်းနေရမှာလဲ?
ထို့ကြောင့် ရှုတောင်တွင် အပြင်ဂိုဏ်းသား တစ်သိန်းကျော် ရှိသော်လည်း၊ အခြေတည်အဆင့် ရောက်ရှိထားသော အတွင်းစည်းဂိုဏ်းသား ထောင်ဂဏန်း အနည်းငယ်သာ ရှိရခြင်း ဖြစ်သည်။
အပြင်ဂိုဏ်းသား အများအပြားအတွက်၊ ဘဝ၏ အလွန်ဆုံး ရည်မှန်းချက်မှာ "လူသား အခြေတည်ခြင်း" ကို ရရှိရုံမျှသာ ဖြစ်သည်။
"စစ်မှန်သော အခြေတည်ခြင်း" သည်ပင် မိသားစုကြီးများမှ ဆင်းသက်လာသော ပါရမီရှင်များသာ ရရှိနိုင်သော အခွင့်အရေး ဖြစ်သည်။
"ကောင်းကင်လမ်းစဉ် အခြေတည်ခြင်း" ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။
စုချန် ဒီလို စိတ်ကူးမျိုး ရဲရဲတင်းတင်း တွေးရဲခြင်းမှာ သူ့ကိုယ်ပိုင် ပါရမီအပေါ် ယုံကြည်မှု ရှိသောကြောင့် ဖြစ်သည်။ သူသည် "ကောင်းကင်လမ်းစဉ် အခြေတည်ခြင်း" အတွက် အခက်ခဲဆုံး အခြေအနေ တစ်ခုနှင့် ကိုက်ညီနေသည်။
သို့သော် သဘာဝ ပါရမီအပြင် အခြားအရာများစွာကိုလည်း ပြင်ဆင်ရန် လိုအပ်သေးသည်။ ပထမဦးစွာ အခြေတည်ဆေးလုံး အကူအညီများ လိုအပ်ပြီး၊ ဒုတိယအချက်မှာ ကိုယ်ပိုင် ဗီဇများနှင့် ကိုက်ညီသော ရှားပါးပြီး တန်ဖိုးရှိသည့် သဘာဝပစ္စည်း အမြောက်အမြား လိုအပ်သည်။
အခြေတည်ဆေးလုံးသည် ရရှိရန်အားဖြင့် လွယ်ကူသည််။ ဝယ်ယူခြင်း၊ ဂိုဏ်းပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်း သို့မဟုတ် လိုအပ်သော ပစ္စည်းများ စုဆောင်းပြီး ကိုယ်တိုင် ဖော်စပ်ခြင်းတို့ဖြင့် ရယူနိုင်သည်။
ရှားပါးပြီး တန်ဖိုးရှိသော သဘာဝ ပါဝင်ပစ္စည်းများကိုမူ ကံကောင်းထောက်မမှသာ တွေ့ရှိနိုင်သည်။
၎င်း၏ တန်ဖိုးသည် ယခင်က သူရရှိခဲ့သော 'ခုနစ်ရွက် လင်ဇီးမြက်' ထက် များစွာ သာလွန်သည်။ ပေါ်လာသည်နှင့် တပြိုင်နက် လူအများအပြား လုယူတိုက်ခိုက်ကြမည် ဖြစ်သည်။ သွေးမြေမကျဘဲ ရယူရန် မလွယ်ကူပေ။
"သုံးလအတွင်း အခြေတည်အဆင့် ရောက်နိုင်တယ်လို့ ငါပြောတုန်းက လူတိုင်း ငါ့ကို အိပ်မက်မက်နေတယ်လို့ ထင်ကြတာ မဆန်းပါဘူး။ အခြေတည်အဆင့် ရောက်ဖို့ ဆိုတာ တကယ်ပဲ ထင်သလောက် မရိုးရှင်းဘူး။"
စုချန် ခါးသက်သက် ပြုံးလိုက်မိသည်။
ဒါပေမဲ့ စကားက ပြောပြီးသွားပြီဆိုတော့ ပြန်ရုပ်သိမ်းလို့ မရတော့ဘူးလေ။
ယန်ယွင်ဖေးနှင့် ချိန်းဆိုထားသည့် အချိန်ရောက်ရန် နှစ်လကျော် လိုသေးသည်။ တစ်ဆင့်ချင်းစီ သွားကြတာပေါ့။
အလွယ်ဆုံး အပိုင်းကို အရင် ဖြေရှင်းရမယ်။
အခြေတည်ဆေးလုံး။
"စုလုံ မှာ အခြေတည်ဆေးလုံး ဖော်စပ်နိုင်တဲ့ အရည်အချင်း မရှိသေးဘူး၊ ပစ္စည်းတွေ စုဆောင်းရတာလည်း ခက်ခဲတယ်။ အခြေတည်ဆေးလုံး ရဖို့ အကောင်းဆုံး နည်းလမ်းက အပြင်ဂိုဏ်း စာမေးပွဲကြီးမှာ ဝင်ပြိုင်တာပဲ။ ထိပ်ဆုံး ၁၀ ယောက် စာရင်းဝင်ရင် ဆုလာဘ် အနေနဲ့ အခြေတည်ဆေးလုံး ရနိုင်တယ်...။"
စုချန် စိတ်ထဲတွင် အစီအစဉ် ချလိုက်သည်။
သူ့လက်ရှိ ကျင့်ကြံမှုအဆင့်နှင့် အင်အားအရ၊ အပြင်ဂိုဏ်း ထိပ်ဆုံး ၁၀ ယောက် နေရာအတွက် ယှဉ်ပြိုင်ခြင်းသည် ပြဿနာ မရှိသင့်ပေ။
ဒါက ဂိုဏ်းက စီစဉ်ကျင်းပသော ပြိုင်ပွဲဖြစ်သဖြင့် တရားမျှတမှု အတိုင်းအတာ တစ်ခုအထိ ရှိသည်။ ယန်ယွင်ဖေးကဲ့သို့ လူမျိုးက သူ့ကို ပစ်မှတ်ထားချင်လျှင်တောင် အခွင့်အရေး ရမည် မဟုတ်ပေ။
"စာမေးပွဲကြီး တရားဝင် စတင်ဖို့ ၁၀ ရက် လိုသေးတယ်။ ဒါ ငါ့အခြေခံကို ခိုင်မာအောင် လုပ်ဖို့၊ အကြီးအကဲကျိုး ချန်ထားခဲ့တဲ့ မှတ်တမ်းတွေကို လေ့လာဖို့နဲ့ ငါ့ဓားသိုင်း စွမ်းအားကို မြှင့်တင်ဖို့ အချိန်ကောင်းပဲ...။"
စုချန် ဆုံးဖြတ်ချက် ချလိုက်သည်။
နောက်ရက်များတွင် သူသည် နေ့စဉ် ဓားသန့်စင်ခြင်းနှင့် ကျင့်ကြံခြင်းကို ဝီရိယရှိရှိ လုပ်ဆောင်ခဲ့သည်။
ထော်,ဘယန် ပေးလိုက်သော ဝိညာဉ်ကျောက်တုံးများက သူ့အတွက် ဆေးလုံးများနှင့် မိစ္ဆာသားရဲ အမြုတေ အမြောက်အမြား ဝယ်ယူရန် လုံလောက်သည်။ သူသည် ဓားမွေးမြူခြင်း နည်းစနစ်ကို ကျင့်ကြံခြင်းနှင့် မကောင်းဆိုးဝါး စွမ်းအင်များကို စုပ်ယူခြင်း နည်းလမ်း နှစ်ခုစလုံးကို တပြိုင်နက် အသုံးပြုပြီး မှော်စွမ်းအင်ကို တိုးမြှင့်ခဲ့သည်။
သူ့ဓားသိုင်း ကျွမ်းကျင်မှုသည်လည်း တစ်နေ့ထက်တစ်နေ့ ပိုမို သိမ်မွေ့လာသည်။
ဒီကာလအတွင်း သူ စုလုံကို သွားရောက် တွေ့ဆုံခဲ့ပြီး သူမသည် ဆေးဘုရင်၏ တပည့်ဖြစ်လာကာ ပိုင်လုထံမှ ဆေးပညာ သင်ယူနေကြောင်း သိရသဖြင့် စိတ်အေးသွားရသည်။
ထို့နောက် ဈေးတန်းတွင် လက်ဆောင်ပစ္စည်း အသေးအဖွဲ အချို့ ဝယ်ယူပြီး ကျောက်စိမ်းတောင်ထွတ် သို့ ပေးပို့ကာ စီနီယာအစ်မ ချင်းလန်၏ အကူအညီအတွက် ကျေးဇူးတင်ကြောင်း ပြသခဲ့သည်။
ယခင်က ပိုက်ဆံမရှိသဖြင့် ကျေးဇူးတင်ကြောင်း ပြသရန် ဘာမျှ မပေးနိုင်ခဲ့ပေ။ ယခုမူ အခြေအနေ ကောင်းမွန်လာပြီ ဖြစ်သဖြင့် အခြေခံ လူမှုရေး ဝတ္တရားများကို ကျေပွန်အောင် လုပ်ဆောင်ခြင်း ဖြစ်သည်။ ယွဲ့လျိုရွှမ်၏ အခြေအနေကိုလည်း မေးမြန်းခဲ့သည်။
သူမ သီးသန့်ကျင့်ကြံနေဆဲ ဖြစ်ကြောင်းနှင့် တစ်စုံတစ်ခု အဆင်မပြေ ဖြစ်နေပုံရကြောင်း သိခဲ့ရသည်။
ဂိုဏ်းချုပ်နှင့် အခြားသူများက အကြီးအကဲ အားလုံးကို ဆင့်ခေါ်ထားခြင်းမှာ ဒီကိစ္စကြောင့် ဖြစ်နိုင်ချေ များသည်။
ဒါက စုချန်ကို အနည်းငယ် စိုးရိမ်စေသည်။
သို့သော် သူ့လက်ရှိ အင်အားနှင့် ကျင့်ကြံမှုအဆင့်မှာ နိမ့်ကျလွန်းသဖြင့် လုံးဝ ဝင်ရောက်စွက်ဖက်၍ မရနိုင်ပေ။
ယွဲ့လျိုရွှမ် ကံကောင်းပြီး အဆိုးမှ အကောင်းသို့ ပြောင်းလဲနိုင်ပါစေဟုသာ ဆုတောင်းပေးနိုင်သည်။ သူသည် ဒီအမျိုးသမီးအပေါ် အမြင်ကြည်ပြီး ဇနီးကောင်း တစ်ယောက် ဖြစ်နိုင်သည်ဟု ယူဆထားသည်။ သူမ ဘာမှ မဖြစ်ပါစေနဲ့ဟုသာ မျှော်လင့်ရသည်။
ကိစ္စဝိစ္စများ ပြီးသောအခါ စုချန် ဓားသင်္ချိုင်းသို့ ပြန်လာခဲ့ပြီး၊ ထင်ထားသည့်အတိုင်းပင် ဝမ်ဟိုင်လို ထပ်ရောက်လာပြန်သည်။
စုချန် ဓားဝိညာဉ်၏ စကားကို သတိထားပြီး ရက်အနည်းငယ်ကြာ တိတ်တဆိတ် စောင့်ကြည့်ခဲ့သော်လည်း၊ တစ်ဖက်လူက စည်းကျော်သော လှုပ်ရှားမှု မလုပ်ဘဲ ရိုးရိုးရှင်းရှင်း ဓားရွေးနေပုံသာ ရသည်။
စုချန် အနေဖြင့် သူ့ကို အချိန်တိုင်း စောင့်ကြည့်နေ၍ မဖြစ်နိုင်ပေ။
မကြာမီ ရှုတောင် စာမေးပွဲကြီး ကျင်းပမည့်နေ့ ရောက်ရှိလာသည်။
ဒါက ရှုတောင်၏ နှစ်စဉ် ကျင်းပလေ့ရှိသော ပွဲတော်ကြီး ဖြစ်ပြီး၊ အပြင်ဂိုဏ်းနှင့် အတွင်းစည်းဂိုဏ်း နှစ်ခုစလုံး နှစ်ကုန် စာမေးပွဲ ကျင်းပကြသည်။
အတွင်းစည်းဂိုဏ်းတွင် "နဂါးနှင့် ကျား အဆင့်သတ်မှတ်ချက်"အသစ် ပြန်လည် သတ်မှတ်မည် ဖြစ်ပြီး၊ အတွင်းစည်းမှ အထူးချွန်ဆုံး ပါရမီရှင်များ အချင်းချင်း ယှဉ်ပြိုင်ကာ အဆင့်နေရာ လုကြမည် ဖြစ်သည်။
အပြင်ဂိုဏ်းတွင် သိုင်းပြိုင်ပွဲကြီး ကျင်းပမည် ဖြစ်ပြီး၊ အပြင်ဂိုဏ်းသား အားလုံး စာရင်းသွင်း ပါဝင်ယှဉ်ပြိုင်နိုင်သည်။ ပြိုင်ဘက်များကို အနိုင်ယူခြင်းဖြင့် အဆင့်ဆင့် တက်လှမ်းနိုင်ပြီး နောက်ဆုံးတွင် မြင့်မားသော အဆင့်သတ်မှတ်ချက်ကို ရယူနိုင်သည်။
ပါဝင်ယှဉ်ပြိုင်သူ အားလုံးသည် အဆင့် မည်မျှပင် ရသည်ဖြစ်စေ နှစ်သိမ့်ဆု အနေဖြင့် ဝိညာဉ်ကျောက်တုံး အချို့ ရရှိကြသည်။
ထိပ်ဆုံး ၁၀,၀၀၀ စာရင်းဝင်သူများသည် လာမည့်နှစ်တွင် လစဉ် လစာ နှစ်ဆ ရရှိမည် ဖြစ်သည်။
ထိပ်ဆုံး ၅,၀၀၀ စာရင်းဝင်သူများသည် လစဉ် ဆေးလုံး အပို ထောက်ပံ့မှု ရရှိမည်။
ထိပ်ဆုံး ၁,၀၀၀ စာရင်းဝင်သူများသည် စာကြည့်တိုက်သို့ ဝင်ရောက်ပြီး ကျင့်ကြံခြင်း နည်းစနစ် သို့မဟုတ် ဂါထာ တစ်ပုဒ် ရွေးချယ်ခွင့် ရရှိမည်။
အကယ်၍ ထိပ်ဆုံး ၁၀၀ စာရင်း ဝင်နိုင်ခဲ့ပါက၊ ဆုလာဘ်များ ပိုမို ရက်ရောလာမည်။ အထက်ပါ အကျိုးခံစားခွင့်များ အပြင် မှော်ပစ္စည်းများ၊ ကျင့်ကြံခြင်း နည်းစနစ်များနှင့် ဆေးလုံးများ ကဲ့သို့သော အပိုဆုများကို တိုက်ရိုက် ရရှိနိုင်သည်။
ထိပ်ဆုံး ၁၀ ယောက် အတွက်မူ အမွေခံ ပါရမီရှင်များနှင့် ထိပ်တန်း ခေါင်းဆောင်များ ဖြစ်ကြပြီး ၊ အပိုဆု အနေဖြင့် အခြေတည်ဆေးလုံးကို ရရှိမည် ဖြစ်သည်။
ပထမဆု ရရှိသူသည် ပိုမို ကြီးမားသော ဆုလာဘ် ရရှိမည်ဟု ကြားသိရသည်... ရတနာပြခန်း သို့ ဝင်ရောက်ပြီး မိမိနှစ်သက်ရာ မှော်ပစ္စည်း တစ်ခုကို ရွေးချယ်ခွင့် ရရှိမည် ဖြစ်သည်။
"ငါ တစ်နှစ်လုံးလုံး ကြိုးစား ပြင်ဆင်ခဲ့တာ၊ ဒီပြိုင်ပွဲမှာ ထိပ်ဆုံး ၁၀,၀၀၀ စာရင်းဝင်အောင် လုပ်မယ်။"
"မင်းရဲ့ သနားစရာကောင်းတဲ့ ပုံစံကို ကြည့်ပါဦး။ ငါတို့က 'မိစ္ဆာဖမ်း မျှော်စင်' ထဲမှာ နှစ်ဝက်ကျော်လောက် တိုက်ခိုက် လေ့ကျင့်ခဲ့တာ၊ အနည်းဆုံး အဆင့် ၅,၀၀၀ လောက်တော့ ဝင်သင့်တယ်။"
"ထိပ်ဆုံး ၁,၀၀၀ စာရင်းဝင်ပြီး ဘဝရဲ့ အထွတ်အထိပ်ကို တက်လှမ်းကြမယ်။"
"ကံကောင်းပြီး ပထမအဆင့် ပွဲစဉ်တွေမှာ သိပ်သန်မာတဲ့ ပြိုင်ဘက်တွေနဲ့ မတွေ့ပါစေနဲ့လို့ မျှော်လင့်ရတာပဲ။ မနှစ်က ငါ ကံဆိုးလွန်းတယ်၊ ပထမပွဲမှာတင် မနှစ်က အဆင့် ၄ ရခဲ့တဲ့ ကျောက်ဝူကျိ နဲ့ သွားတိုးတယ်...။"
စမ်းသပ်ကွင်းပြင်ကြီးထဲတွင် ဂိုဏ်းသား အမြောက်အမြား စုဝေးရောက်ရှိနေကြသည်။
လူဦးရေ တစ်သိန်းကျော် ရှိပြီး၊ အပြင်ထွက် လေ့ကျင့်နေသူ သို့မဟုတ် သီးသန့်ကျင့်ကြံနေသူ အနည်းငယ်မှ လွဲ၍ အပြင်ဂိုဏ်းသား အားလုံးနီးပါး ဤပွဲတော်ကြီးကို လက်လွတ်ခံမည် မဟုတ်ပေ။
အတွင်းစည်းဂိုဏ်းသား အများအပြားလည်း လာရောက် ကြည့်ရှုကြပြီး၊ အလားအလာရှိသော အပြင်ဂိုဏ်းသား အချို့ကို ရွေးချယ်ကာ ကိုယ့်ဘက်ပါအောင် သိမ်းသွင်းလေ့ကျင့်ပေးရန် စောင့်ကြည့်နေကြသည်။
ဆေးဖော်စပ်ရေး ခန်းမမှ အမျိုးသမီး ဂိုဏ်းသားများပင် အပျော်လာကြည့်ကြသည်။
"အစ်ကိုကြီး၊ အစ်ကိုကြီးလည်း နှစ်ကုန် စာမေးပွဲ ဝင်ပြိုင်မှာလား? ကံကောင်းပါစေ။ အစ်ကိုကြီးရဲ့ စွမ်းရည်နဲ့ ဆိုရင် အဆင့်ကောင်းကောင်း ရမှာ သေချာတယ်။"
စုလုံက လက်သီးလေး ဆုပ်ပြပြီး အားပေးလိုက်သည်။
"ငါ အကောင်းဆုံး ကြိုးစားပါ့မယ်။"
စုချန် ပြုံးလိုက်ပြီး ပိုင်လုကို လှည့်ကြည့်လိုက်သည်။ ဒီမိန်းကလေးက တော်တော် သန်မာပြီး အပြင်ဂိုဏ်း ထိပ်တန်း စာရင်းဝင် ဖြစ်လောက်သော်လည်း၊ သူမက သိပ်စိတ်ဝင်စားပုံ မရဘဲ ဂိုဏ်းတူညီမလေးတွေကို အဖော်လိုက်ပေးပြီး ပွဲလာကြည့်ရုံ သက်သက် ဖြစ်ပုံရသည်။
"ဂိုဏ်းတူအစ်မ ပိုင်လု၊ ဝင်မပြိုင်ဘူးလား။"
"ငါ တိုက်တာခိုက်တာတွေ စိတ်မဝင်စားဘူး၊ ပြီးတော့ ဒီဆုလာဘ်တွေ ငါမလိုပါဘူး။"
ပိုင်လု ဖျော့တော့စွာ ပြုံးလိုက်သည်။
ဟုတ်ပါပြီဗျာ... ငါ့ကို ပညာပြသွားပြန်ပြီ။ သူလည်း ချမ်းသာတဲ့ သူဌေးသမီး နောက်တစ်ယောက်ပဲ။
သူတို့နှစ်ဦး စကားပြောနေစဉ် စုချန် ကျောချမ်းသွားသလို ခံစားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းရှိ စင်မြင့်ပေါ်သို့ လေဟုန်စီးလျက် ရောက်ရှိလာသော ယန်ယွင်ဖေးကို တွေ့လိုက်ရသည်။ ယန်ယွင်ဖေးက သူ့ကို အေးစက်ပြီး စူးရှသော အကြည့်ဖြင့် ကြည့်နေသည်။
ဒီကာလအတွင်း စုချန်၏ အင်အား လျင်မြန်စွာ တိုးတက်လာပြီး အပြင်ဂိုဏ်း ပါရမီရှင် အများအပြားကို အနိုင်ယူကာ အရှိန်အဟုန် ကောင်းနေသည်။
ဒါက ယန်ယွင်ဖေးကို အနည်းငယ် စိုးရိမ်စိတ် ဝင်စေပြီး၊ ယခင်ကကဲ့သို့ ပြိုင်ဘက်ကို အထင်မသေးတော့ပေ။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ဦးကြားတွင် သေရေးရှင်ရေး စိန်ခေါ်ပွဲ ရှိနေသေးသည် မဟုတ်ပါလား။
ထို့ကြောင့် ယန်ယွင်ဖေး ကိုယ်တိုင် လာရောက်ပြီး အပြင်ဂိုဏ်း စာမေးပွဲကို စောင့်ကြည့်ခြင်း ဖြစ်သည်။
ယန်ဝူ ကိုလည်း ခေါ်လာခဲ့ပြီး၊ စုချန်၏ စွမ်းရည်ကို စမ်းသပ်ခိုင်းရန် ရည်ရွယ်ထားသည်။
တစ်လကျော် ကြာပြီးနောက် ယန်ဝူ၏ ဒဏ်ရာများ ပျောက်ကင်းသွားပြီ ဖြစ်ပြီး၊ သူ့အရှိန်အဝါ တစ်ခုလုံးလည်း သိသိသာသာ တိုးတက်လာသည်။
ယခုအချိန်တွင် သူ့မျက်လုံးများက ဒဏ်ရာရထားသော သားရဲတစ်ကောင်ကဲ့သို့ ကြမ်းတမ်းနေပြီး၊ စုချန်ကို စိုက်ကြည့်ကာ ထိုနေ့က ခံစားခဲ့ရသည်များအတွက် လက်စားချေရန် အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်နေသည်။
"စုချန်၊ မင်း ပထမအဆင့် ပွဲစဉ်တွေမှာတင် ပြုတ်မသွားပါစေနဲ့။ ငါ မင်းကို အပြတ် ရှင်းပစ်ဖို့ စောင့်နေတယ်။"