← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇) - ဒါ သေချာပေါက် နိုင်မယ့်ပွဲပဲ

ထော်ဘယန် ၏ လောင်းကြေးထပ်မှုကို ရင်ဆိုင်ရသောအခါ၊ စုချန်၏ ပထမဆုံး တုံ့ပြန်မှုမှာ ငြင်းပယ်ရန် ဖြစ်သည်။

အဓိက ပြဿနာမှာ ဒီလို လောင်းကစားခြင်းက သိပ်ကလေးဆန်လွန်းသည်။

သို့သော် ထော်,ဘယန်က ယခင်က အလွန် ရက်ရောခဲ့ဖူးသည်ကို ထည့်တွက်ကြည့်လျှင် သူသည် ချမ်းသာသော မိသားစုမှ လာသည်မှာ သေချာသည်။ ထို့ကြောင့် ဒါက ပိုက်ဆံရှာရန် အခွင့်အရေးကောင်း တစ်ခုပင်။

ထို့ကြောင့် သူက ပြောလိုက်သည်။ "မင်းနိုင်ရင် ငါက ‘တောင်တန်းလောင်ကျွမ်း’ ဓားကို ပေးမယ်။ တကယ်လို့ မင်းရှုံးရင်ရော?"

"ဟွန့်၊ ငါရှုံးမယ် ထင်နေတာလား? ငါက လူသစ်စမ်းသပ်ပွဲမှာ နံပါတ်တစ် ရထားတဲ့ ပါရမီရှင်ကွ။ မင်း ငါ့ကို နိုင်မယ်လို့ ဘာကြောင့် ထင်နေရတာလဲ?"

ထော်,ဘယန်က မထီမဲ့မြင် ရှုံ့ချလိုက်သည်။ သို့သော် စုချန်ကို ငါးစာဟပ်စေရန် ခေတ္တမျှ စဉ်းစားပြီးနောက် ဈေးနှုန်းတစ်ခု ကမ်းလှမ်းလိုက်သည်။ "အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၀။ ငါရှုံးရင် ဝိညာဉ်ကျောက်တုံး ၃၀ ပေးမယ်၊ ဘယ်လိုလဲ?"

ဘုရားရေ။

သူက ဝိညာဉ်ကျောက်တုံး ၃၀ ကို ချက်ချင်း ကမ်းလှမ်းလိုက်သည်။

သာမာန် အပြင်ဂိုဏ်းသား တစ်ယောက် တစ်လကို ဝိညာဉ်ကျောက်တုံး ဘယ်လောက်ရလို့လဲ? ၅ တုံးပဲ ရတာလေ။

အန္တရာယ်များသော အလုပ်ကို လုပ်နေရသည့် ဓားသင်္ချိုင်းစောင့် ဂိုဏ်းသား စုချန်တောင်မှ တရားဝင် လစာအနေနဲ့ ၁၀ တုံးပဲ ရတာ။

ထော်,ဘယန်က လောင်းကြေးအဖြစ် ဝိညာဉ်ကျောက်တုံး ၃၀ ကို တန်းပြီး ထုတ်ပေးနိုင်ခြင်းက သူသည် ချမ်းသာသော မိသားစုမှ လာပြီး၊ ကြီးကျယ်သော ကျင့်ကြံသူ မျိုးနွယ်စု တစ်ခုခုမှ သခင်လေး ဖြစ်နိုင်ကြောင်း ပြသနေသည်။

နောက်ဆုံးတော့ ဒီလို သားကောင်မျိုး တွေ့ပြီမို့၊ စုချန် ယဉ်ကျေးမနေတော့ပေ။

"ဝိညာဉ်ကျောက်တုံး ၁၀၀။ မင်းမှာ ရှိရင် လောင်းမယ်၊ မရှိရင်တော့ ထားလိုက်တော့။"

ဝိညာဉ်ကျောက်တုံး ၁၀၀ ဆိုတာ နည်းတဲ့ ပမာဏ မဟုတ်ဘူး။

ထိုစကားကို ကြားသောအခါ ထိုနေရာတွင် ရှိနေသော လူအများအပြား မျက်နှာပျက်သွားကြသည်။

သို့သော် ‘တောင်တန်းလောင်ကျွမ်း’ ဓား၏ တန်ဖိုးကို စုချန် သိသည်။ ၎င်းသည် အဆင့်ကျသွားသော်လည်း မှော်ဓားတစ်လက် ဖြစ်သည်။ ဝိညာဉ်ကျောက်တုံး ၁၀၀ လောက်နှင့် ဘယ်လိုလုပ် ဝယ်လို့ရနိုင်မှာလဲ?

"မင်း ပိုက်ဆံပြတ်နေတာတော့ မဟုတ်ပါဘူးနော်? ပိုက်ဆံမရှိရင် ဘာလို့ ချမ်းသာချင်ယောင် ဆောင်နေတာလဲ။ မြန်မြန် ထွက်သွား၊ ငါ့အမဲလိုက်ချိန်ကို လာမနှောင့်ယှက်နဲ့။"

စုချန် တမင်သက်သက် ရန်စ စကား အနည်းငယ် ပြောလိုက်သည်။

တကယ်တမ်းကျတော့ ဒါက အတော်လေး အဆင့်နိမ့်တဲ့ ရန်စနည်းပါပဲ။

ဒါပေမဲ့ ထော်,ဘယန်က ဒီလို ချဉ်းကပ်မှုကိုပင် လုံးဝ ခံနိုင်ရည်မရှိပေ။

ပထမအချက်မှာ သူ အလွန် ယုံကြည်မှု ရှိပြီး သူရှုံးမည်ဟု လုံးဝ မယုံကြည်ပေ။ သူသည် ‘တောင်တန်းလောင်ကျွမ်း’ ဓားကို ရယူရန် ဆုံးဖြတ်ထားသည်။ ဒုတိယအချက်မှာ သူ တကယ်ပဲ ချမ်းသာသည်။

ထော်,ဘယန် မိသားစုသည် လျန်ကျိုး တွင် အကြီးဆုံးသော ကုန်သည်မျိုးနွယ် ဖြစ်သည်။ တခြားအရာတွေ ထားလိုက်ဦး၊ သူတို့မှာ ဝိညာဉ်ကျောက်တုံး အလွန်ပေါများသည်။ သူတို့ ကိုယ်ပိုင် ဝိညာဉ်ကျောက်တုံး မိုင်းတွင်း အသေးစား နှစ်ခုတောင် ရှိသေးသည်။

ထို့ကြောင့် သူ့မှာ ပိုက်ဆံမရှိဘူးဟု ပြောလာလျှင် သူ သည်းမခံနိုင်ပေ။

"ကောင်းပြီလေ။ ငါ မင်းနဲ့ ဝိညာဉ်ကျောက်တုံး ၁၀၀ ကြေး လောင်းတယ်။ စာချုပ်ချုပ်ကြမယ်။”

ထော်,ဘယန် အံကြိတ်ပြီး ပြောလိုက်သည်။

ဘေးနားတွင် ရပ်နေသော လက်အောက်ငယ်သားများက ထိုစကားကို ကြားသောအခါ တံတွေးမြိုချလိုက်ကြပြီး အကြံပေးရန် ကြိုးစားသော်လည်း၊ သူက မျက်လုံးဖြင့် စိုက်ကြည့်ကာ တားဆီးလိုက်သည်။

မကြာမီ သူတို့နှစ်ဦး ခါးချိတ်တံဆိပ်ပြားများကို ထုတ်ယူကာ မှော်စွမ်းအင် သွင်းပြီး လောင်းကစား သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ကြသည်။

စာချုပ် အသက်ဝင်သည်နှင့် တပြိုင်နက် ပြန်လည် ရုပ်သိမ်း၍ မရတော့ပေ။

မဟုတ်ပါက ဂိုဏ်းစည်းကမ်းများအရ အပြစ်ပေးခံရမည် ဖြစ်သည်။

မှော်အလင်းတန်း တစ်ခု တောက်ပလာပြီးနောက် သူတို့နှစ်ဦး၏ အမည်များသည် 'မိစ္ဆာဖမ်း မျှော်စင်' ရှေ့ရှိ ကျောက်စိမ်းနံရံပေါ်တွင် ပေါ်လာသည်။ ၎င်းအောက်တွင် သူတို့နှစ်ဦး၏ အမဲလိုက် ရလဒ်များကို အမှတ်အဖြစ် အချိန်နှင့်တပြေးညီ ပြောင်းလဲ ပြသနေသော ရမှတ်စာရင်း တစ်ခု ပါရှိသည်။

'မိစ္ဆာဖမ်း မျှော်စင်' ထဲရှိ မိစ္ဆာများကို အမဲလိုက် ရှင်းလင်းခြင်းသည် ဂုဏ်ပြုကုသိုလ်မှတ်များ ရယူနိုင်သော နည်းလမ်းတစ်ခုလည်း ဖြစ်သည်။

ထို့ကြောင့် မျှော်စင်အတွင်း၌ တည်ဆောက်ထားသော ကြီးမားသော အစီအရင်သည် ဂိုဏ်းသားတစ်ဦးချင်းစီ၏ မိစ္ဆာသတ်ဖြတ်မှု မှတ်တမ်းကို အချိန်နှင့်တပြေးညီ မှတ်တမ်းတင်ပေးပြီး၊ နောက်ဆုံးတွင် အမှတ်များအဖြစ် ပြောင်းလဲကာ ဂုဏ်ပြုကုသိုလ်မှတ်အဖြစ် သတ်မှတ်ပေးသည်။

ဂုဏ်ပြုကုသိုလ်မှတ်များကို ဂါထာစာအုပ်များ၊ ဆေးလုံးများ နှင့် ဓားရွေးချယ်ခွင့်များဖြင့် လဲလှယ်နိုင်သည်။

ယခုအချိန်တွင် အမှတ်ပေးစနစ်ကို လောင်းကြေးအတွက် သက်သေအဖြစ် အသုံးပြုနိုင်ပြီး မည်သူမျှ မသမာမှု မလုပ်နိုင်သဖြင့် တရားမျှတသည်ဟု ယူဆနိုင်သည်။

ယခင်က အပြင်ဂိုဏ်းသားများသည် အချင်းချင်း လောင်းကစားလုပ်လေ့ ရှိကြသော်လည်း၊ အများစုမှာ သူငယ်ချင်းများအကြား အပျော်သဘော လောင်းကြေးအနည်းငယ်သာ ဖြစ်သည်။

ဒီလို လောင်းကြေးအကြီးကြီးက ရှားပါးသည်။

ဝိညာဉ်ကျောက်တုံး ၁၀၀ နှင့် အဆင့်လျော့ မှော်ဓားတစ်လက်တို့သည် လူအများအပြား၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန် လုံလောက်သည်။

မကြာမီ ဘာမှလုပ်စရာမရှိသော ဂိုဏ်းသားအများအပြား စုဝေးရောက်ရှိလာပြီး ပွဲကောင်းကြည့်ရန် စောင့်ဆိုင်းနေကြသည်။

"အချိန် နှစ်နာရီ သတ်မှတ်ထားတယ်။ အချိန်ပြည့်တာနဲ့ အလိုအလျောက် ဆုံးဖြတ်ပြီးသားပဲ။"

ထော်,ဘယန် က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ "မင်း ရှုံးဖို့ သေချာနေပါပြီ။ ‘တောင်တန်းလောင်ကျွမ်း’ ဓားက ငါ့ဟာပဲ။"

"ပွဲပြီးမှပဲ ဆက်ပြောကြတာပေါ့။"

စုချန် အပိုစကားများ ပြောမနေတော့ပေ။

သူ့အတွက် ဒီလောင်းကြေးက အပျော်တမ်းလောင်းကြေး တစ်ခုသာ။

ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်က မိစ္ဆာသတ်ဖြတ်ဖို့၊ လက်တွေ့အတွေ့အကြုံ ယူဖို့နဲ့ ဓားဆန္ဒကို ပျိုးထောင်ဖို့သာ ဖြစ်သည်။

ရွှမ်း—

အလင်းရောင် တစ်ချက် လက်ခနဲ ဖြစ်သွားပြီး စုချန်သည် 'မိစ္ဆာဖမ်း မျှော်စင်' တံခါးဝရှိ စိတ်စွမ်းအင် ကူးသန်းရေး အစီအရင်ဂိတ် ကို ဖြတ်သန်းသွားသည်။

နောက်တစ်ခဏတွင် သူသည် လျှို့ဝှက်နယ်မြေ၏ ပထမအဆင့်သို့ ရောက်ရှိသွားပြီး ထူထပ်သော တောအုပ်ကြီးတစ်ခု၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။ မြူခိုးများ ဖုံးလွှမ်းနေပြီး ငါးညှီနံ့ အနည်းငယ်ရသော အဆိပ်ငွေ့များ ပြည့်နှက်နေသည်။

"အဆိပ်ငွေ့ လျှို့ဝှက်နယ်မြေ .... ငါ ကံဆိုးနေပါလား...။"

စုချန် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

'မိစ္ဆာဖမ်း မျှော်စင်' ၏ ပထမအဆင့် လျှို့ဝှက်နယ်မြေများကို အမျိုးအစား ခွဲခြားထားသည်။ အချို့မှာ နေရာလွတ်ကျယ်ဝန်းပြီး မိစ္ဆာသားရဲ အများအပြား နေထိုင်ကြသဖြင့် အမဲလိုက်ရန် လွယ်ကူသည်။

အချို့နေရာများမှာ မြေပြင်အနေအထား ရှုပ်ထွေးပြီး ပတ်ဝန်းကျင် အခြေအနေ ဆိုးရွားကာ မိစ္ဆာများ နေရာတိုင်းတွင် ပုန်းအောင်းနေတတ်သဖြင့် အန္တရာယ်များသည့်အပြင် အမဲလိုက်ရန်လည်း မသင့်တော်ပေ။

အဆိပ်ငွေ့ လျှို့ဝှက်နယ်မြေသည် ဒုတိယတစ်မျိုးတွင် ပါဝင်သည်။

ဤနေရာသည် ကျယ်ပြန့်သော တောနက်ဒေသ ဖြစ်ပြီး အဆိပ်ငွေ့များ၊ အဆိပ်များနှင့် အန္တရာယ်များသော စိမ့်မြေများ ပြည့်နှက်နေသည်။ ဤကဲ့သို့သော နေရာတွင် အမဲလိုက်ခြင်းသည် အသိအသာပင် ပိုမို ပင်ပန်းခက်ခဲသည်။

သေချာတာပေါ့၊ အားသာချက်တော့ မရှိဘူး မဟုတ် ရှိပါတယ်။

ဒီလို လျှို့ဝှက်တောအုပ်တွေထဲမှာ ရှားပါး ဆေးဖက်ဝင် အပင်တွေ ပေါက်ရောက်လေ့ ရှိတယ်။ စုဆောင်းနိုင်ရင် ဆုလာဘ် ကောင်းတစ်ခု ဖြစ်လာမှာပါ။

"ရှူး—"

ရုတ်တရက် အနံ့ဆိုးတစ်ခု ရလိုက်သည်။ စုချန် ရှောင်တိမ်းရန် လှည့်လိုက်ရာ သစ်ပင်ထိပ်ဖျားမှ တွဲလောင်းကျနေသော အစိမ်းရင့်ရောင် အဆိပ်ရှိ စပါးအုံးမြွေ တစ်ကောင်ကို တွေ့လိုက်ရသည်။ ၎င်း၏ သွေးနီရောင် ပါးစပ်ကြီးကို ဖွင့်ပြီး ကိုက်ရန် အသင့်ပြင်နေသည်။

သူ တွေဝေမနေဘဲ ‘တောင်တန်းလောင်ကျွမ်း’ ဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်ပြီး မှော်စွမ်းအင် ထည့်သွင်းကာ ပူပြင်းသော ဓားငွေ့အင်ကို ထုတ်လွှတ်လိုက်ရာ အဆိပ်ရှိ စပါးအုံးမြွေကို ချက်ချင်း နှစ်ပိုင်း ပိုင်းဖြတ်လိုက်သည်။

လောင်ကျွမ်းနေသော မီးတောက်များ ဘေးသို့ ပြန့်ကျဲသွားပြီး မြက်ခင်းထဲတွင် ပုန်းအောင်းနေသော သစ်ပင်ဝိညာဉ်များကို တမြည်မြည် လောင်ကျွမ်းစေကာ အော်ဟစ်စေသည်။

"ကံကောင်းတာက ဒီတောအုပ်ထဲက မိစ္ဆာတွေက ပြဿနာပေးနိုင်ပေမယ့် မီးကြောက်ကြတယ်။ ဒါက ငါ့ရဲ့ 'မိုးမီးလောင်စေနိုင်သော ဓားငွေ့အင်' ကို ထုတ်သုံးဖို့ ကွက်တိပဲ။"

စုချန် အောက်သို့ ပျံဆင်းသွားပြီး အဆိပ်စပါးအုံးမြွေ အလောင်းမှ လက်ချောင်းအရွယ်အစားရှိသော အမြုတေ တစ်ခုကို ထုတ်ယူလိုက်သည်။

ဒါက အဆိပ်စပါးအုံးမြွေထဲက မိစ္ဆာသားရဲ အမြုတေ ဖြစ်သည်။ ဆေးလုံးနှင့် ဆေးဝါးများ ဖော်စပ်ရာတွင် အသုံးပြုနိုင်ပြီး တန်ဖိုးရှိသော ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ထားသည်။ များများ စုဆောင်းပြီး နောက်မှ စုလုံကို လေ့ကျင့်ဖို့ ပေးရမယ်။

"ဒီတောအုပ် အစပ်နားက မိစ္ဆာကောင်တွေက အ‌ကောင်ရေရော၊ စွမ်းအားရော သိပ်နည်းလွန်းတယ်။"

စုချန် လမ်းတစ်လျှောက်တွင် မိစ္ဆာသားရဲ အများအပြားကို အားစိုက်ထုတ်စရာ မလိုဘဲ သတ်ဖြတ်ခဲ့သော်လည်း၊ ဒါက အချိန်ဖြုန်းသလိုသာ ဖြစ်နေသည်။

ထော်ဘယန်နဲ့ လောင်းကြေးကို ရှုံးရင် ရှက်စရာကြီး။

သူ ထိုသို့ တွေးနေစဉ် ရုတ်တရက် တောအုပ် နက်ရှိုင်းရာမှ နက်ရှိုင်းသော ဟိန်းသံကြီး တစ်သံ ထွက်ပေါ်လာပြီး မိစ္ဆာမီးခိုးငွေ့များ လိမ့်တက်လာသည်။

"ဒီလှုပ်ရှားမှုကို ကြည့်ရတာ အဆင့် ၃ မိစ္ဆာသားရဲ ဖြစ်လောက်တယ်။ ငါလေ့ကျင့်ဖို့ ကွက်တိပဲ။"

စုချန် မျက်လုံးများ အနည်းငယ် တောက်ပသွားပြီး တွေဝေခြင်းမရှိဘဲ ဓားကို ဆွဲထုတ်ကာ မိစ္ဆာစွမ်းအင် လှုပ်ရှားနေသော နေရာသို့ ပြေးဝင်သွားသည်။

တချိန်တည်းမှာပင်။

'မိစ္ဆာဖမ်း မျှော်စင်' အပြင်ဘက်ရှိ အမှတ်ပြ ကျောက်စိမ်းနံရံ ရှေ့တွင် ဂိုဏ်းသားများ ပိုမို စုဝေးရောက်ရှိလာကြသည်။

စုချန်၏ နာမည်အောက်တွင် သူ့အမှတ်များက ဂဏန်းအနည်းငယ်သာ တိုးလာနေပြီး တိုးတက်မှု နှေးကွေးနေသည်။

ဆန့်ကျင်ဘက်အနေဖြင့် ထော်,ဘယန် ဘက်တွင် ဒုံးပျံကဲ့သို့ အမှတ်များ မြင့်တက်နေပြီး နာရီဝက် အတွင်းမှာပင် အကောင်ရေ ၈၀ ကျော် သတ်ဖြတ်ထားသည်။

အကြောင်းမှာ သူ အလွန် ကံကောင်းပြီး မိစ္ဆာသားရဲ အသိုက်တစ်ခုထဲသို့ ရောက်ရှိသွားသောကြောင့် ဖြစ်သည်။ ထိုအသိုက်တွင် အားနည်းသော အဆင့် ၁ မိစ္ဆာကောင်များ ပြည့်နှက်နေပြီး အရေအတွက် အလွန်များပြားသည်။ သူက မီးဓာတ် သိုင်းပညာဖြင့် တိုက်ခိုက်ပြာချလိုက်ရာ သူ့အမှတ်များ ပုံမှန်ထက် အလျင်အမြန် တိုးပွားလာခြင်း ဖြစ်သည်။

"ဟားဟား၊ ဒီတစ်ခါတော့ ငါတို့အစ်ကိုထော် သေချာပေါက် နိုင်ပြီ။"

"ဒီ စုချန်ကလည်း ကံဆိုးရှာပါတယ်။ သူ့အင်အားနဲ့ ကျင့်ကြံမှုက နဂိုကတည်းက အားနည်းနေတာ၊ အခု ရှုပ်ထွေးပြီး အဆိပ်ပြင်းတဲ့ နယ်မြေထဲ ရောက်သွားတော့၊ အခြေအနေ ဆိုးနေလောက်ပြီ။"

"ကြားတာတော့ အပြင်ဂိုဏ်း အဆင့် ၇ နေရာက ဂိုဏ်းတူအစ်ကိုကြီး ဟန်ဖုန်းလည်း အဆိပ်ငွေ့ လျှို့ဝှက်နယ်မြေထဲ ရောက်နေတယ်တဲ့။ သူတို့ချင်း သွားတွေ့နိုင်မလား။"

"အမှန်အတိုင်း ပြောရရင် လောင်းကြေးပွဲက အခုမှ စတာ ဆိုပေမယ့်၊ ရလဒ်ကတော့ ပေါ်နေပါပြီ။"

"ဒီ ထော်,ဘယန်က တော်တော် အထင်ကြီးစရာ ကောင်းတာပဲ။ အဆင့် ၁ မိစ္ဆာကောင်တွေကိုပဲ သတ်တာ ဆိုပေမယ့်၊ ဒီလောက် မြန်မြန် သတ်နိုင်တာက ကျွမ်းကျင်မှု ရှိလို့ပဲ။ သူ့အင်အားနဲ့ ဆိုရင် ဒီနှစ် စမ်းသပ်ပွဲမှာ ထိပ်ဆုံး ၃၀ စာရင်း ဝင်လောက်တယ်။"

လူအုပ်ကြီးက တီးတိုး ပြောဆိုနေကြသည်။

တစ်နာရီခန့် ကြာပြီးနောက် ထော်,ဘယန်၏ အမှတ်မှာ ၃၀၀ အထိ ရောက်ရှိလာသည်။

ဒါက အလွန် မြင့်မားသော ကိန်းဂဏန်း ဖြစ်သည်။

ဆိုလိုသည်မှာ သူသည် လွန်ခဲ့သော တစ်နာရီခွဲ အတွင်း အနည်းဆုံး အဆင့် ၁ မိစ္ဆာကောင် ၁၀၀ ကို သတ်ဖြတ်ခဲ့ပြီး၊ စုချန် ဘက်တွင်မူ အပြောင်းအလဲ သိပ်မရှိသေးပေ။

အလင်းရောင် တစ်ချက် လက်ခနဲ ဖြစ်သွားပြီး ထော်,ဘယန်သည် 'မိစ္ဆာဖမ်း မျှော်စင်' ရှေ့တွင် ပြန်ပေါ်လာသည်။

သူသည် မိစ္ဆာအသိုက်ကို အပြတ်ရှင်းလင်းပြီး ဖြစ်သဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲကာ လျှို့ဝှက်နယ်မြေမှ နာရီဝက် စောပြီး ထွက်ခွာလာခြင်း ဖြစ်သည်။

"အဆိပ်ငွေ့ ပြည့်နေတဲ့ လျှို့ဝှက်နယ်မြေ ဟုတ်လား?"

ထော်,ဘယန် ကျောက်စိမ်းနံရံ ရှေ့သို့ ရောက်လာပြီး စုချန်၏ တည်နေရာနှင့် ရမှတ်ကို တစ်ချက်ကြည့်လိုက်ကာ ချက်ချင်း ရယ်မောလိုက်သည်။ ဒီပွဲက သေချာပေါက် ငါနိုင်မယ့်ပွဲပဲ။

အခန်း (၂၈) - ခုနစ်ရွက် လင်ဇီးမြက်

အဆိပ်ငွေ့ လျှို့ဝှက်နယ်မြေ၏ နက်ရှိုင်းရာတွင် တောအုပ်ကြီးက ထူထပ်ပြီး နွယ်ပင်များက ရှုပ်ထွေးပွေလီနေသည်။

စုချန်သည် လက်ထဲတွင် ဓားကို ကိုင်ထားပြီး လမ်းလျှောက်နေသည်။ သူ့ခန္ဓာကိုယ်ကို ဓားငွေ့အင်များ ဝန်းရံထားပြီး ပတ်ဝန်းကျင်ရှိ အဆိပ်ငွေ့များကို တွန်းထုတ်ထားသည်။ ဤလုပ်ငန်းစဉ်သည် သူ့မှော်စွမ်းအင် ကို အဆက်မပြတ် သုံးစွဲနေရသည်။

လူအများစု ဒီလို အခြေအနေမျိုးကို တောင့်ခံနိုင်မည် မဟုတ်။

မကြာမီ စုချန် အဆိပ်ငွေ့တောအုပ်၏ နက်ရှိုင်းရာသို့ ရောက်ရှိလာပြီး၊ စိမ့်မြေထဲတွင် ဧရာမ မိစ္ဆာသားရဲကြီး နှစ်ကောင် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။

အဖုအပိမ့်များ ဖုံးလွှမ်းထားပြီး ပြင်းထန်သော အဆိပ်ငွေ့များ ထုတ်လွှတ်နေသော ဖားပြုတ်ကြီးတစ်ကောင်၊ ၎င်း၏ မျက်လုံးများက ပြူးကျယ်ပြီး ကြောက်စရာကောင်းကာ ရွှံ့နွံထဲတွင် ရုန်းကန်နေသဖြင့် ရွှံ့များ နေရာအနှံ့ လွင့်စဉ်နေသည်။

၎င်း၏ ပြိုင်ဘက်မှာ ကြေးခွံများ ဖုံးလွှမ်းထားသော မိကျောင်းကြီး တစ်ကောင်ဖြစ်ပြီး၊ ပါးစပ်ထဲတွင် ဓားကဲ့သို့ အစွယ်ထက်ထက်များ ပါရှိကာ ရွှံ့များကို မှုတ်ထုတ်နေသည်။

မိစ္ဆာသားရဲ နှစ်ကောင်စလုံးတွင် မိစ္ဆာစွမ်းအင်များ လှုပ်ရှားနေပြီး ကြောက်မက်ဖွယ် အင်အားကို ပိုင်ဆိုင်ထားကြသည်။

အပြင်ဘက် စည်းဝိုင်းတွင် ၎င်းတို့၏ လက်အောက်ငယ်သား မိစ္ဆာကောင် ရာပေါင်းများစွာက စစ်တပ်ကြီး နှစ်တပ်ကဲ့သို့ အချင်းချင်း တိုက်ခိုက်နေကြရာ တကယ်ပင် အံ့သြဖွယ် ကောင်းသော မြင်ကွင်း ဖြစ်သည်။

လမ်းတစ်လျှောက်တွင် စုချန် မိစ္ဆာသားရဲ သိပ်မတွေ့ရခြင်းမှာ မဆန်းတော့ပေ။

အားလုံးက ဒီစစ်မြေပြင်မှာ လာစုဝေးနေကြတာကိုး။

"ဒီမိစ္ဆာသားရဲ နှစ်ကောင်က လျှို့ဝှက်နယ်မြေထဲက မိစ္ဆာခေါင်းဆောင်တွေ ဖြစ်မယ်။ ဘာလို့ ဒီနေရာမှာ လာတိုက်နေကြတာလဲ"

စုချန် အနည်းငယ် နားမလည်နိုင် ဖြစ်သွားပြီး အသက်ကို အောင့်ထားကာ စိမ့်မြေ၏ နက်ရှိုင်းရာသို့ လှမ်းကြည့်လိုက်သည်။

ကြီးမားပြီး ခြောက်သွေ့နေသော သစ်ပင်ကြီးတစ်ပင် စိမ့်မြေရွှံ့နွံထဲတွင် တည်ရှိနေပြီး၊ ပင်စည်ပေါ်တွင် ဝိညာဉ်အလင်းရောင် ဖျော့ဖျော့လေး တောက်ပနေကာ ထိုနေရာမှ ဝိညာဉ်ဆေးပင် တစ်ပင် ပေါက်ရောက်နေသည်။

ထိုဆေးပင်သည် သစ်ခွပင်နှင့် တူပြီး စိမ်းလန်းစိုပြေသော အရွက် ခုနစ်ရွက် ပါရှိသည်။ ယခုအချိန်တွင် အပင်ထိပ်မှ ပန်းဖူးလေး တစ်ခု ထွက်ပေါ်လာပြီး ဖြည်းညှင်းစွာ ပွင့်အာလာနေသည်။

"ခုနစ်ရွက် လင်ဇီးမြက်ပင်ပဲ။ ဒီမှာ တကယ် ဆေးဖက်ဝင် အပင် ရှိနေတာပဲ။"

စုချန် မျက်လုံးများ တောက်ပသွားသည်။

အရင်က ဈေးတန်းသို့ ခန္ဓာကိုယ်ကြံ့ခိုင်ဆေးပင်များ သွားဝယ်စဉ်က ဆိုင်စာရင်းထဲတွင် ဤဆေးပင်ကို တွေ့ခဲ့ဖူးသည်။

ဒီ 'ခုနစ်ရွက် လင်ဇီးမြက်' သည် အေးမြပြီး စိုစွတ်သော နေရာများတွင် ပေါက်ရောက်လေ့ရှိသည်။ ခန္ဓာကိုယ်ကို အားဖြည့်ပေးခြင်း၊ အခြေခံကို ခိုင်မာစေခြင်း၊ အသက်စွမ်းအင်ကို ပျိုးထောင်ပေးခြင်း စသည့် အာနိသင်များ ရှိသည့်အပြင် ဝိညာဉ်စွမ်းအင်နှင့် မှော်စွမ်းအင်ကိုလည်း အကြီးအကျယ် တိုးမြှင့်ပေးနိုင်သည်။

ပွင့်နေလျှင် အာနိသင် ပိုကောင်းသော်လည်း၊ တောရိုင်းလင်ဇီးမြက်မှာ ရှာရခက်ခဲလေ့ရှိပြီး အနှစ် ၇၀ ကြာမှ ပွင့်သော အပင်မျိုးမှာ အကောင်းဆုံးထဲမှ အကောင်းဆုံး ဖြစ်သည်။

မိမိရှေ့မှ 'ခုနစ်ရွက် လင်ဇီးမြက်' သည် ပွင့်နေပြီ ဖြစ်သည်။ ဈေးကွက်ထဲတွင်သာ ဆိုလျှင် ဝိညာဉ်ကျောက်တုံး ၁၀၀ အောက် မနည်း တန်ဖိုးရှိပေလိမ့်မည်။

ပြီးတော့ ပိုက်ဆံရှိရင်တောင် ဝယ်လို့ရချင်မှ ရမှာ။

"ဒီမိစ္ဆာသားရဲတွေ ဒီနေရာမှာ စုဝေးပြီး ဒီလောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတာ မဆန်းပါဘူး။ အကုန်လုံးက ဒီ 'ခုနစ်ရွက် လင်ဇီးမြက်' ကို လုနေကြတာကိုး။"

စုချန် ကွင်းပြင်ထဲမှ တိုက်ပွဲကို တစ်ချက်ကြည့်လိုက်သည်။ ငှက်ကုလားအုတ်နဲ့ ယောက်သွား တိုက်ခိုက်နေကြတုန်း၊ တံငါသည် ဖြစ်တဲ့ ငါက အကျိုးအမြတ် ရယူဖို့ အချိန်ရောက်ပြီ။

အရင်ဆုံး 'ခုနစ်ရွက် လင်ဇီးမြက်' ကို လက်ဦးယူလိုက်မယ်၊ ပြီးမှ ဒီမိစ္ဆာကောင်တွေကို ရှင်းမယ်။

ထိုအတွေးဖြင့် သူ စတင်လှုပ်ရှားလိုက်သည်။

'လ‌ရောင်ဖမ်း ခုနစ်စဉ်ကြယ်' ခြေကွက်ကို အသုံးပြုလိုက်ရာ သူ့ပုံရိပ်သည် လျင်မြန်ပေါ့ပါးသွားပြီး စိမ့်မြေအစပ်ရှိ နွယ်ပင်များ ဖုံးလွှမ်းနေသော တောအုပ်ကို ဖြတ်ကျော်သွားသည်။ လမ်းတစ်လျှောက်တွင် မိစ္ဆာကောင်ငယ် အချို့ သူ့ကို မြင်သွားသော်လည်း စုချန် မညှာတာဘဲ ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သည်။

မကြာမီ သူသည် ခြောက်သွေ့နေသော သစ်ပင်ကြီးဆီသို့ ရောက်ရှိသွားပြီး 'ခုနစ်ရွက် လင်ဇီးမြက်' မှာ လက်တစ်ကမ်း အကွာတွင် ရှိနေပြီ။

သူ လက်လှမ်းပြီး ခူးယူရန် ပြင်လိုက်စဉ် ရုတ်တရက် ဓားအရှိန်အဝါ တစ်ခု တိုက်ခိုက်လာသည်။

စုချန် မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ ရှောင်တိမ်းရန် အချိန်နှောင်းနေပြီ ဖြစ်သဖြင့် အစွမ်းကုန် အားထုတ်ကာ ဓားစွမ်းအင်ကို အသုံးပြု၍ မိမိကိုယ်ကို ကာကွယ်လိုက်ရသည်။ ထို့နောက် လက်ကိုမြှောက်ပြီး ပြန်လည် ရိုက်ထုတ်လိုက်သည်။

ဝုန်း!

ဓားစွမ်းအင်များ ကြမ်းတမ်းစွာ ထွက်ပေါ်လာပြီး မှော်စွမ်းအင်များ ရိုက်ခတ်သွားသည်။

စုချန် ခြေထောက်အောက်ရှိ သစ်ပင်ခြောက်ကြီး ရုတ်တရက် တုန်ခါသွားပြီး ကျိုးလုနီးပါး ဖြစ်သွားသည်။ ထက်ရှသော ဓားသွားများက သူ့အရေပြားကို ပွတ်တိုက်သွားသဖြင့် သတ္တုချင်း ထိခတ်သံကဲ့သို့ အသံထွက်ပေါ်လာကာ သူ့ဝတ်ရုံများ လေထဲတွင် ဝဲပျံသွားသည်။

ဒီ ဓားငွေ့အင်က လျင်မြန်ပြီး ကြမ်းတမ်းသည်။ သူ့ခန္ဓာကိုယ်သာ မသန်မာခဲ့လျှင် ယခုအချိန်၌ ဒဏ်ရာရနေလောက်ပြီ။

ဘယ်သူလဲ?

စုချန် မျက်မှောင်ကြုတ်ပြီး စိုက်ကြည့်လိုက်သည်။ မလှမ်းမကမ်းရှိ သစ်ပင်ထိပ်ဖျားမှ ပုံရိပ်တစ်ခု လျင်မြန်စွာ တိုးကပ်လာသည်ကို တွေ့လိုက်ရသည်။ စောစောက ဓားချက်သည် ထိုလူ၏ လက်ချက်ပင်။

ထိုလူသည် အသက် ၂၃၊ ၂၄ နှစ်ခန့် ရှိပြီး အပြင်ဂိုဏ်းသား ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ရုပ်ရည် သာမာန်သာ ရှိသော်လည်း မျက်လုံးများတွင် အဆိပ်ပြင်းသော အရိပ်အယောင်များ ပါရှိပြီး စုချန်ကို အေးစက်စွာ စိုက်ကြည့်နေသည်။

"ဒီ 'ခုနစ်ရွက် လင်ဇီးမြက်' က ငါ့ဟာ၊ ထွက်သွား။"

ထိုလူက အေးစက်စွာ ပြောလိုက်ပြီး ငြင်းခုံစရာ အချိန်မပေးပေ။

ကိုယ်ကျိုးစီးပွားနှင့် ရင်ဆိုင်ရသောအခါ ဂိုဏ်းတူအချင်းချင်း သံယောဇဉ် ဆိုသည်မှာ လုံးဝ အရေးမပါတော့ပေ။

စုချန်လည်း ဒေါသထွက်လာသည်။

အရင်ရောက်တာ ငါလေ။ ဒီလို ပိုင်ရှင်မဲ့ ဝိညာဉ်ဆေးပင်က အရင်ရောက်တဲ့သူ ရတာပဲ။ ဒါကို တစ်ဖက်လူက တိုက်ရိုက် ဝင်တိုက်ခိုက်ပြီး အခုကျတော့ အကြောင်းပြချက် ခိုင်လုံသလို လုပ်နေသေးတယ်။

စုချန် အနေဖြင့် သူ့ကို သည်းခံနေမည် မဟုတ်။ သူ ဓားရိုးကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်။ "အရင်ရောက်တဲ့သူ အရင်ရတာပဲ။ မင်းပြောတာနဲ့ ယူလို့ရမယ် ထင်နေလား။ ဘာကိစ္စ ပေးရမှာလဲ။"

"ငါ့လက်ထဲက ဓားနဲ့ ဒီဆေးပင်ကို ငါလိုချင်ရင် ရကိုရတယ်။ အခြေအနေကို နားလည်ရင် အခု ထွက်သွားလိုက်၊ မဟုတ်ရင် နောက်ထပ် ဓားချက်နဲ့ဆို မင်း ကံကောင်းချင်မှ ကောင်းတော့မယ်။"

"'မိစ္ဆာဖမ်း မျှော်စင်' ရဲ့ စည်းကမ်းအရ ဂိုဏ်းသားအချင်းချင်း မသတ်ဖြတ်ရဘူး။ မင်းက ဒီစည်းကမ်းကို ချိုးဖောက်မလို့လား။"

"အားကြီးသူက အားနည်းသူကို အနိုင်ယူတာ သဘာဝပဲ။ ဂိုဏ်းတူမို့လို့သာ မင်း အခုထိ မသေဘဲ ရှိနေတာ။ ငါက ဘာကိစ္စ မင်းနဲ့ စကားအများကြီး ပြောနေရမှာလဲ။ မင်း အပြင်ထွက်ပြီး လေ့ကျင့်တာ၊ ရတနာ ရှာတာတွေ လုပ်ရုံနဲ့ မင်းရန်သူတွေက မင်းကို လေးလေးစားစား ဆက်ဆံမယ် ထင်နေလား။"

ဟန်ဖုန်းက လှောင်ပြောင်လိုက်ပြီး စုချန်ကို သိပ်နုံအလွန်းသည်ဟု တွေးကာ ခေါင်းခါလိုက်သည်။

သူ နောက်မဆုတ်ချင်မှတော့ အင်အားနဲ့ပဲ စကားပြောကြတာပေါ့။

သူ လက်ကိုမြှောက်လိုက်ရာ အစိမ်းရင့်ရောင် ဓားပျံ တစ်လက် ပေါ်လာသည်။ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အစိမ်းရောင် အလင်းတန်းများ ပေါ်လာပြီး ဓားငွေ့အင်များ လေထုကို ဖောက်ထွင်းသွားသည်။

"သိပ်သန့်စင်တဲ့ ဓားငွေ့အင်ပဲ! အနည်းဆုံး ချီသန့်စင်ခြင်း အဋ္ဌမအဆင့် တော့ ရှိမယ်။ ဒီလူနဲ့တိုက်ပွဲက တော်တော် တင်းမာမယ့်ပုံပဲ။"

စုချန် အနည်းငယ် အံ့သြသွားသည်။

ချီသန့်စင်ခြင်း အဋ္ဌမအဆင့် ရောက်ရှိနေပြီ ဖြစ်၍ သူသည် ရှုတောင် အပြင်ဂိုဏ်းသားများထဲတွင် အကောင်းဆုံး စာရင်းဝင် ဖြစ်သည်။ မိမိရှေ့မှ လူသည် သာမန်လူ မဟုတ်တန်ရာ။

ဒါပေမဲ့ ဘာဖြစ်လဲ?

ဝိညာဉ်ဆေးပင်ကို ရရှိထားပြီဖြစ်ရာ စုချန် လုံးဝ လက်လွှတ်မည် မဟုတ်။ ထို့အပြင် တစ်ဖက်လူက ဂိုဏ်းစည်းကမ်းကို အရင် ချိုးဖောက်ခဲ့သဖြင့် သူက ခုခံကာကွယ်ရုံသာ ဖြစ်သည်။ ဘာကြောက်စရာ ရှိလို့လဲ?

"ပတ်ဝန်းကျင်မှာ မိစ္ဆာသားရဲတွေ အများကြီး ရှိသေးတယ်။ ငါတို့ တိုက်ခိုက်နေတာကို သူတို့ ဒီအတိုင်း ရပ်ကြည့်နေမှာ မဟုတ်ဘူး။ အမြန် အပြတ်ဖြတ်ရမယ်။"

သူ တွေးတောနေစဉ် ‘တောင်တန်းလောင်ကျွမ်း’ ဓားကို ဆွဲထုတ်လိုက်ပြီး ဖြစ်သည်။

ချွင်ကနဲ အသံနှင့်အတူ ဝင်ရောက်လာသော ဓားငွေ့အင်ကို ပိတ်ဆို့လိုက်သည်။

သို့သော် အစိမ်းရင့်ရောင် ဓားအလင်းတန်းမှာ အလွန် ထူးဆန်းသည်။ ကြေမွသွားသည့်တိုင် ပျောက်ကွယ်မသွားဘဲ၊ ကြေမွသွားသော အစအနများကသာ အောက်ဘက် ရွှံ့နွံထဲသို့ ကျသွားသကဲ့သို့ ရှိသည်။

ထို့နောက် တစ်ဖက်လူက ဂါထာ ရွတ်ဆိုသံကို ကြားလိုက်ရပြီး၊ တစ်စုံတစ်ခုသော မှော်ပညာကို အသုံးပြုနေပုံရသည်။ နောက်တစ်ခဏတွင် ဧရာမ နွယ်ပင်ကြီးများမှာ ရွှံ့နွံထဲမှ မြွေကြီးများကဲ့သို့ ပေါက်ထွက်လာပြီး သူတို့ကို ရစ်ပတ်လိုက်သည်။

"သစ်သားဓာတ် သိုင်းပညာပဲ။ ဒီလူက အဆိပ်ငွေ့တောအုပ်ထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တာ မဆန်းပါဘူး။"

စုချန် အနည်းငယ် အံ့သြသွားသည်။

ဤအချိန်တွင် တစ်ဖက်လူက အခွင့်အရေးယူပြီး အောက်သို့ ခုန်ဆင်းကာ 'ခုနစ်ရွက် လင်ဇီးမြက်' ကို လုယူရန် ကြိုးစားလိုက်သည်။

"မင်း စိတ်ကူးတောင် မယဉ်နဲ့။"

စုချန် သတိပေးလိုက်သည်။

ဓားငွေ့အင်များ သူ့ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားလာပြီး ‘တောင်တန်းလောင်ကျွမ်း’ ဓားကို အနည်းငယ် တုန်ခါစေကာ မီးတောက်များ လောင်ကျွမ်းစေလိုက်သည်။ မီးစပါးအုံးမြွေ တစ်ကောင်ကဲ့သို့ ရစ်ခွေကာ လေထဲတွင် ရှေ့သို့ ခုတ်ပိုင်းလိုက်သည်။

ရှူး—

သစ်ပင်ကို ရစ်ပတ်ထားသော နွယ်ပင်များ ပြတ်တောက်သွားပြီး မီးတောက်များ ပျံ့နှံ့သွားကာ ပူပြင်းသော အပူလှိုင်းများ ကျဆင်းလာပြီး အောက်ဘက်ရှိ သစ်ပင်ခြောက်များကို မီးစွဲသွားစေသည်။

စုချန်၏ ဓားချက် ဤမျှ ထက်ရှလိမ့်မည်ဟု ဟန်ဖုန်း လုံးဝ ထင်မထားခဲ့ပေ။ သူ့နွယ်ပင်များကို ချက်ချင်း ဖြတ်တောက်ပစ်ရုံသာမက ပူပြင်းသော မီးတောက်များပါ ပါရှိသည်။ အဆင့်တစ်ခုသို့ မရောက်မီတွင် သူ့သစ်သားဓာတ် သိုင်းပညာသည် မီးကို အကြောက်ဆုံး ဖြစ်သည်။

သူ ထိပ်တိုက် ရင်မဆိုင်ရဲဘဲ ညည်းညူလျက် နောက်သို့ လွင့်စဉ်သွားသည်။

သူ အရှိန်ပြန်ထိန်းလိုက်သောအခါ စုချန်က မြေပြင်ပေါ်သို့ ရောက်ရှိနေပြီး 'ခုနစ်ရွက် လင်ဇီးမြက်' ကို သိမ်းဆည်းလိုက်သည်ကို တွေ့လိုက်ရသည်။

"တောက်..ငါမရရင် မင်းလည်း ယူမသွားရဘူး။"

ဒေါသထွက်နေသော ဟန်ဖုန်းသည် မလှမ်းမကမ်းရှိ မိစ္ဆာသားရဲ အုပ်စုကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပင် ဓားဖြင့် လှမ်းခုတ်လိုက်သည်။

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။

သစ်ပင်ခြောက်ကြီး ပေါက်ကွဲသွားပြီး စုချန် ခြေမခိုင်ဘဲ ရွှံ့နွံထဲသို့ ပြုတ်ကျသွားသည်။ တစ်ချိန်တည်းမှာပင် မိစ္ဆာသားရဲများက သူတို့ရှိနေသည်ကို သတိပြုမိသွားကြပြီး ဟိန်းဟောက်လျက် သူတို့ဆီသို့ တိုးဝင်လာကြသည်။

ဟန်ဖုန်းက အနီးနားရှိ သစ်ပင် ပင်စည် တစ်ခုပေါ်သို့ ခုန်တက်လိုက်ပြီး ဓားချက်အချို့ ထပ်မံ ထုတ်ဖော်ကာ စုချန်ကို ဖိနှိပ်ထားပြီး မှော်ပညာသုံး၍ ပျံသန်းထွက်ခွာခြင်း မပြုနိုင်အောင် တားဆီးထားလိုက်သည်။

မကြာမီ မိစ္ဆာခေါင်းဆောင် ဦးဆောင်သော မိစ္ဆာသားရဲ အများအပြား စုချန်ကို ဝိုင်းရံလိုက်ကြပြီး၊ သူ ချက်ချင်း ပိတ်မိသွားသည်။

"ငါ့ဆီက လုချင်တာလား? ဒီတစ်ခါ မင်း ဘယ်လို သေမလဲ ကြည့်ကြသေးတာပေါ့။"

ဟန်ဖုန်းက လှောင်ပြောင်လိုက်သည်။

သူသည် လျှို့ဝှက်နယ်မြေထဲတွင် လူသတ်ရဲမည် မဟုတ်သော်လည်း၊ စုချန်သာ မိစ္ဆာသားရဲများ၏ ဝိုင်းရံသတ်ဖြတ်ခြင်းကို ခံရပါက၊ သူ့နှင့် ဘာမှမဆိုင်တော့ပေ။

All Chapters