အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
အခန်း (၂၉) - သတ်ဖြတ်လိုစိတ် နိုးထလာခြင်း
"ရွံစရာကောင်းလိုက်တာ။"
စုချန် ဓားကို ဝှေ့ယမ်းလိုက်ပြီး တိုက်ခိုက်လာသော ဓားငွေ့အင် နှစ်ခုကို ချေမှုန်းပစ်လိုက်သည်။
ပြိုင်ဘက်၏ တိုက်ခိုက်မှုသည် တကယ်တမ်းကျတော့ သူ့ကို ကြီးကြီးမားမား ထိခိုက်စေနိုင်ခြင်း မရှိသော်လည်း၊ သူ နောက်ဆုတ်ဖို့လမ်းကို ပိတ်ဆို့လိုက်ပြီး၊ သူ့ခန္ဓာကိုယ်မှာ ယခု ရွှံ့နွံထဲတွင် နစ်ဝင်နေသည်။
မိစ္ဆာသားရဲ အများအပြား ဟိန်းဟောက်ဝင်ရောက်လာသည်နှင့်အမျှ စုချန်၏ ရင်ထဲတွင် ဒေါသများ ပြည့်နှက်လာသည်။
ငါ သဘောကောင်းလွန်းနေတာပဲ။
ဂိုဏ်းထဲက လူတိုင်း စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာလိမ့်မယ်လို့ ငါထင်ခဲ့တယ်။
ဒါပေမဲ့ အခုကြည့်ရတာ စည်းကမ်းတွေဆိုတာ အားနည်းသူတွေကို ချုပ်ချယ်ဖို့ ဖြစ်နေပြီး၊ ကိုယ်ကျိုးစီးပွားနဲ့ ရင်ဆိုင်ရတဲ့အခါ လူအများစုက ဘာမဆို လုပ်ရဲကြတယ်။
"ဒီလောက်နဲ့ ငါသေမယ် ထင်နေလား? စောင့်နေလိုက်၊ ငါ ဒီမိစ္ဆာကောင်တွေကို ရှင်းပစ်ပြီးမှ မင်းနဲ့ စာရင်းရှင်းမယ်။"
စုချန် စိတ်ကို တင်းထားလိုက်သည်။
မိစ္ဆာအုပ်စုနှင့် ရင်ဆိုင်ရသော်လည်း သူ မထိတ်လန့်ပေ။
'မိစ္ဆာဖမ်း မျှော်စင်' ထဲ သူဝင်လာသည့် ရည်ရွယ်ချက်က မိစ္ဆာနှိမ်နင်းဖို့၊ အတွေ့အကြုံယူဖို့နဲ့ စွမ်းရည်ကို သွေးဖို့ မဟုတ်ဘူးလား?
ဒီအခြေအနေက စိတ်ကူးယဉ် မှတ်ဉာဏ်ကမ္ဘာထဲက 'သေနာပတိ ဓားသခင်' ရဲ့ အခြေအနေနဲ့ အရမ်းတူနေတယ်။
အန္တရာယ်ကြားမှာ ထွက်ပေါက်မရှိဘဲ ရန်သူတွေ ဝိုင်းရံနေတဲ့ အချိန်၊ ငါ့မှာ ဓားဆွဲထုတ်ပြီး စစ်သည်တော် ထောင်ပေါင်းများစွာကို ရင်ဆိုင်တိုက်ခိုက်ရဲတဲ့ သတ္တိ ရှိသေးရဲ့လား?
"လာစမ်း၊ ကောင်းကောင်းကြီး တိုက်ကြတာပေါ့။"
စုချန် ဓားငွေ့အင်များကို ထုတ်လွှတ်လိုက်ပြီး ပြေးဝင်လာသော မိကျောင်းတစ်ကောင်ကို ဓားချက်တစ်ချက်တည်းဖြင့် နှစ်ပိုင်း ပိုင်းဖြတ်လိုက်သည်။
သူရဲကောင်းဆန်သော စိတ်ဓာတ်တစ်ခု သူ့ရင်ထဲတွင် နိုးထလာပြီး 'သေနာပတိ စစ်သည်တော်ဖြိုခွင်းခြင်း'ကို ထုတ်ဖော်လိုက်သည်။
ရန်သူ့တပ်ကို ရှင်းထုတ်ခြင်း။
‘မိုးမီးလောင်စေနိုင်သော ဓားစွမ်းအင်' ဖြင့် အားဖြည့်ထားသော ကြမ်းတမ်းသည့် ဓားသိုင်းကွက်များသည် ပိုမို လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိပြီး ကြမ်းတမ်းလာသည်။ ဓားကို ကန့်လန့်ဖြတ် ဝှေ့ယမ်းလိုက်သည်နှင့် မြင်သာထင်သာရှိသော လခြမ်းသဏ္ဍာန် မီးတောက်ဓားအလင်းတန်း တစ်ခု ထိုးထွက်သွားသည်။
ပြေးဝင်လာသော မိစ္ဆာသားရဲများသည် ကောက်ရိုးပင်များကဲ့သို့ တစ်ကောင်ပြီးတစ်ကောင် လဲကျကုန်သည်။
လောင်ကျွမ်းနေသော မီးတောက်များမှာ အလောင်းများပေါ်သို့ ပျံ့နှံ့သွားပြီး တစီစီ မြည်ကာ လောင်ကျွမ်းသွားသည်။
စုချန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့ခန္ဓာကိုယ်က နောက်ဆုတ်မည့်အစား ရှေ့သို့ တိုးဝင်သွားပြီး ဓားချက်အချို့ ထပ်မံ ခုတ်ပိုင်းလိုက်သည်။ ဓားချက်တစ်ချက်တိုင်းတွင် မိစ္ဆာသားရဲ အများအပြား သေဆုံးကုန်သည်။ သူ့အရှိန်အဝါ ဆက်လက် မြင့်တက်လာပြီး ပြင်းထန်သော တိုက်ခိုက်လိုစိတ်များက ကြမ်းတမ်းသော အရှိန်အဟုန်တစ်ခု အဖြစ် စုစည်းလာကာ၊ မြင်သာသော အနီရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားလိုက်သည်။ ထိုအလင်းတန်းမှာ ပိုမို စူးရှလာသည်။
တိုက်ခိုက်လိုစိတ်များ လှုပ်ရှားထကြွလာပြီး သတ်ဖြတ်လိုစိတ်များ လွှမ်းမိုးသွားသည်။
စုချန် သူ့လမ်းကြောင်းကို တဖြည်းဖြည်း ရှာတွေ့နေပြီ ဖြစ်ပြီး၊ သူ့ဓားသိုင်းပုံစံ၏ အကြမ်းဖျင်း ပုံရိပ်မှာ ပိုမို ရှင်းလင်းလာသည်။
ယခုအချိန်တွင် သူသည် တားဆီးမရနိုင်သော သေမင်းတမန် နတ်ဘုရားတစ်ပါး ကဲ့သို့ပင်။ ဓားရှည်ကို ဝှေ့ယမ်းလိုက်တိုင်း မီးနဂါးများ ဟိန်းဟောက်ရစ်ခွေနေပြီး မီးတောက်များက သူ့နှလုံးသားထိကို လောင်ကျွမ်းစေသည်။
အဆင့်နိမ့် မိစ္ဆာကောင်များသည် ၎င်းစွမ်းအားနှင့် ထိတွေ့သည်နှင့် သေဆုံးကြပြီး၊ ပျက်စီးကုန်ကြသည်။
မျက်စိတစ်မှိတ်အတွင်း ဧရိယာအကျယ်ကြီး တစ်ခု ရှင်းလင်းသွားပြီး ကွင်းပြင်ထဲတွင် မရေမတွက်နိုင်သော အလောင်းများကိုသာ မြင်တွေ့ရသည်။
စုချန် လက်လှမ်းပြီး ဆွဲယူလိုက်ရာ မှော်စွမ်းအင်များ စုစည်းသွားပြီး မိစ္ဆာသားရဲ အမြုတေ ဒါဇင်ပေါင်းများစွာ အလောင်းများထဲမှ ပျံထွက်လာပြီး သူ့သိုလှောင်အိတ်ထဲသို့ ဝင်ရောက်သွားသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ့အရှိန်အဝါက..."
ဟန်ဖုန်း သစ်ပင်ထိပ်ဖျားတွင် ဆက်ရှိနေပြီး၊ စုချန် မိစ္ဆာသားရဲများ၏ ဝါးမြိုခြင်း ခံရမည့်အချိန်ကို စောင့်ကာ ဝိညာဉ်ဆေးပင်ကို ယူရန် ကြံစည်နေသည်။
မထင်မှတ်ထားသည်မှာ စုချန်သည် တိုက်ပွဲတွင် ပိုမို ရဲရင့်လာခြင်းပင်။
သူ့အရှိန်အဝါ တဖြည်းဖြည်း မြင့်တက်လာပြီး ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်။ ထိတွေ့ကိုင်တွယ်၍ ရနိုင်သော ပုံသဏ္ဍာန်အဖြစ် စုစည်းလာသည့် အနီရောင် အလင်းတန်းမှာ ဓားဆန္ဒ နှင့် တူနေသည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဒီကောင်က ဓားဆန္ဒကို တကယ် နားလည်သဘောပေါက်နိုင်တာလား?
ငါ အမြင်မှားတာ ဖြစ်မယ်။
ဟန်ဖုန်း သံသယဝင်နေချိန်တွင် အောက်ဘက်ရှိ မိစ္ဆာခေါင်းဆောင် နှစ်ကောင်မှာလည်း လုံးဝ စိတ်ရိုင်းဝင်သွားကြသည်။
သူတို့၏ လက်အောက်ငယ်သားများ တစ်ကောင်ပြီးတစ်ကောင် သေဆုံးနေသည်ကို မြင်သောအခါ၊ အချင်းချင်း တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး စုချန်ကို ဝိုင်းဝန်းတိုက်ခိုက်ရန် လှည့်လာကြသည်။
"အွတ်—"
ဖားပြုတ်ကြီး၏ ဝမ်းဗိုက် တုန်ခါသွားပြီး မိုးခြိမ်းသံပမာ စစ်ဗုံတီးသံပမာ အသံထွက်ပေါ်လာကာ၊ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးနှင့် ခုန်တက်လာပြီး ထိုက်တောင် ကြီးဖြင့် ဖိချလိုက်သကဲ့သို့ ခုန်အုပ်လိုက်သည်။
စုချန် သူ့ပတ်ဝန်းကျင် လေထု ခဲသွားသကဲ့သို့ ခံစားလိုက်ရပြီး၊ တောင်ကြီး တစ်ခု ပြိုကျလာသကဲ့သို့ ကြီးမားသော အရိပ်မည်းကြီး သူ့အပေါ်သို့ လွှမ်းမိုးသွားသည်။
"သေစမ်း"
သူ့မျက်လုံးများ ပြူးကျယ်သွားပြီး ကောင်းကင်သို့ မော့ကြည့်ကာ အော်လိုက်မိသည်။ သူ့အရှိန်အဝါ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ဓားငွေ့အင်စီးကြောင်းကြီး တစ်ခုကို တစ်ခဏချင်းပင် ထုတ်လွှတ်လိုက်သည်။
မီးတောက်တစ်ခု ကောင်းကင်သို့ ပန်းထွက်သွားပြီး ဧရာမ နဂါးကြီး တစ်ကောင် ဟိန်းဟောက်သကဲ့သို့ အသံထွက်ပေါ်လာကာ ယင်း၏ စွမ်းအားမှာ ကောင်းကင်သို့ ထိုးဖောက်သွားသည်။
ထက်ရှသော ဓားသွားဖြင့် အဝတ်စကို စုတ်ဖြဲလိုက်သကဲ့သို့ အသံတစ်ခုမှာ နောက်ဆက်တွဲ ထွက်ပေါ်လာသည်။
ဖားပြုတ်ကြီး၏ ကြီးမားသော ခန္ဓာကိုယ်သည် ဓားချက်ကြောင့် နှစ်ပိုင်း ကွဲသွားပြီး၊ အသားဖတ်ကြီးမှာ နှစ်ဖက်သို့ လိမ့်ဆင်းသွားကာ အနံ့ဆိုးဝါးသော အဆိပ်သွေးများ မိုးရွာသလို ကျဆင်းလာသည်။ မိကျောင်း မိစ္ဆာသားရဲ အများအပြား ထိုအဆိပ်သွေးများ စိုစွတ်သွားပြီး အော်ဟစ်ကာ လူးလှိမ့်ကုန်ကြသည်။
မီးတောက်များမှာ စုချန်၏ ဘေးပတ်လည်တွင် လှုပ်ရှားနေပြီး သူ့ကို မှော်ဝတ်ရုံကဲ့သို့ လွှမ်းခြုံထားသည်။ ကျဆင်းလာသော အဆိပ်သွေးများသည် သူ့အနား မရောက်မီမှာပင် မီးတောက်များကြောင့် အငွေ့ပျံသွားသည်။
သူ ဖားပြုတ်ကြီးကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သည်။ သူ့မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ တောက်လောင်နေပြီး၊ သွေးများ ဆူပွက်ကာ သူ့ကို ပိုမို စိတ်လှုပ်ရှားစေသည်။
သတ် …သတ်ပစ်..သတ်ဟေ့
လုံးဝ အသေ ချေမှုန်းပစ်စမ်း။
စုချန် ကောင်းကင်သို့ မော့ကြည့်ကာ အသံနက်ကြီးနှင့် အော်လိုက်သည်။ စစ်မြေပြင်မှ ပြိုင်ဘက်ကင်း သေနာပတိ တစ်ပါး ဖြစ်လာသကဲ့သို့ သူ့ဓားသိုင်းကွက်များ ပိုမို ကြမ်းတမ်းလာသည်။
အဝေးရှိ မိကျောင်းခေါင်းဆောင်မှာ သူ့ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်ကို အာရုံခံမိပုံရသည်။ အရှိန်အဝါကြောင့် ကြောက်ရွံ့သွားပြီး ညည်းညူသံပြုကာ လှည့်ပြေးရန် ပြင်လေသည်။
"မင်း ဘယ်ပြေးမလို့လဲ။”
စုချန် ဟိန်းဟောက်လိုက်ပြီး ခြေတစ်လှမ်းလှမ်းလိုက်ရာ လေလှိုင်းတစ်ခု သူ့ပတ်ဝန်းကျင်ရှိ ရွှံ့နွံများကို လွင့်စဉ်သွားစေသည်။
သူ လျှပ်စီးလိုပင် လေထဲသို့ ခုန်တက်လိုက်ပြီး မိစ္ဆာကောင်၏ ခေါင်းပေါ်သို့ နင်းချလိုက်ရာ ကြေမွသွားသည်။ အရှိန်ယူပြီး ဓားဖြင့် ရှေ့သို့ ခုတ်ပိုင်းလိုက်ရာ ဟိန်းဟောက်နေသော မီးနဂါးတစ်ကောင် ထွက်ပေါ်လာပြီး မိကျောင်း၏ ကြေးခွံများကို ဆုတ်ဖြဲပစ်လိုက်သည်။
စူးရှသော ဓားအလင်းတန်း တစ်ချက် လက်ခနဲ ဖြစ်သွားပြီး ရေပုံးအရွယ်အစားရှိသော ခေါင်းပြတ်ကြီးမှာ လိမ့်ဆင်းကျလာသည်။ မိကျောင်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီး ယိုင်နဲ့သွားပြီး လဲကျသွားသည်။
အဆင့် ၃ မိစ္ဆာခေါင်းဆောင် နှစ်ကောင်မှာ ဤသိုဤနှယ် ရှေ့ဆင့်နောက်ဆင့်ပင် သေဆုံးသွားသည်။
ကျန်ရှိနေသော မိစ္ဆာကောင်များ ကြောက်လန့်တကြားဖြင့် အရပ်မျက်နှာ အနှံ့ ထွက်ပြေးကုန်ကြသည်။
စုချန် လိုက်မဖမ်းတော့ပေ။ သူ အဆင့် ၃ မိစ္ဆာအမြုတေ နှစ်ခုကို ပေါ့ပေါ့ပါးပါး ကောက်ယူပြီး အိတ်ထဲထည့်လိုက်သည်။ ထို့နောက် ဓားကို ကိုင်လျက် မတ်တပ်ရပ်ကာ သစ်ပင်ထိပ်ဖျားမှ ဟန်ဖုန်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"မင်းအလှည့်ပဲ အခုက"
ယခုအချိန်တွင် စုချန်သည် သွေးများ ပေကျံနေပြီး ကြမ်းတမ်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် တစ်ဖက်လူကို ကြောက်ရွံ့သွားစေနိုင်သည်။
စုချန် ဤမျှ ကြမ်းတမ်းလိမ့်မည်ဟု ဟန်ဖုန်း လုံးဝ ထင်မထားခဲ့ပေ။ မိစ္ဆာသားရဲ အုပ်စုကို တစ်ယောက်တည်းပင် တွန်းလှန်နိုင်ခဲ့သည်။ တစ်ဖက်လူက သူ့ကို ရန်လိုစွာ ဦးတည်လာသည်ကို မြင်သောအခါ ဟန်ဖုန်း ရင်ထိတ်သွားသည်။
"ဒုက္ခပဲ၊ ဒီလူက ကြမ်းတမ်းလွန်းတယ်၊ ပြီးတော့ ဓားဆန္ဒကိုလည်း တတ်မြောက်ထားတယ်။ ငါ လုံးဝ သူ့ပြိုင်ဘက် မဟုတ်ဘူး။"
ယခုအချိန်တွင် ဟန်ဖုန်းသည် 'ခုနစ်ရွက် လင်ဇီးမြက်' ကို ဂရုမစိုက်တော့ပေ။ စုချန် ပြေးဝင်လာသည်ကို မြင်သောအခါ ဘာကိုမှ ဂရုမစိုက်တော့ဘဲ ချက်ချင်း ခုန်တက်ပြီး ထွက်ပြေးလေသည်။
"မင်း ဘယ်ပြေးမလို့လဲ။"
စုချန် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး 'ခုနစ်စဥ်ကြယ် ခြေကွက်' ကို နင်းကာ လျှပ်စီးကဲ့သို့ ပြေးလိုက်သွားသည်။
ခြေကွက် အနည်းငယ်ဖြင့် သူ တစ်ဖက်လူကို မီသွားသည်။ လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားငွေ့အင် တစ်ခု ဟိန်းထွက်လာပြီး၊ လောင်ကျွမ်းနေသော မီးနဂါးကြီး တစ်ကောင် ထပ်မံထွက်ပေါ်လာကာ ဟန်ဖုန်း၏ ကျောဘက်ကို ပြင်းထန်စွာ ဝင်ဆောင့်လိုက်သည်။ ဟန်ဖုန်း ညည်းညူကာ သွေးအန်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
သို့သော် ကြည့်ရသည်မှာ ဟန်ဖုန်းတွင်လည်း အကာအကွယ် မှော်ပစ္စည်း တစ်ခုခု ရှိပုံရသည်။
စုချန်၏ ကြမ်းတမ်းသော ဓားချက်က သူ့ကို မသေစေခဲ့ပေ။ မြေပြင်ပေါ် ရောက်ပြီးနောက် ဟန်ဖုန်း ယိုင်နဲ့နဲ့နှင့် ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ သူ့မျက်နှာ ဖြူဖျော့နေသည်။ လက်ထဲမှ ဓားရှည်မှာ တုန်ခါမြည်ဟီးနေပြီး သူ့ကိုယ်သူ ကာကွယ်ရန် အစိမ်းရောင် အလင်းတန်းများကို အဆက်မပြတ် ထုတ်လွှတ်နေသည်။
"ဂိုဏ်းတူညီလေး... မဟုတ်ဘူး... မဟုတ်ဘူး..ဂိုဏ်းတူအစ်ကိုကြီး၊ ခုနက ကိစ္စတွေက နားလည်မှု လွဲသွားတာပါဗျာ၊ ဘာလို့ ဂိုဏ်းတူအချင်းချင်း သတ်ဖြတ်နေရမှာလဲ...။"
"မင်း ခုန ငါ့ကို ဒုက္ခပေးတုန်းကရော ဂိုဏ်းတူအချင်းချင်း သံယောဇဉ် ဆိုတာကို ဘာလို့ မတွေးခဲ့တာလဲ။"
"ကျွန်တော် လောဘစိတ်ကြောင့် ခဏတာ အမှားလုပ်မိတာပါ၊ ခွင့်လွှတ်ပေးပါ ဂိုဏ်းတူအစ်ကိုကြီး။ ကျွန်တော် လျော်ကြေးပေးပါ့မယ်၊ ဘာမဆို ပေးပါ့မယ်! ဒီနေရာက 'မိစ္ဆာဖမ်း မျှော်စင်' လျှို့ဝှက်နယ်မြေလေ၊ ပြီးတော့ ကျွန်တော်က အပြင်ဂိုဏ်းက ထိပ်တန်း ပါရမီရှင် ၁၀ ယောက်ထဲက တစ်ယောက်ပါ။ ကျွန်တော့်ကို သတ်လိုက်ရင် ဂိုဏ်းတူအစ်ကိုကြီးလည်း သေချာပေါက် ဂိုဏ်းရဲ့ အပြစ်ပေးတာ ခံရလိမ့်မယ်...။"
ဟန်ဖုန်းသည် ဓားအရှိန်အဝါ၏ ဖိနှိပ်မှုအောက်တွင် မနည်း တောင့်ခံနေရပြီး သနားစဖွယ် အသံဖြင့် အသနားခံနေသည်။
ထိုစကားကို ကြားသောအခါ စုချန် ခေတ္တမျှ တွေဝေသွားသည်။
'မိစ္ဆာဖမ်း မျှော်စင်' လျှို့ဝှက်နယ်မြေထဲတွင် ဂိုဏ်းတူအချင်းချင်း သတ်ဖြတ်ခြင်းသည် သေးငယ်သော ပြစ်မှုမဟုတ်။
တစ်ဖက်လူက အရင် စတိုက်ခိုက်ခဲ့လျှင်တောင်မှ သူလည်း အပြစ်ပေးခံရနိုင်ချေ ရှိသည်။
သို့သော် ထိုအချိန်တွင် ဟန်ဖုန်း၏ လက်အင်္ကျီစ ထဲမှ အလင်းရောင် ဖျော့ဖျော့လေး တစ်ချက် လက်ခနဲ ဖြစ်သွားသည်။ ဒီလူက သူ့ကို ဒုက္ခပေးဖို့ ကြံစည်နေဆဲ ဖြစ်ကြောင်း စုချန် သိလိုက်သည်။ သူ့မျက်လုံးများ စူးရှသွားပြီး တွေဝေခြင်းမရှိဘဲ ဓားချက်များကို ဆက်တိုက် ထုတ်ဖော်လိုက်သည်။
"မင်းက သေတွင်းတူးနေတာပဲ။"
အခန်း (၃၀) - အစ်ကိုကြီး၊ ကျွန်တော် အရှုံးပေးပါတယ်။
ယခုအချိန်တွင် 'မိစ္ဆာဖမ်း မျှော်စင်' အရှေ့၌။
ထော်,ဘယန် သည် သူ့နောက်လိုက်များ၏ မြှောက်ပင့်မှုများကြားတွင် အေးဆေးစွာ စောင့်ဆိုင်းနေသည်။
သူ့အမြင်တွင် သူသည် ဒီလောင်းကြေးပွဲကို အနိုင်ရပြီးဖြစ်သည်။
ချိန်းဆိုထားသောအချိန် ပြည့်မည့်အချိန်ကို စောင့်ရုံသာ လိုတော့သည်။ ‘တောင်တန်းလောင်ကျွမ်း’ ဓား ကို ရရှိသွားပါက သူ့အင်အား ပိုမို တိုးတက်လာမည် ဖြစ်ပြီး၊ ယခုနှစ် နှစ်ကုန် စာမေးပွဲတွင် ကောင်းမွန်သော အဆင့်သတ်မှတ်ချက် ရရှိရန် အခွင့်အရေး ရှိလာမည်။
နှစ်ကုန် စာမေးပွဲသည် ရှုတောင် အပြင်ဂိုဏ်းသားများ အားလုံးအတွက် ကြီးကျယ်ခမ်းနားသော ပွဲတော်တစ်ခု ဖြစ်ပြီး၊ အဆင့်မြင့်မြင့် ရရှိသူများသည် မမျှော်လင့်ထားသော ဆုလာဘ်များစွာ ရရှိလေ့ရှိသည်။
၎င်းတွင် ဝိညာဉ်ကျောက်တုံးများ၊ ဆေးလုံးများ၊ ကျင့်ကြံခြင်း နည်းစနစ်များနှင့် မှော်ပစ္စည်းများ စသည်တို့ ပါဝင်သည်။
တန်ဖိုးရှိသော အခြေတည်ဆေးလုံး များပင် ပါဝင်နိုင်သည်။
ထိပ်ဆုံး ၁၀ ယောက် စာရင်းဝင်သွားပါက အပြင်ဂိုဏ်းတွင် ကြိုက်သလို နေထိုင်နိုင်ပြီဟု ဆိုနိုင်သည်။
"တက်လာပြီ။ စုချန်ရဲ့ အမှတ်တွေ တက်လာပြီ။"
"ဘုရားရေ၊ ဘယ်လိုလုပ် ဒီလောက်မြန်မြန် တက်လာရတာလဲ။ အထဲမှာ သူ ဘာလုပ်နေတာလဲ?"
ကျောက်စိမ်းနံရံရှေ့မှ အံ့သြသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
ထော်,ဘယန် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ အံ့သြစရာ ဘာမှမရှိဟု သူ တွေးလိုက်သည်။ သတ်မှတ်ထားသော အချိန်က ကုန်လုနီးပါး ဖြစ်နေပြီ။ စုချန်က အခုမှ စသတ်နေရင်တောင် ဘယ်နှစ်ကောင် သတ်နိုင်မှာမို့လို့လဲ?
မင်းက ငါ့ကို ကျော်နိုင်မယ် ထင်နေတာလား?
သူ တွေးနေရင်း မျက်လုံးထောင့်မှ တစ်ချက်ကြည့်လိုက်ရာ မြင်လိုက်ရသော အရာကြောင့် တုန်လှုပ်သွားသည်။
တစ်ရာ။
နှစ်ရာ။
သုံးရာ။
စုချန်၏ အမှတ်များ ဒုံးပျံကဲ့သို့ ချက်ချင်း ထိုးတက်လာပြီး မျက်စိတစ်မှိတ်အတွင်း အမှတ် ၃၀၀ အထိ ရောက်ရှိကာ ထော်,ဘယန်၏ လက်ရှိ ရမှတ်ကို မီသွားသည်။
သူ တစ်ခဏ ငေးငိုင်သွားပြီး ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?
သူ အသက်ရှူလို့ပင် မဝသေးခင် ဂဏန်းများ ထပ်မံ ပြောင်းလဲသွားသည်။
လေးရာ။
ငါးရာ။
ရှစ်ရာ။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?
ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်း မိစ္ဆာကောင် ရာချီကို ဘယ်သူက သတ်နိုင်မှာလဲ? စုချန်က အဆင့် ၂ သို့မဟုတ် အဆင့် ၃ မိစ္ဆာကောင်တွေကို အများကြီး သတ်ခဲ့ရင်တော့ တစ်မျိုးပေါ့။
မိစ္ဆာကောင် အဆင့်မြင့်လေ၊ အမှတ်ပိုရလေပဲ။
"မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး။ ဒီအမှတ် မှတ်တမ်းတင်တဲ့ အစီအရင်မှာ တစ်ခုခု မှားနေတာ ဖြစ်ရမယ်။"
"သူက ဘယ်လိုလုပ် ဒီလောက်အများကြီး သတ်နိုင်မှာလဲ။ ငါမယုံဘူး။"
ထော်ဘယန် ခေါင်းကို အကြိမ်ကြိမ် ခါလိုက်သည်။ သူမြင်နေရသည်ကို သူ မယုံနိုင်အောင် ဖြစ်နေသည်။
ထိုအချိန်မှာပင်။
ရုတ်တရက် 'မိစ္ဆာဖမ်း မျှော်စင်' တံခါး ပွင့်သွားပြီး အဖြူရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာသည်။
လူတိုင်း မော့ကြည့်လိုက်ရာ ဖရိုဖရဲ ဖြစ်နေသော ပုံရိပ်တစ်ခု ပြုတ်ကျလာသည်ကို တွေ့လိုက်ရသည်။ သူသည် သွေးများ ပေကျံနေပြီး၊ ဆံပင်များ ဖွာလန်ကြဲနေကာ၊ ညာဘက်လက်မှာ ပခုံးရင်းမှ ပြတ်နေသည်။ ဘယ်ဘက်လက်တွင် တစ်ခုလုံးနီးပါး လောင်ကျွမ်းနေသော ဂါထာစက္ကူ တစ်ရွက်ကို ဆုပ်ကိုင်ထားသည်။ သူ့မျက်နှာထားတွင် ထိတ်လန့်ကြောက်ရွံ့မှုများ အပြည့်ပေါ်နေသည်။
"ကယ်ကြပါ။ ကယ်ကြပါဦး။”
စူးရှသော အကူအညီတောင်းသံက အရပ်မျက်နှာ အနှံ့ ပဲ့တင်ထပ်သွားသည်။
တစ်စုံတစ်ယောက်က သူ့ကို မှတ်မိသွားပြီး အော်ပြောလိုက်သည်။ "ဒါ ဂိုဏ်းတူအစ်ကိုကြီး ဟန်ဖုန်း မဟုတ်လား။ သူ ဘယ်လိုလုပ် ဒီလိုပုံစံ ဖြစ်လာရတာလဲ?"
"အပြင်ဂိုဏ်း အဆင့် ၇ နေရာက ဟန်ဖုန်း? ဘုရားရေ၊ လျှို့ဝှက်နယ်မြေထဲက မိစ္ဆာကောင်တွေ လက်ချက်များလား"
"မြန်မြန်၊ လူတိုင်း သတိထားကြ။ အားကြီးတဲ့ မိစ္ဆာကောင် တစ်ကောင်ကောင် ပြေးထွက်လာနိုင်တယ်။"
လူတိုင်း အလွန် သတိထားနေကြသည်။
'မိစ္ဆာဖမ်း မျှော်စင်' ကို စောင့်ကြပ်နေသော ဂိုဏ်းသားများပင် ထိတ်လန့်သွားပြီး၊ အားလုံးက မိစ္ဆာနှိမ်နင်းရေး ဓားများကို ဆွဲထုတ်ကာ ရှေ့သို့ ပျံသန်းသွားကြသည်။
မကြာမီ နောက်ထပ် အဖြူရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာသည်။
လူတိုင်း စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ ကြည့်လိုက်ရာ မိစ္ဆာသားရဲ မဟုတ်သည်ကို တွေ့လိုက်ရသည်။ အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော စုချန်သည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ထွက်လာသည်။ သူ့သတ်ဖြတ်လိုစိတ် မှာ ပြင်းပြနေပြီး၊ သူ့အားကောင်းသော အရှိန်အဝါကြောင့် ထိုနေရာတွင် ရှိနေသူများ အားလုံး မျက်နှာပျက်သွားကြသည်။
ဒါက ဘယ်လို အကြည့်မျိုးလဲ?
ကြမ်းတမ်းတယ်၊ အေးစက်တယ်၊ အရာအားလုံးကို မထီမဲ့မြင် ပြုနေပြီး လူသတ်ချင်နေတဲ့ အကြည့်မျိုး။
အလောင်းတောင်နှင့် သွေးပင်လယ်ထဲမှ ထွက်ပေါ်လာသော သေမင်းတမန် နတ်ဘုရား တစ်ပါးနှင့် တူနေသည်။
ဂိုဏ်းသား အများအပြားမှာ သူ့အရှိန်အဝါနှင့် အကြည့်ကြောင့် ကြောက်ရွံ့သွားပြီး နောက်သို့ တစ်လှမ်း မသိမသာ ဆုတ်လိုက်မိကြသည်။
ထော်ဘယန် လုံးဝ ကြောင်အသွားသည်။ ဒါ စုချန် မဟုတ်ဘူးလား? သူ ဘယ်လိုလုပ် ဒီလို သရဲသဘက် ပုံစံမျိုး ဖြစ်သွားရတာလဲ?
နည်းနည်းတော့ ကြောက်စရာ ကောင်းနေပါလား။
မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဟန်ဖုန်းသည် သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ဖြစ်နေသည်။ သူသည် စောင့်ကြပ်ရေး ဂိုဏ်းသားများ အနောက်သို့ အလျင်အမြန် ဝင်ပုန်းပြီး အော်ဟစ်လိုက်သည်။ "ကယ်ကြပါဦး။ ဒီလူ ရူးနေပြီ။ သူ ရူးသွားပြီ။ သူ ကျွန်တော့်ကို သတ်ဖို့ ကြိုးစားနေတယ်၊ ဂိုဏ်းတူအချင်းချင်း ဒုက္ခပေးနေတယ်...။"
ထိုစကားများက ရှိသမျှ ဂိုဏ်းသားများကို လန့်သွားစေသည်။
ဘာ? စုချန်က ဟန်ဖုန်းကို ဒီအခြေအနေ ရောက်အောင် ရိုက်လိုက်တာလား?
ဒါက အပြင်ဂိုဏ်း အဆင့် ၇ နေရာက ဂိုဏ်းသားလေ။
စုချန်က ဘာလုပ်လိုက်လို့ သူ ဒီလောက်တောင် ကြောက်သွားရတာလဲ?
"စုချန်။ လျှို့ဝှက်နယ်မြေထဲမှာ ဂိုဏ်းတူချင်း ဘယ်လိုလုပ် တိုက်ခိုက်ရဲတာလဲ။ လက်နက်ကို အခုချက်ချင်း သိမ်းလိုက်စမ်း။”
ထိုအချိန်တွင် မှော်အလင်းတန်း တစ်ခု ကျဆင်းလာပြီး အားကောင်းသော စွမ်းအင်တစ်ခုက ပတ်ဝန်းကျင်ကို ပိတ်ဆို့ထားလိုက်သည်။ စုချန် သူ့ခန္ဓာကိုယ်ပေါ်တွင် ဖိအားများလာသည်ကို ခံစားလိုက်ရသည်။ သူ မော့ကြည့်လိုက်ရာ အပြာရောင် ဝတ်ရုံဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး 'မိစ္ဆာဖမ်း မျှော်စင်' ထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
လျှို့ဝှက်နယ်မြေထဲက ထွက်လာပြီးပြီ ဆိုတော့ ဟန်ဖုန်းကို သတ်ဖို့ အခွင့်အရေး မရှိလောက်တော့ဘူး။
ဒီကောင့်ဆီမှာ အလွန် အစွမ်းထက်တဲ့ အကာအကွယ် ဂါထာစက္ကူ ရှိနေလို့ ဓားချက်ရဲ့ ထိခိုက်မှု အများစုကို ကာကွယ်သွားနိုင်ခဲ့တာ။
စုချန်၏ ဓားသိုင်းပညာကလည်း အစပျိုးအဆင့်သာ ရှိသေးပြီး အင်အား လုံလောက်မှု မရှိသေးသဖြင့်၊ ထိုလူ၏ လက်မောင်းတစ်ဖက်ကိုသာ ဖြတ်နိုင်ခဲ့ပြီး အရှင် လွတ်မြောက်သွားစေခဲ့သည်။
ယခု 'မိစ္ဆာဖမ်း မျှော်စင်' အစောင့်များ သတိထားမိသွားပြီ ဖြစ်၍ လှုပ်ရှားဖို့ အလွန် ခက်ခဲသွားပြီ။
ကံကောင်းသည်မှာ သူ့ဓားချက်ကို အားမလျှော့ခဲ့ပေ။ ဟန်ဖုန်း လက်မောင်းတစ်ဖက် ပြတ်သွားပြီ ဖြစ်ပြီး ဓား၏ မကောင်းဆိုးဝါး စွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားခဲ့ပြီ။ မသေရင်တောင်မှ ဒုက္ခိတ ဖြစ်သွားမည် ဖြစ်ပြီး နောင်တွင် သူ့ကို ပြဿနာ လာရှာရဲတော့မည် မဟုတ်။
"အကြီးအကဲ၊ ကယ်ပါဦး။ ကျွန်တော့်အတွက် တရားမျှတအောင် ဆုံးဖြတ်ပေးပါ။ စုချန်က ဂိုဏ်းစည်းကမ်းတွေကို လျစ်လျူရှုပြီး လျှို့ဝှက်နယ်မြေထဲမှာ ကျွန်တော့်ကို သတ်ဖို့ ကြိုးစားခဲ့တယ်။ ကျွန်တော်သာ မြန်မြန် မပြေးခဲ့ရင် အခုဆို သေနေလောက်ပြီ။ ဒီလို ရက်စက်တဲ့ လူမျိုးကို ကျွန်တော်တို့ ရှုတောင်မှာ ဘယ်လိုလုပ် ဆက်ထားလို့ ဖြစ်မှာလဲ...။"
ဟန်ဖုန်းသည် အပြာရောင်ဝတ် လူလတ်ပိုင်း အမျိုးသားရှေ့သို့ တွားသွားကာ ငိုကြီးချက်မ ပြောဆိုလေသည်။
ထိုလူလတ်ပိုင်း အမျိုးသားက သူ့ကို ရွံရှာသလို တစ်ချက်ကြည့်လိုက်ပြီး၊ လက်ကာပြကာ ဒဏ်ရာကုသရန် လူခေါ်ပြီး တွဲခေါ်သွားခိုင်းလိုက်သည်။ ထို့နောက် အဝေးရှိ စုချန်ကို လှမ်းကြည့်လိုက်သည်။
သူ့ပတ်ဝန်းကျင်တွင် လှည့်ပတ်နေသော ဓားအရှိန်အဝါ ကို တွေ့ရှိလိုက်ရသဖြင့် အနည်းငယ် အံ့သြမသွားဘဲ မနေနိုင်ပေ။ ဒီအရွယ်၊ ဒီကျင့်ကြံမှုအဆင့်လောက်နဲ့ ဓားအရှိန်အဝါကို နားလည်သဘောပေါက်နိုင်ခြင်းမှာ တကယ်ပင် ထူးခြားလှသည်။
သို့သော် သဘောကျတာက သဘောကျတာပဲ၊ စည်းကမ်းတော့ ဖောက်ဖျက်လို့ မရပေ။
ထို့ကြောင့် အကြီးအကဲက အေးစက်စွာ တည်ကြည်နေပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "လျှို့ဝှက်နယ်မြေထဲမှာ ဂိုဏ်းတူချင်း ဘယ်လိုလုပ် တိုက်ခိုက်ရဲတာလဲ? ရက်စက်လိုက်တာ။ ဂိုဏ်းစည်းကမ်းကို လေးစားမှု မရှိဘူးလား။"
သွားပြီ၊ စုချန်တော့ သွားပြီ။
'မိစ္ဆာဖမ်း မျှော်စင်' ဆိုတာ ဘာလဲ? မိစ္ဆာတွေကို ဖိနှိပ်ထားတဲ့ နေရာ၊ ဓားသင်္ချိုင်းနဲ့ တန်းတူ အန္တရာယ်များတဲ့ နေရာပဲ။ ဒါကြောင့် ဒီနေရာကို စောင့်ကြပ်တဲ့ အကြီးအကဲတွေက အာဏာ အရမ်းကြီးပြီး ဥပဒေတွေကလည်း အရမ်း တင်းကျပ်တယ်။
သူတို့လက်ထဲ ရောက်သွားရင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ဖို့ ကံကောင်းမှ ရမယ်၊ အနည်းဆုံးတော့ အကြီးအကျယ် အရိုက်ခံရမယ်။
အသေးဆုံး ရလဒ်ကတော့ ဂိုဏ်းက ထုတ်ပယ်ခံရတာပဲ။
သို့သော် စုချန် တည်ငြိမ်အေးဆေးစွာ ရှိနေသည်။ သူ ဓားအရှိန်အဝါကို ပြန်သိမ်းလိုက်ပြီး အကြီးအကဲကို ဦးညွှတ်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။ "ကျွန်တော် လျှို့ဝှက်နယ်မြေထဲမှာ မိစ္ဆာသတ်ဖြတ်တဲ့ စမ်းသပ်မှုအတွင်း ဘယ်စည်းကမ်းကိုမှ မချိုးဖောက်ခဲ့ပါဘူး။ ဝိညာဉ်ဆေးပင်ကို လုယူဖို့ ကျွန်တော့်ကို အရင် စတိုက်ခိုက်ခဲ့တာ ဟန်ဖုန်း ပါ။ ပြီးတော့ မိစ္ဆာသားရဲတွေကို ခေါ်လာပြီး ကျွန်တော့်ကို သတ်ဖို့တောင် ကြိုးစားခဲ့တယ်။ ကျွန်တော် လုပ်ခဲ့တာတွေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပြန်တိုက်ခိုက်ရုံ သက်သက်ပါ။ အကြီးအကဲ စုံစမ်းစစ်ဆေးပေးဖို့ မျှော်လင့်ပါတယ်။"
သူ ယဉ်ကျေးစွာနှင့် လေးစားသမှုရှိစွာ ပြောဆိုလိုက်ပြီး ယခင်ကကဲ့သို့ စိတ်လိုက်မာန်ပါ မဟုတ်တော့ပေ။
"ဒီကောင်လေးက သူ့ဓားသိုင်းပညာကို လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်နေပြီပဲ၊ တကယ် ချီးကျူးစရာပဲ။"
အပြာရောင်ဝတ် အကြီးအကဲ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြောလိုက်သည်။ "မင်းပြောတာ မှန်တယ်ဆိုရင်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပြန်တိုက်ခိုက်တာက ဂိုဏ်းစည်းကမ်းကို ချိုးဖောက်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အမှားအမှန်က မင်း ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ဘူး။"
ထိုသို့ ပြောပြီးနောက် သူ လက်ကိုမြှောက်ပြီး ဝှေ့ယမ်းလိုက်ရာ ကြေးမုံပြင်တစ်ခု သူ့လက်ဖဝါးပေါ်တွင် ပေါ်လာသည်။ သူ မှော်စွမ်းအင် ထည့်သွင်းလိုက်ပြီးနောက် ကြေးမုံပြင်ပေါ်ရှိ ပုံရိပ်များ အဆက်မပြတ် ပြောင်းလဲသွားသည်။
အဆိပ်ငွေ့ လျှို့ဝှက်နယ်မြေထဲတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည် ပြသနေခြင်းပင်။
ဒါကိုမြင်တော့ စုချန် ရင်ထိတ်သွားသည်။
ဘုရားရေ၊ ဒီလို စောင့်ကြည့်တဲ့ နည်းလမ်းမျိုးတွေ ရှိနေတာလား?
ကံကောင်းလို့ ငါ ဟန်ဖုန်းကို မသတ်မိလိုက်တာ။ မဟုတ်ရင် စောင့်ကြည့်မှတ်တမ်းကို ပြန်ဖွင့်ကြည့်လိုက်တာနဲ့ ငါမှန်နေရင်တောင် အပြစ်ပေးခံရမှာ သေချာတယ်။
ဟန်ဖုန်း ဆိုတဲ့ အကောင်က လျှို့ဝှက်နယ်မြေထဲမှာ ဒီလို နည်းလမ်းတွေ ရှိမှန်း မသိလို့ နေမှာပေါ့၊ မဟုတ်ရင် ငါ့ကို တိုက်ရိုက် တိုက်ခိုက်ရဲမှာ မဟုတ်ဘူး။
"ဟန်ဖုန်းက အရင် စတိုက်ခိုက်ခဲ့တာ မှန်ပါတယ်၊ သူက အရင်ဆုံး အမှားလုပ်ခဲ့တာပါ။ ဒါပေမဲ့ မင်း လုပ်တာ နည်းနည်း လွန်သွားတယ်...။"
ကြေးမုံပြင်ထဲမှ ပုံရိပ်ကို ကြည့်ပြီးနောက် အပြာရောင်ဝတ် အကြီးအကဲ မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
စုချန်က ဓားတစ်လက်တည်းဖြင့် မိစ္ဆာအုပ်စုကို ရှင်းလင်းပစ်ပြီး တစ်ကိုယ်တော် တိုက်ပွဲဝင်နေသည်ကို သူ တွေ့လိုက်ရသည်။ သူ့စိတ်ဓာတ်က တကယ် အံ့သြစရာ ကောင်းသည်၊ ဒီလောက် အားကောင်းတဲ့ ဓားအရှိန်အဝါကို စုစည်းနိုင်တာ မဆန်းပါဘူး။
သို့သော် နောက်ပိုင်း ဟန်ဖုန်းကို လိုက်လံတိုက်ခိုက်ခြင်းက နည်းနည်း လွန်သွားသည်။
ဒီကောင်လေးက လက်စားချေတတ်တဲ့ လူစားမျိုးပဲ။
ဒါပေမဲ့ လွန်ကဲစွာ ခုခံကာကွယ်မှုက ဂိုဏ်းစည်းကမ်းကို ချိုးဖောက်ခြင်း မဟုတ်ပေ။ နောက်ဆုံးတွင် ဟန်ဖုန်း၏ ယုတ်မာသော ရည်ရွယ်ချက်ကြောင့်သာ သူ သင်ခန်းစာ ပေးခံလိုက်ရခြင်း ဖြစ်သည်။
ထို့ကြောင့် အပြာရောင်ဝတ် အကြီးအကဲက သူ့ကို အပြစ်တင်စကား အနည်းငယ်သာ ပြောလိုက်သည်။
စုချန် ဂရုတစိုက် နားထောင်ပြီး ခေါင်းညိတ်ကာ အမှားဝန်ခံပြီး သဘောထား ကောင်းမွန်ကြောင်း ပြသလိုက်သည်။
နောက်ပိုင်းတွင် အပြာရောင်ဝတ် အကြီးအကဲက သူ ဘယ်တောင်ထွတ်က လာသလဲဟု မေးမြန်းသည်။ ဓားသင်္ချိုင်းမှ လာကြောင်း သိရသောအခါ သူ့မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ ထို့နောက် လက်ကာပြပြီး စုချန်ကို ပြန်သွားကာ ဓားသင်္ချိုင်းစောင့်ထံမှ အပြစ်ဒဏ် ခံယူရန် ပြောလိုက်သည်။ ပြီးနောက် စောင့်ကြပ်ရေး ဂိုဏ်းသားများကို ပြန်ခေါ်သွားလေသည်။
ထိုနေရာတွင် ရှိနေသော ဂိုဏ်းသားများ ကြောင်အသွားကြပြီး အံ့သြမှုမှ မပြေပျောက်နိုင်သေးပေ။
စုချန်က အပြင်ဂိုဏ်းသား ဟန်ဖုန်းကို သေလုမတတ် ရိုက်နှက်ခဲ့ပြီး ဒုက္ခိတ ဖြစ်လုနီးပါး ဖြစ်စေခဲ့သည်။ ဒီလောက် ကြီးလေးတဲ့ ကိစ္စကို အပြစ်မပေးဘူးလား?
ဓားသင်္ချိုင်းက ဓားသင်္ချိုင်းစောင့် ဂိုဏ်းသားတွေက အဲဒီလောက်တောင် အရေးပါတယ်လား?
ကျောက်စိမ်းပြားရှေ့တွင် ရပ်နေသော ထော်,ဘယန် လုံးဝ ကြောင်အသွားသည်။ စုချန် သူ့ရှေ့သို့ ရောက်လာမှသာ သူ တုန်လှုပ်သွားပြီး တဖက်လူအပေါ် ကြည့်သော အကြည့်များ လုံးဝ ပြောင်းလဲသွားသည်။
စုချန် ဘာမှ ပြောစရာ မလိုဘဲ၊ သူ့သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူပြီး လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။ "အစ်ကိုကြီး၊ ကျွန်တော် အရှုံးပေးပါတယ်..."