← Chapters

အစီရင်ကိုအပြည့်အဝနားလည်ခြင်း

Vol. 22 Ch. 211

အစီရင်ကိုအပြည့်အဝနားလည်ခြင်း

Vol. 22 Ch. 211

ထာဝရကျေးရွာအတွင်း အခြေနေများက တည်ငြိမ်စွာပဲ ရှိနေခဲ့သည်။

ယန်ခန်မှာ အချိန်ထိန်းချုပ်ခြင်း အစီရင်ကို အပြည့်အဝ နားလည်ရန် ကြိုးစားနေခဲ့ပြီး ရက်များအနည်းငယ် ကြာလာသည်နှင့်အမျှ အစီရင်ပေါ်နားလည်မှုကလည်း တဖြေးဖြေး တိုးတက်လာတော့သည်။

“အစီရင်ကို ပိုနားလည်လာလေ ပိုရှုပ်ထွေးတာကို သိလာလေပဲ တော်သေးတာပေါ့ စနစ်က အချက်အလက်တွေ ပို့ပေးထားခဲ့လို့ ငါ့ဘာသာငါဆို ရှေ့ဆက်ဖို့ အတော်ခက်ခဲမှာ သေချာတယ်”

ယန်ချန် သက်ပြင်းချလိုက်မိသည်။ စနစ်ကိုယ်တိုင်က လက်ရှိအစီရင်၏ အဆင့်ကို အကဲဖြတ်ခြင်းမရှိတည်းက နားလည်ထားပြီး သူသင်ခဲ့ရသမျှထဲ အခက်ဆုံးနဲ့ အဆင့်မြင့်ဆုံး အစီအရင်ကြီးတစ်ခု ဖြစ်နေမှန်း ယန်ချန်သဘောပေါက်ခဲ့သည်။

ယန်ချန်က နှေးကွေးတဲ့ လက်ဟန်တခုဖြင့် အစီရင်၏ ပထမအပိုင်းအား စတင်အသက်သွင်းလိုက်သည်။ ပထမအပိုင်းနဲ့ အချိန်စီးဆင်းမှုကို နှေးကွေးစေရုံမျှသာဖြစ်ပြီး ထိုအပိုင်းကိုတော့ ယန်ချန် ကိုယ့်အားကိုယ်ကိုး၍ နားလည်ခဲ့ပြီးသား ဖြစ်သည်။

ဝုန်း…

သေးငယ်တဲ့အလင်းစီးကြောင်းများက ရုတ်ချည်း ပတ်ဝန်းကျင်တစ်ခုလုံးအား ပြန့်နှံ့သွားသည်။ ထိုအခြေနေမှာ အနည်းငယ် ပြင်းထန်သွားသည့်အတွက် ရှုယင် ယန်ပိုင်နဲ့ ရွာထဲမှာ အခြားထိပ်သီးကျင့်ကြံသူများမှာ သတိပြုမိသွားကြသည်။

“ဘာဖြစ်တာလဲ..”

“မဟုတ်သေးဘူး ဒီအလင်းစီးကြောင်းတွေ သက်ရောက်တဲ့နေရာတွေမှာ လှုပ်ရှားမှုတွေ ဘာလို့နှေးကုန်တာလဲ”

အကုန်လုံးက ယန်ချန့်ခြံဝင်းရှိရာဘက်သို့ အကြည့်ရောက်သွားကြပြီး စိတ်ထဲ၌လည်း အနည်းငယ်တုန်လှုပ်သွားကြရသည်။ အနည်းငယ်သာ သက်ရောက်သော်လည်း ထိုသက်ရောက်မှုက အင်မော်တယ်တစ်ပါး ဖြစ်နေပြီ ဖြစ်သည့် မင်ယုရှန်း စုလဲ့တို့ကိုပင် မှင်သက်သွားစေသည်။

“အချိန်ကို ထိန်းချုပ်နေတာလား”

“သခင်လေးယန် ရှင်ဘာတွေများ ဖန်တီးနေပြန်ပြီလဲ”

မင်ယုရှန်း စုလဲ့တို့ တီးတိုးရေရွတ်နေစဥ်မှာပဲ လုလင်းယွဲ့နဲ့ အင်မော်တယ်လောကမှာ သူများ ရောက်ရှိလာကြသည်။

ထိုသူတို့၏ပုံစံမှာ အလွန်လေးနက်နေပုံရပြီး ထူးခြားသည့်ကိစ္စကြီးတစ်ခု ရှိနေမှန်း သိသာစေသည်။ မင်ယုရှန်းက လုလင်းယွဲ့အား တချက်ကြည့်လိုက်ပြီးနောက် မေးသည်။

“ရုတ်တရက်ကြီး ရောက်ချလာတာ ဘာကိစ္စများ ရှိလို့လဲ”

လုလင်းယွဲ့က မင်ယုရှန်း၏ အမေးကို ချက်ချင်းပြန်မဖြေ။ လက်တချက်ဝေ့ယမ်းကာ အလင်းစီးကြောင်းများကို ကန့်သတ်လိုက်သည်။ ပြီးနောက်..

“ဒီအလင်းစီးကြောင်းတွေ လွှမ်းခြုံထားတဲ့နေရာတွေကို နင်တို့မသွားသင့်ဘူး”

“ဘာလို့လဲ..”

စုလဲ့က သိလိုဟန်ဖြင့်မေးသည်။ စုလဲ့ရဲ့အမေးကို တင်းဟောက်က တုန့်ပြန်သည်။

“အခုအလင်းစီးကြောင်းတွေက မူရင်းအစီရင်ကြီးကနေ ဘေးထွက်လာတဲ့ အသေးအမွှားတွေပဲ သူတို့ထဲမှာ အချိန်ကုန်ထိန်းချုပ်တဲ့ အစီရင်ကြီးပါတယ်”

အချိန်ကုန်ထိန်းချုပ်တယ်…။

မင်ယုရှန်းတို့မှာ တုန်လှုပ်သွားကြသည်။ အချိန်ဆိုသည်မှာ သဘာဝ၏ မူလနိယာမဖြစ်ပြီး ကျင့်ကြံသူများအနေဖြင့် အချိန်နိယာမကိုထိန်းချုပ်ရန် အနည်းဆုံးနတ်ဘုရားတစ်ပါး ဖြစ်ရန်လိုသည်။

ထိုအနေထားဖြင့်လည်း အပြည့်အဝ ထိန်းချုပ်နိုင်သည်တော့ မဟုတ်သေး။ အနည်းငယ် ထိတွေ့ရုံမျှသာရှိပြီး ယခုကဲ့သို့ အစီရင်ကြီးတစ်ခုအနေဖြင့် ပုံဖော်ရန်ဆိုသည်မှာ ပို၍ခက်ခဲသည်။

“ဟုတ်တယ် သခင်လေးယန်က အစီရင်ကြီးတစ်ခု ဖန်တီးနေပုံရတယ်”

မင်ယုရှန်းက တည်ငြိမ်အောင်ကြိုးစားလိုက်ပြီး လုလင်းယွဲ့တို့ လာရင်းကိစ္စကိုသာ လမ်းကြောင်းပြောင်း၍ မေးလိုက်သည်။

“ကိစ္စကတော့ အပြင်ဘက်အခြားလောကတွေမှာ ကမောက်ကမတွေ ဖြစ်နေတယ် အထူးသဖြင့် သွေးနီရောင်မြစ်လက်တက်တွေက အားနည်းတဲ့လောကတွေကို စတင်ဝါးမြိုနေပြီ မကြာခင် ဒီလောကဆီရောက်လာနိုင်တယ်”

လုလင်းယွဲ့စကားက မင်ယုရှန်းတို့အားလုံးကို လေးနက်သွားစေသည်။ လောကတခုလုံး ဝါးမြိုခံရခြင်းဆိုသည်မှာ သေးငယ်သည့် ကိစ္စတော့မဟုတ်ပေ။ တော်ရုံကျင့်ကြံသူ တတ်နိုင်သည့်အစွမ်းအစတော့ မဟုတ်။

“ကျွန်မတို့ အခြေနေကိုထိန်းချုပ်နိုင်ပါ့မလား”

“မ သေချာဘူး သခင်လေးက အလုပ်များနေပုံရတယ် ဆိုတော့ အပြင်ဘက် အခြေနေတွေကို အဆက်မပြတ်စောင့်ကြည့်ဖို့နဲ့ လိုအပ်ရင် ကာကွယ်ဖို့ အားလုံးအသင့်ပြင်ထားရလိမ့်မယ်”

လုလင်းယွဲ့က ခဏရပ်ကာ ဆက်ပြောပြန်သည်။

“ရှင်တို့တွေ အခုတည်းက စီစဥ်စရာရှိတာ စီစဥ်ထားကြပါ သခင်လေးဆီမှာ အစီစဥ်တချို့ ရှိနိုင်ကောင်းပါတယ် တခုသတိထားရမှာက အခုပြဿနာက သခင်လေးတောင် ကိုင်တွယ်ဖို့ ခဲယဥ်းမှာ စိုးမိတာပဲ”

ထိုအချိန် ရှီဟွမ်တစ်ယောက်ကမူ ရှီဟွမ်လောကဆီ ပြန်ရောက်သွားပြီဖြစ်ကာ ထိုလောကထဲမှ နတ်ဘုရားအဆင့် ကျင့်ကြံသူအချို့အား စတင်စုစည်းလိုက်သည်။ ထိုအင်အားစုက သွေးနီရောင်မြစ်ကြီးအား ရင်ဆိုင်ရန် မဖြစ်နိုင်သော်လည်း အစွယ်အပွားများကိုတော့ ဖြေရှင်းရန်လုံလောက်ပေသည်။

ယန်ချန်က အစီရင်၏ ဒုတိယပိုင်းအား ထပ်မံအသက်သွင်းလိုက်သည်။ ထိုအပိုင်းက အချိန်စီးဆင်းမှု ပိုမြန်စေပြီး အစီရင်သက်ရောက်မှုကို ထက်ဝက်အထိ မြင့်တင်ပေးနိုင်သည်။

“လာခဲစမ်းနောက်တပိုင်း ဒီနေ့ပဲ အပြီးဖြတ်မယ်”

ယန်ချန်က အနည်းငယ်ကိုက်ခဲစ ပြုလာသည့် ဦးခေါင်းအား တချက်ခါယမ်းလိုက်ပြီး အာရုံစူးစိုက်မှုကို မြင့်တင်လိုက်သည်။

“အသေးစိတ်ကိုမကြည့်နဲ့ အရေးကြီးတာကိုမှတ် အချိန်က အစ အလယ် အဆုံး ထာဝရတည်ရှိနေတဲ့သဘောတရား မည်သူမှ အချိန်ကိုလွန်ဆန်လို့မရ..”

ရိုးရှင်းသည့် စကားစုကို အဆက်မပြတ်ရွတ်ရင်း အစီရင်၏ တတိယပိုင်းအား အသက်စသွင်းလိုက်သည်။

ဝုန်း..

ကြီးမားသည့် သံလိုက်လှိုင်းကဲ့သို့ လှိုင်းများက ထာဝရကျေးရွာတစ်ခုလုံး ပြန့်သွားပြီး ထိုမှတဆင့် ထျန်းဟွမ်လောကတစ်ခုလုံးကိုပါ လွှမ်းခြုံသွားသည်။

သို့သော်ထိုအဖြစ်ပျက်က တစက္ကန့်၏ ဆယ်ပုံတစ်ပုံသာရှိပြီး လျင်မြန်စွာပျောက်ကွယ်သွားလေသည်။

“ရပြီကွ..ဟား..နောက်ဆုံးတော့ အောင်မြင်ပြီ”

ယန်ချန်တစ်ယောက် လက်သီးလက်မောင်းတန်းကာ ဟစ်ကြွေးလိုက်သည်။ ဤအစီရင်ကိုသာ နားလည်ပါက စနစ်မှခွင့်ပြုချက်ဖြင့် စတင်ကျင့်ကြံနိုင်တော့မည် မဟုတ်လား။

ထိုအချိန် စကြာဝဋာရဲ့တနေရာမှာတော့ ပထမဘိုးဘေးနတ်ဘုရားက ဦးခေါင်းကိုညင်သာစွာ ညိတ်ရင်းတီးတိုးရေရွတ်လိုက်သည်။

“ပထမအဆင့်တော့ အောင်မြင်သွားပြီ”

……………………………………………..

All Chapters