မိုးမြေဂိုဏ်းမှ ပိုင်လင်း
Vol. 22 Ch. 218
အပြင်ဘက်လောက၌ ကမောက်ကမ အဖြစ်များက ပို၍ ဆိုးရွားလာသည်။
သွေးမြစ်ကြီးမှာ ပို၍ ကျယ်ပြန့်လာပြီး အဆင့်နိမ့်လောကများစွာကို ဝါးမြိုပြီးနောက် ခွန်အားမှာလည်း သိသိသာသာ တိုးတက်လာသည်။ သို့သော် အလယ်အလတ် လောကများကတော့ အနည်းငယ်ဘေးကင်းနေသေးသည်။
ရှီဟွမ်က ရှီဟွမ်လောကအပြင်ဘက်မှနေ၍ ထျန်းဟွမ်လောကရှိရာသို့ စူးစိုက်ကြည့်နေလေသည်။ ဘိုးဘေးများ၏ အဆိုအရ ရွေးချယ်ခံမှာ စမ်းသပ်မှုကို ခံယူနေပြီး ထိုစမ်းသပ်မှုက မည်သို့ရလာဒ် ဖြစ်ပေါ်မည်ကိုတော့ ဘိုးဘေးများပင် မသိချေ။
ယန်ချန်မည်မျှ သင်ယူနိုင်မည်နည်း။ ထိုအဖြေက အရာအားလုံးကို အဆုံးဖြတ် ဖြစ်သွားစေမည်ဖြစ်ပြီး ထာဝရ အဆင့်သို့ ရောက်မရောက်မှာ ယန်ချန်ရဲ့ ရွေးချယ်မှုအရ ဖြစ်လာပေမည်။
ထိုအချိန် ယန်ချန်မှာတော့ မိုးမြေဂိုဏ်း၏ ပင်မတပည့် ပိုင်လင်း၏ ဘဝကိုစောင့်ကြည့်နေပြီး ပိုင်လင်းမှာ ပိုင်မိသားစု၏ ထိပ်တန်းပါရမီရှင် ဖြစ်နေသည်။
ပိုင်မိသားစုမှာ သူတော်စင်အဆင့် ကျင့်ကြံသူဘိုးဘေးတစ်ဦးရှိပြီး ထိုဘိုးဘေးမှာ မိုးမြေဂိုဏ်း၏ မဟာအကြီးကဲ ဖြစ်သည်။
ပိုင်လင်း၏ဘဝက အခြားသူများထက် များစွာ သာလွန်သည်။ အရင်းအမြစ်များဖြစ်စေ အခြားအရာများဖြစ်စေ အလွယ်တကူ ရနေပြီး မောက်မာသည့် သခင်လေးပိုင်၏ ဘဝကို မီးမောင်းထိုးပြနေသည်။
“ဟမ့် ငါ့ကိုမျက်နှာသာမပေးဘူးပေါ့ ကောင်းတယ်”
ပိုင်လင်းရဲ့ မျက်ခုံးအစုံက တွန့်ကွေးနေပြီး သူ့ရှေ့မှာတော့ ပိုင်မိသားစုအစေခံများမှာ ကြောက်လန့်မှုကြောင့် တုန်ယင်နေလေသည်။
ပြဿနာကား လေလံပွဲတစ်ခု၌ သန္ဓေတည်ဝိဉာဥ်အဆင့် ဆေးလုံးကို အပြိုင်လေလံဆွဲရာမှ ပိုင်လင်းတစ်ယောက် ရှုံးနိမ့်ခဲ့ပြီး တဖက်သူမှာ မည်သည့်နောက်ခံမှ မရှိသည့် မိုးမြေဂိုဏ်းမှ အပြင်စည်းတပည့် ဖြစ်နေလေသည်။
“အဲ့ကောင်ကို အရှင်ဖမ်းခေါ်လာနိုင်ရင် မင်းတို့ကြိုက်ရာတစ်ခု တောင်းဆိုနိုင်တယ်”
ပိုင်လင်းရဲ့စကားအဆုံးမှာတော့ လက်ပါးစေများက တဖက်လူငယ်ရှိရာနေရာသို့ အားတက်သရော ချီတက်သွားကြတော့သည်။
သို့သော် ပိုင်လင်းမှာ သံပြားပူပူကို ကန်မိသွားမှန်း အချိန်နှောင်းမှ သိခဲ့ရလေသည်။
လက်ပါးစေများ၏ လက်ချက်ကြောင့် ထိုလူငယ်၏ မိသားစုဝင်အားလုံး အသတ်ခံခဲ့ရပြီး ထိုအဖြစ်ပျက်က ပိုင်မိသားစုကို အဆုံးသတ်သွားစေခဲ့သည်။
“ပိုင်လင်း မင်းသတ္တိရှိရင် ငါနဲ့တစ်ယောက်ချင်း လာတိုက်လှည့်”
လူငယ်၏ စိန်ခေါ်စကားက ပိုင်လင်းရဲ့ အသိဉာဏ်ကို မှောင်မိုက်သွားစေပြီး ထိုတိုက်ပွဲမှ ရလာဒ်ကတော့ ပိုင်မိသားစုဝင်အားလုံး သေဆုံးခြင်းဖြင့် အဆုံးသတ်သွားပြီး ပိုင်လင်းမှာလည်း အသက်ဘေးမှ ထိတ်လန့်တကြား ထွက်ပြေးခဲ့ရလေသည်။
မှောင်မိုက်တောင်ကြားအတွင်းတစ်နေရာ…
ပိုင်လင်းတစ်ယောက် ဆေးရည်အနည်းငယ်ကို မြိုချလိုက်သည်။ ထိုဆေးရည်မှာ ၎င်းရဲ့အတွင်းဒဏ်ရာများကို အနည်းငယ်သာ သက်သာစေပြီး ပြင်းထန်တဲ့ အငြိုးအတေးများကိုတော့ လျော့ပါးအောင် မလုပ်နိုင်ခဲ့ပေ။
“လုံယွီ မင်းကို ငါ့လက်နဲ့သတ်မယ်ကွ”
ပိုင်လင်းရဲ့ကြိမ်းဝါးမှုကြောင့် ပတ်ဝန်းကျင်ရှိ လေထုမှာ တုန်ခါသွားပြီး သားရဲအချို့မှာ ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။
“သတ်မယ် ဟုတ်လား မင်းရဲ့အခုအခြေနေနဲ့လေ”
ပိုင်လင်းရဲ့နားထဲ စကားသံအချို့ တိုးဝင်လာသည်။ ထိုစကားလုံးများက ပိုင်လင်းရဲ့မာနကို ထိပါးနေသော်လည်း အမှန်တရားများ ဖြစ်နေသည့်အတွက် ပိုင်လင်းမှာ ခွန်းတုန့်မပြန်နိုင်ခဲ့ပေ။
“ကျုပ်..ကျုပ် လုံယွီကို လက်စားချေမယ်”
ပိုင်လင်းရဲ့တုန့်ပြန်မှုက သိသိသာသာ လျော့ကျသွားသည်။ သေချာသည်က သူ့အခြေနေမှာ လက်တုန့်ပြန်ရန်မဆိုထားနှင့် အသက်မသေရန်ပင် အနိုင်နိုင် ဖြစ်နေသည်။
“ကောင်လေး မင်းအခုထိ အမြင်မှန် မရသေးဘူးကိုး ကောင်းကင်ရဲ့သားတော်သမီးတော်တွေဆိုတာ မင်းရင်ဆိုင်နိုင်တဲ့ သူတွေမဟုတ်ဘူး”
ပိုင်လင်းတစ်ယောက် ထိုစကားသံထွက်ပေါ်ရာ နေရာအား တချက်ကြည့်လိုက်သည်။
“ဒါဆို ကျုပ်ဘာလုပ်ရမလဲ”
“အရာအားလုံး ကံကြမ္မာရဲ့ သဘောအရ ဖြစ်တည်ရတာပဲ မင်းရဲ့ကံက အဆုံးမသတ်သေးဘူးကောင်လေး သေးငယ်တဲ့ကလဲ့စားချေလိုစိတ်ကြောင့် အဆုံးမသတ်စေနဲ့”
ထိုစကားက ပိုင်လင်းကို သတိဝင်သွားစေသည်။
“ငါဘာဆက်လုပ်ရမလဲ ကလဲ့စားချေပြီးရင်ကော..”
ကျင့်ကြံရေးလမ်းစဥ်မှာ ရှည်လျားသည်ကို ပိုင်လင်းသိသည်။ ထို့ကြောင့်မည်သည့် အရာမဆို ကျော်လွှားရန်လိုပြီး ထိုအထဲ ပုဂ္ဂိုလ်ရေးစိတ်ခံစားချက်များက ထိပ်ဆုံး၌ ပါဝင်သည်။
“ငါမင်းကို ကူညီမယ် ဒါပေမယ့် မင်းစိတ်ထဲက ကလဲ့စားချေလိုစိတ်ကို ထုတ်လိုက်”
“မဖြစ်နိုင်ဘူး ကျုပ် သေချာပေါက် ကလဲ့စားချေမယ်”
လူရိပ်တစ်ခု ပိုင်လင်းအနား ချဥ်းကပ်လာသည်။ ထိုလူရိပ်မှာ နောင်တစ်ချိန် ပိုင်လင်း၏ ဆရာဖြစ်သူ နတ်ဘုရားတစ်ပါးဖြစ်ပြီး ပိုင်လင်း၏ ကံတရားကို သိမြင်ပြီးနောက် ကူညီရန် ဆုံးဖြတ်ခဲ့သည်။
အချိန်များက မြန်ဆန်စွာကုန်ဆုံးသွားသည်။ ယန်ချန်မှာ ဇာတ်လမ်းတစ်ခု ကြည့်နေရသည့်နှယ် ပိုင်လင်း၏ ပြောင်းလဲမှုများကို မြင်တွေ့ခွင့်ရခဲ့ပြီး နတ်ဘုရားတစ်ပါး၏ သင်ကြားမှုကြောင့် ပိုင်လင်းမှာ အမြင့်ဆုံးအဆင့်ထိ တိုးတက်လာသည်။
သို့သော် ကလဲ့စားချေလိုစိတ်ကတော့ မပျောက်သွားပေ။ ဆရာဖြစ်သူက ထိုစိတ်ကို မပျောက်စေပဲ နောက်ဆုံး ဆုံးဖြတ်ချက်ကိုသာ အလေးအနက်ထားရန် တိုက်တွန်းခဲ့သည်။
ယန်ချန့်ခန့်မှန်းမှုအတိုင်းပင် ပိုင်လင်းက လူငယ်ကို လက်တုန့်ပြန်သတ်ဖြတ်ခဲ့ပြီး ထိုတိုက်ပွဲက လောကတစ်ခုလုံး၌ အပြင်းထန် အရက်စက်ဆုံး တိုက်ပွဲတစ်ခု ဖြစ်ခဲ့သည်။
ဆယ်စုနှစ်များစွာကြာမြင့်ပြီး နောက်ထပ် ပိုင်မိသားစုဝင်များ တိုးပွားလာပြီးနောက်မှာတော့ ပိုင်လင်းတစ်ယောက် အချို့အရာများအား နားလည်လာသည်။
စိတ်လိုက်မာန်ပါလက်စားချေမှုက လူငယ်အပါအဝင် ထိုလူငယ်၏ ဇနီးများ သားသမီးများစွာကို သက်ရောက်စေခဲ့ပြီး ထိုအခြေနေကြီးက ပိုင်လင်းကို နောင်တအကြီးကျယ်ရသွားစေသည်။
အချိန်ကား မှောင်ရီပျိုးစ ရောက်လာသည်။.
ထာဝရကျေးရွာ၏ ကောင်းကင်ထက်၌ မင်ယုရှန်းတို့မှာ အပြင်ဘက်လောက အခြေနေများကို စောင့်ကြည့်နေပြီး သွေးမြစ်၏ လှုပ်ရှားမှုများမှာ ယခင်ကထက်ပို ဆိုးရွားလာနေသည်။
“နတ်ဘုရားဝါးမြိုသူ မိစ္ဆာကြီးက နောက်ဆုံးတိုက်ပွဲကို စတင်ဖို့ ရွေးချယ်လိုက်ပြီ”
မင်ယုရှန်းတစ်ယောက် တီးတိုးရေရွတ်လိုက်သည်။ ယန်ချန်ရဲ့စမ်းသပ်မှုက မည်သည့်အချိန် ပြီးဆုံးမည်ကို သူမ မသိပေ။
ရှီဟွမ် လုလင်းယွဲ့တို့မှာမူ ဘိုးဘေးနတ်ဘုရားများ၏ အကူညီဖြင့် အလယ်အလတ်အဆင့် လောကများကို လိုက်လံကာကွယ်နေပြီး သွေးမြစ်ကြီးမှာ ထိန်းချုပ်ရပိုခက်လာသည်။
“ကောင်လေး မင်းဘာတွေ သင်ယူနိုင်မလဲ”
ပထမဘိုးဘေး၏ တီးတိုးစကားသံနဲ့အတူ ကြီးမားသည့် အစီရင်ကြီးက လောကသုံးခုကို ဖုံးလွှမ်းသွားသည်။ ထိုအစီရင်မှာ ဘိုးဘေးနတ်ဘုရားများ၏ နောက်ဆုံးလုပ်ဆောင်ချက်ဖြစ်ပြီး အရာအားလုံးမှာ ယန်ချန့်အပေါ် မီတည်သွားချေပြီ။
စမ်းသပ်မှုထဲရှိ ယန်ချန်ကတော့ ထိုအရာများကို မသိချေ။ ပိုင်လင်း၏ ဘဝဇာတ်ကြောင်းမှ သင်ယူစရာများကိုသာ သင်ယူနေပြီး သူ့ရဲ့ကျင့်ကြံဆင့်ကလည်း ဘိုးဘေးနတ်ဘုရားထိ တိုးမြင့်သွားသည်။
သို့သော် ထိုအဆင့်ရောက်ချိန်၌ ယန်ချန့်ကို တားဆီးနေသည့် အတားအဆီးတစ်ခုကို သတိပြုမိသွားသည်။ ထိုအရာက ယန်ချန်၏ အရာအားလုံးအပေါ် နားလည်မှုအား စမ်းစစ်ခြင်းဖြစ်ပြီး စကြာဝဋာ လောကများ လူသားသက်ရှိဘဝ ဖြစ်စဥ်များအပေါ် ယန်ချန့်နားလည်မှုက လိုအပ်ချက်များ ရှိနေသေး၍ ဖြစ်သည်။
……………………………………………