← Chapters

ထာဝရနတ်ဘုရား

Vol. 22 Ch. 219

ထာဝရနတ်ဘုရား

Vol. 22 Ch. 219

ယန်ချန်ရဲ့မျက်လုံးအစုံက အဆုံးမဲ့သည့် စကြာဝဋာကြီးအား စူးစိုက်ကြည့်နေလေသည်။

သက်ရှိများစတင်ဖြစ်ပေါ်လာပြီးနောက် ထိုသက်ရှိများ၏ ဘဝဖြစ်စဥ်မှာ နှစ်သန်းပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးနောက် များစွာ ပြောင်းလဲတိုးတက်လာလေသည်။

မည်သို့နည်း။ ယန်ချန်၏ မူလကမ္ဘာဖြစ်စေ ကျင့်ကြံရေးလောကများဖြစ်စေ အရာအားလုံးမှာ အချိန်၏ တိုက်စားမှုအောက်၌ ဆင့်ကဲ ပြောင်းလဲလာသည်ကို ယန်ချန်မြင်နေရပြီး ထိုမြင်ကွင်းက ယန်ချန့်ကို များစွာ ပြောင်းလဲသွားစေသည်။

“သာမန်သက်ရှိလူသားဘဝကနေ စကြာဝဋာကြီးထဲ ခြေတလှမ်းလှမ်းရုံ မိုင်သန်းချီသွားနိုင်တဲ့ နတ်ဘုရားတစ်ပါး ဖြစ်လာသည်အထိ အရာအားလုံးက အစီစဥ်တကျ တစုံတယောက်က ဖန်တီးထားခြင်းလား”

ယန်ချန့်ရဲ့မေးခွန်းကို မည်သူကမှ ပြန်မဖြေ။ ယန်ချန်ပင် ထိုအဖြေကို သိနှင့်နေပြီးသားဖြစ်ပြီး အဖြေကတော့ အရာအားလုံးမှာ စတင်ပြီး အဆုံးသတ်စေသည့် စက်ဝိုင်းသဏ္ဍန် လည်ပတ်မှုကြီး ဖြစ်ပေသည်။

အချိန် လေဟာနယ် အခြားကြမ်းတမ်းသည့် မည်သည့်နိယာမမဆို သက်ရှိများ၏ လေ့လာမှု ဖန်တီးမှုများက ကျော်လွန်သွားသည်ကို ယန်ချန်မြင်တွေ့ခဲ့သော်လည်း အဆုံးမှာတော့ မည်သူကမှ သေခြင်းတစ်ရာကို မလွန်ဆန်နိုင်ပေ။

ဘိုးဘေးနတ်ဘုရားများကလည်း ချွင်းချက်မရှိ ဖြစ်သည်။

နတ်ဘုရားဝါးမြိုသူမိစ္ဆာကြီးမှာ ထျန်းဟွမ်လောကအား စူးစိုက်ကြည့်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ထာဝရ ဟုတ်လား မင်းတို့ရဲ့ ဖန်တီးမှုက ထာဝရအဆင့်ကို ဘယ်တော့မှမရောက်နိုင်ဘူး ဘာလို့လဲဆိုတော့ ထာဝရဆိုတာ တကယ်မရှိလို့ပဲ”

ဘိုးဘေးနတ်ဘုရားလေးပါး အခြားနတ်ဘုရားများမှာ စကြာဝဋာ၏ ဟင်းလင်းပြင်ထဲ ဆိတ်ငြိမ်စွာစောင့်ဆိုင်းနေကြပြီး နတ်ဘုရားဝါးမြိုသူမိစ္ဆာကြီးမည်မျှပင် လှောင်ပြောင်စေကာမူ အနည်းငယ်မျှပင် တုန့်ပြန်ခြင်း မရှိချေ။

“ဘိုးဘေး ရွေးချယ်ခံက”

ရှီဟွမ်ရဲ့စကားကို ပထမဘိုးဘေးနတ်ဘုရားက ဖြတ်တောက်လိုက်သည်။

“နောက်ဆုံးအဆင့်ကိုရောက်နေပြီ သူက စကြာဝဋာရဲ့ပင်မသဘောတရားကို မဆုပ်ကိုင်နိုင်ရင်တော့..”

စကားက ထိုနေရာမှာတင်အဆုံးသတ်သွားသော်လည်း အဖြစ်ပျက်များကတော့ ထိုနေရာမှာတင် အဆုံးမသတ်မှန်း အားလုံးက သိနေကြလေသည်။

“မင်းရဲ့ ဖန်တီးမှုကြီးကို ထုတ်ဖော်လိုက်ပါဦး အင်း..ငါလည်း အလယ်အလတ်အဆင့် လောကတွေကို ဝါးမြိုဖို့လိုလာပြီ ပြီးရင်တော့ မင်းတို့ဘိုးဘေးနတ်ဘုရားတွေကိုရောပေါ့”

“မင်းတွေးထားတဲ့အတိုင်း ဖြစ်ပါစေလို့ ငါမျှော်လင့်ပါတယ်”

စတုတ္ထဘိုးဘေးနတ်ဘုရားက တည်ငြိမ်စွာတုန့်ပြန်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ အရာအားလုံး ပုံအောထားပြီးနောက် အချိန်တစ်ခု စောင့်ရမည်ကို တွန့်ဆုတ်စရာ မလိုတော့ပေ။

“ကောင်းတယ် မင်းတို့ဘယ်လိုတားမလဲ ငါသိချင်တယ်”

သွေးမြစ်ကြီးက ကြမ်းတမ်းစွာ လှုပ်ရှားလာသည်။ ထိုလှုပ်ရှားမှုက ဘိုးဘေးနတ်ဘုရားများ၏ အကာရံကို ပြင်းထန်စွာ ထိခတ်သွားပြီး အကာရံမှာလည်း ပြင်းပြင်းထန်ထန် လှုပ်ခါသွားသည်။

“ဟမ့် မင်းတို့က သက်တမ်းကုန်ခါနီး နတ်ဘုရားတွေပဲ ငါ့ကိုတားနိုင်မယ် ထင်နေတာလား”

ကျယ်လောင်သည့် အသံကြီးနဲ့အတူ သွေးစီးကြောင်းများက ထျန်းဟွမ်လောကရှိရာ တိုးဝင်လာပြီး ထိုစီးကြောင်းများကို အကာရံက ခက်ခက်ခဲခဲ တားဆီနေရလေသည်။

“မိစ္ဆာကောင်က အရင်ကထက်ပိုအားကောင်းသွားပြီ သူ့ကိုငါတို့လေးယောက်ပူးပေါင်းရင်တောင် နိုင်ဖို့မရှိတော့ဘူး ခက်တာက ငါတို့ကလည်း”

ဒုတိယဘိုးဘေးမှာ အနည်းငယ်စိတ်ရှုပ်ထွေးနေသည့်ပုံစံဖြင့် ဆိုသည်။ မည်သို့ပင်ဖြစ်စေကာမူ ဘိုးဘေးများ၏ အစွမ်းအားလုံး ယန်ချန့်ဆီ ပုံအပ်ထားပြီး ယန်ချန်အနေဖြင့် ထိုအစွမ်းများမှတဆင့် နောက်တဆင့်ရောက်မရောက် စောင့်မျှော်ရပေမည်။

ဝုန်း..

ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးနဲ့အတူ အကာရံမှာ ပျက်စီးသွားသည်။ ထိုပျက်စီးမှုက ထာဝရအဆင့်ရောက်လုနီးပါး နတ်ဘုရားတစ်ပါး၏ ဖိအားကို သက်ရောက်စေပြီး ထျန်းဟွမ် အင်မော်တယ် မူလလောက စသည့်လောကသုံးခုမှာ စတင်ပျက်စီးလာသည်။

“မကောင်းတော့ဘူး တောင့်ခံထားကြ”

ထိပ်သီးကျင့်ကြံသူများ၏ ထိတ်လန့်တကြား ရေရွတ်သံများနဲ့အတူ လောကသုံးခုမှာ ကမ္ဘာပျက်နေသည့်နှယ် ယောက်ယက်ခတ်နေကြသည်။

“ဒါက တကယ်ပဲ အဆုံးသတ်လား သခင်လေးယန် ရှင် ဘယ်ရောက်နေလဲ”

ရှုယင်တစ်ယောက် ယင်ယင့်ကိုတင်းကြပ်နေအောင် ပွေ့ဖက်ထားရင်း တီးတိုးရေရွတ်လိုက်သည်။

မင်ယုရှန်း လုလင်းယွဲ့ ရှီဟွမ်နဲ့ မူလလောကမှ ထိပ်သီးများအပါအဝင် အခြားသူများကလည်း ယန်ချန်ကိုအမြန်ဆုံး ထွက်ပေါ်လာစေချင်နေပြီး ၎င်းတို့၏ စိတ်ဆန္ဒများနဲ့ ဆန့်ကျင်စွာပဲ ယန်ချန်မှာ ပျောက်ချက်သားကောင်းနေသည်။

“သခင်လေးယန်…”

လောကအများအပြား စတင်ပျက်စီးလာသည်။ သွေးစီးကြောင်းများ၏ ဝါးမြိုမှုက လောကအလယ်အလတ်များကိုပင် ပျက်စီးလာစေပြီး ရှီဟွမ်မှာ သူမ၏ ပင်မလောကအား အသည်းအသန်ကာကွယ်နေရလေသည်။

“ဘိုးဘေး..ကျွန်မ ထိန်းချုပ်မရတော့ဘူး”

ရှီဟွမ်ရဲ့ အကူညီတောင်းသံကြောင့် ဘိုးဘေးများမှာ ၎င်းတို့၏ အစွမ်းလက်ကျန်များအား ထုတ်သုံး၍ သွေးစီးကြောင်းများအား တားဆီးရန်ကြိုးစားတော့သည်။ သို့သော် ထိုအရာများက အရာမထင်ပေ။

“မင်းတို့ရဲ့ဖန်တီးမှုက နောက်တဆင့်ကိုမရောက်ခင် အဆုံးသတ်သွားပြီ ငါတကယ်စိတ်မကောင်းပါဘူး”

နတ်ဘုရားဝါးမြိုသူ မိစ္ဆာကြီးက ဘိုးဘေးလေးပါးကို ကြည့်ရင်း ဆိုသည်။ လက်ရှိအခြေနေအရ ဘိုးဘေးလေးပါးမှာ ခံစစ်အသွင်သာရှိနေပြီး ထိုခံစစ်ကလည်း မတားဆီးနိုင်တော့ပေ။

အကုန်လုံး၏ ထိတ်လန့်မှု တုန်လှုပ်ခြောက်ခြားမှု မယုံနိုင်ဟန် အကြည့်များက သွေးမြစ်ကြီးဆီ စုပုံသွားချိန်မှာပဲ စကြာဝဏ္ဍာ၏ အချိန်စီးဆင်းမှုက ရုတ်ချည်းနှေးကွေးသွားသည်။

“ဟမ်.. ဘာဖြစ်တာလဲ”

ဘိုးဘေးများမှာ ထိုအဖြစ်ပျက်ကို စတင်သတိပြုမိသွားပြီး အချိန်ထိန်းချုပ်ခြင်း အစီရင်မရှိပဲနဲ့ အခုလိုဖြစ်ပျက်ခြင်းမှာ မည်သို့နည်း။

“မင်းက အရာအားလုံးကို ဝါးမြိုနိုင်တယ်ပေါ့”

ကြည်လင်တဲ့အသံတစ်ခု…။ ထိုအသံက စကြာဝဋာ၏ နေရာတိုင်းမှ ထွက်ပေါ်လာသလို ရောက်ရှိလာပြီး စကားသံဆုံးသွားသည့်နှင့် ဟင်းလင်းပြင်ကြီးမှာ တွန့်ခေါက်သွားသည်။

“ဘယ်သူလဲ ရွေးချယ်ခံလား မဖြစ်နိုင်ဘူး”

သွေးမြစ်ကြီးဆီမှ မယုံနိုင်ဟန် လေသံတစ်ခု ထွက်ပေါ်လာပြီး ထိုအမူအရာက အပြောင်းအလဲကို တုန်လှုပ်နေမှန်း သိသာစေသည်။

“အရာအားလုံးမှာ အစရှိသလို အဆုံးလည်းရှိတယ်”

စကြာဝဋာ၏ အပြောင်းအလဲများက အားလုံး၏ မြင်ကွင်းအောက်မှာတင် အဆင့်ဆင့်ပြောင်းလဲသွားသည်။ သက်ရှိလောကအသစ်များ ထပ်မံပေါ်ထွက်လာပြီး မူလရှိပြီးသားနဲ့ ပျက်စီးသွားသည့် လောကများမှာလည်း ပြန်လည်ထွက်ပေါ်လာသည်။

“ငါက ထာဝရပဲ အရာအားလုံးရဲ့ အစနဲ့ အဆုံးကို ချုပ်ကိုင်ထားတယ်”

စကြာဝဋာတစ်ခုလုံး ညင်သာစွာဖြင့် ရပ်တန့်သွားသည်။ သွေးမြစ်ကြီးလည်း ထိုအတူပင်။

ထိုအချိန် စကြာဝဋာ၏ ဟင်းလင်ပြင်၌ လူတစ်ဦး ဖြေးညင်းစွာ ထွက်ပေါ်လာပြီး ထိုလူမှာ ပန်းခြံထဲ လမ်းလျှောက်နေသည့်နှယ် သက်တောင့်သက်သာ ရှိနေသည်။

“မင်းရဲ့အဆုံးသတ်ကိုရောက်ပြီ”

အတိကျပင် ထိုလူမှာ ယန်ချန်ဖြစ်ပြီး ယန်ချန်ရဲ့လက်ချောင်းများက ကြီးမားတဲ့ ပုံရိပ်ကြီးအသွင်ပြောင်းသွားပြီး သွေးမြစ်ကြီးအား အလယ်မှဆုပ်ကိုင်လိုက်သည်။

“မဟုတ်ဘူး ထာဝရဆိုတာ မရှိဘူးမင်းက..”

အသံမှာ အဆုံးထိတောင်မရောက်လိုက်။ ယန်ချန်ကလက်ချောင်းများ ညင်သာစွာ ကွေးညွတ်သွားပြီးနောက်မှာတော့ သွေးမြစ်ကြီးမှာ စက္ကန့်ပိုင်းအတွင်း အငွေ့ပျံ့ ပျောက်ကွယ်သွားတော့သည်။

“မဟုတ်ဘူး……အား…..”

ကျယ်လောင်တဲ့အော်သံကြီးတစ်ခု…။ ကြယ်များ ဂြိုလ်များကို တုန်ခါသွားစေပြီး အားနည်းသည့် နတ်ဘုရားများမှာ တုန်ယင်သွားကြသည်။

“ဒါက.. ထာဝရအဆင့်လား”

…………………………………………

All Chapters