← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁) - ပထမဆုရှင်။

ယခုအချိန်တွင် စမ်းသပ်ကွင်းပြင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

လူတိုင်းသည် ကြေးမုံပြင်ပေါ်တွင် ထုတ်လွှင့်နေသော ပုံရိပ်ကို မျက်လုံးပြူးကြည့်ကြသော်ငြား ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်နေကြပြီး အချိန်အတော်ကြာ ဆွံ့အလို့နေကြ၏။

အဘယ်ကြောင့်ဆိုသော် မြန်ဆန်လွန်းသောကြောင့် ဖြစ်သည်။

ဤတိုက်ပွဲက လူတိုင်းကို အံ့အားသင့်သွားစေကာသူတို့ စိတ်ကူးထားသကဲ့သို့ ပြင်းထန်သော ယှဉ်ပြိုင်မှုမျိုး မရှိခဲ့ပေ။

ဓားချက်တစ်ချက်တည်းဖြင့် စုချန်သည် ယန်ဝူ ကို လုံးဝ အသာစီးရယူကာ ဖိနှိပ်ခဲ့ပြီး အလွယ်တကူ အနိုင်ယူလိုက်ခြင်း ဖြစ်သည် ။

မိုးမြေတုန်လှုပ်စေနိုင်သည်အထိ ပူပြင်းသည့် ဓားစွမ်းအင်သည် မျက်စိကျိန်းမတတ် တောက်ပနေပြီး ထိုနေရာတွင် ရှိနေသူ ပရိသတ်အားလုံးကို တုန်လှုပ်သွားစေသည်။

"ဒီလောက်တောင် အားကောင်းတာလား ။ ဒါ 'တောင်တန်းလောင်ကျွမ်း’ ဓား ရဲ့ စွမ်းအားလား? ငါ့ဦးလေးရဲ့ ဓား ဖြစ်‌နေတာ မဆန်းပါဘူး ။"

လူအုပ်ထဲတွင် ထော်ဘယန် အလွန် စိတ်လှုပ်ရှားနေသည်။

စုချန်၏ နောက်ဆုံး ဓားချက်သည် 'တောင်တန်းလောင်ကျွမ်း’ ဓား၏ စွမ်းအားကြောင့် ဖြစ်သည်ဟု သူက အလိုအလျောက် ယူဆလိုက်ပုံရသည်။

အတိုင်းအတာ တစ်ခုအထိတော့ သူမှန်သည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် စုချန်သည် 'တောင်တန်းလောင်ကျွမ်း’ ဓား၏ မိစ္ဆာ စွမ်းအင်မှတဆင့် 'မိုးမီးလောင်စေနိုင်သော ဓားစွမ်းအင်' ကို နားလည်သဘောပေါက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤဓားသည် အခြားသူ တစ်ဦးလက်ထဲသို့ ရောက်သွားပါက သာမာန် ဓားပျံ တစ်လက်သာ ဖြစ်နေပြီး 'မိုးမီးလောင်စေနိုင်သော ဓားစွမ်းအင်' ကို ထုတ်ဖော်နိုင်ရန်မှာလည်း ဧကန် မဖြစ်နိုင်ပေ။

"ဓားဆန္ဒ ။ စုချန်က ဓားဆန္ဒကို တကယ် နားလည်သဘောပေါက်သွားတာပဲ ။"

"အတွင်းစည်းဂိုဏ်းသားတွေ ကြားထဲမှာတောင် ဓားဆန္ဒကို နားလည်သဘောပေါက်သူက အလွန် ရှားပါးတာ။ စုချန်က ဘယ်လိုလုပ်ပြီး...။"

လူအုပ်ထဲတွင် ရှေ့မီနောက်မီ ဂိုဏ်းသားများလည်း ရှိကြသည်။

စုချန်၏ လျင်မြန်သော အနိုင်ရရှိမှုသည် ဓားသိုင်းပညာ ကို ကျွမ်းကျင်ပိုင်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း သိလိုက်ရသဖြင့် သူတို့ ပိုမို အံ့သြသွားကြခြင်းပင်။

ဂိုဏ်း၏ အထက်တန်း အကြီးအကဲ အချို့ပင် စိတ်ဝင်စားသွားပြီး မတ်တပ်ရပ်လိုက်ကြသည်။

ဤမျှလောက် ငယ်ရွယ်သည့် အချိန်တွင် ဓားဆန္ဒကို နားလည်သဘောပေါက်နိုင်သည်ဆိုလျှင် သူက သေချာပေါက် ဓားကျင့်ကြံရေး ပါရမီရှင်ပင်ဖြစ်၏။ အနာဂါတ် အလားအလာက အကန့်အသတ် မရှိနိုင်‌တော့ချေ။

အမွေခံ ဂိုဏ်းသား မဖြစ်ရင်တောင်၊ အနည်းဆုံး အတွင်းစည်းဂိုဏ်းထဲမှာ အမြင့်ပိုင်းအဆင့် တစ်နေရာတော့ သေချာပေါက် ရယူနိုင်လိမ့်မယ်။

ဒီနှစ် အပြင်ဂိုဏ်း စာမေးပွဲကြီးမှာ ဒီလို ပါရမီရှင်မျိုး ပေါ်ထွက်လာလိမ့်မယ်လို့ ထင်မထားခဲ့မိကြ‌လေဘူး။

အကြီးအကဲ အများအပြားက သူ့ပါရမီကို ချက်ချင်း သဘောကျသွားပြီး မိမိတို့၏ အမွေခံတပည့်အဖြစ် လက်ခံချင်စိတ်များ ဖြစ်ပေါ်လာကြသည်။

ထိုအချိန်တွင် အကြီးအကဲ တစ်ဦးက ချောင်းဟန့်လိုက်ပြီး ပြောလိုက်သည်။ "ဒီလူငယ်က ချင်းယန်တောင်ထိပ် နဲ့ ဆက်ဆံရေး သိပ်မကောင်းဘူး၊ ပြီးတော့ အတွင်းစည်းဂိုဏ်းသား ယန်ယွင်ဖေး နဲ့ လည်း သေရေးရှင်ရေး စိန်ခေါ်ပွဲကတိကဝတ် ရှိထားတယ်။ သူ အသက်ရှင်၊ မရှင် ဆိုတာ မသေချာသေးဘူး...။"

ထိုစကားကို ကြားသောအခါ အကြီးအကဲများ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး တွေဝေသည့် ပုံစံများ ပေါ်လာသည်။

စုချန်၏ ကိစ္စများကို သူတို့ အနည်းငယ် ကြားသိထားကြသည်။

ယွီထျန်းယန် သည် ထူးကဲသော ပါရမီကို ပိုင်ဆိုင်ထားပြီး ရာထူးအဆင့်အတန်း မြင့်မားသူ ဖြစ်သည်။ ရှုတောင်ရှိ အမွေခံ ဂိုဏ်းသားများ၏ ခေါင်းဆောင်အဖြစ်လည်း သတ်မှတ်ခံထားရပြီး အနာဂတ် ဂိုဏ်းချုပ်နေရာအတွက် လျာထားဖို့ပင် အရည်အချင်း ပြည့်မီသူ ဖြစ်သည်။

ထို့ကြောင့် ဤအကြီးအကဲများပင် အလွယ်တကူ မပြစ်မှားလိုကြပေ။

ထို့အပြင် သေရေးရှင်ရေး တိုက်ပွဲ ကတိကဝတ်ကလည်း ရှိနေပြန်သဖြင့်၊ ပြင်ပလူများ ဝင်ရောက်စွက်ဖက်ရန် အမှန်တကယ် မသင့်တော်ပါ‌ ချေ။

“စုချန်ကို တပည့်အဖြစ် လက်ခံလိုက်ပြီးမှ ယန်ယွင်ဖေး လက်ချက်နဲ့ သေသွားရင် ဘယ်လိုလုပ်မလဲ? ဒါဆို လူမုန်းခံရပြီး ဘာမှ အကျိုးမရှိ ဖြစ်သွားမှာပေါ့။”

ဒီလိုဆိုရင်တော့ ပါရမီရှိရင်‌တောင် တပည့်အဖြစ် ‌လက်သပ်မွေးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါချေ။

သေချာတာပေါ့၊ လူတိုင်း ယွီထျန်းယန်ကို ကြောက်တာ တစ်ခုတည်း‌ကြောင့်တော့ မဟုတ်ပေ။

သို့သော် စုချန်သည် ဓားသင်္ချိုင်းစောင့် တပည့် ဖြစ်နေခြင်းကိုလည်း ထည့်တွက်ရမည်။

အကြီးအကဲကျိုးရဲ့ လူကိုလည်း သူတို့ သွားပြိုင်လုလို့ မရဘူးလေ။

"နိုင်ပြီ ။ နိုင်ပြီ ။ ဟားဟား၊ အစ်ကိုကြီး၊ အစ်ကိုကြီးက တကယ်တော်တာပဲ ။ ညီမ သိသားပဲ၊ အစ်ကိုကြီးက အတော်ဆုံးပဲ ။"

စုလုံ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ သူမကိုယ်တိုင် ပထမရတာထက် ပိုပျော်နေပုံရသည်။

ဘေးနားတွင် ရပ်နေသော ပိုင်လု လည်း ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ စုချန်၏ အင်အားသည် သူမ ထင်ထားသည်ထက် ပိုများနေသည်။ ဒီနေ့နောက်ပိုင်းကစလို့ အပြင်ဂိုဏ်းမှာ ဘယ်သူမှ သူ့ကို အထင်မသေးရဲ‌လောက် တော့ပါချေ။

အခြားတစ်ဖက်တွင်….

ကျောက်စိမ်းတောင်ထွတ် မှ ဂိုဏ်းသားများလည်း ရယ်မောပျော်ရွှင်နေကြသည်။

စုချန် အနိုင်ရခဲ့ပြီး ယန်ဝူကို ပြတ်ပြတ်သားသား အနိုင်ယူလိုက်ခြင်းက သူတို့၏ ဒေါသများကို အစားဖောက်ခွဲပေးလိုက်သလို ဖြစ်သွားသည်။

ယန်ယွင်ဖေး၏ မျက်နှာ မည်းမှောင်နေသည်ကို မြင်လိုက်ရသဖြင့် ချင်းလန်ပင် မပြုံးဘဲ မနေနိုင်တော့ပေ။

ယန်ယွင်ဖေး အခုလောက်ဆို တော်တော် ထိတ်လန့်နေလောက်ပြီပင်။

စုချန် တိုးတက်လာတာက အရမ်း မြန်ဆန်လွန်းတယ်။

သူ့ဓားသိုင်းပညာက စိတ်ကြိုက် ထုတ်သုံးနိုင်တဲ့ အဆင့်အထိ ရောက်နေပြီဖြစ်၏။

အကယ်၍ သူ အခြေတည်အဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားပါက၊ ယန်ယွင်ဖေးကို တကယ် ခြိမ်းခြောက်နိုင်လာလိမ့်မည်။

"တောက် ။ ဒီကောင်က ဓားသိုင်းပညာကို ဒီအဆင့်ထိ ကျွမ်းကျင်နေပြီပေါ့။ ဒီအတိုင်းဆက်သွားရင် မကြာခင် ဆိုးဆိုးရွားရွား တစ်စုံတစ်ရာ ဖြစ်လာတော့မယ်...။"

ယန်ယွင်ဖေး ဒေါသထွက်နေသည်။

ဒီလို ဖြစ်လာမယ်မှန်း သိရင်၊ အဲဒီနေ့တုန်းက ချင်းလန်နဲ့ ထိပ်တိုက်တွေ့ပြီး အထိနာရင် နာပါစေ၊ စုချန်ကို ဒုက္ခိတ ဖြစ်အောင် လုပ်ပစ်ခဲ့မှာအသေအချာပင်။

“မဟုတ်ဘူး၊ ဒီထက် စောစောထဲက…

သူ ဂိုဏ်းထဲ စရောက်ကတည်းက ရှင်းပစ်ခဲ့သင့်တာ၊ ဓားသင်္ချိုင်းကို ပို့လိုက်တာ မှားသွားပေသည်” ဟု တွေးနေမိသည်။

ကံမကောင်းစွာဖြင့် အခုမှ ပြန်ပြောနေလို့ ဘာမှ မထူးတော့ပေ။

စုချန် အပြင်ဂိုဏ်း စာမေးပွဲကြီးတွင် အနိုင်ရလိုက်ခြင်းက သူ့ကို အထက်ပိုင်း ခေါင်းဆောင် အချို့၏ အာရုံစိုက်မှု ရရှိစေခဲ့ပြီး၊ နောင်တွင် သူ့ကို ပစ်မှတ်ထားရန် ပိုခက်ခဲသွားစေသည်။

သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ နောက်နှစ်လအကြာမှ စိန်ခေါ်ပွဲ ပင် ဖြစ်သည်။

"ကံကောင်းတာက သူ အခြေတည်အဆင့် မရောက်သေးသရွေ့၊ ငါ့ကို ကြီးကြီးမားမား ပြဿနာ မပေးနိုင်သေးဘူး...။"

တွေးတောနေရင်း ယန်ယွင်ဖေး မတ်တပ်ရပ်လိုက်ပြီး ဘာမှမပြောဘဲ လေကိုစီးကာ ထွက်ခွာသွားတော့သည်။

"အပြင်ဂိုဏ်း စာမေးပွဲကြီး လုံးဝ အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာလိုက်ပါတယ်။ ဓားသင်္ချိုင်းစောင့် ဂိုဏ်းသား စုချန်သည် လူတိုင်းကို ကျော်ဖြတ်ပြီး ဤပြိုင်ပွဲ၏ ထိပ်တန်းအောင်နိုင်သူဆုကို ဆွတ်ခူးရရှိသွားပါသည်..။"

အကြီးအကဲ တစ်ဦးက ကြေငြာလိုက်သည်နှင့် ခန်းမဆောင် တစ်ခုလုံး လက်ခုပ်သံများ ဟိန်းထွက်သွား၏။

အရင်က စုချန်အပေါ် ဘယ်လို နားလည်မှုလွဲမှားခြင်းတွေ ရှိခဲ့ပါစေ၊ အခုအချိန်မှာတော့ အနိုင်ရရှိသူအပေါ် လေးစားမှုနှင့် အားကျမှုကိုသာ ခံစားရသည်။

ဘာပဲဖြစ်ဖြစ် စုချန်က ကိုယ့်အရည်အချင်းနဲ့ကိုယ် ဒီနေရာကို ရယူခဲ့ခြင်းပင်။

လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင် ပင်မခန်းမဆောင် ပိတ်သွားပြီး၊ စုချန်၏ ပုံရိပ်သည် အပြင်သို့ ပျံထွက်လာကာ စင်မြင့်ပေါ်သို့ ရောက်ရှိလာသည်။

ထို့နောက် အခြား ထိပ်ဆုံး ၁၀ ယောက် စာရင်းဝင် ဂိုဏ်းသားများလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။

ယန်ဝူ မှ လွဲလျှင်အားလုံးရောက်ပြီဖြစ်၏။

သူသည် စုချန်၏ ဓားချက်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရပြီး သတိမေ့မြောနေသဖြင့် ကုသရန် ပို့ဆောင်ခံထားရသည်။ ထို့ကြောင့် အကြီးအကဲ တာဝန်ခံ တစ်ဦးက သူ့အစား ဆုလာရောက်ယူပေးသည်။

ပြိုင်ပွဲ၏ ထိပ်ဆုံး ၁၀ ယောက် အသီးသီးသည် ဆုလာဘ်များကို ရက်ရက်ရောရော ရရှိကြသည်။

ပထမဆုရှင် အနေဖြင့် စုချန်သည် အများဆုံးသော ဆုလာဘ်ကို ရရှိခဲ့သည်။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀၊ အခြေတည်ဆေးလုံး တစ်လုံးနှင့် ဂိုဏ်းဂုဏ်ပြုကုသိုလ်မှတ် ၁၀၀၀ ကို တစ်ပြိုင်နက် ရရှိလိုက်သည်။

ဂိုဏ်းဂုဏ်ပြုမှတ်များကို အသုံးပြုပြီး ပစ္စည်းအများအပြား လဲလှယ်ဝယ်ယူနိုင်သည်။ ၎င်းတို့သည် ရှုတောင်ဂိုဏ်း အတွင်းတွင် အသုံးပြုသော ငွေကြေးတစ်မျိုး ဖြစ်ပြီး၊ အချို့ပစ္စည်းများကို ပြင်ပတွင် ပိုက်ဆံဖြင့် ဝယ်ယူ၍ မရနိုင်ပေ။

ထို့အပြင် သူသည် ရတနာပြခန်း သို့ ဝင်ရောက်ပြီး မှော်ပစ္စည်း တစ်ခု ရွေးချယ်ခွင့်လည်း ရရှိခဲ့သည်။

ဒါက ဆုအားလုံးထဲမှ တန်ဖိုးအရှိဆုံး ဆုလာဘ် ဖြစ်၏။

၎င်းသည် ဓားသင်္ချိုင်းရှိ မှော်ဓားများနှင့် အဆင့်တူညီသော မှော်ပစ္စည်း ဖြစ်သော်လည်း၊ ပိုမို ပြည့်စုံပြီး မှော်စွမ်းရည် အသုံးပြုပုံ အမျိုးမျိုး ပါဝင်သည်။

ယင်း၏ စွမ်းအားနှင့် အာနိသင်များသည် ဈေးကွက်ထဲရှိ သာမာန် မှော်ပစ္စည်းများထက် များစွာ သာလွန်သည်ပင်။

မှော်ပစ္စည်း ကောင်းကောင်း တစ်ခုသည် ကျင့်ကြံသူ၏ အင်အားကို အကြီးအကျယ် တိုးတက်စေနိုင်သည်။ တူညီသော အဆင့်ရှိသူချင်း ယှဉ်ပြိုင်ရာတွင် ကျင့်ကြံခြင်း နည်းစနစ်များနှင့် ဂါထာများအပြင် မှော်ပစ္စည်းများသည်လည်း အရေးကြီးသော နည်းလမ်း ဖြစ်သည်။

"ဂုဏ်ယူပါတယ်၊ ဂိုဏ်းတူညီလေး စုချန်။"

ကျောက်စိမ်းတောင်ထွတ်မှ ချူးရန် လမ်းလျှောက်လာပြီး အနည်းငယ် အားကျသော အကြည့်ဖြင့် ပြောလိုက်သည်။

သူမသည် ယခင်ကတည်းက အခြေတည်အဆင့်ကို တက်နိုင်သော်လည်း အပြင်ဂိုဏ်း စာမေးပွဲကို ထပ်မံ ယှဉ်ပြိုင်ပြီး ပထမဆု ရယူကာ ထိုမှော်ပစ္စည်း ရယူချင်သောကြောင့်ဖြစ်သည်။

ကံမကောင်းစွာဖြင့် ကျိုးလျဲ့ နှင့် ယန်ဝူ တို့၏ ဟန့်တားခြင်း ခံလိုက်ရသည်။

သူမ စုချန်အပေါ် မနာလိုစိတ် မရှိပေ။

"ကံကောင်းသွားရုံ သက်သက်ပါ။ ဂိုဏ်းတူအစ်မ ချူးရန် က အရမ်း သန်မာပါတယ်။ အဆိပ်မမိခဲ့ရင် အစ်မကသာ ပထမ ရသင့်တာပါ။"

စုချန် ပြုံးပြီး လက်ဟန်ပြုကာ ပြန်လည် အရိုအသေ တုံ့ပြန်လိုက်သည်။ ပထမဆု ရသော်လည်း မာနကြီးသည့် ပုံစံမျိုး လုံးဝ မပြပေ။

ဒါက ချူးရန် ကို သူ့အပေါ် အမြင်ကောင်းစေသည်။

ယဉ်ကျေးမှုအရ ပြောတာမှန်း သိပေမယ့်၊ အနည်းဆုံးတော့ စုချန်ရဲ့ သဘောထားက သူ့အပေါ် အဆိုးမြင်စိတ် ဖြစ်ဖို့ ခက်ခဲစေတယ်။

"ပြိုင်ပွဲလည်း ပြီးပြီဆိုတော့၊ ငါ အခြေတည်ဖို့ ပြင်ဆင်ရတော့မယ်။ အတွင်းစည်းထဲ ရောက်ပြီးရင် မင်း ကျောက်စိမ်းတောင်ထွတ် ကို လာလည်သင့်တယ်။ ငါတို့က မိသားစုလို ဖြစ်နေပြီပဲ။ နောက်ပိုင်း အကြံဉာဏ် ဖလှယ်ဖို့ အခွင့်အရေး များများ ယူကြတာပေါ့။"

"ကောင်းပါပြီ။"

ချူးရန် ပြောပြီးသည်နှင့် ထွက်ခွာသွားသည်။

လုချိုး မှလွဲ၍ အခြား ဂိုဏ်းသားများက ရင်းနှီးအောင် ကြိုးစားမည့် အရိပ်အယောင် မပြကြပေ။

သူတို့အမြင်တွင် စုချန်သည် ယနေ့ အပြင်ဂိုဏ်း စာမေးပွဲတွင် ပထမရပြီး နာမည်ကြီးလာသော်လည်း၊ သူသည် အခြေတည်အဆင့် မရောက်သေးပေ။

ယန်ယွင်ဖေးနှင့် သေရေးရှင်ရေး တိုက်ပွဲမှာလည်း သိပ်မလိုတော့။

ကျန်ရှိနေသေးသော အချိန်အတွင်း စုချန် အောင်အောင်မြင်မြင် အခြေတည်နိုင်မလား၊ အောင်မြင်ရင်တောင်မှ ကောင်းကင်ဘုံပြစ်ဒဏ်‌ပေးစင်မြင့် ပေါ်ကနေ အသက်ရှင်လျက် ပြန်ဆင်းလာနိုင်မလား ဆိုတာ သေချာ မသိသေးဘူး။

ဒါကြောင့် သေခါနီး လူတစ်ယောက်နဲ့ အထူးတလည် ရင်းနှီးပက်သတ်နေစရာလည်း မလိုပေ။

အကယ်၍ တစ်ယောက်ယောက်ကသာ မလိုပဲ ပက်သတ်မိခဲ့ရင်လည်း ချင်းယန်တောင်ထိပ် ကို အမျက်ရှ‌စေမိတာပဲ အဖတ်တင်မည်ဖြစ်၏။

စုချန် ထိုကဲ့သို့ အပေါ်ယံ အရာများကို ဂရုမစိုက်ပေ။ သူက အကျိုးကျေးဇူး ရဖို့အတွက်သာ ပြိုင်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။

ယခု ဝိညာဉ်ကျောက်တုံး အမြောက်အမြား ရရှိထားပြီ၊ အခြေတည်ဆေးလုံးလည်း လက်ထဲ ရောက်နေပြီဖြစ်၏၊ မှော်ပစ္စည်းတစ်ခုကိုလည်း ထပ်မံရရှိမည်ဖြစ်သောကြောင့် မျှော်မှန်းထားသည်ထက် အတော်လေးပင် များပြားနေပြီဖြစ်၏။

စုချန် မူလက ရတနာပြခန်း သို့ အရင်သွားပြီး မှော်ပစ္စည်း ရွေးရန် စီစဉ်ထားသည်။

သို့သော် ထိုအချိန်တွင် လေထဲမှ တိုးညင်းသော ဓားမြည်သံတစ်ခု ထွက်ပေါ်လာပြီး၊ သူ့ ဓားအမြုတေရှင် ခန္ဓာကိုယ်ကို လာထိသကဲ့သို့ ခံစားလိုက်ရသည်။

သူ ဓားသင်္ချိုင်း ရှိရာဘက်သို့ ရုတ်တရက် မော့ကြည့်လိုက်ရာ အသံတစ်ခုက သူ့ကို အရေးတကြီး ခေါ်နေသကဲ့သို့ ခံစားလိုက်ရသည်။

ဒါ ဓားဝိညာဉ်ပဲ ။

အခန်း (၄၂) - အရိုးဖြူ ပေါ်ထွက်လာခြင်း။

"ဒုက္ခပဲ၊ ဓားသင်္ချိုင်းမှာ တခုခု ဖြစ်နေပြီ ။"

စုချန် မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။

ပုံမှန်အားဖြင့် ကလေးမ ဓားဝိညာဉ်သည် သူ ဓားသင်္ချိုင်းထဲတွင် မရှိလျှင် ဆက်သွယ်၍ မရနိုင်ပေ။ သူမ အရာအားလုံးကို စတေးပြီး ဓားမြည်သံ ထုတ်လွှတ်နေခြင်းက တစ်ခုခု ဖြစ်နေပြီ ဆိုသည့် သဘောပင်။

အကြီးအကဲကျိုး ဓားသင်္ချိုင်းတွင် မရှိသဖြင့်၊ သူသည် ဓားသင်္ချိုင်းစောင့် ဂိုဏ်းသား တစ်ဦးအနေဖြင့် ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်။

တခြားအရာတွေ တွေးနေဖို့ အချိန်မရှိတော့။

သူ့ညီမဝမ်းကွဲ စုလုံ၊ ပိုင်လု၊ ချင်းလန် နှင့် အခြား မိတ်ဆွေများကို အတိုချုပ် နှုတ်ဆက်ပြီးနောက် ဓားသင်္ချိုင်းသို့ အမြန်ဆုံး ပြန်ရန် ချက်ချင်း ထွက်ခွာလိုက်သည်။

အထဲသို့ ဝင်ရောက်လိုက်သည်နှင့် တပြိုင်နက်။

စုချန် ပြင်းထန်သော မိစ္ဆာ စွမ်းအင် အတက်အကျကို ချက်ချင်း အာရုံခံမိလိုက်သည်။

မိစ္ဆာ စွမ်းအင်များသည် များသောအားဖြင့် ဓားသင်္ချိုင်း အတွင်းတွင် စုဝေးနေပြီး ရေကန်ထဲမှ ရေများကဲ့သို့ တည်ငြိမ်နေလေ့ရှိသည်။

သို့သော် ယခုမူ ရေအောက်လှိုင်းများ မွှေနှောက်ခံနေရသကဲ့သို့ ဖြစ်နေသည်။

ကြမ်းတမ်းသော ဓားစွမ်းအင်များ လှုပ်ရှားနေပြီး ဟိန်းဟောက်နေသော ရေစီးကြောင်းကြီးကဲ့သို့ ဆူပွက်နေ၏။

ဓားသင်္ချိုင်း အတွင်းရှိ မရေမတွက်နိုင်သော ဓားပျံများသည် မငြိမ်မသက် တုန်ခါနေပြီး တိုးညင်းသော ဓားမြည်သံများ ထုတ်လွှတ်နေကြသည်။

"တကယ် တစ်ခုခု ဖြစ်နေတာပဲ ။"

စုချန်၏ မျက်နှာထား ပြောင်းလဲသွားသော်လည်း၊ ကံကောင်းသည်မှာ သူ့တွင် ဓားအမြုတေရှင် ခန္ဓာကိုယ် ရှိသဖြင့် ကြမ်းတမ်းသော ဓားစွမ်းအင်များ၏ သက်ရောက်မှုကို မခံရဘဲ ချက်ချင်း ပျံသန်းဝင်ရောက်သွားလိုက်သည်။

ကံကောင်းသည်မှာ အကြီးအကဲကျိုး ချန်ထားခဲ့သော အစီအရင်ကြောင့် အပေါ် ၃ ထပ်မှ ဝိညာဉ်ဓားများနှင့် အလယ် ၃ ထပ်မှ မှော်ဝင်ဓားများသည် ကြီးကြီးမားမား ထိခိုက်မှု မရှိဘဲ၊ အောက်ခြေမှ သာမာန်သေမျိုးလက်စွဲ ဓားများသာ မငြိမ်မသက် တုန်ခါနေခြင်း ဖြစ်သည်ပင်။

တုန်ခါမှု၏ အရင်းအမြစ်မှာ ဓားသင်္ချိုင်း၏ နက်ရှိုင်းရာတွင် ဖြစ်သည်။

"အစ်ကိုကြီး၊ ကယ်ပါဦး...။"

ကလေးမ ဓားဝိညာဉ်၏ အသံသည် ဝေးလံသော နေရာမှ ပျံ့လွင့်လာသည်။ အသံမှာ အလွန် အားနည်းနေပြီး အသည်းအသန် ရုန်းကန်နေရသကဲ့သို့ ဖြစ်နေသည်။

စုချန် မျက်မှောင် အနည်းငယ် ကြုတ်ကာတွေးလိုက်သည်။

ဒါ ဓားဝိညာဉ်ရဲ့ ထောင်ချောက် ဖြစ်နေမည်လော၊ သူ့ကို တမင်သက်သက် မျှားခေါ်နေတာများလား ဆိုတာ မသေချာ ပေ။

သို့သော် ပြန်တွေးကြည့်လိုက်တော့ ကလေးမလေးက ဒီလောက် လှုပ်ရှားမှုကြီးမျိုး လုပ်ရဲမှာ မဟုတ်ဘူး။ သူမ၏ ပုံစံအမှန်က ဓားသင်္ချိုင်းထဲမှာ ရှိနေသေးတာပဲ။ အကြီးအကဲကျိုး ပြန်လာရင် သူမ သေချာပေါက် ဒုက္ခရောက်မှာပင်။

အရင် သွားကြည့်ရအောင် ။

စုချန် ခဏမျှ စဉ်းစားပြီးနောက် သူ့ပုံရိပ် လွင့်ပျံတက်သွားပြီး ဓားသင်္ချိုင်း၏ နက်ရှိုင်းရာသို့ ဦးတည်သွားလိုက်သည်။

မကြာမီ သူ ဓားသင်္ချိုင်း၏ အောက်ခြေသို့ ရောက်ရှိသွားပြီး၊ အဝေးတွင် အဆုံးမရှိသော ချောက်နက်ကြီး တစ်ခုကို တွေ့လိုက်ရသည်။ အောက်ဘက်မှ ချော်ရည်ပူများ လှုပ်ရှားနေပြီး ပြင်းထန်သော ဓားစွမ်းအင်များ မီးတောင်ကဲ့သို့ မှုတ်ထုတ်နေပြီး လူတစ်ယောက်သည် ချောက်နက်အထက်တွင် ရပ်နေ၏။

ဦးခေါင်းခွံ အလံ ငါးခုကို ဘေးပတ်လည်တွင် ချထားပြီး၊ တစ်ခုစီကို ကျောက်ဆောင် အက်ကွဲကြောင်းများထဲတွင် စိုက်ထူထားသည်။ ၎င်းတို့သည် မည်းမှောင်သော မိစ္ဆာအလင်းတန်းများ ထုတ်လွှတ်ပြီး ဓား၏ မိစ္ဆာ စွမ်းအင်များကို အကြီးအကျယ် ဖိနှိပ်ထားသည်။

တစ်ချိန်တည်းမှာပင် အနက်ရောင် ရွှေကြိုး တစ်ချောင်း သူ့လက်အင်္ကျီစ ထဲမှ ပျံထွက်လာပြီး၊ သက်ရှိတစ်ကောင်ကဲ့သို့ အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားကာ၊ နီရဲသော ဓားရှည်တစ်လက်ကို ရစ်ပတ်ပြီး အပေါ်သို့ ဖြည်းညှင်းစွာ ဆွဲတင်နေ၏။

"ဝမ်ဟိုင်လို ။ အဲဒီကောင် မရိုးသားဘူးလို့ ထင်သားပဲ။ ငါ စာမေးပွဲ ဖြေနေတုန်း ဓားသင်္ချိုင်းထဲကို ခိုးဝင်လာတာပဲ။ လက်စသတ်တော့ သူက ဓားခိုးချင်နေတာကိုး ။"

စုချန် မျက်လုံးများ ကျဉ်းမြောင်းသွားကာတွေးလိုက်၏။

ဤလူဆီတွင် ရတနာတွေ အများအပြား ရှိနေပေသည်။

ဦးခေါင်းခွံ အလံ ၅ ခုက ထင်ရှားသော အစီအရင်ပြား တစ်ခု ဖြစ်ပြီး ဓားသင်္ချိုင်းအနက်ပိုင်းမှ မိစ္ဆာ စွမ်းအင်များကို ယာယီ ခုခံထားနိုင်သည် ဆိုတော့ အဆင့်မနိမ့်ကြောင်း သိသာသည်။ အနက်ရောင် ရွှေကြိုး ဆိုရင်လည်း၊ မိစ္ဆာ စွမ်းအင်တွေ ပြည့်နှက်နေတဲ့ အက်ကွဲကြောင်း ချော်ရည်ပူတွေထဲအထိ ထိုးဖောက်ဝင်ရောက်နိုင်သည်မှာ သေချာပေါက် အားကောင်းတဲ့ မှော်ပစ္စည်း တစ်ခုပင် ဖြစ်နိုင်ပေသည်။

ဤကဲ့သို့ ချမ်းသာကြွယ်ဝမှုမျိုးက သာမာန် အတွင်းစည်းဂိုဏ်းသား တစ်ယောက် ပိုင်ဆိုင်နိုင်တဲ့ အရာ မဟုတ်ပါချေ။

ဒီလူရဲ့ နောက်ခံက မည်သည်ပင်ဖြစ်သနည်း။

စုချန်၏ အကြည့်များက ကြိုးတန်းအတိုင်း အောက်သို့ ဆင်းသွားပြီး နောက်ဆုံးတွင် နီရဲသော ဓားရှည်ပေါ်တွင် ရပ်တန့်သွားသည်။

ဓားမှာ ရှည်လျားပြီး ခြိမ်းခြောက်နေသည့် ပုံစံရှိကာ၊ တစ်လက်လုံး သွေးခဲများဖြင့် ပြုလုပ်ထားသကဲ့သို့ နီရဲနေသည်။ မည်သည့် ပစ္စည်းဖြင့် သွန်းလုပ်ထားသည် မသိရ၊ ရွှေလည်း မဟုတ်၊ သတ္တုလည်း မဟုတ်သော်လည်း ကျောက်စိမ်းရောင် တောက်ပနေသည်။ သို့သော် သာမာန် ရွှေ၊ သံ တို့ထက် ပိုမို ထက်ရှပြီး၊ ၎င်းမှ ထုတ်လွှတ်သော ဓားအလင်းတန်းများသည် ပတ်ဝန်းကျင်ရှိ ချော်ရည်ပူများနှင့် မိစ္ဆာ စွမ်းအင်များကို အဆက်မပြတ် ဝါးမြို ချေမှုန်းနေ၏။

ကြိုးတုပ်ခံထားရပြီး အသည်းအသန် ရုန်းကန်နေသော သားရဲတစ်ကောင်ကဲ့သို့ပင်။

ကလေးမ ဓားဝိညာဉ်၏ အသံက ဒီဓားဆီမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

"ဒါက 'သက်ရှိ ဇီဝိန်ခြွေ' ဆိုတဲ့ မိစ္ဆာဓားလား? နေဦး... ဒီဓားပေါ်မှာ 'ချုံလုံ' ဆိုတဲ့ စာလုံးတွေ ထွင်းထားပါလား...။"

စုချန် အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။

ထိုအချိန်တွင် ကလေးမ ဓားဝိညာဉ်၏ အသံ ထပ်မံ ထွက်ပေါ်လာသည်။ "အစ်ကိုကြီး၊ ကယ်ပါဦး ။ ဒီ ‘'မဟူရာ ရွှေကြိုး' က ကျွန်မကို တန်ပြန်ဖို့ သီးသန့် လုပ်ထားတဲ့ မှော်ပစ္စည်းပဲ၊ ကျွန်မ ကြာကြာ မတောင့်ခံနိုင်တော့ဘူး။ ဒီလူက မိစ္ဆာလမ်းစဉ် က သူလျှို ဖြစ်ရမယ်၊ ကျွန်မ သူတို့လက်ထဲ ပြန်မရောက်ချင်တော့ဘူး...။"

ကလေးမ ဓားဝိညာဉ်က စိုးရိမ်တကြီး အကူအညီ တောင်းနေ၏။

ထိုစကားကို ကြားသောအခါ စုချန် မေးလိုက်သည်။ "မင်းဓားနာမည်က 'သက်ရှိ ဇီဝိန်ခြွေ' လို့ ပြောထားတာ မဟုတ်လား? ဘာလို့ ဒီဓားနာမည်က 'ချုံလုံ' ဖြစ်နေတာလဲ? ဓားနာမည်တောင် မင်း လိမ်ထားသေးတာပဲ။ ငါ မင်းကို ဘယ်လို ယုံရမှာလဲ?"

"'ချုံလုံ မိစ္ဆာဓား' က နာမည်ဆိုး အရမ်းကြီးတော့ အစ်ကိုကြီး ကြောက်သွားမှာ စိုးလို့၊ နာမည်တစ်ခု လျှောက်‌ပြောလိုက်တာပါ။ အခု ဒါတွေ ပြောနေရမယ့် အချိန်လား"

ကလေးမ ဓားဝိညာဉ်မှာ ငိုလုနီးပါး ဖြစ်နေသည်။

"ကယ်ပါဦး ။ကျွန်မ တကယ် ဆက်မတောင့်ခံနိုင်တော့ဘူး။ ရှင်က ဓားသင်္ချိုင်းစောင့် ဂိုဏ်းသားလေ။ မိစ္ဆာဂိုဏ်းက ဓားခိုးသွားတာ အောင်မြင်သွားရင်၊ ရှင် အဘိုးကြီး မျက်နှာကို ဆက်ကြည့်ရဲတော့မှာ မဟုတ်ဘူးနော် ။"

ထိုစကားကို ကြားသောအခါ စုချန် တွေဝေမနေတော့ပေ။

“ဘာပဲဖြစ်ဖြစ် ငါ့မှာ ဓားကို စောင့်ရှောက်ကာကွယ်ရမယ့် တာဝန် ရှိတယ်။

အကြီးအကဲကျိုးက ဓားသင်္ချိုင်းကို ငါ့လက်ထဲ အပ်ထားခဲ့တာ၊ မိစ္ဆာဓား အခိုးခံလိုက်ရရင် ကြီးလေးတဲ့ တာဝန်ပျက်ကွက်မှု ဖြစ်သွားလိမ့်မယ်။”

ဒါပေမဲ့…

ဝမ်ဟိုင်လို က အခြေတည်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး မှော်စွမ်းအင် အားကောင်းတဲ့အပြင်၊ မှော်ရတနာတွေလည်း အများကြီး ပိုင်ဆိုင်ထားခြင်းပင်။သူသာ ကမူးရှူးထိုး ဝင်တိုက်လျှင် လက်ရှိ အင်အားနဲ့ ယှဉ်နိုင်မှာ မဟုတ်ပါချေ။

အကောင်းဆုံး နည်းလမ်းက အပြင်ထွက်ပြီး ဂိုဏ်းဆီက အကူအညီ တောင်းခြင်းပင်ဖြစ်၏။

သို့သော် ထိုအချိန်တွင် အဝင်ဝ၌ ဂါထာစက္ကူ တစ်ခု တဖျပ်ဖျပ် လှုပ်ရှားနေပြီး ဧရိယာကို မသိမသာ ပိတ်ဆို့ထားသည်ကို စုချန် သတိပြုမိလိုက်သည်။ သူသာ နောက်ဆုတ်လိုက်လျှင် ချက်ချင်း သိသွားလောက်သည်။

ထိုအချိန်ရောက်လျင် ဝမ်ဟိုင်လိုက သူ့ကို အရင်သတ်ဖို့ အစွမ်းကုန် ကြိုးစားမှာ သေချာ၏။

အခြားရွေးချယ်စရာ မရှိတော့သဖြင့် စုချန် သူ့ဂိုဏ်းသား ခါးချိတ်တံဆိပ်ပြားမှတဆင့် အပြင်ဘက်သို့ အကူအညီတောင်းခံသည့် သတင်းစကားကို တိတ်တဆိတ် ပေးပို့လိုက်ရသည်။ သို့သော် ဂိုဏ်း၏ တုံ့ပြန်မှုက အချိန်ယူရမည် ဖြစ်ပြီး အချိန်မီ ရောက်လာနိုင်ချေ နည်းပါးသည်။

ယခုအချိန်တွင် မိစ္ဆာဓားပေါ်ရှိ မကောင်းဆိုးဝါး အရှိန်အဝါများသည် တဖြည်းဖြည်း ဖိနှိပ်ခံနေရပြီး၊ တရွေ့ရွေ့ ဆွဲတင်ခံနေရသည်။

"အချိန်ဆွဲလို့ မရတော့ဘူး၊ တစ်ခုခု လုပ်မှ ဖြစ်မယ်။"

စုချန် မျက်မှောင်ကြုတ်ပြီး ခဏမျှ စဉ်းစားကာ ဓားဝိညာဉ်ကို စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။ "ဒီလူက အရမ်းသန်မာတယ်၊ ငါ သူ့ကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်မယ်၊ မင်း အကူအညီ လိုတယ်။ ဓားသင်္ချိုင်းရဲ့ မိစ္ဆာ စွမ်းအင်တွေကို မင်း လှုံ့ဆော်ပေးလို့ မရဘူးလား? မင်းရဲ့ စွမ်းအားအပြည့် ထုတ်သုံးပြီး သူ့အာရုံကို ဆွဲဆောင်ထားလိုက်၊ ငါ အခွင့်အရေးယူပြီး အစီအရင်ကို အရင် ဖျက်ဆီးပစ်မယ်။ ဒါမှ ဓားရဲ့ မိစ္ဆာ စွမ်းအင် တိုက်စားမှုကို သူ မခုခံနိုင်တော့မှာ ။"

"ကောင်းပြီ ။"

ကလေးမ ဓားဝိညာဉ် ပြတ်သားစွာ ပြန်ဖြေလိုက်သည်။

သူမတွင် စွမ်းအား အနည်းငယ်သာ ကျန်တော့သော်လည်း၊ အစွမ်းကုန် ထုတ်သုံးလိုက်ပါက ဓားစွမ်းအင်များကြား ရုန်းရင်းဆန်ခတ်မှု တစ်ခုကို ဖြစ်ပေါ်စေနိုင်သည်မှာ သေချာသည်။

သို့သော် ထိုသို့လုပ်လိုက်ရင် သူမ အရေးပေါ် ပြန်လည်ခုခံနိုင်စွမ်းလည်း လုံးဝ မရှိတော့ပါချေ။

ဒီလိုလုပ်ခြင်းက သူမကံကြမ္မာကို စုချန်လက်ထဲ အပြည့်အဝ ပုံအပ်လိုက်သလို ဖြစ်နေသည်။ ပုံမှန်ဆိုရင် ဓားဝိညာဉ်က ဘယ်တော့မှ သဘောတူမှာ မဟုတ်ပေမယ့်၊ အခုတော့ အခြားရွေးချယ်စရာ မရှိတော့။

သူမ နေရောင်ခြည်ကို ပြန်မြင်ချင်သော်လည်း၊ မိစ္ဆာအင်အားစုတွေရဲ့ လက်ထဲကိုတော့ လုံးဝ ပြန်မရောက်ချင်ပေ။

ဒါက သူမ ပြန်မတွေးချင်တဲ့ အတိတ်ဆိုးကြီးပဲ။

"စုချန်၊ ငါ့ကံကြမ္မာ မင်းလက်ထဲမှာ ရှိနေပြီ။ ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့နော်...။"

ဓားဝိညာဉ် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး၊ ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသေးသော ဝိညာဉ်စွမ်းအင် အနည်းငယ်ကို ကြမ်းတမ်းစွာ ဖောက်ခွဲပစ်လိုက်သည်။ 'ချုံလုံ မိစ္ဆာဓား' ပြင်းထန်စွာ တုန်ခါသွားပြီး၊ တစ်ခဏအတွင်း ပတ်ဝန်းကျင်ရှိ မိစ္ဆာ စွမ်းအင်များ လှုပ်ရှားလာကာ ဒီရေလှိုင်းလုံးကြီးကဲ့သို့ တိုးဝင်လာသည်။

မိစ္ဆာ အရှိန်အဝါများက မုန်တိုင်းကဲ့သို့ ဟိန်းဟောက်နေသည်။

ဓားအမြုတေရှင် ခန္ဓာကိုယ် ပိုင်ဆိုင်ထားသော စုချန်ပင်လျှင် ယခုအချိန်၌ ပြင်းထန်သော ဖိအားကို ခံစားနေရသည်။

ကံကောင်းသည်မှာ ဤကာလအတွင်း သူ ဓားသိုင်းလေ့ကျင့်ထားသဖြင့် ခန္ဓာကိုယ် သန်မာနေပြီး လောလောဆယ် တောင့်ခံထားနိုင်သည်။

အစီအရင် အတွင်းရှိ ဝမ်ဟိုင်လို မျက်နှာပျက်သွားသည်။ မိစ္ဆာဓားက ဒီလောက် ပြင်းပြင်းထန်ထန် ပြန်လည်ခုခံလိမ့်မည်ဟု သူ ထင်မထားခဲ့ပုံရသည်။ ကြောက်မက်ဖွယ် မိစ္ဆာ စွမ်းအင်လှိုင်းလုံးကြီးက သမုဒ္ဒရာ လှိုင်းလုံးများကဲ့သို့ သူ့အပေါ် ရိုက်ခတ်လာပြီး အစီအရင် အလင်းတန်း အကာအကွယ်ကို တုန်ခါသွားစေသည်။

ဦးခေါင်းခွံ အလံ ၅ ခု အဆက်မပြတ် တုန်ခါနေပြီး အောက်ခြေရှိ ကျောက်တုံးများကို အမှုန့်ဖြစ်သွားစေသည်။

ကန့်သတ်ချက် ရောက်နေပြီ ဖြစ်ပုံရသည်။

"အခုပဲ ။"

စုချန် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။ 'တောင်တန်းလောင်ကျွမ်း’ ဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်ရာ မီးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲပြီး ပျံထွက်သွားသည်။

လှိုင်းထနေသော ကြမ်းတမ်းသည့် ဓားစွမ်းအင် ရေစီးကြောင်းကြီးသည် ရှေ့ရှိ တောင်နံရံကို ပြင်းထန်စွာ ဝင်ဆောင့်လိုက်ရာ ကျောက်တုံးများ ကြေမွသွားသည်။ ဦးခေါင်းခွံ အလံ တစ်ခု ဓားအလင်းတန်း၏ ထိုးဖောက်မှုကို ခံလိုက်ရပြီး မီးတောက်များ လောင်ကျွမ်းသွားသည်။ အစီအရင်ပြား ကွဲကြေသွားပြီး အလင်းတန်း ၅ ခုအနက် တစ်ခု ပျောက်ဆုံးသွားသည်။ ချက်ချင်းဆိုသလိုပင် အစီအရင်တွင် အပေါက်တစ်ခု ဖြစ်ပေါ်လာပြီး မိစ္ဆာ စွမ်းအင် လှိုင်းလုံးကြီးများ ဝင်ရောက်လာသည်။

သေစမ်း ။

ဝမ်ဟိုင်လို တုန်လှုပ်သွားသည်။ စုချန် ဒီလောက် မြန်မြန် ပြန်ရောက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ တိုးဝင်လာသော မိစ္ဆာ စွမ်းအင်များကို ရင်ဆိုင်ရင်း သူ အမြန် လက်သင်္ကေတတစ်ခု လုပ်လိုက်ရာ ကြီးမားသော အရိုးစု ပုံရိပ်ကြီး တစ်ခုက သူ့နောက်တွင် ချက်ချင်း ပေါ်ထွက်လာသည်။ အရိုးဖြူများက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး အရိုးချပ်ဝတ်တန်ဆာ တစ်စုံအဖြစ် ပြောင်းလဲကာ သူ့ကို ကာကွယ်လိုက်သဖြင့် ဓား၏ မိစ္ဆာ စွမ်းအင် တိုက်စားမှုကို ယာယီ တားဆီးထားနိုင်လိုက်သည်။

"【အရိုးဖြူ မွေးဖွားခြင်း】အမြုတေ ... မင်းက တကယ်ပဲ မိစ္ဆာလမ်းစဉ် ခြောက်ဂိုဏ်း ထဲက 'အရိုးဖြူဂိုဏ်း' ရဲ့ သူလျှို ဖြစ်နေတာကိုး ။"

စုချန်၏ မျက်လုံးများ စူးရှသွားသည်။

ရှုတောင်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သဖြင့် အားလပ်ချိန်များတွင် ဂိုဏ်းစာပေများ ဖတ်ရှုခဲ့ရာ မိစ္ဆာဂိုဏ်း ခြောက်ဂိုဏ်း၏ နည်းစနစ်များကို အနည်းငယ် နားလည်ထားသည်။

"ကောင်စုတ်လေး၊ မင်း ငါ့အစီအစဉ်တွေကို ဖျက်ဆီးပစ်လိုက်တယ် ။ ဟန့် .......၊ မင်း သိသွားပြီဆိုမှတော့ ဒီနေ့ ဒီကနေ အသက်ရှင်လျက် ထွက်သွားဖို့ မစဉ်းစားနဲ့တော့ ။"

ဝမ်ဟိုင်လို၏ မျက်လုံးများတွင် ရက်စက်သော အလင်းရောင် လက်ခနဲ ဖြစ်သွားသည်။ သူ ချက်ချင်း လက်လှမ်းလိုက်ပြီး ဓားသင်္ချိုင်းထဲမှ အရိုးဖြူဓား ကို ဆွဲယူလိုက်သည်။ သူ့ထိန်းချုပ်မှုအောက်တွင် ၎င်းသည် အလိုအလျောက် ပျံထွက်လာပြီး လေထဲတွင် ဓားအလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ စုချန်ဆီသို့ ခုတ်ပိုင်းလိုက်သည် ။

All Chapters