အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
အခန်း (၄၃) - ဓားသောင်းချီ ပြန်လာခြင်း။
"အရိုးဖြူဓား က 'အရိုးဖြူ မိစ္ဆာဂိုဏ်း' က သွန်းလုပ်ထားတာပဲ။"
စိတ်ကူးယဉ် ကမ္ဘာထဲတွင် မြင်ခဲ့ရသော မြင်ကွင်းကို တွေးမိသောအခါ စုချန် ဒေါသထွက်မိသွားသည်။
သူ့ရင်ထဲတွင် မီးတောက်များ ပြင်းထန်စွာ လောင်ကျွမ်းနေပြီး၊ သူ့ဓားစွမ်းအင်သည် နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ပြင်းထန်သော မီးတောက်များက ဓားအလင်းတန်းကို ခုတ်ပိုင်းလိုက်ရာ အားကောင်းသော ရိုက်ခတ်မှုကြောင့် သူ့လက်မောင်း ထုံသွားသည်။
“ဒါ အခြေတည်အဆင့် ကျင့်ကြံသူရဲ့ ဓားထိန်းချုပ်ခြင်း နည်းစနစ်လား”
စုချန် အံ့သြသွားသည်။
ဒါက နတ်ဘုရား အာရုံ ဖြင့် ဓားကို ထိန်းချုပ်သော ပြိုင်ဘက်နှင့် ပထမဆုံးအကြိမ် ထိပ်တိုက် ရင်ဆိုင်ခြင်း ဖြစ်သည်။
အရိုးဖြူဓားသည် လေထဲတွင် ရမ်းကားစွာ ပျံသန်းနေပြီး၊ လျှပ်စီးကဲ့သို့ မြန်ဆန်ကာ ကြီးမားသော စွမ်းအား ပါဝင်နေသည်။ စုချန် ဓားချက်အချို့ ဆက်တိုက် ထုတ်ဖော်လိုက်သော်လည်း၊ တစ်ချက်မှ အရိုးဖြူဓား၏ ပိတ်ဆို့မှုကို မဖောက်ထွင်းနိုင်ပေ။
အဝေးတွင် ရပ်နေသော ဝမ်ဟိုင်လို က မထီမဲ့မြင် ကြည့်နေသည်။ လက်ချောင်းလေး တစ်ချက် လှုပ်လိုက်ရုံဖြင့် အရိုးဖြူဓားသည် လေထုကို ထပ်မံ ဖောက်ထွင်းပြီး ဝင်ရောက်တိုက်ခိုက်ပြန်သည်။
သူ့တွင် ‘မဟူရာ ရွှေကြိုး' ကို ထိန်းချုပ်ပြီး အားကုန်နေသော 'ချုံလုံ မိစ္ဆာဓား' ကို ဖြည်းညှင်းစွာ ဆွဲထုတ်ရန် အင်အားပင် ရှိနေသေးသည်။
"မင်း စိတ်ကူးတောင် မယဉ်နဲ့။"
စုချန်၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားပြီး၊ ကြမ်းတမ်းသော အရှိန်အဝါ တစ်ခု ပေါက်ကွဲထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ ဓားစွမ်းအင်များကို လှုပ်ရှားစေပြီး လေလှိုင်းများကို ဆူပွက်သွားစေသည်။
လေထဲရှိ အရိုးဖြူဓား ရုတ်တရက် တုန်ခါသွားပြီး ကြောက်ရွံ့နေသကဲ့သို့ ဖြစ်သွားသည်။
ဓားအရှိန်အဟုန်ကြောင့် ယိုင်နဲ့နဲ့ ဖြစ်သွားသည်။
"ဓားအရှိန်အဟုန်…ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
ဝမ်ဟိုင်လို မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး၊ သူ့ဓားထိန်းချုပ်မှု အားကို အမြန် တိုးမြှင့်လိုက်သည်။ သို့သော် ကြမ်းတမ်းသော ဓားအရှိန်အဟုန် ဖိအားအောက်တွင် အရိုးဖြူဓားသည် ရွှံ့နွံထဲတွင် နစ်နေသကဲ့သို့ ဖြစ်သွားပြီး အလွန် နှေးကွေးသွားသည်။
အခွင့်အရေးကို အသုံးချပြီး စုချန် ခုနစ်စဉ်ကြယ် ခြေကွက် ကို နင်းကာ ဓားအလင်းတန်းကို ရှေ့သို့ ထိုးစိုက်လိုက်သည်။ ရည်ရွယ်ချက်မှာ လည်ပင်းကို ထိုးဖောက်ရန် ဖြစ်သည်။
ကြည်လင်သော "တင်း" ကနဲ အသံ ထွက်ပေါ်လာသည်။
ဝမ်ဟိုင်လို၏ အရိုးဖြူ ချပ်ဝတ်တန်ဆာက လည်ပင်းကို ဖုံးအုပ်ကာ သေစေနိုင်သော ဓားချက်ကို ကာကွယ်လိုက်သော်လည်း၊ ပြင်းထန်သော ဓားရိုက်ခတ်မှုကြောင့် သူ့မျက်နှာ ဖြူဖျော့သွားသည်။ လက်ထဲမှ ‘မဟူရာ ရွှေကြိုး' လျှောထွက်သွားပြီး မိစ္ဆာဓား ပြန်လည် ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
“ မင်း သေပေတော့။”
ဒေါသကြောင့် ဝမ်ဟိုင်လို၏ အမြုတေ တုန်ခါသွားပြီး အရိုးဖြူ မိစ္ဆာအရိပ်ကြီး လှုပ်ရှားလာကာ လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်နှင့် အရိုးအပ် များကို မိုးရွာသလို ပစ်လွှတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် အားကောင်းသော မှော်စွမ်းအင် လှိုင်းလုံးကြီး တစ်ခုလည်း ထွက်ပေါ်လာ လေ၏။
စုချန် မကြုံစဖူး ဖိအားကို ခံစားလိုက်ရသည်။ အခြေတည်အဆင့် ကျင့်ကြံသူက အစွမ်းကုန် တိုက်ခိုက်နေပြီး၊ သူ့မှော်စွမ်းအင်က သိပ်အားကောင်းလွန်းသည်။
ဓားအရှိန်အဟုန် ထုတ်သုံးထားသည့်တိုင် မနည်း ခုခံနေရသည်။ စွမ်းအားကြီးမားလွန်းသဖြင့် သူ ခေါင်းမမော့နိုင်ဘဲ ဓားကို ဆက်တိုက် ဝှေ့ယမ်းကာ အရိုးအပ် မိုးကို ကာကွယ်နေရုံသာ တတ်နိုင်သည်။
ရုတ်တရက် ဓားမြည်သံ တစ်သံ ထွက်ပေါ်လာသည်။
'ချုံလုံ မိစ္ဆာဓား' ကို အပြည့်အဝ ဆွဲထုတ်လိုက်နိုင်ပြီး၊ ကြမ်းတမ်းသော မိစ္ဆာအလင်းတန်း တစ်ခု ထွက်ပေါ်လာသည်။
"ဟားဟား အောင်မြင်ပြီ။"
ဝမ်ဟိုင်လို အလွန် ဝမ်းသာသွားပြီး ဓားရိုးကို လှမ်းဆွဲလိုက်သော်လည်း၊ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တောင့်တင်းသွားသည်။
မိစ္ဆာဓားသည် ကြက်သွေးရောင် အလင်းတန်းများ တောက်လောင်နေပြီး၊ လူသားစားသော ဘီလူးတစ်ကောင်ကဲ့သို့ သူ့အသက်စွမ်းအင် များကို အဆက်မပြတ် စုပ်ယူဝါးမြိုနေသည်။ ဝမ်ဟိုင်လို ထိတ်လန့်သွားပြီး မျက်နှာ အကျည်းတန်သွားကာ၊ ကောင်းကင်နှင့် လူသားကြား တိုက်ပွဲတစ်ခုတွင် ပိတ်မိနေသကဲ့သို့ ကြောက်မက်ဖွယ် ညှဉ်းပန်းနှိပ်စက်မှု ခံစားနေရသည်။
"ဒါအခွင့်အရေးကောင်းပဲ။"
စုချန် အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး၊ ရှေ့သို့ ခုန်တက်ကာ 'သေနာပတိ စစ်သည်တော်ဖြိုခွင်းခြင်း' ၏ တတိယမြောက် သိုင်းကွက်ဖြစ်သော 'သေနာပတိ သံချပ်ကာချွတ်ခြင်း' ကို ဓားအရှိန်အဟုန်နှင့် ပေါင်းစပ်ပြီး ထုတ်ဖော်လိုက်၏။
အားပါပြီး လေးလံသော ဓားချက်ကြောင့် အရိုးဖြူ ချပ်ဝတ်တန်ဆာ ကွဲအက်သွားပြီး၊ နီရဲသော ဓားသွားက အသားများကို ဆုတ်ဖြဲပစ်လိုက်သည်။ စုချန် ဓားကို ရှေ့သို့ ထိုးစိုက်လိုက်ရာ ပြိုင်ဘက်၏ နှလုံးတည့်တည့်ကို ထိုးဖောက်သွားသည်။
ဝမ်ဟိုင်လို နာကျင်စွာ ညည်းညူအော်ဟစ်လိုက်ပြီး ခန္ဓာကိုယ် ယိုင်နဲ့သွားသည်။
ဒါပေမဲ့ လဲမကျသွားဘူး။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ နှလုံးကို ထိုးလိုက်တာတောင် မသေဘူးလား ။ အခြေတည်အဆင့် ကျင့်ကြံသူ ဖြစ်ရင်တောင် ဒီလောက်အထိ ကောင်းကင်ဘုံကို အာခံနိုင်မှာ မဟုတ်ဘူး။"
စုချန် မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားသည်။
သို့သော် ထိုအချိန်တွင် ဝမ်ဟိုင်လို၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုစိတ်များ လက်ခနဲ ဖြစ်သွားပြီး၊ သူ့မျက်လုံးများ အလွန် ထူးဆန်းလာသည်။ မီးခိုးငွေ့များကဲ့သို့ မိစ္ဆာစွမ်းအင်များ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ကျောချမ်းဖွယ် အော်မြည်သံ ထွက်ပေါ်လာသည်။
"ဒုက္ခပဲ၊ ဒီကောင် တစ်ခုခု ပူးကပ်ခံထားရပုံ ရတယ်။"
စုချန် တစ်ဖက်လူထံမှ အန္တရာယ်ရှိသော အရှိန်အဝါကို အာရုံခံမိပြီး ချက်ချင်း တွန့်ဆုတ်မနေရဲတော့ဘဲ၊ ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ တစ်ဖက်လူ၏ ညာဘက် လက်ကောက်ဝတ် ပြတ်တောက်သွားသည်။
အမည်းရောင် သွေးများ ပန်းထွက်လာပြီး မိစ္ဆာဓားမှာလည်း မြေကြီးပေါ်သို့ ဘုန်းကနဲ ပြုတ်ကျသွားသည်။
"မင်း ..ငါ့အစီအစဉ်တွေကို ဖျက်ဆီးပစ်လိုက်တာ၊ သေစမ်းကွာ။"
ဝမ်ဟိုင်လို၏ အသံ ရုတ်တရက် အိုမင်းပြီး ကြောက်စရာ ကောင်းလာသည်။ ‘'မဟူရာ ရွှေကြိုး' ပျံထွက်လာပြီး စုချန်၏ ခြေချင်းဝတ်ကို ရစ်ပတ်လိုက်၏။
တစ်ချိန်တည်းမှာပင် သူ့ဘယ်လက်မှ အသားနှင့် သွေးများ အရည်ပျော်ကျသွားပြီး သိသာလှသော အမြန်နှုန်းဖြင့် အရိုးစုဖြူကြီး အဖြစ် ပြောင်းလဲသွားသည်။ သရဲလက်သည်း ဖြင့် ရိုက်ချလိုက်ရာ စုချန် ခန္ဓာကိုယ်ပေါ်ရှိ ဓားစွမ်းအင်နှင့် မှော်စွမ်းအင်များ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ အချိန်ကြာမြင့်စွာ ပျိုးထောင်ထားသော ရုပ်ခန္ဓာကိုယ်သည် ဤသရဲလက်သည်း ရှေ့တွင်တော့ စက္ကူတစ်ရွက်ကဲ့သို့ ဖြစ်သွားသည်။
ဒီလူက ဝမ်ဟိုင်လို မဟုတ်တော့ပါချေ မည်ကဲ့သို့ မိစ္ဆာဝိညာဉ် ပူးကပ်နေသလဲ မသိပေ။
ဓားသင်္ချိုင်းထဲသို့ လာရဲသည်မှာ မထူးဆန်းချေ။
"မကောင်းတော့ဘူး။"
သရဲလက်သည်း ထပ်မံ တိုက်ခိုက်လာသည်နှင့် စုချန် ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ဓားအမြုတေ မငြိမ်မသက် လှုပ်ရှားနေသော်လည်း သူ ယုံကြည်မှု မရှိပေ။
ထိုအချိန်တွင် မြေကြီးပေါ်ရှိ မိစ္ဆာဓား တုန်ခါမြည်ဟီးလိုက်ပြီး သူ့ ဓားအမြုတေ၏ ခေါ်သံကို တုံ့ပြန်လိုက်သကဲ့သို့ ဖြစ်နေသည်။
"အခု ဒါတွေ တွေးနေလို့ မရတော့ဘူး။"
သေရေးရှင်ရေး အခိုက်အတန့်တွင် စုချန် ပြတ်သားစွာ ဆုံးဖြတ်လိုက်ပြီး မြေကြီးပေါ်ရှိ မိစ္ဆာဓားကို လှမ်းဆွဲလိုက်သည်။
မိစ္ဆာဓားရိုးကို ထိလိုက်သည့် ခဏတွင် ကြမ်းတမ်းပြီး ယုတ်မာသော အတွေးတစ်ခု သူ့ခေါင်းထဲသို့ ဝင်ရောက်လာပြီး၊ အားကောင်းသော စုပ်ယူအား တစ်ခုက သူ့ဝိညာဉ်နှင့် အနှစ်သာရကို တစ်ပြိုင်နက်တည်း ဝါးမြိုပစ်တော့မည့်အလား ခံစားလိုက်ရသည်။
တကယ် ကြမ်းတမ်းတဲ့ မိစ္ဆာဓားပဲ။
ကံကောင်းသည်မှာ သူ့ ဓားအမြုတေက ပြန်လည်ရစ်ပတ်ပြီး ပျံထွက်လာကာ၊ အားကောင်းသော ဓားစွမ်းအင်များ ဝင်ရောက်လာပြီး မိစ္ဆာဓားထဲရှိ သတ်ဖြတ်လိုစိတ်ကို မနည်း ဖိနှိပ်ထားလိုက်နိုင်သည်။
တစ်ချိန်တည်းမှာပင် စုချန် ဟိန်းသံတစ်ခု ကြားလိုက်ရသည်။
ဝေးကွာသော အတိတ်မှ လာသကဲ့သို့ ရှေးကျသည်၊ ခမ်းနားသည်၊ အားကောင်းသည်၊ ဖော်ပြ၍ မရနိုင်လောက်အောင်ပင်။
သူ့စိတ်ထဲတွင် ဖြတ်သန်းသွားဖူးသော လျှို့ဝှက်ဆန်းကြယ်သည့် ပုံရိပ် ပြန်ပေါ်လာပြီး၊ ဒီတစ်ခါတော့ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီ။
၎င်းသည် ဧရာမ ရှေးဟောင်း သားရဲကြီး တစ်ကောင်ဖြစ်ပြီး အတိုင်းအတာ မရှိလောက်အောင် ကြီးမားကာ၊ ကောင်းကင်သို့ ထိုးတက်နေပြီး နေမင်းကို ဝါးမြိုထားသည်။ ဟိန်းသံတစ်ချက် ပေးလိုက်သည်နှင့် လက်ထဲရှိ မိစ္ဆာဓား တုန်ခါသွားပြီး၊ ကြောင်ကို မြင်လိုက်ရသော ကြွက်တစ်ကောင်ကဲ့သို့ ချက်ချင်း ယဉ်ပါးသွားသည်။
"အဲဒါ ဘာလဲ။ ငါ့ထဲက အရာ..."
စုချန် အလွန် အံ့သြသွားသည်။
သို့သော် ဧရာမ သားရဲကြီး၏ ပုံရိပ် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး နှစ်ခြိုက်စွာ အိပ်ပျော်သွားသကဲ့သို့ ဖြစ်သွားသည်။
စုချန် ယခုအချိန်တွင် ဆက်လက် စဉ်းစားရန် အချိန်မရှိပေ။ မိစ္ဆာဓားက သူ့ကို ဆက်လက် မခုခံတော့သည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ သူ့ပတ်ဝန်းကျင်ရှိ ဓားအရှိန်အဝါများ ရူးသွပ်စွာ စုဝေးလာပြီး မကြုံစဖူး အားကောင်းသော စွမ်းအားတစ်ခု ဖြစ်ပေါ်လာသည်။
ဤသတ်ဖြတ်လိုစိတ် အရှိန်အဝါသည် အလွန် ကြမ်းတမ်းလွန်းသဖြင့် စုချန်၏ ဓားအမြုတေရှင် ခန္ဓာကိုယ်ပင် တိုက်ရိုက် စုပ်ယူရဲခြင်း မရှိပေ။
မှော်ဓားမှတဆင့်သာ ထုတ်လွှတ်နိုင်သည်။
ဝုန်း…
ဟိန်းဟောက်နေသော ဓားစွမ်းအင် ရေစီးကြောင်းကြီးမှ ခုတ်ပိုင်းချလိုက်ရာ ဓားသင်္ချိုင်း လိုဏ်ဂူတစ်ခုလုံးပင် တုန်ခါသွားသည်။ ပတ်ဝန်းကျင်ရှိ တားဆီးပိတ်ပင်မှု အစီအရင်များ အားလုံး အသက်ဝင်လာပြီး တောက်ပသော အလင်းရောင်များ ထုတ်လွှတ်လိုက်သည်။
ကြောက်မက်ဖွယ် စွမ်းအားတစ်ခု သူ့ခန္ဓာကိုယ်ထဲ ဖြတ်သန်းသွားသည်။ ဝမ်ဟိုင်လို အော်ဟစ်လိုက်ပြီး ဓား၏ မိစ္ဆာ စွမ်းအင်ကြောင့် သူ့အသားနှင့် သွေးများ ချက်ချင်း စုတ်ပြဲသွားကာ၊ မျက်စိတစ်မှိတ်အတွင်း အရိုးဖြူသက်သက်သာ ကျန်ရစ်တော့သည်။
မိစ္ဆာဓားရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာ ကောင်းလိုက်တာ။
သာမန်လူဆိုရင် ဒီလိုဓားချက်မိပြီးတာနဲ့ သေနေလောက်ပြီဖြစ်၏။
သို့သော်လည်း ထိုသူမှာ ယခုထက်တော
သူ့မျက်လုံးအိမ်ထဲတွင် မိစ္ဆာမီးတောက်များ တဖျပ်ဖျပ် လှုပ်ရှားနေပြီး၊ ကြမ်းတမ်းသော အရှိန်အဝါက ဆက်လက် လှုပ်ရှား၍နေသည်။ ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအင်များက သူ့ခန္ဓာကိုယ်အနှံ့ မွှေနှောက်နေပြီး၊ အခြား အရုပ်ဆိုး အကျည်းတန်သော မျက်နှာတစ်ခုအဖြစ် မသိမသာ ပြောင်းလဲသွားသည်။
အလောင်းကောင်ကို ပူးကပ်ပြီး ဝိညာဉ်ကို ထိန်းချုပ်ခြင်း…။
ဒါ အနည်းဆုံး ရွှေရောင်အမြုတေ အဆင့် ကျွမ်းကျင်သူရဲ့ နည်းလမ်းပဲ။
စုချန် ထုံကျင်နေပြီ။ ခုနက ဓားချက်က သူ့အင်အား အားလုံးနီးပါး ကုန်ခမ်းသွားစေခဲ့ပြီး၊ အခု မိစ္ဆာဓားက သူ့ကို ပြန်လည် တိုက်ခိုက် ဖို့တောင် ကြိုးစားနေပြီ။ သူ မနည်း တောင့်ခံနေရပြီ။
"ဂိုဏ်းက လူတွေ ဘာလို့ မရောက်လာသေးတာလဲ ။ သူတို့ အမြန် မလာရင် ငါတော့ သွားပြီ။"
စုချန် ခါးသက်သက် ပြုံးလိုက်မိသည်။ သူ့ရွှေရောင်အမြုတေ ဓားမြောင်ကို အချိန်မရွေး ထုတ်သုံးရန် အဆင်သင့် ပြင်ထားလိုက်သည်။ ဒါက သူ့နောက်ဆုံး ဝှက်ဖဲပဲ။
ဒါပေမဲ့ ရှေ့က မိစ္ဆာကောင်ကို သတ်နိုင်မလား ဆိုတာ တကယ် မသေချာပါချေ။
ကံကောင်းစွာဖြင့် ထိုအချိန်တွင် သာယာသော ဓားမြည်သံ တစ်သံ ထွက်ပေါ်လာသည်။
အချက်ပြလိုက်သကဲ့သို့ပင် ဓားသင်္ချိုင်း အတွင်းရှိ ဓားပျံ ၁၀၈,၀၀၀ လုံး ချက်ချင်း အသက်ဝင်လာပြီး တုန်ခါကာ တုံ့ပြန်လိုက်ကြသည်။
နောက်တစ်ခဏတွင် စုချန် ဘယ်တော့မှ မမေ့နိုင်မည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
မရေမတွက်နိုင်သော ဓားအလင်းတန်းများ ကောင်းကင်သို့ ပျံတက်သွားပြီး၊ အပေါ်ဘက်ရှိ ပုံရိပ်တစ်ခုထံသို့ စုဝေးရောက်ရှိသွားကြသည်။...
တစ်လက်၊ နှစ်လက်...
ထောင်ချီ၊ သောင်းချီသော ဓားအလင်းတန်းများသည် ရေစက်များ မြစ်ထဲသို့ စီးဝင်သကဲ့သို့ စုစည်းသွားပြီး၊ နောက်ဆုံးတွင် အဘိုးအိုကို ဝန်းရံလိုက်ကြသည်။ ဓားအားလုံး မူလနေရာသို့ ပြန်ရောက်လာခြင်းပင်။
သူသည် မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊သူ၏ ဆံပင်ဖြူများမှာမူ လေထဲတွင် လွင့်ပျံနေကာ၊ နတ်ဘုရားတစ်ပါးကဲ့သို့ အေးစက်ပြီး ခမ်းနားသော အကြည့်ဖြင့် ကြည့်နေသည်။
"အဘိုးကြီး၊ ကိုယ်တိုင်ကျ မလာရဲဘဲ တပည့်တွေကို လွှတ်ပြီး ဒီလို ယုတ်မာတဲ့ နည်းလမ်းတွေ သုံးတယ်ပေါ့။ မင်း သေတွင်းတူးနေတာပဲ။"
အကြီးအကဲကျိုး အေးစက်စွာ နှာမှုတ်လိုက်ပြီး လက်ကိုမြှောက်ကာ ညွှန်ပြလိုက်သည်။
တစ်ခဏအတွင်း ဓားပျံ ထောင်ပေါင်းများစွာ ပျံသန်းစစ်ချီသွားကြပုံမှာ ငွေရောင် မြစ်တစ်စင်းအလား ဓားသင်္ချိုင်း တစ်ခုလုံးကို လင်းထိန်သွားစေတော့သည်။
အခန်း (၄၄) - အရိုက်အရာ ဆက်ခံခြင်း
"ဓားသောင်းချီ မူလနေရာသို့ ပြန်လာခြင်း... သိပ်အားကောင်းတာပဲ။ ဒါ အကြီးအကဲကျိုးရဲ့ အင်အားလား။"
စုချန် လှည့်ပတ်စီးဆင်းနေသော ဓားစွမ်းအင် မြစ်ကြီးကို ကြည့်ရင်း အလွန် တုန်လှုပ်သွားသည်။
ဓားချက်တစ်ချက်တည်းဖြင့် ဓားတစ်သောင်း လိုက်ပါလာသည်။ ဤခမ်းနားသော အရှိန်အဝါနှင့် ကြောက်မက်ဖွယ် စွမ်းအားသည် စကြဝဠာနတ်တစ်ပါး၏ စွမ်းအား ကဲ့သို့ပင်၊ အရာအားလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်သည်။
တစ်ခဏအတွင်း ဝမ်ဟိုင်လို၏ ပုံရိပ်သည် ဓားအလင်းတန်း၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး မိစ္ဆာစွမ်းအင် အားလုံး ချေမှုန်းခံလိုက်ရသည်။
လေတိုးသံကဲ့သို့ မြည်နေသော ဓားအလင်းတန်းများကြားတွင် ဒေါသတကြီး ဟိန်းသံတစ်ခု ထွက်ပေါ်လာသကဲ့သို့ ရှိသော်လည်း၊ အကြီးအကဲကျိုး ဂရုမစိုက်ပေ။ ဓားစွမ်းအင်များသည် ကျန်ရှိနေသော အရိုးစုကို တိုက်ခတ်သွားပြီး လေထဲတွင် အငွေ့ပျံ ပျောက်ကွယ်သွား စေ၏။
ကွင်းပြင်ထဲတွင် စုတ်ပြဲနေသော အလံလေးခုနှင့် မြေကြီးပေါ်တွင် ကျနေသော မဟူရာ ရွှေကြိုးတစ်ချောင်းသာ ကျန်ရစ်ခဲ့သည်။
"နောက်ဆုံးတော့ သေသွားပြီ။"
ဒါကိုမြင်တော့ စုချန် သက်ပြင်းချလိုက်သည်။ သူ စိတ်အေးသွားသည်နှင့် တပြိုင်နက် လက်ထဲရှိ မိစ္ဆာဓားက ပြန်လည် ရုန်းကန်လာသကဲ့သို့ ဖြစ်လာသည်။
ကံကောင်းစွာဖြင့် ထိုအချိန်တွင် အကြီးအကဲကျိုး၏ ပုံရိပ်သည် အောက်သို့ ဆင်းသက်လာပြီး၊ သူ့လက်ထဲမှ မိစ္ဆာဓားကို အံ့သြသလို ကြည့်လိုက်သည်။ လက်ချောင်းလေး တစ်ချက် လှုပ်လိုက်ရုံဖြင့် မိစ္ဆာဓားကို ခွဲထုတ်လိုက်ပြီး ဓားအလင်းတန်း အလွှာလိုက်ဖြင့် ဝန်းရံကာ ဖိနှိပ်ထားလိုက်သည်။
"အကြီးအကဲကျိုး၊ အချိန်မီ ပြန်ရောက်လာလို့ တော်သေးတာပေါ့...။"
"မိစ္ဆာလမ်းစဉ် ခြောက်ဂိုဏ်း က အကြံဆိုးတွေ ရှိနေတုန်းပဲ။ ဂိုဏ်းရဲ့ ကာကွယ်ရေး အစီအရင် ထဲကို ခိုးဝင်ပြီး ကပ်ဘေးကြီး ဖြစ်စေလုနီးပါး လုပ်ခဲ့တယ်။ ယွဲ့လျိုရွှမ်လည်း အဲဒီကိစ္စကြောင့် ဒဏ်ရာရခဲ့တာကြောင့် ဂိုဏ်းချုပ်က ဒီကိစ္စကို ဖြေရှင်းဖို့ ငါတို့ကို ဆင့်ခေါ်ခဲ့တာ၊ ဒါကို ငါတို့မရှိတုန်း ဒီလူယုတ်မာတွေက အခွင့်ကောင်းယူပြီး လှုပ်ရှားကြတာပဲ။"
အကြီးအကဲကျိုး သက်ပြင်းချလိုက်ပြီး သူ အခုမှ ပြန်ရောက်လာရခြင်း အကြောင်းရင်းကို အတိုချုပ် ရှင်းပြလိုက်သည်။
ထို့နောက် သူ မှော်စွမ်းအင်ကို ထုတ်လွှတ်ပြီး စုချန်၏ အသက်ရှူနှုန်းကို တည်ငြိမ်အောင် ကူညီပေးလိုက်သည်။
စုချန် မေးလိုက်သည်။ "ဂိုဏ်းတူအစ်မ ယွဲ့ အဆင်ပြေရဲ့လား။"
"စိတ်မပူပါနဲ့၊ သူ အခု သက်သာသွားပါပြီ။ မကြာခင် သီးသန့်ကျင့်ကြံရာကနေ ထွက်လာတော့မှာပါ။"
အကြီးအကဲကျိုး ခေါင်းခါလိုက်ပြီးနောက် သူ့ကို သဘောကျဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ "အပြင်ဂိုဏ်း စာမေးပွဲကြီးမှာ မင်း ပထမရတယ်လို့ ကြားတယ်၊ တော်တော် စွမ်းရည်ရှိတာပဲ။ ဒီလို သန်မာတဲ့ ရန်သူနဲ့ ရင်ဆိုင်ရတာတောင် မင်း နောက်မဆုတ်ဘဲ တာဝန်ကျေပွန်ခဲ့တယ်၊ ဓားသင်္ချိုင်းစောင့် ဂိုဏ်းသား ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်။ ငါ မမျှော်လင့်ထားတာက မင်း မိစ္ဆာဓားရဲ့ ကြမ်းတမ်းမှုကို ခုခံနိုင်ပြီး ဆင်ခြင်တုံတရားနဲ့ ထိန်းချုပ်နိုင်ခဲ့တာပဲ၊ ဒါ သိပ်ရှားပါးတဲ့ ကိစ္စပဲ။"
ဒီ 'ချုံလုံ မိစ္ဆာဓား' က အလွန် ကြမ်းတမ်းပြီး သာမာန်လူတွေ ထိန်းချုပ်လို့ မရဘူး။
အတင်းအကျပ် ကိုင်ဆောင်ဖို့ ကြိုးစားရင် ခုနက ဝမ်ဟိုင်လို လိုပဲ ဓားရဲ့ ထိန်းချုပ်မှုကို ခံရပြီး ရုပ်သေးရုပ် ဖြစ်သွားလိမ့်မယ်။
စုချန်က မိစ္ဆာဓားရဲ့ ကြမ်းတမ်းမှုကို ဖိနှိပ်နိုင်ခဲ့တယ်။ စိတ်ဓာတ်ခိုင်မာပြီး စိတ်နှလုံး ရှင်းလင်းသူတွေသာ အဲဒီလို လုပ်နိုင်တာ။
"ဒီဓားက တကယ် ကြမ်းတမ်းတာပဲ။ သူ့မူလအစက ဘာလဲဆိုတာ ကျွန်တော် သိချင်မိတယ်။"
ဒီကိစ္စနဲ့ ပတ်သက်ပြီး စုချန် အများကြီး မပြောရဲပေ။ ဘာပဲဖြစ်ဖြစ် သူ မိစ္ဆာဓားကို ဖိနှိပ်နိုင်ခဲ့တာက သူ့ခန္ဓာကိုယ်ထဲက လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားကြောင့်လေ။
သူကိုယ်တိုင်လည်း အဲဒါ ဘာလဲဆိုတာ မသိသလို၊ တခြားသူတွေကိုလည်း အသိမပေးရဲဘူး။
ထို့ကြောင့် အခွင့်အရေးယူပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
အကြီးအကဲကျိုး ခေါင်းခါလိုက်ပြီး ထပ်မံ ရှင်းပြခြင်း မပြုတော့ဘဲ ပြောလိုက်သည်။ "မင်းရဲ့ ကျင့်ကြံမှုအဆင့်က ဒီဓားကို ထိန်းချုပ်ဖို့ နိမ့်လွန်းနေသေးတယ်။ အခြေတည်အဆင့် ရောက်ပြီးလို့ မင်း ဆက်သုံးချင်သေးရင်၊ အဲဒီအချိန်ကျမှ ကိုယ်တိုင် အဖြေရှာကြည့်ပေါ့။"
အကြီးအကဲကျိုးက ဓားဝိညာဉ်ကို ရည်ညွှန်းပြောဆိုနေခြင်း ဖြစ်သည်။
ဓားဝိညာဉ်သည် ယခင်က စွမ်းအားအကုန် ထုတ်သုံးလိုက်သဖြင့် ယခု နှစ်ခြိုက်စွာ အိပ်ပျော်နေပြီ ဖြစ်သည်။
စုချန် ဇွတ်အတင်း မမေးတော့ပေ။
ခုနက 'ချုံလုံ မိစ္ဆာဓား' ကို အသုံးပြုခဲ့သော်လည်း၊ သူ အတော်လေး တုန်လှုပ်နေဆဲ ဖြစ်သည်။ ဓားက သိပ်ကြမ်းတမ်းလွန်းပြီး၊ သူက ဓားစွမ်းအားရဲ့ တစ် ရာခိုင်နှုန်းတောင် ထုတ်မသုံးခဲ့ရသေးဘူး။
လက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ ဆိုရင် အတင်းအကျပ် ထိန်းချုပ်ဖို့ ကြိုးစားတာက သိပ်အန္တရာယ် များလွန်းတယ်။
အခြေတည်အဆင့် ရောက်မှပဲ ဒီကိစ္စကို ဆက်ဆွေးနွေးကြတာပေါ့။
"ဒီပစ္စည်းကို မင်း ယူထားလိုက်။ သူက 'ချုံလုံ မိစ္ဆာဓား' နဲ့ နီးကပ်တဲ့ ဆက်နွယ်မှု ရှိတယ်။ ဒါရှိရင် မင်း ဓားရွေးချင်တဲ့အခါ သူ့ကို ထိန်းချုပ်လို့ ရတယ်။"
အကြီးအကဲကျိုး စကားပြောရင်း မြေကြီးပေါ်ရှိ ‘'မဟူရာ ရွှေကြိုး' ကို လက်ညှိုးထိုးပြလိုက်သည်။
ဒီပစ္စည်းက အတော်လေး အားကောင်းတဲ့ မှော်ပစ္စည်းပဲ။ မိစ္ဆာဓားဝိညာဉ်ကို ပစ်မှတ်ထားတာ အပြင်၊ ကိုယ်ပိုင် စွမ်းရည်တွေကိုလည်း မြှင့်တင်ပေးနိုင်ခြင်းပင်ဖြစ်၏။
စုချန်ကတော့ တွန့်ဆုတ်မနေတော့ပေ။ သူ ‘မဟူရာ ရွှေကြိုး' ကို သိမ်းလိုက်ပြီး မြေကြီးပေါ်ရှိ အလံငယ် လေးခုကိုပါ ယူလိုက်သည်။ နည်းနည်းရလည်း အမြတ်ပဲလေ။ အစီအရင်ပြား က ထောင့်တစ်နေရာ ပျက်စီးနေပေမယ့် စွမ်းအား အတော်အတန် ရှိသေးသည်။
အားလုံး ပြီးစီးပြီးနောက် အကြီးအကဲကျိုးက စုချန်ကို ဓားသင်္ချိုင်း အဝင်ဝသို့ ခေါ်ဆောင်သွားသည်။
ဆုံးဖြတ်ချက် ချလိုက်ပုံရပြီး သူ စကားစပြောလိုက်သည်။ "စုချန်၊ မင်း ဓားသင်္ချိုင်းမှာ နေလာတာ အတော်ကြာပြီ။ မင်းရဲ့ ပါရမီနဲ့ ဝီရိယကို ငါမြင်တွေ့ခဲ့ရပြီးပြီ။ ဒါကြောင့် မင်းကို ငါ့တပည့်အဖြစ် လက်ခံပြီး ဓားသင်္ချိုင်းရဲ့ အရိုက်အရာကို ဆက်ခံစေချင်တယ်။ မင်း သဘောတူလား။"
"ဆရာ့ရဲ့ အသိအမှတ်ပြုမှုကို ရရှိတာ ဂုဏ်ယူစရာပါပဲ။"
ထိုစကားကို ကြားသောအခါ စုချန် လုံးဝ မတွေဝေတော့ပေ။
အကြီးအကဲကျိုးသည် ရှုတောင်တွင် အလွန် မြင့်မားသော ရာထူးနှင့် ထူးကဲသော အဆင့်အတန်း ရှိသူ ဖြစ်ပြီး၊ ပုံမှန်အားဖြင့် သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံကာ ဂရုစိုက် လမ်းညွှန်ပေးလေ့ ရှိသည်။
သူ့ဓားသိုင်းပညာကိုလည်း အကြီးအကဲကျိုး၏ လမ်းညွှန်မှုအောက်တွင် တတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
ခုနက အကြီးအကဲကျိုး၏ "ဓားသောင်းချီ မူလနေရာသို့ ပြန်လာခြင်း" သိုင်းကွက်ကို မြင်လိုက်ရသဖြင့် သူ လုံးဝ ဖမ်းစားခံလိုက်ရပြီ။ တွေဝေခြင်းမရှိဘဲ ဒူးထောက်ချလိုက်ပြီး လေးလေးနက်နက် သုံးကြိမ် ဦးခိုက်လိုက်သည်။
"တပည့် စုချန်၊ ဆရာ့ကို ဂါရဝပြုပါတယ်။"
မသေမျိုးလမ်းစဉ် ကျင့်ကြံသူများသည် ဆရာတပည့် မျိုးဆက်နှင့် ဆက်နွယ်မှုကို အလွန် တန်ဖိုးထားကြသည်။
ပညာရပ်များကို လွယ်လွယ်ကူကူ လက်ဆင့်ကမ်းလေ့ မရှိကြပေ။ အထူးသဖြင့် တရားဝင် အရိုက်အရာ ဆက်ခံသူများ နှင့် ဆက်ဆံရေးမှာ သားအဖ ဆက်ဆံရေးထက်ပင် ပိုမို နီးကပ်သည်။
စုချန် ဓားသင်္ချိုင်းတွင် ရပ်တည်လိုပါက၊ အကြီးအကဲကျိုးနှင့် နီးကပ်စွာ နေရမည်။ သူ့တပည့် ဖြစ်လာခြင်းသည် အကောင်းဆုံးနှင့် အလုံခြုံဆုံး ရွေးချယ်မှု ဖြစ်သည်။
"ကောင်းပြီ ငါ ကျင့်ကြံလာတာ ၃၂၇ နှစ် ရှိပြီ၊ တပည့် တစ်ယောက်မှ လက်မခံဖူးသေးဘူး။ ဒီနေ့တော့ ငါ့အမွေအနှစ်ကို ဆက်ခံမယ့်သူ ရှိလာပြီ။ ငါ နောင်တမရတော့ဘူး။"
အကြီးအကဲကျိုး မျက်နှာပေါ်တွင် ရှားပါးသော အပြုံးတစ်ခု ပေါ်လာသည်။
သူ ဒီတပည့်ကို အလွန် ကျေနပ်နေပုံရသည်။
ဘာပဲဖြစ်ဖြစ် သူ စုချန်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့တာ ကြာပြီ။ ပါရမီနဲ့ စိတ်နေသဘောထား အရ ကြည့်ရင် စုချန်က သူ့မျှော်လင့်ချက်တွေနဲ့ ကိုက်ညီတယ်။
ဒီလို တပည့်မျိုး ရှာရတာ မလွယ်ပေ။
"တပည့်တစ်ယောက် အနေနဲ့၊ ငါ မင်းကို လက်ဆောင်လေး တစ်ခုလောက်တော့ ပေးသင့်တယ်။ ဒါပေမဲ့ ငါက တစ်သက်လုံး ဓားကျင့်ကြံပြီး ဓားသင်္ချိုင်းမှာပဲ ထိုင်နေခဲ့တော့ တန်ဖိုးရှိတာ ဘာမှ မရှိဘူး။ ဓားသင်္ချိုင်းထဲက ဓားပျံ ၁၀၈,၀၀၀ ကလည်း ဂိုဏ်းပိုင် ပစ္စည်းတွေပဲ။ ငါ့ဓားသိုင်းပညာ တစ်ခုပဲ ငါ ဂုဏ်ယူစရာ ကျန်တော့တယ်...။"
စကားပြောရင်း အကြီးအကဲကျိုး လက်ကိုမြှောက်ပြီး ညွှန်ပြလိုက်သည်။
တောက်ပသော ဓားအလင်းတန်း တစ်ခု ပျံထွက်လာပြီး စုချန်၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားသည်။
ဓားအလင်းတန်းက သူ့ကို ဘာမှ မထိခိုက်စေပေ။
၎င်းတွင် အကြီးအကဲကျိုး ကျင့်ကြံသော ထူးခြားသည့် သိုင်းပညာ ဖြစ်သည့် ဝိညာဉ်အမွေအနှစ် တစ်ခု ပါဝင်သည်။
"ကျယ်ပြန့်သော သမုဒ္ဒရာသည် အသက်ရှူခြင်း တစ်ခုတည်း၊ ဤအသက်ရှူခြင်းကို အသုံးပြု၍ ဓားကို ထိန်းချုပ်ခြင်း၊ ဓားအားလုံး မူလနေရာသို့ ပြန်လာခြင်း..."
ဓားအလင်းတန်းထဲမှ အချက်အလက်များကို လေ့လာပြီးနောက် စုချန် အံ့သြဝမ်းသာ ဖြစ်သွားသည်။
အကြီးအကဲကျိုး ကျင့်ကြံသော နည်းစနစ်မှာ 'ပြာလဲ့လဲ့ သမုဒ္ဒရာ ဓားကျမ်း' ဖြစ်ကြောင်း ထိုအခါမှ သူ သိလိုက်ရသည်။ ၎င်းသည် သန်းပေါင်းများစွာသော ဓားစွမ်းအင်များကို တစ်ခုတည်းအဖြစ် စုစည်းခြင်း ဖြစ်ပြီး၊ မြစ်ချောင်း တစ်သောင်း ပင်လယ်ထဲသို့ စီးဝင်သကဲ့သို့ အားကောင်းပြီး နက်ရှိုင်းသော မှော်အရှိန်အဝါ ရှိသည်။
၎င်းကို အခြေခံပြီး ထူးခြားသော 'စစ်မှန်သော အတွင်းအား ဓားထိန်းချုပ်နည်း' ကို ဖန်တီးထားသည်။ မှော်စွမ်းအင်ကို ဗဟိုချက်အဖြစ် အသုံးပြုပြီး ဓားပျံ အများအပြားကို တပြိုင်နက်တည်း ထိန်းချုပ်ကာ၊ ဓားအားလုံး မူလနေရာသို့ ပြန်လာခြင်း အကျိုးသက်ရောက်မှုကို ရရှိစေသည်။
ယခုအချိန်တွင် ဆရာဖြစ်သူက သူ့ကို သင်ပေးနေသည်မှာ 'ပြာလဲ့လဲ့ သမုဒ္ဒရာ ဓားကျမ်း' ၏ နိဒါန်းအခန်း ဖြစ်သည်။
ဒီနည်းစနစ်သည် ဓားမွေးမြူခြင်း နည်းစနစ် နှင့် ယှဉ်လျှင် လုံးဝ မနိမ့်ပေ။
၎င်းသည်လည်း ဤလောကတွင် ရှားပါးသော ကောင်းကင်အဆင့် ကျင့်ကြံခြင်း နည်းစနစ်များထဲမှ တစ်ခု ဖြစ်သည်။
"မင်းရဲ့ ပါရမီက ထူးခြားတယ်၊ ဓားစွမ်းအင်ကို စုပ်ယူပြီး ကိုယ်ပိုင်အဖြစ် ပြောင်းလဲနိုင်တယ်။ တကယ်တော့ မင်းက ငါ့ထက် 'ပြာလဲ့လဲ့ သမုဒ္ဒရာ ဓားကျမ်း' ကို ကျင့်ကြံဖို့ ပိုသင့်တော်တယ်။ နေ့တိုင်း ဓားသန့်စင်ခြင်း လုပ်ရင်းနဲ့၊ ဓားတစ်သောင်းရဲ့ အရှိန်အဝါကို စုပ်ယူပြီး တန်ထျန်းသွေးကြော ထဲမှာ စုစည်းနိုင်တယ်။ ဓားများများ သန့်စင်လေ၊ မင်းရဲ့ ဓားစွမ်းအင်နဲ့ မှော်စွမ်းအင် ပိုအားကောင်းလေ ဖြစ်လာလိမ့်မယ်။ ဒီနည်းစနစ်သာ ရှိရင်၊ ဓားစွမ်းအင်တွေ များလာလို့ အချင်းချင်း ပဋိပက္ခ ဖြစ်မှာကို စိုးရိမ်စရာ မလိုတော့ဘူး။"
"ဒါ့အပြင် စစ်မှန်သော အတွင်းအားနဲ့ ဓားထိန်းချုပ်တဲ့ နည်းလမ်းက မင်း အခြေတည်အဆင့် မရောက်ခင်မှာပဲ ဓားထိန်းချုပ်ခြင်း စွမ်းရည်ကို သင်ယူနိုင်စေလိမ့်မယ်။ အခြေတည်အဆင့် ရောက်ပြီး နတ်ဘုရား အာရုံ ရလာရင်၊ ဒီအကျိုးသက်ရောက်မှုက ပိုပြီး အားကောင်းလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ဓားပျံ အများအပြားကို တပြိုင်နက်တည်း ထိန်းချုပ်တဲ့ နည်းလမ်းကို ငါ သင်ပေးမယ်။"
အကြီးအကဲကျိုး ပြုံး၍ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ စုချန် ချက်ချင်း ဒူးထောက်ချလိုက်ပြီး အကြီးအကဲကျိုးကို သုံးကြိမ် ဦးခိုက်ကာ၊ အသိပညာနှင့် စွမ်းရည်များ သင်ကြားပေးသည့်အတွက် ဆရာ့ကို ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။
သူ တကယ် ကျေးဇူးတင်နေခြင်း ဖြစ်သည်။
အကြီးအကဲကျိုးက ဘာကိုမှ လျှို့ဝှက်မထားဘဲ၊ သူ့ထူးခြားသော စွမ်းရည်များကို ချက်ချင်း လက်ဆင့်ကမ်း သင်ကြားပေးခဲ့သောကြောင့် ဖြစ်သည်။
ထိုကဲ့သို့သော ကျေးဇူးတရားမျိုးမှာ ကောင်းကင်ထက် ပိုကြီးမားပေသည်။
ဒီနည်းနဲ့ စုချန်သည် ဓားနတ်ဘုရား နှင့် ဓားသင်္ချိုင်းစောင့် နှစ်ဦးစလုံး၏ အထွတ်အထိပ် စွမ်းရည်များကို ပိုင်ဆိုင်ထားပြီး၊ ကောင်းကင်အဆင့် နည်းစနစ် နှစ်ခုကို ရရှိထားပြီ ဖြစ်သည်။
'ဓားကျင့်ကြံခြင်း နည်းစနစ်' သည် ပြင်ပ ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်းနှင့် အတွင်းပိုင်း ဓားအမြုတေ ပျိုးထောင်ခြင်းတို့ ပါဝင်ပြီး၊ အလွန် မြင့်မားသော စဉ်ဆက်မပြတ် ကြီးထွားနိုင်မှုနှင့် အကန့်အသတ်မဲ့ အလားအလာများကို ပေးစွမ်းသည်။
'ပြာလဲ့လဲ့ သမုဒ္ဒရာ ဓားကျမ်း' သည် ပြိုင်ဘက်ကင်းသော မှော်စွမ်းအင် ပမာဏကို ပိုင်ဆိုင်စေပြီး၊ တူညီသော အဆင့်ရှိ ကျင့်ကြံသူများထက် များစွာ သာလွန်စေသည်။ ထူးခြားသော ဓားထိန်းချုပ်နည်းများနှင့် ပေါင်းစပ်လိုက်ပါက၊ ပြိုင်ဘက်ကင်းသော တိုက်ခိုက်နိုင်စွမ်း ရှိသည်ဟု ဆိုနိုင်သည်။
အချိန်တစ်ခု ပေးလိုက်ပြီး သူ ကြီးပြင်းလာပါက၊ ယွီထျန်းယန် မဟုတ်ရင်တောင်၊ ယန်ယွင်ဖေးကိုတော့ လုံးဝ ထည့်တွက်စရာ မလိုတော့ပေ။
သူ တွေးတောနေစဉ် ဆရာဖြစ်သူက ထပ်မံ မေးလိုက်သည်ကို ကြားလိုက်ရသည်။ "မင်းရဲ့ ကျင့်ကြံမှုက ချီသန့်စင်ခြင်း နဝမအဆင့် ရောက်နေပြီ၊ ပြည့်စုံတဲ့အဆင့် ရောက်ဖို့ သိပ်မလိုတော့ဘူး။ အခြေတည်ဆေးလုံးလည်း ရထားပြီဆိုတော့ အခြေတည်ဖို့အတွက် ဘာအစီအစဉ်တွေ ရှိလဲ။"