← Chapters

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅) - အတွင်းအားဖြင့် ဓားထိန်းချုပ်ခြင်း

ဆရာဖြစ်သူက မေးလာသဖြင့် စုချန် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားပေ။

သူ့ရည်မှန်းချက်မှာ ကောင်းကင်လမ်းစဉ် အခြေတည်ခြင်း ဖြစ်‌သောကြောင့် အခြေတည်ဆေးလုံး အပြင် မိမိ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ကိုက်ညီသော ရှားပါးပြီး တန်ဖိုးရှိသည့် သဘာဝပစ္စည်း အမြောက်အမြား လိုအပ်သည်။ ဤအရာများကို ဈေးကွက်တွင် အလွယ်တကူ ဝယ်ယူ၍ မရနိုင်ပေ။

"မင်းက ရည်မှန်းချက်ကြီးသားပဲကွ။ ကောင်းကင်လမ်းစဉ် အခြေတည်ခြင်း ဆိုတာ ဘယ်သူမဆို ကြိုးစားခွင့် ရှိတာ မဟုတ်ဘူး။"

ထိုစကားကို ကြားသောအခါ အကြီးအကဲကျိုး မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

သူ့တပည့်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေသည်ဟု သူထင်သည်။ ဘာပဲဖြစ်ဖြစ် ကောင်းကင်လမ်းစဉ် အခြေတည်ခြင်း ဆိုတာ အလွန် ခက်ခဲသည်။

ပစ္စည်းများနှင့် အခွင့်အရေးများကို ထားလိုက်ဦး ။ အရေးအကြီးဆုံးမှာ ကြိုးစားခွင့် ရရန်အတွက် အလွန်မြင့်မားသော ပါရမီနှင့် သဘာဝကပေးသော ဆုလာဘ်များ ရှိရမည် ဖြစ်သည်။

မဟုတ်ရင် အရင်းအမြစ်အားလုံး အလဟသ ဖြစ်သွားလိမ့်မယ်။

သူနှင့် ဓားနတ်ဘုရား ဂူချန်ချင်း တောင်မှ ထိုစဉ်က မြေကမ္ဘာလမ်းစဉ် ဖြင့် အခြေတည်ရန်သာ ရွေးချယ်နိုင်ခဲ့ကြသည်။

ကောင်းကင်လမ်းစဉ် အခြေတည်ခြင်းသည် ရှေးအဆိုအရ ပိုမိုကြီးမားသော အလားအလာနှင့် ပိုမြန်သော ကျင့်ကြံမှုနှုန်းကို ပေးစွမ်းသော်လည်း ကောင်းကင်လမ်းစဉ် အခြေတည်ခြင်း မရှိဘဲနှင့် စွမ်းအားရှင် မဖြစ်လာနိုင်ဟု မဆိုလိုပေ။

ထို့အပြင် စုချန်က တစ်စုံတစ်ယောက်နှင့် သေရေးရှင်ရေး ကတိကဝတ် ပြုလုပ်ထားသဖြင့် အချိန်နှင့် စွမ်းအင် ဖြုန်းတီးနေ၍ မဖြစ်ပေ။

ဆရာဖြစ်သူက စေတနာနှင့် ပြောမှန်း စုချန် သိသဖြင့် မိမိတွင် ဓားအမြုတေရှင် ခန္ဓာကိုယ် ပိုင်ဆိုင်ထားကြောင်း အစီရင်ခံလိုက်သည်။

ယခု သူတို့နှစ်ဦးသည် တရားဝင် ဆရာတပည့် ဖြစ်သွားကြပြီ ဖြစ်ပြီး အကြီးအကဲကျိုးက သူ့ ပညာများကို လျှို့ဝှက်မထားဘဲ သင်ကြားပေးခဲ့ပြီ ဖြစ်ရာ စုချန်လည်း တမင်သက်သက် ဖုံးကွယ်ထားတော့မည် မဟုတ်ပေ။

"ဓားအမြုတေရှင် ခန္ဓာကိုယ်။ မင်း ဓားအရှိန်အဝါကို အသုံးချနိုင်တာ မဆန်းပါဘူး။ တော်လိုက်တဲ့ ကောင်လေး၊ ဒါက သောင်းဂဏန်းမှာ တစ်ယောက်မှ ပါမလာနိုင်တဲ့ မွေးရာပါ ဓားသိုင်းပါရမီပဲ။ ဟားဟား ငါတော့ ရွှေထုပ်ကောက်ရပြီ ထင်တယ်။"

ထိုစကားကို ကြားပြီးနောက် အကြီးအကဲကျိုး အံ့သြဝမ်းသာ ဖြစ်သွားသည်။

စုချန်၏ ပါရမီသည် သူထင်ထားသည်ထက် ပိုကောင်းနေသည်။

ဓားအမြုတေရှင် ခန္ဓာကိုယ် ကဲ့သို့သော ထိပ်တန်း ပါရမီမျိုး ပိုင်ဆိုင်ထားမှတော့ ကောင်းကင်လမ်းစဉ် အခြေတည်ခြင်းကို ကြိုးစားရမှာ သဘာဝကျပါတယ်။ မဟုတ်ရင် ပါရမီကို ဖြုန်းတီးရာ ကျလိမ့်မယ်။

"ကောင်းပြီ ၊ ကောင်းကင်လမ်းစဉ် အခြေတည်ဖို့ ကျင့်ကြတာပေါ့။"

နှစ်ပေါင်းရာချီ ကျင့်ကြံခဲ့သော အတွေ့အကြုံများဖြင့် အကြီးအကဲကျိုးသည် စုချန်၏ ဓားအမြုတေရှင် ခန္ဓာကိုယ်နှင့် အသင့်တော်ဆုံး ဖြစ်မည့် အခြေတည်မည့် အစီအစဉ် တစ်ခုကို လျင်မြန်စွာ ရေးဆွဲလိုက်သည်။

ပြောစရာ မလိုတော့ပေ။ စုချန်တွင် အခြေတည်ဆေးလုံး ရရှိပြီးသား ဖြစ်သည်။ နောက်တစ်ဆင့်မှာ သူ့ကိုယ်ပိုင် ပါရမီများနှင့် ကိုက်ညီသော ရှားပါးပြီး တန်ဖိုးရှိသည့် ပစ္စည်းများကို စုဆောင်းရန် ဖြစ်သည်။ မည်သည့် ပစ္စည်းများကို အသုံးပြုမည်ဆိုသည်က နောက်ဆုံး ရရှိမည့် အမြုတေ၏ အရည်အသွေးနှင့် စွမ်းရည်ကို တိုက်ရိုက် သက်ရောက်မှု ရှိသည်။

"မြေကမ္ဘာလမ်းစဉ် အခြေတည်ခြင်းက ရှားပါးပစ္စည်း တစ်မျိုးတည်း လိုအပ်ပေမယ့် ကောင်းကင်လမ်းစဉ် အခြေတည်ခြင်းက အနည်းဆုံး သုံးမျိုး လိုအပ်တယ်။ ဓားသင်္ချိုင်းရဲ့ ချော်ရည်ပူ ..အနက်ရှိုင်းဆုံး နေရာမှာ မြေကမ္ဘာမီးတောက်နဲ့ ဖွဲ့စည်းထားတဲ့ သံရည်ပူ တစ်မျိုး ရှိတယ်။ အဲဒါက ဓားကျင့်ကြံသူတွေ အခြေတည်ဖို့အတွက် အရမ်း သင့်တော်တယ်။ အရင်တုန်းက ငါ့မြေကမ္ဘာ အမြုတေကို သွန်းလုပ်တုန်းက ဒါကို သုံးခဲ့တာ။ ဒီပစ္စည်းကို စုဆောင်းရတာ အလွန် ခက်ခဲပေမယ့် မင်းအတွက် ငါတစ်ခေါက်လောက် ထပ်သွားပေးနိုင်ပါတယ်..."

အကြီးအကဲကျိုး စကားပြောရင်း ထပ်ဖြည့်လိုက်သည်။ "ဒါ့အပြင် ရှုတောင် နတ်ရေကန် ထဲမှာ ကောင်းကင်သလင်းကျောက်သဲ တစ်မျိုး ရှိတယ် အဲြဒါကိုလည်း အခြေတည်ပစ္စည်း အဖြစ် သုံးလို့ ရတယ်။ ငါ့ဂိုဏ်းဂုဏ်ပြုမှတ်တွေနဲ့ နည်းနည်းလောက် လဲလှယ်ပေးလို့ ရတယ်။"

"ဒါပေမဲ့ ဒါတွေ အကုန်လုံးက ဖြည့်စွက်ပစ္စည်းတွေပဲ။ မင်းမှာ အဓိက ပစ္စည်းတစ်ခု လိုသေးတယ် ။ အဲဒါက မင်း အမြုတေ၏ ဗဟိုချက်မ ဖြစ်လာလိမ့်မယ်"

အကြီးအကဲကျိုး၏ စီစဉ်ပေးမှုများက သူ့ကိုယ်ပိုင် ကျင့်ကြံမှုထက် တပည့်ဖြစ်သူအတွက် ပိုမို ဂရုစိုက်ကြောင်း ပြသနေသည်။

စုချန် အလွန် စိတ်လှုပ်ရှားသွားသည်။

အကြီးအကဲကျိုးက သူ့ကို ပျိုးထောင်ပေးဖို့ တကယ် နှစ်မြှုပ်ထားတာ။ ဒီကျေးဇူးတရားကို ဘယ်တော့မှ မမေ့ပါဘူး။

"ဒီကိစ္စတွေကို လောလို့ မရဘူး။ ဒီပြိုင်ပွဲမှာ ပထမရလိုက်လို့ မင်း အကျိုးကျေးဇူးတွေ အများကြီး ရလိုက်တယ်။ အဲဒါတွေကို သေချာ အသုံးချပြီး အမြန်ဆုံး ချီသန့်စင်ခြင်း အထွတ်အထိပ် ရောက်အောင် ကြိုးစား။ အခြေတည်ပစ္စည်း ကိစ္စကိုတော့ ငါ မင်းအတွက် ကြိုတင် ပြင်ဆင်ထားပေးမယ်။"

ပြောပြီးသည်နှင့် အကြီးအကဲကျိုးက လက်ကာပြကာ စုချန်ကို ထွက်သွားခိုင်းလိုက်ပြီး ကိုယ်တိုင် လေထဲသို့ ပျံတက်ကာ ရှုတောင် နတ်ရေကန် သို့ ထွက်ခွာသွားသည်။

စုချန် အခန်းသို့ ပြန်လာပြီး စိတ်ကို ရှင်းလင်းအောင် ထားကာ ကျောက်စိမ်းနှင်းစက် ဆေးလုံး တစ်လုံး သောက်သုံးပြီး ယခင်တိုက်ပွဲတွင် ကုန်ဆုံးသွားသော မှော်စွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန် စွမ်းအင်လှည့်ပတ်လိုက်သည်။

ထို့နောက် သူ ပြာလဲ့လဲ့ သမုဒ္ဒရာ ဓားကျမ်း ကို စတင် ကျင့်ကြံလေသည်။

ဒီနည်းစနစ်က အလွန် အားကောင်းပြီး ကျွမ်းကျင်အောင် လုပ်ဖို့ တကယ် ခက်ခဲပါတယ်။

ဓားပျံ အမျိုးမျိုး၏ ဓားစွမ်းအင်များကို စုပ်ယူပြီး သန့်စင်ရန် လိုအပ်သည်။

သို့သော် စုချန်အတွက်မူ ဒါက အလွယ်ကူဆုံး ကိစ္စပင်။

သူ ယခင်က သန့်စင်ထားသော ဓားအရှိန်အဝါများသည် တကယ်တမ်းတွင် ဓားစွမ်းအင် အဖြစ် ပြောင်းလဲပြီး ဖြစ်သော်လည်း သေချာ ပေါင်းစည်းထားခြင်း မရှိသဖြင့် ရောထွေးနေသကဲ့သို့ ဖြစ်နေသည်။

သို့သော် ပြာလဲ့လဲ့ သမုဒ္ဒရာ ဓားကျမ်း ၏ လမ်းညွှန်မှုအောက်တွင် ဤစွမ်းအားများသည် ပိုမို သန့်စင်ပြီး စနစ်တကျ ဖြစ်လာသည်။

ပြာလဲ့လဲ့ သမုဒ္ဒရာ ဓားကျမ်း သည် အဆင့်အလွန်မြင့်မားသဖြင့် စတင် ကျင့်ကြံပြီးနောက် ၎င်းသည် လွှမ်းမိုးသော နည်းစနစ် ဖြစ်လာသည်။ သူ မူလက ကျင့်ကြံခဲ့သော မိုးမီးလောင်စေနိုင်သော ဓားစွမ်းအင် သည် ဘေးဖယ်ထားရပြီး ဒုတိယ ကျင့်ကြံခြင်း နည်းလမ်း ဖြစ်လာသည်။

ဤနည်းဖြင့် စုချန်၏ ကိုယ်ပိုင် ကျင့်ကြံခြင်း နည်းစနစ်များသည် ရှင်းလင်းသော စနစ်တစ်ခုအဖြစ် တဖြည်းဖြည်း ပုံပေါ်လာသည်။

ပြာလဲ့လဲ့ သမုဒ္ဒရာ ဓားကျမ်း နှင့် ဓားမွေးမြူခြင်း နည်းစနစ် သည် ယှဉ်တွဲလျက် ရှိပြီး လက်ရှိတွင် သူ့အတွက် အဓိက အကျဆုံး ကျင့်ကြံခြင်း နည်းလမ်းများ ဖြစ်လာသည်။

တစ်ခုက ဓားခန္ဓာကိုယ်နှင့် ဓားအမြုတေကို ပျိုးထောင်ပေးပြီး အဆက်မပြတ် ကြီးထွားစေသည်။ နောက်တစ်ခုက ဓားစွမ်းအင်များကို စုဆောင်းပြီး တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ပေးသည်။

၎င်းတို့သည် တစ်ခုနှင့်တစ်ခု ပြီးပြည့်စုံစွာ ဖြည့်စွက်ပေးပြီး မည်သည့် အားနည်းချက်မျှ မရှိပေ။

မိုးမီးလောင်စေနိုင်သော ဓားစွမ်းအင်၊ မိုးမခရွက် ဓားစွမ်းအင်၊ နှင့် သေနာပတိ စစ်သည်တော်ဖြိုခွင်းခြင်း ကဲ့သို့သော နည်းစနစ်များနှင့် ဓားသိုင်းကွက်များမှာမူ အထောက်အကူပြု နည်းလမ်းများ ဖြစ်လာကြသည်။

သုံးရက် ကြာပြီးနောက်။

စုချန်သည် သူ့ခန္ဓာကိုယ်ထဲရှိ ဓားစွမ်းအင်များကို လုံးဝ လှည့်ပတ်စီးဆင်းနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီ။

ခန္ဓာကိုယ်ထဲရှိ ဓားစွမ်းအင်များသည် သန့်စင်နေပြီး ယန်ဇီမြစ်ကြီးကဲ့သို့ စီးဆင်းကာ တန်ထျန်းသွေးကြောထဲတွင် စုဝေးနေသည်။ လှိုင်းထန်ပြီး ပြည့်ဝနေကာ ထူးခြားသော အရှိန်အဝါကို ပြသနေပြီ ဖြစ်သည်။

ယခုအချိန်တွင် သူသည် ချီသန့်စင်ခြင်း အထွတ်အထိပ် သို့ ရောက်လုနီးပါး ဖြစ်နေပြီ။

အားကောင်းသော ဓားစွမ်းအင် လှိုင်းလုံးကြီး ပေါက်ကွဲထွက်ပေါ်လာသည်။ စုချန် မျက်လုံးဖွင့်လိုက်ပြီး သူ့စစ်မှန်သော အတွင်းအား ကို အသုံးပြု၍ ဓားကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ မှော် ဓားစွမ်းအင် အမျှင်တန်းလေး တစ်ခု သူ့လက်ချောင်းထိပ်များမှ ကြိုးမျှင်ကဲ့သို့ ထွက်ပေါ်လာပြီး တောင်တန်းလောင်ကျွမ်း ဓား၏ ဓားရိုးကို ရစ်ပတ်လိုက်သည်။

"ထလော့"

သူ လက်ချောင်းများကို ဓားကဲ့သို့ ပြုလုပ်ပြီး အသာအယာ မြှောက်လိုက်သည်။

တောင်တန်းလောင်ကျွမ်း ဓား တုန်ခါသွားပြီး ယိုင်နဲ့နဲ့ ပျံတက်လာသည်။

စုချန် ပထမဆုံးအကြိမ် ဓားထိန်းချုပ်ခြင်း ဖြစ်သဖြင့် မကျွမ်းကျင်သေးရာ ရလဒ် သိပ်မကောင်းလှပေ။ ဓားပျံသည် အချိန်မရွေး ပြုတ်ကျတော့မည့်အလား ယိမ်းယိုင်နေပြီး အမြန်နှုန်းလည်း အလွန် နှေးကွေးသည်။

သို့သော် အကြိမ်အနည်းငယ် လေ့ကျင့်ပြီးနောက် လှည့်ကွက်ကို သူ သဘောပေါက်သွားသည်။

ရွှမ်း—

ဓားစွမ်းအင်၏ လမ်းညွှန်မှုဖြင့် တောင်တန်းလောင်ကျွမ်း ဓားသည် မီးတောက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ကို ထိုးဖောက်ကာ မလှမ်းမကမ်းရှိ တောင်နံရံကို ဖောက်ဝင်သွားသည်။

စုချန် လက်ချောင်းဖြင့် လှမ်းခေါ်လိုက်ရာ ဓားပျံသည် ကျောက်နံရံမှ အလိုအလျောက် ပြုတ်ထွက်လာပြီး လေထဲတွင် ကွေ့ဝိုက်ကာ ပြန်လည် ပျံသန်းလာသည်။

တဖြည်းဖြည်းနှင့် ကိုယ့်လက်မောင်းကို ကိုယ်ထိန်းချုပ်ရသကဲ့သို့ ခံစားလာရသည်။

"ဟားဟား၊ ဒါ ဓားထိန်းချုပ်တာ ပေါ့။ အံ့သြစရာပဲ။ အတွင်းအားနဲ့ ဓားကို ထိန်းချုပ်တာက လက်မောင်းကို ဆန့်ထုတ်လိုက်သလိုပဲ။ အဝေးက ရန်သူတွေကို သတ်ဖို့ ဓားပျံကို ထိန်းချုပ်နိုင်တယ်။ စွမ်းအား အများကြီး တိုးလာရုံသာမက ပိုပြီး အံ့သြစရာကောင်းတဲ့ ဓားသိုင်းကွက်တွေကိုလည်း ထုတ်သုံးနိုင်တယ်။"

စုချန် စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့။ သူ မြေကြီးကို ခြေဖျားဖြင့် အသာထိလိုက်ပြီး ခုန်တက်လိုက်ကာ ဓားပျံပေါ်သို့ ဆင်းသက်လိုက်သည်။

ထို့နောက် ယိုင်နဲ့နဲ့ ပျံတက်သွားသည်။

အေးစက်သော တောင်ပေါ်လေပြေက မျက်နှာကို ရိုက်ခတ်နေပြီး အောက်ဘက်ရှိ တောင်ထွတ်များနှင့် သစ်‌တောအုပ်များကို မြင်တွေ့နေရသည်။ ဒါက သူ့ပထမဆုံးအကြိမ် ဓားပျံစီးခြင်း ဖြစ်သည်။

ဒီခံစားချက်က အံ့သြစရာ ကောင်းလိုက်တာ။

မှော်ပညာသုံးပြီး တစ်ခဏတာ လေဟုန်စီးခြင်းနှင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် သာလွန်ကောင်းမွန်သည်။

ကံမကောင်းစွာဖြင့် ဓားပျံစီးခြင်းသည် စွမ်းအင်အမြောက်အမြား ကုန်ဆုံးစေသည်။

ခဏအကြာတွင် စုချန် အောက်သို့ အလျင်အမြန် ပျံဆင်းလိုက်သည်။

ဓားထိန်းချုပ်နိုင်စွမ်း ဆိုသည်မှာ မူလက အခြေတည်အဆင့် ကျင့်ကြံသူများသာ လုပ်ဆောင်နိုင်သော အရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဓားကို ထိန်းချုပ်ရန် နတ်ဘုရား အာရုံ ၏ အထောက်အပံ့ လိုအပ်သောကြောင့် ဖြစ်သည်။

သို့သော် သူသည် ယခု အတွင်းအားကို အသုံးပြုပြီး ဓားကို ထိန်းချုပ်ကာ ဤအဆင့်ကို ကြိုတင် ရောက်ရှိထားပြီ ဖြစ်သည်။

ဒါက မည်သည့် ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူကိုမဆို အပြတ်အသတ် ချေမှုန်းနိုင်သော စွမ်းရည် ဖြစ်သည်။ သို့သော် နတ်ဘုရား အာရုံ အထောက်အပံ့ မရှိသဖြင့် အများဆုံး ဓားပျံ တစ်လက်ကိုသာ ထိန်းချုပ်နိုင်ပြီး စွမ်းအင် အများကြီး ကုန်ဆုံးစေသည်။

ဆရာဖြစ်သူကဲ့သို့ လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံဖြင့် ဓားပျံ ထောင်ပေါင်းများစွာကို ထိန်းချုပ်နိုင်ဖို့ ဆိုတာ ဝေးပါသေးတယ်။

"ခွင့်ပြုပါရှင်။ ဂိုဏ်းတူမောင်လေး စုချန် ၊ ရှိပါသလား။"

ထိုအချိန်တွင် တံခါးအပြင်ဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

“ ဘယ်သူက ငါ့ကို လာရှာတာလဲ။”

စုချန် အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။ သူ မော့ကြည့်လိုက်ရာ တစ်ကိုယ်လုံး တောက်ပသော အလင်းရောင်များ ဖြာထွက်နေသည့် အမျိုးသမီး ကျင့်ကြံသူ တစ်ဦး သူမ၏ ဓားပျံပေါ်မှ ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။

သူမသည် အသက် ၂၅ ၊ ၂၆ နှစ်ခန့် ရှိမည်။ သူမ ဝတ်ဆင်ထားသော အဝတ်အစားများနှင့် လက်ဝတ်ရတနာ အားလုံးသည် ဝိညာဉ်အလင်းရောင် ဖျော့ဖျော့လေးများ ထုတ်လွှတ်နေသည်။ ၎င်းတို့သည် မှော်ပစ္စည်းများ သို့မဟုတ် မှော်ရတနာများ ဖြစ်ကြမည်။ ထိုသို့သော သူမသည် ခြေထောက်ပေါက်နေသော မှော်ရတနာသိုက်ကြီး တစ်ခုနှင့် တူနေသည်။

အခန်း (၄၆) - ချီလင် ကျောက်စိမ်းဆွဲပြား

"ခင်ဗျားက ဘယ်သူပါလဲ။"

စုချန် သူ့ဆီ လျှောက်လာနေသော အမျိုးသမီးကို ကြည့်ပြီး နားမလည်စွာ မေးလိုက်သည်။

သူ ဒီအမျိုးသမီးကို မသိပေ။ သူမ၏ အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့် အရေးပါသော လူတစ်ဦး ဖြစ်လောက်သည်။ သူမတွင် ရတနာများနှင့် မှော်ပစ္စည်း အမြောက်အမြား ရှိနေသဖြင့် ဓားသင်္ချိုင်းသို့ ဓားလာရွေးစရာပင် မလိုလောက်ပေ။

"မောင်လေးက ဂိုဏ်းတူ‌မောင်လေး စုချန် ဖြစ်မယ်နော်။"

ထိုအမျိုးသမီးက ကျက်သရေရှိစွာ မြေပြင်သို့ ဆင်းသက်လိုက်ပြီး စုချန်ကို တစ်ချက်ကြည့်လာကာ မည်သည့် ခံစားချက်မျှ မပြပေ။

သို့သော် ဓားသင်္ချိုင်းထဲ ဝင်ရောက်လာသောအခါ ပတ်ဝန်းကျင်ရှိ ပြင်းထန်သော မိစ္ဆာ အရှိန်အဝါများကို အာရုံခံမိပြီး သူမ၏ မျက်လုံးများထဲတွင် မနှစ်သက်သည့် အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ သူမ ဝတ်ဆင်ထားသော ဝတ်စုံမှ ထွက်ပေါ်နေသော အလင်းရောင်က သူမကို ပတ်ဝန်းကျင် အမှောင်ထုမှ မသိမသာ ကာကွယ်ပေးထားသည်။

"အစ်မနာမည်က လင်းဝမ်အာ ပါ ။ အတွင်းစည်းဂိုဏ်းသား တစ်ယောက်ပါ ။"

"ဪ ၊ ဂိုဏ်းတူအစ်မ လင်း ပါလား။ ဘာကိစ္စ ရှိလို့ပါလဲ ။"

"ဂိုဏ်းတူမောင်လေးက ဒီ အပြင်ဂိုဏ်း စာမေးပွဲကြီးမှာ ချန်ပီယံဆု ရလိုက်ပြီး ရတနာပြခန်း ထဲ ဝင်ရောက်ကာ မှော်ပစ္စည်း ရွေးချယ်ခွင့် ရထားတယ်လို့ ကြားတယ်။ အဲဒီအခွင့်အရေးကို မသုံးရသေးဘူး မဟုတ်လား"

လင်းဝမ်အာ ဓားသင်္ချိုင်း ပတ်ဝန်းကျင်ကို မနှစ်သက်ပုံရသဖြင့် စကားအများကြီး မပြောလိုဘဲ လာရင်းကိစ္စကို တိုက်ရိုက် ပြောလိုက်လေ၏။

"အစ်မ ရတနာပြခန်းထဲက မှော်ပစ္စည်း တစ်ခုကို မျက်စိကျနေတာ ရှိတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ အစ်မရဲ့ဝင်ခွင့် အခွင့်အရေးကို သုံးပြီးသွားပြီ။ ဒါကြောင့် အစ်မ မင်းနဲ့ အပေးအယူ တစ်ခု လုပ်ချင်တယ်။ မင်း ရတနာပြခန်းထဲ ဝင်ပြီး အဲဒီ မှော်ပစ္စည်းကို အစ်မအစား ယူပေးပါ ။ အပြန်အလှန် အနေနဲ့ အစ်မ မင်းကို ပိုက်ဆံပေးမယ်။"

“ငါ့ကို ရတနာပြခန်းထဲ ဝင်ပြီး သူ့အစား ရတနာ ရှာခိုင်းနေတာလား။”

နားထောင်ပြီးနောက် စုချန် ခေါင်းခါလိုက်သည်။

ဒီလူက အတွင်းစည်းဂိုဏ်းသားလေ။ သူ တန်ဖိုးထားတဲ့ မှော်ပစ္စည်း ဆိုရင် သေချာပေါက် ထူးခြားမှာပဲ။ ဘာလို့ ကိုယ်တိုင် မယူဘဲ တခြားလူကို ခိုင်းရတာလဲ။

ဒါ့အပြင် ငါ့မှာ မှော်ပစ္စည်း ရွေးချယ်ခွင့် တစ်ကြိမ်တည်း ရှိတာ။

ဒီအခွင့်အရေး လက်လွတ်သွားရင် ငါ့အင်အား အများကြီး လျော့နည်းသွားလိမ့်မယ်။ ဒါ ပိုက်ဆံနဲ့ လဲလို့မရတဲ့ အရာပဲ” ဟု တွေးကာ

"တောင်းပန်ပါတယ်၊ ဂိုဏ်းတူအစ်မ လင်း ။ ကျွန်တော့်မှာလည်း လိုချင်တဲ့ ရတနာ ရှိနေလို့ပါ။"

စုချန် ငြင်းပယ်လိုက်သည်ကို ကြားသောအခါ လင်းဝမ်အာ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားပြီး မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။

ဂုဏ်သရေရှိ အတွင်းစည်းဂိုဏ်းသား တစ်ဦးအနေဖြင့် သူမ အဆင့်အတန်းက ဘယ်လောက် မြင့်မားသလဲ။ သူမ အနေဖြင့် ဂုဏ်သိက္ခာကို နှိမ့်ချပြီး ဒီနေရာအထိ လာဆွေးနွေးတာကိုက တကယ် ဂုဏ်ယူစရာပဲ။

ဒီ စုချန်က တော်တော် အထူအပါးနားမလည်တာပဲ။

"ဂိုဏ်းတူမောင်လေး၊ သေချာ စဉ်းစားသင့်တယ်နော်။ ဘာပဲဖြစ်ဖြစ် မင်းက အပြင်ဂိုဏ်းသား တစ်ယောက်ပဲလေ။ ကံကောင်းလို့ ရတနာရွေးခွင့် ရခဲ့ရင်တောင် မင်း အဲဒါကို ထိန်းသိမ်းထားနိုင်ပါ့မလားဆိုတာ မသေချာရင် ငါ့ကို ကူညီပေးလိုက်တာ ပိုမကောင်းဘူးလား။ ဒါဆို နောက်ပိုင်း တစ်ခုခုအရေးကြုံလာခဲ့ရင် ငါ မင်းကို နည်းနည်းပါးပါး ကြည့်ရှု‌စောင်မပေးလို့ ရတယ်။ ယန်ယွင်ဖေး နဲ့ မင်းရဲ့ စိန်ခေါ်ပွဲ ကိစ္စကိုလည်း ကြားဝင် ညှိနှိုင်းပေးလို့ ရတယ်...။"

သူမ စကားထဲတွင် ခြိမ်းခြောက်မှု အရိပ်အယောင်များ ပါဝင်နေပြီ။

ဒါက စုချန် သူမအပေါ် ထားရှိသော အမြင်ကို ချက်ချင်း ကျဆင်းသွားစေသည်။

"ကျွန်တော်နဲ့ ယန်ယွင်ဖေး သေရေးရှင်ရေး စိန်ခေါ်ပွဲ ရှိမှန်း သိရင် အခုအချိန်မှာ အင်အားတိုးတက်ဖို့က ကျွန်တော့်အတွက် ဘယ်လောက် အရေးကြီးလဲ ဆိုတာ အစ်မ နားလည်သင့်တယ်။ ဒါက သေရေးရှင်ရေး ကိစ္စလေ။ သူနဲ့ ရန်ငြိုးကို ကျွန်တော် ကိုယ်တိုင် ရှင်းပါ့မယ်။ အစ်မ စိတ်ပူစရာ မလိုပါဘူး။ တခြားကိစ္စ မရှိရင် ပြန်ပါတော့ ။’

"မင်း..."

စုချန် ဒီလောက် ပြတ်သားလိမ့်မည်ဟု လင်းဝမ်အာ ထင်မထားခဲ့ပေ။

သူမ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ဖြတ်သန်းသွားသော်လည်း ဓားသင်္ချိုင်းထဲတွင် ဖြစ်၍ မဆင်မခြင် မလုပ်ရဲပေ။ သူမ အေးစက်စွာ နှာမှုတ်လိုက်ပြီး လှည့်ထွက်ကာ ဓားပျံစီး၍ ထွက်ခွာသွားသည်။

"ရတနာပြခန်းထဲ ဝင်ပြီး ရတနာရွေးခွင့် ရတာလေးကိုတောင် ပစ်မှတ်ထားခံရလိမ့်မယ်လို့ မထင်ထားဘူး။ ငါ ရတနာပြခန်းကို အမြန်ဆုံး သွားပြီး လိုအပ်တဲ့ မှော်ပစ္စည်းကို ရွေးထားလိုက်တာ ပိုကောင်းမယ် ။ဒါမှ တခြားသူတွေ ထပ်လာရှုပ်တာကို ရှောင်နိုင်မှာ။"

ထိုအတွေးဖြင့် စုချန် အမြန် ပြင်ဆင်ပြီး ထွက်ခွာလာခဲ့သည်။

မူလက အပြင်ဂိုဏ်း စာမေးပွဲကြီး ပြီးပြီးချင်း မှော်ပစ္စည်း ရွေးချယ်ရန် စီစဉ်ထားသော်လည်း ဓားသင်္ချိုင်း ကိစ္စကြောင့် ကြန့်ကြာနေခဲ့ရသည်။

ရတနာပြခန်း သည် ရှုတောင် နတ်ရေကန် လျှို့ဝှက်နယ်မြေ ၏ အောက်ဘက်တွင် တည်ရှိပြီး တန်ဖိုးရှိသော ကျင့်ကြံခြင်း ကျမ်းစာအုပ်များ ထားရှိရာ ကျမ်းစာအုပ်ပြခန်း နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။

ဤနေရာ အားလုံးကို လျှို့ဝှက်ဘဏ္ဍာတိုက်၏ အစိတ်အပိုင်းများအဖြစ် သတ်မှတ်ကြသည်။

ပြခန်းထဲတွင် ဓားပျံများ အပြင် အမျိုးမျိုးသော မှော်ရတနာများနှင့် မှော်ပစ္စည်းများ ပါဝင်သည်။

ဤနေရာသို့ ဝင်ရောက်ပြီး မှော်ရတနာ ရွေးချယ်ခွင့် ရရှိသူများမှာ အများအားဖြင့် လုံလောက်သော ဂုဏ်ပြုမှတ်များ ရှိသည့် အတွင်းစည်းဂိုဏ်းသားများသာ ဖြစ်ကြပြီး အပြင်ဂိုဏ်းသားများ အနေဖြင့် ခြေချခွင့်ပင် ရခဲလှသည်။

စုချန်ကဲ့သို့ အပြင်ဂိုဏ်း စာမေးပွဲကြီးတွင် ပထမရခဲ့သူများသည်သာ တစ်ခုတည်းသော ခြွင်းချက် ဖြစ်သည်။

စုချန် ရတနာပြခန်း ရှေ့သို့ ရောက်ရှိသွားပြီး အဝေးတွင် လင်းဝမ်အာ ကို တွေ့လိုက်ရသည်။ သူမကို အတွင်းစည်းဂိုဏ်းသား အများအပြား ဝိုင်းရံထားကြပြီး တစ်ယောက်ချင်းစီက ရတနာပြခန်း ဝင်ခွင့် တိုကင်ပြား ကို ကိုင်ထားကြသည်။

ဒီအတွင်းစည်းဂိုဏ်းသားတွေက ရတနာရွေးခွင့် ရဖို့အတွက် သူတို့ရဲ့ ဂုဏ်ပြုမှတ်တွေကို သုံးပြီး လဲလှယ်ထားတာ ဖြစ်ရမယ်။

လင်းဝမ်အာ က ပိုက်ဆံအများကြီး သုံးပြီး သူတို့ကို စုစည်းထားတာဆိုရင် ဖြစ်နိုင်တာက သူမ လိုချင်တဲ့ ရတနာကို ရှာခိုင်းဖို့ ဖြစ်လောက်သည်ပင်။

စုချန်က သူမ စည်းရုံးဖို့ ကြိုးစားခဲ့တဲ့ လူတွေထဲက တစ်ယောက်သာ ဖြစ်ပြီး သူမ ညှိနှိုင်းခဲ့တဲ့ တစ်ယောက်တည်းသောသူ မဟုတ်ပါချေ။

"လူတစ်ယောက်မှာ ရတနာပြခန်းထဲ ဝင်ပြီး မှော်ပစ္စည်း ရွေးခွင့် တစ်ကြိမ်ပဲ ရှိတာ။ အတွင်းစည်းဂိုဏ်းသားတွေတောင် ကြီးမားတဲ့ ပေးဆပ်မှုတွေ ပြုလုပ်ပြီး နှစ်နဲ့ချီ စုဆောင်းထားတဲ့ ဂုဏ်ပြုမှတ်တွေကို သုံးရတာ။ ဒီ လင်းဝမ်အာ က လူအများကြီး ရှာပြီး ရတနာ ရှာခိုင်းနေတယ် ဆိုတော့ သူမ ရှာနေတာ ဘယ်လို အံ့သြစရာကောင်းတဲ့ မှော်ပစ္စည်းမို့လို့လဲ။"

စုချန် စိတ်ဝင်စားမသွားဘဲ မနေနိုင်တော့ပေ။

လင်းဝမ်အာ တွင် မှော်ရတနာနှင့် မှော်ပစ္စည်း အမြောက်အမြား ပိုင်ဆိုင်ထားသဖြင့် သူမသည် သေချာပေါက် ချမ်းသာသော အမျိုးသမီး ဖြစ်သည်။ သူမ ဒီလောက် တန်ဖိုးထားတဲ့ မှော်ရတနာ ဆိုရင် ထူးခြားချက် တစ်ခုခု ရှိမှာ သေချာတယ်။

သို့သော် စုချန် သူတို့ကြား ဝင်ပါဖို့ စိတ်ကူးမရှိပေ။

ဒီလို ရတနာမျိုးက ရဖို့ မလွယ်သလို ရခဲ့ရင်လည်း မလိုလားအပ်တဲ့ ပြဿနာကို လက်ယပ်ခေါ်နေသလို ဖြစ်နေမှာစိုးလို့ မရှိမကောင်း၊ရှိမကောင်းဆိုတာမျိုးပဲ။

ထို့ကြောင့် သူ ထိုလူများကို ရှောင်ကွင်းပြီး အခြား ဝင်ပေါက်သို့ တန်းသွားကာ ဂိုဏ်းသား ခါးချိတ်တံဆိပ်ပြား ပေးအပ်ပြီး အထောက်အထား စစ်ဆေးကာ ရတနာပြခန်းထဲသို့ ဝင်ရောက်သွားသည်။

ရတနာပြခန်းသည် သာမာန် ပြခန်းတစ်ခု မဟုတ်ပေ။

အတွင်းပိုင်းတွင် အလွှာလိုက် အစီအရင်များဖြင့် တင်းကြပ်စွာ ကာကွယ်ထားပြီး သီးခြား လွတ်လပ်သော ရတနာသိုလှောင်ရေး ဟင်းလင်းပြင် တစ်ခု ဖြစ်ပေါ်စေသည်။

စုချန်၏ ပုံရိပ် အဆောက်အဦးထဲသို့ ပျံဆင်းသွားသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အဆုံးမရှိသော ဗလာဟင်းလင်းပြင်ကိုသာ တွေ့ရပြီး ညအခါ ကောင်းကင်ယံမှ ကြယ်များကဲ့သို့ တောက်ပနေသော အလင်းစက်လေးများ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေသည်။

ဤအလင်းစက်များသည် အရွယ်အစား အမျိုးမျိုး ရှိကြပြီး အနီးကပ် ကြည့်လိုက်သောအခါ ပုံသဏ္ဍာန် အမျိုးမျိုးနှင့် အရွယ်အစား အမျိုးမျိုးရှိသော မှော်ပစ္စည်းများ ဖြစ်နေကြသည်။

ဖိနပ်ပျံများ၊ စာထွင်းထားသော သံပေတံများ၊ ဆူးချွန် လိပ်ခွံများ၊ မီးလောင်ဆဲ ပိုးဖဲကြိုးများ...စသည် စသည်

အမျိုးအစား စုံလင်ပြီး စွမ်းရည်များမှာလည်း များပြားထူးချွန်လှသည်။

အချို့မှာ သတ်ဖြတ်ရန်နှင့် တိုက်ခိုက်ရန် ဒီဇိုင်းထုတ်ထားပြီး အချို့မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်နှင့် အသက်ရှင်သန်ရန် ဖြစ်သည်။ ထူးခြားသော အသုံးပြုပုံများ ပါရှိသည့် တမူထူးခြားသော မှော်ရတနာများလည်း ရှိ၏။

ဘုန်း…

ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာပြီး ဧရာမ ရွှေရောင် လူသားကြီး တစ်ဦး ကြယ်မြစ်ပြင်ကို ဖြတ်သန်း လမ်းလျှောက်လာပြီး တောင်တစ်လုံးကို ဝင်တိုက်လိုက်သည်ကို စုချန် တွေ့လိုက်ရသည်။

တစ်ခဏအတွင်း ရွှေရောင် လူသားကြီးမှာ လျင်မြန်စွာ ကျုံ့ဝင်သွားပြီး ရွှေရောင် ဂါထာစက္ကူ တစ်ရွက်အဖြစ် ပြောင်းလဲကာ အဝေးသို့ ပျံသန်းသွားသည်။ တောင်ကြီးလည်း ယိမ်းယိုင်သွားပြီး မြေဝါရောင် တံဆိပ်တုံး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

"အံ့သြစရာပဲ။"

စုချန် အံ့သြသွားသည်။ သူ ဘေးနားရှိ ဝိညာဉ်အလင်းလုံး တစ်ခုကို ပေါ့ပေါ့ပါးပါး လှမ်းဆွဲလိုက်ရာ အထဲတွင် ကြေးလက်စွပ် တစ်ကွင်း ပါရှိပြီး ၎င်း၏ ဖော်ပြချက်နှင့် လုပ်ဆောင်ချက်များလည်း ဘေးနားတွင် ပေါ်လာသည်။

ဒါက စိတ်စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေး နည်းစနစ် ပါဝင်သော လက်စွပ်တစ်ကွင်း ဖြစ်သည်။ မှော်စွမ်းအင် ထည့်သွင်းလိုက်ပါက မိုင်ရာချီဝေးသော နေရာသို့ ချက်ချင်း စိတ်စွမ်းအင်သုံးပြီး သယ်ယူပို့ဆောင်ရန် အသုံးပြုနိုင်ကာ အလွန် လက်တွေ့ကျသည်။

စုချန် အာရုံခံကြည့်ရန် ကြိုးစားလိုက်ရာ မှော်ပစ္စည်းထဲရှိ ဝိညာဉ်စွမ်းအင်ကိုလည်း အသုံးချ နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

သို့သော် ဓားသန့်စင်ခြင်းနှင့် မတူဘဲ လက်နက်ပိုင်ရှင်၏ အတိတ်မှတ်ဉာဏ်များကို ဖော်ပြနိုင်ခြင်း မရှိပေ။ ဒါက ဓားအမြုတေရှင် ခန္ဓာကိုယ်သည် ဓားများအတွက်သာ အသုံးဝင်ပြီး အခြား မှော်ပစ္စည်းများအတွက် အသုံးမဝင်ကြောင်း ပြသနေသည်။

ဝိညာဉ်စွမ်းအင်ကို ဘာကြောင့် အသုံးချ နိုင်သလဲ ဆိုတာကတော့ သူ့ဝိညာဉ် နက်ရှိုင်းရာတွင် အိပ်ပျော်နေသော ဧရာမ သားရဲကြီးကြောင့် ဖြစ်ရမည်။

ဒီဧရာမ သားရဲကြီးက ဘာမဆို ဝါးမြိုနိုင်ပြီး ဝိညာဉ်စွမ်းအင် အားလုံးကို အသုံးချ နိုင်တဲ့ စွမ်းရည် ရှိတယ်လို့ စုချန် မရေမရာ ခံစားသိလိုက်တယ်။ သူ စွမ်းအားများများ အသုံးချလေ ၊ သူ့ကျင့်ကြံမှု အားကောင်းလာလေ၊ ဧရာမ သားရဲကြီးလည်း တဖြည်းဖြည်း နိုးထလာလေ ဖြစ်လိမ့်မယ်။

ဒါပေမဲ့ အဲဒါက ဘယ်လိုသားရဲလဲ ဆိုတာနဲ့ နိုးထလာရင် ကောင်းမလား ဆိုးမလား ဆိုတာ စုချန် မသိရသေးဘူး။

ဘာပဲဖြစ်ဖြစ် သူက အဲဒီစွမ်းအားအကြောင်း သိပ်မသိသေးဘူးဆိုတော့ အခုချိန်မှာ အကုန်လုံးက ထင်ကြေးတွေပဲ။

"ဒါက ရတနာပြခန်း ဖြစ်နေတော့ ဒီမှာ စောင့်ကြည့်တဲ့ အစီအရင် တစ်ခုခု ရှိမှာ သေချာတယ်။ ဘာကိုမှ မဆင်မခြင် မအသုံးချ တာ အကောင်းဆုံးပဲ။ မဟုတ်ရင် ပြဿနာ တက်လိမ့်မယ်။"

စုချန် ခေါင်းခါလိုက်ပြီး ကြေးလက်စွပ်ကို ပြန်ထားလိုက်သည်။

သူသည် ဓားသင်္ချိုင်းစောင့် ဂိုဏ်းသား တစ်ဦး ဖြစ်သည်။ ဓားသင်္ချိုင်းထဲတွင် မရေမတွက်နိုင်သော ဓားပျံများ ရှိသလို အဆင့်မြင့် မှော်ဓားများ၊ ပိုမို အားကောင်းသော ဝိညာဉ်ဓားများလည်း ရှိသည်။ သူ ကြိုက်သလို ပြောင်းလဲအသုံးပြုနိုင်သဖြင့် သတ်ဖြတ်ခြင်းအတွက် မှော်ပစ္စည်းများ မလိုအပ်ပေ။

ထို့ကြောင့် ကာကွယ်ရေးနှင့် အသက်ကယ်တင်ရေးအတွက် ရည်ရွယ်သော မှော်ပစ္စည်း တစ်ခု ရွေးချယ်ခြင်းက အကောင်းဆုံး ဖြစ်သည်။

ဒီလက်စွပ်ထဲမှာ အသက်ကယ်တင်နိုင်တဲ့ မှော်ပညာ ပါဝင်ပေမယ့် အရည်အသွေး သိပ်မမြင့်ဘူး။ အဆင့်နိမ့် မှော်ပစ္စည်း သာ ဖြစ်သည်။ ထို့ကြောင့် မှော်ပညာ ပြန်လည်အသုံးပြုနိုင်မည့် အချိန် က အလွန်ကြာမြင့်ပြီး သုံးရက်မှ တစ်ကြိမ်သာ အသုံးပြုနိုင်သည်။

စုချန် တခြားတစ်ခု ရွေးချယ်ရန် စီစဉ်လိုက်သည်။

ထိုအချိန်တွင် သူတို့ရှေ့မှ ဟင်းလင်းပြင် ရုတ်တရက် တုန်ခါသွားပြီး အနက်ရောင် ဗလာနယ်ပယ် ကွဲအက်သွားကာ လိုက်ကာစ တစ်ခု ဖွင့်လိုက်သကဲ့သို့ ဖြစ်သွားပြီး နှင်းကဲ့သို့ ဖြူဖွေးသော သားရဲငယ်လေး တစ်ကောင် ထွက်ပေါ်လာသည်။

သားရဲလေးသည် တစ်ကိုယ်လုံး အဖြူရောင် ကြေးခွံများနှင့် ဖုံးလွှမ်းထားပြီး ခွေးပေါက်စလေး တစ်ကောင်နှင့် အနည်းငယ် တူသည်။

၎င်း၏ ဝိုင်းစက်နေသော မျက်လုံးများက ပျော်ရွှင်စွာ တောက်ပနေပြီး ထို့နောက် သူ့ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာသည်။

စုချန် လန့်သွားပြီး ရှောင်တိမ်းရန် ကြိုးစားသော်လည်း အချိန်နှောင်းသွားပြီ။ ခွေးဖြူလေးက သူ့အပေါ် ခုန်တက်လိုက်ပြီး ဝိညာဉ်အလင်းရောင် တစ်ချက် လက်ခနဲ ဖြစ်သွားကာ ချက်ချင်းပင် အဖြူရောင် ကျောက်စိမ်းဆွဲပြား ပုံသဏ္ဍာန်သို့ ပြောင်းလဲသွားသည်။

"ဒီအရာကလည်း မှော်ပစ္စည်းလား။ ငါ့ဆီကို အလိုအလျောက် ပြေးလာတာ ၊ စိတ်ဝင်စားစရာပဲ။"

အန္တရာယ် မရှိကြောင်း အတည်ပြုပြီးနောက် စုချန် သက်ပြင်းချလိုက်သည်။

ကျောက်စိမ်းဆွဲပြားကို ကောက်ယူပြီး စစ်ဆေးရန် ပြင်လိုက်စဉ် အဝေးမှ လေတိုးသံများ ဆက်တိုက် ကြားလိုက်ရပြီး ဓားအလင်းတန်း အများအပြား ပျံသန်းလိုက်ပါလာသည်ကို တွေ့လိုက်ရသည်။

"ရတနာက ရှေ့မှာပဲ။"

"ဒုက္ခပဲ ၊ ရတနာက တခြားလူလက်ထဲ ရောက်သွားပြီ။"

"ဟေ့ကောင် ၊ ဒါ ငါတို့ ရွေးထားတဲ့ မှော်ရတနာကွ။ ချီလင် ကျောက်စိမ်းဆွဲပြား ကို အခုချက်ချင်း ပေးစမ်း"။

All Chapters