အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
အခန်း (၄၇) - မင်္ဂလာရှိသော ရတနာ
မှော်အလင်းတန်းများ ဆက်တိုက် ရောက်ရှိလာသည်။
ရောက်လာသူများ အားလုံးမှာ အခြေတည်အဆင့် ရောက်ရှိနေသော ဂိုဏ်းသားများ ဖြစ်ကြပြီး ကြောက်မက်ဖွယ် အင်အားများကို ပိုင်ဆိုင်ထားကြသည်။ သူတို့အနေဖြင့် ချီသန့်စင်ခြင်း အဆင့်သာ ရှိသေးသော ဂိုဏ်းသားငယ်စုချန်ကို သေချာပေါက် အလေးအနက် ထားကြမည် မဟုတ်ပေ။
ဒီလူတွေက လင်းဝမ်အာ ဖိတ်ခေါ်ထားတဲ့ ရတနာရှာပေးမယ့်သူတွေပဲ။
ဒီ ချီလင် ကျောက်စိမ်းဆွဲပြား က လင်းဝမ်အာ အသည်းအသန် ရချင်နေတဲ့ ရတနာဖြစ်နေမည်လော။
အဆင့်မြင့်ဂိုဏ်းသားများ ဒီလောက်များနေမှတော့ သူ့လက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ် ချေ။
ရတနာပြခန်းထဲတွင် တိုက်ခိုက်ခြင်းကို တားမြစ်မထားပေ။ ဒါက ဓားသင်္ချိုင်း နှင့် အခြားနေရာများ၏ ကွာခြားချက် ဖြစ်သည်။
တကယ် တိုက်ခိုက်ကြလျှင် သူ သေချာပေါက် အသာစီးရမှာ မဟုတ်ဘူး။ စုချန်သည် မအ ပေ။
သူ ချက်ချင်း ပြောလိုက်သည်။
"ကျွန်တော်က ဂိုဏ်းတူအစ်ကိုကြီးတွေနဲ့ ရတနာကို ပြိုင်လုဖို့ စိတ်ကူးမရှိပါဘူး။ မတော်တဆ ဒီနေရာကို မျက်စိမှားပြီး ရောက်လာတာပါ။ ခင်ဗျားတို့ လုချင်ရင် လုကြပါ။ ကျွန်တော်နဲ့ မဆိုင်ပါဘူး ။”
ပြောပြီးသည်နှင့် လက်ထဲရှိ ချီလင် ကျောက်စိမ်းဆွဲပြား ကို အဝေးသို့ ပေတစ်ရာခန့် ရောက်အောင် ပြင်းပြင်းထန်ထန် ပစ်လိုက်သည်။
ချီလင် ပုံသဏ္ဍာန် ကျောက်စိမ်းဆွဲပြားသည် တဖျပ်ဖျပ် လှုပ်ရှားသွားပြီး ခွေးဖြူလေး ပုံစံသို့ ပြန်လည် ပြောင်းလဲသွားကာ အမှောင်ထုထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
"တောက် ၊ လွတ်သွားပြန်ပြီ ။”
"မြန်မြန် လိုက်ဖမ်းကြ ။”
ထိုလူအုပ်စု၏ မှော်စွမ်းအင်များ လှုပ်ရှားသွားပြီး ဓားပျံစီးခြင်း ဖြင့် လေထဲသို့ ပျံတက်ပြီး လိုက်ဖမ်းကြသည်။
သို့သော် တစ်ယောက်က ရပ်တန့်လိုက်ပြီး စုချန်ကို ကြည့်ကာ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
"မင်းက စုချန် မဟုတ်လား။ အပြင်ဂိုဏ်း စာမေးပွဲကြီးမှာ ပထမရတာနဲ့ပဲ မင်းကိုယ်မင်း ဆရာကြီး ဖြစ်ပြီ ထင်နေလား။ ဂိုဏ်းတူအစ်မ လင်း က မင်းကို ကောင်းကောင်း ဂရုစိုက်ပေးလိုက်ဖို့ မှာလိုက်တယ်။”
စကားပြောရင်း သူ လက်ကိုမြှောက်လိုက်ရာ ဓားအရှိန်အဝါ တစ်ခု သူ့လက်ဖဝါးမှ ထွက်ပေါ်လာပြီး ခုတ်ပိုင်းလိုက်သည်။
ဒီကောင်က ငါ့ကို ပစ်မှတ်ထားနေတာပဲ။ စုချန် ဒေါသထွက်သွားသည်။
မင်းတို့ ရတနာ လုချင်ရင် လုလေ၊ ငါ ဝင်မပါဘူး။ ချီလင် ကျောက်စိမ်းဆွဲပြား က ငါ့ဆီ အလိုအလျောက် ပျံလာတာတောင် ငါ စွန့်လွှတ်လိုက်တယ်လေ။ ဒါတောင် မလုံလောက်သေးဘူးလား။
လင်းဝမ်အာ က ဒီလောက် သဘောထားသေးသိမ်ပြီး ငါ့ကို ပစ်မှတ်ထားဖို့ တခြားလူတွေကို တိတ်တဆိတ် ခိုင်းထားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
ငါ့ကို တကယ်ပဲ အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေကြလား။
စုချန်လည်း ဒေါသထွက်သွားသည်။
ချက်ချင်းပင် ဓားစွမ်းအင်များ သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး ပြင်းထန်သော မီးတောက်များ လှုပ်ရှားလာကာ ကြမ်းတမ်းသော ဓားအရှိန်အဝါ တစ်ခု ထွက်ပေါ်လာပြီး ဝင်ရောက်လာသော ဓားအလင်းတန်းကို ချက်ချင်း ချေမှုန်းပစ်လိုက်သည်။
ထိုလူ ကြောင်အသွားသည်။ စုချန်က သူ့တိုက်ခိုက်မှုကို ပိတ်ဆို့နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့နောက် ပူပြင်းသော လှိုင်းလုံးတစ်ခု ဝင်ရောက်လာပြီး ဓားစွမ်းအင်များကို ခုတ်ပိုင်းကာ ကြမ်းတမ်းသော ဓားအလင်းတန်း သုံးခု ဆက်တိုက် ဝင်ရောက်လာသည်။
စုချန်လည်း သေနာပတိ စစ်သည်တော်ဖြိုခွင်းခြင်း သိုင်းကွက်ကို တရှိန်ထိုး ထုတ်ဖော်လိုက်ရာ ဓားချက်တစ်ချက်ထက် တစ်ချက် ပိုမို ရက်စက်ကြမ်းကြုတ်လာသည်။ ဓား၏ ဖိနှိပ်မှုအောက်တွင် ထိုလူ အငိုက်မိသွားပြီး သူ့မှော်စွမ်းအင်များ ပြိုကွဲကာ အမြုတေ မတည်မငြိမ် ဖြစ်သွားသဖြင့် အချိန်မီ ပြန်လည် မတိုက်ခိုက်နိုင်တော့ပေ။
နောက်ဆုံးတွင် သူ အံကြိတ်ပြီး စွမ်းအားထုတ်ကာ စုချန်ကို တွန်းထုတ်လိုက်သည်။
သို့သော် မီးတောက်များ လောင်ကျွမ်းနေလျက်ရှိသော ဓားပျံသည် လေထဲတွင် ရုတ်တရက် ကွေ့ဝိုက်သွားပြီး အနောက်ဘက်မှ ဝင်ရောက်တိုက်ခိုက်လိုက်သည်။
"ဓားထိန်းချုပ်ခြင်း နည်းစနစ်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
ထိုလူ နောက်ဆုံးတွင် ဆက်လက် မတောင့်ခံနိုင်တော့ပေ။ သူ ညည်းညူကာ သွေးအန်ပြီး သူ့ပုံရိပ်သည် အဖြူရောင် အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲကာ အဝေးသို့ ပျောက်ကွယ်သွားသည်။
"မင်း ကံကောင်းလို့ ဒီနေ့ ထွက်ပြေးနိုင်တာ ။”
စုချန် အေးစက်စွာ နှာမှုတ်လိုက်ပြီး ဆက်မလိုက်တော့ပေ။
သူ ဒီနေရာကို မှော်ပစ္စည်း ရွေးဖို့ လာတာ ရန်သူ့ဘက်မှာ လူအင်အားများတယ်။ တခြား အကူအညီတွေ ခေါ်လာရင် သူ သေချာပေါက် တောင့်ခံနိုင်မှာ မဟုတ်ဘူး။
သင့်တော်တဲ့ မှော်ပစ္စည်း တစ်ခု အမြန်ရွေးပြီး ဒီပြဿနာ ပြခန်းကနေ မြန်မြန် ထွက်သွားတာ အကောင်းဆုံးပဲ။
တွေးတောနေရင်း စုချန် သူ့မှော်စွမ်းအင် ကုန်ဆုံးမှုကို ဂရုမစိုက်ဘဲ အတွင်းအားကို သုံး၍ ဓားကို ထိန်းချုပ်ကာ အခြားတစ်ဖက်သို့ ပျံသန်းထွက်ခွာသွားသည်။
အံ့သြစရာ ကောင်းသည်မှာ သူ ထွက်ခွာပြီး မကြာမီ သူ့ရှေ့မှ ဟင်းလင်းပြင် ထပ်မံ ကွဲအက်သွားပြီး နှင်းကဲ့သို့ ဖြူဖွေးသော ချီလင် လေး ပြန်လည် ထွက်ပေါ်လာကာ သူ့ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာပြန်သည်။
"ဘာလို့ ဒီအကောင်က ငါ့ကိုပဲ ပစ်မှတ်ထားနေသလို ဖြစ်နေရတာလဲ။”
စုချန် အနည်းငယ် စိတ်ရှုပ်သွားသည်။
လက်လှမ်းလိုက်ရာ ချီလင် ကျောက်စိမ်းဆွဲပြား ပုံသဏ္ဍာန် ပေါ်လာပြီး စိတ်အာရုံခံစားမှုမှတဆင့် ဤမှော်ပစ္စည်း၏ အကျိုးသက်ရောက်မှုများကို သိရှိလိုက်ရသည်။
"ချီလင် ကျောက်စိမ်းဆွဲပြား သည် မင်္ဂလာရှိသော ရတနာ ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်နှင့် ရတနာများကို အာရုံခံနိုင်စွမ်း ရှိကာ ကံကောင်းခြင်းများ ဆောင်ကြဉ်းပေးပြီး မိစ္ဆာများကို ဖယ်ရှားပေးသော အာနိသင် ရှိသည်။”
ရတနာကို အာရုံခံနိုင်ပြီး မိစ္ဆာ ဖယ်ရှားကာ ကံကောင်းစေတယ် ဟုတ်လား။
စုချန် အနည်းငယ် အံ့သြသွားသည်။ ဒီလို မှော်ရတနာမျိုးက တော်တော် ရှားပါးသည်။
အတိုင်းအတာ တစ်ခုအတွင်းရှိ ဝိညာဉ်စွမ်းအင်နှင့် ရတနာများကို ရှာဖွေ အာရုံခံနိုင်သဖြင့် ရတနာရှာဖွေခြင်းနှင့် လေ့ကျင့်ခြင်းအတွက် တန်ဖိုးမဖြတ်နိုင်သော ကိရိယာ တစ်ခု ဖြစ်သည်။ ထို့အပြင် ကျောက်စိမ်းဆွဲပြားကို ဝတ်ဆင်ထားခြင်းအားဖြင့် မင်္ဂလာရှိသော ချီလင် သားရဲ၏ ကာကွယ်မှုကို ရရှိနိုင်ပြီး အန္တရာယ်များကို ဖယ်ရှားကာ ကံကောင်းခြင်းဆီသို့ လမ်းညွှန်ပေးနိုင်သည်။ ဒါက ကောင်းကင်ဘုံကို အာခံနိုင်လုနီးပါး ကောင်းမွန်သည်။
ဒီ ချီလင် ကျောက်စိမ်းဆွဲပြား က သူ့ကို တက်ကြွစွာ ရွေးချယ်နေခြင်းသည် ကံကောင်းခြင်းကို ရှာဖွေပြီး ကံဆိုးခြင်းကို ရှောင်ရှားသည့် နည်းလမ်းတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်သည်။
သူ့အမြင်မှာ ငါက ကံကောင်းခြင်း ဖြစ်နေသည်မှာ အသေအချာပင်။
ဒါကြောင့် ငါ့ဆီပဲ ဆက်တိုက် လာနေတာကိုး။
စိတ်ဝင်စားစရာပဲ။
"အခြေတည်ဖို့အတွက် ငါ ရှားပါးပြီး တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ရှာဖို့ လိုတယ်။ ဒီ ချီလင် ကျောက်စိမ်းဆွဲပြား ရဲ့ ဂုဏ်သတ္တိတွေက ငါ့ကို ကူညီပေးနိုင်လောက်တယ် ။”
ခဏမျှ စဉ်းစားပြီးနောက် စုချန် ဆုံးဖြတ်ချက် ချလိုက်သည်။
ဒီ ချီလင် ကျောက်စိမ်းဆွဲပြား မှော်ပစ္စည်းက ကံကောင်းစေပြီး မိစ္ဆာ ဖယ်ရှားပေးနိုင်တယ်။ အတိုင်းအတာ တစ်ခုအထိတော့ ကာကွယ်ရေး မှော်ပစ္စည်းလို့ ယူဆနိုင်တယ်။
ဒါ့အပြင် ရတနာပစ္စည်းတွေကိုလည်း ရှာဖွေပေးနိုင်သေးတယ် ဆိုတော့ ပိုပြီး ပြည့်စုံတာပေါ့။
လင်းဝမ်အာ က ဒီရတနာကို ရဖို့ အသည်းအသန် ကြိုးစားနေတာ သူ့ရဲ့ ရတနာရှာဖွေနိုင်စွမ်းကို မက်မောလို့ ဖြစ်လောက်တယ်။
"ငါ ဒီကိစ္စထဲ မပါချင်ပေမယ့် လင်းဝမ်အာ က သဘောထား သေးသိမ်ပြီး ငါ့ကို ပစ်မှတ်ထားဖို့ လူလွှတ်လိုက်တယ်။ အဲဒီလိုမှတော့ ငါလည်း အားနာမနေတော့ဘူး။ ဒီရတနာကို ယူလိုက်မယ် သူ ဘာမှမရဘဲ ဖြစ်သွားအောင် လုပ်ပစ်မယ် ။”
တွေးတောနေရင်း စုချန် ချီလင် ကျောက်စိမ်းဆွဲပြား ကို သိမ်းဆည်းလိုက်ပြီး ဖြစ်သည်။
ထိုအချိန်တွင် မှော်အလင်းတန်း အများအပြား အနောက်မှ ကပ်လိုက်လာပြီး ခြိမ်းခြောက်နေသော အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။
သူတို့ထဲမှ တစ်ယောက်မှာ ခုနက စုချန် မောင်းထုတ်လိုက်သူ ဖြစ်သည်။ ယခု သူ့ အပေါင်းအဖော်များကို ပြန်ခေါ်လာပြီး စုချန်က ရတနာကို ယူဆောင်သွားသည်ကို မြင်လိုက်ရသဖြင့် အားလုံး ဒေါသထွက်သွားကြပြီး တပြိုင်နက် တိုက်ခိုက်လိုက်ကြရာ မီးလုံးများ၊ နှင်းခဲများ၊ ဓားပျံများနှင့် ရောင်စုံအလင်းတန်းများမှာ ပျားပန်းခတ် လှုပ်ရှားနေကြသည်။
အခြေတည်အဆင့် ကျင့်ကြံသူ အများအပြား၏ ပစ်မှတ်ထားခြင်း ခံရသဖြင့် စုချန်လည်း ကြီးမားသော ဖိအားကို ခံစားနေရသည်။
ထိုအချိန်တွင် သူ့ရင်ခွင်ထဲရှိ ချီလင် ကျောက်စိမ်းဆွဲပြား က အလင်းရောင် ဖျော့ဖျော့လေး ထုတ်လွှတ်လိုက်ပြီး နှင်းကဲ့သို့ ဖြူဖွေးသော ခေါင်းလေး ပြူထွက်လာကာ စုချန်၏ အဝတ်အစားကို ကိုက်ဆွဲပြီး ဘေးတစ်ဖက်သို့ ဆွဲခေါ်ရန် ကြိုးစားနေသည်။
စုချန် ချက်ချင်း သဘောပေါက်လိုက်သည်။
ချီလင် ကျောက်စိမ်းဆွဲပြား ၏ မိစ္ဆာ ဖယ်ရှားပြီး ကံကောင်းစေသော စွမ်းရည် အသက်ဝင်လာပြီ ဖြစ်သည်။ သူ ချက်ချင်း ရှေ့တိုးလိုက်ပြီး ခုနစ်စဉ်ကြယ် များ တောက်ပလာသည်။ ချီလင်ဖြူလေး ညွှန်ပြသော လမ်းကြောင်းအတိုင်း ပျံသန်းသွားပြီး စိတ်စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေး ဝင်ပေါက်ထဲသို့ ဝင်ရောက်သွားသည်။
ဝုန်း …။
ကျယ်လောင်သော ပေါက်ကွဲသံကြီး အနောက်ဘက်မှ ထွက်ပေါ်လာသည်။
စုချန် မျက်လုံးဖွင့်လိုက်ရာ ရတနာပြခန်း အပြင်ဘက်သို့ ရောက်ရှိနေပြီး အောင်မြင်စွာ လွတ်မြောက်လာခဲ့သည်။
"ဟားဟား၊ မဆိုးဘူး တကယ် ကောင်းတဲ့ ရတနာပဲ ။”
စုချန် လက်ထဲရှိ ကျောက်စိမ်းဆွဲပြားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
စိတ်စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေး လုပ်ပြီး အပြင်ရောက်သည်နှင့် ကျောက်စိမ်းဆွဲပြားက သူ့ကို သခင်အဖြစ် အလိုအလျောက် အောင်မြင်စွာ အသိအမှတ်ပြုလိုက်သည်။
သူ လိုလိုလားလား စွန့်လွှတ်ခြင်း သို့မဟုတ် သေဆုံးခြင်း မရှိလျှင် မည်သူမျှ ဒီမှော်ပစ္စည်းကို သူ့ဆီကနေ အတင်းအကျပ် ယူလို့မရတော့ဘူး။
ယခုအချိန်တွင် ရတနာပြခန်း အပြင်ဘက်၌။
လင်းဝမ်အာ သည် အတွင်းထဲတွင် ဘာဖြစ်ပျက်ခဲ့သည်ကို မသိရှိဘဲ တံခါးဝတွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေသည်။ စုချန် အထိအခိုက်မရှိ ပြန်ထွက်လာသည်ကို မြင်သောအခါ သူမ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး အနည်းငယ် အံ့သြသွားပုံရသည်။
ဒါပေမဲ့ သိပ်အများကြီး မတွေးပါဘူး။
စုချန်က ကံကောင်းပြီး အဲဒီလူတွေနဲ့ မတွေ့လိုက်လို့ အန္တရာယ်ကင်းကင်း လွတ်လာတာလို့ သူမ ထင်နေကာ
စုချန်ကို ပညာပေးတာထက် သူမက ချီလင် ကျောက်စိမ်းဆွဲပြား ကို ပိုဂရုစိုက်တယ်။
ဒီပစ္စည်းက ကံကောင်းစေပြီး မိစ္ဆာ ဖယ်ရှားပေးနိုင်သလို ရတနာရှာဖွေရာမှာလည်း အသုံးဝင်လို့ သူမရဲ့ စွမ်းရည်တွေကို အများကြီး မြှင့်တင်ပေးနိုင်မှာ။
လင်းဝမ်အာ အနေနဲ့ သူမ အသည်းအသန် ရှာဖွေနေတဲ့ ချီလင် ကျောက်စိမ်းဆွဲပြား က စုချန်ကိုပဲ ထပ်ခါထပ်ခါ ရွေးချယ်နေတယ် ဆိုတာကို အိပ်မက်ထဲတောင် ထည့်မက်ဖူးမှာ မဟုတ်ဘူး။
"အဲဒီလူတွေ ပြန်ထွက်လာပြီး ချီလင် ကျောက်စိမ်းဆွဲပြား က ငါ့လက်ထဲ ရောက်သွားပြီ ဆိုတာ သိသွားရင် လင်းဝမ်အာ ရဲ့ မျက်နှာထားက တော်တော် ကြည့်ကောင်းမှာပဲနော်။”
စုချန် စိတ်ထဲတွင် တိုးတိုးလေး လှောင်ရယ်လိုက်သည်။
အချိန်မဆွဲတော့ဘဲ ချီလင် ကျောက်စိမ်းဆွဲပြား ကို ယူဆောင်ပြီး ဓားသင်္ချိုင်းသို့ ပြန်လာခဲ့သည်။
ဝင်ဝင်ချင်းမှာပင် ချီလင် ကျောက်စိမ်းဆွဲပြား အနည်းငယ် တုန်ခါသွားသည်။ ယခင် တုန်ခါမှုများနှင့် မတူဘဲ အန္တရာယ်ကို အာရုံခံမိပြီး ဒီနေရာရှိ ဓားအရှိန်အဝါများ၏ သက်ရောက်မှုကို ခံရသဖြင့် သတိပေးနေသကဲ့သို့ ဖြစ်နေသည်။
တစ်ချိန်တည်းမှာပင် ဓားသင်္ချိုင်း အထက်တွင်လည်း မှော်ဝင်ဓားများနှင့် ဝိညာဉ်ဓားများ အမြောက်အမြား ရှိနေပြီး ၎င်းတို့၏ အရှိန်အဝါများသည် မှော်ရတနာ တစ်ခုဖြစ်သော ချီလင် ကျောက်စိမ်းဆွဲပြား ကို အကြီးအကျယ် တုန်လှုပ်သွားစေသည်။
ဒီနေရာက ရတနာပြခန်း ထက်တောင် ပိုကြောက်စရာ ကောင်းနေပုံရတယ်။
"မကြောက်ပါနဲ့ မင်း အသားကျသွားမှာပါ။’
စုချန် ပြုံးပြီး ကျောက်စိမ်းဆွဲပြားကို ပွတ်သပ်ပေးလိုက်သည်။ ယခုကဲ့သို့ အသိဉာဏ်ရှိသော မှော်ပစ္စည်းမျိုး သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ထိုအချိန်တွင် ချီလင် ကျောက်စိမ်းဆွဲပြား သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပုံရပြီး အဖြူရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ စုချန်ကို ဓားသင်္ချိုင်း၏ နက်ရှိုင်းရာသို့ လမ်းပြခေါ်ဆောင်သွားလေသည်။
အခန်း (၄၈) - လမ်းကျဥ်းထဲတွင် ရန်သူနှင့် ဆုံခြင်း။
'ချီလင် ကျောက်စိမ်းဆွဲပြား' ရုတ်တရက် ပျံထွက်သွားသဖြင့် စုချန် တစ်ခုခုထူးပြီဟု ထင်မှတ်ကာ အလျင်အမြန် လိုက်သွားလိုက်သည်။
သို့သော် ချီလင်ဖြူလေးက ချောက်နက် အက်ကွဲကြောင်းနားတွင် ရပ်တန့်လိုက်သည်။ ၎င်းအောက်တွင် ချော်ရည်ပူများဖြင့် ဖုံးလွှမ်းခံထားရသော 'ချုံလုံ မိစ္ဆာဓား' တည်ရှိနေသည်။
သတ္တဝါလေးသည် လေထဲတွင် ဝဲပျံနေပြီး ဒီဓားက အားကောင်းကြောင်း၊ သူ့အတွက် ကောင်းချီးတစ်ခု ဖြစ်ကြောင်းနှင့် ၎င်းထံမှ ကြီးမားသော အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း စုချန်ကို ပြောပြနေသကဲ့သို့ ရှိသည်။
"ဒီဓားက ငါ့အတွက် ကောင်းချီးတစ်ခုလို့ မင်း ထင်နေတာလား။”
စုချန် အနည်းငယ် အံ့သြသွားသည်။
တကယ်တမ်းကျတော့ သူ 'ချုံလုံ မိစ္ဆာဓား' နဲ့ ပတ်သက်ပြီး နည်းနည်း တွန့်ဆုတ်နေသေးတယ်။
တစ်ဖက်က ကြည့်ရင် ဒီဓားရဲ့ စွမ်းအားက ထူးကဲလွန်းလို့ သန့်စင်ပြီး ထိန်းချုပ်နိုင်ရင် သူ့အင်အား အများကြီး တိုးလာမယ်လို့ ခံစားရတယ်။
အခြားတစ်ဖက်က ကြည့်ရင်လည်း ဓားရဲ့ ကြမ်းတမ်းမှုက သူ့ကို ထိခိုက်စေမှာ စိုးရိမ်တယ်။
ထို့ကြောင့် စုချန် လောလောဆယ် မရင်ဆိုင်ချင်သေးပေ။ ဆရာ ပြောခဲ့သလိုပဲ အခြေတည်အဆင့် ရောက်မှ ဆုံးဖြတ်တာ အကောင်းဆုံးပဲ။
ဒါပေမဲ့ ဒီအထိ ရောက်နေမှတော့ ကလေးမ ဓားဝိညာဉ်ရဲ့ အခြေအနေကို တစ်ချက် စစ်ဆေးကြည့်တာပေါ့။
ဝမ်ဟိုင်လို၏ ' မဟူရာ ရွှေကြိုး' ဖြင့် ဖိနှိပ်ခံခဲ့ရသဖြင့် သူမ၏ ဝိညာဉ်စွမ်းအား အကြီးအကျယ် ထိခိုက်ခဲ့ပြီး ရက်အနည်းငယ်ကြာ အိပ်ပျော်နေခဲ့သည်။
"ဟေး အသက်ရှိသေးရဲ့လား။”
စုချန် စိတ်ချင်း ဆက်သွယ်ကြည့်လိုက်သည်။
အချိန်အတော်ကြာမှ ကလေးမ၏ အားနည်းနေသော အသံ ထွက်ပေါ်လာသည်။ "ငါ့ဝိညာဉ်စွမ်းအား တော်တော် ထိခိုက်သွားပြီ မို့ အချိန်တစ်ခုအတွင်းတော့ လူပုံစံ မပြောင်းနိုင်လောက်တော့ဘူး ။ဒါပေမဲ့ မသေပါဘူး။ အစ်ကိုကြီး ငါ့ကို ဒီကနေ လာခေါ်ထုတ်တာလား။”
ဒဏ်ရာရနေတာတောင် ငါ့ကို မြှူဆွယ်နေသေးတယ်။
စုချန် နှုတ်ခမ်းမဲ့လိုက်သော်လည်း ဝမ်ဟိုင်လိုနှင့် ရင်ဆိုင်ရစဉ်က ဓားအရှိန်အဝါကို ဖောက်ခွဲရန် သူမအပေါ် လုံးလုံး အားကိုးခဲ့ရသဖြင့် စုချန် သူမအပေါ်ထားရှိသော သဘောထား အနည်းငယ် ပြောင်းလဲသွားသည်။
ဒီဓားဝိညာဉ်က 'ချုံလုံ မိစ္ဆာဓား' ရဲ့ ကြမ်းတမ်းမှုနဲ့ နည်းနည်း ကွဲပြားပုံရတယ်။ သူမက ဓားရဲ့ မိစ္ဆာသဘာဝကိုတောင် အတိုင်းအတာ တစ်ခုအထိ ဖိနှိပ်ထားနိုင်တယ်။
အနာဂတ်မှာ ဒီဓားကို ထိန်းချုပ်ချင်ရင် ဓားဝိညာဉ်ရဲ့ စွမ်းအားကို အားကိုးရဖို့ များတယ်။
"ငါ အခြေတည်အဆင့် မရောက်သေးတော့ မိစ္ဆာဓားကို ထိန်းချုပ်ဖို့ မယုံကြည်သေးဘူး။ မင်းလည်း ဒဏ်ရာပြင်းထန်နေတာ အရင် အနားယူလိုက်ဦး။ ငါ အခြေတည်အဆင့် ရောက်မှ ဆက်ပြောကြတာပေါ့။”
"အစ်ကိုကြီးက ချီသန့်စင်ခြင်း နဝမအဆင့် ရောက်နေပြီပဲ။ အခြေတည်ဖို့ ပစ္စည်းတွေ ပြင်ဆင်ပြီးပြီလား။ ဒီတစ်ခါ 'အရိုးဖြူ မိစ္ဆာဂိုဏ်း' က လွန်လွန်းတယ်။ သူတို့ဆီမှာ ရတနာတွေ အများကြီး သိမ်းထားတဲ့ လျှို့ဝှက်ဘဏ္ဍာတိုက် တစ်ခု ရှိတယ်။ အဲ့ဒီမှာ ရှားပါးပြီး တန်ဖိုးရှိတဲ့ သဘာဝပစ္စည်းတွေ ပေါတယ်။ ငါ့ကို ခေါ်သွားပါလား ။ ငါတို့တွေ 'အရိုးဖြူ မိစ္ဆာဂိုဏ်း' ကို သွားပြီး တန်ရာတန်ကြေး ယူကြတာပေါ့။”
"မင်း ဘာတွေ တွေးနေတာလဲ။ ငါ့ကျင့်ကြံမှုအဆင့်လောက်နဲ့ 'အရိုးဖြူ မိစ္ဆာဂိုဏ်း' ရဲ့ လျှို့ဝှက်ဘဏ္ဍာတိုက်ကို လုဖို့ ကြိုးစားရမယ်။ ငါ့ကို မြန်မြန် သေစေချင်နေတာလား။”
စုချန် မျက်လုံးလှိမ့်ပြလိုက်သည်။ သူက ရူးနေတာမှမဟုတ်တာ။
သို့သော် ရှုဂိုဏ်းကလည်း 'အရိုးဖြူ မိစ္ဆာဂိုဏ်း' ၏ တိုက်ခိုက်မှုကို အလွန် အလေးအနက် ထားသည်။ မကြာသေးမီက မိစ္ဆာဂိုဏ်း ခြောက်ဂိုဏ်း ပိုမို လှုပ်ရှားလာကြပြီး ဂိုဏ်းက သူတို့ကို ရှင်းလင်းရန် ပြင်ဆင်နေသည်ဟု ဆိုကြသည်။
ဒီကိစ္စတွေကို ဂိုဏ်းခေါင်းဆောင်တွေက တာဝန်ယူပါလိမ့်မည်။
သူက အခုချိန်မှာ အဆင့်နိမ့် ဓားသင်္ချိုင်းစောင့် ဂိုဏ်းသားလေး တစ်ယောက်ပဲ၊ ဝင်မပါသင့်ဘူး။
နောက်ရက်များတွင် စုချန် ဓားသင်္ချိုင်းထဲ၌ လိမ္မာစွာ နေထိုင်ပြီး ဓားသန့်စင်ခြင်း၊ ဓားစွမ်းအင် စုပ်ယူခြင်း၊ ဆေးလုံးများဖြင့် ခန္ဓာကိုယ် သန့်စင်ခြင်း၊ ဓားမွေးမြူခြင်း နည်းစနစ်နှင့် 'ပြာလဲ့လဲ့ သမုဒ္ဒရာ ဓားကျမ်း' တို့ကို ကျင့်ကြံခဲ့သည်။
ဓားထိန်းချုပ်ခြင်း နည်းစနစ် ကိုလည်း လေ့ကျင့်ခဲ့သည်။
ထို့အပြင် ဓားသိုင်းပညာ လေ့ကျင့်ခြင်းနှင့် ကိုယ်ကာယခွန်အား တိုးတက်အောင် လုပ်ခြင်းကိုလည်း လျစ်လျူမရှုခဲ့ပေ။
ဒီကာလအတွင်း သာမာန်ဓားများမှ လက်တွေ့ကျသော ဓားသိုင်းကွက်များစွာကိုလည်း သင်ယူခဲ့ပြီး သူ့စွမ်းရည်များကို ပိုမို ကြွယ်ဝစေခဲ့သည်။
ဝမ်ဟိုင်လို ချန်ထားခဲ့သော 'မဟူရာ ရွှေကြိုး' ကိုလည်း သန့်စင်ပြီး ကျွမ်းကျင်အောင် လုပ်ထားလိုက်သည်။
ကျန်ရှိနေသော ဦးခေါင်းခွံ အလံ ၄ ခုကတော့ ပြုပြင်ရန် ခက်ခဲသည်။ စုချန်က အစီအရင် အကြောင်း နားမလည်သဖြင့် စမ်းသပ်ပစ္စည်း အဖြစ် အသုံးပြုကာ ၎င်းတို့အတွင်းရှိ ဝိညာဉ်စွမ်းအင် အားလုံးကို စုပ်ယူပစ်လိုက်သည်။
ရလဒ်အနေဖြင့် သူ့မှော်စွမ်းအင် အကြီးအကျယ် တိုးတက်လာပြီး နောက်ဆုံးတွင် ချီသန့်စင်ခြင်း ပြည့်စုံသည့် အဆင့် သို့ ရောက်ရှိသွားသည်။
ဓားစွမ်းအင်များ တန်ထျန်းသွေးကြော ထဲတွင် လှည့်ပတ်နေပြီး မှော်စွမ်းအင်များ ပြည့်ဝနေကာ အခြေတည်ရန် အခြေအနေများ ပြည့်စုံနေပြီ ဖြစ်သည်။
ထို့အပြင် စုချန် နောက်ထပ် တွေ့ရှိချက် တစ်ခုမှာ အလံ ၄ ခု၏ ဝိညာဉ်စွမ်းအင် အားလုံးကို ဝါးမြိုပြီးနောက် အစီအရင်နှင့် ပတ်သက်သော ဗဟုသုတ အများအပြား သူ့စိတ်ထဲတွင် နားမလည်နိုင်လောက်အောင် ရုတ်တရက် ရောက်ရှိလာခြင်းပင်။
ဒါက မမျှော်လင့်ထားသော အံ့သြဖွယ်ရာပင်။
ဆိုလိုသည်မှာ အနာဂတ်တွင် မှော်ပစ္စည်းများ၏ ဝိညာဉ်စွမ်းအင်ကို စုပ်ယူခြင်းအားဖြင့် မှော်စွမ်းရည်များကို နားလည်သဘောပေါက်နိုင်မည်ဟု ဆိုလိုခြင်း ဖြစ်ပေမည်။
ဒါက ဓားအမြုတေရှင် ခန္ဓာကိုယ် ပါရမီရဲ့ စွမ်းရည်ကိုပင် လုံးဝ ကျော်လွန်နေပြီ။
မိစ္ဆာ စွမ်းအင်၊ အဆိပ်ငွေ့၊ မိစ္ဆာသားရဲ အမြုတေ၊ မှော်ပစ္စည်း ဝိညာဉ်စွမ်းအင်။
စားလို့မရတာ ဘာကျန်သေးလဲ။
ငါ့ထဲမှာ အိပ်ပျော်နေတဲ့ ဧရာမ သားရဲကြီးက တကယ်တမ်း ဘာကောင်လဲ။ သူ့စွမ်းရည်တွေက ကြောက်စရာ ကောင်းလိုက်တာ။
စုချန် ဝိုးတဝါး စိုးရိမ်စိတ်ကို ခံစားလိုက်ရသည်။
ငါများ မိစ္ဆာသားရဲ တစ်ကောင် ဝင်စားတာလား။
"ငါ အချိန်ရှာပြီး အိမ်ပြန်ကာ အဒေါ့်ကို သွားတွေ့ရမယ်။ ငါ့နောက်ခံက သိပ်မရိုးလောက်ဘူးထင်တယ် ။”
စုချန် တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်သည်။
ရက်အနည်းငယ် ကြာပြီးနောက် အကြီးအကဲကျိုး ပြန်ရောက်လာပြီး 'မြေကမ္ဘာမီးတောက် သံရည်ပူ' နှင့် 'ကောင်းကင်သလင်းကျောက်သဲ' တို့ကို စုချန်အား ပေးအပ်လိုက်သည်။
ဒီရှားပါးပစ္စည်း နှစ်မျိုးကို ရဖို့ သူ အများကြီး ကြိုးစားခဲ့ရပြီး အလွန် ပင်ပန်းနွမ်းနယ်နေပုံ ရသည်။
စုချန် အလွန် စိတ်လှုပ်ရှားသွားပြီး အကြိမ်ကြိမ် ကျေးဇူးတင်စကား ဆိုလိုက်သည်။
အကြီးအကဲကျိုး ဂရုမစိုက်ပေ။ သူ့မှာ ဒီတပည့်တစ်ယောက်တည်း ရှိတာ လက်ခံပြီးမှတော့ စိတ်နှလုံးအပြည့်နဲ့ ပျိုးထောင်ပေးမှာ သဘာဝပဲ။
"ကံမကောင်းတာက အရေးကြီးဆုံး ပစ္စည်းအတွက် ငါ့မှာ ဘာသဲလွန်စမှ မရှိဘူး။ မင်းကိုယ်တိုင် ရှာရလိမ့်မယ်။ 'ထောင်ချောက် တောင်တန်း လျှို့ဝှက်နယ်မြေ' မကြာခင် ဖွင့်တော့မယ် မင်း အဲဒီမှာ ကံသွားစမ်းကြည့်ပါလား။”
စီချွမ် သည် တောင်တန်းထူထပ်သော ဒေသဖြစ်ပြီး ကောင်းချီးပေးခံထားရသော သီးခြားနေရာ များစွာလည်း တည်ရှိသည်။
အခြားနေရာများတွင် ရှာရခက်ခဲသော ရှားပါးပြီး တန်ဖိုးရှိသည့် ရတနာများ ထိုနေရာများတွင် ရှိတတ်သဖြင့် လျှို့ဝှက်နယ်မြေ ပွင့်တိုင်း ကျင့်ကြံသူများ လာရောက် စုဝေးပြီး လုယူယှဉ်ပြိုင်ကြလေ့ ရှိသည်။
ဒီ 'ထောင်ချောက် တောင်တန်း' သည် ချင်းကျိုး တွင် တည်ရှိသော ကောင်းချီးပေးခံထားရသည့် လျှို့ဝှက်နယ်မြေ တစ်ခု ဖြစ်သည်။ သုံးနှစ်လျှင် တစ်ကြိမ်သာ ပွင့်ပြီး အခြေတည်အဆင့် အောက်ရှိ ချီသန့်စင်ခြင်း ကျင့်ကြံသူများသာ ဝင်ရောက်ခွင့် ရှိသည်။
ထိုအချိန်တွင် စီချွမ်ရှိ ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများ လေ့ကျင့်ရန် သွားရောက်ကြသဖြင့် အလယ်အလတ် အတိုင်းအတာရှိသော ပွဲတော်တစ်ခု ဖြစ်လာသည်။
တစ်ချိန်က လူတစ်ယောက်သည် ဤနေရာတွင် ကောင်းကင်ရွှေ ဟုခေါ်သော ရှားပါးရတနာ တစ်ခုကို တွေ့ရှိခဲ့ဖူးသည်ဟု ဒဏ္ဍာရီ ရှိသည်။ ၎င်းသည် ဓားကျင့်ကြံသူများ အခြေတည်ရန်အတွက် အသင့်တော်ဆုံး သဘာဝပစ္စည်း ဖြစ်သည်။ နောက်ပိုင်းတွင် တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ဦးက ရရှိသွားပြီး ရောင်ခြည်ဖြာ ရွှေဓား ကို အခြေတည်ဓား အဖြစ် သွန်းလုပ်ကာ နာမည်ကျော်ကြားလာခဲ့သည်။ ယခုအခါ သူသည် နာမည်ကြီး ရွှေရောင်အမြုတေ ကျွမ်းကျင်သူ တစ်ဦး ဖြစ်နေပြီ။
အကြီးအကဲကျိုးက စုချန်ကို 'ထောင်ချောက် တောင်တန်း လျှို့ဝှက်နယ်မြေ' တွင် ကံစမ်းကြည့်ရန် အကြံပြုလိုက်သည်။ သင့်တော်သော ပစ္စည်းများ တွေ့ရှိလျှင် အကောင်းဆုံး ဖြစ်သော်လည်း မတွေ့လျှင်တောင်မှ အခြား ဂိုဏ်းများမှ ပါရမီရှင်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းဖြင့် စွမ်းရည်များကို သွေးနိုင်ပြီး တိုက်ခိုက်ရေး စွမ်းရည် တိုးတက်စေနိုင်သည်။
ဓားကျင့်ကြံသူများသည် အခြား ကျင့်ကြံသူများနှင့် မတူပေ။ တစ်ကိုယ်တည်း ဂူအောင်း ကျင့်ကြံနေရုံဖြင့် အင်အားကြီးမလာနိုင်ပေ။
အထူးသဖြင့် ဓားဆန္ဒ ကို ပျိုးထောင်ခြင်းနှင့် မြှင့်တင်ခြင်းအတွက် တိုက်ပွဲ လိုအပ်သည်။ မိစ္ဆာသားရဲများကို သတ်ဖြတ်ရုံဖြင့် မလုံလောက်၊ အခြား ကျင့်ကြံသူများနှင့် တိုက်ပွဲဝင်မှသာ ပိုမို လျင်မြန်စွာ ကြီးထွားနိုင်သည်။
" 'ထောင်ချောက် တောင်တန်း' က ချင်းကျိုး မှာ ရှိတယ် ဆိုတော့ အိမ်နဲ့လည်း မဝေးဘူး။ အခွင့်အရေးရရင် အိမ်ပြန်လည်လို့ ရတာပေါ့။”
စဉ်းစားပြီးနောက် စုချန် 'ထောင်ချောက် တောင်တန်း' သို့ သွားရန် ဆုံးဖြတ်လိုက်သည်။
'ချီလင် ကျောက်စိမ်းဆွဲပြား' က ဒီခရီးစဉ်မှာ မမျှော်လင့်ထားတဲ့ အကျိုးသက်ရောက်မှု ပေးကောင်း ပေးနိုင်တယ်။
သူက လက်တွေ့သမား ဖြစ်ပြီး ပြတ်သားကာ ထိရောက်မှု ရှိသည်။ အရာရာ စီစဉ်ပြီးနောက် နောက်တစ်နေ့တွင် ချင်းကျိုး၊ ရှန်ခုန်းတောင် သို့ ထွက်ခွာမည့် ဂိုဏ်းပိုင် လေသင်္ဘော ပေါ်သို့ တက်လိုက်သည်။
အနောက်တောင်ပိုင်း ရှုဒေသရှိ အကြီးဆုံး ကျင့်ကြံခြင်း ဂိုဏ်းကြီး အနေဖြင့် ရှုတောင်သည် ကျယ်ပြန့်သော လွှမ်းမိုးမှု ဧရိယာ ရှိသည်။ ရှုပြည်နယ်၊ ချင်းပြည်နယ်၊ လျန်ပြည်နယ် နှင့် ပင်းပြည်နယ် အပါအဝင် ပြည်နယ်ကြီး အများအပြားက ရှုတောင်ကို အထွတ်အမြတ် ထားကြသည်။ သေမျိုး မင်းမျိုးနွယ်များနှင့် နိုင်ငံများပင် ဂိုဏ်းကို နှစ်စဉ် ဆက်ကြေးပေးရသည်။
ဤကျယ်ပြန့်သော နယ်မြေကို အုပ်ချုပ်ရလွယ်ကူစေရန် ရှုတောင်သည် ပုံသေ လေသင်္ဘော လမ်းကြောင်းများ တည်ထောင်ထားသည်။ 'တိမ်တိုက် လေသင်္ဘော' များသည် ဓားပျံစီးခြင်းနှင့် နှိုင်းယှဉ်နိုင်လောက်အောင် အလွန် မြန်ဆန်ပြီး အစီအရင် အမြောက်များ တပ်ဆင်ထားသဖြင့် ပိုမို လုံခြုံပြီး မြန်ဆန်သည်။
ခရီးဝေး သွားလာရန် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။
'ထောင်ချောက် တောင်တန်း လျှို့ဝှက်နယ်မြေ' မကြာမီ ဖွင့်လှစ်တော့မည် ဖြစ်ရာ ချီသန့်စင်ခြင်း နဝမအဆင့် အထက်ရှိ ရှုတောင်ဂိုဏ်းသား အများအပြားလည်း ပါဝင်ကံစမ်းရန် သွားရောက်ကြသည်။
ရှားပါးပြီး တန်ဖိုးရှိသော ပစ္စည်းများ တွေ့ရှိပါက မြေကမ္ဘာလမ်းစဉ် ဖြင့် အခြေတည်ရန် ကြိုးစားနိုင်ပြီး အနာဂတ်တွင် ရွှေရောင်အမြုတေ အဆင့်သို့ တက်လှမ်းရန် အခွင့်အရေး ရရှိနိုင်သည်။ ဘာမှ မတွေ့ရှိပါက ပြန်လာပြီး သေမျိုးလမ်းစဉ် ဖြင့် ရိုးရိုးသားသား အခြေတည်ကြရမည် ဖြစ်သော်လည်း အလားအလာမှာ များစွာ နိမ့်ကျသွားမည်။
စုချန် စီးနင်းလိုက်ပါသော လေသင်္ဘောပေါ်တွင် လူအတော်များများ ပါရှိပြီး ၁၀၀ ဝန်းကျင်ခန့် ရှိသည်။
အဖွဲ့ကို ဂိုဏ်းတူအစ်ကို ၁၂ ဦးက ဦးဆောင်ပြီး တစ်ဖက်တွင် ဂိုဏ်းသားများ၏ လုံခြုံရေးကို ကာကွယ်ရန်နှင့် တစ်ဖက်တွင် ဂိုဏ်းတာဝန် တစ်ခု ထမ်းဆောင်ရန် ပါလာခြင်း ဖြစ်သည်။
စုချန် တက်လာသည်နှင့် အေးစက်ပြီး စူးရှသော အကြည့်တစ်ချက် ခံစားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်ရာ လင်းဝမ်အာ ဖြစ်နေသည်။
တိုက်ဆိုင်တာပဲ။
ကမ္ဘာကြီးက ကျဉ်းလိုက်တာနော်။