← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉) - နေမင်းကို ပစ်ချပြီး ကောင်းကင်ကို ဖောက်ထွင်းသော မြှား

"ဂိုဏ်းတူမောင်လေး စုချန်၊ မင်းက တကယ် စွမ်းရည်ရှိတာပဲ။ အထဲမှာရှိတဲ့ ဂိုဏ်းတူအစ်ကို အများကြီးဆီကနေ မှော်ပစ္စည်းကို လုယူနိုင်တယ် ဆိုတော့ ငါ မင်းကို တကယ် လျှော့တွက်မိလိုက်တာပဲ။"

လင်းဝမ်အာ ရှေ့တိုးလာပြီး တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်သည်။

သေချာသည်မှာ သူမ စုချန်ကို မနှစ်သက်ပေ။

ဒီလူက ပထမဦးစွာ သူမရဲ့ စည်းရုံးမှုကို ငြင်းပယ်ခဲ့ပြီး နောက်ပိုင်း သူမရဲ့ ရတနာရှာဖွေရေး အစီအစဉ်ကို ဖျက်ဆီးပစ်ခဲ့တယ်။

ချီလင် ကျောက်စိမ်းဆွဲပြား သည် သူမ ရှာဖွေတွေ့ရှိထားသော ထူးခြားသည့် မှော်ပစ္စည်း တစ်ခု ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် သူမသည် အခြား မှော်ပစ္စည်း တစ်ခုကို ရွေးချယ်ပြီး ဖြစ်၍ ပြောင်းလဲ၍ မရနိုင်တော့ပေ။ ထို့ကြောင့် သူမ အကြီးအကျယ် ကြိုးစားအားထုတ်ပြီး ပိုက်ဆံအများကြီး သုံးကာ အခြား ဂိုဏ်းတူအစ်ကိုများကို အကူအညီတောင်းခဲ့သော်လည်း နောက်ဆုံးတွင် အလဟဿ ဖြစ်သွားခဲ့ရသည်။

ဒါပေမဲ့ ဒီအတိုင်း ဖြစ်လို့ မရဘူးလေ။

လင်းဝမ်အာ က စုချန်ဆီကနေ ချီလင် ကျောက်စိမ်းဆွဲပြား ကို ဝယ်ယူဖို့ မျှော်လင့်နေဆဲ ဖြစ်သည်။

"ဂိုဏ်းတူမောင်လေး၊ အရင်က ဖြစ်ပျက်ခဲ့တာတွေကို မပြောတော့ပါဘူး။ အခု ရတနာက မင်းလက်ထဲ ရောက်နေပြီ ဆိုတော့ ငါတို့ သေချာ ဆွေးနွေးကြမလား။"

"ဂိုဏ်းတူအစ်မက ဘယ်လို ဆွေးနွေးချင်လို့လဲ။"

"ချီလင် ကျောက်စိမ်းဆွဲပြား ကို ငါ့ပေး၊ ပြီးရင် ငါ့ဆီက ကြိုက်တဲ့ မှော်ရတနာ တစ်ခု ရွေးလိုက်။ အဲ့ဒါအပြင် နစ်နာကြေး အနေနဲ့ ငါ ဝိညာဉ်ကျောက်တုံး ၁၀၀၀ ပေးမယ်။ ဘယ်လိုလဲ။"

လင်းဝမ်အာ ၏ ကမ်းလှမ်းချက်က တရားမျှတပုံ ရပေသပေ။

သို့သော် သူမ ပိုင်ဆိုင်သော မှော်ရတနာများနှင့် မှော်ပစ္စည်း အများစုမှာ အရည်အသွေး နိမ့်ကျပြီး ချီလင် ကျောက်စိမ်းဆွဲပြား နှင့် ယှဉ်လျှင် ဘာမှ မဟုတ်ပေ။

ဝိညာဉ်ကျောက်တုံး ၁၀၀၀ ဆိုတာ များပြားတယ်လို့ ထင်ရပေမယ့် ချီလင် ကျောက်စိမ်းဆွဲပြား နဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်ဘူး။

ဒီရတနာက ဝိညာဉ်ရတနာတွေကို ရှာဖွေပေးနိုင်တယ်။ အဲဒါသာ ရှိရင် ငါ ဘယ်လိုလုပ် ပိုက်ဆံရှားတော့မှာလဲ။

"တောင်းပန်ပါတယ်၊ ကျွန်တော်လည်း ဒီမှော်ပစ္စည်းကို လိုအပ်လို့ ဂိုဏ်းတူအစ်မရဲ့ စေတနာကို ငြင်းပယ်ပါရစေ။"

စုချန် ထပ်မံ ငြင်းပယ်လိုက်သည်။

လင်းဝမ်အာ ၏ မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်သန်းသွားသော်လည်း ချက်ချင်း တုံ့ပြန်ခြင်း မပြုပေ။ သူမ အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"အပြင်ထွက် လေ့ကျင့်တယ် ဆိုတာ ဂိုဏ်းထဲမှာ နေရသလို မဟုတ်ဘူး။ အချိန်မရွေး အန္တရာယ် ကြုံတွေ့နိုင်တယ်။ စိတ်ပြောင်းသွားရင် ငါ့ကို လာရှာဖို့ မမေ့နဲ့။"

ဒီစကားတွေထဲမှာ မသိမသာ ခြိမ်းခြောက်သတိ‌ပေးမှုတွေ ပါဝင်နေပြီ။

စုချန် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

လေသင်္ဘောပေါ် တက်လာကတည်းက သူ့ကို မလိုလားသော အကြည့်များဖြင့် ကြည့်နေသည့် ဂိုဏ်းသား အချို့ကို သတိထားမိသည်။ သူတို့ အားလုံးသည် ချင်းယန်တောင်ထိပ် အုပ်စုနှင့် ဆက်နွယ်နေသူများ ဖြစ်ကြသည်။

အခု လင်းဝမ်အာ ပါ ထပ်တိုးလာပြီ။

ဒီတစ်ခေါက် လေ့ကျင့်ရေးခရီးစဉ်က သိပ်ချောမွေ့မယ် မထင်ဘူး။

"ဟေး ၊ မင်း လင်းဝမ်အာ ကို ဘယ်လိုလုပ် စော်ကားမိပြန်တာလဲ။ ဒီမိန်းမရဲ့ နောက်ခံက မသေးဘူးနော်။ တိုင်းပြည်ငယ်လေး တစ်ခုရဲ့ မင်းသမီးလို့ ကြားတယ်။ ရက်ရောပေမယ့် သဘောထား သေးသိမ်တတ်တယ်။ ပြီးတော့ ဒီခရီးစဉ်ရဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက် ဖြစ်နေတော့ နောက်ပိုင်း မင်းကို ပစ်မှတ်ထားလာလိမ့်မယ်။"

ထိုအချိန်တွင် ဇီသာတူရိယာ လွယ်ထားသော နန်းတွင်းဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ဦး လျှောက်လာသည်။

စုချန် ခေါင်းလှည့်ကြည့်လိုက်ရာ ကျောက်စိမ်းတောင်ထွတ် မှ ဂိုဏ်းတူအစ်မ ချင်းလန် ဖြစ်နေပြီး သူမဘေးတွင် ချူးရန် နှင့် အခြား အမျိုးသမီး ဂိုဏ်းသား အချို့ ပါလာခဲ့သည်။

"ဂိုဏ်းတူအစ်မ ချင်းလန် နဲ့ အခြား ဂိုဏ်းတူအစ်မတွေကို ဂါရဝပြုပါတယ်။"

စုချန် အလျင်အမြန် လက်အုပ်ချီ နှုတ်ဆက်လိုက်လေသလေ။

အပြင်ဂိုဏ်း စာမေးပွဲကြီး ပြီးနောက် ကျောက်စိမ်းတောင်ထွတ်မှ အမျိုးသမီး ဂိုဏ်းသားများ သူ့အပေါ် ထားရှိသော အမြင် လုံးဝ ပြောင်းလဲသွားပြီ ဖြစ်ပြီး အားလုံးက ယဉ်ကျေးစွာ ပြန်လည် နှုတ်ဆက်ကြသည်။

"မင်းရဲ့ ကျင့်ကြံမှု တိုးတက်လာတာ မြန်လိုက်တာ။ ဒီလောက် မြန်မြန်နဲ့ ချီသန့်စင်ခြင်း ပြည့်စုံတဲ့အဆင့် ရောက်နေပြီပေါ့။ ထောင်ချောက် တောင်တန်း ကို အခြေတည်ပစ္စည်းတွေ သွားရှာမလို့လား။"

ချင်းလန် မေးလိုကလေသလေ။

စုချန် ဘာမှ ဖုံးကွယ်မထားဘဲ ခေါင်းညိတ်လိုက်ပြီး ပြန်မေးလိုက်သည်။ "ဂိုဏ်းတူအစ်မ ချင်းလန် က ကျောက်စိမ်းတောင်ထွတ် ကိစ္စတွေကို တာဝန်ယူထားရတာ မဟုတ်ဘူးလား ။ ဘယ်လိုလုပ် ဒီခရီးစဉ်မှာ အဖွဲ့ခေါင်းဆောင် လိုက်လုပ်ဖို့ အချိန်ရတာလဲ။"

"ဂိုဏ်းတာဝန် တစ်ခု ရှိလို့ပါ ။ ပြီးတော့ ဂိုဏ်းတူအစ်မ ယွဲ့ မှာလိုက်တဲ့ ကိစ္စလည်း ပါတယ်။ မကြာသေးမီက ထောင်ချောက် တောင်တန်း မှာ ထူးဆန်းတဲ့ အလင်းရောင်တွေ ပေါ်လာတယ်လို့ ကြားတယ် ။ ရတနာကြီး တစ်ခုခု ပေါ်ထွက်လာဖို့ ရှိလောက်တယ်။ တိုက်တိုက်ဆိုင်ဆိုင် ချူးရန် လည်း အခြေတည်ပစ္စည်း တချို့ လိုနေသေးတာနဲ့ သူ့ကိုပါ တစ်ခါတည်း ခေါ်လာတာ။"

ချင်းလန် အကျဉ်းချုပ် ရှင်းပြလိုက်၏။

သို့သော် ဂိုဏ်းတာဝန်နှင့် ပတ်သက်နေသဖြင့် သူမ အများကြီး ထုတ်မပြောနိုင်ဘဲ ဒီလိုပဲ ဆက်ပြောလိုက်သည်။

"ထောင်ချောက် တောင်တန်း လျှို့ဝှက်နယ်မြေ အခြေအနေက ရှုပ်ထွေးတယ်။ ငါတို့ ဂိုဏ်းသားတွေ အပြင် အခြား မသေမျိုးဂိုဏ်းတွေက ဂိုဏ်းသားတွေ သတင်းကြားလို့ ရောက်လာကြတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတွေ အများကြီး ရှိလိမ့်မယ်။ လူပေါင်းစုံ ရောနှောနေမှာ။ မင်းက လင်းဝမ်အာ ကို စော်ကားမိထားပြီ ဆိုတော့ နောက်ပိုင်း ငါတို့နဲ့ပဲ လိုက်ခဲ့လိုက်ပါ။ တစ်ယောက်နဲ့ တစ်ယောက် စောင့်ရှောက်လို့ ရတာပေါ့။"

ချင်းလန် က အဖွဲ့ဖွဲ့ဖို့ ဦးဆောင် ကမ်းလှမ်းလိုက်သည်။

သူမ ချင်းယန်တောင်ထိပ် ဂိုဏ်းသားများကို စော်ကားမိထားပြီး ယခု လင်းဝမ်အာ နှင့်လည်း ထိပ်တိုက်တွေ့ထားသဖြင့် မလွဲမသွေ ပစ်မှတ်ထားခံရမည်ကို ကောင်းကောင်း သိသည်။ ဒီအခြေအနေအောက်မှာ သူမ ကူညီချင်နေတာ ထင်ရှားသည်။

စေတနာနှင့် ကမ်းလှမ်းမှု ဖြစ်သဖြင့် စုချန် မငြင်းပယ်ဘဲ ခေါင်းညိတ်လိုက်သည်။

သူတို့နှစ်ဦး စကားပြောနေစဉ် လေသင်္ဘောသည် တောင်များနှင့် မြစ်များကို ဖြတ်ကျော်လာခဲ့ပြီ ဖြစ်သည်။ ရှေ့မှ တိမ်နှင့် မြူခိုးများ ကွဲပြယ်သွားပြီး အဝေးတွင် ပန်းရောင် အလင်းတန်းများ ပေါ်ထွက်လာသည်။

သူတို့သည် ချင်းကျိုး နယ်စပ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ထိုနေရာတွင် နာမည်ကြီးသော ထောင်ချောက် တောင်တန်း တည်ရှိသည်။

ဟန်တွမ်း တောင်တန်း အလယ်ဗဟိုတွင် တည်ရှိပြီး မြင့်မားသော တောင်ထွတ်များ ရုတ်တရက် နိမ့်ဆင်းသွားကာ ကုန်းမြင့် ချိုင့်ဝှမ်းကြီး တစ်ခု ဖြစ်ပေါ်နေသည်။ မတ်စောက်သော နှင်းဖုံးတောင်များ ဝန်းရံထားပြီး အတွင်းပိုင်းတွင် စိမ်းလန်းစိုပြေကာ ဆန်းကြယ်သော အရှိန်အဝါများ ပြည့်နှက်နေသည်။

တောင်ထိပ် အထက်တွင် ပိုးဖဲကြိုးများကဲ့သို့ ရောင်စုံ အလင်းတန်းများ ပေါ်ထွက်နေပြီး အာရုံဖမ်းစားနေသည်။

"ဒါ ထောင်ချောက် တောင်တန်း လျှို့ဝှက်နယ်မြေ ပေါ့။ အဆင်းအရောင်စုံလင်ပြီး ခမ်းနားလိုက်တာ။ တကယ် ရှားပါးတဲ့ ကောင်းချီးပေးခံထားရတဲ့ မြေပဲ။"

"ဒါပေမဲ့ ဒီလို ထူးခြားတဲ့ ဖြစ်စဉ်မျိုးက လူအများကြီးကို ဆွဲဆောင်သင့်တာ ဘာလို့ အောက်မှာ ကျင့်ကြံသူ တစ်ယောက်မှ မတွေ့ရတာလဲ။"

စုချန် အောက်သို့ ငုံ့ကြည့်လိုက်ရာ တောင်တန်းများကို မြူခိုးများ ဖုံးလွှမ်းထားသဖြင့် မြင်ကွင်းကို ကွယ်နေသည်။

မှော်စွမ်းအင် အသုံးပြုကြည့်သော်လည်း ကျင့်ကြံသူများ၏ အရှိန်အဝါ အနည်းအကျဥ်းမျှကို မတွေ့ရှိရပေ။

သေချာပေါက် ပုံမှန် မဟုတ်ပေ။

လျှို့ဝှက်နယ်မြေ ပွင့်လာတာနဲ့အမျှ ဂိုဏ်းအသီးသီးမှ ဂိုဏ်းသားများနှင့် တစ်ကိုယ်တော် ကျင့်ကြံသူများ ဒီနေရာမှာ တဖြည်းဖြည်း လာစုဝေးသင့်တယ်။ လမ်းတစ်လျှောက်မှာ အခြား ကျင့်ကြံသူ တချို့ကို တွေ့ခဲ့ရပေမယ့် ထောင်ချောက် တောင်တန်း ဧရိယာထဲ ဝင်လိုက်တာနဲ့ တစ်ယောက်မှ မတွေ့ရတော့ဘူး။

ဒါ သိပ်ထူးဆန်းတယ်။

ထိုအချိန်တွင် စုချန် ရင်ခွင်ထဲရှိ ချီလင် ကျောက်စိမ်းဆွဲပြား ပြင်းထန်စွာ တုန်ခါလာပြီး သူ့ကို သတိပေး နှိုးဆော်နေသကဲ့သို့ ဖြစ်နေသည်။

ဒါ အန္တရာယ်ရှိတဲ့ လက္ခဏာပဲ။

"သတိထား။"

သူ သတိပေး စကား ဆိုလိုက်သည်။

သူ စကားပြောလိုက်သည်နှင့် တပြိုင်နက်နီးပါး ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လေထဲရှိ လေသင်္ဘောသည် တောင်နံရံ တစ်ခုကို ဝင်တိုက်မိသကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားသည်။

လေသင်္ဘော ပဲ့ပိုင်း ဘက်မှ မီးတောက်များ ပေါက်ကွဲထွက်ပေါ်လာပြီး စူးရှသော အော်ဟစ်သံများ ပါလာသည်။

"ရန်သူ။ရန်သူ။ ဒါ ခြုံခို တိုက်ခိုက်မှုပဲ။"

"မိစ္ဆာဂိုဏ်း သူလျှိုက သင်္ဘောပေါ် ခိုးဝင်လာတယ် ။ လူတိုင်း သတိထားကြ။"

အာမေဋိတ် အသံများ ဆူညံသွားပြီး မကြာမီ စုချန် အပြာရောင် အလင်းတန်း တစ်ခု လက်ခနဲ ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။ ကြီးမားသော အကာအကွယ် တစ်ခုက တိမ်တိုက် လေသင်္ဘော ကို လွှမ်းခြုံထားလိုက်သည်။ တစ်စုံတစ်ယောက်က သင်္ဘော၏ ကာကွယ်ရေး အစီအရင်ကို ဖွင့်လိုက်ခြင်း ဖြစ်သည်။

သို့သော် မကြာမီ ဤအစီအရင် အလင်းတန်း စုတ်ပြဲသွားသည်။

လောင်ကျွမ်းနေသော မြှားတစ်စင်းသည် ကြယ်တံခွန်ကြွေကဲ့သို့ ကောင်းကင်သို့ ပျံတက်လာပြီး လေသင်္ဘောကို ဝင်ဆောင့်လိုက်သည်။ တစ်ခဏအတွင်း ကမ္ဘာမြေကြီး တုန်ခါသွားပြီး သင်္ဘောပေါ်ရှိ အစီအရင်များ တစ်ခုပြီးတစ်ခု ပြိုလဲပျက်စီးကုန်သည်။

ကြီးမားသော လေသင်္ဘောကြီးကို မြှားက တိုက်ရိုက် ထိုးဖောက်သွားပြီး ပေါက်ကွဲသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

"နေမင်းကို ပစ်ချပြီး ကောင်းကင်ကို ဖောက်ထွင်းသော မြှား။"

"မကောင်းတော့ဘူး။ မြန်မြန် ဓားပျံစီးပြီး လေထဲပျံတက်ကြ။"

လေသင်္ဘော ပေါက်ကွဲသွားသည်နှင့် မှော်အလင်းတန်း တစ်ဒါဇင်ကျော် ကောင်းကင်သို့ ပျံတက်သွားကြသည်။

ဂိုဏ်းတူအစ်ကို၊အစ်မများမှာ ဓားထိန်းချုပ်နိုင်သော်လည်း ကျန်ရှိနေသော ဂိုဏ်းသားငယ်များက မတတ်နိုင်ကြပေ။ သူတို့သည် မှော်ပညာသုံးပြီး လေကိုစီးကာ မနည်း ထိန်းထားရပြီး သူတို့ခန္ဓာကိုယ်များ ခဏအတွင်း အောက်သို့ ပြုတ်ကျသွားကြသည်။

တစ်ချိန်တည်းမှာပင် ထောင်ချောက် တောင်တန်း မှ မိစ္ဆာစွမ်းအင် တိမ်တိုက်ကြီး တစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ပြုတ်ကျလာသော ဂိုဏ်းသားများ၏ ပုံရိပ်များကို ဝါးမြိုလိုက်သည်။

ဒါ ထောင်ချောက်ပဲ။

ဒါက ထောင်ချောက် တောင်တန်း ကို ရတနာ လာရှာတဲ့ ကျင့်ကြံသူ အားလုံးအတွက် ထောင်ချောက်ပဲ။

ကြည်လင်ပြတ်သားသော ဇီသာတူရိယာ တီးခတ်သံ တစ်သံ ထွက်ပေါ်လာပြီး စုချန် သူ့ခန္ဓာကိုယ် ပေါ့ပါးသွားသည်ကို ခံစားလိုက်ရသည်။ မှော်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ဂီတသံစဉ်များက သူ့ကို ဝန်းရံပြီး မ,ယူ ပင့်တင်ပေးလိုက်သည်။ ကျောက်စိမ်းတောင်ထွတ်မှ အမျိုးသမီး ဂိုဏ်းသားများက ချင်းလန် ကို ဝန်းရံထားကြသည်။

သူမက အသံလှိုင်းများကို အကာအကွယ် အဖြစ် အသုံးပြုပြီး လူတိုင်းကို မသိမသာ ကာကွယ်ပေးထားလိုက်သည်။

အခြား ဂိုဏ်းတူအစ်ကိုများလည်း ဓားပျံများကို စီးနင်းပြီး တစ်ယောက်ချင်းစီက သူတို့နှင့် ရင်းနှီးသော ဂိုဏ်းသား အနည်းငယ်ကို ကာကွယ်ပေးထားကြသည်။ အဆက်အသွယ် မရှိ၊ ကျောထောက်နောက်ခံ မရှိသော ကံဆိုးသူများ အနေဖြင့်မူ ကံတရား အတိုင်းသာ လွှတ်ထားရတော့သည်။

ထိုအချိန်တွင် အောက်ဘက်ရှိ လိမ့်တက်နေသော မိစ္ဆာမီးခိုးငွေ့များကြားမှ ပုံရိပ် ဒါဇင်ပေါင်းများစွာ ထွက်ပေါ်လာသည်။

ခေါင်းဆောင်ဖြစ်သူသည် အရိုးဖြူ ကျောက်စိမ်းသရဖူ ဆောင်းထားပြီး အေးစက်တင်းမာသော မျက်နှာထား ရှိကာ သွေးရောင် အလံတံခွန် တစ်ခုကို ကိုင်ဆောင်ထားသည်။ ဝှေ့ယမ်းလိုက်တိုင်း သရဲတစ္ဆေ ဝိညာဉ်များ အော်မြည်သံ ထွက်ပေါ်လာပြီး သရဲမီးတောက် အစုအဝေးများ ပြန့်ကျဲထွက်လာကာ လူအုပ်ကြီးဆီသို့ တိုးဝင်လာကြသည်။

"သတ်ကြ။"

အခန်း (၅၀) - မိစ္ဆာသစ်ပင်နှင့် မိစ္ဆာသန္ဓေသား

ဝုန်း။

လေထဲတွင် သရဲမီးတောက်များ ပေါက်ကွဲပြီး တစ္ဆေများ အော်မြည်သံက နားစည်ကို ကွဲမတတ် ဖြစ်စေသည်။

မီးခိုးငွေ့များ လှုပ်ရှားနေပြီး မိစ္ဆာ အရှိန်အဝါများ တိုးဝင်လာသည်။ လေထဲတွင် ရှိနေသော လူတိုင်း၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ သူတို့သည် မိစ္ဆာစွမ်းအင်များ၏ သက်ရောက်မှုကို ခံလိုက်ရပြီး သူတို့၏ မှော်စွမ်းအင် လှည့်ပတ်စီးဆင်းမှုမှာ ချောမွေ့ခြင်း မရှိတော့ပေ။

စုချန်ကတော့ ဘာမှ မဖြစ်သကဲ့သို့ တည်ငြိမ်နေသည်။

ဓားသင်္ချိုင်းထဲက ဓားစွမ်းအင်က ဒီထက်ပိုပြီး ပြင်းထန်တာတောင် သူ အသုံးချ နိုင်ခဲ့တာ ဒီအဆင့် ယင်ဓာတ် လောက်ကတော့ ပြောနေစရာတောင် မလိုပေ။

"အရိုးဖြူ ကျင့်ကြံသူ၊ ယင်ဝိညာဉ် အလံတံခွန်။ ရောက်လာတာ အရိုးဖြူ မိစ္ဆာဂိုဏ်း ရဲ့ အမွေခံ သားတော် ပဲ။"

ချင်းလန် လေးနက်သော အကြည့်ဖြင့် ပြောလိုက်သည်။

မိစ္ဆာလမ်းစဉ် ခြောက်ဂိုဏ်းတို့သည် တစ်ဂိုဏ်းချင်းစီတွင် အမွေခံ သားတော် တစ်ပါးစီ ရှိကြပြီး သူတို့၏ အဆင့်အတန်းနှင့် ရာထူးသည် ရှုတောင် အမွေခံ ဂိုဏ်းသားများ နှင့် တန်းတူ ဖြစ်ကာ အင်အားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းသည်။

ဒီ အရိုးဖြူ ကျင့်ကြံသူ သည် ခြောက်ဂိုဏ်းထဲတွင် အားအနည်းဆုံးဟု သတ်မှတ်ခံထားရသည်။

သို့သော် သူသည်လည်း အခြေတည်အဆင့် နှောင်းပိုင်း အင်အားကို ပိုင်ဆိုင်ထားသည်။

သူ့မိစ္ဆာသိုင်းပညာများသည် ကမ္ဘာမြေကြီးကို တုန်ခါစေနိုင်ပြီး လက်ထဲမှ ယင်ဝိညာဉ် အလံတံခွန် သည် အလွန် ရက်စက်ကြမ်းကြုတ်သော မိစ္ဆာမှော်ပစ္စည်း ဖြစ်သည်။ လူသတ်လေ၊ ပိုမို အားကောင်းလေ ဖြစ်သည်။ သာမာန် အခြေတည်အဆင့် နှောင်းပိုင်း ကျင့်ကြံသူများသည် သူ့ပြိုင်ဘက် မဟုတ်ပေ။

သူ့အပြင် ယခု အလစ်ဝင်တိုက်ရာတွင် ပါဝင်သော အခြေတည်အဆင့် မိစ္ဆာကျင့်ကြံသူ ၂၀ ကျော်လည်း ရှိနေသေးသည်။

ကြိုတင်ကြံစည်ထားသော တိုက်ခိုက်မှု ဖြစ်သဖြင့် အငိုက်မိသွားသော ဂိုဏ်းသားငယ်တို့မှာ ဒါဇင်ပေါင်းများစွာ ချက်ချင်း သေဆုံးသွားသည်။ အချို့သော ဂိုဏ်းတူအစ်ကိုများမှာပင် ထိခိုက်သေဆုံးမှုများ ရှိသည်။

"တောက်။ ထောင်ချောက် တောင်တန်း က ထူးဆန်းတဲ့ အလင်းရောင်တွေက မိစ္ဆာဂိုဏ်းရဲ့ လက်ချက် ဖြစ်လောက်တယ်။ ငါတို့ ကျင့်ကြံရေးဂိုဏ်းသားတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ထောင်ချောက်ဆင်ထားတာ။"

ချင်းလန် သူမ၏ ဇီသာကြိုးများကို တီးခတ်လိုက်ရာ အသံလှိုင်းများသည် ထက်ရှသော ဓားသွားများအဖြစ် ပြောင်းလဲသွားပြီး သရဲမီးတောက်များကို ငြိမ်းသတ်လိုက်သည်။

ထို့နောက် သူမက ချူးရန်၊ စုချန်နှင့် အခြားသူများကို ကြည့်ပြီး ပြောလိုက်သည်။ "မင်းတို့ ကျင့်ကြံမှုအဆင့်က နိမ့်လွန်းတယ်။ ဒီမှာ ကူညီပေးလို့ မရဘူး။ အပြင်ကို ထိုးဖောက်ထွက်ပြီး ဂိုဏ်းဆီ အကူအညီတောင်းဖို့ သတင်းပို့လိုက်။"

"ကောင်းပြီ။"

စုချန်က အသေးအဖွဲ ကိစ္စများအတွက် စောဒက တက်နေမည့်သူ မဟုတ်ပေ။

ဒီလို အဆင့်ရှိတဲ့ တိုက်ပွဲမှာ သူက တကယ်ပဲ အသုံးဝင်မှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီနေရာက ရှုတောင် လွှမ်းမိုးမှု ဧရိယာထဲမှာ ရှိနေသေးတယ်။ မိစ္ဆာစွမ်းအင် အစီအရင်ထဲကနေ လွတ်မြောက်ပြီး အကူအညီတောင်းခံတဲ့ အချက်ပြ ပို့လိုက်တာနဲ့ ဂိုဏ်းက ကျွမ်းကျင်သူတွေ အမြန် ရောက်လာမှာ။

သို့သော်။

သူ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် မြွေတစ်ကောင်ကဲ့သို့ ရှည်လျားသော ကြာပွတ်တစ်ချောင်းက သူ့လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

လင်းဝမ်အာ ကျက်သရေရှိစွာ ဆင်းသက်လိုက်ပြီး သူမခန္ဓာကိုယ်မှ တောက်ပသော အလင်းရောင်များ ဖြာထွက်နေကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ရှေ့မှာ ဒီလို အားကောင်းတဲ့ ရန်သူ ရှိနေတာတောင် မင်းက တိုက်ပွဲကို ကျောခိုင်းပြီး ထွက်ပြေးရဲတယ်ပေါ့။ အားလုံး တိုက်ကြ။ မိစ္ဆာကျင့်ကြံသူတွေရဲ့ အင်အားကို ဖြုန်းတီးပစ်ကြ။ ငါတို့ စည်းလုံးရင် သေချာပေါက် နိုင်မှာ။"

စကားပြောရင်း သူမနောက်ကျောမှ အမြုတေ ပေါ်လာပြီး ရတနာအိတ် တစ်လုံးကဲ့သို့ ဖြစ်နေကာ ၎င်းထဲမှ မှော်ပစ္စည်းများနှင့် ရတနာ ၁၀ ခုကျော် ပျံထွက်လာပြီး ထိုနေရာရှိ ဂိုဏ်းသားငယ်များကို ရှေ့တက်တိုက်ခိုက်ရန် အတင်းအကျပ် ဖိအားပေးလိုက်သည်။

ဒီမိန်းမက တကယ် ရူးနေပြီ။ ဂိုဏ်းသားငယ်တွေကို တိုက်ပွဲထဲ ဝင်ပြီး အသေခံခိုင်းနေတယ်။

ဒါက အရိုးဖြူ ကျင့်ကြံသူ ရဲ့ မှော်စွမ်းအင်တွေကို ကုန်ခမ်းသွားစေပြီး သူမ လှုပ်ရှားဖို့ အခွင့်အရေး ရအောင် ဖန်တီးချင်ရုံ သက်သက်ပဲ။

ဒီမိန်းမက အခွင့်ကောင်းယူပြီး သူ့ကို လက်စားချေချင်နေမှန်း စုချန် သိလိုက်သည်။

ဒီလို ပိတ်ဆို့မှုကြောင့် သူ ထွက်ပြေးမည့် အခွင့်အရေး ဆုံးရှုံးသွားသည်။ မိစ္ဆာမီးခိုးငွေ့များ အများအပြား လှုပ်ရှားလာပြီး မိစ္ဆာကျင့်ကြံသူများ ပိုမို စုဝေးရောက်ရှိလာကြသည်။ စုချန် နာကျည်းစွာ အံကြိတ်လိုက်ရုံသာ တတ်နိုင်တော့သည်။ သူ လှည့်ပြီး ဓားကို ဆွဲထုတ်ကာ သူ့ဆီ ပြေးဝင်လာသော မိစ္ဆာကျင့်ကြံသူ တစ်ဦး၏ ခန္ဓာကိုယ်ကို ထိုးဖောက်လိုက်သည်။

"သတ်။"

ဒီသေရေးရှင်ရေး တိုက်ပွဲတွင် စုချန် ဘာကိုမှ ချန်မထားတော့ပေ။ သူ့တစ်ကိုယ်လုံးတွင် မှော်စွမ်းအင်များနှင့် ဓားစွမ်းအင်များ လှုပ်ရှားနေပြီး ဓားဆန္ဒ အပြည့်အဝ ထုတ်သုံးလိုက်သည်။

ဓားစွမ်းအင်သည် မီးတောက်ကဲ့သို့ ဖြစ်နေပြီး ပတ်ဝန်းကျင်ရှိ ယင်ဓာတ်များကို ထိုးဖောက်ဖြတ်သန်းသွားသည်။ စွမ်းအင်ကို အသုံးပြု၍ ဓားကို ထိန်းချုပ်ကာ လေထဲတွင် ဖြတ်သန်းတိုက်ခိုက်လိုက်သည်။

အဝေးမှနေ၍ ဤအရာကို မြင်လိုက်ရသော ချင်းလန် အံ့သြသွားသည်။ စုချန်က ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံမှုလောက်နဲ့ ဓားစီးပျံသန်းနိုင်တယ်ပေါ့။ ဒီကောင်လေးမှာ လျှို့ဝှက်ချက်တွေ ဘယ်နှခုလောက်များ ရှိနေသေးတာလဲ။

ဒါပေမဲ့ ဒါက အကောင်းဆုံးပဲ။ အနည်းဆုံးတော့ စုချန် ဘေးကင်းနေပြီး သူမ အနေနဲ့ အရိုးဖြူ ကျင့်ကြံသူ ကို တိုက်ခိုက်ဖို့ အပြည့်အဝ အာရုံစိုက်နိုင်တာပေါ့။

ရွှမ်း—

လေတိုးသံ တစ်ချက်နှင့်အတူ မည်းနက်သော ရွှေရောင်အလင်းတန်း တစ်ခု စုချန်၏ လက်အင်္ကျီစထဲမှ ပျံထွက်လာပြီး မြွေတစ်ကောင်ကဲ့သို့ ရစ်ပတ်ကာ အခြေတည်အဆင့် မိစ္ဆာကျင့်ကြံသူ တစ်ဦးကို ချက်ချင်း ဖမ်းချုပ်လိုက်သည်။

ထိုလူ ကြောက်လန့်သွားပြီး သူ့မှော်စွမ်းအင်များ ချုပ်နှောင်ခံလိုက်ရသဖြင့် ခန္ဓာကိုယ် အလိုအလျောက် အောက်သို့ ပြုတ်ကျသွားသည်။

စုချန် အခွင့်အရေးကို အသုံးချပြီး နောက်ထပ် ဓားချက်တစ်ချက် ထုတ်လိုက်ရာ သွေးများ ကောင်းကင်သို့ ပန်းထွက်သွားပြီး ခေါင်းပြတ်သွားသည်။

" မဟူရာရွှေကြိုး။ ဘယ်လိုလုပ် မင်းလက်ထဲ ရောက်နေတာလဲ။"

လေထဲရှိ အရိုးဖြူ ကျင့်ကြံသူ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး လက်ကိုမြှောက်ကာ ဆုပ်ကိုင်လိုက်ရာ သူ့မှော်စွမ်းအင်များက အရိုးဖြူ သရဲလက်သည်း တစ်ခုအဖြစ် စုစည်းသွားပြီး ပတ်ဝန်းကျင် လေထုကို ချက်ချင်း ချေမှုန်းပစ်လိုက်သည်။

စုချန် သူ့ခန္ဓာကိုယ် တောင့်တင်းသွားသည်ကို ခံစားလိုက်ရပြီး အေးစက်သော အရှိန်အဝါက သူ့ဆီသို့ တိုးဝင်လာသည်။ ဧရာမ အရိုးဖြူ လက်သည်းကြီး ပြုတ်ကျလာရာ သူ ဓားကို အမြန် ဝှေ့ယမ်းလိုက်သည်။ လိမ့်တက်နေသော မီးတောက်များ ပေါက်ကွဲထွက်ပေါ်လာပြီး သူ့ဓားချက်က တားဆီး၍ မရနိုင်လောက်အောင် ဖြစ်နေသည်။ အရိုးဖြူများကို ရိုက်ခတ်လိုက်ပြီး လက်ချောင်းရိုး တစ်ချောင်းကို နှစ်ပိုင်း ပြတ်သွားစေသည်။

သို့သော် ပြင်းထန်သော ရိုက်ခတ်မှုကြောင့် သူကိုယ်တိုင်လည်း အောက်သို့ လွင့်စဉ်သွားသည်။

"မင်းမှာ စွမ်းရည်တချို့ ရှိပေမဲ့ မင်းက ပုရွက်ဆိတ် တစ်ကောင်သာသာ ပါပဲကွာ။"

အရိုးဖြူ ကျင့်ကြံသူ မထီမဲ့မြင် ပြုံးလိုက်ပြီး လက်အင်္ကျီစကို ထပ်မံ ဝှေ့ယမ်းလိုက်ရာ သရဲမီးတောက် အစုအဝေးများ စုချန်ဆီသို့ ဟိန်းဟောက်ဝင်ရောက်လာသည်။ သူ ထပ်မံ မတိုက်ခိုက်မီ ချင်းလန်နှင့် အခြား ဂိုဏ်းတူအစ်ကိုများ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။ အရိုးဖြူ ကျင့်ကြံသူ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး စုချန်ကို ဂရုမစိုက်နိုင်တော့ပေ။

"ငါ မင်းတို့ အကုန်လုံးကို အရင် သတ်ပစ်မယ်။"

တစ်ချိန်တည်းမှာပင် သရဲမီးတောက်များ ဆက်တိုက် တိုက်ခိုက်လာသဖြင့် စုချန် ဓားစီးပြီး လေထဲသို့ ပျံတက်ကာ အဆက်မပြတ် ရှောင်တိမ်းနေရသည်။

အနောက်ဘက်တွင် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေသည်။

ထိုအချိန်တွင် အောက်ဘက်မှ ရုတ်တရက် တုန်ခါမှု တစ်ခုကို သူ ခံစားလိုက်ရပြီး လိမ့်တက်နေသော မိစ္ဆာစွမ်းအင်များ အတွင်းမှ တစ်စုံတစ်ရာ နိုးထလာသကဲ့သို့ ဖြစ်နေသည်။

အားကောင်းသော စုပ်ယူအား တစ်ခုက သူ့ကို အောက်သို့ ဆွဲချလိုက်သည်။

သူ့ အင်္ကျီထဲရှိ ချီလင် ကျောက်စိမ်းဆွဲပြားမှာ တောက်ပလာပြီး အဖြူရောင် အလင်းတန်း အဖြစ် ပြောင်းလဲကာ ပျံထွက်သွားသည်။

စုချန် မတွေဝေဘဲ ဓားပျံစီး၍ အမြန် လိုက်သွားလိုက်သည်။ ချီလင် ကျောက်စိမ်းဆွဲပြား က ကံကောင်းစေပြီး မိစ္ဆာ ဖယ်ရှားပေးနိုင်တာမို့ သူ့နောက်လိုက်တာ သေချာပေါက် မှန်ကန်တဲ့ လုပ်ရပ်ပဲ။

သူ ၁၀ ပေခန့်သာ ပျံသန်းရသေးသည် ။ အနောက်ဘက်တွင် သရဲမီးတောက်များ ပေါက်ကွဲသံ ကြားလိုက်ရသည်။ ကြီးမားသော မိစ္ဆာလက်တံ တစ်ခုက ရိုက်ချလိုက်ရာ သူ သီသီလေး လွတ်သွားသည်။ ထိုအချိန်တွင် ကောင်းကင်ရှိ တိမ်တိုက်များ လှုပ်ရှားလာပြီး မိုးကြိုးတိမ်တိုက် တစ်ခုအဖြစ် စုစည်းသွားသည်။ ရှူးကနဲ အသံနှင့်အတူ လျှပ်စီးကြောင်းများ ပစ်ချလိုက်ရာ မိစ္ဆာကောင်ကို နောက်ပြန်ဆုတ်သွားစေသည်။

"အဲဒါ ဘာလဲ။"

စုချန် အလွန် အံ့သြသွားပြီး မိစ္ဆာစွမ်းအင်များနှင့် မီးခိုးများ စုဝေးနေသော တောင်ထိပ်တစ်ခုပေါ်သို့ ပျံဆင်းလိုက်သည်။

ထိုအခါမှ အောက်ဘက်ရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ထောင်ချောက် တောင်တန်း တစ်ခုလုံးကို မိစ္ဆာကျင့်ကြံသူများက သိမ်းပိုက်ထားပြီး ကြီးလေးသော အစီအရင် အမြောက်အမြား ချထားသည်။ မျက်စိတစ်ဆုံး မြင်ရသမျှမှာ မီးလောင်ကျွမ်းထားသော မြေနီများနှင့် သစ်ပင်ပန်းမန် မရှိသော တောင်ကတုံးများသာ ဖြစ်သည်။

အရိုးစုများ နေရာအနှံ့ ပြန့်ကျဲနေပြီး အချို့မှာ လူအရိုးများ ဖြစ်ကာ အချို့မှာ သားရဲအရိုးများ ဖြစ်ကြသည်။

သွေးရောင် အလင်းတန်းများ အရပ်မျက်နှာ အသီးသီးမှ ဆွဲထုတ်ခံနေရပြီး ချိုင့်ဝှမ်း အလယ်ဗဟိုသို့ စုဝေးရောက်ရှိနေသည်။ ထိုနေရာတွင် ဧရာမ မိစ္ဆာသစ်ပင်ကြီး တစ်ပင်သည် မျက်စိရှေမှောက်တွင်ပင် ကြီးထွားလာနေသည်။

သစ်ပင်ပင်စည်သည် လိမ်ကောက်နေပြီး အခေါင်းတလား တစ်လုံးနှင့် တူနေသည်။ အတွင်းထဲတွင် လူတစ်ယောက်၏ ပုံသဏ္ဍာန်ကို ဝေဝါးဝါး မြင်နေရသည်။ သူသည် သစ်ပင်ပင်စည်ထဲတွင် ထုပ်ပိုးခံထားရပြီး ချိုင့်ဝှမ်းထဲရှိ သက်ရှိသတ္တဝါများ၏ အသက်စွမ်းအင်များကို မိစ္ဆာသစ်ပင်၏ အမြစ်များမှတဆင့် အဆက်မပြတ် စုပ်ယူနေသည်။

လူသား ကျင့်ကြံသူ အများအပြားသည် သစ်မြစ်များ၏ ရစ်ပတ်ခြင်းကို ခံထားရပြီး ရုန်းကန်ကာ ငိုကြွေးနေကြသည်။

သစ်ပင်အောက်တွင် မရေမတွက်နိုင်သော အရိုးများ ပုံနေပြီး အမျိုးမျိုးသော မှော်ပစ္စည်းများနှင့် လက်နက်များ မြေပြင်အနှံ့ ပြန့်ကျဲနေသည်။

အသက်စွမ်းအင်နှင့် သွေးအဆီအနှစ် အမြောက်အမြား ဝင်ရောက်လာသည်နှင့်အမျှ မိစ္ဆာသစ်ပင်ထဲရှိ လူပုံသဏ္ဍာန်သည် ပိုမို ရှင်းလင်းလာပြီး သားအိမ်ထဲတွင် ကြီးထွားနေသော ကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်လာကာ မိစ္ဆာစွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်နေသည်။

"မိစ္ဆာကျင့်ကြံသူတွေမှာ မိစ္ဆာသန္ဓေသား ကို သန္ဓေတည်စေပြီး ပြန်လည်မွေးဖွားစေနိုင်တဲ့ ယုတ်မာတဲ့ နည်းလမ်းတွေ ရှိတယ်လို့ ငါကြားဖူးတယ်။ ဒီမိစ္ဆာသစ်ပင်က မိစ္ဆာသန္ဓေသားကို သန္ဓေတည်နေတာ ဖြစ်လောက်တယ်"။

စုချန် မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။

ဒီခရီးစဉ်က ဂိုဏ်းတာဝန် ထမ်းဆောင်ဖို့လို့ ချင်းလန် ပြောခဲ့တာကို သူ ပြန်သတိရလိုက်သည်။

ဒီမိစ္ဆာသစ်ပင်ထဲက မိစ္ဆာသန္ဓေသား အတွက် ဖြစ်နိုင်မလား။

ကံမကောင်းစွာဖြင့် မိစ္ဆာဂိုဏ်းက ကြိုတင် ပြင်ဆင်ထားပြီး အရပ်ရပ်မှ ကျင့်ကြံသူများကို လုပ်ကြံသတ်ဖြတ်ရန် အစီအရင်ကြီး တစ်ခုကို ကြိုတင် ချထားခဲ့ပုံရသည်။ မူလက ရတနာလာရှာသော သူများသည် မိစ္ဆာသန္ဓေသား မွေးဖွားရန်အတွက် အာဟာရများ ဖြစ်သွားကြသည်။

"ဒီမိစ္ဆာသန္ဓေသားက ကြောက်စရာ ကောင်းလိုက်တာ။ ကျင့်ကြံသူတွေနဲ့ မိစ္ဆာသားရဲတွေ အများကြီးရဲ့ သွေးအဆီအနှစ်တွေကို စုပ်ယူထားတာ။ မွေးဖွားလာရင် အကျိုးဆက်တွေက တွေးရဲစရာတောင် မရှိဘူး။”

စုချန် မျက်မှောင်ကြုတ်လိုက်သည်။

ထိုအချိန်တွင် ချီလင် ကျောက်စိမ်းဆွဲပြားမှ အသွင်ပြောင်းလဲထားသော ခွေးဖြူလေးသည် မိစ္ဆာသစ်ပင်ဆီသို့ တန်းတန်းမတ်မတ် ပြေးသွားနေသည်ကို သူ တွေ့လိုက်ရသည်။

ဒီအကောင်က ကံကောင်းစေပြီး မိစ္ဆာ ဖယ်ရှားပေးရမှာ မဟုတ်ဘူးလား။

ဘာလို့ တမင်သက်သက် သွားသေချင်နေရသနည်း။

စုချန် ခဏမျှ တွန့်ဆုတ်နေသည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်ထဲ၌ အိပ်ပျော်နေသော ဧရာမ သားရဲကြီး နိုးထလာသကဲ့သို့ ဖြစ်ပြီး ဆာလောင်မွတ်သိပ်နေသည့်အလား သူ့ထံ အချက်ပြလိုက်သည်။

ဒီမိစ္ဆာသန္ဓေသားက ငါ့အတွက် အသုံးဝင်နေတာများလား။

သူ ထိုသို့ တွေးနေစဉ်။

ရုတ်တရက် မိုးကြိုးသံ တစ်ချက် ထွက်ပေါ်လာပြီး ကောင်းကင်တွင် မိုးကြိုးတိမ်တိုက်များ လှုပ်ရှားလာကာ လျှပ်စီးတိုင်ကြီး တစ်ခုအဖြစ် ပြောင်းလဲပြီး မိစ္ဆာသစ်ပင်ကို ဝင်ပစ်လိုက်သည်။

မိစ္ဆာသန္ဓေသားမှာ ပုံဖော်ခါနီးပြီ ဖြစ်၍ မိုးမြေကပ်ဘေး ကို မမျှော်လင့်ဘဲ ဆွဲဆောင်မိ‌နေခြင်း ဖြစ်သည်ပင် ။

All Chapters