← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁) - ပန်းသုံးပွင့် မိုးကြိုးသစ်သား

ဝုန်း။

အသံတိုးတိုးဖြင့် မိုးကြိုးသံတစ်ချက်က ချိုင့်ဝှမ်းတစ်ခုလုံး ပဲ့တင်ထပ်သွားပြီး ကောင်းကင်တွင် လျှပ်စီးကြောင်းများ လက်ခနဲ ဖြစ်သွားကာ ကျောချမ်းဖွယ် လေထုတစ်ရပ် လွှမ်းခြုံသွားသည်။

ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားသည် ယှဉ်နိုင်စွမ်း မရှိအောင် ကြောက်မက်ဖွယ် ကောင်းသည်။

ငွေရောင် လျှပ်စီးတိုင်ကြီးသည် မိစ္ဆာသစ်ပင်၏ ပင်စည်ကို တည့်တည့် ဝင်ပစ်လိုက်ရာ သစ်ကိုင်းများ ပြင်းထန်စွာ တုန်ခါသွားပြီး သစ်ခေါက်များ အချပ်လိုက် ကွာကျကုန်သည်။ သစ်မြစ်များနှင့် နွယ်ပင်များ တွန့်လိမ်သွားပြီး မရေမတွက်နိုင်သော အရိုးများနှင့် အသားများလည်း မည်းတူးသွားကြသည်။ အတွင်းထဲရှိ မိစ္ဆာသန္ဓေသားမှာ တောက်ပလာပြီး သစ်ပင်,ပင်စည် မျက်နှာပြင်ပေါ်တွင် နက်ပြာရောင် မိုးကြိုးလျှပ်စီး ပုံသဏ္ဍာန် တစ်ခု ကျန်ရစ်ခဲ့သည်။

"ပထမ မိုးကြိုးပစ်ချက်ကို သူ တကယ် တောင့်ခံလိုက်နိုင်တယ်။"

စုချန် အံ့သြသွားသည်။ ဒီမိစ္ဆာသစ်ပင်ထဲမှာ ကြီးပြင်းနေတဲ့ မိစ္ဆာသန္ဓေသားက သေချာပေါက် သာမာန် မဟုတ်ဘူး။

ကောင်းကင်ပြစ်ဒဏ် မိုးကြိုးဒဏ်ကိုတောင် ခံနိုင်တယ်။

"အကယ်၍ သူသာ အောင်အောင်မြင်မြင် မွေးဖွားလာခဲ့ရင် ဒီခေတ်ဒီအခါ ကျင့်ကြံရေးလောကမှာ ရှိတဲ့သူ ဘယ်သူမှ အသက်ရှင်နိုင်ဖို့ စိုးရိမ်မိတယ်။"

ထိုအချိန်တွင် ချီလင် ကျောက်စိမ်းဆွဲပြား သည် ကောင်းကင်မိုးကြိုး၏ ရိုက်ခတ်မှုကို ကြောက်ရွံ့သဖြင့် ပြန်လည် ပျံသန်းလာပြီး ဖြစ်သည်။

စုချန်၏ ကိုယ်တွင်းရှိဆာလောင်မှုသည် ပိုမို ပြင်းထန်လာသည်။

ထူးဆန်းပြီး ဆွဲဆောင်မှုရှိသော မွှေးရနံ့တစ်ခု လေထဲတွင် ပြည့်နှက်နေသည်။ သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်ရာ သူ့မှော်စွမ်းအင်များ လှိုင်းထလာပြီး သွေးများ ဆူပွက်လာသည်ကို ခံစားလိုက်ရသည်။

နောက်တစ်ခဏတွင် နောက်ထပ် လျှပ်စီးကြောင်း တစ်ခု ပစ်ချလိုက်သည်။ ဒုတိယ မိုးကြိုးကပ်ဘေး ရောက်ရှိလာပြီ ဖြစ်သည်။

မိစ္ဆာသစ်ပင် တုန်ခါသွားပြီး ဒုတိယ မိုးကြိုးကပ်ဘေးကို ပိတ်ဆို့လိုက်သည်။ ပင်စည် ကွဲအက်သွားပြီး ဒုတိယ မိုးကြိုးပုံသဏ္ဍာန် ကျန်ရစ်ခဲ့သည်။ အတွင်းထဲရှိ မိစ္ဆာသန္ဓေသားသည် မိုးကြိုးထိမှန်ပြီး သွေးရောင် မိစ္ဆာစွမ်းအင် အမြောက်အမြား လွင့်ပျောက်သွားသည်။

စုချန် သူ့ခန္ဓာကိုယ်ထဲရှိ ဆာလောင်မှု ပိုမို ပြင်းထန်လာသည်ကို ခံစားလိုက်ရသည်။

ဤမိစ္ဆာစွမ်းအင်များသည် မိစ္ဆာသစ်ပင် ဝါးမြိုစုပ်ယူထားသော ကျင့်ကြံသူများနှင့် မိစ္ဆာသားရဲများ၏ သွေးအဆီအနှစ်များမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သာမာန်လူများ စုပ်ယူ၍ မရနိုင်သော်လည်း သူ့ခန္ဓာကိုယ်ထဲရှိ ဧရာမ သားရဲကြီးက အာဟာရအဖြစ် အသုံးပြုပြီး အဆက်မပြတ် ဝါးမြိုနေသည်။

"ဒါဆို ငါ့ထဲမှာ အိပ်ပျော်နေတဲ့ စွမ်းအားက တကယ်ပဲ မိစ္ဆာ ဖြစ်နေတာလား။"

စုချန် နည်းနည်း ကြောက်သွားသည်။

"မိစ္ဆာစွမ်းအင်တွေကို အဆက်မပြတ် စုပ်ယူနေတာက ငါ့စိတ်နဲ့ မှော်စွမ်းအင်တွေကို ယိုယွင်းပျက်စီးစေပြီး ငါ့ကို မိစ္ဆာအဖြစ် ပြောင်းလဲသွားစေမလား။"

ကံကောင်းသည်မှာ ဤစွမ်းအားများ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီးနောက် တိုက်ရိုက် သန့်စင်ပြီး အသုံးချ ခံလိုက်ရသကဲ့သို့ ဖြစ်ကာ သူ့ကိုယ်ပိုင် မှော်စွမ်းအင် အဖြစ် ပြောင်းလဲသွားပြီး မည်သည့် မသက်မသာဖြစ်မှုကိုမျှ မဖြစ်ပေါ်စေပေ။

သူတို့ သတိမဝင်ခင်မှာပင် တတိယမြောက် လျှပ်စီးကြောင်း ပစ်ချလိုက်ပြန်သည်။

မိစ္ဆာသစ်ပင်သည် မိုးကြိုးနှစ်ချက် ဆက်တိုက် ထိမှန်ထားသဖြင့် ယခုအခါ လုံးဝ မီးကျွမ်းနေပြီး ပင်စည် ကွဲအက်ကာ အတွင်းထဲရှိ မိစ္ဆာသန္ဓေသား ပေါ်ထွက်နေပြီ ဖြစ်သည်။ ပြင်းထန်သော တိုက်ခိုက်မှုများကို ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့ကြောင်း ထင်ရှားသည်။

လိမ့်တက်နေသော မိစ္ဆာမီးခိုးငွေ့များကြားမှ ပုံရိပ် ဒါဇင်ပေါင်းများစွာ ပျံထွက်လာပြီး အစီအရင် အလင်းတန်းများကို အသုံးပြု၍ အကာအကွယ် အလွှာတစ်ခု ဖန်တီးကာ နောက်ဆုံး ကောင်းကင်မိုးကြိုးကို ပိတ်ဆို့ရန် ကြိုးစားလိုက်ကြသည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

အစီအရင်ကြီး ပြိုလဲသွားပြီး လျှပ်စီးများ တဖျပ်ဖျပ် လက်ကာ ကြောက်မက်ဖွယ် စွမ်းအားများ တည့်တည့် ပစ်ချလိုက်ရာ မိစ္ဆာကျင့်ကြံသူပေါင်းများစွာ ချက်ချင်း ပြာမှုန့်ဖြစ်သွားကြသည်။

လျှပ်စီးကြောင်းသည် မိစ္ဆာသစ်ပင်ကို ထိမှန်လိုက်ရာ ပင်စည် ပေါက်ကွဲထွက်သွားပြီး မီးတောက်များ လောင်ကျွမ်းသွားသည်။ အတွင်းထဲရှိ မိစ္ဆာသန္ဓေသားမှာ မီးကျွမ်းမည်းနက်သွားပြီး မိစ္ဆာစွမ်းအင်များ လွင့်ပျောက်သွားသည်။ သေလုမျောပါး ဖြစ်နေပြီး မီးတောက်များကြားတွင် အသက်ငင်နေရသည်။

ထိုအချိန်တွင် စုချန် မိစ္ဆာသစ်ပင် အလယ်ဗဟို၌ ဝိညာဉ်အလင်းရောင်များ တောက်ပနေသော ပြာလဲ့လဲ့ သစ်သားအနှစ် တစ်ပိုင်းကို တွေ့လိုက်ရသည် ။

ဒါက မိစ္ဆာသစ်ပင်ရဲ့ အနှစ်ပဲ။ ကောင်းကင်မိုးကြိုး သုံးကြိမ် ပစ်ခတ်ခံရပြီးနောက် ပန်းသုံးပွင့် စုစည်းသွားခြင်း ဖြစ်သည်။ ပြင်းထန်သော မီးတောက်များကြားတွင် မိစ္ဆာစွမ်းအင်နှင့် သွေးအဆီအနှစ် အမြောက်အမြားကို စုပ်ယူပြီးနောက် ရှားပါးသော ပန်းသုံးပွင့် မိုးကြိုးသစ်သား အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည် ။

ဒါ ရှားပါးပြီး တန်ဖိုးရှိတဲ့ ရတနာပဲ ။

ကိုယ့်ရဲ့ အခြေခံ တည်ဆောက်ဖို့အတွက် ဗဟိုချက် ပစ္စည်း အဖြစ် လုံးဝ အသုံးပြုလို့ ရတယ် ။

"ဒါက ချီလင် ကျောက်စိမ်းဆွဲပြား ညွှန်ပြနေတဲ့ ကောင်းချီးပေးခံရတဲ့ အခွင့်အရေး ပေါ့။"

စုချန် မျက်လုံးများ တောက်ပသွားသည်။

သူ ထောင်ချောက် တောင်တန်း လျှို့ဝှက်နယ်မြေကို လာတာ အခြေတည်ပစ္စည်း ရှာဖို့ပဲ မဟုတ်လား။

ထပ်မံ တွန့်ဆုတ်မနေတော့ဘဲ လက်ထဲတွင် ဓားကို ကိုင်လျက် ရှေ့သို့ ပြေးထွက်သွားသည်။ မဟူရာ ရွှေကြိုး သည် မြွေတစ်ကောင်ကဲ့သို့ တွန့်လိမ်ထွက်ပေါ်လာပြီး လောင်ကျွမ်းနေသော မိုးကြိုးအလယ်ဗဟိုသို့ တိုက်ရိုက် ရစ်ပတ်လိုက်သည်။

"ဘယ်သူလဲ။"

ကျန်ရှိနေသော မိစ္ဆာကျင့်ကြံသူ အနည်းငယ်သည် လိမ့်တက်နေသော မိစ္ဆာစွမ်းအင်များကြားတွင် အသက်ရှင်ကျန်ရစ်သူ ရှိနေသည်ကို အံ့သြသွားကြပြီး မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားသည်။

စုချန် လက်ကိုမြှောက်ပြီး ဓားချက်တစ်ချက် ထုတ်ဖော်လိုက်သည်။ မိုးမီးလောင်စေနိုင်သော ဓားစွမ်းအင်သည် လှုပ်ရှားလာပြီး မီးတောက်များ ဟိန်းဟောက်ကာ ကြမ်းတမ်းသော ဓားအရှိန်အဟုန်ဖြင့် ထိပ်တိုက် ဝင်ဆောင့်လိုက်သည်။ ထိုလူများသည် မိုးကြိုးကပ်ဘေး၏ နောက်ဆက်တွဲ ရိုက်ခတ်မှုကြောင့် ထိခိုက်ထားကြပြီး သွေးနှင့် ချီစွမ်းအင် လှည့်ပတ်မှု မကောင်းကြသဖြင့် မည်သို့ ခုခံနိုင်မည်နည်း။

တွေ့ဆုံလိုက်သည်နှင့် တပြိုင်နက် ဓားစွမ်းအင်များနှင့် မီးတောက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

ရွှမ်း—

တောင်တန်းလောင်ကျွမ်း ဓား ပျံထွက်သွားပြီး တောက်ပသော မီးတန်းတစ်ခု ရေးဆွဲလိုက်သည်။ လေထဲသို့ ပျံတက်သွားသော မိစ္ဆာကျင့်ကြံသူ နှစ်ဦး၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး အော်ဟစ်သံများနှင့်အတူ ပြုတ်ကျသွားကြသည်။

ထို့နောက် ဓားအလင်းတန်းသည် ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်ရာ မီးကျွမ်းနေသော သစ်ပင်ပင်စည်မှာ ကောင်းကင်နှင့် မြေကြီးကို ခွဲခြမ်းလိုက်သကဲ့သို့ ကွဲအက်သွားစေသည်။

အတွင်းထဲရှိ မိစ္ဆာသန္ဓေသားသည်လည်း စစ်ချီ ဗုံသံကဲ့သို့ အသံများ ထုတ်လွှတ်ကာ ပြင်းထန်စွာ တုန်ခါနေသည်။ အန္တရာယ်ကို အာရုံခံမိပြီး အပြင်ဘက်ရှိ မိစ္ဆာကျင့်ကြံသူများကို သည်းထန်စွာ အကူအညီ တောင်းလို့ခံနေသည်။

စုချန် တွေဝေ မနေတော့ပေ။ လက်ကိုမြှောက်ပြီး မိစ္ဆာသန္ဓေသားကို ဓားဖြင့် ထိုးဖောက်လိုက်သည်။ အနံ့ဆိုးဝါးသော ပြည်နှင့် သွေးများ စီးကျလာပြီး မိစ္ဆာသန္ဓေသားသည် ဝမ်းဗိုက်ထဲတွင်ပင် ဆိုးရွားစွာ သေဆုံးသွားသည်။

သူ လက်လှမ်းလိုက်ပြီး လျှပ်စီးများ တဖျစ်ဖျစ် မြည်နေဆဲရှိသော ပန်းသုံးပွင့် မိုးကြိုးသစ်သား ကို ဆွဲယူလိုက်ရာ သူ့လက်ဖဝါးပေါ်သို့ ရောက်ရှိလာသည်။

"ရပြီ။"

စုချန် အလွန် ဝမ်းသာသွားသည်။

သို့သော် ထိုအချိန်တွင် မကြုံစဖူး အန္တရာယ် အာရုံခံစားမှု တစ်ခု ရုတ်တရက် ခံစားလိုက်ရပြီး ရင်ခွင်ထဲရှိ ချီလင် ကျောက်စိမ်းဆွဲပြား ပြင်းထန်စွာ တုန်ခါလာသည်။

တွန့်ဆုတ်မနေဘဲ စုချန် ခြေထောက်ဖြင့် မြေကြီးကို ဆောင့်ကန်ပြီး လှိမ့်ရှောင်လိုက်သည်။

တစ်ချိန်တည်းမှာပင် မြှားအလင်းတန်း တစ်ခုသည် ဥက္ကာခဲ ပြုတ်ကျလာသကဲ့သို့ ပြိုကျလာသည်။ ကြောက်မက်ဖွယ် စွမ်းအား ပေါက်ကွဲသွားပြီး ချိုင့်ဝှမ်းတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။ လှိုင်းလုံးများ ထကြွလာပြီး စုချန်သည် လွင့်ပျံနေသော အပျက်အစီးများကြားတွင် မြက်ပင်လေး တစ်ပင်ကဲ့သို့ လွင့်စဉ်သွားသည်။

သူ့ခန္ဓာကိုယ် သန်မာမှုသာ မရှိပါက ဤနောက်ဆက်တွဲ ရိုက်ခတ်မှုက သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်မည် ဖြစ်သည်။

"နေမင်းကို ပစ်ချပြီး ကောင်းကင်ကို ဖောက်ထွင်းသော မြှား။ နောက်တစ်စင်း ထပ်လာပြန်ပြီ။"

သူ ထိတ်လန့်သွားသည်။ ဒီမြှားချက်ရဲ့ စွမ်းအားက ကြောက်စရာ ကောင်းလိုက်တာ။

တစ်ချက်တည်းနဲ့ တိမ်တိုက်တွေ၊ လေသင်္ဘောတွေကို ထိုးဖောက်နိုင်တယ်။

ထိမှန်ရင် အခြေတည်အဆင့် ကျင့်ကြံသူတောင် နေရာမှာတင် သေသွားနိုင်၏ ။

ကံကောင်းသည်မှာ သူ အချိန်မီ တုံ့ပြန်နိုင်ခဲ့ပြီး မြှားထိမှန်ခြင်း မရှိခဲ့ပေ။ စုချန် အခွင့်အရေးယူပြီး ဓားပျံကိုစီးကာ လျှပ်စီးပမာ ထွက်ခွာသွားပြီး လိမ့်တက်နေသော မိစ္ဆာမီးခိုးငွေ့များထဲတွင် ပျောက်ကွယ်သွားကာ ယာယီ ပုန်းခိုလိုက်သည်။

လေးသမားက မြှားတစ်စင်း ပစ်လိုက်သော်လည်း စုချန်၏ အရှိန်အဝါကို အာရုံခံ၍ မရတော့သဖြင့် သေသွားပြီဟု ယူဆကာ လေထဲသို့ ချက်ချင်း ပြောင်းလဲ ပစ်မှတ်ထားလိုက်သည်။

ယခုအချိန်တွင် လေထဲရှိ တိုက်ပွဲမှာလည်း ပြင်းထန်သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ချင်းလန်၊ လင်းဝမ်အာ နှင့် အခြားသူများအားလုံး ပူးပေါင်းပြီး အရိုးဖြူ ကျင့်ကြံသူ ကို တိုက်ခိုက်နေကြသည်။ မှော်ရတနာ အမျိုးမျိုး တောက်ပနေပြီး မှော်စွမ်းအင်များ ထိပ်တိုက်တွေ့ကာ ကမ္ဘာမြေကြီး အရောင်ပြောင်းသွားစေသည်။

ကျင့်ကြံသူများ လေထဲမှ နာကျင်စွာ အော်ဟစ်လျက် ဆက်တိုက် ပြုတ်ကျနေကြသည်။

ရှုတောင်ဂိုဏ်းသား အရေအတွက် နည်းပါးသော်လည်း သူတို့၏ အင်အား စုစုပေါင်းသည် မိစ္ဆာကျင့်ကြံသူများထက် များစွာ သာလွန်သည်။ တစ်ဖက်တွင် အရိုးဖြူ ကျင့်ကြံသူ မှလွဲ၍ ကျန်လူများ၏ အင်အားမှာ သာမန်သာ ဖြစ်သည်။

မိုးကြိုးသုံးကြိမ် ပစ်ချခံရပြီး အောက်ခြေရှိ အစီအရင်ကြီး ပျက်စီးသွားခြင်း သို့မဟုတ် မိစ္ဆာသန္ဓေသား၏ အကူအညီတောင်းသံကို အာရုံခံမိခြင်းကြောင့် သူတို့ စိုးရိမ်ထိတ်လန့်လာကြပြီး ခဏတာ ခံစစ်အနေအထား ရောက်သွားကြသည်။

ထိုအချိန်တွင် နောက်ထပ် ဖျက်ဆီးအား ပြင်းထန်သော မြှားတစ်စင်း လေထုကို ဖောက်ထွင်း ပျံသန်းလာသည်။

ကြောက်မက်ဖွယ် စွမ်းအားကြောင့် ရှုတောင်ဂိုဏ်းသား တစ်ဦး ချက်ချင်း သေဆုံးသွားသည်။ မြှားသည် ကောင်းကင်ကို ပစ်ခွင်းသော ကြယ်တံခွန်ကဲ့သို့ မရပ်မနား ရှေ့သို့ တိုးဝင်သွားသည်။ လမ်းတစ်လျှောက်တွင် ရှုတောင်ဂိုဏ်းသားများ ညည်းညူကာ သွေးအန်ကုန်ကြသည်။ မခုခံနိုင်ဘဲ မျက်စိတစ်မှိတ်အတွင်း နောက်ထပ် လူအများအပြား ပြင်းထန်စွာ ဒဏ်ရာရသွားကြသည်။

"နောက်ထပ် နေမင်းကို ပစ်ချပြီး ကောင်းကင်ကို ဖောက်ထွင်းသော မြှား။ တောင်ပေါ်မှာ ပုန်းနေတဲ့ မိစ္ဆာကျင့်ကြံသူတွေ ရှိသေးတယ်။ မြန်မြန် အစီအရင် ဖွဲ့ကြ။"

ချင်းလန် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အားလုံးကို စုစည်းကာ ပူးပေါင်းကာကွယ်ရန် ကြိုးစားလိုက်သည်။

သို့သော် ထိုအချိန်တွင် အခြေအနေ မကောင်းသည်ကို မြင်သောအခါ လင်းဝမ်အာ သည် လူတိုင်းကို စွန့်ပစ်ပြီး လှည့်ပြေးသွားသည်။

သူမ ထွက်ခွာသွားခြင်းကြောင့် ရှုတောင်ဂိုဏ်းသားတို့မှာ စိတ်ဓာတ်ရေးရာ သိသိသာသာ ကျဆင်းသွားပြီး ကာကွယ်ရေး အစီအရင်တွင် ပေါက်ပြဲမှု တစ်ခု ဖြစ်ပေါ်လာသည်။ အရိုးဖြူ ကျောက်စိမ်းသရဖူ ဆောင်းထားသော အရိုးဖြူ ကျင့်ကြံသူမှာ ထိုအချိန်ကို အခွင့်အရေး ယူပြီး အတွင်းစည်းဂိုဏ်းသား နှစ်ဦးကို နေရာတွင်ပင် သတ်ဖြတ်လိုက်သည်။

"ဒီနေ့ မင်းတို့ ဘယ်သူမှ လွတ်မှာ မဟုတ်ဘူး။ မင်းတို့ အားလုံး ဆရာသခင် ပြန်လည်မွေးဖွားဖို့အတွက် အာဟာရတွေ ဖြစ်လာကြလိမ့်မယ်။"

သူ ရူးသွပ်စွာ ရယ်မောလိုက်သည်။ အောက်ဘက်ရှိ မိစ္ဆာသန္ဓေသားကို စုချန် သတ်ဖြတ်လိုက်ပြီ ဆိုတာ သူ မသိလိုက်ပေ။

ယခုအချိန်တွင် ထောင်ချောက် တောင်တန်း ပေါ်တွင် အနက်ရောင် ဝတ်ရုံ ဝတ်ဆင်ထားသော မိစ္ဆာကျင့်ကြံသူ တစ်ဦးသည် တောင်ထွတ်များကြားရှိ ဂူတစ်ခုထဲတွင် ပုန်းခိုနေသည်။ ကြီးမားသော ရွှေရောင် စစ်လေးကြီး တစ်လက်ကို လေးကိုင်း ကဲ့သို့ အစီအရင်ထဲတွင် ထားရှိထားသည်။

မိစ္ဆာကျင့်ကြံသူ ဘေးနားတွင် ဝိညာဉ်ကျောက်တုံး အမြောက်အမြား ပုံထားသည်။ အကြိမ်တိုင်းတွင် အစီအရင်ကြီးကို အသက်သွင်းရန်နှင့် ရွှေရောင်လေးကို ဆွဲရန် အစီအရင်၏ စွမ်းအားကို အသုံးပြုဖို့ ဝိညာဉ်ကျောက်တုံးများကို အသုံးပြုရသည်။

ရွှေရောင်မြှား တောက်ပလာပြီး အင်အားအသစ် ပြန်လည် စုစည်းကာ နောက်တစ်ကြိမ် ပစ်ခတ်ရန် ပြင်ဆင်နေသည်။

"တွေ့ပြီ။"

အမှောင်ထဲတွင် စုချန်သည် လျင်မြန်သော ကျားသစ် တစ်ကောင်ကဲ့သို့ သူ့သားကောင်ကို နောက်ဆုံးတွင် ရှာ‌တွေ့လိုက်နိုင်ပြီး ချက်ချင်းဆိုသလိုပင် ဓားအလင်းတန်း တစ်ခု ပေါက်ကွဲထွက်ပေါ်လာသည် ။

ဒါ ချင်လုပ်ကြံရေး ဓားသိုင်းပဲ။

အခန်း (၅၂) - သေထိုက်သူ

"ချင်လုပ်ကြံရေး ဓားသိုင်း" သည် လုပ်ကြံသတ်ဖြတ်ခြင်း အတွက် သီးသန့် ဖန်တီးထားသော ဓားသိုင်းပညာ တစ်ခုဖြစ်သည်။

ပုံမှန်အချိန်မှာ ဆိုရင်တော့ ဘာမှ မဖြစ်ပေမယ့် ထုတ်သုံးလိုက်ရင်တော့ သွေးထွက်သံယို ဖြစ်ရစမြဲ။

စုချန် အချိန်အတော်ကြာ ချောင်းမြောင်းနေခဲ့ပြီး နေမင်းကို ပစ်ချပြီး ကောင်းကင်ကို ဖောက်ထွင်းသော မြှား ရှိရာ နေရာကို နောက်ဆုံးတွင် ရှာတွေ့ခဲ့သည်။ တစ်ဖက်လူက အစီအရင်၏ စွမ်းအားကို ပြန်လည် ဖြည့်တင်းနေချိန်တွင် အခွင့်ကောင်းယူပြီး ရုတ်တရက် တိုက်ခိုက်လိုက်သည်။

မိစ္ဆာကျင့်ကြံသူသည် စုချန် မသေဆုံးဘဲ ဂူထဲသို့ တိတ်တဆိတ် ခိုးဝင်လာလိမ့်မည်ဟု အိပ်မက်ထဲတောင် ထည့်မက်ဖူးမည် မဟုတ်ပေ။

ယခုအချိန်တွင် သူ၏ အာရုံစိုက်မှု အားလုံးသည် အပေါ်ဘက်ရှိ စစ်မြေပြင်တွင် ရှိနေပြီး သူ့သခင်လေး ကို ကူညီကာ ရှုတောင် ဂိုဏ်းသားများကို တတ်နိုင်သမျှ များများ သတ်ဖြတ်ရန်သာ စဉ်းစားနေသည်။

ထိုသို့ဖြစ်ရာ သူသည် စုချန်၏ တိုက်ခိုက်မှုကြောင့် နေရာတွင်ပင် သေဆုံးသွားပြီး ပြန်လည် ခုခံရန် အချိန်ပင် မရလိုက်ပေ။

"ရတနာကောင်းပဲ။ ဒီ နေပစ်မြှား ကို ဒီ နေပစ်လေး ကနေ လွှတ်တင်တာပဲ။ သူ ဖန်တီးလိုက်တဲ့ မှော်မြှားတံက မယုံနိုင်လောက်အောင် အားကောင်းတယ်။ ဒါ ထိပ်တန်း မှော်ပစ္စည်း ပဲ။"

စုချန် အောက်သို့ ခုန်ဆင်းပြီး ရွှေရောင်‌ လေးကို လှမ်းဆွဲလိုက်သည်။

လက်ထဲတွင် ပူနွေးပြီး လေးလံနေသည်ကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ် ခွန်အားနှင့်ပင် မနိုင်မနင်း ဖြစ်နေရသည်။

ဒီလိုသာဆို လေးကို ဆွဲဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။

အခြေတည်အဆင့် ကျင့်ကြံသူတောင် ဒီရတနာကို တစ်ယောက်တည်း သုံးနိုင်ဖို့ ခက်ခဲလိမ့်မယ်။ ဒါကြောင့် အစီအရင်ကို အသုံးပြုပြီး အားသွင်းကာ ပစ်ခတ်ရတာ ဖြစ်မယ်။

အစီအရင်၏ စွမ်းအား အထောက်အပံ့ဖြင့် စုချန် လေးကြိုးကို ဆွဲရန် ကြိုးစားလိုက်ရာ မျက်စိကျိန်းမတတ် တောက်ပသော စွမ်းအင်မြှားတံ တစ်စင်း တဖြည်းဖြည်း စုစည်းလာပြီး လေထဲရှိ အရိုးဖြူ ကျင့်ကြံသူ ကို ချိန်ရွယ်လိုက်သည်။

ထိုအချိန်တွင်။

အရိုးဖြူ ကျင့်ကြံသူ သည် ယင်ဝိညာဉ် အလံတံခွန် ကို ဝှေ့ယမ်းနေပြီး ခန္ဓာကိုယ်မှ ယင်ဓာတ်များ လှိုင်းထနေကာ ကျန်ရှိနေသော မိစ္ဆာကျင့်ကြံသူများကို ဦးဆောင်ပြီး ချင်းလန်နှင့် အခြားသူများကို ရူးသွပ်စွာ တိုက်ခိုက်နေသည်။

တိုက်ပွဲကို ကျောခိုင်းပြီး ထွက်ပြေးရန် ကြိုးစားခဲ့သော လင်းဝမ်အာ လည်း ထွက်ပြေး၍ မလွတ်ခဲ့ပေ။ ပတ်ဝန်းကျင်ရှိ မိစ္ဆာစွမ်းအင်များ ဆက်လက် လှုပ်ရှားနေပြီး ပိတ်ဆို့မှု အစီအရင် တစ်ခုကဲ့သို့ ဖြစ်ပေါ်နေသဖြင့် သူမ ပြန်လှည့်လာခဲ့ရသည်။

ဒါပေမဲ့ လူတွေက သူမကို မယုံကြည်ကြတော့ဘူး။

တိုက်ပွဲအလယ်တွင် ပိတ်မိနေသော လင်းဝမ်အာ၏ မှော်ပစ္စည်းများ တစ်ခုပြီးတစ်ခု ကွဲကြေသွားပြီး သူမ၏ ကိုယ်ပိုင် မှော်စွမ်းအင်များ ဆက်လက် ကျဆင်းလာသည်။

နောက်ဆုံးတွင် သူမ တိုးတိုးလေး ညည်းညူကာ သွေးအန်ပြီး နောက်သို့ လွင့်စဉ်သွားသည်။

ကျောချမ်းဖွယ် ငိုကြွေးသံနှင့်အတူ အရိုးဖြူ ကျင့်ကြံသူ သည် ယင်ဝိညာဉ် အလံတံခွန် ထဲသို့ လက်နှိုက်လိုက်ပြီး ကြောက်မက်ဖွယ် ကောင်းသော အရိုးဖြူ မိစ္ဆာဓား တစ်လက် ဆွဲထုတ်ကာ ဒေါသတကြီး ခုတ်ပိုင်းလိုက်သည်။

တစ်ခဏအတွင်း သရဲတစ္ဆေများ အော်မြည်သံနှင့် ဝံပုလွေဟိန်းသံများ ထွက်ပေါ်လာပြီး မိစ္ဆာ အရှိန်အဝါများသည် ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ ကျန်ရှိနေသော ရှုတောင်ဂိုဏ်းသား တစ်ဒါဇင်ခန့်သည် နာကျင်စွာ အော်ဟစ်လိုက်ကြပြီး အသားနှင့် သွေးများ ပေါက်ကွဲထွက်ကုန်သည်။

ချင်းလန်၏ ဇီသာကြိုးမှာလည်း ယခုအချိန်တွင် ပြတ်တောက်သွားပြီး သူမသည် ချူးရန်နှင့် အခြားသူများကို ကာကွယ်ရင်း အခွင့်ရလျှင် နောက်ဆုတ်ရုံသာ တတ်နိုင်သည်။ အခွင့်မသာခဲ့လျှင်တော့ မိစ္ဆာဓား၏ သတ်ဖြတ်ခြင်းကို ခံရလုနီးပါး ဖြစ်နေပြီ။

ရွှမ်း—

လေထုကို ဖြတ်သန်းလာသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်သွား လေသည်။

မျက်စိကျိန်းမတတ် တောက်ပသော ရွှေရောင်မြှားတစ်စင်းသည် ဖျက်ဆီးခြင်း အရှိန်အဝါများ သယ်ဆောင်လျက် ကောင်းကင်ကို စုတ်ဖြဲပြီး ဝင်ရောက်လာသည်။

မြှားတံ သူမဆီသို့ ပျံသန်းလာသည်ကို ချင်းလန် မြင်လိုက်ရသောအခါ သူမမျက်လုံးများထဲတွင် မျှော်လင့်ချက် ကုန်ဆုံးသွား၏။

သူမ ကန့်သတ်ချက် ရောက်နေပြီ ဖြစ်ပြီး ဒီ နေပစ်ကောင်းကင်ဖောက် မြှား ၏ ပစ်မှတ်ထားခြင်း ခံရပါက သေချာပေါက် သေဆုံးရတော့မည် ဖြစ်သည်။

သို့သော်။

သူမ လုံးဝ အံ့သြသွားသည်မှာ မြှားတံက သူမကို လုံးဝ ချိန်ရွယ်ထားခြင်း မဟုတ်ပေ။

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

လေထဲရှိ အရိုးဖြူ ကျင့်ကြံသူ အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ် ပေါက်ကွဲသွားပြီး မီးတောက်များထဲတွင် လောင်ကျွမ်းသွားသည်။ တောက်ပသော မြှားတံက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး ခန္ဓာကိုယ် တစ်ဝက်ခန့်ကို သွေးမှုန်များ အဖြစ် ဖောက်ခွဲပစ်လိုက်သည်။ လက်ထဲရှိ မိစ္ဆာဓား ကွဲကြေသွားပြီး ယင်ဝိညာဉ် အလံတံခွန် မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

အရိုးဖြူ ကျင့်ကြံသူ ထိတ်လန့်ခြင်းနှင့် ဒေါသထွက်ခြင်း တစ်ပြိုင်နက် ဖြစ်ပေါ်လာသည်။ သူ ဟိန်းဟောက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။

တွေ့လိုက်ရသည်မှာ စုချန်၏ အေးစက်သော အကြည့်သာ ဖြစ်သည်။ ဝိညာဉ်ကျောက်တုံး အမြောက်အမြား လောင်ကျွမ်းပြီး အစီအရင်ကို အသက်သွင်းနေကာ ဒုတိယမြောက် အလင်းမြှားတံ စတင် စုစည်းနေပြီ ဖြစ်သည်။

သူ့လက်ရှိ အခြေအနေနှင့် ဆိုလျှင် နောက်ထပ် တစ်ချက် အပစ်ခံရပါက သေချာပေါက် သေဆုံးသွားလိမ့်မည်။

"တောက်။ ဘာတွေ ဖြစ်ကုန်တာလဲ။ နေပစ် လေး က ဘယ်လိုလုပ် ရန်သူလက်ထဲ ရောက်သွားတာလဲ။"

"အမွေခံ သားတော် ဒုက္ခရောက်ပြီ။ ဘိုးဘေးသခင်ကြီးရဲ့ မိစ္ဆာသန္ဓေသားက ကောင်းကင်မိုးကြိုး ပစ်ခံရပြီး ပျက်စီးသွားပြီ။ ကျွန်တော်တို့ အကြီးအကျယ် အထိနာနေပြီ။ လုံးဝ ဆက်မတိုက်သင့်တော့ဘူး။"

"ဒါက ဘာပဲဖြစ်ဖြစ် ရှုတောင် နယ်မြေလေ။ ကျွန်တော်တို့ ဒီလောက် လှုပ်ရှားမှုကြီး လုပ်လိုက်မှတော့ ရှုတောင်က ဂိုဏ်းအကြီးအကဲ‌တွေ လာနေကြလောက်ပြီ။ အခု မပြေးရင် နောက်ကျသွားလိမ့်မယ်။"

ကျန်ရှိနေသော မိစ္ဆာကျင့်ကြံသူ အနည်းငယ်က အစွမ်းကုန် တားဆီးရန် ကြိုးစားကြသည်။

အရိုးဖြူ ကျင့်ကြံသူမှာ နာကျည်းစွာ အံကြိတ်လိုက်သည်။ သူ လုံးဝ မကျေနပ်နိုင်ပေ။

အစီအစဉ်က အစပိုင်းမှာ ချောမွေ့နေခဲ့တာ။ သူတို့ ထောင်ချောက် တောင်တန်း ကို ဖောက်ဝင်ပြီး အစီအရင်ကြီး ချကာ တစ်ကိုယ်တော် ကျင့်ကြံသူတွေနဲ့ မသေမျိုးဂိုဏ်းသားတွေကို သတ်ဖြတ်ပြီး သူတို့ဘိုးဘေးရဲ့ မိစ္ဆာသန္ဓေသား ပြန်လည် ပုံဖော်ဖို့ ကူညီပေးခဲ့တာ။

အောင်မြင်မှုက လက်တစ်ကမ်းမှာပဲ ရှိတော့တာ။

မထင်မှတ်ဘဲ သူတို့ရဲ့ စီမံကိန်းကြီးကို နာမည်ပင်မရှိတဲ့ ရှုတောင်ဂိုဏ်းသား တစ်ယောက်က ဖျက်ဆီးပစ်လိုက်တယ်။

"ကောင်စုတ်လေး၊ မင်းကို ငါမှတ်ထားမယ်။ ငါတို့ မိစ္ဆာလမ်းစဉ် ခြောက်ဂိုဏ်း က မင်းကို သေတဲ့အထိ နှောက်ယှက် ပြမယ်။"

အရိုးဖြူ ကျင့်ကြံသူက အောက်ဘက်သို့ မုန်းတီးစွာ စိုက်ကြည့်လိုက်ပြီး သူ့လက်အောက်ငယ်သားများ၏ အကူအညီဖြင့် ထွက်ပြေးခြင်း နည်းစနစ် ကို အသုံးပြုကာ ပတ်ဝန်းကျင်ရှိ မိစ္ဆာစွမ်းအင်များကို အကာအကွယ်ယူပြီး ပျံသန်းထွက်ပြေးသွားသည်။

တစ်ဖက်လူ ဆုတ်ခွာသွားသည်ကို မြင်သော်ငြား ချင်းလန်နှင့် အခြားသူများမှာ လိုက်လံတိုက်ခိုက်ရဲခြင်း မရှိတော့ပေ။

ပြင်းထန်သော တိုက်ပွဲပြီးနောက် သူတို့ဘက်တွင် အကြီးအကျယ် ထိခိုက်နစ်နာခဲ့သည်။ ချင်းလန် ဘေးနားတွင် ချူးရန် တစ်ယောက်သာ ကျန်ရှိတော့ပြီး အခြားသူများ အားလုံး တိုက်ပွဲတွင် ကျဆုံးကုန်ကြပြီ။

ဒီခရီးစဉ် လိုက်ပါလာသော ရှုတောင်ဂိုဏ်းသား ၁၀၀ ကျော် အားလုံးနီးပါး သေဆုံးကုန်ကြပြီး အတွင်းစည်းဂိုဏ်းသား ၁၀ ဦးလည်း ကျဆုံးစာရင်းထဲ ပါဝင်သွားကြသည်။

ဒါဟာ ရှုတောင် အနေဖြင့် လတ်တလော နှစ်များအတွင်း မကြုံဖူးသော ကြီးလေးသည့် ဆုံးရှုံးမှုကြီး ဖြစ်သည်။

"စုချန် ၊ အဆင်ပြေရဲ့လား။"

"ဂိုဏ်းတူညီလေး ဒီတစ်ခါ မင်းကို ငါတို့ တကယ် ကျေးဇူးတင်ပါတယ်။"

ချင်းလန် သည် ချူးရန်ကို ပွေ့ဖက်လျက် ဆင်းသက်လာသည်။ ထိုအချိန်တွင် စုချန် ဂူထဲတွင် ကျန်ရှိနေသော ဝိညာဉ်ကျောက်တုံး အားလုံးကို သိမ်းဆည်းပြီး နေပစ် လေး ကို ကိုင်လျက် ထွက်လာသည်။

ချင်းလန် ဘေးကင်းသည်ကို မြင်သောအခါ သူ သက်ပြင်းချလိုက်ပြီး ပြုံးကာ ပြန်ဖြေလိုက်သည်။ "ဂိုဏ်းတူအစ်မက ယဉ်ကျေးလွန်းနေပါပြီ။ အရင်တုန်းက အစ်မကူညီပေးခဲ့ဖူးသူ တစ်ယောက် အနေနဲ့ အခု ပြန်ပြီး ကျေးဇူးဆပ်ရုံ သက်သက်ပါ။"

"မင်း လုပ်ခဲ့တာက သာမာန် အားထုတ်မှုလေး မဟုတ်ပါဘူး။ မင်းသာ သူရဲကောင်းဆန်ဆန် မကြိုးစားခဲ့ရင် ဒီနေ့ အကျိုးဆက်တွေက တွေးရဲစရာတောင် မရှိဘူး။"

ချင်းလန် ပြုံးပြီး ငြင်းဆို ပြောလိုက်သည်။ စုချန်ကို ကြည့်သော သူမ၏ အကြည့်များတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေသည်။

စုချန်နှင့် ပထမဆုံး စတွေ့စဉ်က သူသည် ချီသန့်စင်ခြင်း ဆဌမအဆင့်သာ ရှိသေးပြီး ယန်ယွင်ဖေး၏ ဖိနှိပ်ခြင်းကို ခံရကာ သုံးလအကြာတွင် စိန်ခေါ်ပွဲ လုပ်ရန် သဘောတူညီချက် ပေးခဲ့ရသည်ကို သူမ မှတ်မိနေသေးသည်။

အဲဒီကနေ ဘယ်လောက်မှ မကြာသေးခင်မှာပဲ စုချန်က ဒီလို အင်အားမျိုး ပိုင်ဆိုင်ထားပြီးပြီ။

ရှန်ခုန်းတောင် နက်ရှိုင်းရာသို့ အလစ်ဝင်တိုက်ခိုက်ပြီး သူတို့၏ အကြံအစည်ကို ဖျက်ဆီးကာ မှော်ပစ္စည်းကို သိမ်းဆည်းပြီး ဂိုဏ်းသားများကို ကယ်တင်ခဲ့သည်။

အရိုးဖြူ မိစ္ဆာဂိုဏ်း ၏ အမွေခံ သားတော်ကိုပင် သူက ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။

သတ္တိရော၊ ဗျူဟာပါ ပြည့်စုံသူဟုပင် ဆိုနိုင်သည်။

သူသာ အောင်အောင်မြင်မြင် အခြေတည်နိုင်ခဲ့ရင် သေချာပေါက် တောက်ပတဲ့ အနာဂတ် ရှိလာလိမ့်မယ်။ ဂိုဏ်းတူအစ်မ ယွဲ့ သီးသန့်ကျင့်ကြံ ရာကနေ ထွက်လာရင် အရမ်း ပျော်မှာပဲ။

"နေပစ် လေး။ ဒါ နေပစ် လေး ပဲ။ တကယ့် ရတနာကောင်းပဲ။"

ထိုအချိန်တွင် လင်းဝမ်အာ ဘယ်နေရာက ရောက်လာသည်မသိ ပေါ်လာပြီး စုချန် လက်ထဲမှ ရွှေရောင် လေးကို လောဘတကြီး စိုက်ကြည့်နေသည်။

ဒီတိုက်ပွဲမှာ သူမ မှော်ပစ္စည်းတွေ အများကြီး ဆုံးရှုံးခဲ့ရခြင်းကြောင့် အင်အား အများကြီး ကျဆင်းသွားပြီး အစားထိုးဖို့ မှော်ပစ္စည်းများကို အသည်းအသန်ပင် လိုအပ်နေတယ်။

ထို့ကြောင့် စုချန် လက်ထဲမှ နေပစ် လေး ကို မျက်စိကျသွားပြီး အရှက်မရှိ ပြောလိုက်သည်။ "စုချန် ၊ ငါတို့သာ ထိပ်တိုက် ရင်ဆိုင်ပြီး အရိုးဖြူ ကျင့်ကြံသူ နဲ့ သူ့လူတွေကို ထိန်းထားမပေးရင် မင်း အနောက်ကနေ အလစ်ဝင်တိုက်ပြီး ဒီရတနာကို ရယူဖို့ အခွင့်အရေး ရမှာ မဟုတ်ဘူး။ ငါတို့ အားလုံး ဒီရတနာကို ခွဲဝေယူသင့်တယ်။"

ထိုစကားကို ကြားသောအခါ စုချန်၏ မျက်နှာထားမှာ မည်းမှောင်သွားသည်။

ဘေးနားရှိ ချင်းလန်နှင့် ချူးရန် တို့လည်း ရွံရှာသော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။

ဒီ လင်းဝမ်အာ က ပထမဦးဆုံး ဂိုဏ်းသားငယ်များကို သတင်းပို့ဖို့ ဆုတ်ခွာခွင့် မပေးဘဲ အတင်းအကျပ် တားဆီးခဲ့ပြီး သူမကိုယ်ကျိုးအတွက် အ‌မြှောက်စာ အဖြစ် အသုံးပြုခဲ့သည်။ နောက်ပိုင်းတွင် သူမကိုယ်တိုင် တိုက်ပွဲကို ကျောခိုင်းပြီး ထွက်ပြေးခဲ့သဖြင့် ဂိုဏ်းသား အများအပြား သေဆုံးခဲ့ရသည်။

အခု သူမက စုချန်ရဲ့ မှော်ပစ္စည်းကို ဓားပြတိုက်ယူဖို့ ကြိုးစားရဲတဲ့ သတ္တိ ရှိသေးတယ်ပေါ့။

"ဂိုဏ်းတူအစ်မ လင်း ပြောတာ မှန်ပါတယ်။ ဒီတစ်ခေါက် ကျွန်တော်တို့ အကြီးအကျယ် ဆုံးရှုံးခဲ့ရပေမယ့် မိစ္ဆာကျင့်ကြံသူ အများအပြားကို သတ်နိုင်ခဲ့တယ်။ ဒီမှာ မှော်ရတနာတွေနဲ့ မှော်ပစ္စည်းတွေ အများကြီး ရှိပါသေးတယ်။ ဘယ်လို ခွဲဝေကြရင် အကောင်းဆုံး ဖြစ်မလဲ။"

စုချန် ဒေါသကို မြိုသိပ်ပြီး မေးလိုက်သည်။

လင်းဝမ်အာ က သူ့မျက်လုံးများထဲရှိ သတ်ဖြတ်လိုစိတ်ကို သတိမပြုမိသကဲ့သို့ အရှက်မရှိ ဆက်ပြောလိုက်သည်။ "အကျိုးဆောင်မှု အရ ကြည့်ရင် ငါက မှော်ပစ္စည်းတွေကို သုံးပြီး ရန်သူ့တိုက်ခိုက်မှုကို ဖိနှိပ်ထားပေးခဲ့တာမို့လို့ ငါ့အကျိုးဆောင်ရွက်မှုက အကြီးမားဆုံးပဲ။ ဒါကြောင့် ငါ ဒီ နေပစ် လေး ကို ယူမယ်။ ကျန်တာတွေကို မင်းတို့ ခွဲယူကြ။"

"ခင်ဗျားက အကျိုးဆောင်ရွက်မှု အကြီးမားဆုံး ဟုတ်လား။ ဟားဟား။"

ထိုစကားကို ကြားသောအခါ စုချန် မရယ်ဘဲ မနေနိုင်တော့။

ချင်းလန်နှင့် ချူးရန် တို့၏ မျက်လုံးများလည်း အေးစက်သွားသည်။

ဒီမိန်းမက သဘောထား သေးသိမ်ပြီး အလွန် တစ်ကိုယ်ကောင်းဆန်တယ်။ ခုနက သူမ ထွက်ပြေးသွားလို့ ကျောက်စိမ်းတောင်ထွတ်က ဂိုဏ်းတူညီမလေး ၄ ယောက်ဟာ အလဟဿ သေဆုံးခဲ့ရတယ်။

ငါတို့က သူမနဲ့ စာရင်းမရှင်းရသေးဘူး။ဒါကို သူမက ဒီလောက် မာနကြီးကြီး ပြောရဲသေးတယ်ပေါ့။

တပြိုင်နက်တည်း နီးပါး နှစ်ယောက်စလုံးက လင်းဝမ်အာကို တိုက်ခိုက်လိုက်ကြသည်။ တစ်ယောက်စီက ဓားဖြင့် ထိုးစိုက်လိုက်သော်လည်း သူတို့၏ တိုက်ခိုက်မှုများကို လင်းဝမ်အာ ၏ ခန္ဓာကိုယ်ပေါ်ရှိ ကာကွယ်ရေး မှော်ပစ္စည်းက ပိတ်ဆို့လိုက်သည်။ သူမ ထိတ်လန့်သွားပြီး တစ်ခုခု ပြောရန် ကြိုးစားလိုက်သော်လည်း စုချန်လည်း ဝင်ရောက်တိုက်ခိုက်လိုက်သည်။ ဓားအလင်းတန်း တစ်ခု သူမခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး သူမကို ခေါင်းဖြတ်လိုက်‌လေသည် ။

All Chapters