← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃) - 'ထောင်ချောက် တောင်တန်း' မှ ရတနာ ခွဲဝေခြင်း

လင်းဝမ်အာ ၏ တစ်ကိုယ်ကောင်းဆန်မှုက လူအများကို ဒေါသထွက်စေခဲ့ပြီး ဖြစ်သည်။

ချင်းလန် နှင့် ချူးရန် နှစ်ဦးစလုံးသည် လိုအပ်လျှင် ပြတ်သားပြီး ရက်စက်နိုင်ကြသည် ဖြစ်ရာ ချက်ချင်း လှုပ်ရှားလိုက်ကြပြီး စုချန်နှင့် ပူးပေါင်းကာ သူမကို သတ်ပစ်လိုက်ကြသည်။

ထို့နောက် သုံးဦးသားသည် သူမ၏ သိုလှောင်အိတ်နှင့် မှော်ပစ္စည်းများကို ယူလိုက်ပြီး သူမအလောင်းကို အောက်ဘက်ရှိ အက်ကွဲကြောင်း ချောက်နက်ထဲသို့ ပစ်ချလိုက်သည်။ သူမ၏ အသားနှင့် သွေးများသည် ကျန်ရှိနေသော မိစ္ဆာစွမ်းအင်များ၏ လျင်မြန်စွာ အသုံးချ ခြင်းကို ခံလိုက်ရပြီး အရိုးစုသက်သက်သာ ကျန်ရစ်ခဲ့သည်။

ဂိုဏ်းက စုံစမ်းစစ်ဆေးလျှင်တောင်မှ သူမ မိစ္ဆာဂိုဏ်း၏ လက်ချက်ဖြင့် တိုက်ပွဲတွင် ကျဆုံးခဲ့သည်ဟုသာ ယူဆကြလိမ့်မည်။

ဒီနေ့ ဂိုဏ်းတူအစ်ကို အများအပြား သေဆုံးခဲ့ကြရာ လင်းဝမ်အာ တစ်ယောက် ထပ်တိုးသေဆုံးခြင်းက ဘာမှ ထူးခြားသွားမည် မဟုတ်ပေ။

လူတစ်ယောက်ကို အတူတကွ သတ်ဖြတ်ပြီးနောက် သူတို့သုံးဦး၏ ဆက်ဆံရေးမှာ သဘာဝကျကျ ပိုမို နီးကပ်သွားပြီး တကယ့် မိတ်ဆွေစစ်များ ဖြစ်လာကြသည်။

စုချန်လည်း တွန့်တိုနေခြင်း မရှိပေ။ လက်ဝှေ့ယမ်းလိုက်ပြီး ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေသော တိုက်ပွဲဝင်ပစ္စည်းများကို သိမ်းဆည်းကာ သူတို့နှင့် ခွဲဝေယူလိုက်သည်။

ဒီပစ္စည်းတွေ အားလုံးထဲတွင် တန်ဖိုးအရှိဆုံးမှာ သေချာပေါက် နေပစ် လေး ပင် ဖြစ်သည်။

ဒီရတနာသည် ယုံကြည်နိုင်စရာ မရှိလောက်အောင် အားကောင်းပြီး လေသင်္ဘောများကို ပစ်ချနိုင်သလို အခြေတည်အဆင့် ကျင့်ကြံသူများကို သတ်ဖြတ်နိုင်စွမ်း ရှိသည်။ ယင်း၏ တန်ဖိုးမှာ ဖြတ်၍ မရနိုင်ပေ။

ဒါက စုချန် တစ်ယောက်တည်း ရယူခဲ့သော ရတနာဖြစ်သဖြင့် ချင်းလန်နှင့် ချူးရန် တို့က အရှက်မရှိ ပြန်မတောင်းဆိုကြပေ။

ကျန်ရှိနေသော ပစ္စည်းများတွင် ယင်ဝိညာဉ် အလံတံခွန် အပါအဝင် မှော်ရတနာ ၅ ခု ၊ မှော်ပစ္စည်း ၁၂ ခု ၊ ဆေးဖက်ဝင် ပစ္စည်းများနှင့် ဝိညာဉ်ကျောက်တုံး အမြောက်အမြားလည်း ပါဝင်သည်။

ဤအရာများ အားလုံးသည် မိစ္ဆာကျင့်ကြံသူများက အခြား သေဆုံးသွားသော ကျင့်ကြံသူများထံမှ လုယူထားခြင်း ဖြစ်သည်။ ပမာဏ အတော်အတန် များပြားပြီး ယခု အများစုမှာ စုချန်တို့ အဖွဲ့လက်ထဲ ရောက်ရှိလာပြီ ဖြစ်သည်။

"ငါက အနီးကပ် တိုက်ခိုက်တာ ပိုကျွမ်းကျင်တော့ ဒီ ရေခဲဝိညာဉ် မိစ္ဆာလှံ က ငါနဲ့ အတော်ဆုံးပဲ။ ပြီးတော့ အခြေတည်ပစ္စည်း တစ်ချို့လည်း လိုအပ်နေလို့ ဂိုဏ်းတူမောင်လေး သဘောတူမယ်ဆိုရင် ဒီ သွေးကျောက်စိမ်းသစ်သီး ကို ယူပါရစေ။"

"ဇီသာတူရိယာ က ပျက်စီးသွားလို့ ပြန်ပြင်ဖို့ အချိန်လိုတယ်။ ဒါကြောင့် ငါတော့ ဒီ ဝိညာဉ်ချိတ် ခေါင်းလောင်း ကိုပဲ ယူလိုက်မယ်။"

ချူးရန်နှင့် ချင်းလန် တို့မှာ လောဘမကြီးကြပေ။ သူတို့ လိုအပ်ချက်နှင့် ကိုက်ညီသော မှော်ပစ္စည်း တစ်ခုစီ ရွေးချယ်လိုက်ကြပြီး ကျင့်ကြံခြင်းအတွက် လိုအပ်သည့် ဆေးလုံးများနှင့် ပစ္စည်းအချို့ကိုလည်း ယူလိုက်ကြသည်မှအပ ကျန်တာ အားလုံးကို စုချန်အတွက် ချန်ထားပေးလိုက်သည်။

ဘာပဲဖြစ်ဖြစ် ဒီတိုက်ပွဲ အောင်နိုင်ခဲ့တာက စုချန်ရဲ့ သူရဲကောင်းဆန်ဆန် ကြိုးပမ်းမှုကြောင့်လေ။ မဟုတ်ရင် သူတို့ အသက်ရှင်ဖို့တောင် မသေချာဘူး။ အမျိုးသမီး နှစ်ဦးစလုံးက စုချန် အများစု ရယူတာကို ကန့်ကွက်စရာ မရှိကြပေ။

စုချန်ကတော့ အားနာမနေတော့ပေ။

သူ မကြာခင် အခြေတည်တော့မှာ ဆိုတော့ စရိတ်စကတွေ အများကြီး ရှိလာမှာ ဒီဝိညာဉ်ကျောက်တုံးတွေနဲ့ ပစ္စည်းတွေက အသုံးဝင်လိမ့်မယ်။

မှော်ရတနာတွေနဲ့ ပစ္စည်းတွေက များလေ ကောင်းလေပဲ။ သင့်တော်တာကို သုံးမယ်။ မသင့်တော်ရင် သူတို့ရဲ့ ဝိညာဉ်စွမ်းအင်ကို အသုံးချ ပစ်လိုက်မယ်။ ဒါလည်း နည်းလမ်းကောင်း တစ်ခုပဲ။

"ဒီ ယင်ဝိညာဉ် အလံတံခွန် က အလွန် ရက်စက်ကြမ်းကြုတ်တယ်။ လူတွေကို သတ်ပြီး ဝိညာဉ်တွေကို သန့်စင်ထားတဲ့ မိစ္ဆာရတနာ ဖြစ်လို့ ဖြောင့်မတ်မှန်ကန်သော လမ်းစဉ် မှာ ခွင့်မပြုဘူး။ ဂိုဏ်းတူမောင်လေး မင်း ဒါကို ဖျက်ဆီးပစ်ဖို့ နည်းလမ်းရှာတာ ပိုကောင်းမယ်။ သုံးချင်ရင်တောင် ဂိုဏ်းထဲမှာ ထုတ်မသုံးမိစေနဲ့။ မဟုတ်ရင် ပြဿနာ အကြီးအကျယ် တက်လိမ့်မယ်။"

ချင်းလန် တိုးတိုးလေး သတိပေးလိုက်သည်။

ဒါကြောင့်လည်း သူမ ယင်ဝိညာဉ် အလံတံခွန် ကို မရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ပြောရရင် ဒီမှော်ပစ္စည်းရဲ့ စွမ်းအားက နေပစ် လေး နဲ့ ယှဉ်ရင် မနိမ့်ပါဘူး။ ဒါပေမဲ့ သိပ်ယုတ်မာပြီး ရက်စက်လွန်းလို့ ရှုတောင်ဂိုဏ်းသားတွေ အနေနဲ့ ပေါ့ပေါ့ပါးပါး ထုတ်မသုံးရဲကြဘူး။

စုချန် ဆိုလိုရင်းကို နားလည်သဖြင့် ခေါင်းညိတ် သဘောတူလိုက်သည်။

သူတို့ သုံးဦး ရတနာများ ခွဲဝေပြီးနောက် အပြင်ဘက်ရှိ မိစ္ဆာစွမ်းအင်များ တဖြည်းဖြည်း ကွဲပြယ်သွားသည်။ သူတို့သည်လည်း ဓားပျံစီးခြင်း ဖြင့် လေထဲသို့ ပျံတက်သွားကာ အောက်ဘက်ရှိ ပျက်စီးနေသော မြင်ကွင်းကို ကြည့်ပြီး စိတ်မကောင်း ဖြစ်မိကြသည်။

"ဒီ ထောင်ချောက် တောင်တန်း လျှို့ဝှက်နယ်မြေ က တစ်ချိန်တုန်းက ကောင်းချီးပေးခံထားရတဲ့ မြေဖြစ်ခဲ့ပြီး မသေမျိုးဂိုဏ်းတွေက ဂိုဏ်းသားတွေ သုံးနှစ်တစ်ကြိမ် လာရောက် လေ့ကျင့်ပြီး ပစ္စည်းရှာဖွေကြတဲ့ နေရာလေ။ အခုတော့ မိစ္ဆာဂိုဏ်းကြောင့် ပျက်စီးသွားပြီ ။ ပြန်လည် ထူထောင်ဖို့ဆို ဘယ်နှစ်နှစ် ကြာမလဲ မသိဘူး။"

"ချင်းကျိုး ဒေသက ငါတို့ ရှုတောင် အုပ်ချုပ်မှုအောက်မှာ ရာသီဥတု ကောင်းမွန်ပြီး သီးနှံတွေ အမြဲ ဖြစ်ထွန်းခဲ့တာ။ ဒီတစ်ခါ မိစ္ဆာဂိုဏ်းက ဒီလောက် အတိုင်းအတာကြီးမားတဲ့ စစ်ဆင်ရေးမျိုးနဲ့ ထိုးဖောက်ဝင်ရောက်လာတယ် ဆိုတော့ သူတို့မှာ ကြီးမားတဲ့ အကြံအစည် ရှိပြီး နောက်ထပ် ပိုကြီးမားတဲ့ လှုပ်ရှားမှုတွေ လုပ်လာဖို့ ရှိတယ်။ ငါ့ကို မူလက ချင်လုပ်ကြံရေး နေရာကို လာစုံစမ်းဖို့ အမိန့်ပေးခဲ့တာ။ ဒါပေမဲ့ မိစ္ဆာဂိုဏ်းက ဒီလောက် ရက်စက်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။"

သူတို့နှစ်ဦး စကားပြောနေစဉ် အဝေးမှ ဓားအလင်းတန်း ဒါဇင်ပေါင်းများစွာ လေထုကို ထိုးဖောက် ပျံသန်းလာသည်။

တိမ်တိုက် လေသင်္ဘော တိုက်ခိုက်ခံရကြောင်း သိရှိပြီးနောက် အကူအညီ လာပေးကြသော ရှုတောင်ဂိုဏ်းသားများ ဖြစ်ကြသည်။

ခေါင်းဆောင်ဖြစ်သူသည် ချင်းယန်‌တောင်ထွတ်သုံး တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး သရဖူရှည်ရှည် ဆောင်းထားကာ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော မျက်နှာထား ရှိပြီး ကောင်းကင်ယံမှ နေမင်းကဲ့သို့ အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

သူသည် ရှုတောင်မှ အမွေခံ မျိုးဆက် ၏ ထိပ်တန်း ခေါင်းဆောင် ချင်းယန်တောင်ထိပ်မှ ယွီထျန်းယန် ပင် ဖြစ်သည်။

သူ ပျံသန်းရောက်ရှိလာပြီး ဧရိယာ တစ်ခုလုံးကို ဖြတ်သန်းကြည့်ရှုလိုက်ရာ သူ့မှော်စွမ်းအင်များသည် ရေလှိုင်းများကဲ့သို့ ပြန့်ကျဲထွက်သွားပြီး မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။

"ဒီမိစ္ဆာကောင်တွေက ငါတို့ ရှုတောင်ဂိုဏ်းသားတွေကို တိုက်ခိုက်သတ်ဖြတ်ရဲလောက်အောင် မာနကြီးလှချည်လား။ ဒီကြွက်တွေကို ရှင်းပစ်ဖို့ အချိန်တန်ပြီ ထင်တယ်။"

ပြောပြီးနောက် သူသည် ချင်းလန် ဘက်သို့ လှည့်ကြည့်လိုက်ပြီး စုချန်ကို မြင်သောအခါ မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

သို့သော် သူသည် မည်သူ့ကိုမျှ သီးခြား ပစ်မှတ်ထားခြင်း မရှိပေ။ သာမာန် ငုံ့ကြည့်ပြီးသာ ပြောလိုက်သည်။ "ဒီမှာ ဖြစ်ပျက်ခဲ့တာတွေကို ငါသိပြီးပြီ။ မင်းတို့ ကောင်းကောင်း လုပ်ခဲ့တယ်။ ပြန်ရောက်ရင် ဆုလာဘ် ရကြလိမ့်မယ်။ အခု ပြန်ဆုတ်ခွာကြတော့။ ဒီကိစ္စကို ငါကိုယ်တိုင် ကိုင်တွယ်မယ်။ မိစ္ဆာဂိုဏ်း ခြောက်ဂိုဏ်း ကျိန်းသေ ပေးဆပ်ရစေမယ်။"

"ဟုတ်ကဲ့ပါ။"

ချင်းလန်လည်း စုချန်ကို ဆွဲပြီး ဦးညွှတ်လိုက်ကာ ခုန်တက်ပြီး ထိုနေရာမှ ထွက်ခွာလာခဲ့သည်။

"ယွီထျန်းယန် ရဲ့ အရှိန်အဝါက ပိုအားကောင်းလာပြန်ပြီ။ သူ ကနဦး ဝိညာဉ် အခြေတည်အဆင့် ကို ရောက်နေလောက်ပြီ။ ဟူး.. ဂိုဏ်းတူအစ်မ ယွဲ့ သာ အဲဒီ လူယုတ်မာတွေရဲ့ နှောင့်ယှက်တာ မခံရရင် အခုဆို သီးသန့်ကျင့်ကြံ ရာကနေ ထွက်လာလောက်ပြီ။"

ချင်းလန် သက်ပြင်းချလိုက်ပြီး စုချန်ကို လှည့်ကြည့်လိုက်ရာ သူ့မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များ လှုပ်ရှားနေသည်ကို တွေ့လိုက်ရသဖြင့် အကြံမပေးဘဲ မနေနိုင်တော့ပေ။

"မင်း သူ့အပေါ် ရန်ငြိုးရှိမှန်း ငါသိပါတယ် ဒါပေမဲ့ ယွီထျန်းယန် ရဲ့ ပါရမီက ဒီလောကမှာ ရှားပါးတယ် ဆိုတာ ဝန်ခံရမယ်။ မင်းကအမြန် တိုးတက်လာပေမယ့် သူနဲ့ယှဉ်ရင် နောက်မှာ အဝေးကြီး ကျန်နေသေးတယ်။"

"အခုလောလောဆယ်တော့ ကျွန်တော်က သူ့ပြိုင်ဘက် မဟုတ်သေးဘူး။ ဒါပေမဲ့ အနာဂတ်ကို ဘယ်သူ ကြိုပြောနိုင်မှာလဲ။"

စုချန် တစ်ခွန်းသာငြင်းလိုက်ပြီး ဒီအကြောင်း ဆက်မပြောတော့ပေ။

သူများလောက် မသန်မာသေးရင် ဘာပြောပြော အလကားပါပဲ။

ဒါပေမဲ့ အဲဒီတုန်းက ယွီထျန်းယန် ရဲ့ မာနကြီးတဲ့ သဘောထားကို သူ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။

ဒါ့အပြင် ယွဲ့လျိုရွှမ်နဲ့ စေ့စပ်ထားတဲ့ ကိစ္စကြောင့် ဒီလူနဲ့ နောက်ပိုင်း မလွဲမသွေ ထိပ်တိုက်တွေ့ရဦးမှာမို့ စာရင်းရှင်းကို ရှင်းရမှာ။

"ယွီထျန်းယန် က သန်မာပေမယ့် သူ့ပင်ကိုယ် သဘာဝအရ မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသူမို့လို့ မင်းလို ဂိုဏ်းသားငယ်လေး တစ်ယောက်ကို ‌ထိပ်တိုက် တိုက်ခိုက်မှာ မဟုတ်ဘူး။ ပြောင်းပြန် အနေနဲ့ သူ့ဘေးနားက လူတွေကို‌ ရင်ဆိုင်ရမှာ။ ဒါတွေ ခဏ ထားလိုက်ပါဦး ။ မင်းနဲ့ ယန်ယွင်ဖေး ရဲ့ စိန်ခေါ်ပွဲက အချိန် ရောက်ခါနီးနေပြီ။"

ထိုစကားကို ကြားသောအခါ စုချန် ခေါင်းညိတ်လိုက်သည်။

ခုနက သူ ယန်ယွင်ဖေး ကိုလည်း တွေ့လိုက်ရသည်။

ဒီလူက သူနဲ့ စိန်ခေါ်ပွဲ လုပ်မယ့် ကိစ္စကြောင့် ယွီထျန်းယန် ရဲ့ မျက်နှာသာပေးမှုကို ရရှိထားပြီး အခု သူ့ဘေးနားမှာ ရှိနေတယ်။ အကျိုးကျေးဇူးတွေ အများကြီး ရထားပြီး အင်အား တော်တော် တိုးတက်နေလောက်ပြီ။

ဒါပေမဲ့ စုချန် မကြောက်ပါဘူး။

ပန်းသုံးပွင့် မိုးကြိုးသစ်သား ကို ရရှိထားပြီ ဖြစ်၍ အခြေတည်ဖို့ လိုအပ်သော ပစ္စည်းအားလုံး စုံလင်နေပြီ။ အခြေတည်အဆင့် အောင်မြင်ဖို့ပဲ စောင့်နေရုံသာ။ ယန်ယွင်ဖေး လောက်ကို သူ ဂရုမစိုက်တော့ပေ။

ဒါပေမဲ့။

ယန်ယွင်ဖေး က ဖြောင့်မတ်မှန်ကန်တဲ့ သူမျိုး မဟုတ်ဘူး။

ဒီတိုက်ပွဲကြီးမှာ ငါ နာမည်ရသွားပြီ ဆိုတော့ သူ သတိထားမိပြီး ငါ့အခြေတည်ခြင်းကို နှောင့်ယှက်ဖို့ သေချာပေါက် ကြိုးစားလိမ့်မယ်။

အကောင်းဆုံး နည်းလမ်းက ဓားသင်္ချိုင်းကို ချက်ချင်း ပြန်သွားတာပဲ။ အကြီးအကဲကျိုး ရဲ့ ကာကွယ်မှုအောက်မှာ ဆိုရင် ယန်ယွင်ဖေး က ဘယ်လောက်ပဲ စွမ်းပါစေ ။ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။

သို့သော် ဒီတစ်ခေါက် မိစ္ဆာလမ်းစဉ် ခြောက်ဂိုဏ်းက ကြီးမားသော လှုပ်ရှားမှု တစ်ခု ပြုလုပ်နေကြောင်း စုချန် ကြားသိထားသည်။

ရှန်ခုန်းတောင် တွင် ခြုံခိုတိုက်ခိုက်ရုံသာ မက အခြား ဒေသများတွင်လည်း မိစ္ဆာကျင့်ကြံသူ အဖွဲ့ငယ်လေးများ လှုပ်ရှားနေကြပြီး ချင်းကျိုး သည် အထိအနာဆုံး ဖြစ်နေသည်။

ယခုအချိန်တွင် ရှုတောင်သည် တရားခံများကို ရှာဖွေဖမ်းဆီးရန် ဂိုဏ်းသား အမြောက်အမြား စေလွှတ်ထားပြီး ဖြစ်သည်။

စုမိသားစုသည် ချင်းကျိုး တွင် ရှိသော်လည်း သူတို့၏ အင်အားမှာ အားနည်းသည်။ မိစ္ဆာကျင့်ကြံသူများနှင့် တွေ့ဆုံပါက ခုခံနိုင်စွမ်း ရှိချင်မှ ရှိမည်။

"ငါ မိသားစုနဲ့ အတူမနေတာ ကြာပြီ ဖြစ်ပေမယ့် စုမိသားစုက ငါ့အပေါ် တကယ် ကောင်းခဲ့ပြီး ငါ့ကို ပျိုးထောင်ဖို့ အစွမ်းကုန် ကြိုးစားပေးခဲ့ကြတာ။ ဒီအချိန်မှာ ငါ လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူး။"

အကောင်းအဆိုး ချိန်ဆပြီးနောက် စုချန် အိမ်အရင် ပြန်ရန် ဆုံးဖြတ်လိုက်သည်။ မိသားစု လုံခြုံရေးကို စိတ်ချရအောင် လုပ်ဖို့ရော ၊ သူ့ဇာစ်မြစ် အကြောင်း အဒေါ့်ကို မေးဖို့ရောပေါ့။

ထို့နောက် သုံးဦးသား ဟန်တွမ်း တောင်တန်း အပြင်ဘက်တွင် လမ်းခွဲလိုက်ကြသည်။

စုချန် တစ်ယောက်တည်း အနောက်ဘက်သို့ ဓားပျံစီးခြင်း ဖြင့် ထွက်ခွာလာခဲ့ရာ နေ့တစ်ဝက် အကြာတွင် စုမိသားစု နေထိုင်ရာ ချင်းရှန်မြို့ သို့ ရောက်ရှိသွားသည်။

အဝေးမှနေ၍ တလိမ့်လိမ့်တက်နေသော မီးခိုးများကို မြင်နေရသည့် တစ်ချိန်က အေးချမ်းသာယာခဲ့သော မြို့လေးသည် ယခုအခါ သွေးချောင်းစီးသော စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။

အခန်း (၅၄) - အဒေါ် ပိုင်လင်း

ချင်းရှန်မြို့ထဲတွင် အချက်ပြမီးခိုးများနှင့် မီးတောက်များ လောင်ကျွမ်းနေသည်။

အရိပ်မည်းများသည် မြေပြင်နှင့် ကပ်လျက် အနိမ့်ပိုင်းတွင် ဝဲပျံသန်းနေကြသည်။ တစ်ချိန်က စည်ကားခဲ့သော ဈေးလမ်းမကြီးများသည် ယခုအခါ မီးပင်လယ် ဖြစ်နေပြီး အလောင်းများက ပြန့်ကျဲလို့နေသည်။

ဆိုင်များရှိ တန်ဖိုးကြီးပစ္စည်းများလည်း လုယက်ခံထားရသည်မှာ ကြာပြီ ဖြစ်သည်။

ချင်းရှန်မြို့သည် ကုန်ရောင်းကုန်ဝယ် မြို့ငယ်လေး တစ်မြို့အဖြစ် နှစ်ပေါင်းများစွာ တည်ဆောက်အ‌ခြေချခဲ့သော်လည်း ယခုတော့ အားလုံး ပျက်စီးကုန်ပြီ ဖြစ်သည်။

ယခုအချိန်တွင် ထိုအရိပ်မည်းများသည် မြို့လယ်တွင် စုဝေးနေကြပြီး စုမိသားစု အိမ်တော်ရှိရာ အစီအရင်ကို ဝိုင်းရံတိုက်ခိုက်နေကြသည်။

စုချန် ဓားပျံစီးလျက် ဖြင့် ရောက်ရှိလာသောအခါ ဝိုင်းရံတိုက်ခိုက်နေသူများသည် မိစ္ဆာကျင့်ကြံသူများ မဟုတ်ကြောင်း တွေ့ရှိလိုက်ရသည်။

သူတို့သည် တူညီသော ဝတ်စုံများ ဝတ်ဆင်ထားကြပြီး မုန်တိုင်းတိမ်တိုက်ပုံ ထိုးထားသော အနက်ရောင် ဝတ်ရုံခြုံထားကြသည်။ သူတို့သည် လေနက်တောင် တော်ဝင်မိသားစုမှ ဂိုဏ်းသားများ ဖြစ်ကြသည်။

လေနက်တောင် သည် ချင်းရှန်မြို့နှင့် သိပ်မဝေးဘဲ ဟန်တွမ်း တောင်ခြေတွင် တည်ရှိသည်။

ဝမ်မိသားစု သည် အမည်ခံအားဖြင့် ကျင့်ကြံသူ မိသားစု ဖြစ်သော်လည်း တကယ်တမ်းတွင် အခြား ကျင့်ကြံသူများကို လုယက်သော ဓားပြစခန်း တစ်ခုသာ ဖြစ်ပြီး နာမည်ဆိုးဖြင့် ကျော်ကြားသော လေနက် ဓားပြဂိုဏ်း နှင့်လည်း နှီးနွယ် ဆက်နွယ်နေသည်။

စုချန် တစ်ချိန်က သတ်ဖြတ်ခဲ့သော လေနက် သူရဲကောင်း သုံးဦး သည် ဤ လေနက် ဓားပြဂိုဏ်း မှ ဖြစ်ကြသည်။

စုမိသားစုသည် ချင်းရှန်မြို့ တွင် အခြေချခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း ဝမ်မိသားစုမှာ လူသစ်များ ဖြစ်ကြသည်။ မကြာသေးမီ နှစ်များအတွင်း မိသားစု နှစ်ခုအကြား အကြိမ်ကြိမ် ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ လေနက် ဓားပြဂိုဏ်း နှင့် ဆက်နွယ်မှုကို အားကိုးပြီး ချင်းကျိုး ရှိ အင်အားကြီး ယန်မိသားစု နှင့်ပါ ဆက်ဆံရေး တည်ဆောက်ထားသဖြင့် သူတို့ဝမ်မိသားစုသည် ပိုမို အတင့်ရဲလာကြကာ ဒီကာလအတွင်း ယန်မိသားစု၏ ညွှန်ကြားချက်ဖြင့် စုမိသားစုအား အကြိမ်ကြိမ် ရန်စခဲ့ကြသည်။

စုမိသားစုသည် ဆုတ်ခွာပြီး သည်းခံခဲ့ရကာ ပြင်ပ စီးပွားရေး လုပ်ငန်း အများအပြားကို စွန့်လွှတ်ခဲ့ရပြီး ချင်းရှန်မြို့တွင်သာ ခြေကုပ် နေထိုင်ခဲ့ရသည်။

သည့်တိုင် ဝမ်မိသားစုက လက်မလျှော့သေးဘဲ မိစ္ဆာကျူးကျော်မှုကို အခွင့်ကောင်းယူပြီး ပြောင်ပြောင်တင်းတင်း တိုက်ခိုက်လာခြင်း ဖြစ်သည်။

"သတ်ကြ။ အစီအရင်ကို ဖောက်ပြီးတာနဲ့ အထဲက စည်းစိမ်တွေနဲ့ မိန်းမတွေ အကုန်လုံး မင်းတို့ အပိုင်ပဲ။"

"မြန်မြန်လုပ်။ ရှုတောင် ကင်းအဖွဲ့ ဘယ်အချိန်မဆို ရောက်လာနိုင်တယ်။ ငါတို့ ဘာသက်သေမှ ချန်ထားခဲ့လို့ မဖြစ်ဘူး။ အခု တိုက်။"

ခေါင်းဆောင်ဖြစ်သူ လူငယ် ကျင့်ကြံသူက ဟိန်းဟောက်လိုက်သည်။

သူ့မျက်နှာပေါ်တွင် အမာရွတ်ရှည်ကြီး တစ်ခု ရှိသဖြင့် ပိုမို ကြောက်စရာ ကောင်းနေသည်။ ဒီလူ နာမည်က ဝမ်ရွှန်း ဖြစ်ပြီး ဝမ်မိသားစု၏ အကြီးဆုံးသား ဖြစ်ကာ တစ်ချိန်က ရှုတောင်ဂိုဏ်း၏ ဂိုဏ်းသားတစ်ဦးပင် ဖြစ်ခဲ့ဖူးသည်။

သို့သော် ဂိုဏ်းစည်းကမ်း ဖောက်ဖျက်မှုကြောင့် အသတ်ခံရလုနီးပါး ဖြစ်ခဲ့ပြီးနောက်ဆုံးတွင် ယန်ယွင်ဖေးမှ ဝင်ရောက်ကာ အသက်ကယ်တင်ပေးခဲ့သော်လည်း ဂိုဏ်းမှ အပြီးတိုင် ထုတ်ပယ်ခံလိုက်ရသည်။

ထိုအချိန်မှစ၍ ဝမ်မိသားစုသည် ယန်မိသားစုအပေါ် စိတ်ရောကိုယ်ပါ စတင်အမှုထမ်းခဲ့ကြသည်။

ယခု စုမိသားစုကို တိုက်ခိုက်ခြင်းသည်လည်း ယန်ယွင်ဖေး၏ ညွှန်ကြားချက်ဖြင့် ဖြစ်ပြီး စုချန်ကို စိတ်ဓာတ်ရေးရာ ထိခိုက်ခြင်းဖြင့် အာရုံလွှဲရန်နှင့် အခြေတည်အဆင့် အောင်မြင်စွာ မရောက်ရှိနိုင်အောင် တားဆီးရန် ရည်ရွယ်သည်။

"ကြည့်ရတာ ဒီလူက ဝမ်မိသားစုရဲ့ ခေါင်းဆောင် ဖြစ်ပုံရတယ်။ သူခိုးဖမ်းချင်ရင် ခေါင်းဆောင်ကို အရင်ဖမ်းရမှာပဲ။"

စုချန်၏ အကြည့်များက လူအုပ်ထဲမှ ဝမ်ရွှန်းကို ဦးတည်လိုက်သည်။

သူ့လက်ဖဝါးတွင် ဓားငွေ့အင် စုစည်းသွားပြီး မဟူရာ ရွှေကြိုးမှ။ တိတ်တဆိတ် ပျံထွက်သွားသည်။

ယခုအချိန်တွင် နေပစ် လေး ကို ထုတ်မသုံးနိုင်သော်လည်း ထောင်ချောက် တောင်တန်း မှ အားကောင်းသော မှော်ပစ္စည်း အများအပြား ရရှိထားသဖြင့် ဒီ ဝမ်မိသားစု ကျင့်ကြံသူ အုပ်စုလောက်ကို ကိုင်တွယ်ရန်မှာ လုံလောက်သည်ထက် ပိုနေသည်။

ရွှမ်း—

မဟူရာ ရွှေကြိုး သည် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ လေထုကို ဖောက်ထွင်း ပျံသန်းသွားသည်။

ဝမ်ရွှန်း အမိန့်ပေးနေစဉ် ရုတ်တရက် သူ့စိတ်ထဲတွင် စနိုးစနောင့် ခံစားချက် တစ်ခု ပေါ်လာသည်။ သူ မှော်စွမ်းအင်ကို အမြန် အသက်သွင်းပြီး ကာကွယ်ရန် ကြိုးစားသော်လည်း မဟူရာ ရွှေကြိုး သည် အလွန် ပါးလှပ်လှသည်။ အခြား လမ်းကြောင်းတစ်ခုမှ ဝင်ရောက်လာပြီး သူ့ကို ချက်ချင်း ရစ်ပတ်လိုက်သည်။

"ဒုက္ခပဲ ၊ အရိပ်ထဲကနေ တစ်ယောက်ယောက် တိုက်ခိုက်နေတယ်။"

ဝမ်ရွှန်း ထိတ်လန့်သွားသည်။ သူ့အမြုတေမှာ နောက်ကျောတွင် ပေါ်လာပြီး အနက်ရောင် ဓားကြီး တစ်လက် အဖြစ် ပြောင်းလဲကာ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

သို့သော် မဟူရာ ရွှေကြိုး သည် မယုံကြည်နိုင်လောက်အောင် ခိုင်ခံ့ပြီး ကောင်းကင်အမြုတေ တိုက်ခိုက်မှု ပင်လျှင် မဖြတ်တောက်နိုင်ပေ။ ဝမ်ရွှန်း သူ့ခန္ဓာကိုယ်တွင်းရှိ မှော်စွမ်းအင်များမှာ ဆက်တိုက် ပိတ်ဆို့ဖိနှိပ်ခံနေရသည်ကို ခံစားလိုက်ရသဖြင့် အမြန် လက်သင်္ကေတတစ်ခု လုပ်လိုက်ရာ သူ့အနက်ရောင် ဝတ်ရုံလွှာသည် လွှသွားများကဲ့သို့ သူ့ပတ်ဝန်းကျင်တွင် လည်ပတ်လာပြီး ကြိုးကို ဖြတ်တောက်ရန် ကြိုးစားသည်။

တစ်ချိန်တည်းမှာပင် ဝမ်မိသားစု ကျင့်ကြံသူ တစ်ဒါဇင်ခန့် လေထဲသို့ ပျံတက်လာပြီး ပတ်ဝန်းကျင်တွင် မှော်စွမ်းအင်များ ထုတ်လွှတ်ကာ တိုက်ခိုက်သူကို ရှာဖွေကြသည်။

ထိုအချိန်တွင် လိပ်ခွံဒိုင်း တစ်ခု စုချန်၏ လက်အင်္ကျီစ ထဲမှ ပျံထွက်လာပြီး ဝင်ရောက်လာသော မှော်အလင်းတန်း အားလုံးကို ပိတ်ဆို့လိုက်သည်။

“ရွှမ်လိပ် ဒိုင်း…”

သူ့လက်ဖဝါးထဲမှ ဓားငွေ့အင် ခုတ်ပိုင်းထွက်သွားပြီး စစ်သည် ထောင်ပေါင်းများစွာကို တိုက်ထုတ်လိုက်သကဲ့သို့ ဖြစ်သွားသည်။

မီးတန်းတစ်ခုသည် ကောင်းကင်ကို ဖြတ်သန်းသွားပြီး ဝမ်မိသားစု ကျင့်ကြံသူ အများအပြားမှာ အော်ဟစ်သံများနှင့်အတူ မြေကြီးပေါ်သို့ လဲကျသွားကြသည်။ သူ့ပုံရိပ်သည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရွေ့လျားပြီး ကွင်းပြင်ထဲသို့ ချက်ချင်း ရောက်ရှိသွားသည်။ သူ လက်ကို လှန်လိုက်ပြီး မြေဝါရောင် ကျောက်စိမ်းတံဆိပ်တုံး တစ်ခု ပစ်ထုတ်လိုက်ရာ မှော်စွမ်းအင်များ ဝန်းရံသွားပြီး တောင်ကုန်းငယ် တစ်ခုအဖြစ် ပြောင်းလဲကာ မြေပြင်ကို ဖိနှိပ်လိုက်သည်။

“တောင်ဖြို တံဆိပ်တုံး..”

ဖလွပ်—

နောက်ထပ် ကျင့်ကြံသူ အများအပြားလည်း သွေးအန်ပြီး မြေကြီးပေါ်သို့ လဲကျသွားကြသည်။

ကွင်းပြင်ထဲတွင် ရှိနေသော ဝမ်ရွှန်း လည်း မျက်နှာ ဖြူဖျော့နေသည်။ သူ့အမြုတေမှာ ကွဲအက်ကြေမွသွားသည်။ ဒီမှော်ပစ္စည်း၏ ဖိနှိပ်မှုကို ခံလိုက်ရသဖြင့် သူ့အရွတ်များနှင့် အရိုးများလည်း ကျိုးပဲ့ကုန်သည်။

"မင်း... မင်းက ဘယ်သူလဲ။"

နောက်ဆုံးတွင် စုချန်၏ မျက်နှာကို သေချာ မြင်လိုက်ရပြီး ထိတ်လန့်စွာ အော်မေးလိုက်သည်။

စုချန် သူ့ကို လုံးဝ လျစ်လျူရှုလိုက်သည်။ လောလောလတ်လတ်ပင် သေရေးရှင်ရေး အခြေအနေကို ကြုံတွေ့ခဲ့ရပြီး ဖြစ်သဖြင့် သူ ပြတ်သားစွာ လှုပ်ရှားလိုက်သည်။ မှော်ပစ္စည်းက တစ်ဖက်လူကို ဖိနှိပ်ထားချိန်တွင် အခွင့်အရေးယူပြီး ဓားဖြင့် ထိုးစိုက်လိုက်သည်။ ထက်ရှသော ဓားငွေ့အင်က ဝမ်ရွှန်း၏ နှလုံးကို ထိုးဖောက်သွားပြီး ဝမ်ရွှန်းမှာ နေရာတွင်ပင် ညည်းညူကာ သွေးအန်ပြီး မြေကြီးပေါ်သို့ လဲကျသွားသည်။

"သေပြီ...။ သခင်လေး သေသွားပြီ...။"

"ဒီလူက သိပ်အားကောင်းလွန်းတယ် ။ မှော်ရတနာတွေလည်း အများကြီး ပိုင်ဆိုင်ထားပြီး သခင်လေးတောင် တစ်ချက်တည်းနဲ့ သေသွားပြီ။ ငါတို့က ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။"

"လေပြင်းနေပြီ ။ ထွက်ပြေးကြစို့။"

လိုက်ပါလာသော လေနက် ဓားပြဂိုဏ်း ကျင့်ကြံသူ‌ နောက်လိုက်များသည် ရေလိုက်ငါးလိုက် နေထိုင်ပြုမူတတ်သူများ ဖြစ်ကြပြီး အခြေအနေ မကောင်းသည်ကို မြင်သောအခါ အားလုံး ထိတ်လန့်သွားကြသည်။

သူတို့ အားလုံး ထွက်ပြေးရန် ကြိုးစားကြကာ စုမိသားစု၏ အစီအရင်ကို ဆက်လက် တိုက်ခိုက်ရန် စိတ်မဝင်စားကြတော့ပေ။

တစ်ချိန်တည်းမှာပင်။

စုမိသားစု အိမ်တော်ဝင်း အတွင်းတွင် အဖြူရောင်ဝတ် အမျိုးသမီး တစ်ဦးသည် မတ်တပ်ရပ်လိုက်ပြီး အပြင်ဘက်မှ ကျင့်ကြံသူများ ထွက်ပြေးနေသည်ကို မြင်သောအခါ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။

အပြင်မှာ ဘာဖြစ်နေလဲ ဆိုတာ သူမ မသိပေ။

သို့သော် ရန်သူ့ဘက်မှ တစ်ဦးတည်းသော အခြေတည်အဆင့် ကျင့်ကြံသူ ကျဆုံးသွားပြီး သူတို့ စိတ်ဓာတ်ကျဆင်းသွားသည်ကို မြင်သောအခါ ဒါက ပြန်လည် တိုက်ခိုက်ရန် အခွင့်ကောင်း ဖြစ်ကြောင်း ထင်ရှားသည်။

သူမ ချက်ချင်း အမိန့်ပေးလိုက်ရာ ကျန်ရှိနေသော စုမိသားစု၏ ထိပ်တန်း ကျင့်ကြံသူ တစ်ဒါဇင်ခန့် ဓားများကို ဆွဲထုတ်ပြီး ပြေးထွက်သွားကြသည်။

လဲနေတဲ့ ခွေးကို ရိုက်နေသည်အလား အခြားမိသားစုများကို ဗိုလ်ကျလုယက်နေခဲ့သော ဝမ်မိသားစု ကျင့်ကြံသူများအား တိုက်ခိုက်နေကြရာ ထိုသူတို့မှာ ယခုအခါတွင် လွတ်မြောက်ရန်သာ အသည်းအသန် ကြိုးစားနေကြသည်။ ကြောက်လန့်တကြား ဖြစ်နေသဖြင့် စုမိသားစု၏ လိုက်လံတိုက်ခိုက်မှုကို ခံရပြီး‌နောက် အများအပြားမှာ သေဆုံးကုန်ကြသည်။

စုချန်သည်လည်း ဝမ်ရွှန်းကို သတ်ပြီးနောက် အနည်းငယ်ဆက်လက် တိုက်ခိုက်နေလိုက်သည်။ သူ့မီးတောက် ဓားငွေ့အင်များသည် လိမ့်တက်နေသော ဒီရေလှိုင်းလုံးကြီးပမာ၊ နဂါးတစ်ကောင်ပမာ လှုပ်ရှားနေသည်။ ဓားအလင်းတန်း ရောက်ရှိရာ နေရာတိုင်းတွင် သေဆုံးမှုများနှင့် ဒဏ်ရာရမှုများ ရှိစမြဲ။

အလွန်ပင် စိတ်လှုပ်ရှားစရာ ကောင်းသော တိုက်ခိုက်မှုကြီး ဖြစ်သည်။

မကြာမီ ချင်းရှန်မြို့ အတွင်းသို့ ဝင်တိုက်ခိုက်လာသော ဝမ်မိသားစု ကျင့်ကြံသူ အားလုံးနီးပါး သုတ်သင်ရှင်းလင်း ခံလိုက်ရပြီး အနည်းငယ်သာ ရှုပ်ထွေးမှုများကြားမှ ထွက်ပြေးလွတ်မြောက်သွားကြသည်။

စုချန်လည်း ဆက်မလိုက်တော့ပေ။

လေနက်တောင် မှ ဝမ်မိသားစုသည် အခြေတည်အဆင့် မိသားစုကြီး တစ်ခု ဖြစ်ပြီး တာဝန်ယူထားသော အခြေတည်အဆင့် ကျင့်ကြံသူ အတော်များများ ရှိသည်။ သူ့လက်ရှိ ကျင့်ကြံမှုအဆင့်နှင့် သူတို့နောက် လိုက်သွားခြင်းက ဘာမှ ကောင်းကျိုး ဖြစ်လာမည် မဟုတ်ပေ။

အခြေတည်ပြီးမှ မိသားစုကိစ္စတွေကို ဖြေရှင်းတာ အကောင်းဆုံးပဲ။

ယခုအချိန်တွင် စုမိသားစုသည် စစ်မြေပြင်ကို ရှင်းလင်းပြီးဖြစ်ကာ ပုံရိပ် အချို့ သူ့ဆီသို့ ပျံသန်းလာကြသည်။ ဦးဆောင်လာသူမှာ ရဲရင့်ပြီး လှပသော အဖြူရောင်ဝတ် အမျိုးသမီး ဖြစ်သည်။

စုချန် အဝေးမှ လှမ်းကြည့်လိုက်သည်။ ထိုအမျိုးသမီးသည် အသက် ၃၀ ကျော်ခန့် ရှိပုံရပြီး နူးညံ့သိမ်မွေ့သော မျက်နှာသွင်ပြင်နှင့် မျက်ခုံးကြားတွင် မာန် အရှိန်အဝါက ရှိနေသည်။

သူမထံမှ အလွန် ထူးဆန်းသော အရှိန်အဝါ တစ်ခု ထွက်ပေါ်နေသည်ကို စုချန် အာရုံခံမိသည်။

ဤအရှိန်အဝါသည် အဆိပ်ကဲ့သို့ သူမ ခန္ဓာကိုယ် နက်ရှိုင်းရာသို့ ထိုးဖောက်ဝင်ရောက်နေပြီး မှော်စွမ်းအင် စုစည်းရန် ခက်ခဲစေသဖြင့် သူမ၏ ကျင့်ကြံမှုကို ချီသန့်စင်ခြင်း နဝမအဆင့် တွင်သာ ရပ်တန့်ထားစေသည်။

ထိုအမျိုးသမီးမှာ သူ့အဒေါ် ပိုင်လင်း ပင် ဖြစ်သည်။

"ရှောင်ချန် မင်းလား။"

ပိုင်လင်း ရှေ့သို့ ပျံသန်းလာပြီး သူမရှေ့ရှိ လူ၏ မျက်နှာကို သေချာ မြင်လိုက်ရသောအခါ အံ့သြဝမ်းသာ ဖြစ်မသွားဘဲ မနေနိုင်တော့ပေ။

လိုက်ပါလာသော စုမိသားစုဝင်များလည်း အံ့သြဝမ်းသာ ဖြစ်သွားကြသည်။

ဓားပြခေါင်းဆောင် ဝမ်ရွှန်းကို သတ်ဖြတ်ပြီး သူတို့ကို အကျပ်အတည်းမှ ကယ်တင်ခဲ့သူမှာ တကယ်တော့ သူတို့၏ သခင်လေး ဖြစ်နေတာကိုး။

"အဒေါ် ၊ ဦးလေးသုံး ၊ အစ်ကိုလတ် ကျွန်တော် ပြန်ရောက်ပါပြီ။"

စုချန် သူ့အရှိန်အဝါကို ဖုံးကွယ်လိုက်ပြီး ပြုံးကာ ပြန်ဖြေလိုက်သည်။

ဒါက သူ့ "မိသားစု" ကို ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သော်လည်း မှတ်ဉာဏ်ထဲရှိ နွေးထွေးမှုနှင့် သွေးသားတော်စပ်မှု သံယောဇဉ်တို့ကြောင့် သူတို့နှင့် အလွန် ရင်းနှီးသည်ဟု ခံစားရသည်။

ဒီကမ္ဘာမှာလည်း ငါ့အတွက် အိမ်တစ်လုံး ရှိတာပဲ။

"ကောင်လေး ၊ မင်း ရှုတောင်မှာ ကျင့်ကြံနေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ပြန်လာဖို့ အချိန်ရတာလဲ။"

"ဝိုး၊ အံ့သြစရာပဲ။ ဘယ်လောက်မှ မကြာသေးဘူး ..ရှောင်ချန်၊ မင်း ချီသန့်စင်ခြင်း နဝမအဆင့် ရောက်နေပြီပေါ့။ ဝမ်းသာစရာပဲ။ ဒီနေ့ မင်းသာမရှိရင် ငါတို့ ဒုက္ခရောက်ပြီ။ မင်းကို ရှုတောင် ပို့လိုက်တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။"

"စုလုံ ရော။ ဘာလို့ မင်းနဲ့အတူ ပါမလာတာလဲ။ သူ ရှုတောင်မှာ အဆင်ပြေရဲ့လား။"

လူအုပ်ကြီးက ဝိုင်းအုံလာပြီး တစ်ယောက်တစ်ပေါက် မေးမြန်းကြသည်။

စုချန် စိတ်မရှုပ်ဘဲ ပြုံးပြုံးရွှင်ရွှင်ဖြင့် စကားပြန်ပြောနေသည်။ ထိုအချိန်တွင် ဘေးနားတွင် ရပ်နေသော ပိုင်လင်းက သည်းမခံနိုင်တော့ဘဲ ပြောလိုက်သည်။ "ရှောင်ချန် က ခရီးဝေးကနေ ပြန်ရောက်လာတာ ဖုန်တွေသဲတွေ ပေကျံနေပြီ။ အနည်းဆုံးတော့ သူ့ကို နားခွင့်ပေးဦးမှပေါ့။ ချင်းရှန်မြို့ က ကပ်ဘေးကြီး ကြုံခဲ့ရတာ ရှင်းလင်းစရာတွေ အများကြီး ကျန်သေးတယ်။ သွား …ကိုယ့်အလုပ်ကိုယ်သွားလုပ်ကြ။"

ပိုင်လင်း သည် စုမျိုးရိုး မဟုတ်သော်လည်း နှစ်ပေါင်းများစွာ မိသားစုကို ဦးဆောင်ပြီး တည်ထောင်ပေးခဲ့သူ ဖြစ်သည်။

ထို့ကြောင့် သူမသည် မိသားစု အတွင်းတွင် ထူးခြားသော နေရာတစ်ခု ရရှိထားပြီး သြဇာအာဏာ အလွန် ကြီးမားသည်။ သူမ ပြောလိုက်သည်ကို ကြားသောအခါ အားလုံးက ချက်ချင်း လက်ခံပြီး အလုပ်ကိုယ်စီ သွားလုပ်ကြသည်။

ထို့နောက် သူမ စုချန်၏ လက်ကို ဆွဲကိုင်လိုက်သည်။ ငယ်စဉ်ကအတိုင်းပင် သူမရှေ့မှ ဦးဆောင်ကာ အိမ်မကြီးအတွင်းသို့ ပြန်ခေါ်သွားလေသည်။

တစ်ချိန်တည်းမှာပင် မြို့ထဲရှိ အသက်ရှင် ကျန်ရစ်သော အခြား တစ်ကိုယ်တော် ကျင့်ကြံသူများသည် ခေါင်းပြူထွက်လာကြပြီး စုချန် ရောက်လာသည်ကို မြင်သောအခါ တိတ်တဆိတ် အံ့သြသွားကြသည်။

စုမိသားစုရဲ့ သခင်လေး၊ ရှုတောင်ကနေ ပြန်ရောက်လာပြီ။ ဒီတစ်ခါတော့ စုမိသားစုက အရှိန်အဟုန်ကြီးထွား‌လာတော့မှာ သေချာတယ်။

All Chapters