← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅) - ငါ့ဇာစ်မြစ်၏ လျှို့ဝှက်ချက်

"မင်း အရပ်ကျရှည်လာပြီး လူကျပိန်သွားလိုက်တာ..။”

အခန်းထဲတွင် ပိုင်လင်း သည် သူမရှေ့ရှိ ချောမောပြီး တည်ကြည်သော လူငယ်လေးကို သားဖြစ်သူအား ကြည့်သော မိခင်တစ်ယောက်ကဲ့သို့ ကြင်နာသော မျက်လုံးများဖြင့် ကြည့်နေသည်။

တကယ်တမ်းကျတော့ စုချန် ငယ်ငယ်လေးကတည်းက မိဘများ ထွက်ခွာသွားကြပြီး အဒေါ် ပိုင်လင်းကပဲ သူ့ကို ပြုစုပျိုးထောင်ပေးခဲ့ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရရင် သူမက မိခင်နေရာကနေ အမှန်တကယ် တာဝန်ယူပေးခဲ့သူ ဖြစ်သည်။

စုချန်လည်း ဒီစစ်မှန်တဲ့ ခံစားချက်ကို ခံစားမိသည်။

"အဒေါ်ပြောသလောက်လည်း မဟုတ်ပါဘူးဗျာ။ ကျွန်တော် ရှုတောင် ရောက်နေတာ လပိုင်းလောက်ပဲ ရှိသေးတာပါ။"

"ဟဟ၊ ကြည့်ရတာ ငါတို့ ရှောင်ချန် က တကယ် အရွယ်ရောက်ပြီး လူကြီးတစ်ယောက် ဖြစ်လာပြီပဲ။"

ပိုင်လင်း ပြုံးလိုက်သည်။

ဒီတစ်ခေါက် ပြန်လာတဲ့ စုချန်က သိသိသာသာ ကွဲပြားသွားတာ သူမ ခံစားမိတယ်။

ကျင့်ကြံမှုအဆင့်နဲ့ စိတ်နေသဘောထား ပြောင်းလဲသွားတာ တစ်ခုတည်း မဟုတ်ဘူး။ လူတစ်ယောက်လုံး ပြောင်းလဲသွားသလိုမျိုး ဖြစ်နေတာ။

အရင်တုန်းက စုချန်က လိမ္မာပေမယ့် မိဘတွေ ထွက်ခွာသွားတာကို ဘယ်တော့မှ နားမလည်နိုင်ခဲ့ဘဲ အားငယ်စိတ်နဲ့ နာကျည်းစိတ်တွေ ရှိနေခဲ့လို့ အမြဲတမ်း စိတ်ဓာတ်ကျနေသလို ဖြစ်နေခဲ့တာ။

အခုတော့ သူက ယုံကြည်မှုရှိပြီး တက်ကြွနေတဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေတယ်။

ရှုတောင်မှာ စုချန် ဘာတွေ ကြုံတွေ့ခဲ့ရလဲ သူမ မသိပေမယ့် အနည်းဆုံးတော့ အကောင်းဘက်ကို ဦးတည်သွားတာမို့ သူမ နည်းနည်း စိတ်အေးသွားရတယ်။

ကြည့်ရတာ ခဲအိုကြီး မှာကြားခဲ့သလို စုချန်ကို ရှုတောင် ပို့လိုက်တာ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်ပုံရတယ်။

"ရှုတောင်မှာ အဆင်ပြေရဲ့လား။ မင်း စေ့စပ်ထားတဲ့သူနဲ့ရော တွေ့ပြီးပြီလား။"

ပိုင်လင်း သူ့လက်ကို ကိုင်ပြီး စေ့စေ့စပ်စပ် မေးမြန်းနေသည်။ စုချန်လည်း စိတ်မရှည်ခြင်း မရှိဘဲ ဂိုဏ်းထဲရှိ အတွေ့အကြုံများကို ပြန်ပြောပြနေသည်။

သို့သော် သတင်းကောင်းတွေကိုပဲ ပြောပြပြီး သတင်းဆိုးတွေကို ချန်ထားခဲ့တာပေါ့။

စကားပြောနေစဉ် သူ့ အဒေါ်၏ အရှိန်အဝါကို အာရုံခံကြည့်ရန် ကြိုးစားလိုက်ရာ အဒေါ်၏ ပါရမီ မဆိုးကြောင်းနှင့် သူ့ဝိညာဉ်အမြစ်ထက်ပင် ပိုကောင်းနိုင်ကြောင်း ပိုမို သေချာလာသည်။

သို့သော် သူမခန္ဓာကိုယ်ထဲတွင် ပြင်းထန်ပြီး ရှားပါးသော အဆိပ်အတောက် တစ်မျိုး ရှိနေသည်။

ဒါက သူမကျင့်ကြံမှုအဆင့် တိုးတက်ဖို့ ဟန့်တားနေတယ်။

တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ။

သူ မေးချင်သော်လည်း အဒေါ်၏ စိတ်သဘောထားကို သူသိသည်။ သူမက နူးညံ့သိမ်မွေ့ပုံ ရသော်လည်း တကယ်တမ်းတွင် ဘယ်သူ့ထက်မဆို ပိုပြီး သန်မာသည်။ ပြောပြချင်စိတ် ရှိလျှင် အရင်တည်းက ပြောပြပြီးသား ဖြစ်လိမ့်မည်။

"ငါ့ခန္ဓာကိုယ်ထဲက စွမ်းအားက အဒေါ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်မလား မသိဘူး။ ဒါပေမဲ့ ငါက အခြေတည်အဆင့် မရောက်သေးတော့ နတ်ဘုရား အာရုံ နဲ့ လမ်းညွှန်လို့ မရသေးဘူး။ ကမူးရှူးထိုး သုံးလိုက်ရင် သူ့ကို ထိခိုက်သွားနိုင်တယ်။ အခြေတည်အဆင့် ရောက်မှ စမ်းကြည့်တာ ပိုကောင်းမယ်။"

စုချန် တစ်ယောက်တည်း တွေးတောလိုက်ပြီး ပြောလိုက်သည်။ "အဒေါ် ကျွန်တော် ဒီတစ်ခေါက် ပြန်လာရတဲ့ အကြောင်းရင်း နှစ်ချက် ရှိတယ်။ ပထမအချက်က အဒေါ်ကို လာတွေ့တာပါ။ ဒုတိယအချက်ကတော့ မေးခွန်းတစ်ချို့ မေးချင်လို့ပါ။"

"မိဘတွေအကြောင်း မေးချင်လို့လား။"

"ဟုတ်တယ်။ ကျွန်တော် မကြာခင် အခြေတည်တော့မယ်။ ဒါပေမဲ့ ရင်ထဲမှာ သံသယတွေ ရှိနေသေးလို့ ၊ စိတ်ငြိမ်အောင် ထားဖို့ ခက်နေတယ်။ အဒေါ် ၊ ကျွန်တော် အခု အရွယ်ရောက်နေပါပြီ ။ အဒေါ် တစ်ယောက်တည်း ဝန်ထုပ်ဝန်ပိုး အကုန် ထမ်းပိုးထားစရာ မလိုတော့ပါဘူး။"

စုချန် အကြောင်းပြချက် တစ်ခု ပေးလိုက်သည်။

သူ အခြေတည်တော့မည် ဟူသော စကားကြားရသဖြင့် ပိုင်လင်း အလွန် ဝမ်းသာသွားသည်။ ခဏမျှ စဉ်းစားပြီးနောက် သူမက ပြောလိုက်သည်။ "အဒေါ်က မင်းကို တမင် ဖုံးကွယ်ထားတာ မဟုတ်ပါဘူး ။ သူတို့ကိစ္စတွေကို ငါလည်း သိပ်မသိလို့ပါ။ ငါပြောနိုင်တာက မင်းမိဘတွေက ဘယ်သူ့ထက်မဆို မင်းကို ချစ်ကြတယ် ။ သူတို့က အခြေအနေအရသာ.."

"တစ်ယောက်ယောက် လက်ချက်ကြောင့်လား။"

"အခု ပြောပြရင်လည်း မင်း နားလည်မှာ မဟုတ်ဘူး။ ရှောင်ချန် ၊ သူတို့က မင်းအတွက် ကြီးမားတဲ့ ကပ်ဘေးတစ်ခု ယူဆောင်လာခဲ့တယ်။ လူအများကြီး သူတို့ကို လိုက်ရှာနေကြတယ်။ အဲဒီကိစ္စကြောင့်ပဲ ငါ့မိသားစုလည်း ပျက်စီးခဲ့ရပြီး ငါတစ်ယောက်တည်း ဒီလို ဝေးလံခေါင်ဖျားတဲ့ နေရာကို ထွက်ပြေးလာရတာ။ သူတို့က မင်းကြီးပြင်းလာတဲ့အထိ ကာကွယ်ပေးဖို့အတွက် ငါ့ကိုပုံအပ်ပြီး ထွက်သွားခဲ့ကြတာ။ ရန်သူ့အင်အားက မင်းစိတ်ကူးလို့ ရတာထက် ကျော်လွန်နေတယ်။ သူတို့နာမည်ကို ထုတ်ပြောရုံနဲ့တင် ဒုက္ခ ရောက်လာနိုင်လို့ ငါ ပြောပြလို့ မဖြစ်ဘူး...။"

ပိုင်လင်း ခေါင်းခါလိုက်သည်။ ဒါ သူမ ပြောနိုင်သမျှ အကုန်ပဲ။

ဒါက စုချန်ကို သူ့နောက်ခံ လုံးဝ မရိုးရှင်းကြောင်း ပိုမို သေချာသွားစေသည်။

မိဘများ ရုတ်တရက် ထွက်ခွာသွားရခြင်းသည် သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားကြောင့် ဖြစ်နိုင်ချေ များသည်။ အဲဒီစွမ်းအားက တကယ်တမ်း ဘာလဲ။

ကံမကောင်းစွာဖြင့် အဒေါ်က ဒီမေးခွန်းတွေကို မဖြေနိုင်ပေ။

သူမ ကိုယ်တိုင်လည်း သူမအခြေအနေကို သေချာ နားမလည်ဘဲ မိဘများက အလွန် အားကောင်းသော ရန်သူတစ်ဦးကို စော်ကားမိခဲ့ပြီး ထိုရန်သူသည် သူမ၏ လက်ရှိ စိတ်ကူးဉာဏ်ထက် များစွာ သာလွန်နေနိုင်ကြောင်းသာ သိထားသည်။

"ရှောင်ချန်၊ ငါပြောတာ နားထောင် ။ လောလောဆယ် ဒီကိစ္စတွေကို ဆက်မလိုက်နဲ့ဦး။ မင်းမိဘတွေ ကိစ္စက အရမ်း ရှုပ်ထွေးတယ် ။ မင်းလက်ရှိ ကိုင်တွယ်နိုင်တာထက် အများကြီး ကျော်လွန်နေတယ်။"

ပိုင်လင်း သူ့ကို ချစ်ခင်စွာ ကြည့်လိုက်ပြီး စုချန် စိတ်အေးသွားစေရန် ထပ်ဖြည့်ပြောလိုက်သည်။ "စိတ်မပူပါနဲ့ ။ သူတို့မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ သူတို့ အသက်ရှင်နေသေးတယ် ဆိုတာ ငါအာမခံနိုင်တယ်။ မင်း ကြိုးကြိုးစားစား ကျင့်ကြံပါ။ တစ်နေ့ မင်း ကနဦး ဝိညာဉ်အဆင့် ကို ရောက်ပြီး ရှုတောင်ကို ထိန်းချုပ်နိုင်တဲ့ အချိန်ကျရင် ငါသိသမျှ အကုန် ပြောပြမယ်။"

ကနဦး ဝိညာဉ်အဆင့် ကျင့်ကြံသူများသည် ဝင်စားပြီး ပြန်လည်ကျင့်ကြံရန် အခွင့်အရေးအထိ ရှိနေကြပြီ။

ရုပ်ခန္ဓာ ပျက်စီးသွားလျှင်တောင်မှ အစကနေ ပြန်လည် စတင်နိုင်မည့် အခွင့်အရေး ရှိသေးသည်။

စုချန် နောက်ဆက်တွဲ အကြောင်းကိစ္စကို စိတ်ကူး၍ပင် မရနိုင်ပေ။ ကနဦး ဝိညာဉ်အဆင့် ရောက်မှ သိခွင့်ရှိမယ် ဆိုတော့။

မိဘတွေရဲ့ ရန်သူတွေက ဘယ်လောက်တောင် အားကောင်းလို့များလဲ။

"ဟုတ်ကဲ့ ။ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်။"

စုချန်လည်း ထပ်မမေးတော့ပေ။

အရည်အချင်း မပြည့်သေးဘဲနဲ့ အများကြီး တွေးနေတာက စိတ်ဒုက္ခ ပိုရောက်စေရုံပဲ ရှိမယ်။

ကြည့်ရတာ ငါ့ဇာစ်မြစ်ရဲ့ လျှို့ဝှက်ချက်ကို အချိန်တိုအတွင်း ဖြေရှင်းဖို့ ခက်ခဲလိမ့်မယ်။

ဒါဆို ကြိုးကြိုးစားစား ကျင့်ကြံကြတာပေါ့။ ကနဦး ဝိညာဉ်အဆင့် ဆိုတာ အတော်လေး ဝေးကွာနေသေးပေမယ့် ကောင်းကင်လမ်းစဉ် အခြေတည်ခြင်း ကို အောင်မြင်အောင် လုပ်နိုင်ရင် တစ်နေ့မဟုတ် တစ်နေ့ အဲဒီအဆင့်အထိ ရောက်နိုင်မှာပါ။

"ဒီတစ်ခေါက် ဝမ်မိသားစုရဲ့ လုပ်ရပ်က ယန်မိသားစုရဲ့ ညွှန်ကြားချက်ကြောင့် ဖြစ်လောက်တယ်။ တကယ်တော့ ကျွန်တော့်ကြောင့် မိသားစု ဒုက္ခရောက်ရတာပါ။"

"မင်းက အခု စုမိသားစုရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ ငါတို့က မိသားစုလေ။ ကံကြမ္မာ အတူတူပဲ ။ ဘာလို့ မင်းကြောင့် ဒုက္ခရောက်ရတယ်လို့ ရှိမှာလဲ။ ဒါပေမဲ့ အခု သူတို့က ပုန်းမနေတော့ဘူး ဆိုတော့ ဒီကိစ္စကို လွယ်လွယ်နဲ့ လက်လျှော့မှာလည်း မဟုတ်ဘူး။ ဝမ်မိသားစုမှာ အခြေတည်အဆင့် ကျွမ်းကျင်သူ နှစ်ယောက် ကျန်သေးတယ် ။ ငါတို့ဘာသာဆို ခုခံနိုင်ပါ့မလား မသိဘူး...။"

"ကိစ္စမရှိပါဘူး ။ အခြေတည်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ကျွန်တော် ပြင်ဆင်ပြီးပါပြီ။ မကြာခင် ကောင်းကင်လမ်းစဉ် အခြေတည်ခြင်း ကို စတင်လို့ ရပါပြီ။ အမြုတေ ရရှိတာနဲ့ ဝမ်မိသားစု လောက်ကို စိတ်ပူစရာ မလိုတော့ပါဘူး။"

စုချန် ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

သူ ကောင်းကင်လမ်းစဉ် အခြေတည်ခြင်း ကို လုပ်ဆောင်တော့မည်ဟု ကြားလိုက်ရသောအခါ ပိုင်လင်း၏ မျက်လုံးများထဲတွင် အံ့သြမှုများ ဖြတ်သန်းသွားပြီး ထို့ထက်ပို၍ သူမ ကျေနပ်ဂုဏ်ယူသွားသည်။

စကားအများကြီး မပြောတော့ဘဲ သူမက မတ်တပ်ရပ်လိုက်ပြီး ပြောလာသည်က

"ဒါဆို မင်း သီးသန့်ကျင့်ကြံ ဖို့ နေရာတစ်ခု မိသားစုကို ချက်ချင်း စီစဉ်ခိုင်းလိုက်မယ်။ မိသားစု တစ်ခုလုံး အစွမ်းကုန် ကြိုးစားပြီး မင်း အောင်မြင်တဲ့အထိ ကာကွယ်ပေးထားမယ်။"

ပိုင်လင်း၏ စီစဉ်မှုအောက်တွင် စုမိသားစုသည် ရရှိနိုင်သော အရင်းအမြစ် အားလုံးကို လျင်မြန်စွာ စုစည်းပြီး မိသားစု ကာကွယ်ရေး အစီအရင်ကို အားဖြည့်လိုက်သည်။

စုလုံ ယူလာသော ဝိညာဉ်ကျောက်တုံး ပမာဏကို ကြည့်ခြင်းအားဖြင့် စုမိသားစုသည် သိပ်မချမ်းသာကြောင်း သိသာသည်။

ကံကောင်းသည်မှာ လေနက် ဓားပြ များထံတွင် တန်ဖိုးကြီးပစ္စည်း အများအပြား ပါရှိပြီး စုချန် ထောင်ချောက် တောင်တန်း မှ ယူဆောင်လာသော ဝိညာဉ်ကျောက်တုံးများနှင့် ပေါင်းလိုက်လျှင် အစီအရင်ကြီးကို အားဖြည့်ရန် လုံလောက်သည်။

သူ့အတွက် သီးသန့် ဝိညာဉ်စွမ်းအင် စုစည်းသော အစီအရင် တစ်ခုကိုလည်း တည်ဆောက်ပေးထားသည်။

အခြေတည်ရာတွင် အထောက်အကူ ဖြစ်စေရန် ဖြစ်သည်။

"စုမိသားစု ဂိုဏ်းသား အားလုံး ငါ့အမိန့်ကို နာခံကြ။ နောက်ရက်အနည်းငယ် အတွင်း ဘယ်သူမှ ခွင့်ပြုချက်မရှိဘဲ အပြင်မထွက်ရဘူး။ အင်အားစုစည်းပြီး အိမ်တော်ကို စောင့်ကြပ်ကြ။"

"ဘယ်သူမှ ငါတို့အိမ်ထဲ ကျူးကျော်ဝင်ရောက်ပြီး စုချန်ရဲ့ အခြေတည်ခြင်းကို နှောင့်ယှက်တာမျိုး လုံးဝ ခွင့်မပြုဘူး။"

"ရှောင်ချန် သာ အောင်မြင်သွားရင် ငါတို့ စုမိသားစုက အခြေတည်အဆင့် မိသားစု စာရင်းဝင် ဖြစ်သွားပြီး အဆင့်အတန်း အများကြီး မြင့်တက်လာလိမ့်မယ်။ ဝမ်မိသားစုရဲ့ နှိပ်စက်မှုကို ခါးစည်းခံနေစရာ မလိုတော့ဘူး။"

ယခုအချိန်တွင် စုမိသားစု တစ်ခုလုံး စည်းလုံးညီညွတ်နေကြသည်။

သခင်လေးကို မည်သည့်နည်းနှင့်မဆို ကာကွယ်ရန်နှင့် ဝမ်မိသားစု အချိန်မရွေး ပြန်လည်တိုက်ခိုက်လာနိုင်မှုကို တားဆီးရန် လူတိုင်းကို စုစည်းထားသည်။

စုချန် ဤအရာ အားလုံးကို မြင်တွေ့ရပြီး သူ့ပခုံးပေါ်တွင် ကြီးလေးသော တာဝန်တစ်ခု ရှိနေသည်ကို ခံစားလိုက်ရသည်။

ဒီအခြေတည်ခြင်း အခမ်းအနားသည် သူ့အနာဂတ်နှင့် သက်ဆိုင်ရုံသာမက သူ့မိသားစု၏ ရှင်သန်ရပ်တည်ရေးနှင့်လည်း သက်ဆိုင်နေသည်။

အခန်း (၅၆) - တစ်ယောက်မှ အရှင်မထားနဲ့

လေနက်တောင် ပေါ်တွင် ဝမ်မိသားစု၏ စခန်းကို ကြီးမားခမ်းနားစွာ တည်ဆောက်ထားသည်။

သူတို့သည် ဓားပြများ ဖြစ်ကြပြီး သာမာန် မိသားစုများနှင့် မတူသဖြင့် မည်သည့် စီးပွားရေးလုပ်ငန်းမျှ မလုပ်ကိုင်ကြပေ။ စစ်တပ်ပုံစံဖြင့် လုံးဝ စီမံအုပ်ချုပ်ထားပြီး မိသားစုထဲရှိ လူကြီးလူငယ် အားလုံးသည် စစ်သည်များ၊ ကျင့်ကြံသူများ ဖြစ်ကြကာ မကြာခဏ အတူတကွ လုယက်ဖျက်ဆီးလေ့ ရှိကြသည်။

ဒီနေ့တွင် ဝမ်မိသားစု ခေါင်းဆောင်နှင့် လေနက်တောင် အကြီးအကဲ ဖြစ်သူ ဝမ်ကျင်းလုံ သည် သူ့အခန်းထဲတွင် ဖမ်းဆီးလာခါစ အမျိုးသမီး ကျင့်ကြံသူ တစ်ဦးနှင့် ပျော်ပါးနေသည်။

ရုတ်တရက် သူ့လက်အောက်ငယ်သားများ အလျင်အမြန် သတင်းလာပို့သည်ကို ကြားလိုက်ရသည်မှာ အကြီးဆုံးသခင်လေး ဝမ်ရွှန်း သည် ချင်းရှန်မြို့ ကို တိုက်ခိုက်ခဲ့သော်လည်း ရှုံးနိမ့်ပြီး အသတ်ခံလိုက်ရသည်။ သူနှင့်အတူ ခေါ်သွားသော ထိပ်တန်း စစ်သည် ဒါဇင်ပေါင်းများစွာလည်း အားလုံးနီးပါး သုတ်သင်ခံလိုက်ရသည်။

ထိုသတင်းကို ကြားသောအခါ ဝမ်ကျင်းလုံ၏ စိတ်ထဲတွင် ဗလာဟင်းလင်း ဖြစ်သွားပြီး အမျိုးသမီးအပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

သူသည် တစ်သက်လုံး လူသတ် လုယက်ပြီး ကြီးလေးသော အပြစ်များ ကျူးလွန်ခဲ့သူ ဖြစ်သည်။ ဝမ်ရွှန်းသည် သူ့တစ်ဦးတည်းသော သားဖြစ်ပြီး သူ့အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိခဲ့သည်။

ယန်မိသားစု က စုမိသားစုကို သုတ်သင်ရှင်းလင်းရန် အမိန့်ပေးခဲ့ပြီး မူလက လွယ်ကူသော အလုပ်တစ်ခုဟု ထင်မှတ်ခဲ့သည်။

ဒီလို ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

"တောက်၊ စုမိသားစု။"

"မင်းတို့က ငါ့သားအသက်ကို ယူရဲတယ်ပေါ့။ ဒီလို သွေးကြွေးမျိုးကို ဘယ်တော့မှ ကျေအေးပေးလို့ မရဘူး။"

"ညီလေး အမိန့်ပေးလိုက်... လေနက် ဓားပြဂိုဏ်း အကုန်လုံး ထွက်မယ်။ ငါကိုယ်တိုင် ချင်းရှန်မြို့ကို ဖျက်ဆီးပစ်ပြီး ရွှန်းအာ အတွက် လက်စားချေမယ်။"

ထိုစကားကို ကြားသောအခါ လေနက်တောင် ၏ ဒုတိယခေါင်းဆောင် ဝမ်ရင်းဟူ မတ်တပ်ရပ်လိုက်သည်။ သူ့ခေါင်းနောက်ကျောတွင် အမြုတေ တစ်ခုကပေါ်လာပြီး ကျောချမ်းဖွယ် သတ်ဖြတ်လိုစိတ်များ ထုတ်လွှတ်နေသည်။

ဝမ်ညီအစ်ကိုများ ဖြစ်ကြသော ကျင်းလုံ နှင့် ရင်းဟူ တို့ နှစ်ဦးစလုံးသည် အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး ကြောက်မက်ဖွယ် အင်အားများ ကိုယ်စီပိုင်ဆိုင်ထားကြသည်။ သူတို့သည် လေနက်တောင် ဧရိယာတွင် ဗိုလ်ကျစိုးမိုးထားပြီး မည်သူမျှ သူတို့ကို အာမခံရဲကြပေ။

ဝမ်ရွှန်း သေဆုံးကြောင်း သိလိုက်ရသောအခါ ညီအစ်ကို နှစ်ယောက်စလုံး ဒေါသထွက်သွားကြသည်။ ချက်ချင်းပင် ကျင့်ကြံသူ ၁၀၀ ကျော်ကို ဦးဆောင်ပြီး လေနက်ယာဉ် ကို စီးကာ တောင်အောက်သို့ ဒေါသတကြီး ဆင်းလာကြသည်။

ပတ်ဝန်းကျင်ရှိ အခြား ကျင့်ကြံသူ မိသားစုများ သတင်းကြားသောအခါ အားလုံး တုန်လှုပ်သွားကြသည်။

လေနက် ဓားပြဂိုဏ်း အကုန်လုံး ထွက်လာကြတာ ဆိုတော့ တော်တော် ကြည့်ကောင်းမယ့် ပွဲပဲ။ ဘယ်မိသားစုများ ကံဆိုးပြီး အကြီးအကျယ် ခံရတော့မလဲ မသိဘူး။

တစ်ချိန်တည်းမှာပင်။

စုမိသားစု အိမ်တော်ဝင်း အတွင်း၌ စုချန်သည် ဝိညာဉ်စွမ်းအင် စုစည်းသော အစီအရင် အတွင်း ခြေချိတ်ထိုင်နေသည်။ ဝိညာဉ်ကျောက်တုံးတို့မှာ တောင်ပုံရာပုံဖြင့် လောင်ကျွမ်းနေပြီး ဝိညာဉ်မြူခိုးများက လှည့်ပတ်နေသည်။

မှော်စွမ်းအင်များဖြင့် လွှမ်းခြုံထားသော အခြေတည်ပစ္စည်း ဒါဇင်ပေါင်းများစွာတို့သည် အစီအရင် အတွင်း ပျံဝဲနေသည်။

အခြေတည်ဆေးလုံး၊ ကောင်းကင်ပိုက်ကွန်ပန်း၊ သွေးအရိုးမြက်၊ မြေကမ္ဘာမီးတောက် သံရည်ပူ၊ ကောင်းကင်သလင်းကျောက်သဲ...စသည်ဖြင့်ရှိပြီး ပန်းသုံးပွင့် မိုးကြိုးသစ်သား သည်ကား အလယ်ဗဟိုချက်တွင် ရှိနေကာ မိုးကြိုးလျှပ်စီး ပုံသဏ္ဍာန် အလွှာလိုက် ပေါ်ထွက်ရင်း လျှပ်စီးကြောင်းများက ဟိုမှသည်သို့ ခုန်ကူးနေပြီး ထက်ရှသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

စုချန် ဓားမွေးမြူခြင်း နည်းစနစ် ကို အသက်သွင်းပြီး သူ့ခန္ဓာကိုယ် အတွင်းနှင့်အပြင်ရှိ အခြေအနေကို အထွတ်အထိပ်သို့ ရောက်အောင် အရင် ညှိယူလိုက်သည်။ သူ၏ အတွင်းအားတို့မှာ ပြည့်ဝနေပြီး ရွှေရောင် ဓားအမြုတေလေးမှာလည်း တုန်ခါမြည်ဟီးနေကာ ပိုမို ကျယ်ပြန့်သော ကြီးထွားမှု ပတ်ဝန်းကျင် လိုအပ်နေသဖြင့် တန်ထျန်းသွေးကြောထဲရှိ ဓားစွမ်းအင်များကို အပြင်သို့ မသိမသာ တွန်းထုတ်နေသည်။

စလိုက်ကြစို့။

စုချန် စိတ်ကို စုစည်းလိုက်ပြီး အာရုံပျံ့လွင့်စေသော အတွေးများကို ရှင်းထုတ်လိုက်သည်။

လောင်ကျွမ်းနေသော ဓားစွမ်းအင် မီးတောက်များ သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး ပစ္စည်းအမြောက်အမြားမှာ သူ့ဆီသို့ တိုးဝင်လာသည်။ သူ့ခန္ဓာကိုယ်သည် ဆေးဖော်စပ်သော မီးဖို တစ်လုံးကဲ့သို့ ဖြစ်နေပြီး ရှားပါးပြီး တန်ဖိုးရှိသော ပစ္စည်းအမျိုးမျိုးကို တစ်ခုပြီးတစ်ခု သန့်စင်ကာ ၎င်းတို့၏ အာဟာရများကို စုပ်ယူနေသည်။

ကောင်းကင်ပိုက်ကွန်ပန်း က မှော်စွမ်းအင်ကို တိုးမြှင့်ပေးသည်။

သွေးအရိုးမြက် က သွေးနှင့် စွမ်းအင်ကို သန်မာစေသည်။

မြေကမ္ဘာမီးတောက် သံရည်ပူ က အရိုးများကို သန်မာစေသည်။

ကောင်းကင်သလင်းကျောက်သဲ က မှော် ဓားစွမ်းအင်နှင့် ပေါင်းစပ်သွားပြီး ပိုမို သန့်စင်စေသည်။

အခြေတည်ဆေးလုံးကို မျိုချပြီးနောက် ပန်းသုံးပွင့် မိုးကြိုးသစ်သား သည် လျှပ်စီးများအဖြစ် ပေါက်ကွဲထွက်သွားသည်။

ဝိညာဉ်စွမ်းအင် အမြောက်အမြား သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး တန်ထျန်းသွေးကြော ထဲတွင် စုစည်းကာ ရွှေရောင် ဓားအမြုတေ ဆီသို့ ရူးသွပ်လုနီးပါး စုဝေးရောက်ရှိသွားသည်။

အခြေတည်ခြင်း ဆိုသည်မှာ ကိုယ်ပိုင် မှော်စွမ်းအင်နှင့် ရှားပါးတန်ဖိုးရှိသော ပစ္စည်းအမျိုးမျိုးကို အသုံးပြု၍ ခန္ဓာကိုယ် အတွင်းတွင် အမြုတေ တစ်ခု သွန်းလုပ်ခြင်း ဖြစ်သည်။

ဤအမြုတေသည် အနာဂတ် ကျင့်ကြံခြင်းအတွက် အခြေခံအုတ်မြစ် ဖြစ်ပြီး ကိုယ်ပိုင် ပါရမီနှင့် ကျင့်ကြံခြင်း နည်းစနစ်များ အပေါ် မူတည်ကာ သက်ဆိုင်ရာ ပုံသဏ္ဍာန်ဖြင့် ပေါ်ထွက်လာလေ့ ရှိသည်။

ဤလုပ်ငန်းစဉ်သည် ဆေးဖော်စပ်သကဲ့သို့ ဖြစ်သည်။ ပထမဦးစွာ အမြုတေ၏ ပုံသဏ္ဍာန်ကို စိတ်ကူးပုံဖော် ရမည် ဖြစ်ပြီး ထို့နောက် စုစည်းရမည်။ ဒါက အခက်ခဲဆုံးနှင့် အရေးကြီးဆုံး အဆင့်ဖြစ်သည်။

သို့သော် စုချန်အတွက်မူ ဒါက အလွယ်ကူဆုံး အရာပင်။

အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ် အတွင်းတွင် ပျိုးထောင်ထားသော ရွှေရောင် ဓားအမြုတေသည် သဘာဝ အမြုတေ ပုံစံငယ် တစ်ခု ဖြစ်နေကြောင်း သူ တွေ့ရှိလိုက်ရသည်။

ဝိညာဉ်စွမ်းအင် အမြောက်အမြား ဝင်ရောက်လာသည်နှင့်အမျှ ပန်းသုံးပွင့် မိုးကြိုးသစ်သား ကိုလည်း ဓားအမြုတေက သန့်စင်အသုံးချ လိုက်သည်။ ရွှေရောင်ဓားသည် ပိုမို တောက်ပပြီး ကြည်လင်လာသည်။ မှော်စွမ်းအင်များမှာ ၎င်းပတ်လည်တွင် စီးဆင်းနေပြီး စွမ်းအင်ကြောမှာ ပိုမိုကျယ်ပြန့်လာကာ ဓားစွမ်းအင် အမျှင်တန်းတိုင်း သန့်စင်သွားပြီး တိုး၍ထက်ရှလာသည်။

ဓားအသစ် ဖန်တီးလိုက်သကဲ့သို့ ဓားမြည်သံ တစ်သံ သူ့ခန္ဓာကိုယ် အတွင်းမှ ထွက်ပေါ်လာသည်။

ဓားစွမ်းအင်၏ ရိုက်ခတ်မှုကြောင့် သူ၏စွမ်းအင်ကြောမှာ အဆက်မပြတ် သိသိသာသာ ကျယ်ပြန့်လာသည်ကို စုချန် ရှင်းလင်းစွာ ခံစားလိုက်ရသည်။

ထက်ရှသော ဓားစွမ်းအင်များသည် စွမ်းအင်ကြော တစ်လျှောက် စီးဆင်းသွားပြီး ယခင်က ပိတ်ဆို့နေသော စွမ်းအင်ကြော အချို့ကိုပင် ဖောက်ထွင်းဖွင့်လှစ်လိုက်သည်။ ခြေလက်အင်္ဂါများနှင့် အရိုးများမှာ အတားအဆီးမရှိသကဲ့သို့ ဖြစ်သွားပြီး လူတစ်ကိုယ်လုံး ပြန်လည်မွေးဖွားလာသည့်ပမာ စုချန် ခံစားလိုက်ရသည်။

စိတ်အာရုံမှာ ပိုမို ကြည်လင်လာပြီး အတွေးများကလည်း ပိုမို တက်ကြွကာ စူးစိုက်နိုင်လာသည်။ စိတ်ကူးပုံဖော်ခြင်းနှင့် မိမိကိုယ်ကို ဆန်းစစ်ခြင်း မှတဆင့် နတ်ဘုရား အာရုံ နိုးထလာပြီး သိမ်မွေ့သော ပိုးကောင်ငယ်လေးများက ခန္ဓာကိုယ် အတွင်းမှအပြင်သို့ ဆန့်ထွက်သွားသကဲ့သို့ ဖြစ်နေသည်။

နတ်ဘုရား အာရုံသည် အခြေတည်အဆင့် ကျင့်ကြံသူများသာ ပိုင်ဆိုင်သော စွမ်းရည် ဖြစ်သည်။

စုချန် အံ့သြသွားသည်။ မျက်လုံးဖွင့်စရာ မလိုဘဲ ပတ်ဝန်းကျင်ကို ရှင်းလင်းစွာ အာရုံခံနိုင်သည်။ တိုက်ခတ်နေသော လေ၊ လောင်ကျွမ်းနေသော ဝိညာဉ်အလင်းရောင် ၊ အဝေးမှ ပိုးကောင်လေးများ၏ တိုးညင်းသော အော်မြည်သံ...များအပြင်

ခန္ဓာကိုယ် အတွင်းရှိ အရာအားလုံးကိုလည်း ရှင်းလင်းစွာ မြင်နေရသည်။

သူ အောင်မြင်စွာ အခြေတည်ရန် နီးစပ်နေပြီ ဖြစ်ကြောင်း သိလိုက်သည်။ "ကောင်းကင်လမ်းစဉ် အခြေတည်ခြင်း" သည် သူ ထင်ထားသည်ထက် ပိုမို လွယ်ကူပုံရသည်။

ဒါတွေ အားလုံးက ဓားမွေးမြူခြင်း နည်းစနစ်ဖြင့် ကြိုတင် စုစည်းထားသော ရွှေရောင် ဓားအမြုတေ ကြောင့် ဖြစ်သည်။ ၎င်းသည် သူ့၏ ဓားအမြုတေရှင် ခန္ဓာကိုယ် ပါရမီကို အခြေခံအားဖြင့် ဆွဲထုတ်ပေးလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် အခြေတည်ခြင်း လုပ်ငန်းစဉ်သည် မမျှော်လင့်ဘဲ ချောမွေ့နေခြင်း ဖြစ်သည်။

သို့သော် ဤအချိန်မှာပင်...

နတ်ဘုရား အာရုံမှတဆင့် စုချန်သည် စွမ်းအင်ကြော နက်ရှိုင်းရာမှာ ကြမ်းတမ်းပြီး ကြောက်မက်ဖွယ် ကောင်းသော ဧရာမ သားရဲကြီး၏ ပုံရိပ် တစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

နဂါးကြီး တစ်ကောင် ခေါင်းပြူထွက်လာသကဲ့သို့ ဖြစ်ပြီး ၎င်း၏ သွေးရောင် မျက်လုံးများက စိတ်ကို လှုပ်ရှားစေသည်။ နောက်တစ်ခဏတွင် ဝိညာဉ်စွမ်းအင်နှင့် စွမ်းအား အားလုံးကို ၎င်းက ဝါးမြိုလိုက်ပြီး အောက်ခြေမရှိသော ရေဝဲကြီး တစ်ခုကဲ့သို့ အရာအားလုံးကို လွှမ်းမိုးဝါးမြိုပစ်လိုက်သည်။

"ဒုက္ခပဲ... အဲဒီစွမ်းအားပါ အသက်ဝင်လာပြီး သူကလည်း အမြုတေ တစ်ခု အဖြစ် စုစည်းနေပုံရတယ်။ ငါက အမြုတေ နှစ်ခုကို တပြိုင်နက်တည်း သွန်းလုပ်နေတာလား။"

စုချန် ထိတ်လန့်သွားသည်။

သူ့ထဲတွင် အိပ်ပျော်နေသော သားရဲကြီးက ဒီအချိန်မှ နိုးထလာလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။

ဒီအရာက အသိစိတ် မရှိဘဲ စွမ်းအား အမျိုးမျိုးကို သဘာဝ ဗီဇစိတ် သက်သက်ဖြင့် လုယူနေခြင်း ဖြစ်သည်။ ကျင့်ကြံမှု အဆင့် မြင့်လာသည်နှင့်အမျှ ၎င်းလည်း ကြီးထွားလာပြီး ပြောင်းလဲလာသည်။

ဒုတိယမြောက် အမြုတေ။

လူတစ်ယောက်က အမြုတေ နှစ်ခုကို တစ်ပြိုင်နက်တည်း တည်ဆောက်နိုင်တယ် ဆိုတာ တစ်ခါမှ မကြားဖူးဘူး။

အားကောင်းသော စုပ်ယူအားက ဝိညာဉ်စွမ်းအင် အမြောက်အမြားကို လုယူလိုက်သဖြင့် စုချန် စွမ်းအင်ကြောမှာ ချက်ချင်း ဗလာဖြစ်သွားသလို ခံစားလိုက်ရသည်။ ရွှေရောင် ဓားအမြုတေက မကျေနပ်သော အသံ ထွက်ပေါ်လာပြီး ပြန်လည် တိုက်ခိုက်ရန် ကြိုးစားသော်လည်း ထိုစွမ်းအား၏ ဖိနှိပ်မှုကို ခံလိုက်ရပြီး ဝါးမြိုမခံရအောင်ပင် မနည်း ကာကွယ်ထားရသည်။

ဝုန်း…။

ခေါင်းပေါ်တွင် မိုးကြိုးသံများ မြည်ဟီးလာပြီး ထူထဲသော မိုးတိမ်မည်းကြီးများသည် မသိမသာ စုဝေးရောက်ရှိလာကြသည်။

မည်းမှောင်ပြီး ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေသဖြင့် အသက်ရှူရ ခက်ခဲစေသည်။

ပိုင်လင်း ဝိညာဉ်စွမ်းအင် စုစည်းသော အစီအရင် ရှိရာဘက်သို့ စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။ ဒီလှုပ်ရှားမှုက တော်တော် ထူးခြားနေတယ်။

"ကောင်းကင်လမ်းစဉ် အခြေတည်ခြင်း" က တကယ်ပဲ ထူးခြားပြီး မိုးမြေတစ်လွှား ထူးဆန်းသော ဖြစ်စဉ်များကို ဖြစ်ပေါ်စေနိုင်တာပဲ။

နောက်ပိုင်းအဆင့်များဆို မိုးကြိုးကပ်ဘေး တောင် ကျဆင်းလာနိုင်တယ်။

အခြေတည်အဆင့် ကပ်ဘေး ဆိုတာ အလွန် ရှားပါးတယ်။ သာမာန် ကျင့်ကြံသူတွေဟာ အခြေတည်အဆင့်မှာ ကပ်ဘေး ကြုံရလောက်တဲ့ အထိ ဖြစ်ခဲတယ်။

"အားကောင်းလိုက်တဲ့ မိုးကြိုးတိမ်တိုက်တွေ။ တစ်ယောက်ယောက် ကပ်ဘေး ခံယူရတော့မယ်။ စုမိသားစုက တစ်ယောက်ယောက်က 'ကောင်းကင်လမ်းစဉ် အခြေတည်ခြင်း' ကို ကြိုးစားနေတာပဲ။"

ဝမ်ညီအစ်ကိုများ ဖြစ်ကြသော ကျင်းလုံ နှင့် ရင်းဟူ တို့သည် လေနက် ဓားပြဂိုဏ်း ကို ဦးဆောင်ပြီး ချီတက်လာကြသည်။ သူတို့ အဝေးမှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါကို အာရုံခံမိပြီး မျက်နှာထားများ အကြီးအကျယ် ပြောင်းလဲသွားကြသည်။

"စုချန် ဖြစ်ရမယ်။"

"ဒီကောင်လေးက 'ကောင်းကင်လမ်းစဉ် အခြေတည်ခြင်း' ကို ကျင့်ကြံနိုင်တဲ့ အရည်အချင်း ရှိတာကိုး။ ယန်မိသားစုက သူ့ကို သတိထားမိပြီး စုမိသားစုကို မရရအောင် ဖျက်ဆီးပစ်ဖို့ ငါတို့ကို ခိုင်းတာ မဆန်းပါဘူး။ ဒါတွေ အကုန်လုံးက စုချန်ကို အာရုံလွှဲပြီး သူ့အခြေတည်ခြင်းကို နှောင့်ယှက်ဖို့ပဲ။"

"'ကောင်းကင်လမ်းစဉ် အခြေတည်ခြင်း' ဆိုတာ သေးငယ်တဲ့ ကိစ္စ မဟုတ်ဘူး။ အောင်မြင်သွားရင် အနာဂတ် အလားအလာ အကန့်အသတ် မရှိတော့ဘူး။ ငါတို့နဲ့ စုမိသားစုက မွေးရာပါ ရန်သူတွေ ဖြစ်နေပြီ။ ဒီကောင်လေးသာ အခြေတည်တာ အောင်မြင်သွားရင် ငါတို့ အားလုံး သေလမ်းပဲ ရှိတော့မယ်။"

ညီအစ်ကို နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်၏မျက်လုံးထဲရှိ ပြတ်သားသော ဆုံးဖြတ်ချက်ကို ကျန်တစ်ယောက်က အလိုလို သိမြင်လိုက်ကြသည်။

တွန့်ဆုတ်မနေဘဲ မှော်စွမ်းအင်များကို ထုတ်လွှတ်လိုက်ပြီး ရက်စက်စွာ အမိန့်ပေးလိုက်သည်။ "အစွမ်းကုန် တိုက်ကြ။ ဘယ်နည်းနဲ့မဆို စုမိသားစုရဲ့ အစီအရင်ကို ဖောက်ဝင်ကြ။ တစ်ယောက်မှ အရှင်မထားနဲ့။"

All Chapters