← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇) - စုမိသားစုမှ နဂါးတစ်ကောင် ထွက်ပေါ်လာခြင်း

ဝုန်း။

မှော်အလင်းတန်း ရာပေါင်းများစွာ မြို့အထက်တွင် ပေါက်ကွဲထွက်ပေါ်လာပြီး စုမိသားစု အိမ်တော်ဝင်းကို ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်လိုက်သည်။ ကျယ်လောင်သော အသံကြီး တစ်သံနှင့်အတူ ကောင်းကင်ယံ တုန်ခါသွားပြီး ကြက်ဥခွံကဲ့သို့သော ကာကွယ်ရေး အစီအရင်ကြီးသည် နောက်ဆုံးတွင် ဓားပြများ၏ အရှိန်ပြင်းပြင်း တိုက်ခိုက်မှုကို မခံနိုင်တော့ဘဲ ကွဲအက်ပေါက်ကွဲသွားသည်။

"စုမိသားစုကို သတ်ကြ။ တစ်ယောက်မှ အရှင်မထားနဲ့။"

ဝမ်ကျင်းလုံ ဦးဆောင်ပြီး သူ့နောက်တွင် ညီဖြစ်သူ ဝမ်ရင်းဟူ လိုက်ပါလာကာ အခြေတည်အဆင့် ကျင့်ကြံသူ နှစ်ဦးစလုံးက အိမ်တော်အဝင်ဝသို့ အားကုန် ဝင်ရောက်တိုက်ခိုက်ကြသည်။

ဓားပြများသည် အော်ဟစ်သံပေးပြီး မှော်ပစ္စည်းများကို အသုံးပြုကာ ဝံပုလွေအုပ်ကြီးကဲ့သို့ စုမိသားစု အိမ်တော်ဝင်းထဲသို့ တိုးဝင်လာကြသည်။

ဤအမည်းရောင် လှိုင်းလုံးကြီး ဝင်ရောက်လာသည်ကို မြင်သောအခါ စုမိသားစု စိတ်နှလုံး လေးလံသွားသည်။ ရန်သူအင်အား အားလုံးနီးပါး ရောက်လာပြီး အင်အား သိပ်ကြီးမားလွန်းသဖြင့် သူတို့ ခုခံနိုင်စွမ်း မရှိပေ။

ဒါပေမဲ့ သူတို့ ဆုတ်ခွာလို့ မရဘူး။

နောက်ဆုံး ခံစစ်စည်းကို ထိန်းထားပြီး စုချန် အခြေတည်ဖို့ ကာကွယ်ပေးရမယ်။ ဒါက သူတို့ ကံကြမ္မာကို ပြောင်းလဲနိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးပဲ။

"မကြောက်ကြနဲ့။ ငါတို့ စုမိသားစုက သေရမှာ မကြောက်ဘူး။"

"သူတို့ကို မောင်းထုတ်ကြ။"

ပိုင်လင်း အော်ဟစ်လိုက်ပြီး လက်ဖဝါးထဲမှ အရိုးဖြူတစ်ချောင်းကို ထုတ်သုံးလိုက်သည်။

ဒါက အကြီးအကဲကျိုး ချန်ထားခဲ့တဲ့ ယင်ဝိညာဉ် အလံတံခွန် ပဲ။

စုချန်က သူမ အသက်အန္တရာယ်ကို စိုးရိမ်လို့ ဒီမှော်ပစ္စည်းကို ယာယီ ငှားပေးထားတာ။ အခု သေရေးရှင်ရေး အခြေအနေ ရောက်နေပြီဆိုတော့ ရန်သူကို ခုခံနိုင်သရွေ့ ဒါက မိစ္ဆာပညာ ဟုတ်လည်း ဘယ်သူ ဂရုစိုက်နေမှာလဲ။ ထုတ်သုံးရမှာပဲ။

လေပြင်းများ တိုက်ခတ်လာပြီး ဝင်ရောက်လာသော လေနက် ဓားပြ အများအပြား ချက်ချင်းပင် မိစ္ဆာ ဝိညာဉ်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရကာ သွေးနှင့် အသားများ စုတ်ပြတ်ပြီး မြေကြီးပေါ်သို့ လဲကျသွားကြသည်။

"ကောင်းလိုက်တဲ့ စုမိသားစု ။ ဒီလို ယုတ်မာတဲ့ မိစ္ဆာမှော်ပစ္စည်းမျိုးတောင် ရှိနေတာပဲ။ ကြည့်ရတာ မိစ္ဆာလမ်းစဉ် နဲ့ ပူးပေါင်းနေတာ သေချာပြီ။"

ဝမ်ကျင်းလုံ ဒါကိုမြင်တော့ စုမိသားစုကို မိစ္ဆာလမ်းစဉ်နှင့် ပူးပေါင်းသည်ဟု စွပ်စွဲဖို့ အခွင့်အရေးကို လက်လွတ်မခံခဲ့ပေ။

ဒီလိုဆိုရင် ရှုတောင်က စစ်ဆေးလာရင်တောင် သူတို့မှာ ဖြေရှင်းချက် ပေးစရာ ရှိသွားပြီ။

"ဒီမှော်ပစ္စည်းက သူပိုင်တာ မဟုတ်ဘူး ။ စွမ်းအားအကုန် ထုတ်သုံးဖို့ ခက်ခဲလိမ့်မယ်။ ညီလေး ၊ မင်းနဲ့ငါ ပူးပေါင်းပြီး ဖျက်ဆီးပစ်ကြစို့။"

စကားပြောရင်း ဝမ်ကျင်းလုံ၏ နောက်ကျောတွင် အမြုတေ ပေါ်လာသည်။ ရွှေရောင် စပါးအုံးမြွေကြီး တစ်ကောင် ထွက်ပေါ်လာပြီး သူ့လက်မောင်းကို ရစ်ပတ်ကာ ဓားရှည်တစ်လက် အဖြစ် ပြောင်းလဲသွားသည်။

ဝမ်ရင်းဟူ၏ နောက်ကျောမှလည်း ငွေရောင် ဝံပုလွေခွေး တစ်ကောင် ပျံထွက်လာပြီး လှည့်ပတ်ပျံသန်းကာ ငွေရောင် ဓားအလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ရွှေရောင်နှင့် ငွေရောင် အလင်းတန်း နှစ်ခု လေထုကို ခွဲဖြတ်သွားပြီး ဆင်းသက်လာသောအခါ သရဲမီးတောက်များကို ဆုတ်ဖြဲပစ်လိုက်သည်။ ပိုင်လင်း လွင့်စဉ်သွားပြီး လက်ထဲမှ ယင်ဝိညာဉ် အလံတံခွန် လွတ်ကျသွားသည်။

ဘာပဲဖြစ်ဖြစ် သူမက မိစ္ဆာပညာ ကျင့်ကြံသူ မဟုတ်သလို ဝိညာဉ်ထိန်းချုပ်နည်းကို ကျင့်ကြံဖို့လည်း အချိန်မရလိုက်ဘူး။ သူမ ထုတ်သုံးနိုင်တဲ့ စွမ်းအားက အလွန်ပင် အကန့်အသတ် ရှိပြီး အရိုးဖြူ ကျင့်ကြံသူ ထက် အများကြီး လျော့နည်းနေသည်။

ယင်ဝိညာဉ် အလံတံခွန် ပျက်စီးသွားသဖြင့် ကျန်ရှိနေသော ကျင့်ကြံသူများကို တားဆီးမည့်အရာ မရှိတော့ဘဲ အဝင်ဝသို့ အလုံးအရင်း ဝင်ရောက်လာကြသည်။

"စုမိသားစုတော့ သွားပြီ။"

အဝေးမှ စောင့်ကြည့်နေသော အခြား မိသားစုများသည် ဒီမြင်ကွင်းကို မြင်သောအခါ သက်ပြင်းချကြရုံမှတစ်ပါး..။

ယုန်သေလျှင် မြေခွေး ဝမ်းနည်းသလိုမျိုးပေါ့။

လေနက်တောင် တော်ဝင်မိသားစုက နှစ်ပေါင်းများစွာ ပတ်ဝန်းကျင်က မိသားစုတွေကို လုယက်လာခဲ့တာ ဘယ်သူက မမုန်းဘဲ နေမှာလဲ။

ကံဆိုးစွာဖြင့် သူတို့က အင်အားကြီးမားပြီး အခြေတည်အဆင့် မိသားစု ဖြစ်နေလို့ သာမာန် မိသားစုလေးတွေ အနေနဲ့ မပြစ်မှားရဲကြဘူး။

"အစ်ကိုကြီး၊ အစ်ကိုကြီးက ဝိညာဉ်စွမ်းအင် စုစည်းသော အစီအရင် ကို သွားဖျက်ဆီးလိုက်။ အဲဒီကောင်လေး အခြေတည်လို့ မရအောင် လုပ်။ ဒီကောင်မစုတ်ကို ကျွန်တော့်လက်ထဲ ထားခဲ့လိုက်။"

ဝမ်ရင်းဟူ ဦးဆောင် ပြောလိုက်ပြီး ပိုင်လင်းကို ညစ်ကျယ်ကျယ် အပြုံးဖြင့် ကြည့်လိုက်သည်။

"စုမိသားစုမှာ မျိုးရိုးမစစ်တဲ့ ညီမလေး တစ်ယောက် ရှိတယ်။ ရုပ်ရည်က အတော်ရှိတယ်လို့ ကြားနေတာ ကြာပြီ။ ဒီနေ့မှပဲ တွေ့ဖူးတော့တယ်။ ညီမလေး ၊ မြန်မြန် အရှုံးပေးလိုက်တာ မကောင်းဘူးလား။ ဒုတိယသခင်ကြီးနဲ့ လိုက်ခဲ့ရင် နင့်အသက်ချမ်းသာပေးမယ်။"

"တိရစ္ဆာန်ကောင်၊ ငါနဲ့ တန်လို့လား။"

ပိုင်လင်း၏ မျက်လုံးများက အေးစက်နေပြီး ခန္ဓာကိုယ်မှ အဖြူရောင် ကျောက်စိမ်းအလင်းရောင်များ တောက်ပလာကာ လက်ကိုမြှောက်ပြီး ရိုက်ချလိုက်သည်။

သူမ၏ မှော်ပညာသည် အလွန် ထူးခြားပုံရသည်။ ကျောက်စိမ်းအလင်းရောင် ထိတွေ့မိသမျှ အရာရာတိုင်း မှော်စွမ်းအင် ဖြစ်စေ ၊ ကျောက်တုံး၊သစ်ပင် ဖြစ်စေ အေးခဲသွားပြီး ကျောက်စိမ်းတုံး အဖြစ် ပြောင်းလဲသွားသည်။

ဝမ်ရင်းဟူ မတော်တဆ အနည်းငယ် ထိမိသွားရာ ဘယ်ဘက်လက် တစ်ခုလုံး ကျောက်စိမ်းပန်းပုရုပ် အဖြစ် ပြောင်းလဲသွားသည်။ ဝိညာဉ်စွမ်းအင် လှည့်ပတ်၍ မရတော့ဘဲ အသားနှင့် သွေးများ အေးခဲသွားသကဲ့သို့ ဖြစ်နေသည်။

"ဒါ ဘယ်လို သိုင်းပညာမျိုးလဲ။"

သူ တုန်လှုပ်သွားသည်။ သာမာန် စုမိသားစုလေးမှာ ဒီလို နတ်ဘုရားအဆင့် သိုင်းပညာမျိုး ဝှက်ထားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ချက်ချင်းပင် သူ့မျက်လုံးများထဲတွင် လောဘရိပ်များ ပေါ်လာသည်။

"ညီမလေး ၊ ဒီသိုင်းပညာက ကောင်းသားပဲ။ ဒါပေမဲ့ ကံမကောင်းတာက မင်း အခြေတည်အဆင့် မရောက်သေးတော့ စွမ်းအားအကုန် ထုတ်မသုံးနိုင်ဘူး။ မြန်မြန် ထုတ်ပေးလိုက်စမ်း။"

"သေချင်နေတာပဲ။"

ပိုင်လင်းမှာ အေးစက်စွာနှင့် ရှုံ့မဲ့ပြရင်း ထပ်မံ ရိုက်ချလိုက်ပြန်သည်။ အဖြူရောင် ကျောက်စိမ်းအလင်းရောင်မှာ တောက်ပပြီး သန့်စင်နေသော်လည်း ယခင်ကထက် သိသိသာသာ အားနည်းသွားသည်။

ဘာပဲဖြစ်ဖြစ် သူမ ကျင့်ကြံမှုအဆင့် နိမ့်ကျနေခြင်းနှင့် ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များက သူမကို အကြီးအကျယ် တားဆီးထားသည်။

တစ်ချိန်တည်းမှာပင်။

အစ်ကိုဖြစ်သူ ဝမ်ကျင်းလုံ သည် စုမိသားစု ဂိုဏ်းသား ဒါဇင်ပေါင်းများစွာကို အနိုင်ယူပြီး လူသူကင်းမဲ့သော နေရာသို့ ဝင်ရောက်သွားကာ ဝိညာဉ်စွမ်းအင် စုစည်းသော အစီအရင် ဆီသို့ အားကုန် ဝင်ရောက်တိုက်ခိုက်နေပြီ ဖြစ်သည်။

အဝေးမှ လှမ်းကြည့်လိုက်ရာ အပြာရောင် ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်လေး တစ်ဦး လေထဲတွင် တင်ပျဉ်ခွေ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ့ပတ်ဝန်းကျင်တွင် ဓားများ ဝန်းရံနေပြီး မိုးကြိုးလျှပ်စီးကြောင်းများ ဝေဝါးဝါး မြင်နေရသည်။

သူ့ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခု ထွက်ပေါ်နေပြီး အသက်ရှူသံက မိုးကြိုးသံနှင့် တူနေသည်။

"မကောင်းတော့ဘူး ။ ဒီကောင် လာနေပြီ။"

ဝမ်ကျင်းလုံ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး ဓားကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင် ဓားအလင်းတန်းက ကောင်းကင်သို့ ပျံတက်သွားသည်။

သို့သော် ထိုအချိန်တွင် မိုးကြိုးမုန်တိုင်း ထန်လာပြီး မိုးကြိုးတိုင်ကြီး တစ်ခု ရုတ်တရက် ကျဆင်းလာကာ အိမ်တော်အမိုးခုံးကို ချက်ချင်း ပစ်ခွဲလိုက်သည်။ လူငယ်လေး၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး ပြင်းထန်သော စွမ်းအားများ ပေါက်ကွဲထွက်လာရာ ဝမ်ကျင်းလုံ အာမေဋိတ် သံများနှင့်အတူ နောက်ဆုတ်လိုက်ရသည်။ လက်ထဲမှ ဓားရှည်မှာလည်း မည်းတူးသွားပြီး လက်မောင်းများပင် ထုံကျင်သွားသည်။

"အခြေတည် ကပ်ဘေး။ တောက်။ ဒီကောင် တကယ် အခြေတည်နေတာပဲ။ ကံကောင်းတာက ဒီမိုးကြိုးကပ်ဘေးက အားကောင်းလွန်းတော့ စုချန် ခံနိုင်ချင်မှ ခံနိုင်မှာ။ မနည်း တောင့်ခံနိုင်ရင်တောင် အင်အားအများကြီး လျော့နည်းသွားလိမ့်မယ်။ အဲဒါ သူ့အတွက် အားအနည်းဆုံး အချိန်ပဲ။"

ဝမ်ကျင်းလုံ မျက်လုံးများ အေးစက်နေပြီး ရွှေရောင် စပါးအုံးမြွေက သူ့ခန္ဓာကိုယ်ပေါ်တွင် ရစ်ပတ်ကာ ဟိန်းဟောက်နေသည်။ သူ အင်အားစုစည်းထားပြီး အချိန်မရွေး သတ်ဖြတ်ရန် အသင့်ပြင်ထားသည်။

သို့သော်

သူ ထင်ထားသလို မိုးကြိုးဒဏ်ကို အကြီးအကျယ် ခံစားနေရခြင်း မရှိပေ။

ထိုကြောက်မက်ဖွယ် မိုးကြိုးအလင်းတန်း ကျဆင်းလာသော်လည်း ခဏတာမျှသာ ကြာမြင့်ပြီး ပျောက်ကွယ်သွားသည်။

လက်မောင်းလုံးခန့် ရှိသော မိုးကြိုးတိုင်ကြီးသည် စုချန်ကို ရိုက်ခတ်လိုက်သော်လည်း ရွှံ့နွံထဲသို့ ကျောက်တုံးပစ်ချလိုက်သည့်အလား တစ်စုံတစ်ရာ၏ ဝါးမြိုခြင်းကို တိုက်ရိုက် ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

ခဏအကြာတွင် စုချန် မျက်လုံးဖွင့်လိုက်ပြီး အပြင်သို့ ပျံထွက်လာသည်။ လျှပ်စီးကြောင်းများမှာ သူ့ခန္ဓာကိုယ်ပေါ်တွင် ခုန်ပေါက်နေသည်။

ရွှေရောင် မိုးကြိုးဓား တစ်လက်သည် သူ့ခေါင်းနောက်ကျောတွင် ပေါ်လာပြီး ခမ်းနားထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

စုချန်၏ မျက်လုံးများထဲတွင် လျှပ်စီးအလင်းရောင်များ တောက်ပနေပြီး ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရား တစ်ပါးကဲ့သို့ အားကောင်းသော အရှိန်အဝါဖြင့် ကွင်းပြင်တစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားသည်။

ထိုအရှိန်အဝါကြောင့် လူတိုင်း အလိုအလျောက် သူ့ဘက်သို့ လှည့်ကြည့်မိလိုက်ကြသည်။ ကောင်းကင်ပေါ်မှ လူငယ်လေးသည် လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်ကို တွေ့လိုက်ရသည်။

"ငါ့မိသားစုရဲ့ အစီအရင်ကြီးကို ဖျက်ဆီးပြီး ငါ့အိမ်သားတွေကို ထိခိုက်နာကျင်စေတဲ့ ကောင်တွေ... သေနေ့စေ့ပြီ။"

"ဒီနေ့နောက်ပိုင်း လေနက်တောင် မှာ ဝမ်မိသားစု ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။"

မထီမဲ့မြင် ပြောလိုက်သော အသံသည် နတ်ဘုရား၏ စီရင်ချက်ကဲ့သို့ပင်။

သူ့လက်ချောင်းထိပ်များမှာ လေထဲတွင် လှုပ်ရှားလိုက်သည်နှင့် ရွှေရောင်ဓားက တုန်ခါသွားပြီး မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီး ဓားများ ပျံထွက်သွားသည်။

ကြောက်မက်ဖွယ် အရှိန်အဝါ လွှမ်းခြုံလာသဖြင့် ဝမ်ကျင်းလုံ၏ ရင်ထဲတွင် ပြင်းထန်သော ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။ ကောင်းကင်ဘုံ၏ အမျက်ဒေါသ ကို ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေသည်။ တစ်ခဏအတွင်း သူ့နောက်ကျောမှ အမြုတေ တုန်ခါသွားပြီး ရွှေရောင် စပါးအုံးမြွေမှာ ညည်းညူတုန်ရီကာ ပြိုလဲပျက်စီးသွားပြီး မိုးကြိုးဓားတစ်လက် သူ့ဆီ ထိုးဖောက်ဝင်ရောက်လာသည်။

"သူ့စွမ်းအားက ဘာလို့ ဒီလောက် အားကောင်းရတာလဲ။"

ဝမ်ကျင်းလုံလည်း ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ကောင်းကင်ထက်သို့ အမြန် ပျံတက်သွားသည်။ မှော်ပစ္စည်း အများအပြားမှာ သူ့ပတ်ဝန်းကျင်တွင် ပေါ်လာပြီး အကာအကွယ်ရယူရန် ကြိုးစားလိုက်သော်ငြား သိမ်မွေ့သော မိုးကြိုးအလင်းတန်းက ချက်ချင်း ရောက်ရှိလာပြီး လေထဲတွင် စုစည်းကာ ငွေရောင် ဓားအလင်းတန်းတိုင်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ရွှမ်း ရွှမ်း ရွှမ်း—

အကာအကွယ် မှော်ပစ္စည်း အားလုံးသည် စက္ကူတစ်ရွက်ပမာ ချက်ချင်း ပျက်စီးစုတ်ပြဲသွားသည်။

ထို့နောက် ဓားက ဝမ်ကျင်းလုံကိုယ်ထဲ ထိုးဖောက်သွားရာ ဝမ်ကျင်းလုံသည် လေထဲတွင် အော်ဟစ်နေရင်း သူ့ခန္ဓာကိုယ်မှာ ချက်ချင်း မီးကျွမ်းကာ မီးသွေးတုံးအဖြစ် ပြောင်းလဲပြီး ပြုတ်ကျသွားသည်။

"အစ်ကိုကြီး။"

"ခေါင်းဆောင်။"

ဝမ်မိသားစု ဂိုဏ်းသား အားလုံး ဒီမြင်ကွင်းကြောင့် တုန်လှုပ်သွားကြသည်။ မျက်လုံးများ ပြူးကျယ်နေပြီး မျက်နှာထက်တွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

စုမိသားစု ဘက်မှာတော့ အလွန် စိတ်လှုပ်ရှားနေကြပြီး စုချန် နာမည်ကို ကျယ်လောင်စွာ အော်ဟစ်အားပေးနေကြကာ စိတ်ဓာတ်များမှာ မိုးထိ မြင့်တက်နေသည်။

ထိုအချိန်တွင် ဝမ်ရင်းဟူ လည်း ပိုင်လင်း နှင့် တိုက်ခိုက်နေခြင်းကို ဂရုမစိုက်တော့ပေ။ အခြေအနေ မကောင်းသည်ကို မြင်သောအခါ အစိမ်းရောင် သစ်ရွက်တစ်ရွက်ကို ချက်ချင်း ပစ်ထုတ်လိုက်ရာ လှေပျံ တစ်စင်းအဖြစ် ပြောင်းလဲသွားပြီး လေထဲသို့ ချက်ချင်း ပျံတက်‌ပြေးသွားသည်။

ပြေး..။

သေချာပေါက် ပြေးမှ ဖြစ်မယ်။

ဒီကောင်လေးက သိပ်အားကောင်းလွန်းတယ်။ ကောင်းကင်လမ်းစဉ် အခြေတည်ခြင်း အောင်မြင်သွားတော့ အင်အားက မှန်းမရလောက်အောင် ဖြစ်နေပြီ။

အစ်ကိုကြီးတောင် ချက်ချင်း အသတ်ခံလိုက်ရတာ။ သူဆို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။

ဝမ်ရင်းဟူ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။ ဒီနေရာကနေ၊ ဒီကြောက်စရာကောင်းတဲ့ မိစ္ဆာကောင်ဆီကနေ အဝေးဆုံးကို ထွက်ပြေးဖို့သာ။

သို့သော်။

စုချန်၏ မျက်လုံးများက သူ့ကို စူးစိုက်ကြည့်နေပြီးသား ဖြစ်သည်။

လက်တစ်ချက် လှုပ်လိုက်ရုံဖြင့် မိုးကြိုးဓားအလင်းတန်းက ကောင်းကင်ကို စုတ်ဖြဲသွားပြီး ဝမ်ရင်းဟူ ဦးခေါင်းကို ချက်ချင်း တိခနဲ ဖြတ်ချလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း ဝမ်မိသားစု၏ အခြေတည်အဆင့် ကျင့်ကြံသူ နှစ်ဦးစလုံးမှာ နေရာတွင်ပင် သေဆုံးသွားကြသည်။

အမှောင်ထဲတွင် စောင့်ကြည့်နေသော အခြား ကျင့်ကြံသူ မိသားစုများ ဒီမြင်ကွင်းကို မြင်သောအခါ ကြောက်လွန်း၍ သည်းခြေပျက်မတတ် ဖြစ်သွားကြသည်။

သိပ်အားကောင်းလွန်းတယ်။ ဒါ ကောင်းကင်လမ်းစဉ် အခြေတည်ခြင်း ရဲ့ အင်အားလား။

ဒီတစ်ခေါက်တော့ စုမိသားစုက နဂါးတစ်ကောင် မွေးထုတ်လိုက်ပြီပဲ။

အခန်း (၅၈) - နတ်ဘုရား အသွင်ပြောင်းအဆင့်

ဝမ်ညီအစ်ကိုများ ဆက်တိုက် ကျဆုံးသွားသည်နှင့် ကျန်ရှိနေသော လေနက် ဓားပြ များသည် ကြောက်လန့်တကြား ဖြစ်သွားကြသည်။

သူတို့အားလုံး နောက်လှည့်ပြီး ထွက်ပြေးရန် ပြင်ကြသည်။

သို့သော် စုချန်က သူတို့ကို လွှတ်ပေးရန် စိတ်ကူးမရှိပေ။ အခြေတည်အဆင့် ရောက်ရှိပြီးနောက် သူ့မှော်စွမ်းအင်သည် ငါး ဆမက တိုးပွားလာခဲ့သည်။ နတ်ဘုရား အာရုံ ၏ အထောက်အပံ့ဖြင့် ဓားထိန်းချုပ်ခြင်း နည်းစနစ်သည်လည်း ပိုမို သိမ်မွေ့လာသည်။

သူ လက်ကို ချက်ချင်း ဝှေ့ယမ်းလိုက်ရာ နောက်ကျောရှိ ရွှေရောင် ဓားအမြုတေမှာ တုန်ခါသွားပြီး ပြာလဲ့လဲ့ သမုဒ္ဒရာ ဓားကျမ်း ကို အထွတ်အထိပ်သို့ ရောက်အောင် ကျင့်သုံးလိုက်သည်။

မိုးကြိုးအလင်းတန်းများ ပြန့်ကျဲထွက်လာပြီး ထိတွေ့ကိုင်တွယ်၍ ရနိုင်သော ဓားစွမ်းအင် ဓားသွားများ အဖြစ် ပြောင်းလဲကာ ဓားမိုးရွာသွန်းသကဲ့သို့ လွှမ်းခြုံကျဆင်းသွားသည်။

တစ်ခဏအတွင်း ပြင်းထန်သော မိုးကြိုးအလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ဓားမိုးသောင်းချီ ပစ်ခတ်လိုက်ရာ ကွင်းပြင်တစ်ခုလုံးတွင် သိမ်မွေ့သော လျှပ်စီးကြောင်းများ လက်ခနဲ ဖြစ်သွားသည်။ လေထဲသို့ ပျံတက်သွားသော ဓားပြများသည် ယင်ကောင်များကဲ့သို့ တဖြုတ်ဖြုတ် ပြုတ်ကျကုန်ပြီး မျက်စိတစ်မှိတ်အတွင်း လူဒါဇင်ပေါင်းများစွာ အသတ်ခံလိုက်ရသည် ။

"ဒါ... ကြောက်စရာကောင်းလိုက်တဲ့ မိုးကြိုး ဓားစွမ်းအင်ပဲ။"

"သခင်လေးက အခုမှ အခြေတည်ကာစ ရှိသေးတာကို ဒီလောက် ကြောက်မက်ဖွယ် ကောင်းတဲ့ မှော်စွမ်းအင် ရှိနေပြီ။ ကောင်းကင်လမ်းစဉ် အခြေတည်ခြင်း က တကယ်ပဲ သာမာန် မဟုတ်ပါလား။"

"ဒါပေမဲ့ ရှောင်ချန် ရဲ့ အမြုတေ က တကယ်တမ်း ဘာလဲ။ သူ ဘာသိုင်းပညာ ကျင့်ကြံထားတာလဲ မသိဘူး။ ဒီလောက် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အမြုတေမျိုး အရင်က တစ်ခါမှ မကြားဖူးဘူး။"

စုမိသားစုဝင်များ အားလုံး အံ့သြမှင်သက် နေကြသည်။

အချိန်အတော်ကြာမှ အချို့လူများမှာ သတိဝင်လာကြပြီး ချက်ချင်း လိုက်လံတိုက်ခိုက်ကြကာ ရေထဲကျနေသော ခွေးများကို ထပ်မံရိုက်နှက်ကြတော့သည်။

"ဝမ်မိသားစုဝင် မှန်သမျှ တစ်ယောက်မှ မချန်နဲ့ အကုန်သတ်။ ကျန်တဲ့လူတွေ လေနက်တောင် ကို ချက်ချင်း တက်သိမ်းကြ။ ဒီနေ့ ဝမ်မိသားစုကို အမြစ်ပြတ် ချေမှုန်းရမယ်။"

ပိုင်လင်း လေထဲသို့ ပျံတက်သွားပြီး အမိန့်ပေးလိုက်သည်။

စုမိသားစု ဂိုဏ်းသားများသည် ဒေါသများကို ကြာရှည်စွာ မြိုသိပ်ထားခဲ့ရသဖြင့် ယခုအခါ စိတ်ဓာတ် တက်ကြွနေကြပြီး အားနှင့်မာန်နှင့် ဝင်ရောက်တိုက်ခိုက်ကြသည်။

ဝမ်မိသားစု၏ ကျဆုံးမှုသည် ပြန်လည် ထူထောင်၍ပင် မရနိုင်တော့ပေ။ ဒီတစ်ခေါက်တွင် အင်အားကြီးမားသော စစ်သည်များအား ဆုံးရှုံးရုံသာမက လေနက်တောင်အထိ စုမိသားစု၏ ဖျက်ဆီးခြင်းကို ခံရတော့မည်။ တစ်ချိန်က ဒေသတစ်ခုလုံးကို လွှမ်းမိုးခဲ့သော အခြေတည်အဆင့် မိသားစုကြီးသည် ယနေ့တွင် သမိုင်းထဲတွင် ကျန်ရစ်ခဲ့ရတော့မည် ဖြစ်သည်။

အခြေအနေ တည်ငြိမ်သွားပြီ ဖြစ်သဖြင့် စုချန်လည်း သူ့အရှိန်အဝါကို ပြန်လည် သိမ်းဆည်းလိုက်ပြီး ဆက်လက် မတိုက်ခိုက်တော့ပေ။

ခုနက သူ အမြုတေ၏ စွမ်းအားကို စမ်းသပ်ကြည့်ချင်ရုံသာ ရှိခဲ့ပြီး ရလဒ်က သိပ်မဆိုးလှပေ။

ယခု သူ ထုတ်ဖော်ပြသလိုက်သော အမြုတေ အမည်မှာ ကောင်းကင်မိုးကြိုးဓား ဖြစ်သည်။ သူ၏ပါရမီ ဓားအမြုတေ ကို အခြေခံပြီး ပန်းသုံးပွင့် မိုးကြိုးသစ်သား ၏ စွမ်းအားနှင့် ပေါင်းစပ်ကာ ကောင်းကင်လမ်းစဉ် အမြုတေ ကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် မိုးကြိုးကပ်ဘေး ၏ စွမ်းအား အချို့ကိုလည်း စုပ်ယူခဲ့ရာမှ ဤကဲ့သို့ ထူးခြားသော အမြုတေ တစ်ခု ဖြစ်ပေါ်လာသည်။

၎င်းသည် ဓားစွမ်းအင် စွမ်းအားကို အတော်အတန် မြှင့်တင်ပေးနိုင်သည်။ အသက်သွင်းလိုက်သောအခါ မိုးကြိုး ဓားစွမ်းအင်များ ပစ်ခတ်ထွက်လာပြီး ဓားတစ်သောင်း ပြိုင်တူ ပျံသန်းသကဲ့သို့ ဖြစ်ကာ ပြာလဲ့လဲ့ သမုဒ္ဒရာ ဓားကျမ်း ၏ နက်နဲမှုနှင့်လည်း ကိုက်ညီသဖြင့် စွမ်းအားမှာ အလွန် ကြီးမားသည်။

ဒါ့အပြင် ဒီဓားကို ထုတ်လွှတ်ပြီး စွမ်းအားစုစည်းကာ မိုးကြိုးတိုက်ခိုက်မှု တစ်ခု ပြုလုပ်နိုင်သည်။

ယင်း၏ စွမ်းအားသည် အနည်းဆုံး ကိုယ်ပိုင် အင်အားထက် ၁၀ ဆမက တိုးမြှင့်ပေးနိုင်ပြီး ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာပါက အလွန် ကြောက်မက်ဖွယ် ကောင်းသည်။

ဒါပေမဲ့ ဒါက သူ့ရဲ့ အပေါ်ယံ ပထမ အမြုတေ မျှသာ ဖြစ်သည်။

ကောင်းကင်မိုးကြိုးဓား အပြင် စုချန်၏ တန်ထျန်းသွေးကြော နက်ရှိုင်းရာတွင် ပိုမို လျှို့ဝှက်ဆန်းကြယ်သော အခြား အမြုတေ တစ်ခုကိုလည်း တည်ဆောက်ထားသည်။

၎င်းသည် ထိုဧရာမ သားရဲကြီး၏ ပုံရိပ်မှ ပြောင်းလဲလာခြင်း ဖြစ်ပြီး နောက်ဆုံးတွင် မှောင်မည်းနက်လှသော သားရဲဝိညာဉ် ကျောက်စိမ်း တစ်ခုအဖြစ် စုစည်းသွားကာ တန်ထျန်းသွေးကြော နက်ရှိုင်းရာတွင် ပျံဝဲနေပြီး နေရာ အများစုကို နေရာယူထားသည်။

စုချန် ဒီအမြုတေ နာမည်ကို မသိသော်လည်း မယုံကြည်နိုင်လောက်သော စွမ်းအားများ ပါဝင်နေသည်ကို ခံစားနိုင်သည်။ တစ်ခါ ပေါက်ကွဲထွက်လာပါက ကောင်းကင်မိုးကြိုးဓား ကိုပင် အလွယ်တကူ ဖိနှိပ်သွားနိုင်လိမ့်မည်။

ဒီအမြုတေက သူ့ကို ပိုမို အားကောင်းသော ဝါးမြိုနိုင်စွမ်း ကို ပေးစွမ်းသည်။

သူ ဆန္ဒရှိလျှင် ဤလောကရှိ မည်သည့် အရှိန်အဝါကိုမဆို စုပ်ယူသန့်စင်နိုင်သည်။ ဝိညာဉ်စွမ်းအင်၊ အဆိပ်ငွေ့ သို့မဟုတ် မိစ္ဆာစွမ်းအင် ဖြစ်ပါစေပေါ့။

ဒါက အလွန် ကြောက်စရာ ကောင်းသည်။

စုချန် ၎င်းကို ကောင်းကင်ဝါးမြို သားရဲဝိညာဉ် ဟု နာမည်ပေးထားလိုက်သည်။

အမြုတေ နှစ်ခု တည်ဆောက်ခြင်းက ကျင့်ကြံခြင်း လောကတွင် မရှိသလောက် ရှားပါးသော ဖြစ်ရပ် ဖြစ်သည်။

ယင်းမှ ရရှိလာသော အကျိုးကျေးဇူးများမှာလည်း စိတ်ကူး၍ပင် မရနိုင်ပေ။

ပြာလဲ့လဲ့ သမုဒ္ဒရာ ဓားကျမ်း ကို ကျင့်ကြံထားသော စုချန်သည် မူလကတည်းက သာမာန် ကျင့်ကြံသူများထက် မှော်စွမ်းအင် ပိုမို ခိုင်မာများပြားသည်။ ယခု နှစ်ဆ တိုးမြှင့်လိုက်သဖြင့် လူတစ်ကိုယ်လုံး အသစ် မွေးဖွားလိုက်သကဲ့သို့ ဖြစ်သွားသည်။ အခြေတည်အဆင့် အလယ်ပိုင်း ကျင့်ကြံသူများပင် သူ့လောက် မှော်စွမ်းအင် ခိုင်မာမည် မဟုတ်ပေ။

"ငါ အဲဒီနေ့တုန်းက သုံးလအတွင်း အခြေတည်မယ်လို့ ကြုံးဝါးခဲ့ဖူးတယ်။ အခု နှစ်လပဲ ကြာသေးတယ်။ နောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီ။"

စုချန် လေထဲတွင် လက်သီးဆုပ်လိုက်ပြီး ခန္ဓာကိုယ်ထဲ၌ လှုပ်ရှားနေသော စွမ်းအားများကို ခံစားလိုက်သည်။

ဒီနေ့က စပြီး သူသည် စစ်မှန်သော အခြေတည်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သွားပြီ။ အင်အား အကြီးအကျယ် တိုးတက်လာရုံသာမက ရုပ်ခန္ဓာ ပိုမို သန်မာလာပြီး သက်တမ်း တိုးလာကာ အဆင့်အတန်းသည် ချီသန့်စင်ခြင်း ကျင့်ကြံသူများနှင့် နှိုင်းယှဉ်၍ မရနိုင်တော့ပေ။

စုမိသားစုသည်လည်း သူ့ကြောင့် အမည်နှင့်လိုက်ဖက်သော အခြေတည်အဆင့် မိသားစု တစ်ခု ဖြစ်လာတော့မည်။

မကြာမီ လေနက်တောင် ကို သိမ်းပိုက်လိုက်သည့် သတင်း ပျံ့နှံ့သွားပြီး ဝမ်မိသားစုနှင့် လေနက် ဓားပြဂိုဏ်း သည် သမိုင်းတွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

ချင်းရှန်မြို့ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ မိသားစုများ သတင်းကြားသောအခါ သံတမန်များ စေလွှတ်ပြီး စုမိသားစုကို လာရောက် ဂုဏ်ပြုကြကာ ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းကြသည်။

ရက်အနည်းငယ်ခန့် စုမိသားစု တစ်ခုလုံး ပျော်ရွှင်နေကြသည်။

မိသားစု ကိစ္စရပ်များကို စုချန် ဝင်ရောက် စွက်ဖက်စီမံခြင်း မပြုပေ။ အခြေအနေ တည်ငြိမ်သွားပြီးနောက် ချင်းကျိုး တွင် ကျန်ရှိနေသော မိစ္ဆာကျင့်ကြံသူများလည်း အတော်အတန် ရှင်းလင်းပြီးပြီ ဖြစ်သည်။

ကိစ္စအားလုံး ပြီးဆုံးသွားသဖြင့် သူ ရှုတောင်သို့ ပြန်ရန် ပြင်ဆင်လိုက်သည်။

မပြန်မီ သူ အဒေါ်ပိုင်လင်းကို သွားတွေ့ပြီး ကောင်းကင်ဝါးမြို သားရဲဝိညာဉ် ၏ စွမ်းအားကို အသုံးပြု၍ သူမခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးရန် စီစဉ်လိုက်သည်။

"ရှောင်ချန်၊ ထားလိုက်ပါတော့။ ငါ့ကိုယ်ထဲက အဆိပ်က ငယ်ငယ်ကတည်းက ရခဲ့တဲ့ ရောဂါအရင်းအမြစ်ပဲ။ အဲဒီအတွက် ငါ့ပိုင်မိသားစု ပျက်စီးခဲ့ရတာ။ အဲဒါက နတ်ဘုရား အသွင်ပြောင်းအဆင့် ကျင့်ကြံသူရဲ့ လက်ချက်ပဲ။ မင်းအဖေနဲ့ အမေတောင် အဲဒီတုန်းက မကုပေးနိုင်ခဲ့ဘူး။ မင်းက အခုမှ အခြေတည်ကာစပဲ ရှိသေးတာ။ အတင်းအကျပ် မလုပ်ပါနဲ့။"

"နတ်ဘုရား အသွင်ပြောင်းအဆင့် ကျင့်ကြံသူ။"

စုချန် စိတ်ထဲတွင် တုန်လှုပ်သွားသည်။ အဲဒါက သေမျိုး ကျင့်ကြံသူတွေ ကြားထဲမှာ ဆို အသန်မာဆုံး အုပ်စုပဲ။

ယခုအချိန်အထိ ရှုတောင်ဓားဂိုဏ်းတွင် နတ်ဘုရား အသွင်ပြောင်းအဆင့် ရှိမရှိ သူ မသေချာပေ။

သူ့အမြင်တွင် အကြီးအကဲကျိုး သည် အတော်လေး သန်မာသော်လည်း ကနဦး ဝိညာဉ်အဆင့် သာ ရှိသေးသည်။ ပိုင်မိသားစုကို ဖျက်ဆီးခဲ့ပြီး သူ၏ မိဘများကို လိုက်လံသတ်ဖြတ်နေသူများထဲမှ တစ်ဦးဖြစ်သည့် ထိုရန်သူသည် နတ်ဘုရား အသွင်ပြောင်းအဆင့် အထိ ရောက်နေသည် ဆိုတော့ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်မလဲ။

အဒေါ်က သူ့ကို အများကြီး မပြောပြချင်တာ မဆန်းပါဘူး။ သူ့ကို ဖိအားတွေ အများကြီး မပေးချင်လို့ ဖြစ်မယ်။

စုချန် စိတ်ထဲတွင် တွေးတောနေသော်လည်း အပြင်ပန်းတွင်မူ ပြောလိုက်သည်။ "ကျွန်တော် အခြေတည်ပြီးသွားတော့ အမြုတေထဲမှာ ကောင်းကင်မိုးကြိုး စွမ်းအား တစ်မျှင် ပါဝင်လာတယ်။ အဲဒါက အဆိပ်ကို ဖြေရှင်းပေးနိုင်ကောင်း ပေးနိုင်လိမ့်မယ်။"

"မင်းမှာ ဒီလို စေတနာရှိတာနဲ့တင် အဒေါ် အရမ်း ဝမ်းသာနေပါပြီ..။"

ပိုင်လင်း ငြင်းဆန်လိုက်သည်။ တကယ်တမ်းတွင် သူမ သိပ်မျှော်လင့်ချက် မထားပေ။

နတ်ဘုရား အသွင်ပြောင်းအဆင့် ကျွမ်းကျင်သူရဲ့ လက်ချက်ကို အခြေတည်အဆင့် ကျင့်ကြံသူက ဖြေရှင်းနိုင်ပါ့မလား။

ဒါ့အပြင် အဲဒီ အဘိုးကြီး အဆိပ်ဘုရင်က အဆိပ်အသုံးပြုရာမှာ နာမည်ကြီးတာ။

သူ့အဆိပ်က သတ္တုဓာတ် ကို တိုက်စားနိုင်ပြီး ဝိညာဉ်အမြစ်ကို ဖျက်ဆီးနိုင်တယ်။ သူမရဲ့ သွေးမျိုးဆက် သန်မာမှုသာ မရှိခဲ့ရင် ဒီနေ့ထိ အသက်ရှင်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။

"စမ်းကြည့်ရအောင်ပါ။ မအောင်မြင်ရင်လည်း ဘာမှ ဆုံးရှုံးစရာ မရှိပါဘူး။"

စုချန် ဇွတ်အတင်း ပြောဆိုသဖြင့် ပိုင်လင်း မငြင်းသာတော့ဘဲ အပေါ်ဝတ်ရုံကို ချွတ်ပြီး ခြေချိတ်ထိုင်လိုက်သည်။

ချက်ချင်းဆိုသလိုပင် နွေးထွေးသော စွမ်းအင်စီးကြောင်း တစ်ခု ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသည်ကို ခံစားလိုက်ရပြီး နောက်ဆက်တွဲ အနေဖြင့် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါ တစ်ခု ပျံ့နှံ့လာသည်။

ပိုင်လင်း စိတ်လှုပ်ရှား တုန်လှုပ်သွားသည်။ ရှင်းမပြနိုင်သော ဖြစ်တည်မှု တစ်ခုကို မျက်ဝါးထင်ထင် မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသော်လည်း တစ်ခဏအတွင်း သူမ သတိလစ်သွားသည်။

သူမ ပြန်နိုးလာသောအခါ ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်းနေသည်ကို ခံစားလိုက်ရပြီး ခန္ဓာကိုယ်ထဲတွင် တွယ်ငြိနေသော ပြင်းထန်လှသည့် အဆိပ်အတောက်များ အားလုံး ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

သူမ အသက်ပြင်းပြင်း ရှူကြည့်လိုက်ရာ ဝိညာဉ်စွမ်းအင်များ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး ခြေလက်အင်္ဂါများနှင့် အရိုးများမှာ ပိတ်ပင်တားဆီးမှုမရှိ စီးဆင်းလည်ပတ်‌နေကြသည်။ ယခင်ကကဲ့သို့ ပိတ်ဆို့နေသည့် ခံစားမှု မရှိတော့ပေ။ ခန္ဓာကိုယ်ထဲတွင် နှစ်ပေါင်းများစွာ စုဆောင်းထားသော မှော်စွမ်းအင်များမှာ ယခုအချိန်တွင် လှိုင်းထလာပြီး တောက်ပသော အဖြူရောင် ကျောက်စိမ်းအလင်းရောင် အဖြစ် ပြောင်းလဲသွားသည်။ သူမ တစ်ကိုယ်လုံး ၁၀ နှစ်ခန့် ပြန်လည် ငယ်ရွယ်သွားသကဲ့သို့ပင်။ အရေပြားများ ကြည်လင်တောက်ပကာ ကျောက်စိမ်းရိုး ရေခဲသား အရေပြား ကဲ့သို့ ပိုမို လှပတင့်တယ် ကျက်သရေ ရှိလာသည်။

"ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရှောင်ချန် မင်း ဘယ်လို လုပ်လိုက်တာလဲ။"

ပိုင်လင်း မျက်လုံးများ ပြူးကျယ်သွားပြီး အံ့သြဝမ်းသာ ဖြစ်သွားသည်။

တကယ်တမ်းကျတော့ သူမ၏ ပါရမီက မညံ့ပေ။ ပိုင်မိသားစု၏ ကျောက်စိမ်း ဝိညာဉ်အမြစ် သွေးမျိုးဆက်သည် လောကတွင် ရှားပါးသော အထူး ဝိညာဉ်အမြစ် ဖြစ်သည်။ တစ်ချိန်က သူမမိသားစုသည် ဒေသတစ်ခုကို လွှမ်းမိုးထားသော ထိပ်တန်း မိသားစုကြီး ဖြစ်ခဲ့ဖူးသည်။

သို့သော် ထိုအဆိပ်ကြောင့် ဖိနှိပ်ခံထားရသဖြင့် ဒီနှစ်တွေ အတွင်း သူမ တိုးတက်မှု မရှိခဲ့ဘဲ အခြေတည်အဆင့် ရောက်ဖို့ မျှော်လင့်ချက် ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့သည်။

မထင်မှတ်ဘဲ ဒီချုပ်နှောင်မှု အဆိပ်ကို စုချန်က လွယ်လွယ်ကူကူ ဖယ်ထုတ်ပေးလိုက်သည်။

"ရှောင်ချန် ၊ ကျေးဇူးတင်ပါတယ်။ ဒီဘဝမှာ အခြေတည် ကျင့်ကြံဖို့ အခွင့်အရေး ပြန်ရလိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး...။"

ပိုင်လင်း မျက်လုံးများတွင် မျက်ရည်များ ဝဲလာပြီး ဝမ်းသာလွန်း၍ ငိုကြွေးမိတော့သည်။

"အဒေါ်ကလည်း ဘာတွေ ပြောနေတာလဲ။ အဒေါ်သာ မရှိရင် ဒီနေ့ကျွန်တော်လည ဘယ်ရှိလာမှာလဲ။ ကျွန်တော့်ရဲ့ သေးငယ်တဲ့ စွမ်းရည်လေးနဲ့ အဒေါ်ကို ကူညီပေးနိုင်တာ ဝမ်းသာပါတယ်။”

စုချန် အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။ ယခုအချိန်တွင် သူသည် ထိုအဆိပ်အတောက်ကို မနည်း ဖိနှိပ်ထားရခြင်း ဖြစ်သည်။

ဒီအဆိပ်က အလွန် ကြမ်းတမ်းသည်။ တစ်မျှင်တည်းသာ ရှိသော်လည်း ကြောက်စရာကောင်းလောက်အောင် အားကြီးသည်။

သူ ကောင်းကင်ဝါးမြို သားရဲဝိညာဉ် ကို အသုံးပြုပြီး စုပ်ထုတ်လိုက်နိုင်သော်လည်း လုံးဝ သန့်စင်‌ချေဖျက်၍ မရနိုင်သေးပေ။

လောလောဆယ် အမြုတေကို အသုံးပြုပြီး တန်ထျန်းသွေးကြော နက်ရှိုင်းရာတွင် ခေတ္တဖိနှိပ်ထားရုံသာ တတ်နိုင်သည်။ ယာယီအားဖြင့် သူ့ကို ထိခိုက်စေမည် မဟုတ်ပေ။

ဘယ်လို ဖြေရှင်းမလဲ ဆိုတာကိုတော့ နောက်မှ ဖြည်းဖြည်းချင်း စဉ်းစားရမည်။ မရတဲ့အဆုံး တိုက်ခိုက်ရေး နည်းလမ်း တစ်ခု အနေနဲ့ ထုတ်သုံးလိုက်ရင်လည်း မဆိုးဘူး။

နတ်ဘုရား အသွင်ပြောင်းအဆင့် ကျွမ်းကျင်သူရဲ့ အဆိပ် ဆိုတော့ ရွှေရောင် အမြုတေ နဲ့ ကနဦး ဝိညာဉ် အဆင့်တွေကိုတောင် အဆိပ်သင့် သေဆုံးစေနိုင်လောက်သည်။

All Chapters