← Chapters

ဘဝ ဝင်စားခြင်းလမ်းသွယ် လေးခု

Vol. 22 Ch. 212

ဘဝ ဝင်စားခြင်းလမ်းသွယ် လေးခု

Vol. 22 Ch. 212

“အစီရင်ကို အပြည့်အဝနားလည်သွားလို့ ဂုဏ်ယူပါတယ် စနစ်ရှင်”

အတန်ကြာ တိတ်ဆိတ်နေသည့် စနစ်ထံမှ စကားသံအချို့ ထွက်ပေါ်လာသည်။ ယန်ချန်က အနည်းငယ်ပြုံးလိုက်ပြီး

“မင်းပြောတဲ့အတိုင်း ငါအောင်မြင်ပြီ ငါ့ကို ကျင့်ကြံနိုင်အောင် ကူညီပေးတော့စနစ်”

ထိုစကားမှာ ယန်ချန်အပြောချင်ခဲ့ဆုံးစကားဖြစ်ပြီး ကျင့်ကြံသူဖြစ်လာရန် သူမည်မျှစိတ်အားထက်သန်သည်ကို သူသာလျင် အသိဆုံးဖြစ်ပေသည်။ စနစ်မှ

“စနစ်ရှင်က နဂိုတည်းက ကျင့်ကြံသူဖြစ်နေပါပြီ ဒါပေမယ့် လုံလောက်တဲ့ ကျင့်ကြံဆင့်တော့ မရှိသေးပါဘူး”

ဟမ်…အစောတည်းက ကျင့်ကြံသူဖြစ်နေတာလား။ မဖြစ်နိုင်တာ..။

“ငါဘယ်တုန်းက ကျင့်ကြံသူဖြစ်နေတာလဲ ငါလေပေါ်တောင် မပျံနိုင်ဘူးလေ စနစ် မင်းငါ့ကိုလိမ်နေတာလား”

“မဟုတ်ပါဘူး စနစ်ရဲ့သင်ကြားမှုအရ စနစ်ရှင်ရဲ့ အဆင့်က နတ်ဘုရားတစ်ပါးဖြစ်နေပြီးသားပါ ဒါပေမယ့် ပိုမြင့်တဲ့အဆင့်တက်ဖို့ဆိုရင်တော့ စနစ်ရှင်အတွက် စမ်းသပ်ချက်အချို့ ထပ်ရှိပါမယ်”

“ပိုမြင့်တဲ့အဆင့် ပြီးတော့ စမ်းသပ်ချက် ဟုတ်လား ဘာလဲ နောက်ထပ်နှစ်တစ်ရာ ထပ်စောင့်ဖို့လား တော်လိုက်တော့စနစ်”

“အဲ့လိုမဟုတ်ပါဘူး စနစ်ရှင်အနေနဲ့ ဒီလောကကို ကူးပြောင်းလာတဲ့အတိုင်း နောက်ထပ် မတူညီတဲ့လောကလေးခုကို ကူးပြောင်းဝင်စားရမှာပါ”

“လောကလေးခုဆိုတော့ ဘဝလေးခုပေါ့ ဒါဆိုအနှစ်တစ်ရာမကတော့ဘူးလေကွာ..”

ယန်ချန်တစ်ယောက် ဒေါသအကြီးကျယ်ထွက်သွားမိသည်။ အနှစ်တစ်ရာစည်းမျဥ်းမဟုတ်သော်လည်း ဘဝလေးခုဝင်စားခြင်းက ထိုထက်ပိုကြာမြင့်နေသည် မဟုတ်လား။

“စနစ်ရှင်က အစီရင်ကြီးကိုမေ့နေတာပဲ”

အစီအရင်ဟုတ်သားပဲ အချိန်ထိန်းချုပ်ခြင်း ပြီးတော့ အဆတစ်ရာ..။

ဆိုတော့ စနစ်ကဒီအတွက်ကြိုတွေးထားပြီးသားပေါ့။ ငါငြင်းလို့မရဘူးဆိုတဲ့ သဘောပဲ..။

“စနစ်ရှင်တွေးတဲ့အတိုင်းပဲ စနစ်ရှင်မှာ ကြီးမားတဲ့ တာဝန်ကြီးတစ်ခုရှိနေပါတယ် အဲ့ဒါကတော့ လောကတွေနဲ့ နတ်ဘုရားတွေကို ဝါးမြိုမယ့် မိစ္ဆာကောင်ကို ချေမှုန်းရမှာပါ”

ယန်ချန်မှင်သက်သွားသည်။ ကျင့်ကြံရေးလမ်းစဥ်ကို စတင်ကာစမှာပဲ သူ့တာဝန်က အမြင့်ဆုံးဖြစ်နေသည် မဟုတ်လား။

“စနစ်..မင်းငါ့ကိုသတ်နေတာလား”

“စနစ်ရှင် ငြင်းခွင့်မရှိပါဘူး ဆိုတော့ ဘဝလေးခုဝင်စားခြင်းကို စတင်တော့မလား”

ယန်ချန်အနည်းငယ် စဥ်းစားသွားသည်။ သူ့၌ ရွေးချယ်ခွင့်မရှိပဲ စနစ်၏လမ်းကြောင်းအတိုင်း သွားရန်လိုအပ်နေသည်မဟုတ်လား။ တဖက်တွင်လည်း သူရုတ်တရက် ပျောက်ကွယ်သွားပါက အခြားသူများ မည်သို့ ခံစားရမည်နည်း။ အထူးသဖြင့် ရှုယင်တို့သားအမိ ဖြစ်သည်။

“ကောင်းပြီ ငါ့မှာရွေးချယ်စရာမရှိဘူး ပြီးတော့ ဒီစမ်းသပ်မှုက ငါ့ကိုအထွဋ်အထိပ်ထိ ပို့ပေးမှာသေချာတယ်ဆိုမှတော့ ငါလုပ်မယ်”

ထိုသို့ပြောပြီးနောက် အစီရင်အား ယာယီပိတ်ဆို့ကာ အခန်းအပြင်ထွက်သွားသည်။ ပြီးနောက် ရှုယင်နဲ့အတူ နာရီအနည်းငယ်ကြာ စကားပြောနေခဲ့ပြီး အရေးကြီးကိစ္စတချို့ကြောင့် ယာယီပျောက်ကွယ်ရမည်အကြောင်းနဲ့ အခြားသူများကိုရှင်းပြကာ ထာဝရကျေးရွာကို အပြည့်အဝ ထိန်းချုပ်ရန်အကူညီတောင်းရမည့် အကြောင်းများ ပါဝင်သည်။

ရှုယင်မှာ ယန်ချန့်ဆီမှ ထူးခြားသည့်စကားလုံးများ ပထမဆုံးကြားလိုက်သည့် အချိန်မှာတော့ အတော်ကြာမှင်သက်နေမိသည်။ သို့သော်လည်း ယန်ချန်က ကြီးမားသည့်ဘေးအန္တရာယ်အတွက် တစုံတရာပြုလုပ်ရမည်ကို ရှင်းပြလာချိန်မှာတော့ စိတ်ထဲဝမ်းနည်းသလို ခံစားသွားရသည်။

သူမက ယန်ချန်နဲ့မည်မျှကြာသည်အထိ ခွဲနေရမည်နည်း။ ထို့အပြင် အခြေနေက ယန်ချန်တွက်ဆသလို ဖြစ်နိုင်ပါ့မလား။ ဘေးအန္တရာယ်ကိုကော ယန်ချန်က ဖြေရှင်းနိုင်ပါ့မလား။ သူမရဲ့စိုးရိမ်မှုကို နားလည်နေသည့်ယန်ချန်မှာ ရှုယင်ကိုအချိန်အတော်ကြာနှစ်သိမ့်ခဲ့ရသည်။

နောက်တနေ့၌ ရှုယင်မှ မင်ယုရှန်း စုလဲ့နဲ့ အခြားသူများကို ယန်ချန့်မှာကြားမှုအတိုင်း အကြောင်းကြားခဲ့သည်။ လုလင်းယွဲ့၏အကြည့်မှာ အလွန်လေးနက်နေသည်။

အဖြစ်ပျက်များက သူမတွက်ဆသလို ဖြစ်လာခဲ့ပြီး ယန်ချန်ပင်ထိုကိစ္စကို ကိုင်တွယ်ရန် အချိန်ယူတော့မည်ဟု သူမတွက်ဆလိုက်သည်။

“ကဲ..ကျွန်မပြောထားသလိုပဲ ထျန်းဟွမ်လောကကို ကာကွယ်ဖို့အခုပဲ စတင်လိုက်ကြရအောင်”

လုလင်းယွဲ့စကားဆုံးသည်နှင့် စုလဲ့ မင်ဝမ် ကျင်းလုံ ကျန်းဝမ်လီ ကျန်းရင်ရင် လီဖူယွဲ့ ချင်ဖုန်း ချူလင်းယု ရှချင်းယုံ ရှယီ ရှောင်ချီနဲ့ရှောင်ကျန့်တို့သာမက အခြားထိပ်သီးများက ထျန်းဟွမ်လောက၏ နေရာအနှံ့အပြားအား အသီးသီး ခွဲထွက်သွားတော့သည်။

မင်ယုရှန်းမှာမူ ယန်ချန်ရှိနေသည့် အိမ်ဘက် အချိန်အနည်းငယ်ကြာ စိုက်ကြည့်နေခဲ့ပြီး အတန်ကြာမှ ဖြေးညှင်းစွာဖြင့် လုလင်းယွဲ့နောက် လိုက်ပါသွားတော့သည်။

………………………………………………..

All Chapters