ဟန်ယု
Vol. 1 Ch. 1
"ဟန်ယု... အခုချက်ချင်း ပြန်လာခဲ့စမ်း... မင်းလို လှည့်စားတတ်တဲ့ မြေခွေးကောင်..."
ဖုန်မှုန့်များ ပေကျံနေသော ပိတ်သားဝတ်ရုံ ရိုးရိုးကို ဝတ်ဆင်ထားသည့် လူတစ်ယောက်က အော်ဟစ်လိုက်သည်။
"ဟေး... ခင်ဗျားဘာသာ ဆယ်ပွဲဆက်တိုက် ရှုံးတာလေ... ကျွန်တော့်အပြစ် မဟုတ်ဘူးဗျ..."
ထိုကောင်လေးက ပြေးလွှားနေရင်းနှင့် ပြန်အော်လိုက်၏။ သူသည် နေရာအနှံ့ ဖာထေးထားသည့် အညိုရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ ခါးတွင် ဒင်္ဂါးပြားများ ထည့်ထားသော အိတ်တစ်လုံးက တချွင်ချွင်မြည်နေပြီး သူ၏ ခြေထောက်များက လေအဟုန်ကဲ့သို့ လျင်မြန်စွာ ရွေ့လျားနေသည်။
"ကောက်ကျစ်တဲ့ ကောင်စုတ်လေး... မင်း ငါ့ကို ကောက်ကျစ်တဲ့နည်းနဲ့ လှည့်စားခဲ့တာ..."
ထိုလူက ကောင်လေးနောက်သို့ အသည်းအသန် လိုက်ရင်း ဒေါသတကြီး အော်ဟစ်လိုက်၏။
"ကျွန်တော် ခင်ဗျားကို လှည့်စားတာ မဟုတ်ဘူး ဖမ်းကု... ခင်ဗျားမှာ နိုင်လောက်တဲ့ အရည်အချင်း မရှိလို့ ရှုံးတာ..."
ဟန်ယုက အရှိန်ကို အနည်းငယ်မျှ မလျှော့ဘဲ ပြန်ပြောလိုက်သည်။
"မင်း အခုချက်ချင်း မရပ်ရင် မင်းခြေထောက်တွေကို ငါ ရိုက်ချိုးပစ်မယ်..."
ဖမ်းကုက သူ့လက်ထဲမှ တုတ်ကို မြှောက်၍ ခြိမ်းခြောက်လိုက်၏။
"အဲဒါကြောင့်ပဲ ကျွန်တော် မရပ်တာပေါ့ ဖမ်းကုရာ..."
ဟန်ယုက ပြောလိုက်ရင်း သူ့နောက်ကျောဘက်ဆီမှ တစ်စုံတစ်ခု လေတိုးသံကို အာရုံခံလိုက်မိသည်။
ဝှစ်...
သူ အချိန်ကိုက်ပင် ခုန်ရှောင်လိုက်သဖြင့် တုတ်တစ်ချောင်းက သူ့ခြေထောက်အောက်မှ ဖြတ်သွား၏။
"သွားပြီ..."
ဟန်ယုက ပုန်းခိုရန် နေရာတစ်ခုကို ရှာဖွေရင်း ကျိန်ဆဲလိုက်သည်။
'ဖမ်းကုရဲ့ ကျင့်စဉ်အဆင့်နဲ့သာ ဆိုရင် အဲဒါကြီး ထိသွားတာနဲ့ ငါ့ခြေထောက်တွေ ကျိုးကုန်မှာ သေချာတယ်...'
သူက ဖမ်းကုထက် ပိုမြန်သော်လည်း ဤအတိုင်း ဆက်ပြေးနေရန် မဖြစ်နိုင်ပေ။ ထိုလူက သူ့ထက် ခံနိုင်ရည်စွမ်းအား ပိုကောင်းသည့်အတွက် သူ အမြန်လွတ်မြောက်ရန် လိုအပ်နေပြီ ဖြစ်သည်။
သို့သော် ကံဆိုးသည်မှာ သူက လယ်ကွင်းများနှင့် နီးကပ်နေပြီဖြစ်၍ ပုန်းခိုစရာ နေရာ သိပ်မရှိချေ။
'တောက်... ကောက်ရိတ်သိမ်းချိန်က ပြီးသွားပြီဆိုတော့ ကောက်ပင်တွေကြားထဲလည်း ဝင်ပုန်းလို့ မရတော့ဘူး...' ဟန်ယုက သူ့ကံတရားကို တွေးပြီး ကျိန်ဆဲလိုက်၏။ 'သူတို့ကလည်း ဘာလို့ ဒီလောက် မြန်မြန် ရိတ်သိမ်းလိုက်ရတာလဲ... မနေ့ကထိ ကောက်ပင်တွေ ရှိနေသေးတာကို...'
သူက လယ်ကွင်းများထဲတွင် ပုန်းခိုရန် ကြံရွယ်ခဲ့သော်လည်း ယခုအခါ ထိုအကြံအစည်မှာ ပျက်ပြယ်သွားခဲ့ပြီ ဖြစ်သည်။ သူ လုပ်နိုင်သည်မှာ အံကိုကြိတ်၍ အားကုန်ထုတ် ပြေးရန်သာ ရှိတော့သည်။
"ငါ ဟန်ယုက ဒီခွက်ပုန်း ကစားနည်းလေး လိမ်ရုံနဲ့တော့ အဖမ်းမခံနိုင်ဘူး..." ဟန်ယုက ကိုယ့်ကိုယ်ကိုယ် ပြောလိုက်၏။
"ဒါဆို လိမ်တာလို့ မင်း ဝန်ခံလိုက်ပြီပေါ့... ခွေးကောင်လေး..." ဖမ်းကုက အနောက်မှ အော်ဟစ်လိုက်သည်။
"သွားပြီ... သူ ကြားသွားတာလား... ကျင့်စဉ်စွမ်းအင် မြင့်လာရင် နားပါ ပါးလာတာလား..." ဟန်ယုက တွေးတောလိုက်၏။
သူ နောက်သို့ လှည့်ကြည့်လိုက်သောအခါ ဖမ်းကုက နီးကပ်လာသည်ကို တွေ့လိုက်ရသဖြင့် ပို၍ အားစိုက် ပြေးလိုက်သည်။
'ဒီအတိုင်းဆို မလွယ်ဘူး...' ဟန်ယု တွေးလိုက်၏။ 'ငါ ပုန်းဖို့နေရာ ရှာမှ ဖြစ်မယ်...' သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း နေရာလွတ် တစ်ခုမျှ မတွေ့ပေ။
သူ မြင်နိုင်သမျှ နေရာတိုင်းတွင် ရိတ်သိမ်းပြီးသား လယ်ကွင်းပြင်များသာ ရှိနေပြီး သူ့ရှေ့တွင် တောင်ကုန်းတစ်ခုသာ ရှိတော့သည်။
'နေဦး... တောင်ကုန်း...' ဟန်ယု၏ ခေါင်းထဲတွင် အကြံတစ်ခု ပေါ်လာသည်။ 'အဲဒါ ဖြစ်နိုင်တယ်...' သူ မဲ့ပြုံး ပြုံးလိုက်၏။
သူ့လက်ကို ဝတ်ရုံထဲသို့ နှိုက်၍ အိတ်တစ်လုံးကို ဆွဲထုတ်လိုက်သည်။
"ငါ့ကို လွှတ်ပေးတော့... ခင်ဗျားဟာ ခင်ဗျား ပြန်ယူသွား..." ဟန်ယု အော်ဟစ်လိုက်၏။
ချွင်... ချွင်... ချွင်...
လေထဲသို့ အိတ်တစ်လုံး ဝဲပျံသွားသည်နှင့်အမျှ သတ္တုချင်း ရိုက်ခတ်သံများ ထွက်ပေါ်လာသည်။
ဘုတ်...
"အ လ..."
အိတ်က ဖမ်းကု၏ မျက်နှာတည့်တည့်ကို ဝင်မှန်သွားသဖြင့် ဖမ်းကုမှာ ညည်းညူလိုက်ရ၏။ သူ အိတ်ကို ဖမ်းယူလိုက်သောအခါ လေးလံနေသည်ကို သတိထားမိလိုက်သည်။
"ဒီကောင်လေး တကယ်ပဲ လက်လျော့လိုက်တာလား..." ဖမ်းကု အံ့အားသင့်သွားသည်။
ထိုကောင်လေးနှင့် လောင်းကစား မလုပ်ရန် အခြားလူများက သတိပေးထားသော်လည်း သုံးဆရမည့် အနိုင်ကြေးက သူ့အတွက် မက်မောစရာ ဖြစ်လွန်းနေသည်။ အထူးသဖြင့် သူ့ရှေ့တွင် လူနှစ်ယောက် အနိုင်ရသွားသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်၏။ ထို့ကြောင့် သူ ပိုင်ဆိုင်သမျှ ငွေတစ်ဝက်ကို ပုံအောလိုက်ရာ ပထမဆုံးအကြိမ်မှာပင် နိုင်ခဲ့သည်။
သူ့မျက်လုံးများကို သူ ယုံကြည်မှု ရှိသည်။ ခွက်များကို သေချာကြည့်နေသမျှ သူ နိုင်မည်ဟု ယုံကြည်ထား၏။
ခွက်ပုန်းတမ်း ကစားနည်းဆိုသည်မှာ ရိုးရှင်းသော ကစားနည်းတစ်ခု ဖြစ်ပြီး ခွက်သုံးလုံးအနက် တစ်လုံးအောက်တွင် ဒင်္ဂါးပြားကို ဖုံးအုပ်ထားခြင်း ဖြစ်သည်။ ထို့နောက် ခွက်များကို နေရာမွှေလိုက်ပြီး ဒင်္ဂါးပြား ရှိသည့်နေရာကို ရွေးချယ်ရခြင်း ဖြစ်၏။ ကလေးများပင် ကစားတတ်သည့်အတွက် လူတိုင်း စိတ်ဝင်စားသော အပျင်းပြေ ကစားနည်း တစ်ခုလည်း ဖြစ်သည်။
အချို့က ငွေကြေးဖြင့် ကစားကြပြီး ကလေးများကမူ သကြားလုံးဖြင့် ကစားကြသည်။
တစ်ကြိမ် အနိုင်ရပြီးသောအခါ ဖမ်းကုက ထပ်နိုင်မည်ဟု ယုံကြည်ခဲ့သည်။ သို့သော် တတိယအကြိမ်တွင် သူ ရှုံးနိမ့်သွား၏။
ကံမကောင်း၍ ရှုံးသည်ဟု တွေးကာ အရှုံးကို ပြန်ကာမိစေရန် ငွေထပ်လိုက်သော်လည်း ဆယ်ပွဲဆက်တိုက် ရှုံးသည်အထိ ဖြစ်သွားခဲ့သည်။ ထိုအချိန်ကျမှပင် ဒါသည် အစကတည်းက လှည့်စားမှုတစ်ခု ဖြစ်ကြောင်း သူ သဘောပေါက်လိုက်ပြီး အစပိုင်းက အနိုင်ရရှိမှုများသည် သူ့ငွေများကို ညှို့ယူရန် ငါးစာမျှသာ ဖြစ်ကြောင်း သိလိုက်ရသည်။
ဖမ်းကု ဒေါသထွက်လာသည်ကို မြင်သည်နှင့် ဟန်ယုက စတင် ထွက်ပြေးခဲ့သဖြင့် ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ကံဆိုးသည်မှာ ဖမ်းကုအတွက် ဟန်ယု၏ လှည့်စားမှုက မပြီးဆုံးသေးပေ။
"နေပါဦး..." ဖမ်းကုက အိတ်ထဲသို့ ဖွင့်ကြည့်လိုက်သောအခါ ဒင်္ဂါးပြား တစ်ပြားမှ မရှိသည်ကို တွေ့လိုက်ရသည်။ "ဒါတွေက သံတိုသံစတွေပဲ ရှိတာပါလား..." သူ ဒေါသတကြီး အော်ဟစ်လိုက်၏။
သူ ရှေ့သို့ လှမ်းကြည့်လိုက်ရာ ဟန်ယုက တောင်ကုန်းထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ထိုကောင်လေးက သူ့ကို လှောင်ပြောင်သကဲ့သို့ လျှာထုတ်ပြပြီးနောက် တောင်ကုန်းအောက်ဘက်သို့ ဆင်းသွားသဖြင့် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
"သေချင်းဆိုးလေး... မင်း ဒီလောက် လွယ်လွယ်နဲ့တော့ မလွတ်စေရဘူး..."
ဖမ်းကုက ဟိန်းဟောက်လိုက်ပြီး သူ၏ ကျင့်စဉ်စွမ်းအင်ကို လှုံ့ဆော်လိုက်သည်။ ချီစွမ်းအင်များက သူ၏ ဒန်တန် (ချက်အောက် ၃ လက်မ) မှတဆင့် လက်များ၊ ခြေထောက်များဆီသို့ စီးဆင်းသွားပြီး ခွန်အားကို တိုးပွားစေလိုက်၏။
ဝှစ်...
သူ ယခင်ကထက် ပိုမြန်သော အရှိန်ဖြင့် ပြေးထွက်သွားရာ အစောပိုင်းက ခွန်အားကို ချွေတာထားကြောင်း သိသာစေသည်။ အခြား ကျင့်ကြံသူများသာ ဤနေရာ၌ ရှိနေပါက သူသည် ချီစွမ်းအင်သန့်စင်ခြင်း နယ်ပယ် ပထမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိကြပေလိမ့်မည်။
သာမန်အရပ်သား တစ်ယောက်အတွက်မူ ဤသည်က မဆိုးလှသော ကျင့်စဉ်အဆင့် တစ်ခု ဖြစ်သည်။
'ခန္ဓာသန့်စင်ခြင်းနယ်ပယ် ဆဋ္ဌမအဆင့်လောက်သာ ရှိတဲ့ ကောင်စုတ်လေးကို ငါ့လက်ကနေ အလွတ်မပေးနိုင်ဘူး...' သူ ကျိန်တွယ်လိုက်၏။
သို့သော် တောင်ကုန်းထိပ်သို့ ရောက်သောအခါ သူ ကြောင်အသွားသည်။
"ဘယ်ရောက်သွားတာလဲ..." ဖမ်းကု တွေးတောလိုက်၏။
ကျောက်ဆောင်ထူထပ်သော တောင်ကုန်း၏ မတ်စောက်သည့် အဆင်းလမ်းနှင့် အောက်ဘက်တွင် စီးဆင်းနေသော မြစ်ကို သူ ငုံ့ကြည့်လိုက်သည်။ ဤနေရာမှ ဆင်းရန် လွယ်ကူသည့်ကိစ္စ မဟုတ်ဘဲ ပြုတ်ကျရန်မှာ အလွန် လွယ်ကူလှသည်။ ခန္ဓာသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူ တစ်ယောက် ဖြစ်လျှင်ပင် ဤအမြင့်မှ ပြုတ်ကျပါက အရိုးများစွာ ကျိုးကြေနိုင်ပြီး သေဆုံးသွားနိုင်သည်။
ဖမ်းကု ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း အရွက်များ ကြွေလုနီးပါး ဖြစ်နေသော သစ်ပင် အနည်းငယ်မှလွဲ၍ ဘာမျှ မတွေ့ရချေ။ ကောင်လေး သစ်ပင်ပေါ် တက်ပုန်းနေခြင်း ရှိမရှိ စစ်ဆေးကြည့်သော်လည်း ပုန်းစရာ နေရာဟူ၍ မရှိပေ။