ဂုဏ်သိက္ခာနဲ့ ဖြောင့်မတ်မှန်ကန်မှုကို အထွတ်အထိပ်ထားတဲ့ ကျယ်ပြောလှသော ကျင့်ကြံခြင်းလောကကြီးမှာ လူတစ်ယောက်ကတော့ ကောင်းကင်ဘုံကို စိန်ခေါ်ဖို့ ကြိုးစားလေရဲ့..... ဒါပေမဲ့ ဓားတွေ၊ ဂါထာမန္တန်တွေနဲ့ မဟုတ်ဘဲ လှည့်ကွက်တွေ၊ လိမ်ညာမှုတွေနဲ့ပေါ့။ လမ်းဘေးက ကောင်လေးတစ်ယောက်ဖြစ်တဲ့ ဟန်ယုက ကျင့်ကြံသူတစ်ယောက်ဖြစ်ဖို့ ပါရမီ၊ အရင်းအမြစ်နဲ့ အင်အားကြီးတဲ့ ကျောထောက်နောက်ခံတွေ လိုအပ်တယ်ဆိုတာကို သိလိုက်ရတယ်။ သူ့မှာ အဲ့ဒါတွေ တစ်ခုမှမရှိဘူး။ ဒါပေမဲ့ သူ့မှာရှိတာက ထက်မြက်တဲ့ ပါးစပ်တစ်ပေါက်၊ လျင်မြန်တဲ့ လက်တွေနဲ့ အရှက်မရှိတဲ့ မျက်နှာပြောင်တိုက်မှုတစ်ခုပဲ။ လောင်းကစားဝိုင်းတွေကနေ အမတလေလံပွဲတွေအထိ၊ ဂိုဏ်းအကြီးအကဲတွေကို လိမ်ညာတာကနေ အတိုင်းအတာတွေဖြတ်ကျော်ပြီး အာမခံလိမ်လည်မှုတွေအထိ ဟန်ယုရဲ့ ဂုဏ်သတင်းဆိုးက တားဆီးမရတဲ့ ကပ်ရောဂါတစ်ခုလို ကျင့်ကြံခြင်းလောကတစ်ခုလုံး ပျံ့နှံ့လို့လာခဲ့တယ်။ ဘယ်လောက်အဖိုးတန်တဲ့ ရတနာဖြစ်ပါစေ၊ ဘယ်လောက်ခိုင်မာတဲ့ စာချုပ်ဖြစ်ပါစေ၊ ဘယ်လိုသစ္စာဆိုမှုမျိုးဖြစ်ပါစေ... သူ့အဖို့တော့ အားလုံးက သူ့အကျိုးရှိအောင် လှည့်ဖျားလို့ရတဲ့အရာတွေချည်းပါပဲ။ အင်အားကြီးမားလှတဲ့ အမတမျိုးနွယ်စုကြီးတွေတောင် သူ့ကို လျှော့မတွက်ရဲကြဘူး။ ဘာလို့လဲဆိုတော့ နောက်ဆုံး သူ့ကို စမ်းကြည့်ခဲ့တဲ့ ဂိုဏ်းဆိုရင် အခု ဥပဒေအရ သူ့ပိုင်ဆိုင်မှု ဖြစ်သွားပြီလေ။ ရန်သူတွေက တန်းစီနေပြီး၊ ကြွေးမြီတွေကလည်း ကောင်းကင်အင်ပါယာတွေထက်တောင် များပြားနေတဲ့အပြင်၊ ဥပဒေဟာကွက်တွေ၊ လမ်းကြောင်းလွှဲမှုတွေနဲ့ ရှက်မဲ့ ရဲတင်းမှုတွေကိုပဲ အားကိုးပြီး ခရီးနှင်နေတဲ့ ဟန်ယုရဲ့ အမတလမ်းစဉ်ကတော့ သာမန်နဲ့မတူ တမူထူးခြားနေခဲ့ပါတယ်။ လောကရဲ့ အင်အားကြီးဂိုဏ်းတွေအားလုံးက သူ့ကို လိုက်လံချေမှုန်းကြမလား။ ဒါမှမဟုတ် သူက မတော်တဆ လိမ်ရင်းညာရင်းနဲ့ အမတဧကရာဇ် ဖြစ်သွားမလား။ ကံကြမ္မာကိုတောင် လှည့်စားပြီး ကောင်းကင်ဘုံက သူ့ကို ကျေးဇူးကြွေးတင်သွားအောင် လုပ်နိုင်မလားဆိုတာ အားလုံးပဲဆက်လက်ရူစားလိုက်ပါဦး။ တစ်ခုသေချာတာကတော့... ဟန်ယု ပါဝင်ပတ်သက်လာပြီဆိုရင် ဘယ်အရာမှ တရားမျှတတော့မှာ မဟုတ်ဘဲ ဒိုင်ကတော့ အမြဲနိုင်သွားပါလိမ့်မယ်ဆိုတာပါပဲ....။ ***** " လူလိမ်ကောင်... ငါ့ရဲ့ နှစ်တစ်သောင်းသက်တမ်းရှိတဲ့ နက်ပနီကျောက်စိမ်းတောင်ဝှေးကို ပြန်ပေးစမ်း" "ဒါက လောင်းကစားလေ အကြီးအကဲကြီးရဲ့... ခင်ဗျားပဲ တရားဝင် ရှုံးသွားတာပဲလေ... ခင်ဗျားရဲ့ အဲ့ဒီ ထိုးထွင်းသိမြင်မျက်လုံးက ကျုပ်ရဲ့ခွက်တွေကို မဖောက်ထွင်းနိုင်တာ ကျုပ်အပြစ်မှ မဟုတ်တာကြီးကို" "ဘာခွက်တွေလဲ... အဲ့ဒါတွေက မဟာယာနကျောင်းတော်က နတ်ခေါင်းလောင်းတွေကွ" "အဲ့တော့ ဘာဖြစ်လဲ" "အမတဧကရာဇ်တောင် အဲ့ဒါတွေကို ဖောက်မမြင်နိုင်ဘူးကွ... သောက်သူခိုးကောင်ရဲ့" "ငါထားထားတဲ့ ဓားပျံအာမခံအတွက် လျော်ကြေးမပေးဘူးဆိုတာ ဘာစကားလဲ" "စည်းကမ်းသတ်မှတ်ချက်တွေထဲမှာ ပထမတစ်နှစ်အတွင်း လျော်ကြေးမပေးပါဘူးလို့ ရှင်းရှင်းလင်းလင်း ရေးထားပြီးသားလေ" "အရင်က မင်း အဲ့လို မပြောခဲ့ဘူးနော်" "ဂိုဏ်းချုပ်ကလည်း စာချုပ်ထဲက စာလုံးသေးသေးလေးတွေကိုမှ မဖတ်ခဲ့တာကိုး" "မာယာမင်ရည်နဲ့ ရေးထားတဲ့ အဲ့ဒီစာလုံးသေးတွေကို ငါက ဘယ်လိုလုပ်မြင်မှာလဲ... သောက်ကောင်ရဲ့" "ငါချေးထားတဲ့ အမတကျောက်တုံး ၁၀၀၀ ကနေ ဘယ်လိုလုပ်ပြီး ၁၀၀,၀၀၀ ဖြစ်သွားရတာလဲ... မင်းက ချစ်တီး အတိုးကြီးစားတဲ့ကောင်ပဲ" "ဒါက အတိုးပေါ်အတိုးဆင့်ခြင်းရဲ့ စွမ်းအားလေ မိတ်ဆွေရာ" "မင်းအဖေ အတိုးဆင့်တာလား... ငါချေးတာ ပြီးခဲ့တဲ့အပတ်ကမှကွ၊ ပြီးတော့ ငါက မင်းမိတ်ဆွေမဟုတ်ဘူး... ငါက ဧကရာဇ်မင်းမြတ်ကွ" "နင် ဘယ်လိုလုပ် မသေနိုင်ရတာလဲ။ နင့်အလောင်းကို ငါ့မျက်စိနဲ့တပ်ပ် မြင်ခဲ့တာပါ" "ကျွန်တော်ရဲ့ သေဆုံးမှုသတင်းက နည်းနည်း ပုံကြီးချဲ့လွန်းအားကြီးနေတာပါ စီနီယာအစ်မရာ" "နင့်မှာ ခေါင်းတောင် မရှိတော့တာလေ" "ကျွန်တော်ပြောသားပဲ... ပုံကြီးချဲ့လွန်းပါတယ်ဆို"

