အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
အခန်း ၈၃။ စားဖိုဆောင်မှ ကပ်ဘေး
ဟန်ယု ပါးစပ် ဟသွားသည်။ ပြန်ပိတ်လိုက်၏။ ပြန်ဟသွားသည်။
ဝတုတ် ၂က သူ့ပခုံးကို ပုတ်လိုက်၏။
"ဒီထက် ဆိုးနိုင်သေးတယ်... သူက မင်းနဖူးပေါ်မှာ စာရေးထားနိုင်တယ်လေ..."
'သူတို့ ဘာလုပ်ဖို့ ကြံစည်နေကြတာလဲ...' ဟန်ယု စဉ်းစားမရ ဖြစ်နေသည်။
သို့သော် နှစ်သိမ့်စရာ ကောင်းသည်မှာ သူ အားလပ်ချိန် အနည်းငယ် ရလိုက်ခြင်း ဖြစ်၏။
"လေ့ကျင့်တာပဲ ကောင်းပါတယ်... ပြီးခဲ့တဲ့ နှစ်ရက်လုံး ဘာမှ သိပ်မလုပ်ဖြစ်ဘူး..." ဟန်ယု ရေရွတ်လိုက်သည်။
"မင်းအချိန်ကို မင်း ပျော်အောင် သုံးပါ... ငါလည်း VIP ဆက်ဆံရေးမျိုး ရချင်လိုက်တာ... ဒါပေမဲ့ ငါကတော့ ချီးသွားဆေးရဦးမယ်..." ဝတုတ်၂ က ဝမ်းနည်းစွာ ပြောရင်း ပေါက်စီနောက်တစ်လုံး ပါးစပ်ထဲ ထိုးထည့်ကာ ထွက်ခွာသွားသည်။
ထိုနေ့ ညနေပိုင်းတွင် ဟန်ယုတစ်ယောက် နောက်ထပ် ဝိညာဉ်မိလ္လာ စစ်ပွဲတစ်ခုကို ရင်ဆိုင်ရန် စိတ်ဒုံးဒုံးချနေစဉ် ကျန်းရှီ ပြန်ရောက်လာသည်။ ဤတစ်ကြိမ်တွင် အကူများ ပါလာ၏။
"မင်းအတွက် အိမ်သာဆေးတာဝန် အပိုဆု ထပ်ထည့်ပေးထားတယ်..." သူက ချိုသာစွာ ပြောလိုက်သည်။ "နှစ်ဆပေါ့ ဟန်ယု... အစေခံ စိတ်ဓာတ်ကို ပြသရမယ်လေ..."
သူ့နောက်တွင် အခြား အစေခံ သုံးယောက် ရှိနေသည်။ သူတို့အားလုံးက ကလေးကပြားရုပ်သေးပွဲမှ ဗီလိန်အသေးစားလေးများနှင့် တူနေ၏။
တစ်ယောက်က မျက်လုံးစွေနေသည်။ နောက်တစ်ယောက်က ရေမြှုပ်တံမြက်စည်းကို လက်နက်သဖွယ် ကိုင်ထားသည်။ တတိယမြောက် တစ်ယောက်ကတော့ သစ်ကိုင်းခြောက် တစ်ချောင်းကို အလွန် ကြောက်မက်ဖွယ်ကောင်းသော ပုံစံဖြင့် ဝါးနေ၏။
"ကောင်လေးတွေနဲ့ မိတ်ဆက်ပေးရဦးမယ်..." ကျန်းရှီက မာဖီးယား ခေါင်းဆောင်တစ်ယောက် သူ့လူမိုက်များကို မိတ်ဆက်ပေးသကဲ့သို့ ပြောလိုက်သည်။
"ငါတို့က 'ရေမြှုပ်တံမြက်စည်း အဖွဲ့' တဲ့... ငါတို့က သန့်ရှင်းရေးလုပ်တယ်... ပြီးတော့ မင်းကို သန့်စင်ပစ်မယ်..."
"ကျိန်ဆိုပါရဲ့..." ဟန်ယု တီးတိုး ရေရွတ်လိုက်၏။ "မင်းတို့က ငါ့ဆီကနေ ဆက်ကြေးပါ လာတောင်းရင်တော့ ရေပုံးနဲ့ ကောက်ပေါက်မိတော့မယ်..."
နောက်ပိုင်းတွင်မူ ဆက်ကြေးကောက်ခံခြင်းက ပို၍ သက်သာမည်ဟု ဟန်ယု တွေးမိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ လုပ်ရပ်က ပိုဆိုးသောကြောင့် ဖြစ်၏။
ဟန်ယု လုပ်ရမည့် အလုပ်များကို သူတို့က ပိုမိုများပြားအောင်ဖန်တီးလိုက်ခြင်း ဖြစ်သည်။ သူတို့က ဟန်ယုကို တာဝန်ကျေပွန်လွန်းသော 'စံပြအစေခံ' အဖြစ် ဟန်ဆောင် ဖန်တီးလိုက်ကြသည်။
ဟန်ယုမှာ မနေ့က ဆေးကြောခဲ့သော အိမ်သာများကိုသာမက ဆန်းကြယ်သော စွမ်းအားတစ်ခုကြောင့် ပြန်ပြည့်နေသော အိမ်သာများကိုပါ ဆေးကြောရပြန်သည်။
"အစာရှောင်ဆေးလုံးတွေက ဒီဂိုဏ်းသားတွေကို ဘာတွေ လုပ်ပစ်လိုက်တာလဲ... အစာမစားဘဲနဲ့ ဘယ်လိုလုပ် ဒီလောက် အများကြီး စွန့်ပစ်နိုင်ရတာလဲ..." ဟန်ယု ခေါင်းမကွဲရုံ တမယ် စဉ်းစားနေရသည်။
သူ တိတ်တဆိတ်သာ ငိုကြွေးနိုင်ပြီး အချိန်ပြည့်သည်အထိ လုပ်စရာရှိသည်များကို ဆက်လုပ်နေလိုက်ရ၏။
အဆောင် ပြန်ရောက်သောအခါ ဟန်ယု ဖျာပေါ်တွင် ထိုင်နေသည်။ ဆပ်ပြာမြှုပ်များနှင့် ဆန်းကြယ်သော ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေ၏။
ဝတုတ် ၂ က သူ့ကို ပေါက်စီတစ်လုံး ပေးလိုက်သည်။ "ကြမ်းတမ်းတဲ့ နေ့တစ်နေ့လား..."
ဟန်ယုက ပေါက်စီကို သူ့အကြွေး ပြန်မဆပ်နိုင်သူတစ်ယောက်ကို ကိုက်လိုက်သကဲ့သို့ ကိုက်ချလိုက်သည်။
"ကျန်းရှီက ငါ့ကို စိတ်ပိုင်းဆိုင်ရာရော ခံစားချက်ပိုင်းဆိုင်ရာပါ နှိပ်စက်နေတာ..."
"ရုပ်ပိုင်းဆိုင်ရာရောပဲ..."
"အဲဒါလည်း ပါတာပေါ့..."
ဝတုတ် ၂ကက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ... မင်း စိတ်သက်သာရာ ရမယ်ဆိုရင်... တဲအိုဟောင်း နောက်က ဥယျာဉ်ဟောင်းထဲမှာ ဝိညာဉ်သားရဲ တစ်ကောင် နေတယ်လို့ ကြားတယ်... မင်း သွားပြီး မိတ်ဆွေဖွဲ့လို့ ရကောင်းပါရဲ့... လေ့ကျင့်ပေးပြီး စီးနင်းလိုက်... ပြီးရင် တိုက်ပွဲဝင်ပြီး ကျန်းရှီရဲ့ တံမြက်စည်းကို နင်းချေပစ်လိုက်..."
ဟန်ယုက ခေါင်မိုးပေါက်မှတစ်ဆင့် အပေါ်သို့ မော့ကြည့်လိုက်ပြန်သည်။
"ဖြစ်နိုင်ပါတယ်..." သူ တီးတိုး ပြောလိုက်၏။ "ဒါမှမဟုတ် သူ့မနက်စာထဲ ဝမ်းနှုတ်ဆေး ခတ်ထည့်လိုက်တာမျိုးလည်း ဖြစ်နိုင်တာပဲ..."
ဝတုတ် ၂ အံ့သြသွားသည်။
"မင်း အစေခံလမ်းစဉ်ကို နားလည်လာပြီပဲ..."
အစေခံဘဝ တတိယမြောက်နေ့တွင် ဟန်ယုမှာ အရည်အသွေးနိမ့် ဆပ်ပြာ၊ ဖိအားပေးမှုများနှင့် အိမ်သာဂျိုးများကြောင့် ဖြစ်ပေါ်လာသော ခေါင်းကိုက်ဝေဒနာဖြင့် နိုးထလာသည်။ သူ မျက်လုံးတစ်ဖက် ဖွင့်ကြည့်လိုက်၏။
ဝတုတ် ၂က မရှိတော့ပေ။
ဆိုလိုသည်မှာ နှစ်ချက် ရှိနိုင်သည်။
တစ်ချက်က သူ့ကို တစ်ယောက်ယောက်၏ ကိုယ်ပိုင် အစားအသောက်မြည်းစမ်းသူအဖြစ် ခေါ်ယူသွားခြင်း ဖြစ်နိုင်သလို၊ နောက်တစ်ချက်က အိပ်ရာပေါ်မှ လိမ့်ကျပြီး နံရံနှင့် ရေစည်ပိုင်းကြား ညပ်နေခြင်းလည်း ဖြစ်နိုင်သည်။
ဟန်ယု အတည်မပြုနိုင်မီမှာပင် အဆောင်အတွင်းသို့ ကျယ်လောင်သော အသံကြီး ပဲ့တင်ထပ်သွားသည်။
"ဟန်ယု..." အပြင်ဘက်မှ တစ်ယောက်ယောက်က အော်ခေါ်လိုက်၏။
"ယနေ့ မင်းက မီးဖိုချောင် တာဝန်ကျတယ်... ငါ မင်းရဲ့ ကျောရိုးကို မကြော်ခင် စားဖိုဆောင်ကို လာသတင်းပို့..."
ဟန်ယု ညည်းတွားလိုက်သည်။ "အဲဒါက ဘာလို့ ဒီအပတ် ကြားဖူးသမျှထဲမှာ အခြိမ်းခြောက်ဆုံး အသံ မဟုတ်ရတာလဲ..."
သူ အတော်လေးလည်း စိတ်ရှုပ်သွား၏။
"နေပါဦး... ချက်ပြုတ်တာက အဆင့်မြင့် အစေခံတွေပဲ လုပ်ရတာ မဟုတ်ဘူးလား..." ဟန်ယု မျက်မှောင်ကြုတ်လိုက်သည်။ "သူတို့ ဘာလို့ ငါ့ကို ပေးရတာလဲ... ငါ ထမင်းချက် ကောင်းတာ သူတို့ သိသွားကြတာလား..." သူ တွေးလိုက်၏။
သူ အိပ်ရာမှ ထကာ ခါးပတ်ကို ကမန်းကတန်း စည်းပြီး ဂိုဏ်းဝင်းကို ဖြတ်၍ မှိုချဉ်နံ့နှင့် ဆီခိုးနံ့များ ရနေသော အဆောက်အအုံကြီး ဖြစ်သည့် စားဖိုဆောင်သို့ သွားလိုက်သည်။
အတွင်းဘက်တွင် ပရမ်းပတာ ဖြစ်နေ၏။
အိုးကြီးများဆီမှ ရေနွေးငွေ့များ ထွက်နေပြီး မီးတောက်များက မျက်ခုံးမွှေးများကို လောင်ကျွမ်းလုမတတ် ကခုန်နေကြသည်။ အစေခံ အများအပြားက ဝိညာဉ်စွမ်းအင် နိုးထသွားပုံရသော ကြက်တစ်ကောင်၏ ရန်မှ လွတ်မြောက်အောင် ပြေးလွှားနေကြ၏။
"ပြေးကြ... အဲဒီ ကြက်ရဲ့ ခြေသည်းက မင့်အသားကို ထောပတ်လို လှီးဖြတ်ပစ်လိမ့်မယ်... သူက ခန္ဓာသန့်စင်ခြင်း ဒသမအဆင့် ရောက်နေတာကွ..." အစေခံများက အော်ဟစ်နေကြသည်။
ဟန်ယုက တံခါးဝမှ အချိန်ကိုက် ရှောင်တိမ်းလိုက်နိုင်သဖြင့် ကြက်၏ ရန်မှ သီသီလေး လွတ်မြောက်သွားသည်။
"ဟူး...”
"ငါတော့ ဘာမှမဟုတ်တဲ့ ကြက်တစ်ကောင်လက်ချက်နဲ့ အသေမခံနိုင်ပါဘူး..." ဟန်ယုတစ်ယောက် ဤဂိုဏ်းက အန္တရာယ်များလွန်းသည်ဟု ခံစားလိုက်ရသည်။
'အစေခံတွေထက်တောင် ကြက်က ပိုသန်မာနေပါလား...'
ကျန်းရှီကတော့ ဝင်ပေါက်တွင် စောင့်နေသည်။ ဟန်ယုကို ကြက်က မတိုက်ခိုက်လိုက်သဖြင့် ကံဆိုးသည်ဟု တွေးကာ လျှာသပ်လိုက်၏။
'ကြက်အစီအစဉ်ကို ပြန်သုံးသပ်ရမယ်... အစေခံတွေ အရင် အတိုက်ခံရမယ်လို့ မထင်ထားဘူး...' အမှန်တကယ်တော့ ထိုကြက်ကို ဤနေရာသို့ ယူလာသူမှာ ကျန်းရှီပင် ဖြစ်သည်။
သို့သော် ယခုလောလောဆယ်တွင် သူ့၌ အခြား အစီအစဉ်များ ရှိသေးသည်။
"အိုး... ကောင်းတယ်..." ကျန်းရှီက ပြုံးစစဖြင့် ပြောလိုက်၏။ "မင်း ရောက်လာတာ အချိန်ကိုက်ပဲ... အတွင်းစည်း ဂိုဏ်းသားတွေအတွက် နေ့လယ်စာ ပြင်ဆင်ရမယ်... စိတ်မပူနဲ့... ငါ မင်းအတွက် တာဝန်တွေ စီစဉ်ထားပြီးသား..."
ဟန်ယု ထိုစကားကို သဘောမကျပေ။ ကျန်းရှီက သူ့လက်မောင်းအရွယ်အစားခန့် ရှိသော ဓားတစ်ချောင်းနှင့် သံသယ ဖြစ်ဖွယ် ကောင်းလောက်အောင် ကြီးမားသော ကြက်သွန်အိတ်ကြီးကို ညွှန်ပြလိုက်သောအခါ ပို၍ပင် သဘောမကျ ဖြစ်သွားသည်။
ပထမတော့ ဘာကြောင့် အစားအစာ ချက်ပြုတ်နေရသလဲ ဟု သူ စဉ်းစားလိုက်မိ၏။
"သူတို့က အစာရှောင်ဆေးလုံးတွေပဲ စားကြတာ မဟုတ်ဘူးလား... အထူးပွဲတော်ရက်မို့လို့လား..." ကောင်လေးက မေးလိုက်သည်။
"ဒါက သူတို့ရဲ့ နှစ်ပတ်တစ်ကြိမ် 'သာမန် အစားအစာ' စားတဲ့ရက်လေ... အစာရှောင်ဆေးလုံးတွေကိုပဲ ဆက်တိုက် စားနေရင် စိတ်ကို ထိခိုက်စေနိုင်ပြီး ချီလမ်းကြောင်း လွဲချော်နိုင်ခြေ မြင့်တက်လာနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တွေက ဆိုတယ်..."
ကျန်းရှီက ပညာရှင်တစ်ယောက်၏ မျက်နှာပေးဖြင့် ပြောလိုက်သည်။
ယ
"ဒါကြောင့် ပြီးပြည့်စုံနေဖို့ လိုတယ်..." ကျန်းရှီက အမိန့်ပေးလိုက်၏။ "အဲဒါတွေကို အခွံနွှာ၊ လှီးဖြတ်ပြီး အတုံးသေးလေးတွေ တုံးရမယ်... အားလုံး တစ်ညီတည်း ဖြစ်ရမယ်... မျက်ရည် မကျစေနဲ့..."
"အဲဒါ မဖြစ်နိုင်ဘူး မဟုတ်လား..." ဟန်ယု မေးလိုက်သည်။
"အပ်နှံထားတဲ့သူအတွက်တော့ မဖြစ်နိုင်တာ မရှိဘူး..." စက်ရုပ်ဝတ်စုံ၏ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသည့် ခလုတ်ကို နှိပ်လိုက်သောသူတစ်ယောက်၏ ပျော်ရွှင်မှုမျိုးဖြင့် ကျန်းရှီက နောက်ဆုတ်သွားရင်း ပြောလိုက်လေသည်။
အခန်း ၈၄။ မျက်ရည်များနှင့် ထူးဆန်းသော ကြွက်တစ်ကောင်
မိနစ် ၃၀ ကြာပြီးနောက်...
ဟန်ယု၏ မျက်နှာပေါ်၌ မျက်ရည်များ စီးကျနေ၏။
"ဒါတွေက မျက်ရည် မဟုတ်ဘူး..." သူက မျက်စိစုံမှိတ်၍ ကြက်သွန်များကို ခုတ်ထစ်ရင်း တီးတိုး ပြောလိုက်သည်။
"ဒါက... နှာခေါင်းပိုင်းဆိုင်ရာ ဉာဏ်အလင်းပွင့်ခြင်းပဲ..."
အနည်းဆုံးတော့ မှိုတက်နေသော အခန်းကြောင့် ပိတ်ဆို့နေသည့် သူ့နှာခေါင်းပေါက်များ ရှင်းလင်းသွားပြီ ဖြစ်သည်။
စားဖိုမှူးက ဘဲတစ်ကောင်ကဲ့သို့ လမ်းလျှောက်လာပြီး ကြက်သွန်နီ အနှစ်ပုံကြီးကို မျက်လုံးမှေး ကြည့်ကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။
"ပြီးပြည့်စုံတယ်... ငါတို့ ဟင်းရည် ချက်ကြမယ်..."
အခြေအနေများ ကောင်းမွန်လာသည်ဟု ထင်ရသော်လည်း ကျန်းရှီ ပြန်ရောက်လာသောအခါ ပျက်စီးသွားပြန်သည်။
"အိုး... မဟုတ်သေးဘူး ဟန်ယု... မင်း မပြီးသေးဘူး... ထမင်းပေါင်းအိုးက ပြဿနာရှိနေတယ်... သွားပြင်လိုက်..." ထိုလူက ကံဆိုးမိုးမှောင်ကျစေမည့် လေသံဖြင့် ပြောလိုက်၏။
"...ကျွန်တော်က အစေခံလေ... ပန်းပဲဆရာမှ မဟုတ်တာ..."
ကျန်းရှီက လက်ညှိုးထိုးလိုက်သည်။
"အဖြေရှာလိုက်... ဒါမှမဟုတ်ရင် စားဖိုမှူးကို မင်း ဆားအစား ဝိညာဉ်ငရုတ်သီးမှုန့် သုံးထားတယ်လို့ ငါ သွားပြောလိုက်မယ်..."
ဟန်ယု ကြောင်အသွား၏။ "မင်း အဲလို မလုပ်ပါဘူး..."
"ငါ လုပ်မှာ..." ကျန်းရှီက ပြန်ဖြေပြီး တီးတိုး ကပ်ပြောလိုက်သည်။ "ငါ ပြောပြီးသွားပြီ... စစ်ဆေးမှုတုန်းက မင်းရဲ့ ငရုတ်သီး ရူးသွပ်မှုကို လူတိုင်း သိနေကြပြီလေ..."
"သောက်ကျိုးနည်း..." ဟန်ယု ကျိန်ဆဲလိုက်၏။
၁၀ မိနစ် ကြာပြီးနောက်...
ဟန်ယုမှာ နတ်ဆိုး ရေနွေးအိုးတစ်လုံးကဲ့သို့ တရွှီရွှီ မြည်နေသော ရှေးဟောင်း ထမင်းပေါင်းအိုးကြီး၏ ရှေ့တွင် ဒူးထောက်နေရသည်။
သူ အိုးကို ခေါက်ကြည့်လိုက်၏။
ပေါင်းအိုးဆီမှ ဂလုဂလု မြည်သံ ထွက်လာသည်။
ယောက်မဖြင့် ရိုက်ကြည့်လိုက်၏။
ဘဲငန်းတစ်ကောင်ကဲ့သို့ အော်မြည်လေသည်။
ဟန်ယု စိတ်ရှုပ်ထွေးစွာဖြင့် စိုက်ကြည့်လိုက်၏။ "ဘာလို့ ဘဲငန်းလို အော်ရတာလဲ..."
ထိုအခါမှ ဘေးဘက်ရှိ တောက်ပနေသော သင်္ကေတများကို သူ သတိထားမိလိုက်သည်။
"အိုး... မဟုတ်သေးပါဘူး... ဒါက... ဝိညာဉ်စွမ်းအင်သုံး အိုးလား..." ဟန်ယုတစ်ယောက် သူ့အရည်အချင်းထက် ကျော်လွန်သော ကိစ္စနှင့် ကြုံနေရပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်၏။
"ငါက ဒါကို ဘယ်လို ပြင်ရမှာလဲ... ငါက အစီအရင်ဆရာလည်း မဟုတ်၊ လက်နက် ပန်းပဲဆရာလည်း မဟုတ်... ကျင့်ကြံသူတောင် မဟုတ်ဘူးလေ..." ဟန်ယု သူ့ကံကြမ္မာကို တွေး၍ ကြောက်ရွံ့သွားသည်။
ကျန်းရှီက သူ့ကို မလုပ်တတ်သည့် အလုပ် တမင် ပေးလိုက်မှန်း သိသွား၏။
ထမင်းပေါင်းအိုးက ကြမ်းတမ်းစွာ တုန်ခါလာပြီး မျက်နှာကြက်ဆီသို့ ရေနွေးငွေ့များကို ပန်းထုတ်ကာ မူးနေသော ဂျင်တစ်လုံးကဲ့သို့ တစ်နေရာတည်းတွင် လည်နေတော့သည်။
"ဆုတ်ခွာ... ဆုတ်ခွာ..." ဟန်ယု အော်ဟစ်၍ ကောင်တာတစ်ခု၏ နောက်သို့ ဝင်ပုန်းလိုက်၏။
စက္ကန့်ပိုင်း အကြာတွင် ပေါင်းအိုးကြီး ပေါက်ကွဲသွားပြီး ထမင်းများ၊ မီးခိုးများနှင့် ဝိညာဉ်ကြက်သားဟု ယူဆရသော အရာများ ခမ်းနားကြီးကျယ်စွာ လွင့်စဉ် ထွက်လာကြသည်။
ဟန်ယုမှာ စားဖိုမှူး၏ ရှေ့တွင် ရပ်နေပြီး သူ့တစ်ကိုယ်လုံးတွင် ကပ်စေးပါသော ထမင်းများ ပေကျံနေ၏။
စားဖိုမှူးက သက်ပြင်းချ၍ သူ့ကို ရေမြှုပ်တံမြက်စည်း တစ်ချောင်း ကမ်းပေးလိုက်၏။
"မင်း အခု ထမင်း သန့်ရှင်းရေးတာဝန် ယူရမယ်... နောက်ထပ် သုံးရက်လုံး..."
ကျန်းရှီက ပျော်ရွှင်မှုကြောင့် တောက်ပနေသော မျက်နှာထားဖြင့် လျှောက်လာသည်။
"အားတင်းထား..." သူက ပြောလိုက်၏။ "အနည်းဆုံးတော့ မင်း အလုပ်ရှုပ်နေတော့ တခြားနေရာမှာ အမှားလုပ်ဖို့ အချိန်ရမှာ မဟုတ်ဘူးလေ..."
ဟန်ယုက သူ့ကို လက်မထောင်ပြလိုက်ပြီး ဖက်ကွီ့ နားနား ကပ်၍ တစ်စုံတစ်ခု တီးတိုး ပြောလိုက်သည်။
"...မင်း သူ့ကို ဘာပြောလိုက်တာလဲ..." ကျန်းရှီ မျက်လုံးမှေး၍ မေးလိုက်၏။
"အိုး... မင်းက ကြွက်ကြောက်တတ်တယ် ဆိုတဲ့အကြောင်းပါ..."
"ငါ မကြောက်ပါဘူး..."
"မင်း ကြောက်လာလိမ့်မယ်..." ဝတုတ် ၂ က မကောင်းဆိုးဝါး ဆန်ဆန် ပြောလိုက်၏။
မကြာမီ အချိန်အတွင်းမှာပင် ဟန်ယုက ကျန်းရှီကို ခြောက်လှန့်ရန် ရည်ရွယ်ချက်ဖြင့် ကြွက်များကို မြှားခေါ်ရန် စားလက်စ ဖက်ထုပ်အချို့ ချထားလိုက်သည်။
သို့သော်လည်း ကံတရားက သူ့ဘက်သို့ မည်သို့ လှည့်လာမည်ကိုမူ သူ မသိခဲ့ပေ။
ထိုညတွင်...
အဆောင်အမှတ် ၉ သို့ ပြန်ရောက်သောအခါ ဟန်ယု ဖျာပေါ်သို့ ပစ်လှဲချလိုက်သည်။
ယခုအခါ သူ့တစ်ကိုယ်လုံးတွင် ရှာလကာရည်နှင့် ဝမ်းနည်းပူဆွေးမှု ရနံ့များ စွဲထင်နေပြီ ဖြစ်၏။
ဝတုတ် ၂ က သူ့ကို ဟင်းရည်တစ်ခွက် ယူလာပေးသည်။ "ရော့... စားဖိုမှူးက ဒါ 'ဟန်ယုစတိုင် ကြက်သွန်ပြုတ်' တဲ့..."
"အရသာက... သစ္စာဖောက်မှု အရသာ ရနေလား..."
(“အရမ်းကို ခါးသီးလွန်းပေပြီး မေ့ပျောက်လို့မရနိုင်တဲ့၊ ရင်ထဲမှာ စွဲကျန်နေစေမယ့် ခံစားမှုမျိုး”)
"သစ္စာဖောက်မှု သုံးမျိုးနဲ့ နောင်တရမှု တစ်မျိုး ပေါင်းစပ်ထားတဲ့ အရသာမျိုး..."
မည်သို့ပင် ဖြစ်စေ ဟန်ယု သောက်လိုက်သည်။
"နေပါဦး... မင်း ဒီဟင်းရည်ကို ဘယ်လို ရလာတာလဲ... ဒါက အတွင်းစည်း ဂိုဏ်းသားတွေအတွက် မဟုတ်ဘူးလား..." ဟန်ယု မေးလိုက်၏။
"သူတို့က အမျိုးအစား မတူတာတွေ အများကြီး ချက်တာလေ... ဒါက အပြင်စည်း ဂိုဏ်းသားတွေအတွက် ရည်ရွယ်တာ... ဝိညာဉ်ပါဝင်ပစ္စည်းတွေ မပါဘူး..." ဝတုတ် ၂ က ဖြေလိုက်သည်။ "ငါက ပို့ဆောင်ရေး တာဝန်ကျတယ်လေ... သူတို့ကို သွားပို့တိုင်း တခြား ခွက်တစ်ခွက်ထဲ နည်းနည်းချင်း ခိုးထည့်ထားတာ..." သူက ရှင်းပြ၏။
"တော်တဲ့ ဝတုတ် ၂... နည်းနည်း အန္တရာယ် များပေမဲ့ တော်တယ်..." ဟန်ယု ထိုကောင်လေးကို သဘောကျသွားသည်။
'သူက မူရင်း ဝတုတ် ၂ထက် သေချာပေါက် ပိုတော်တာပဲ...' သူ နှိုင်းယှဉ် တွေးမိလိုက်၏။
အနည်းဆုံးတော့ ဟင်းရည်၏ အရသာက သူတို့ နေ့စဉ်စားနေရသော ဝက်စာထက် ပိုကောင်းပြီး ဟန်ယုကို အနည်းငယ် စိတ်သက်သာရာ ရစေသည်။
မိုးကြိုးနတ်ဘုရား လက်သီး သိုင်းကွက်ကို အနည်းငယ် ထပ်လေ့ကျင့်ရန် စိတ်အားတက်စေသည်အထိ ကောင်းမွန်၏။ ထို့နောက် သူ၏ ကြမ်းတမ်းသော အိပ်ရာထက်သို့ ဝင်လိုက်သည်။
ညဉ့်နက်လာသောအခါ ဟန်ယုက ခေါင်မိုးပေါက်မှတစ်ဆင့် အပေါ်သို့ မော့ကြည့်လိုက်ပြန်သည်။
ထိုကြယ်တစ်ပွင့်ကပင် သူ့ကို လင်းလက်ပြနေ၏။ သို့သော် ယခုတစ်ကြိမ်တွင်မူ ဝေဖန်ပိုင်းခြားနေသော ထမင်းဆုပ်တစ်လုံးနှင့် ပုံစံတူနေသယောင် ရှိသည်။
"တစ်နေ့ကျရင်..." သူ တီးတိုး ပြောလိုက်၏။ "ငါ ဒီဘဝကနေ လွတ်မြောက်ရမယ်... ကြက်ခြံအောက်မှာ ဝှက်ထားတဲ့ လျှို့ဝှက် ကျင့်စဉ်စာအုပ်ကို ရှာတွေ့တာပဲ ဖြစ်ဖြစ်... သားရဲတစ်ကောင်ကို ယဉ်ပါးအောင် လုပ်တာပဲ ဖြစ်ဖြစ်... ဂိုဏ်းတစ်ခု ထောင်တာပဲ ဖြစ်ဖြစ်... တစ်ခုခုပေါ့..."
တန်းလျားပေါ်မှ တရှပ်ရှပ် အသံတစ်ခု ကြားလိုက်ရသည်။
ဟန်ယု ထထိုင်လိုက်၏။
တောက်ပနေသော မျက်လုံးနှစ်လုံးက သူ့ကို ငုံ့ကြည့်နေသည်။ ကြွက်တစ်ကောင်... မဟုတ်ဘူး... ဝိညာဉ်ကြွက်တစ်ကောင်... မှိန်ဖျဖျ ချီစွမ်းအင်အငွေ့အသက်နှင့် သံသယ ဖြစ်ဖွယ် ကောင်းလောက်အောင် ဉာဏ်ရည်ထက်မြက်သည့် ပုံစံ ရှိနေသည်။
ဟန်ယု မျက်လုံးမှေးကြည့်လိုက်၏။ "...မင်းက အစာ လာစားတာလား... လက်စားချေမလို့လား..." သူက ကြွက်ကိုများ တစ်နည်းနည်းဖြင့် စော်ကားမိခဲ့သလားဟု တွေးလိုက်မိသည်။
သူ့နောက်သို့ ကံဆိုးမိုးမှောင်ကျမှုများ လိုက်ပါနေသည်ကို ထောက်ချင့်လျှင် အံ့သြစရာတော့ မဟုတ်ပေ။ သို့သော် အံ့သြစရာကောင်းသည်မှာ ထိုတွေ့ဆုံမှုက အတော်လေး နှစ်လိုဖွယ် ကောင်းနေခြင်း ဖြစ်သည်။
ကြွက်က သူ့ရင်ဘတ်ပေါ်သို့ မြေပဲတစ်စေ့ ပစ်ချပေးလိုက်ပြီး အမှောင်ထုထဲသို့ တိုးဝင် ပျောက်ကွယ်သွား၏။
ဝတုတ် ၂က ပြူးကြောင် ကြည့်နေသည်။ "မင်းက တကယ် ဇာတ်လိုက် ဖြစ်လောက်တယ်..."
ဟန်ယု မြေပဲစေ့ကို ကြည့်လိုက်၏။
ပြီးနောက် ပြုံးလိုက်သည်။
ထိုညတွင် ဟန်ယု သိပ်မအိပ်ဖြစ်ပေ။
တစ်စိတ်တစ်ပိုင်းမှာ လက်စားချေရန် ကြံစည်နေသောကြောင့် ဖြစ်ပြီး၊ တစ်စိတ်တစ်ပိုင်းမှာမူ ဝတုတ် ၂က စစ်ဗုံတီးသကဲ့သို့ ဟောက်နေသောကြောင့် ဖြစ်သည်။ သို့သော် အဓိက အကြောင်းရင်းမှာ ထိုမြေပဲစေ့ကို ကြည့်မဝ ဖြစ်နေသောကြောင့် ဖြစ်၏။
ထိုမြေပဲစေ့က နတ်ဘုရားများ ပေးသနားသော လက်ဆောင်ပစ္စည်းတစ်ခုကဲ့သို့ သူ့ရင်ဘတ်ပေါ်တွင် တည်ရှိနေသည်။
"ဒါက သတိပေးတာလား... လက်ဆောင်လား..." ဟန်ယု မေးလိုက်၏။
ဝတုတ် ၂ က သူ့ဖျာပေါ်မှ လှမ်းကြည့်လိုက်သည်။ "အခြေအနေပေါ် မူတည်တယ်... ဆားနယ်ထားလား..."
ဟန်ယု နမ်းကြည့်လိုက်၏။ "မီးနည်းနည်း ကင်ထားတယ်... အခွံမပါဘူး... ဒီကြွက်က အစားအသောက် ရွေးတတ်သားပဲ..."
"ကြောက်စရာကြီး..."
"ငါ သိတယ်..." ဟန်ယု လေးစားသမှုဖြင့် တီးတိုး ပြောလိုက်သည်။ "သူ့ကို နောက်တစ်ခါ ထပ်ရှာတွေ့မှ ဖြစ်မယ်..."
ကြွက်က သူ့ထံ ဘာကြောင့် လာသနည်း၊ ဘာကြောင့် မြေပဲ လာပေးသနည်း ဆိုသည်ကို ဟန်ယု မသိပေ။ သို့သော် တိုက်ခိုက်ရေး စစ်ဆေးမှုတွင် လူသစ် တစ်ဝက်လောက်ကို အနိုင်ယူနိုင်မည့် ကြက်တစ်ကောင်ကို တွေ့ဖူးပြီး ဖြစ်သဖြင့် ဉာဏ်ကောင်းသော ကြွက်တစ်ကောင်က အဆန်း မဟုတ်တော့ပေ။
သို့သော် ထိုကြွက် မည်မျှ သန်မာသည်ကိုတော့ ဟန်ယု သိချင်မိသည်။
'သူက ဝိညာဉ်သားရဲ အစစ်တော့ မဟုတ်လောက်ဘူး... ဘယ်လိုလုပ် ဉာဏ်ရည် ရသွားတာလဲ...' ဟန်ယု စဉ်းစားလိုက်၏။
'ထားပါတော့... သာမန် လမ်းဘေးကြွက်တွေတောင် တခြား တိရစ္ဆာန်တွေနဲ့ ယှဉ်ရင် ဉာဏ်ကောင်းကြတာပဲ...' သူက မြေပဲလာပေးသော ကြွက်ကို 'သာမန်' ဟုသာ မှတ်ယူလိုက်သည်။
မနက်ခင်း ခေါင်းလောင်း ထိုးသောအခါ ဂိုဏ်းသားများက တာဝန်ခွဲဝေသည့် စာရွက်များကို စက္ကူစများ ကြဲသကဲ့သို့ ပစ်ပေးကြသည်။ ဟန်ယု ကိုယ့်ကိုယ်ကိုယ် အားတင်းလိုက်၏။
ဒီနေ့တော့ သူ အိမ်သာဆေးရသည့် အလုပ် မလုပ်တော့ပေ။ ဒီနေ့တွင် သူ့၌ အစီအစဉ် ရှိသည်။ ဒီနေ့တွင် သူသည် ဆိုးရွားသော အလုပ်များကို ရှောင်တိမ်းမည်၊ ဝိညာဉ်ကြွက်နှင့် ပြန်လည် ဆက်သွယ်မည်၊ ပြီးလျှင် အာဏာရရှိရေး လမ်းကြောင်းကို ဖြည်းဖြည်းချင်း လျှောက်လှမ်းပေတော့မည်။