အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
အခန်း ၄၁ - လက်ကောက်မှ တုံ့ပြန်မှု
ဂိုဏ်းတူအစ်ကိုကြီးစွန်းသည် ရွှီချင် တွေ့ချင်သောသူ လုံးဝ မဟုတ်ပေ။ ထိုသို့ မတွေ့ချင်ရသည်မှာ သူ၏ ထူးဆန်းသော အပြုအမူများကြောင့် သက်သက်မဟုတ်ဘဲ သူသည် နာမည်ကြီးသော ကာမရာဂ စိတ်ထက်သန်သူ တစ်ဦး ဖြစ်နေသောကြောင့်ပင်တည်း။
သူသည် ရွှီချင်ကို လက်ဝယ်ပိုင်ဆိုင်နိုင်ရန် ကြိုးစားနေခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်ပြီး တန်ဖိုးကြီး လက်ဆောင်များ ပေးပို့ခြင်း သို့မဟုတ် ယဉ်ကျေးသော တွေ့ဆုံပွဲဟု ခေါင်းစဉ်တပ်ကာ ဖိတ်ကြားခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် မြှူဆွယ်ခဲ့သည်။ ရွှီချင်သည် ကိုယ်ပိုင်အလှတရားဖြင့် လှပသူဖြစ်ပြီး အရင်းအမြစ်များ ချို့တဲ့နေသော်လည်း သူမ၏ ဂုဏ်သိက္ခာကိုမူ တန်ဖိုးထားသူ ဖြစ်၏။
ထိုအဆင့်ထိ နိမ့်ချပြီး သူမ၏ ဂုဏ်သိက္ခာကို အကျခံမည် မဟုတ်ချေ။ ဂိုဏ်းတူအစ်ကိုကြီးစွန်းသည် အမြုတေဖွဲ့စည်းခြင်း နယ်ပယ်သို့ ရောက်ရှိထားသော ပင်မတပည့် တစ်ဦး ဖြစ်ပြီး သူမနှင့် ဂိုဏ်းတူအစ်ကိုဝေတို့ထက် ရာထူးမြင့်မားနေခြင်းသာ မရှိပါက နေ့ခင်းကြောင်တောင် ကြယ်မြင်သွားအောင် ရွှီချင် သူ့ကို ရိုက်နှက်မိပြီး ဖြစ်ပေလိမ့်မည်။
သူ့ကို မည်သူမျှ ဘာမှမလုပ်ရဲရသည့် အကြောင်းအရင်းမှာ သူ၏ ကျင့်စဉ်စွမ်းအင်ကြောင့် ဖြစ်ပြီး အထွတ်အထိပ် အမြုတေဖွဲ့စည်းခြင်း နယ်ပယ် ကျင့်ကြံသူ တစ်ဦး ဖြစ်နေသောကြောင့်ပင်။ ကံဆိုးသည်မှာ ထိုအချက်ကြောင့် သူ့ပါးကို အကျိုးဆက်မရှိဘဲ ရိုက်ရန်မှာ အလှမ်းဝေးသော အိပ်မက်တစ်ခု ဖြစ်နေရခြင်း ဖြစ်သည်။
သို့သော် သူမ ထိုသို့ တွေးတောနေစဉ်၌ပင် ဂိုဏ်းတူအစ်ကိုဝေက ငါးစာချသကဲ့သို့ ဆေးလုံးကို သူမရှေ့တွင် ယမ်းပြလိုက်၏။ "ဘယ်လိုလဲ... ဆုံးဖြတ်ပြီးပြီလား..."
ရွှီချင် လေတစ်ချက် ရှူသွင်းလိုက်သည်။ ဤသည်မှာ စွန့်စားရမည့် ကိစ္စဖြစ်သော်လည်း သူမ ထိုဆေးလုံးကို လိုအပ်နေသည်။
"ကောင်းပြီလေ... ရှင်ပြောတဲ့အတိုင်း လုပ်ကြတာပေါ့..."
ဂိုဏ်းတူအစ်ကိုဝေက ပြုံးလိုက်ပြီး သူ၏ အပြုံးမှာ ပို၍ ကျယ်ပြန့်သွား၏။ "ကောင်းပြီ... အတော်ဆုံး တပည့် ရတဲ့သူ နိုင်ကြေး..."
ရွှီချင် သူမ၏ လက်သီးများကို ဆုပ်ကိုင်လိုက်ပြီး မျက်လုံးများထဲတွင် သန္နိဋ္ဌာန် မီးတောက်များ တောက်လောင်လာသည်။
သူမအနေဖြင့် ရှုံးနိမ့်၍ မဖြစ်ပေ။
အကယ်၍ ရှုံးနိမ့်သွားပါက သူမဘဝ ပြန်လည် နာလန်မထူနိုင်တော့မည့် ညစာစားပွဲတစ်ခုကို သွားရောက်ရတော့မည် ဖြစ်သည်။
"ကောင်းပြီ... ငါ မင်းကို အရင်သွားခွင့်ပေးမယ်..." ဂိုဏ်းတူအစ်ကိုဝေက ရက်ရောစွာ ပြောလိုက်၏။ "ငါ တံဆိပ်တုံး သွားယူရဦးမယ်... မင်း အရင်သွားနှင့်..."
"နောင်မှ နောင်တမရနဲ့နော်..." ရွှီချင် အချိန်ဖြုန်းမနေဘဲ ပြေးထွက်သွားလေသည်။
သူမ ထွက်ခွာသွားသည်ကို ကြည့်ပြီး ဂိုဏ်းတူအစ်ကိုဝေ ပြုံးလိုက်၏။
"နောက်ဆုံးကျရင် အနိုင်ရသူက ငါပဲ ဖြစ်ရမယ်..." သူ၏ လက်ကောက်ဝတ်ရှိ ရှစ်မြှောင့်ကြယ် လက်ကောက်ကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။
အကယ်၍ ရွှီချင်သာ မြင်သွားပါက သူမ အံ့အားသင့်သွားပေလိမ့်မည်။ ထိုလက်ကောက်သည် သူမ၏ ဆရာ ပေးလိုက်သော လက်ကောက်နှင့် အတူတူပင် ဖြစ်နေသောကြောင့်တည်း။
ထိုအရာသည် သူမ ယုံကြည်မှု၏ အရင်းအမြစ် ဖြစ်ပြီး ထိုအရာကို အားကိုး၍ အနိုင်ရရန် မျှော်လင့်ထားခြင်း ဖြစ်သည်။ ဝှက်ဖဲ ကိုင်ထားသူမှာ သူမတစ်ယောက်တည်း မဟုတ်ကြောင်း သူမ မသိခဲ့ရှာပေ။
သူမသည် လမ်းမများအတိုင်း ပြေးလွှားရင်း လက်ကောက်ကို စောင့်ကြည့်နေလိုက်သည်။
'တုံ့ပြန်မှု မရှိသေးပါလား... ငါ ဘာတွေ တွေးနေတာပါလိမ့်... ဒီမြို့မှာ ကောင်းတာ ဘာမှ ရှိမှာ မဟုတ်ဘူး... ငါ့အလှည့် ပြီးအောင်ပတ်ပြီး နောက်တစ်မြို့ကို သွားသင့်တယ်...' ရွှီချင် တွေးလိုက်၏။ 'နောက်ထပ် လမ်းကြားနည်းနည်းပဲ ကျန်တော့တယ်...' သူမ အရှိန်ကို မြှင့်လိုက်သည်။
ထိုအချိန်၌ ကောင်လေးတစ်ယောက်နှင့် သူ၏ ကြံရာပါ နှစ်ယောက်မှာ စားသောက်ဆိုင်တွင် ထိုင်ရင်း သူတို့၏ ကံဆိုးမိုးမှောင်ကျမှုများအကြောင်း ညည်းတွားနေကြ၏။
"အား... ငါ့ကံတရားကတော့ တကယ့်ကို အညစ်အကြေးပဲ..." ဟန်ယု ညည်းတွားရင်း စားပွဲခုံနှင့် ခေါင်းကို ဆောင့်လိုက်သည်။
"စိတ်မပူပါနဲ့ကွာ... နွားလက်ကြီးရဲ့ သူငယ်ချင်းတွေ သူ့ကို မကြာခင် လာထုတ်ပေးမှာပါ..." တန်ဟူက သူ့သူငယ်ချင်းကို နှစ်သိမ့်ရန် ကြိုးစားလိုက်၏။
"အဲဒီအချိန်ကျရင် နောက်ကျသွားလောက်ပြီ..." ဟန်ယုက စားပွဲပေါ်တွင် ခေါင်းမှောက်လျက်သား ပြန်ဖြေလိုက်သည်။
"နောက်မကျပါဘူး... အဲဒီလူက ထောင်ထဲမှာ ငြိမ်ငြိမ်လေး နေမယ်လို့ မင်း ထင်နေတာလား..." တန်ဟူက ပြုံးဖြဲဖြဲဖြင့် ပြောလိုက်၏။ "သူ စိတ်ဖောက်ပြီး ထောင်ဖောက်ပြေးချင် ပြေးလာမှာ..."
"ဟုတ်တယ်..." ဝတုတ်က အနာဂတ်ကို မြင်နိုင်သူကဲ့သို့ ပညာရှိဆန်ဆန် ခေါင်းညိတ်ထောက်ခံလိုက်သည်။ "သူက အကြာကြီး အချုပ်ခံနေမယ့် ခေါင်းမာတဲ့သူမျိုး မဟုတ်ဘူး..."
ဟူး...။
သို့သော် ဟန်ယုက လက်မခံနိုင်ပေ။
"လောလောဆယ် မေ့ထားလိုက်ကြစို့ကွာ... စိတ်ပူနေလို့လည်း ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး..." တန်ဟူ ပြောလိုက်ပြီး ပုလင်းတစ်လုံးကို ဆွဲယူလိုက်၏။ "ရော့... ဒါလေး မြည်းကြည့်... မင်းအတွက် အထောက်အကူ ဖြစ်မှာပါ..."
"ဟုတ်တယ်... ဝိုင်သောက်လိုက်... စိတ်ဖိစီးမှုအတွက် အကောင်းဆုံးပဲ..." ဝတုတ်က ဝင်ပြောလိုက်၏။ "ငါ့အဖေ ရိုက်နှက်တိုင်း ငါ ဒါကို သောက်တာ... နာကျင်မှုနဲ့ စိတ်ဖိစီးမှုတွေကို ချက်ချင်း ပျောက်သွားစေတယ်..." သူက ဂုဏ်ယူစွာ ဖြည့်စွက်ပြောလိုက်သည်။
"အင်း..." ဟန်ယုသည် ပုံမှန်အားဖြင့် ဝိုင်သောက်လေ့ရှိသူ မဟုတ်သော်လည်း လက်ရှိ အခြေအနေအရ သောက်ကြည့်ချင်စိတ် ဖြစ်ပေါ်လာ၏။
"ကောင်းပြီလေ..." သူ ရေရွတ်လိုက်ပြီး ခွက်ကို ကိုင်ကာ တစ်ရှိန်ထိုး မော့ချလိုက်သည်။
"အား... သောက်ကျိုးနည်း... ပြင်းလိုက်တာ..." ဟန်ယု လည်ချောင်းများ ပူသွားပြီး ချောင်းဟန့်လိုက်၏။
"ဒါပေါ့... ဒါက နှလုံးနာ ဝိုင်လေ..." တန်ဟူ ပြန်ဖြေလိုက်သည်။ "မင်းအတွက် သီးသန့် ဝယ်လာတာ... ဈေးပေါတာ မဟုတ်ဘူးနော်..."
"ဟား... မင်းက တခြားလူအတွက် ပိုက်ဆံသုံးတတ်နေပါလား..." ဟန်ယု ရယ်မောလိုက်ပြီး သူ၏ ဝမ်းဗိုက်ထဲတွင် နွေးထွေးမှုတစ်ခု ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရ၏။
"အရာရာတိုင်းမှာ ပထမဆုံးအကြိမ်ဆိုတာ ရှိစမြဲပဲလေ..." တန်ဟူက သူ့အတွက် တစ်ခွက်ငှဲ့ပြီး မော့ချလိုက်သည်။
"ငါ့အလှည့်..." ဝတုတ်က ကြေညာလိုက်ပြီး သူ့အတွက် အလွန်များပြားသော ပမာဏကို ငှဲ့ထည့်လိုက်၏။ "ဝိုင်ကောင်းပဲ..."
အခြား နှစ်ယောက်နှင့် မတူသည်မှာ သူသည် အရက်၏ လောင်ကျွမ်းမှုကို ခံစားရပုံ မရဘဲ ရေကဲ့သို့ သောက်ချလိုက်ခြင်းပင် ဖြစ်သည်။
"သောက်ကျိုးနည်း ဝက်ပုတ်... မင်းက ဘာမှ မတိုးပါလား... အရိုက်ခံရတာပဲ ဖြစ်ဖြစ်၊ ဝိုင်ပဲ ဖြစ်ဖြစ်..." ဟန်ယု ခေါင်းခါရင်း ပြောလိုက်၏။
"စကားလျှော့ပြောပြီး များများသောက်..." တန်ဟူက တိုက်တွန်းရင်း နောက်ထပ်တစ်ခွက် ထပ်ငှဲ့ပေးလိုက်သည်။
ထိုသို့ဖြင့် သူတို့ သုံးယောက်မှာ သောက်စားနေကြပြီး သူတို့၏ အေးချမ်းသော ဆိုင်ထိုင်ချိန်လေးအတွင်းသို့ ဝင်ရောက်လာတော့မည့် ဘေးဒုက္ခကို သတိမပြုမိကြချေ။
ရွှီချင်သည် လျှောက်သွားရင်း လက်ကောက်မှ တုံ့ပြန်မှုကို စောင့်ကြည့်နေ၏။
"ကံမကောင်းသေးဘူးလား... ဂိုဏ်းတူညီမလေး..." ရင်းနှီးပြီးသား ဘဝင်ခိုက်နေသည့် အသံတစ်ခုက သူမ၏ အတွေးများကို ဖြတ်တောက်လိုက်သည်။
သူမ လှည့်ကြည့်လိုက်သောအခါ ဂိုဏ်းတူအစ်ကိုဝေကို တွေ့လိုက်ရ၏။
"ဟွန့်... ဒီမြို့မှာ တန်ဖိုးရှိတာ တစ်ခုခု ရှိနေဦးမယ့်အတိုင်းပဲ..." ရွှီချင် နှာခေါင်းရှုံ့လိုက်သည်။
"မင်း ပြန်သွားလောက်ပြီလို့ ငါ ထင်နေတာ..." ဂိုဏ်းတူအစ်ကိုဝေက မျက်ခုံးပင့်ရင်း ပြောလိုက်၏။
"ငါ မြို့ထဲမှာ နည်းနည်းလောက် လိုက်ကြည့်ဦးမယ်လို့ စိတ်ကူးလိုက်တာ... တကယ်ပဲ ပါရမီရှင် တစ်ယောက်ယောက် ရှိနေမလား ဘယ်သူသိနိုင်မှာလဲ..." သို့သော် သူမ စကားမဆုံးမီ သူမ၏ လက်ကောက် ပူနွေးလာသည်ကို ခံစားလိုက်ရသည်။
"ဟေ..." သူမ ငုံ့ကြည့်လိုက်သောအခါ ကြယ်အစွန်းများထဲမှ တစ်ခုက တောက်ပနေသည်ကို တွေ့လိုက်ရ၏။
"အို... ကြည့်ရတာ ဂိုဏ်းတူညီမလေးဆီမှာ ရတနာကောင်း တစ်ခု ရှိနေပုံပဲ..." ဂိုဏ်းတူအစ်ကိုဝေက လက်ကောက်ကို စိတ်ဝင်တစား ကြည့်ရင်း ပြုံးလိုက်သည်။
"မနာလို ဖြစ်နေတာလား..." ရွှီချင်က စနောက်လိုက်၏။
"ငါက ဘာလို့ မနာလို ဖြစ်ရမှာလဲ... ငါ့ဆရာကလည်း အတော်လေး ရက်ရောပါတယ်..." ထိုလူက ပြောလိုက်ပြီး သူ၏ လက်ကောက်ဝတ်ကို မြှောက်ပြလိုက်ရာ တူညီသော ရှစ်မြှောင့်ကြယ် လွမ်းဆွတ်ခြင်း လက်ကောက်ကို တွေ့လိုက်ရသည်။
"ရှင်..." ရွှီချင် မျက်လုံးများ ကျဉ်းမြောင်းသွား၏။
ထင်ထားသည့်အတိုင်းပင် ဂိုဏ်းတူအစ်ကိုဝေ၏ လက်ကောက်သည်လည်း တောက်ပနေသည်။
"ကြည့်စမ်း... ငါ ကံကောင်းနေပုံပဲ..." ဂိုဏ်းတူအစ်ကိုဝေက ပြုံးလိုက်၏။
"ဒီတစ်ခါတော့ မရဘူး..." ရွှီချင်သည် ဝေဝါးသော ပုံရိပ်တစ်ခု အဖြစ် ပြောင်းလဲသွားသည်။
သူ ပြန်လည် မတုံ့ပြန်နိုင်မီ သူမသည် မြှားတစ်စင်းကဲ့သို့ ပြေးထွက်သွားပြီး သူမ၏ ဝိညာဉ်ဓားမှာ လက်ခနဲ ဖြစ်သွားကာ ဟန်ယု ထိုင်နေသည့် စားသောက်ဆိုင်ဘက်သို့ တည့်တည့်မတ်မတ် ပျံသန်းသွားလေသည်။
ဟန်ယုမှာမူ မည်သည့်အရာကိုမျှ သတိမပြုမိဘဲ ရှိနေလေ၏။
အခန်း ၄၂ - လူမှား ပြန်ပေးဆွဲခြင်း
စားသောက်ဆိုင်အတွင်း၌ ဟန်ယု ဝိုင်သောက်နေစဉ် တံခါးကြီးမှာ ပြင်းထန်သော လေအဟုန်နှင့်အတူ ရုတ်တရက် ပွင့်ထွက်သွား၏။
"ဘာ...."
ရွှီချင် အထဲသို့ ဝင်ရောက်လာပြီး သိမ်းငှက်က သားကောင်ကို ရှာဖွေသကဲ့သို့ အခန်းကို မျက်လုံးဝေ့ ကြည့်လိုက်သည်။
ခွက်ကို ကိုင်ထားဆဲ ဖြစ်သော ဟန်ယု မော့ကြည့်လိုက်သောအခါ အလွန်လှပသော အမျိုးသမီး တစ်ဦးက သူ့ကို ရွှေဥအုပေးမည့် ဘဲတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
"ဟို... ကျွန်တော် ခင်ဗျားကို ပိုက်ဆံ ပေးစရာ ရှိလို့လား..." သူ နားမလည်စွာ မေးလိုက်သည်။
သူ၏ သူငယ်ချင်း နှစ်ယောက်မှာလည်း မည်သည့် ကောင်းကင်ဘုံ အရာရှိများ ရောက်လာသည်ကို နားမလည်နိုင်ဘဲ အံ့အားသင့်စွာ ကြည့်နေကြ၏။
ဂိုဏ်းတူအစ်ကိုဝေမှာ နောက်တစ်ခဏတွင် မောဟိုက်စွာဖြင့် ရောက်ရှိလာသည်။ "သောက်ကျိုးနည်း... ဂိုဏ်းတူညီမလေး... ငါ့ကံတရားကို မင်း မလုယူခင် ငါ့ကို တစ်ငုံလောက်တော့ သောက်ခွင့်ပေးပါဦး..."
"ပါးစပ်ပိတ်ထားစမ်းပါ... ဂိုဏ်းတူအစ်ကိုဝေ... ရှင် ရှုံးသွားပြီဆိုတာ ကျွန်မတို့ နှစ်ယောက်လုံး သိပါတယ်..."
ဟန်ယု မျက်တောင်ခတ်လိုက်ပြီး လုံးဝ နားမလည်နိုင် ဖြစ်သွား၏။ "...ဘာ..."
အခြေအနေကို သူ နားမလည်နိုင်မီ ရွှီချင်၏ လက်ကောက်မှာ ပို၍ တောက်ပလာပြီး သူမ၏ ပစ်မှတ်မှာ သူ ဖြစ်ကြောင်း အတည်ပြုလိုက်သကဲ့သို့ ဖြစ်သွားသည်။
ထိုအခိုက်အတန့်တွင် ဟန်ယု သိလိုက်သည်မှာ... သူ မသိလိုက်မသိဘာသာဖြင့် စစ်ပွဲတစ်ခုအတွင်းသို့ ဆွဲသွင်းခံလိုက်ရပြီ ဆိုသည်ကိုပင်။
"ဘယ်သူက ကံတရား ဖန်တီးပေးတဲ့သူလဲ ဆိုတာ မဆုံးဖြတ်ရသေးပါဘူး ဂိုဏ်းတူညီမလေး..." ဂိုဏ်းတူအစ်ကိုဝေ ပြောလိုက်ပြီး စာရွက်တစ်ရွက်ကို ပစ်လွှတ်လိုက်၏။
ရွှပ်...။
စာရွက်မှာ ရုတ်တရက် မျက်စိကျိန်းမတတ် အလင်းရောင်များဖြင့် ပေါက်ကွဲထွက်သွားသည်။
"အား... ငါ့မျက်လုံး..." တန်ဟူ မျက်လုံးများကို အုပ်၍ အော်ဟစ်လိုက်၏။
"အရမ်း လင်းတာပဲ..." ဝတုတ်၏ သေးငယ်သော မျက်လုံးများပင် ပြာဝေသွားသည်။
သို့သော် ဟန်ယုမှာမူ အဆောင်စာရွက် သူတို့ထံ မရောက်မီ တခဏလေးအတွင်း မျက်လုံးများကို မှိတ်ထားနိုင်ခဲ့၏။ ဤသည်မှာ သရဲမျက်နှာရှင်နှင့် ထိတွေ့ဆက်ဆံခဲ့ဖူးသောကြောင့် ရရှိလာသည့် တုံ့ပြန်မှုပင် ဖြစ်သည်။ သူ၏ တုံ့ပြန်နိုင်စွမ်းများသည် လန့်သေမည့်ဘေးမှ ရှောင်ရှားနိုင်ရန် သက်သက် ထက်မြက်လာခြင်း ဖြစ်၏။
သူ မျက်လုံးပြန်ဖွင့်လိုက်သောအခါ လက်တစ်ဖက်က သူ့ပခုံးကို ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
"ဟေ..." ဟန်ယု အံ့အားသင့်သွားပြီး သူ့ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လှပသည့် အမျိုးသမီးကို ကြည့်လိုက်၏။
"မင်း ငါနဲ့ လိုက်ခဲ့..."
သို့သော် ဟန်ယုအမြင်တွင် သူမသည် ယခုချိန်၌ နတ်ဆိုးမ တစ်ကောင်နှင့် တူနေသည်။
တောက်ပသော အလင်းရောင်ကြောင့် သူမ၏ မျက်လုံးများမှာ သွေးရောင် လွှမ်းနေ၏။ သူမ မျက်လုံးများကို အတင်းဖွင့်ထားခြင်း ဖြစ်ပြီး ဤအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။
'လက်ကောက်က တုံ့ပြန်နေတယ်ဆိုရင် သေချာပေါက် ပါရမီရှင်ပဲ ဖြစ်ရမယ်... ဒီတစ်ယောက်တည်းက တခြားလူ ဆယ်ယောက်နဲ့ ညီမျှတယ်... သူ့ကို ခေါ်သွားနိုင်ရင် ငါ ကောင်းမှုအမှတ်တွေ အများကြီး ရမှာ...' သူမ သိနေ၏။
ဂိုဏ်းတူအစ်ကိုဝေ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ 'သောက်ကျိုးနည်း... သူ အောင့်ခံထားတာလား...'
ရွှီချင်က ဟန်ယုကို ဖမ်းမိထားပြီ ဖြစ်သဖြင့် သူ လုပ်နိုင်သော အရာ မရှိတော့ပေ။
"ဘာ... ဘာလို့လဲ... ဘာဖြစ်တာလဲ..." ဟန်ယု နားမလည်နိုင် ဖြစ်နေစဉ် ရွှီချင်က သူ့ကို ကြက်ပေါက်လေး တစ်ကောင်ကဲ့သို့ မ,တင်လိုက်၏။
ဤမျှ ရှုပ်ထွေးနေသော အခြေအနေများကြားတွင် ရွှီချင် သတိမထားမိလိုက်သည်မှာ သူမ လက်ကောက်ဝတ်ရှိ ရှစ်မြှောင့်ကြယ် လွမ်းဆွတ်ခြင်း လက်ကောက်မှာ အနည်းငယ် ရွေ့လျားသွားခြင်းကိုပင်။ အကယ်၍ သူမ သေချာ ကြည့်ရှုခဲ့ပါက တောက်ပနေသော အစွန်းမှာ ရွေ့လျားသွားပြီး ဟန်ယုကို ညွှန်ပြနေခြင်း မဟုတ်ဘဲ သူ၏ ဘေးရှိ ဝတုတ်ကို ညွှန်ပြနေကြောင်း တွေ့ရပေလိမ့်မည်။
သို့သော် သူမ၏ မျက်လုံးများမှာ ကျိန်းစပ်နေပြီး အမြင်အာရုံ ဝေဝါးနေသဖြင့် သတိထားမိရန် အခွင့်အရေး မရှိခဲ့ချေ။
သူမ ဟန်ယုကို ပခုံးပေါ် ထမ်းတင်လိုက်ပြီး ဝိညာဉ်ဓားကို ဆင့်ခေါ်လိုက်သည်။
ရွှပ်...။
သူမ ဓားပေါ်သို့ ခုန်တက်၍ ပျံသန်း ထွက်ခွာသွား၏။
"ဂိုဏ်းမှာ ရှိတဲ့ ငါ့အဆောင်ကို ဆေးလုံး လာပို့ဖို့ မမေ့နဲ့နော်... ဂိုဏ်းတူအစ်ကိုဝေ..." ရွှီချင် အော်ဟစ်ပြောဆိုရင်း ကောင်းကင်ယံသို့ ပျောက်ကွယ်သွားလေသည်။
ဟန်ယု၏ သူငယ်ချင်း နှစ်ယောက်မှာ ကြောင်အအဖြင့် ကြည့်ကျန်ရစ်ခဲ့ကြ၏။
"ဘယ်လို သောက်ကျိုးနည်း ဖြစ်သွားတာလဲကွ..." တန်ဟူ လုံးဝ နားမလည်နိုင်တော့ပေ။
လွန်ခဲ့သည့် တစ်ခဏက သူတို့ ဝိုင်သောက်နေကြသော်လည်း နောက်တစ်ခဏတွင် တံခါး ပေါက်ကွဲထွက်သွားပြီး လှပသော အမျိုးသမီး တစ်ဦး ဝင်လာကာ ဟန်ယုကို ဆန်အိတ်တစ်အိတ်ကဲ့သို့ ပြန်ပေးဆွဲသွားလေသည်။
"ဝိုင်တွေ... အကုန်ဖိတ်ကုန်ပြီ..." ဝတုတ်မှာ လဲကျနေသော ပုလင်းကိုကြည့်၍ မုဆိုးမ တစ်ယောက်ကဲ့သို့ ငိုကြွေးလေသည်။
သို့သော် ဤအဖြစ်အပျက်များကြားတွင် အခံစားရ အခက်ဆုံး ဖြစ်နေသူမှာ ဂိုဏ်းတူအစ်ကိုဝေပင်။
"သူ... သူ လူမှား ဖမ်းသွားပြီ..." သူ၏ လက်ကောက်ဝတ်ရှိ လက်ကောက်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။
လက်ကောက်မှာ တောက်ပနေဆဲ ဖြစ်ပြီး ငိုကြွေးနေသော ဝက်ပုတ်ဆီသို့ တည့်တည့်မတ်မတ် ညွှန်ပြနေ၏။
စက္ကန့်အနည်းငယ် ကြာသောအခါ ဂိုဏ်းတူအစ်ကိုဝေ၏ မျက်နှာထား ပြောင်းလဲသွားသည်။
"ဟားဟား... ကံတရားက ငါ့ဘက်မှာ ရှိနေပြန်ပြီပဲ..." ထိုလူက အပျော်လွန်၍ ပြောလိုက်၏။ "ကိစ္စတွေ အားလုံး အဆင်ပြေသွားပြီ... ဂိုဏ်းတူအစ်ကိုကြီးစွန်းတော့ ကျေနပ်တော့မှာပဲ..." သူ ပြုံးလိုက်ပြီး ဝတုတ် ရှိရာသို့ လျှောက်သွားလိုက်သည်။
ထိုအချိန်၌ ဟန်ယုမှာ လေထဲတွင် အော်ဟစ် ငိုယိုနေလေ၏။
"မလုပ်ပါနဲ့... ကျွန်တော့်ကို ပြန်ပေးမဆွဲပါနဲ့..." သူ ခြေလက်များကို ယမ်းခါရင်း အော်ဟစ်နေသည်။
"ငြိမ်ငြိမ်နေစမ်း..." ရွှီချင် ဟိန်းဟောက်လိုက်၏။
သို့သော် သူမ၏ စိတ်ထဲတွင်မူ ပျော်ရွှင်နေသည်။
'နောက်ဆုံးတော့... ကံတရားက ငါ့ဘက်ပါပြီ... ပါရမီရှင် တပည့်တစ်ယောက် ရရုံတင်မကဘူး... မြစ်ရေလျှံ ဆေးလုံးကိုပါ အလကား ရတော့မယ်...' သူမ ပိုလျှံလာမည့် ကောင်းမှုအမှတ်များကို စိတ်ကူးယဉ် ကြည့်နေမိသည်။
သို့သော် သူမ၏ စိတ်ကူးယဉ်မှုများကို ဟန်ယု၏ မရပ်မနား ညည်းတွားသံများက ရိုင်းစိုင်းစွာ နှောင့်ယှက်လိုက်၏။
"ခင်ဗျား ကျွန်တော့်ကို ဘာလုပ်ချင်တာလဲ... ကျွန်တော့်အသားက စားမကောင်းပါဘူး... ကျွန်တော်က ကြမ်းပြင်ပေါ်ကျနေတဲ့ အကျန်အကြွင်းတွေကိုပဲ ကောက်စားတာပါ..." ဟန်ယု အော်ဟစ်လိုက်သည်။ "ကျွန်တော့်ကို ပြန်ပို့ပေးပါ... လုပ်စရာတွေ ရှိသေးတယ်... နွားလက်ကြီးဆီက ဆေးလုံးတောင် မရသေးဘူး... ဆေးမီးဖိုဂိုဏ်းကို ဝင်ရဦးမယ်... ကျွန်တော် သူဌေး ဖြစ်လာတော့မှာ..."
သူ ပြောလေလေ အသံကျယ်လာလေလေ ဖြစ်ပြီး ရွှီချင်၏ နားထဲသို့ တည့်တည့်မတ်မတ် အော်ဟစ်နေသည်။
"ဟွန့်... မင်းဆီက ဝိုင်နံ့ နံလိုက်တာ... မနက်စောစောစီးစီး သောက်ထားတာလား..." သူမ နှာခေါင်းရှုံ့လိုက်၏။
"ကျွန်တော့်ကို လွှတ်ပေး..." ဟန်ယု ရုန်းထွက်ရန် ကြိုးစားလိုက်သော်လည်း ရုန်းကန်နေရင်းနှင့် သူ၏ လက်မှာ မတော်တဆ ထိုအမျိုးသမီး၏ တင်ပါးကို သွားထိမိလိုက်သည်။
ရွှီချင် တစ်ကိုယ်လုံး တောင့်တင်းသွား၏။
"နင်..." သူမ မျက်နှာ တစ်ခုလုံး ဒေါသကြောင့် နီရဲသွားပြီး အလိုအလျောက်ပင် ဟန်ယု၏ ခေါင်းကို ရိုက်ချလိုက်သည်။
ဟန်ယု ချက်ချင်းပင် ခွေကျသွားပြီး သေနေသော ငါးတစ်ကောင်ကဲ့သို့ သူမ ပခုံးပေါ်တွင် တွဲလောင်းကျသွား၏။ သူ၏ ဦးခေါင်းခွံပေါ်တွင် အဖုသစ်တစ်ခု ထွက်ပေါ်လာသည်။
ရွှီချင်၏ ဒေါသမှာ စိုးရိမ်စိတ်သို့ လျင်မြန်စွာ ပြောင်းလဲသွား၏။
"သွားပြီ... သူ သေတော့ မသေပါဘူးနော်..." သူမ အသက်ရှူသံကို ကမန်းကတန်း စစ်ဆေးကြည့်လိုက်သည်။ "ဟူး... အသက်ရှင်သေးတာပဲ..." သူမ သက်ပြင်းချလိုက်၏။
ခဏကြာသောအခါ ဟန်ယု အစောပိုင်းက အော်ဟစ်ပြောဆိုခဲ့သည်များကို သူမ ပြန်သတိရသွားသည်။
"ထားလိုက်ပါတော့... မူးပြီး ပြောချင်ရာ ပြောနေတာ နေမှာပါ..." ဟန်ယုက သရဲမျက်နှာရှင်၏ ပုံပြင်များကို လျစ်လျူရှုခဲ့သကဲ့သို့ သူမလည်း လျစ်လျူရှုလိုက်သည်။
ထိုအချိန်တွင် တစ်ပိုင်းတစ်စ သတိရနေသော ဟန်ယုမှာ အားနည်းစွာ ညည်းတွားနိုင်ရုံသာ ရှိတော့၏။
'ငါက အေးအေးဆေးဆေး သောက်ချင်ရုံလေးပါ... ဘာလို့ ကမ္ဘာကြီးက ငါ့ကို ဒီလောက် မုန်းနေရတာလဲ...'
ဟန်ယု အနေဖြင့် နားလည်ခြင်း မရှိသည်မှာ သူသည် ရွှီချင် ရှာဖွေနေသောသူ မဟုတ်သည့်အပြင် ယခုအခါ သူ ဝင်ရောက်ရန် မည်သည့်အခါကမျှ မရည်ရွယ်ခဲ့သော ဂိုဏ်းတစ်ခုသို့ အခေါ်ဆောင် ခံနေရပြီ ဆိုသည်ကိုပင်။