အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
အခန်း (၃၁) - ပြစ်ဒဏ်ကာလ လျှော့ပေါ့ခြင်းနှင့် ပိုမိုသန်မာလိုသော စိတ်ဆန္ဒ
ဟန်ယုသည် ထိုင်စောင့်မနေဘဲ အစောင့်ရှန်ကို လိုက်လံ ရှာဖွေလိုက်သည်။
'သူ ငါ့ကို ပိုကူညီပေးနိုင်မယ်လို့ မျှော်လင့်ရတာပဲ... ဒီအချိန်ဆို သူ ပြန်လောက်ဦးမယ် မထင်ဘူး...' ဟန်ယု တွေးလိုက်၏။
တစ်မိနစ်ခန့် အကြာတွင် အုပ်ချုပ်ရေးရုံး အနီး၌ ရပ်နေသော ထိုလူကို တွေ့လိုက်ရသည်။
"အစောင့်ရှန်... ခင်ဗျားနဲ့ စကားခဏလောက် ပြောလို့ ရမလား..." ဟန်ယုက ယဉ်ကျေးစွာ မေးလိုက်၏။
စာရွက်စာတမ်း ကိစ္စများဖြင့် အလုပ်ရှုပ်နေသော အစောင့်က မော့ကြည့်လိုက်သည်။
"ဘာကိစ္စလဲ..." သူက မေးလိုက်၏။
"ကျွန်တော့် သူငယ်ချင်းတွေ စောစော ပြန်လွတ်လာနိုင်မလား ဆိုတာလေး ကူမေးပေးလို့ ရမလား... တကယ်လို့ မရရင်လည်း ပြစ်ဒဏ်ကာလ ဘယ်လောက်ကြာမလဲ ဆိုတာလောက်ပေါ့..." ဟန်ယုက အသနားခံလိုက်သည်။
"ကျေးဇူးပြုပါဗျာ... သူတို့က နွားလက်ကြီးရဲ့ လှည့်စားတာ ခံလိုက်ရလို့ပါ... အဲဒီလူရဲ့ ဂုဏ်သတင်းကို ခင်ဗျား သိပါတယ်... အဲဒီကောင်က အရူးပါ... သူက သူတို့ကို အတင်းအကျပ် လောင်းကစားခိုင်းပြီး ရှုံးအောင် လုပ်တာ... သူတို့ ငြင်းရင် ခြေထောက်တွေ ရိုက်ချိုးမယ်လို့တောင် ခြိမ်းခြောက်ခဲ့သေးတယ်..."
သူက နွားလက်ကြီးအပေါ် အပြစ်ပုံချရာတွင် တုံ့ဆိုင်းခြင်း အလျဉ်းမရှိခဲ့ပေ။
"ဟူး..."
အစောင့်ရှန်၏ မျက်နှာတွင် စိတ်ပျက်သည့် အရိပ်အယောင် ပေါ်လာသော်လည်း ချက်ချင်း ငြင်းပယ်ခြင်း မပြုခဲ့ပေ။
"ခဏ စောင့်..." အစောင့်က ပြောပြီး ထရပ်လိုက်၏။
ထိုလူ ထောင်ပိုင်၏ ရုံးခန်းထဲသို့ ဝင်သွားသည်ကို ဟန်ယု ကြည့်နေလိုက်သည်။
'ငါ ပိုက်ဆံ ထပ်ပေးရတာမျိုး၊ ထောင်ပိုင်နဲ့ တွေ့ရတာမျိုး မဖြစ်ပါစေနဲ့...' ဟန်ယု ဆုတောင်းလိုက်၏။
မိနစ်အနည်းငယ် ကြာသောအခါ တံခါးပွင့်လာပြီး အစောင့်ရှန် ပြန်ထွက်လာသည်။ ဟန်ယုက မျှော်လင့်တကြီး ကြည့်နေစဉ် ထိုလူက စာရွက်တစ်ရွက်ကို ထုတ်လိုက်၏။
"သူတို့ သုံးရက်နေရင် လွတ်မယ်... ပြစ်ဒဏ်ကာလက သိပ်မကြာပါဘူး..." အစောင့်ရှန်က ပြောလိုက်သည်။
"သုံးရက်တည်းလား..." ဟန်ယု အံ့သြသွား၏။ "ကောင်းလိုက်တာ..."
"ဒါက သူတို့ရဲ့ ပထမဆုံး တရားဝင် ပြစ်မှုဖြစ်နေတာရယ်၊ ပိုကြီးမားတဲ့ ရာဇဝတ်သားတစ်ယောက် ပါဝင်ပတ်သက်နေတာရယ်ကြောင့် ထည့်သွင်း စဉ်းစားပေးလိုက်တာ ဆိုတာ သတိရပါ..." အစောင့်ရှန်က လေးနက်စွာ ပြောလိုက်သည်။
"ဒါပေါ့... သူတို့ ခေါင်းထဲ ရောက်အောင် ကျွန်တော် ရိုက်သွင်းပေးလိုက်ပါ့မယ်... နားမထောင်ရင် ကျွန်တော်ကိုယ်တိုင် သူတို့ကို ဒီပြန်လာပို့ပေးမယ်..." ဟန်ယုက ရင်ဘတ်ကို လက်ဖြင့် ဖိ၍ ပြတ်သားစွာ ပြောလိုက်၏။
"ကောင်းပြီ... သွားတော့..." အစောင့်ရှန်က ပြောလိုက်သည်။ "ဒီနေရာက နေလို့ကောင်းတဲ့နေရာ မဟုတ်ဘူး..."
"ဟုတ်ကဲ့... ဒါပေမဲ့ သူတို့ကို သွားပြောပြလို့ ရမလား..." ဟန်ယုက နောက်ဆုံး တောင်းဆိုမှု တစ်ခု ပြုလုပ်လိုက်၏။
"ရတယ်... ဒါပေမဲ့ အကြာကြီး မနေနဲ့..." အစောင့်ရှန်က ခွင့်ပြုလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစောင့်ရှန်..." ဟန်ယုက ပြောရင်း အသားခြောက် အနည်းငယ်ကို ထပ်ထုတ်လိုက်၏။ "ဒါလေး ယူထားလိုက်ပါ... သားရဲအသားနဲ့ လုပ်ထားတာပါ... ကျွန်တော်ကိုယ်တိုင် ဝယ်ပြီး ချက်ထားတာ..." သူက ကမ်းလှမ်းလိုက်သည်။
ကောင်လေး၏ မျက်လုံးများထဲမှ ရိုးသားမှုကို မြင်လိုက်ရသဖြင့် အစောင့်မှာ မငြင်းရက်တော့ပေ။
"ကောင်းပြီလေ..." ဟန်ယု ထွက်ခွာသွားစဉ် သူ လက်ခံလိုက်၏။
"ဒီကောင်လေးကတော့..." အစောင့်က တခစ်ခစ် ရယ်မောလိုက်သည်။
သို့သော် အသားခြောက်ကို ကိုက်စားလိုက်သောအခါ သူ အံ့အားသင့်သွား၏။
"သူ တကယ် နောက်နေတာ မဟုတ်ဘူးပဲ... ဒါ သားရဲအသား အစစ်ပဲ..." အစောင့်ရှန်က သူ့ခန္ဓာကိုယ်ထဲတွင် စီးဆင်းလာသော အားကောင်းသည့် စွမ်းအင်ကို ခံစားရင်း ရေရွတ်လိုက်သည်။ "သူက တကယ့်ကို အံ့သြစရာတွေနဲ့ ပြည့်နေတာပဲ..."
သူက အချုပ်ခန်းဘက်သို့ ပြန်ဝင်သွားသော ဟန်ယုကို လှမ်းကြည့်လိုက်သည်။
အတွင်း၌ ဟန်ယုသည် သတင်းကောင်း ပြောပြရန် သူငယ်ချင်းများထံ အမြန် သွားလိုက်၏။
"မင်း ပြန်လာတာ မြန်လှချည်လား..." တန်ဟူ မေးလိုက်သည်။
"ငါတို့အတွက် အာမခံ ရလာပြီလား..." ဝတုတ်က စိတ်လှုပ်ရှားစွာ မေးလိုက်၏။
"မလောပါနဲ့..." ဟန်ယု ပြန်ဖြေသည်။ "ဒါနဲ့... မင်းတို့နှစ်ကောင်အတွက် ပေးစရာ ရွှေတစ်ပြား ငါ့မှာ ရှိတယ်များ ထင်နေလား..." သူ နှာခေါင်းရှုံ့လိုက်၏။
"မရှိလောက်ပါဘူး... ဒါပေမဲ့..." တန်ဟူ၏ မျက်လုံးများတွင် မျှော်လင့်ချက် ရောင်ခြည်များ တောက်ပလာသည်။
"အိပ်မက် မမက်နဲ့... ငါ့မှာ ရှိရင်တောင် ပေးမှာ မဟုတ်ဘူး..." ဟန်ယု ငြင်းလိုက်၏။
"ကပ်စေးနှဲကောင်..." တန်ဟူ တီးတိုး ရေရွတ်လိုက်သည်။
"ဒါပေမဲ့ မင်းတို့ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး သတင်းတစ်ခုတော့ ပါလာတယ်..." ဟန်ယု ပြောလိုက်၏။
"သူတို့ ဘာပြောလဲ..." ဝတုတ်က မထိန်းနိုင်ဘဲ မေးလိုက်သည်။
"မင်းတို့ ဒီမှာ သုံးရက်ပဲ နေရမယ်..." ဟန်ယု ပြောလိုက်၏။ "ငါ မင်းတို့အမှုအတွက် အသနားခံပေးခဲ့တယ်... နွားလက်ကြီးအကြောင်းပါ ရှင်းပြလိုက်တယ်... သူတို့က ထည့်သွင်းစဉ်းစားပေးပြီး ပြစ်ဒဏ် လျှော့ပေါ့ပေးလိုက်တာ..."
"ကျေးဇူးပါပဲ ဟန်ယုရာ... မင်းက အကောင်းဆုံးပဲ..." ဝတုတ်က ပြောပြီး သူ့ကို ဖက်ရန် ခုန်အုပ်လိုက်၏။
"ဟေး... မလာနဲ့..." ဟန်ယု နောက်သို့ ခုန်ဆုတ်လိုက်သည်။ "ဝေးဝေးနေ..."
ဗရွတ်...
ဝတုတ်က ရှေ့သို့ ခုန်လိုက်သည့် အရှိန်ကြောင့် ခါးတွင် ပတ်ထားသော အဝတ်စုတ်မှာ သစ္စာဖောက်ကာ လျှောကျွတ်ကျသွားသည်။
"ဘုရား... ဘုရား..."
ထောင့်တစ်နေရာတွင် သတိရနေသေးသော တစ်ဦးတည်းသော အကျဉ်းသားက ထိုမြင်ကွင်းကို မြင်ပြီး အော်ဟစ်လိုက်၏။ "ငါ ဘာအပြစ် လုပ်မိလို့ ဒီလိုမြင်ကွင်းမျိုး မြင်ရတာလဲ... တစ်ယောက်ယောက် ငါ့ကို သတ်ပေးကြပါ... ကြိုးပေးကွပ်မျက်တာကမှ ဒီထက် သက်သာဦးမယ်..."
အခြား အကျဉ်းသားများ အားလုံးလည်း ထိုမြင်ကွင်းကြောင့် ပျို့အန်ကုန်ကြသည်။ ရန်ဖြစ်နေကြသော လူများပင် ရုတ်တရက် ရပ်တန့်သွားပြီး ကျောပေးကာ ဒူးတုပ် ထိုင်ချလိုက်ကြ၏။ စိတ်ဒဏ်ရာ ထာဝရ ရသွားမည့် အခြေအနေကို ရှောင်လွှဲရန် အသည်းအသန် ကြိုးစားနေကြသည်။
"သောက်ကျိုးနည်း..." တန်ဟူ မျက်လုံးများကို အုပ်ထားလိုက်ပြီး၊ ဝတုတ်မှာမူ ရှက်ရွံ့မှုကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေ၏။
ကံကောင်းစွာပင် ဟန်ယုသည် တုံ့ပြန်မှု အမြန်ဆုံး ဖြစ်သဖြင့် အချိန်မီ မျက်လုံးမှိတ်လိုက်နိုင်ခဲ့သည်။
'ဒီမြင်ကွင်းကြောင့် သေပြီး စောစောစီးစီး သရဲ မဖြစ်ချင်သေးပါဘူး...'
သူ ဘာမှ မပြောတော့ဘဲ ခန်းမထဲမှ အမြန် ထွက်ခွာလာခဲ့၏။ ဤကပ်ဘေးကြီး သူ့မှတ်ဉာဏ်ထဲတွင် စွန်းထင်း ကျန်ရစ်မည့် အဖြစ်ကို ငြင်းဆန်လိုက်ခြင်း ဖြစ်သည်။
သူငယ်ချင်းများကို ရှာဖွေတွေ့ရှိပြီး ကူညီပေးခဲ့ပြီးနောက် ဟန်ယုအတွက် ဒီနေ့ လုပ်စရာ ဘာမှ မကျန်တော့ပေ။
'နေ့တစ်ဝက်တောင် ကုန်သွားပြီပဲ...' ဟန်ယု နေကို မော့ကြည့်ရင်း မှတ်ချက်ပြုလိုက်၏။
သူ့ခန့်မှန်းချက်အရ နေ့လယ် ၂ နာရီခန့် ရှိပြီ ဖြစ်သည်။
'သရဲမျက်နှာရှင်ဆီ သွားတာ အကောင်းဆုံးပဲ... လေ့ကျင့်လို့ ရတာပေါ့... ဘယ်လိုပဲဖြစ်ဖြစ် လာမယ့် ရက်ပိုင်းအတွင်း ဘာစီးပွားရေးမှ လုပ်လို့ရမှာ မဟုတ်ဘူး...'
သူ့ကြံရာပါများ မရှိဘဲ မည်သည့် လိမ်လည်မှုမှ လုပ်ဆောင်၍ မရနိုင်ပေ။ ထိုအချက်ကို တွေးမိပြီး ဟန်ယုသည် ကောက်နှံနှစ်ပါး ဝိုင် အနည်းငယ် ထပ်ဝယ်ကာ အရှေ့ဘက် ဂိတ်တံခါးဆီသို့ ဦးတည်လိုက်သည်။ ထို့နောက် သရဲမျက်နှာရှင် စောင့်နေသော တောအုပ်ထဲသို့ ဝင်ရောက်ခဲ့၏။
"မင်း နောက်ကျတယ်..."
ပုံမှန်အတိုင်း အေးစက်ပြီး အမူးပြေနေသော သရဲမျက်နှာရှင်က ပြောလိုက်သည်။
"ကျွန်တော် မအားလို့ပါ..." ဟန်ယု ပြန်ဖြေပြီး လိုရင်းကို တန်းပြောလိုက်၏။ "ကျွန်တော် မြန်မြန် သန်မာလာဖို့ လိုတယ်... ဒီလထဲမှာ ခန္ဓာသန့်စင်ခြင်း အဆင့် ၈ ကို ရောက်မှ ဖြစ်မယ်..."
"ဟား... အဲလောက် မြန်မြန် သန်မာချင်တာလား..." သရဲမျက်နှာရှင်က ဟက်ခနဲ ရယ်မောလိုက်သည်။ "မင်း အိပ်မက် မက်နေတာပဲ..."
"တကယ်လို့ ကျွန်တော် ဆေးလုံးတွေ သုံးရင်ကော..." ဟန်ယု မေးလိုက်၏။
"အင်း... ဖြစ်နိုင်တယ်... ဒါပေမဲ့ မင်းက ဘယ်လို ရအောင်ယူမှာလဲ..."
"ကျွန်တော့်မှာ နည်းလမ်း ရှိပါတယ်..." ဟန်ယုက လျှို့ဝှက်စွာ ပြောလိုက်သည်။ သူ့တွင် ဝှက်ဖဲအဖြစ် ပုလဲ ရှိနေသေးသည် မဟုတ်ပါလော။
"အိပ်မက် သိပ်မမက်နဲ့... မင်းရဲ့ ပါရမီအတိုင်းပဲ လေ့ကျင့်..." သရဲမျက်နှာရှင်က သတိပေးလိုက်၏။ "အလျင်လိုရင် ပိုဆိုးသွားလိမ့်မယ်... အမြန်လမ်းကနေ စွမ်းအား လိုက်ရှာရင်း သေဆုံးသွားတဲ့သူတွေ အများကြီးပဲ..."
"ကောင်းပါပြီ... လောလောဆယ် ပုံမှန်အတိုင်းပဲ သင်ပေးပါ..." ဟန်ယု ပြောလိုက်သည်။ 'ဘယ်လိုပဲဖြစ်ဖြစ် သူက ငါ့ကို ဆေးလုံးရအောင် ကူညီပေးနိုင်တာမှ မဟုတ်တာ...'
ထိုသို့ ပြောပြီးနောက် ဟန်ယုသည် မိုးကြိုးနတ်ဘုရား လက်သီး သိုင်းကွက်ကို သင်ယူခြင်း၌ အာရုံနစ်မြှုပ်လိုက်သည်။ သရဲမျက်နှာရှင် အနေဖြင့် ကောင်လေး၏ မျက်နှာပေါ်တွင်သာမက လုပ်ရပ်များတွင်ပါ တွေ့ရသော ပြတ်သားမှုကို မြင်တွေ့နေရ၏။
'သူ တကယ်ပဲ သန်မာလာဖို့ ရည်ရွယ်ထားပုံ ရတယ်...' သူ တွေးလိုက်မိသည်။
အခန်း (၃၂) - ပျောက်ဆုံးနေသော နွားလက်ကြီး
ဟန်ယုသည် သရဲမျက်နှာရှင်၏ စောင့်ကြည့်မှုအောက်တွင် နာရီပေါင်းများစွာ လေ့ကျင့်ခဲ့သည်။
သရဲမျက်နှာရှင်အတွက်မူ အခြေအနေ တစ်ခုလုံးက ပုံမှန်ထက် ပို၍ ထူးဆန်းနေ၏။ ဟန်ယု၏ ကိုယ်နေဟန်ထားကို ပြင်ရန် ရိုက်လိုက်သည် ဖြစ်စေ၊ ပုံစံ မှန်ကန်စေရန် အော်ဟစ်လိုက်သည် ဖြစ်စေ ကောင်လေးက တစ်ခွန်းမှ ပြန်မပြောချေ... တစ်ခါလေးတောင် မပြောပေ။ ထိုအစား ပြောသည့်အတိုင်း လိုက်လုပ်ပြီး တိုးတက်အောင်ပင် ပြုလုပ်ပြသည်။
ထိုအချက်က သူ့ကို လမ်းဘေးက လေလွင့် ကလေးတစ်ယောက်ကို သင်ပေးနေရသည်နှင့် မတူဘဲ ဂိုဏ်းထဲတွင် နှစ်ပေါင်းများစွာ ရှိနေသည့် တပည့်တစ်ယောက်ကို သင်ပေးနေရသကဲ့သို့ ခံစားစေရ၏။
'သူ တကယ် လုပ်နိုင်လောက်တယ်...'
သရဲမျက်နှာရှင်က ဟန်ယု ဝယ်လာပေးသော ဝိုင်ကို စိမ်ပြေနပြေ သောက်ရင်း တွေးလိုက်မိသည်။
သင်ခန်းစာ ကြာလာသည်နှင့်အမျှ ဝိုင်တစ်ငုံ သောက်လိုက်တိုင်း သူ့အသံက ပိုမို လေးလံလာ၏။ နောက်ဆုံးတွင် လမ်းညွှန်မှုများ ရပ်တန့်သွားသည်။
ထိုအချိန်တွင် သူက အတိတ်က သူရဲကောင်း ဇာတ်လမ်းများကို ပြောဆိုခြင်း ဘက်သို့ ကူးပြောင်းသွားပြီ ဖြစ်၏။
ဟန်ယု သက်ပြင်းချလိုက်သည်။ "သူ မူးသွားပြန်ပြီ..." သူ ခေါင်းခါလိုက်၏။
"အသုံးကို မကျဘူး... လုံးဝ အသုံးမကျဘူး..."
သူ့ဆရာဆိုသူမှာ အမူးလွန်သွားပြီ ဖြစ်သဖြင့် ဟန်ယုသည် သစ်ပင်ပေါ်တွင် ချိတ်ဆွဲထားသော ကျန်ရှိသည့် အသားများကို အခြောက်လှန်းခြင်းဘက်သို့ အာရုံပြောင်းလိုက်ပြီး သရဲမျက်နှာရှင်၏ ကြမ်းတမ်းသော ဇာတ်လမ်းများကို တစ်ဝက်တစ်ပျက် နားထောင်နေလိုက်သည်။
ဒီည ဇာတ်လမ်းက အထူးသဖြင့် ရယ်စရာ ကောင်းနေ၏။ လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းကျော်က မသေမျိုး ကျွမ်းကျင်ပညာရှင် ထောင်ပေါင်းများစွာ စုပေါင်း၍ မိစ္ဆာဂိုဏ်းတစ်ခုကို ချေမှုန်းခဲ့သည်ဟု သရဲမျက်နှာရှင်က ဆိုသည်။
သူ့အပြောအရ ထိုဂိုဏ်းက အလွန် ယုတ်မာပြီး လူသားများကို စစ်ပွဲအတွက် ရုပ်သေးရုပ်များအဖြစ် အသုံးပြုကာ အင်အား သန်း ၅၀ ကျော်ရှိသော တပ်မတော်ကြီးကို ပိုင်ဆိုင်ထားသည်ဟု ဆို၏။
သို့သော်လည်း ထို ရဲရင့်သော ကျင့်ကြံသူများက ဂိုဏ်းတစ်ခုလုံးကို အနိုင်ယူနိုင်ခဲ့သည်ဟု ဆိုပြန်သည်။
'စိတ်ကူးယဉ်တွေပါ...' ဟန်ယု မျက်လုံးလှန်ရင်း တွေးလိုက်၏။ 'တိုင်းပြည်တွေ အကုန်ပေါင်းလိုက်ရင်တောင် အဲဒီလောက် လူအင်အားများတဲ့ တပ်ကြီးကို ယှဉ်နိုင်မှာ မဟုတ်ဘူး... ဒီ မူးနေတဲ့ အဘိုးကြီးတွေက ဒီလို ဟာတွေ ဘယ်ကနေ လျှောက်တွေးမိကြတာလဲ...'
နောက်ဆုံးတွင် ကျယ်လောင်သော "ဘုန်း" ခနဲ အသံနှင့်အတူ သရဲမျက်နှာရှင်မှာ မြေကြီးပေါ်သို့ မျက်နှာဖြင့် မှောက်လျက် လဲကျသွားသည်။ ထိုအချက်က ဟန်ယု ပြန်ရန် အချိန်တန်ပြီ ဆိုသည့် အချက်ပေးသင်္ကေတပင်။
ယခုအချိန်တွင် သူသည် အသားအများစုကို အခြောက်လှန်းပြီးပြီ ဖြစ်သည်။ ကျန်ရှိသော အသားမျှင်များကို သစ်ကိုင်းများပေါ်တွင် ပြန်ချိတ်ထားခဲ့ပြီး သူ့အတွက် အတော်အတန် များပြားသော ပမာဏကို ထုပ်ပိုးလိုက်၏။
'ကီလို ၂၀ လောက်ဆိုတော့ တစ်လလောက် ခံမယ်... ချွေတာစားရင် ပိုတောင် ခံဦးမယ်... ပိုက်ဆံလိုရင် နည်းနည်းလောက် ထုတ်ရောင်းလို့တောင် ရသေးတယ်...'
သူ့ပစ္စည်းများနှင့် ပတ်သက်ပြီး ကျေနပ်သွားသဖြင့် မြစ်ကမ်းဘေးသို့ သွားကာ ငါးဖမ်းရန် ထပ်မံ ကြိုးစားကြည့်လိုက်သည်။
"ဟီး... ယာ..."
ဟန်ယုက ကျိုးပဲ့နေသော သူ့လှံဖြင့် ရေထဲသို့ ထိုးစိုက်လိုက်သည်... သို့သော် လွဲသွား၏။
နောက်တစ်ကြိမ်...
"တောက်... မြန်လွန်းနေတုန်းပဲ..." သူ သွားကြားထဲမှ ရေရွတ်လိုက်သည်။
နောက်ထပ် နာရီဝက်ခန့် ကြိုးစားသော်လည်း ငါးများက ရှောင်တိမ်းလွန်းလှသည်။ နောက်ဆုံးတွင် ကောင်းကင် မည်းမှောင်လာသဖြင့် ရှုံးနိမ့်ခြင်း သက်ပြင်းတစ်ချက်ချကာ လက်လျှော့လိုက်ရ၏။
"နောက်ထပ် ရှုံးနိမ့်မှု တစ်ခုပေါ့..."
စိတ်ပျက်လက်ပျက်ဖြင့် ဟန်ယု မြို့ထဲသို့ ပြန်လျှောက်လာခဲ့သည်။
ဂိတ်တံခါးဝတွင် အစောင့်ရှန်နှင့် တွေ့ဆုံရာ ထိုလူက ကောင်လေး၏ တွဲကျနေသော ပခုံးများကို တစ်ချက်ကြည့်ပြီး နားလည်သဘောပေါက်စွာ ခေါင်းခါလိုက်၏။
"ဒီနေ့ ကြိုးစားခဲ့တယ်ပေါ့..." အစောင့်က မေးလိုက်သည်။
"ဟုတ်ကဲ့... ဒါပေမဲ့ အရာမထင်ပါဘူး..." ဟန်ယု သက်ပြင်းချလိုက်၏။
"ကိစ္စ မရှိပါဘူး... အဓိကက မင်း ဆက်ကြိုးစားနေဖို့ပဲ... နေ့တိုင်း အောင်မြင်ချင်မှ အောင်မြင်မယ်... ဒါပေမဲ့ တစ်နေ့ကျရင် မင်း မလွဲမသွေ လုပ်နိုင်လာမှာပါ..."
ဟန်ယုက ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ "ကျေးဇူးတင်ပါတယ် အစောင့်ရှန်..."
ထို့နောက် မြို့ထဲသို့ ဝင်ကာ ပုန်းခိုရာနေရာသို့ တန်းသွားပြီး အသားများကို ထားခဲ့ကာ ပြန်ထွက်လာခဲ့၏။ သူ့တွင် လုပ်စရာ တစ်ခု ကျန်သေးသည်။
နွားလက်ကြီးကို ရှာရမည်။
ချီအားဖြည့်ဆေးလုံးက သူ့ပစ်မှတ် ဖြစ်ပြီး လက်ရှိတွင် ထိုအရူးကောင်၏ လက်ထဲ၌ ရှိနေသည်။
'ငါ အဲဒါကို တတ်နိုင်သမျှ မြန်မြန် ရမှ ဖြစ်မယ်... လကုန်တဲ့အထိ စောင့်လို့ မရဘူး... အဲဒါဆို နောက်ကျသွားလိမ့်မယ်... သူ့ကို စောစော ရှာတွေ့ရင် အကောင်းဆုံးပဲ...'
ပြတ်သားသော စိတ်ဖြင့် ဟန်ယုသည် နွားလက်ကြီး သွားလေ့ရှိသော အရက်ဆိုင်များကို စတင် ရှာဖွေလိုက်သည်။
"နွားလက်ကြီး ရှိလား..." စားပွဲထိုး တစ်ယောက်ကို သူ မေးလိုက်၏။
"နွားလက်ကြီး... မင်းက အဲဒီ အရူးကောင်ကို ဘာလို့ ရှာနေတာလဲ..." စားပွဲထိုးက သတိထားပြီး မေးလိုက်သည်။
"သူနဲ့ ဆွေးနွေးစရာလေး ရှိလို့ပါ..."
"သူ့ကို သွားမရှာတာ အကောင်းဆုံးပဲ... မနေ့က လောင်းကစားကိစ္စနဲ့ လူနှစ်ယောက်ကို ခြေထောက် ရိုက်ချိုးမလို လုပ်ခဲ့တာ... ကြားတာတော့ အဲဒီလူနှစ်ယောက် ဘောင်းဘီပါမကျန် ရှုံးသွားလို့ အဖမ်းခံလိုက်ရတယ်တဲ့..."
ဟန်ယု မျက်တောင်ခတ်လိုက်သည်။
'တောက်... သတင်းက ဒီလောက်ထိတောင် ပြန့်သွားပြီလား...'
"ဒါပေမဲ့..." သူက ဆက်မေးလိုက်၏။ "သူ ဘယ်မှာလဲဆိုတာ သိရင် ပြောပြပေးပါ..."
"စိတ်မကောင်းပါဘူး... ငါ မသိဘူး... သူ ဒီဆိုင်ကို မလာတာ တစ်ပတ်လောက် ရှိပြီ..."
ဟန်ယု မျက်မှောင်ကြုတ်လိုက်သော်လည်း ကျေးဇူးတင်ကြောင်း ပြောပြီး နောက်တစ်ဆိုင်သို့ ထွက်လာခဲ့သည်။
ပြီးတော့ နောက်တစ်ဆိုင်...
နောက်ထပ် တစ်ဆိုင်...
ဆိုင် ၅ ဆိုင်လောက် မေးပြီးသောအခါ နောက်ဆုံးတွင် သတင်းစကား တစ်ခု ရလိုက်၏။
"နွားလက်ကြီးလား... အေး... ဒီမနက် မြို့ထဲက ထွက်သွားတာ တွေ့လိုက်တယ်..." စားပွဲထိုး တစ်ယောက်က ပြောလိုက်သည်။
"ထွက်သွားတယ်..." ဟန်ယု မျက်ခုံးများ တွန့်ချိုးသွား၏။
"အေး... သူ့အဖွဲ့ တစ်ဖွဲ့လုံး ခေါ်သွားတာ... တောထဲကို သွားကြတယ် ထင်တာပဲ... အနောက်ဘက် ဂိတ်တံခါးကနေ ထွက်သွားကြတာ..."
'အနောက်ဘက် ဂိတ်တံခါး... ဒါဆို သူတို့ တောထဲကို ဝင်သွားတာ သေချာတယ်...'
အရှေ့ဘက်နှင့် အနောက်ဘက် ဂိတ်တံခါး နှစ်ခုလုံးက တောထဲသို့ ပေါက်ရောက်ပြီး၊ မြောက်ဘက် ဂိတ်တံခါးမှာ မတ်စောက်သော တောင်ကုန်းတစ်ခုဆီသို့ ဦးတည်နေသည် ။
တောင်ဘက် ဂိတ်တံခါးကမူ ကီလိုမီတာ ၈၀ ခန့် ဝေးသော မြစ်ရေစီးမြို့ သို့ သွားရာ လမ်းဖြစ်သည်။
"သူ ဘယ်တော့ ပြန်လာမလဲ သိလား..."
စားပွဲထိုးက နှာမှုတ်လိုက်၏။ "ငါက ဘယ်လိုလုပ် သိမှာလဲ..."
ဟန်ယု သက်ပြင်းချလိုက်ပြီး ကျေးဇူးတင်ကြောင်း ပြောကာ ထွက်လာခဲ့သည်။ နောက်ထပ် ဘာသတင်းမှ ရနိုင်တော့မည် မဟုတ်ပေ။
အခြား သဲလွန်စ မရှိတော့သဖြင့် အနားယူရန် ပုန်းခိုရာသို့ ပြန်လာခဲ့၏။
'သူ ပြန်လာတဲ့အထိ စောင့်ပြီး လေ့ကျင့်နေရုံပဲ ရှိတော့မယ်...'
မွေ့ရာပေါ်တွင် လှဲချလိုက်ပြီး ပင်ပန်းနွမ်းနယ်မှုများက သူ့ကို အိပ်မောကျစေလိုက်သည်။
နောက်တစ်နေ့ နံနက်တွင် ဟန်ယု စောစောထပြီး တောထဲရှိ သရဲမျက်နှာရှင် ပုံမှန် နေလေ့ရှိသော နေရာသို့ တန်းသွားလိုက်သည်။
သူ့အတွက် မိနစ်တိုင်းက တန်ဖိုးရှိသည်။ လေ့ကျင့်ချိန် တတ်နိုင်သမျှ များများ ရရန် လိုအပ်၏။
အနည်းဆုံးတော့ မိုးကြိုးနတ်ဘုရား လက်သီး သိုင်းကွက်ကို တစ်ကြိမ်လောက် အောင်မြင်စွာ ထုတ်သုံးနိုင်ရန် လိုအပ်သည်။
သို့သော် ကွင်းပြင်သို့ ရောက်သောအခါ ဘာကိုမှ မတွေ့ရပေ။
သရဲမျက်နှာရှင် မရှိ...
မူးရူး ရေရွတ်သံများ မရှိ...
လေထဲတွင် လွင့်နေသော ဝိုင်ပုလင်းခွံ တစ်ခုတောင် မရှိ...
တိတ်ဆိတ်မှု သက်သက်သာ...
ဟန်ယုက ထိုနေရာကို အချိန်အကြာကြီး စိုက်ကြည့်နေပြီးနောက် နားထင်ကို ဖိနှိပ်လိုက်သည်။
"သူ ဒီတိုင်း... ပျောက်သွားတာလား... ဒါမှမဟုတ် တခြား ကမ္ဘာတစ်ခု ရောက်သွားတဲ့အထိ သောက်နေတာလား..."
"ထားလိုက်တော့... သူ မလာခင်အထိ ငါ့ဘာသာ လေ့ကျင့်တာပဲ ကောင်းပါတယ်..." သူ တွေးလိုက်ပြီး တိုက်ခိုက်ရေး ကိုယ်နေဟန်ထား ပြင်လိုက်သည်။
ဗိုက်ဆာလာသည့် အချိန်အထိ နာရီအနည်းငယ်ကြာအောင် လေ့ကျင့်လိုက်ပြီးနောက် အစာစားလိုက်၏။ စွမ်းအင်များကို ချေဖျက်ပြီးနောက် ပြန်ထလာကာ လေ့ကျင့်မှုကို ဆက်လက် ပြုလုပ်လေသည်။