← Chapters

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း ၉၁။ တစ်လတာ ကြာမြင့်ပြီးနောက်

ကြွက်ကောင်စီ၏ မြင့်မြတ်သော ရေကန်ကို ကယ်တင်သည့် မစ်ရှင်မှ ပြန်လာပြီးနောက် ကောင်းချီးပေးခံရသဖြင့် ဟန်ယုတစ်ယောက် အိပ်ရာပေါ်သို့ ပစ်လှဲချလိုက်သည်။

ဝတုတ် ၂ လည်း အဝေးကြီး လမ်းလျှောက်ခဲ့ရသဖြင့် ပင်ပန်းနေပြီ ဖြစ်သည်။ သူတို့မှာ ဘာမှ မလုပ်ချင်တော့လောက်အောင် ကုန်ခမ်းနေကြပြီ ဖြစ်၏။

ဒန်....ဒန်...ဒန်....

ကံဆိုးစွာပင် နေထွက်ချိန်က ရောက်လုနီးပါး ဖြစ်နေပြီ။

"အား..." ဟန်ယုက ခေါင်းအုံးဖြင့် နားရွက်ကို အုပ်ကာ ညည်းတွားလိုက်သည်။

"ဒီလောက် ကြာကြာ အပြင်မှာ မနေသင့်ဘူးလို့ ငါ သိသားပဲ..." ဝတုတ် နောင်တရနေ၏။

သို့သော် သူတို့၌ ရွေးချယ်စရာ မရှိပေ။ နေ့စဉ်တာဝန်များအတွက် ထကြရပေမည်။ အစေခံတစ်ယောက် မည်မျှ အိပ်ချင်နေပါစေ တာဝန်က ပထမ၊ အိပ်စက်ခြင်းက ဒုတိယ ဖြစ်သည်။ ညည်းညူနေလျှင် မြေအောက် ၆ ပေ အနက်တွင် ထာဝရ အိပ်စက်သွားရနိုင်သည်။

ဟန်ယုနှင့် ဝတုတ် ၂ တို့မှာ နေ့စဉ်တာဝန်များကို မနည်းမနော ပြီးအောင် လုပ်ဆောင်ခဲ့ရပြီး ညစာစားချိန်ပင် မရောက်ရှိခင် အခန်းပြန်ရောက်သည်နှင့် အိပ်ပျော်သွားကြသည်။

ကျေးဇူးတင်စရာ ကောင်းသည်မှာ ထိုနေ့ရက်များသည် သူတို့၏ ကံဆိုးမိုးမှောင်ကျသော နေ့ရက်များ၏ နောက်ဆုံးနေ့များ ဖြစ်ပုံရသည်။ ကံတရားက သူတို့ဘက်သို့ မျက်နှာမူလာခဲ့၏။

မည်မျှ ကြာရှည်မည်ကိုတော့ စောင့်ကြည့်ရပေမည်။

နောက်ရက်အနည်းငယ်က ဟန်ယုအတွက် အတော်လေး အေးချမ်းခဲ့သည်။

အနည်းဆုံးတော့ ဂိုဏ်းတစ်ခု၏ အစေခံတစ်ယောက် ရနိုင်သလောက် အေးချမ်းခြင်းမျိုး ဖြစ်သည်။ ဂိုဏ်းသားများ၏ အော်ဟစ်ဆူပူသံများ၊ သနပ်ချဉ် စားချင်သော အမျိုးသမီး ဂိုဏ်းသားတစ်ယောက်ကြောင့် သန်းခေါင်ယံ ထလုပ်ရသော အလုပ်များနှင့် အစေခံ အချင်းချင်းကြား ပဋိပက္ခ အသေးအဖွဲလေးများတော့ ရှိတတ်သည်။

သို့သော် ဤအရာများက ယခုအချိန်တွင် ဟန်ယု မဖြေရှင်းနိုင်သော အရာများ မဟုတ်တော့ပေ။

သီတင်းပတ်များ ကုန်ဆုံးသွားပြီး ဟန်ယု ဂိုဏ်းရောက်သည်မှာ တစ်လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

နေမင်းကြီးက ရွက်မွှာနှစ်ဖက် တောင်ထွတ်ပေါ်မှ ပြူထွက်လာရုံသာ ရှိသေးသော်လည်း အပြင်စည်း ဂိုဏ်းဝင်းအတွင်း၌ ဖရိုဖရဲ ဖြစ်နေပြီ ဖြစ်သည်။

မောင်းသံ နှစ်ချက် ထွက်ပေါ်လာ၏။

ဝတုတ် ၂ က ဖက်ထုပ်ရုပ်ဆိုးဆိုး တစ်ခုကဲ့သို့ စောင်ဖြင့် ပတ်လျက် အိပ်ရာမှ လူးလဲထလိုက်သည်။ "ဘာလဲ... ငါတို့ အတိုက်ခံရတာလား... အိမ်သာတွေ တော်လှန်ပုန်ကန်နေကြတာလား..."

ဟန်ယုက နိုးနေပြီဖြစ်ပြီး ရက်လွန် မန်ထို (ပေါက်စီအလွတ်) တစ်လုံးကို ကိုင်ကာ တည်ငြိမ်စွာ ထိုင်နေသည်။

"မဟုတ်ဘူး... ဒီနေ့က လစဉ် အစေခံ စွမ်းရည်စစ်ဆေးပွဲလေ... အိမ်သာတံခါးမှာ ကပ်ထားတဲ့ စာကို မဖတ်ဘူးလား..."

ဝတုတ် မှာ ညည်းတွားလိုက်၏။ "မဖတ်ဘူး... ဘယ်သူကများ ဘဲချေးတွေနဲ့ သုတ်ထားပြီး လက်ရေးစုတ်နဲ့ ရေးထားတာလဲ မသိဘူး..."

"အိုး... အဲဒါ ငါပဲ..."

...

အစေခံများသည် ဂိုဏ်းသားများကဲ့သို့ စံသတ်မှတ်ချက် မမြင့်မားသော်လည်း တိုက်ခိုက်ရေး စွမ်းရည်ကိုတော့ စစ်ဆေးခံရသည်။ မည်သို့ပင်ဆိုစေကာမူ ဒါက ဂိုဏ်းတစ်ခု ဖြစ်သည်။ စစ်ဖြစ်လာလျှင် လူတိုင်း အဆင်သင့် ဖြစ်နေရန် လိုအပ်သည်။

အမှန်တကယ်တော့ အစေခံများက အမြောက်စာ (အသေခံလူသားများ) သက်သက်သာ ဖြစ်သည်။

အစေခံ ရာပေါင်းများစွာ (အသစ်ရော၊ အဟောင်းပါ) အပြင်စည်း ဂိုဏ်းသားများ ရှေ့တွင် တန်းစီ ရပ်နေကြသည်။ ဂိုဏ်းသားများက ထိုနေရာတွင် မနေချင်မှန်း သိသာနေ၏။

သူတို့ထဲမှ တစ်ယောက်ဖြစ်သူ ဒေါသထွက်နေသော ပိုးကောင်များကဲ့သို့ မျက်ခုံးမွှေး ပိုင်ဆိုင်ထားပြီး အိပ်ချင်မူးတူး ပုံစံ ရှိသည့် စီနီယာ ဂိုဏ်းသား ဟူ က လက်ကို ပျင်းရိစွာ မြှောက်လိုက်သည်။

"နားထောင်ကြ... ယှဉ်ပြိုင် တိုက်ခိုက်ရမယ်... နိုင်ရင် ရာထူးတက်မယ်... ရှုံးရင် အညစ်အကြေးအိုး ဆက်ဆေးရမယ်..."

လူအုပ်ကြီးဆီမှ တံတွေးမြိုချသံ ပြိုင်တူ ထွက်ပေါ်လာ၏။

စာရင်းတစ်ခုကို ဖြန့်လိုက်ပြီး နာမည်များ ခေါ်လိုက်သည်။ "ဟန်ယု နဲ့ ရန်တုန်း" ဟု ကြေညာလိုက်သောအခါ အစေခံအဟောင်း အချို့ တွန့်သွားကြသည်။

ဝတုတ် ၂က တီးတိုး ပြောလိုက်၏။ "ရန်တုန်း ဟုတ်လား... ရေမြှုပ်တံမြက်စည်းတိုင်ကို လှံအဖြစ် ပြောင်းထားတဲ့ ကောင်လား..."

ဟန်ယု မျက်တောင်ခတ်လိုက်သည်။

"အဲဒါက တကယ် ထက်မြက်တဲ့ သန့်ရှင်းရေးသမားပဲ..."

ဟန်ယုက တစ်ဖက်တွင် ရပ်နေပြီး ကျိုးပဲ့နေသော တံမြက်စည်း တစ်ချောင်းကို စိတ်လှုပ်ရှားစွာ လှည့်ကစားနေသည်။

အခြားတစ်ဖက်တွင်မူ မနေ့က ဟန်ယု၏ ထမင်းထဲ ရှာလကာရည် လောင်းထည့်ပြီး ဆိတ်စာခွက်ထဲ တွန်းချရန် ကြိုးစားခဲ့သော ကြွက်သားအဖုအထစ်များနှင့် အဆင့်မြင့် အစေခံ ရန်တုန်း ရပ်နေသည်။

ဒါတွေက ပဋိပက္ခ အသေးအဖွဲလေးများသာ ဖြစ်ပြီး ဟန်ယု ကျင့်သားရနေပြီ ဖြစ်သည်။ အစေခံများ အချင်းချင်း နေရာရရန် အပြန်အလှန် ချောက်ချကြသည့် ဖြစ်ရပ်မျိုး အကြိမ်ကြိမ် ကြုံဖူးသည်။

ရန်တုန်းက ပြောင်လက်နေသော သတ္တု ရေမြှုပ်တံမြက်စည်းတိုင်ကို လှည့်ကစားပြလိုက်သည်။

"အိုး... ကောင်းလိုက်တာ..." ဟန်ယု ရေရွတ်လိုက်၏။

"ကြွက်ကန် ဗိုလ်ချုပ်ကြီး ပါလား..."

ရန်တုန်းက မဲ့ပြုံး ပြုံးလိုက်သည်။ "မင်းက ကြွက်တွေနဲ့ ပေါင်းသင်းနေတယ်လို့ ကြားတယ်... ညစ်ပတ်တဲ့ သူလျှိုလေး..."

ဟန်ယု မျက်လုံး ကျဉ်းမြောင်းသွား၏။ "ချီတာဖန်ကို အဲလို မပြောနဲ့..."

"အိုး... ဟုတ်လား... သူက ဘာလုပ်နိုင်မှာမို့လို့လဲ... ငါ့ခြေမျက်စိကို လာကိုက်မှာမို့လို့လား..."

"မဟုတ်ဘူး... ဒါပေမဲ့ သူက မင်းရဲ့ အကောင်းဆုံး ခြေအိတ်ကို ကိုက်ဖြတ်ပြီး ဝိညာဉ်ကျောက်တုံး သူခိုးလို့ မင်းကို စွပ်စွဲနိုင်တယ်..."

"ဘာ..."

"ဘာမှ မဟုတ်ပါဘူး..."

"တိုက်ပွဲ စမယ်..." ဂိုဏ်းသား ဟူ က အမိန့်ပေးလိုက်သည်။

ရန်တုန်းက အံ့သြဖွယ် အမြန်နှုန်းဖြင့် ရှေ့တိုးလာပြီး တိုင်ကို အားကုန် လွှဲရိုက်လိုက်သည်။ ဟန်ယုက အလိုအလျောက် တုံ့ပြန်မှုဖြင့် ရှောင်တိမ်းလိုက်၏။

သို့သော် တစ်စုံတစ်ရာ ကွဲပြားနေသည်ဟု ခံစားလိုက်ရသည်။

သူ့ခြေလှမ်းများက နေရာမှန်တွင် ကျရောက်နေ၏။

သူ့တံမြက်စည်းက လိုအပ်သည့် နေရာသို့ အတိအကျ ရွေ့လျားသွားသည်။

သူက ကာကွယ်လိုက်သည်၊ ယိုင်နဲ့သလို လုပ်ရှားလိုက်ပြီး ကိုယ်ကို လှည့်လိုက်သည်... ပြီးနောက် ရန်တုန်း၏ အရှိန်ကို အသုံးပြု၍ ဘေးတိုက် ပစ်ထုတ်လိုက်သည်။

ရန်တုန်းတစ်ယောက် ပက်လက်လန် လဲကျသွားပြီး ဟန်ယုကို မယုံနိုင်စွာ မော့ကြည့်နေစဉ် ပရိသတ်များ အာမေဋိတ်သံ ထွက်ပေါ်လာသည်။

"...ဘယ်လို..." ဟန်ယု မျက်တောင်ခတ်လိုက်၏။

ထိုအခါမှ သူ သဘောပေါက်လိုက်သည်။

ကြွက်၏ ကောင်းချီး... မှာ

ခွန်အားသက်သက် မဟုတ်။ အာရုံခံစားမှု ထက်မြက်ခြင်း မဟုတ်။ လက်တန်းဉာဏ် ကောင်းခြင်း ဖြစ်သည်။ ကိုက်ဖြတ်သတ္တဝါ ပုံစံ တုံ့ပြန်မှုမျိုး ဖြစ်၏။ သူ ကောင်းကောင်း တိုက်ခိုက်ခဲ့ခြင်း မဟုတ်... ပါးနပ်စွာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

လူအုပ်ကြီးဆီမှ တီးတိုး ပြောဆိုသံများ ထွက်ပေါ်လာ၏။

ဝတုတ် မှာ အံ့သြလွန်းသဖြင့် သူ့ဖက်ထုပ် ပြုတ်ကျသွားသည်။

"ဟေ့ရောင်... မင်း အခုလေးတင် ကြွက်သိုင်းနဲ့ ချလိုက်တာလား..."

ဟန်ယုက ဝတ်ရုံကို ခါလိုက်ပြီး ပခုံးတွန့်ကာ ထွက်ခွာရန် ပြင်လိုက်သည်။

"ငါ ညစ်ပတ်တဲ့ နည်းသုံးမယ်လို့ သူ ထင်မထားဘူးနဲ့ တူပါတယ်..."

ရန်တုန်းက မြေကြီးပေါ်တွင် ညည်းတွားရင်း ပြောလိုက်၏။ "သူ ငါ့မျက်လုံးထဲ မြေကြီးနဲ့ ပက်လိုက်တာ..."

"ငါ မလုပ်ပါဘူး... ဒီတစ်ခါတော့ မလုပ်ပါဘူး..." ဟန်ယု ပခုံးတွန့်ပြရင်း သူ့ရလဒ်အတွက် ကျေနပ်စွာဖြင့် ထွက်ခွာသွားသည်။

ထိုနေ့ ညနေပိုင်း၊ အပြင်စည်း အဂ္ဂိရတ် ခန်းမ အပြင်ဘက်တွင်...

ရာထူး အနည်းငယ် တိုးသွားပြီး ဆိုးရွားသော အလုပ်များ လျော့နည်းသွားသဖြင့် ဟန်ယု စိတ်ပျော်ရွှင်နေသည်။ သိပ်ကို ပျော်ရွှင်လွန်းနေသည်။

ကျင့်ကြံခြင်းလောကတွင် ပျော်ရွှင်လွန်းခြင်းသည် ကပ်ဘေး ဆိုက်ရောက်တော့မည့် နိမိတ်တစ်ခု ဖြစ်၏။

သူ ထောင့်ချိုးတစ်ခုကို ကွေ့လိုက်စဉ် တစ်စုံတစ်ယောက်နှင့် ဝင်တိုက်မိလိုက်သည်။

အလွန် သေးငယ်သော တစ်စုံတစ်ယောက်...

အတိအကျ ပြောရလျှင် အရွယ်အစား ကြီးလွန်းသော အဂ္ဂိရတ် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို ဘေးစောင်း ထုံးထားကာ အရပ်နှင့် မလိုက်ဖက်အောင် မျက်နှာထား တင်းမာနေသော မိန်းကလေး တစ်ယောက် ဖြစ်သည်။

"ရှင်..." သူမ ဟောင်လိုက်၏။ "ရှင် ငါ့ရဲ့ အမွှေးတိုင် အမြစ်ကို နင်းမိလိုက်ပြီ..."

ဟန်ယုက သူ့ခြေထောက်အောက်မှ ကြေမွနေသော သစ်ကိုင်းခြောက်ကို ငုံ့ကြည့်လိုက်သည်။

"...ဒါလား..."

"အဲဒါကို အပြာရောင် ဝိညာဉ်ယုန်ရဲ့ တံတွေး ၃ စက်နဲ့ စီရင်ထားတာ..."

"...ဘာလုပ်ဖို့လဲ..." ဟန်ယု မမေးဘဲ မနေနိုင်တော့ပေ။

"စမ်းသပ်ဖို့လေ..."

ဟန်ယု ချောင်းဟန့်လိုက်၏။ "အဲ... ဟုတ်ပါပြီ... တောင်းပန်ပါတယ်... နေပါဦး... ဘာအနံ့လဲ..."

မိန်းကလေး မျက်တောင်ခတ်လိုက်သည်။ ပြီးနောက် မျက်ခုံး ပင့်သွား၏။ "ရှင်... မကြာသေးခင်က ရှေးဟောင်း အစီအရင် အကြွင်းအကျန်တွေနဲ့ ထိတွေ့ခဲ့ဖူးလား..."

အခန်း ၉၂။ အဂ္ဂိရတ် ဆရာမလေး၊ ကြွက်များ၏ အချစ်ရေးနှင့် သုတ်သင်ရှင်းလင်းရေးသမားများ

မိန်းကလေး၏ စကားကြောင့် ဟန်ယု တုန်လှုပ်သွားသည်။

"အာ..."

"ပြီးတော့ မှိန်ဖျဖျ... ဝိညာဉ်ကြွက် အငွေ့အသက်..." မိန်းကလေးက သူမ၏ စွမ်းရည်ဖြင့် အာရုံခံလိုက်၏။

"ဒီမှာ ကလေး... ကြွက်အငွေ့အသက်က ဘယ်လို အနံ့ရလဲ ငါ မသိပေမဲ့..."

သူမက ဟန်ယု၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်သည်။

"ရှင်က ပြီးပြည့်စုံနေတယ်..."

"...ဘာအတွက်လဲ..."

"ကျွန်မရဲ့ နောက်တစ်သုတ် ကြွက်စွမ်းရည်မြှင့် ဝိညာဉ်ဆေးလုံး နမူနာတွေကို စမ်းသပ်ဖို့..."

ဟန်ယု မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွား၏။

"ကျွန်တော် မပါပါရစေနဲ့..." သူက အစေခံ တစ်ယောက်သာ ဖြစ်သော်လည်း ဒီလို ကိစ္စမျိုးမှာတော့ သေချာပေါက် ပါဝင်ပတ်သက်ချင်စိတ် မရှိပေ။

ဟန်ယုက လက်ကို အတင်း ရုန်းထွက်ပြီး နောက်ဆုတ်လိုက်သည်။ "ကျွန်တော်... ကျွန်တော် ဝမ်းသာပါတယ်... ဒါပေမဲ့ ရုတ်တရက် မီးလောင်ကျွမ်းစေနိုင်တဲ့ ဆေးလုံး စမ်းသပ်မှုတွေကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီ... ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှု အပိုင်းပေါ့..."

အဂ္ဂိရတ် ဆရာမလေးက မျက်လုံးမှေးကြည့်လိုက်၏။ "ရှင့်ကို လျော်ကြေးအနေနဲ့ ဇီးယိုလုံး ၃ လုံးနဲ့ ဝိညာဉ်ရိက္ခာ တစ်ဝက် ပေးမယ်..."

"မလုပ်နိုင်ပါဘူး..."

သူမက အိတ်ငယ်လေး တစ်လုံးကို ဖွင့်ပြလိုက်သည်။ အတွင်းထဲတွင် ဝိညာဉ်ဆေးလုံး တစ်ဒါဇင်ခန့် ရှိပြီး မှိန်ဖျဖျ တောက်ပကာ မတည်မငြိမ် တုန်ခါနေကြသည်။ တစ်လုံးဆိုလျှင် ခရမ်းရောင် မီးခိုးများပင် ထွက်ပေါ်နေသေး၏။

ဟန်ယု လှည့်ပြေးတော့သည်။ အစေခံများ၏ စည်းကမ်း၊ အထူးသဖြင့် ဂိုဏ်းသားများကို ဘယ်တော့မှ မငြင်းရ ဆိုသည့် စည်းကမ်းကို လုံးဝ မေ့လျော့သွား၏။

သူ့နောက်တွင် မိန်းကလေးက လှမ်းအော်လိုက်သည်။

"ရှင် ကံတရားကို မလွန်ဆန်နိုင်ပါဘူး... စမ်းသပ်မှုကိုလည်း မလွန်ဆန်နိုင်ဘူး..."

ဟန်ယုက ထောင့်ချိုးတစ်ခုကို ကွေ့လိုက်ပြီး ရွှံ့အိုင်တစ်ခုကြောင့် ချော်လဲလုနီးပါး ဖြစ်သွားသည်။ ထိုစဉ် အနီးနားတွင် ရင်းနှီးသော အမြီးတစ်ချောင်း လှုပ်ရှားနေသည်ကို တွေ့လိုက်ရ၏။

"ချီတာဖန်..." ဟန်ယု အမောတကော ပြောလိုက်သည်။ "ကယ်ပါဦး... အဂ္ဂိရတ် ဆရာမလေး တစ်ယောက်က ငါ့ကို စမ်းသပ်ချင်နေတယ်... ဒါမှမဟုတ် ပိုဆိုးတာက... ငါ့ကို ချက်စားမလို့..."

ကျိုးပဲ့နေသော ဘူးသီးခြောက် တစ်လုံးပေါ်တွင် ထိုင်နေသည့် ချီတာဖန်က ပညာရှိကြီးတစ်ပါး၏ တည်ငြိမ်မှုမျိုးဖြင့် မော့ကြည့်လိုက်သည်။ သူက မျက်လုံးတစ်ဖက်တွင် တပ်ဆင်ထားသော သစ်အယ်သီးခွံကို နေရာတကျ ပြန်ပြင်ပြီး ကျွီခနဲ နှုတ်ဆက်လိုက်၏။

"ဘာတွေ ဖြစ်နေတာလဲ..." ဟန်ယု အမောဖြေရင်း မေးလိုက်သည်။

ချီတာဖန်က လက်သည်းသေးသေးလေးများဖြင့် ဆေးဖက်ဝင် အပင်စိုက်ခင်းအောက်ရှိ လှိုဏ်ခေါင်းများဘက်သို့ ညွှန်ပြလိုက်သည်။ ထိုနေရာတွင် ဝိညာဉ်ကြွက် တစ်ဒါဇင်ခန့်က သူတို့ ဗိုလ်ချုပ်နားတွင် စုရုံးနေကြ၏။

စစ်သူရဲကောင်းနှင့် ဒိန်ခဲစုဆောင်းသူကြီး ဗိုလ်ချုပ် ချီတာဖန်မှာ အမွေးများကို ဂနာမငြိမ် ပြုပြင်ရင်း နှုတ်ခမ်းမွေးများကို ဖြီးသင်နေသည်။ သူ့မျက်နှာချင်းဆိုင်တွင် ခရမ်းရောင် ပန်းပွင့်လေး တစ်ပွင့် ပန်ထားပြီး ရှေးဟောင်း ကျောက်ဆွဲကြိုး တစ်ကုံး ဆွဲထားသည့် ဂုဏ်သရေရှိ ပွေးမလေး တစ်ကောင် ထိုင်နေ၏။

ဟန်ယု မျက်တောင်ခတ်လိုက်သည်။ "သူ... သူက ပိုးပန်းနေတာလား..."

အနီးရှိ သစ်ရွက်ပေါ်တွင် စာရေးနေသော ကြွက်တစ်ကောင်က ဟုတ်မှန်ကြောင်း အော်မြည်ပြလိုက်သည်။

"အိုး... မဟုတ်ပါစေနဲ့..." ဟန်ယု ညည်းတွားလိုက်၏။

"ဒါက မော်ကွန်းဝင် ကဗျာတစ်ပုဒ် ရွတ်တာမျိုး မဟုတ်ပါစေနဲ့..."

နောက်ကျသွားပြီ။ ချီတာဖန်က ကျမ်းလိပ်တစ်ခုကို ဖြန့်ပြီး ပြဇာတ်ဆန်ဆန် အော်မြည်လိုက်ပြီ ဖြစ်သည်။

ဟန်ယုက ကျမ်းလိပ်သေးသေးလေး ကိုင်ထားသော အနီးဆုံး ကြွက်ထံမှ ကြမ်းတမ်းသော ဘာသာပြန်ချက်ကို ဖတ်ကြည့်လိုက်၏။

"အို... ကတ္တီပါ လက်သည်း ပိုင်ရှင် အလှမယ်လေး...

မင်းရဲ့ လှိုဏ်ခေါင်းတွေက ငါ့နှလုံးသားကို ကိုက်ခဲစေတယ်..."

ဟန်ယု မျက်နှာ ရှုံ့မဲ့သွားသည်။

"စာတတ်တာကို နောင်တရလိုက်တာ..."

သို့သော် ကဗျာရွတ်ဆိုခြင်း အစီအစဉ် မပြီးဆုံးမီမှာပင် ကင်းထောက်ကြွက်တစ်ကောင်က မြက်ခင်းပြင်ကို ဖြတ်ကျော်ပြီး ပြာပြာသလဲ ပြေးဝင်လာကာ စူးစူးဝါးဝါး အော်မြည်လိုက်သည်။

စာရေးကြွက်၏ နားရွက်များ ကျသွား၏။

"အရေးပေါ် အခြေအနေ... သုတ်သင်ရှင်းလင်းရေး အဖွဲ့ လာနေပြီ... အစီအရင် တံမြက်စည်းတွေနဲ့..."

ဟန်ယု ရပ်တန့်သွားသည်။ "နေပါဦး... အစီအရင် တံမြက်စည်းတွေ ဟုတ်လား..." ကြွက်များနှင့် အချိန်အတော်ကြာ နေခဲ့ဖူးသဖြင့် ဟန်ယုက သူတို့၏ 'လက်သင်္ကေတပြ ဘာသာစကား' ကို နားလည်လာပြီ ဖြစ်သည်။

"ဟုတ်တယ်..." စာရေးကြွက်က အော်မြည်ရင်း သစ်ရွက်ပေါ်တွင် ပညာရှင်တစ်ယောက်၏ အမြန်နှုန်းဖြင့် ရေးချလိုက်သည်။

"ဝိညာဉ်မင်တွေနဲ့ သန့်စင်ခြင်း အဆောင်သင်္ကေတတွေ သုံးထားတယ်... ဝိညာဉ်ပိုးမွှားတွေကို ရှင်းလင်းဖို့ ဖန်တီးထားတာ... ကြွက်မျိုးနွယ်အတွက် သေစေနိုင်တယ်..."

စာကို ကြည့်ရင်း ဟန်ယုတစ်ယောက် ကြွက်လက်ရေးက သူ့လက်ရေးထက် ပိုလှနေသည်ဟု တွေးမိလိုက်၏။

ဟန်ယု၏ ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်လိုက်သည်။

"ဘယ်နေရာမှာလဲ..."

ကြွက်က ဝါးတောအထက်ရှိ ချောက်ကမ်းပါး လမ်းဘက်သို့ ညွှန်ပြလိုက်သည်။ အဝေးမှ စကားပြောသံများ၊ ရယ်မောသံများကို ကြားနေရပြီ ဖြစ်သည်။ ဂိုဏ်းသားများက သူတို့၏ တံမြက်စည်းအသစ်များကို အပြစ်မဲ့ ပိုးမွှားများအပေါ် စမ်းသပ်ရင်း ပျော်ရွှင်နေကြခြင်း ဖြစ်၏။

သူတို့က သာမန် အစေခံများ ဝင်ခွင့်မရှိသော ပင်မတောင်ထွတ်များတွင် သန့်ရှင်းရေး လုပ်ရသည့် အပြင်စည်း ဂိုဏ်းသားများ ဖြစ်ကြသည်။ အခြေခံအားဖြင့်တော့ ပိုကောင်းသော ကိရိယာများ သုံးစွဲခွင့်ရသည့် အစေခံများသာ ဖြစ်သည်။

ဗိုလ်ချုပ် ချီတာဖန်က မတ်တတ်ရပ်လိုက်ပြီး (ကြွက်တစ်ကောင်အတွက်တော့ အရပ်ရှည်သည်ဟု ဆိုရမည်) ပြတ်သားစွာ အော်မြည်လိုက်သည်။ သူက အမိန့်ပေးလိုက်၏။ ကြွက်များ လူစုခွဲလိုက်ကြသည်။ တချို့က လျှို့ဝှက် လှိုဏ်ခေါင်းများထဲသို့ ဝင်ရောက်သွားကြပြီး တချို့က ဝိညာဉ်ရေညှိများနှင့် ပိုးမွှားနိုင်ဆေးပင်များကို ယူဆောင်ကြသည်။ ဆုတ်ခွာရေး စစ်ဆင်ရေး ဖြစ်သည်။

"မဟုတ်ဘူး..." ဟန်ယု ပြောလိုက်၏။

"သူတို့ အချိန်မီမှာ မဟုတ်ဘူး... အဲဒီလမ်းက မြင့်မြတ်သော ရေကန်ပေါ် တည့်တည့် ရောက်သွားမှာ..."

ပန်းပွင့်ပန်ထားသော ပွေးမလေးက ခြေဆောင့်နင်းပြီး ဒေါသတကြီး အော်မြည်ကာ မြေကြီးကို ယက်လိုက်သည်။

"သူမက ထွက်ပေါက် လှိုဏ်ခေါင်း တူးနေတာ..." စာရေးကြွက်က လေးစားသမှုဖြင့် ပြောလိုက်၏။ "မြင့်မြတ်တဲ့ စွန့်လွှတ်အနစ်နာခံမှုပဲ..."

ဟန်ယု အသက်ရှူသွင်းလိုက်သည်။ "ငါ ရှိနေသရွေ့ မဖြစ်စေရဘူး..."

သူ လှည့်ထွက်ပြီး အဂ္ဂိရတ် ဆရာမလေးထံသို့ ပြေးသွားလိုက်သည်။ သူမက ပုတ်သင်ညို တစ်ကောင်ကို သစ်သီးစိတ်ဖြင့် မျှားပြီး ဆေးလုံး မျိုချခိုင်းရန် ကြိုးစားနေ၏။

"ဟေ့... အသေးလေး..."

သူမ မော့ကြည့်လိုက်သည်။ "စမ်းသပ်ခံဖို့ စိတ်ပြောင်းသွားပြီလား..."

"ငါ လုပ်မယ်... မင်း ငါ့ကို ကူညီရင်..."

သူမ မျက်လုံးမှေးကြည့်လိုက်၏။ "ဘယ်လို ကူညီရမှာလဲ..."

"ငါ မီးခိုးဗုံး လိုချင်တယ်...

စိတ်ကယောင်ကတမ်း ဖြစ်စေတဲ့ ဓာတ်ငွေ့ လိုချင်တယ်... အစီအရင် တံမြက်စည်း ကိုင်ထားတဲ့ ဂိုဏ်းသားတစ်သိုက်ကို ရှုပ်ထွေးသွားစေမယ့် အရာ တစ်ခုခုပေါ့..."

သူမ ပြုံးလိုက်သည်။ "ငါ့မှာ ဖားအဆိပ် အမွှေးတိုင် ရှိတယ်..."

"...အဲဒါဆိုလည်း ရတာပါပဲ..."

၁၀ မိနစ် ကြာပြီးနောက်... ဂိုဏ်းသားများ ဝါးတောအစပ်သို့ ရောက်ရှိလာပြီး တောက်ပနေသော တံမြက်စည်းများကို လွှဲရမ်းရန် ပြင်လိုက်စဉ်မှာပင် မြေပြင်မှ ပန်းရောင် မြူခိုးများ ပေါက်ကွဲထွက်လာသည်။ ခဏအတွင်းမှာပင် သူတို့ ချောင်းဆိုးကုန်ကြပြီး ယိုင်နဲ့ကာ ကယောင်ကတမ်း မြင်ကွင်းများကို ရှင်းလင်းစွာ မြင်တွေ့လာရသည်။

ဂိုဏ်းသားတစ်ယောက်က အော်ဟစ်လိုက်၏။ "ရှဉ့်တွေ တော်လှန်ပုန်ကန်နေကြပြီ... သူတို့ ငါးကြင်းတွေ စီးပြီး လာနေကြတယ်..."

နောက်တစ်ယောက်က သစ်ပင်ကို ဝင်တိုက်ပြီး ဒိန်ခဲတုံးကြီးက အသိစိတ် ဝင်လာပြီဟု အော်ဟစ်နေသည်။

ထိုရှုပ်ထွေးမှုကြားတွင် ကြွက်များနှင့် ပွေးမလေးတို့ ထွက်ပြေး လွတ်မြောက်သွားကြသည်။ သူတို့လက်သည်း သေးသေးလေးများထဲတွင် မြင့်မြတ်သော ရေကန်မှ သလင်းကျောက် ပုလင်းငယ်များကို သယ်ဆောင်သွားကြ၏။

နောက်ပိုင်းတွင် လျှို့ဝှက် မြေအောက်စခန်း၌ ဟန်ယုက ချီတာဖန်၊ (ယခုအခါ တွဲနေကြပြီ ဖြစ်သော) ပွေးမလေးတို့နှင့်အတူ ထိုင်နေသည်။ ကြွက်လူ့အဖွဲ့အစည်း ကယ်တင်ခံလိုက်ရပြန်ပြီ။

ဟန်ယုရှေ့တွင် အခမ်းအနားသုံး မုန့်တစ်ခု ချထားပေးသည်။ မီးကင်ထားသော မြေပဲ ၃ စေ့နှင့် ထမင်းဆုပ် သေးသေးလေး တစ်ခု ဖြစ်၏။

စာရေးကြွက်က ချောင်းဟန့်ပြီး တရားဝင် လေသံဖြင့် ရွတ်ဆိုလိုက်သည်။

"မှတ်တမ်းတင်ထားပါစေ...

စတုတ္ထမြောက် ဒိန်ခဲလရဲ့ သတ္တမမြောက် လှိုဏ်ခေါင်းနေ့ရက်မှာ...

ခြေထောက်ကြီးကြီး ဟန်ယုက ကြွက်မျိုးနွယ်ကို ထပ်မံ ကယ်တင်ခဲ့ပါပြီ..."

ဟန်ယု ဘာမှ နားမလည်သော်လည်း ကျမ်းလိပ်ပေါ်မှ စာများကို ခိုးကြည့်ပြီး မီးကင်မြေပဲဖြင့် အလေးပြုလိုက်သည်။

"...ပြီးတော့..." စာရေးကြွက်က ထပ်ဖြည့်လိုက်၏။ "သူက ငါတို့မျိုးနွယ်ရဲ့ မြင့်မြတ်တဲ့ ယုံကြည်ချက်ကို နောက်ဆုံးတော့ သင်ယူနိုင်ခဲ့ပြီ..."

ဟန်ယု ချောင်းဟန့်ပြီး လေးနက်စွာ ရွတ်ဆိုလိုက်သည်။

"ဒိန်ခဲသည် အချစ်...

ဒိန်ခဲသည် အသက်...

လှိုဏ်ခေါင်းများသည် မြင့်မြတ်၏...

လှိုဏ်ခေါင်းများကို မြတ်နိုးပါ၏...

သစ္စာဖောက်ခြင်းသည် မြေပဲထောပတ်နှင့်အတူ လာ၏...

ငါတို့ ရည်ရွယ်ချက်ဖြင့် ပြေးလွှားကြသည်၊ အမြီးများကို မြှောက်ထားကြသည်...

ဘုန်းကျက်သရေ အစအနများနှင့် ခြောက်သွေ့နေသော ပေါင်မုန့်အနားများကို ဖြတ်ကျော်၍...

နှုတ်ခမ်းမွေးများက မြင့်မြတ်သော ကျက်သရေဖြင့် လှုပ်ရှား၏...

နံရံတိုင်းတွင် ငါတို့အတွက် နေရာရှိ၏...

စားသောက်ခန်း ဝင်ရောက်စီးနင်းမှုများမှသည် သန်းခေါင်ယံ စားသောက်မှုများ အထိ...

ငါတို့သည် လက်ချောင်းများသွက်လက်ပြီး၊ ဒိန်ခဲကို စွဲလမ်းသော သားရဲများ ဖြစ်ကြ၏...

ငါတို့၏ နိုင်ငံတော်သည် ကျင့်ကြံသူများ ကြောက်ရွံ့သော နေရာ၌ တည်ရှိ၏...

စားသောက်ခန်းများ၏ နောက်ကွယ်၊ စက်ပစ္စည်းများ၏ အောက်ခြေ...

မုန့်ကွဲလေး တစ်စ ကျိုးပဲ့သွားသည်နှင့်... ငါတို့ လျင်မြန်စွာ ထွက်ပြေးနိုင်သည်။

သစ်သားများပေါ်တွင် ငါတို့၏ ဒဏ္ဍာရီများကို ထွင်းထုထား၏...

'ဒိန်ခဲက စူးရှတယ်၊ ဘဝက ကောင်းမွန်တယ်'

သို့သော် တိတ်... စေးကပ်သော ကပ်ဘေးကို သတိပြု...

မြေပဲနံ့ သင်းနေသော၊ အစုလိုက် ဖြစ်နေသော သင်္ချိုင်းဂူ...

တစ်ချက် လျက်မိရုံ၊ တစ်ချက် ရှူမိရုံနှင့်...

ဒေါက်... သင် အဖမ်းခံလိုက်ရမည်ဖြစ်ပြီး

ကြွက်ငယ်တိုင်း သင်ယူထားရသော

သင်ခန်းစာ...

သို့သော် ငါတို့ ဆက်လက် လှည့်လည်ကြသည်၊ ရဲရင့်သော နှလုံးသားများဖြင့်...

မှောင်မိုက်သော လှိုဏ်ခေါင်းများနှင့် အေးစက်နေသော မုန့်အစအနများကို ဖြတ်ကျော်၍...

အဘယ်ကြောင့်ဆိုသော် ဒိန်ခဲသည် အချစ် ဖြစ်ပြီး၊ အချစ်ကို ငါတို့ လိုက်ရှာကြ၏...

ဗီရိုတိုင်း၊ နေရာတိုင်းတွင်...

ကြွက်များ အသက်ရှည်ပါစေ... ဝင်္ကပါကြီး တည်တံ့ပါစေ...

မင်းတို့ရဲ့ အစီအရင်တွေ အောက်မှာ ငါတို့ အုပ်စိုးတယ်...

ဒါကြောင့် အမြီးတစ်ချောင်း ဖြတ်ပြေးသွားတာ တွေ့ရင်...

ဝိညာဉ်ကျောက်တုံး မပေးပါနဲ့... ဒိန်ခဲ ပေးပါ..."

ကြွက်များက သဘောတူညီစွာဖြင့် လေးလေးနက်နက် အော်မြည်လိုက်ကြသည်။

အဂ္ဂိရတ် တောင်ထွတ်၏ တစ်နေရာတွင်တော့ ထိုမိန်းကလေးက သူမ၏ မှတ်စုစာအုပ်ထဲတွင် တစ်စုံတစ်ရာ ရေးမှတ်လိုက်သည်။

"စမ်းသပ်ခံ ဟန်ယု သည် ကိုက်ဖြတ်သတ္တဝါ အခြေပြု ဝိညာဉ်စွမ်းအင်များနှင့် လိုက်လျောညီထွေ ဖြစ်မှု မြင့်မားသည်... အနာဂတ်တွင် ကြွက်စွမ်းရည်မြှင့် ဆေးလုံးများအတွက် အလားအလာရှိသော စမ်းသပ်ခံ ဖြစ်လာနိုင်သည်..."

ဟန်ယု နှာချေလိုက်၏။

မနက်ဖြန်အတွက် သူ စိတ်လေးနေမိသည်။

All Chapters