← Chapters

အလောင်းကောင်

Vol. 3 Ch. 21

အလောင်းကောင်

Vol. 3 Ch. 21

သရဲမျက်နှာရှင်၏ မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားပြီး စိတ်ဝင်စားသည့် အရိပ်အယောင်တစ်ခု ယှက်သန်းလာ၏။

ဟန်ယုက အခွင့်အရေးကို လက်လွတ်မခံဘဲ ဆက်ပြောလိုက်သည်။ "ဒါတင် မကသေးဘူး... ကျွန်တော် အကောင်းဆုံး အဆင့်မြင့် ကောက်နှံနှစ်ပါး ဝိုင်ကိုလည်း ဝယ်လာသေးတယ်..."

သူက မုသားစကား ပြောလိုက်ရသဖြင့် လိပ်ပြာမလုံ ဖြစ်သွားသည်ကို မြိုသိပ်လိုက်၏။ "...ဈေးအကြီးဆုံး ဝိုင်ဗျ..."

သရဲမျက်နှာရှင်က သူ့ကို တိတ်ဆိတ်စွာဖြင့် အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် နောက်ဆုံးတွင် သူ၏ အင်္ကျီလက်ကို ပင့်တင်လိုက်သည်။

ဟန်ယု ပြုံးလိုက်၏။ နိုင်ပြီ...

"ကဲ... ဒါဆို အလုပ်စကြရအောင်... မိတ်ဆွေ..."

သရဲမျက်နှာရှင်က စကားတစ်ခွန်းမျှ မဆိုဘဲ ဘယ်နေရာမှန်း မသိသော နေရာမှ ဓားတစ်ချောင်းကို ထုတ်လိုက်သည်။

ထိုအချိန်တွင် ဟန်ယုက သူ့ခေါင်းထဲ၌ ကြီးကျယ်သော စီမံကိန်းများကို ရေးဆွဲနေပြီ ဖြစ်၏။

အသားခြောက် လုပ်ငန်းလား... ဖြစ်နိုင်တာပေါ့... လျှို့ဝှက်ဆန်းကြယ်ပြီး သေစေနိုင်လောက်သည့် လက်ထောက်တစ်ယောက်လား... ရှိတာပေါ့... ပြီးတော့ အရေးအကြီးဆုံး အချက်က...

ဗိုက်ဝနေသော သရဲမျက်နှာရှင်က ပူးပေါင်းဆောင်ရွက်တတ်သည့် သရဲမျက်နှာရှင် ဖြစ်လာပေမည်...

ဒီနေ့က အမြတ်အစွန်းများမည့် နေ့တစ်နေ့ ဖြစ်လာတော့မည့် ပုံပေါက်နေသည်။

သူတို့နှစ်ဦးက နောက်ထပ် သားရဲကောင် သုံးကောင်ကို ခုတ်ထစ် ဖျက်ဆီးပြီးချိန်တွင် ဟန်ယု တစ်စုံတစ်ခုကို သတိပြုမိလိုက်၏။

သရဲမျက်နှာရှင်၏ လက်ထဲမှ အတော်လေး ကြည့်ကောင်းနေသော ဓားကို သူ လှမ်းကြည့်လိုက်သည်။

"အဲဒီဓားကို ဘယ်က ရတာလဲ..."

ဟန်ယု အံ့သြသွား၏။ "ကျွန်တော့်မှာ ဓားတစ်ချောင်းပဲ ပါတာ သေချာပါတယ်..."

"တောထဲက..." သရဲမျက်နှာရှင်က တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။

"ဘယ်နေရာကလဲ... တောထဲမှာ ဓားတွေက အလေ့ကျ ပေါက်နေလို့လား..."

ဟန်ယု နားမလည်နိုင် ဖြစ်သွားရ၏။ ဓားကို ကြည့်ရသည်မှာ အရည်အသွေး အံ့သြဖွယ် ကောင်းလှပြီး ဓားသွားက ထက်မြက်နေဆဲ ဖြစ်သည်။

"အလောင်းကောင် တစ်ခုဆီက..."

သရဲမျက်နှာရှင်၏ အဖြေစကားကြောင့် ဟန်ယု ကျောက်ရုပ်တစ်ရုပ်ပမာ တောင့်ခဲသွား၏။

"အလောင်းကောင် တစ်ခုဆီက ဟုတ်လား..." ဟန်ယု မျက်ခုံးပင့်လိုက်သည်။ "ဘယ်သူ့ အလောင်းကောင်လဲ..."

"ငါ သတ်ခဲ့တဲ့ လူတစ်ယောက်..." သရဲမျက်နှာရှင်က ဂရုမစိုက်သလို ပြောလိုက်၏။

"ခင်ဗျား... ခင်ဗျား လူသတ်ခဲ့တယ် ဟုတ်လား..."

ဟန်ယု မတ်တပ်ထရပ်လိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

"အဲဒီတော့ ဘာဖြစ်လဲ..." သရဲမျက်နှာရှင်က သူ့ကို သေလူတစ်ယောက်ကဲ့သို့ မျက်နှာသေဖြင့် ကြည့်လိုက်၏။

'ဒီလူ ရူးနေတာလား... ဒီကိစ္စကို ပုံမှန်ပဲလို့ ထင်နေတာလား...'

ဟန်ယု သူ့ဘာသာ တွေးလိုက်မိပြီး ဤလူက မည်မျှ ကွဲပြားခြားနားသည်ကို သဘောပေါက်သွားသည်။

"သူက ငါ့ကို တိုက်ခိုက်တယ်... အဲဒါကြောင့် သူ့အသက်ကို သူ စွန့်လွှတ်လိုက်တာပဲ..."

သရဲမျက်နှာရှင်က ပြောမပြဘဲ သိနေရမည့် သဘာဝတရား၏ နိယာမတစ်ခုကို ရွတ်ပြနေသကဲ့သို့ ပြောလိုက်၏။

"ခင်ဗျားကို တိုက်ခိုက်တယ် ဟုတ်လား..." ဟန်ယု မျက်မှောင်ကြုတ်လိုက်သည်။ "ဘယ်သူက ခင်ဗျားကို လာတိုက်ခိုက်မှာလဲ..."

သူ သိထားသလောက် ဤပတ်ဝန်းကျင်တွင် ဓားပြများ မရှိပေ။ ပုံမှန် မုဆိုးများနှင့် ကျင့်ကြံသူများကလည်း ထိုကဲ့သို့ လုပ်ရပ်မျိုး လုပ်ကြမည် မဟုတ်ချေ။ တိုင်းပြည်ထဲတွင် ဥပဒေ စိုးမိုးမှု ရှိနေသေးသည် မဟုတ်ပါလော...

"ငါက ဘာလို့ ဂရုစိုက်ရမှာလဲ..." ထိုလူက အရေးမလုပ်သလို ပြန်ဖြေလိုက်၏။

"သူက ဘယ်လို ပုံစံမျိုးလဲ..."

ဟန်ယုက ဤခေါင်းစဉ်ကို လွယ်လွယ်နှင့် လက်လျှော့မည့်ပုံ မပေါ်ချေ။

'သောက်ကျိုးနည်း... သူ ဘယ်သူ့ကို သတ်လိုက်မှန်း ဘယ်သူ သိမှာလဲ... တကယ်လို့ အရေးကြီးတဲ့သူ ဖြစ်နေပြီး နောက်က လိုက်လာကြရင် ငါပါ ရောပြီး ပါသွားနိုင်တယ်...' ဟန်ယုမှာ ယခုအခါ အတော်လေး ထိတ်လန့်နေပြီ ဖြစ်၏။

"မင်း သိချင်ရင် ကိုယ်တိုင် သွားကြည့်လိုက်..."

သရဲမျက်နှာရှင်က ထိုပုစ္ဆာကို ဖြေရှင်းပေးရန် စိတ်ဝင်စားပုံ မရပေ။

"ကောင်းပြီလေ... ခင်ဗျား အလုပ်လက်စသတ်ထားလိုက်... ကျွန်တော် သွားကြည့်မယ်..." ဟန်ယု ပြောလိုက်သည်။

"အနည်းဆုံးတော့ ခင်ဗျား လုပ်ထားတဲ့ အရှုပ်ထုပ်ကို ရှင်းရဦးမယ်..."

သရဲမျက်နှာရှင်က ဂရုမစိုက်သော်လည်း တစ်စုံတစ်ယောက်က အလောင်းကို တွေ့ရှိပြီး တိုင်တန်းလိုက်လျှင် မည်မျှ အန္တရာယ် များကြောင်း ဟန်ယု သိနေ၏။ ဤကိစ္စက သူ့ဆီ ပြန်လှည့်လာမည်ကို မလိုလားသဖြင့် "သက်သေ" များကို ဖျောက်ဖျက် ပစ်ရပေမည်။

"ဘယ်နေရာမှာလဲ..." ဟန်ယု မေးလိုက်သည်။

"တည့်တည့်သွား... ပြီးရင် ဝက်သစ်ချပင်နားကနေ ဘယ်ဘက် ချိုးလိုက်..." ထိုလူက ဖြေလိုက်၏။

"ဘယ် ဝက်သစ်ချပင်လဲ..." ဟန်ယု စိတ်ပျက်လက်ပျက် မေးလိုက်သည်။

'ဒီနေရာမှာ အဲဒီအပင်တွေက အများကြီး ရှိတာကို...'

"မင်း သိပါလိမ့်မယ်... သွေးတွေ ပေနေတဲ့ အပင်..."

သရဲမျက်နှာရှင်က ဟန်ယုကို သတင်းအချက်အလက် ပေးလိုက်ရသည်ကပင် ကြီးမားသော ကျေးဇူးတစ်ခု ပြုလိုက်ရသကဲ့သို့ ပြောလိုက်၏။

"ကောင်းပြီ..."

ဟန်ယု ရေရွတ်လိုက်ပြီး ဤနားမလည်နိုင်သော သဲလွန်စဖြင့်ပင် အဆင်ပြေအောင် သွားရမည်ဟု တွေးကာ ထွက်လာခဲ့သည်။

သူ တောထဲတွင် ငါးမိနစ်ခန့် လမ်းလျှောက်ပြီးနောက် ထိုသစ်ပင်ကို တွေ့လိုက်ရ၏။

"သူ တကယ် လိမ်မပြောဘူးပဲ... ဒီသစ်ပင်ကို မမြင်ဘဲ ကျော်သွားဖို့ ဆိုတာ မဖြစ်နိုင်ဘူး..."

ဟန်ယုက သွေးများဖြင့် ဆေးခြယ်ထားသကဲ့သို့ ဖြစ်နေသော ဝက်သစ်ချပင်ကို ကြည့်လိုက်သည်။

"ဘုရားရေ... ဘယ်လိုလုပ်ပြီး ဒီလောက် သွေးတွေ များနေရတာလဲ... ဒီနေရာမှာ တစ်ယောက်ယောက် ပေါက်ကွဲသွားတာလား..." သူ အသံထွက်၍ တွေးတောမိလိုက်၏။

သေချာ ကြည့်လိုက်သောအခါ သွေးများက လတ်ဆတ်နေဆဲ ဖြစ်သော်လည်း အချို့နေရာများတွင် ခြောက်သွေ့စ ပြုနေပြီ ဖြစ်သည်။

"ဒါ သူသတ်လိုက်တဲ့ လူဆီက သွေးတွေလို့တော့ မပြောနဲ့နော်..." ဟန်ယု မျက်နှာမဲ့သွားသည်။ 'သူသာ မိုးကြိုးနတ်ဘုရား လက်သီးကို လူတစ်ယောက်အပေါ် သုံးလိုက်ရင် ဒီလို ရှုပ်ပွသွားမလား...' ကောင်လေးမှာ မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားရ၏။

သွေးစွန်းနေသော ဝက်သစ်ချပင်မှ ဘယ်ဘက်သို့ ချိုးကွေ့၍ တစ်မိနစ်ခန့် လျှောက်သွားပြီးနောက် ပြောထားသော အလောင်းကောင်ကို တွေ့လိုက်ရသည်။

"ဂလု..."

အလောင်းကောင်၏ အခြေအနေကို မြင်လိုက်ရသောအခါ ဟန်ယု၏ ဝမ်းဗိုက်ထဲတွင် ပျို့အန်ချင်သလို ဖြစ်သွားရ၏။

သေဆုံးသူ၏ ကိုယ်ခန္ဓာ အထက်ပိုင်းမှာ အမှန်တကယ်ပင် ပေါက်ကွဲထွက်နေခြင်း ဖြစ်သည်။ ဘယ်ဘက် နံဘေးတစ်နေရာကသာ သူ့ခန္ဓာကိုယ် အထက်ပိုင်းနှင့် အောက်ပိုင်းကို တွဲဆက်ပေးထား၏။ သူ့ ဦးခေါင်းခွံမှာ ဘယ်ဘက်ခြမ်းမှ ရိုက်ခွဲခံထားရပြီး မျက်လုံးမှာ မျက်တွင်းဟောက်ပက်ထဲတွင် ကြေမွ ပေါက်ကွဲနေသည်။

အူများက နေရာအနှံ့ လွင့်စဉ်နေပြီး သစ်ကိုင်းများပေါ်တွင် ချိတ်ဆွဲလျက် ရှိရာ တစ်စုံတစ်ယောက်က ရွံရှာဖွယ်ရာ ဝက်အူချောင်းများကို အခြောက်လှန်းထားသည်နှင့် တူနေ၏။

"ဟူး... ဟူး... ဟူး..."

ဟန်ယုက သူ့ကိုယ်သူ တည်ငြိမ်အောင် အသက်ပြင်းပြင်း ရှူလိုက်သော်လည်း လေထုထဲတွင် ပျံ့လွင့်နေသော သွေးညှီနံ့ကြောင့် ထပ်မံ ပျို့အန်ချင်လာပြန်သည်။

"သောက်ကျိုးနည်း..."

ဟန်ယု ကျိန်ဆဲလိုက်ပြီး စိတ်ငြိမ်သွားစေရန် မြေကြီးပေါ်သို့ ထိုင်ချလိုက်၏။

မိနစ်အနည်းငယ် ကြာသောအခါ သူ့ဝမ်းဗိုက်ထဲမှ အော်ဂလီဆန်မှုများ ငြိမ်သက်သွားသဖြင့် နောက်တစ်ကြိမ် ကြည့်ရှုရန် စိတ်ကို တင်းလိုက်သည်။

"ဒီလူက ဘယ်သူလဲ..."

ဟန်ယု ရေရွတ်ရင်း အလောင်းကောင်ကို စိုက်ကြည့်လိုက်၏။ မျက်နှာက ပျက်စီးလုနီးပါး ဖြစ်နေသဖြင့် မည်သူမည်ဝါ ဖြစ်ကြောင်း ခွဲခြားရန် နည်းလမ်း မရှိပေ။ ထို့ကြောင့် အဝတ်အစားများကို အာရုံပြောင်း ကြည့်လိုက်သည်။ "မီးခိုးရောင် ဝတ်ရုံ ရိုးရိုးလေးပဲ... ဘာမှ ထူးထူးခြားခြား မရှိဘူး..."

ပုံမှန်ဆိုလျှင် သူက အိတ်ကပ်များထဲတွင် သက်သေအထောက်အထား ရှာဖွေမည် ဖြစ်သော်လည်း ကိုယ်ခန္ဓာ အထက်ပိုင်း၏ အခြေအနေကို ကြည့်ခြင်းအားဖြင့်... ဟုတ်ပါပြီ... အိတ်ကပ်ဟူ၍ မကျန်တော့ချေ။

ဝတ်ရုံတွင် မည်သည့် ဂိုဏ်းနှင့် သက်ဆိုင်ကြောင်း အမှတ်အသားမှ မပါရှိသော်လည်း အထည်သား အရည်အသွေးအရ သာမန် လယ်သမားတစ်ဦး မဟုတ်ကြောင်း ဖော်ပြနေသည်။

'ကုန်သည်တော့ မဖြစ်နိုင်ဘူး... သူတို့က တစ်ယောက်တည်း ခရီးသွားလေ့ မရှိဘူး... စစ်သည်တွေဆိုရင်လည်း ပိုကောင်းတဲ့ အကာအကွယ် ဝတ်စုံတွေ ဝတ်ကြတယ်... သူက စစ်သားလည်း မဟုတ်ဘူး...' ဟန်ယု၏ ဦးနှောက်က အလုပ်များနေ၏။

ပတ်ဝန်းကျင်ကို မျက်လုံးဝေ့ ကြည့်လိုက်ရာ သစ်ကိုင်းတစ်ခုတွင် တွဲလောင်းကျနေသော အသည်းတစ်ခြမ်း၏ ဘေးနားရှိ တစ်စုံတစ်ရာပေါ်သို့ အကြည့် ရောက်သွားသည်။

"အား..."

ဟန်ယုက ရွံရှာမှုကို မြိုသိပ်၍ ခါးပတ်တစ်ခုတွင် ချိတ်ဆက်ထားသော အိတ်ပုံစံ အရာဝတ္ထုကို လှမ်းယူလိုက်၏။

'ဒါက ဟိုးအပေါ်ထိ လွင့်စဉ်သွားတာ ဖြစ်မယ်...' သူ မနှစ်မြို့စွာ တွေးလိုက်သည်။

ဟန်ယုက အိတ်ကို ဂရုတစိုက် ကောက်ယူလိုက်ပြီး သွေးများနှင့် အူစများ မထိစေရန် သတိထားကာ ဖွင့်လိုက်၏။

အတွင်း၌ ဟန်ယု၏ မျက်လုံးများကို အရောင်တောက်သွားစေသည့် ငွေပြား အနည်းငယ်နှင့်အတူ အမှတ်အသားပြား တစ်ခုကိုပါ တွေ့လိုက်ရသည်။

All Chapters